← Chapters

ကျန်ရစ်မလေး ဂျီနီယာ

Vol. 43 Ch. 618

ကျန်ရစ်မလေး ဂျီနီယာ

Vol. 43 Ch. 618

အာရန်သည် အယ်လီနာနှင့်အတူ လေလံဌာနမှ ထွက်ခွာလာခဲ့ရာ ရထားလှည်း တစ်စီးက သူတို့အား အပြင်၌ အဆင်သင့် စောင့်ကြိုနေလေသည်။

အစေခံတစ်ဦးက တံခါးဖွင့်ပေးလိုက်ရာ အယ်လီနာမှ အရင်ဦးဆုံးဝင်ရောက်လိုက်၏။

ဂျီနီယာမှာလည်း နောက်မှ လိုက်ဝင်ရန် ပြုလိုက်စဉ် အာရန်မှ သူမရှေ့တွင် ဦးအောင် တိုးဝင်လိုက်သဖြင့် ခဏတာမျှ မှင်တက်သွားခဲ့သည်။

“ရှင် ဘာဝင်လုပ်မလို့လဲ။ ထွက်သွားစမ်း”

ဂျီနီယာသည် သူမအား ဝင်တိုးလိုက်သော အာရန်အား ရထားလှည်းအတွင်းမှ ဆွဲထုတ်ရန် အာရန်၏ လက်ကို လှမ်းကိုင်လိုက်သည်။

“ကျုပ်ကို ဘာလို့ဆွဲချတာလဲ”

အာရန်သည် ဂျီနီယာ၏ ဆွဲအားကို တန်ပြန်ခုခံလိုက်ကာ ပြန်ပြောလိုက်သည်။

ဂျီနီယာသည် သန်မာသောမိန်းကလေးတစ်ဦးဖြစ်သည်မှာ မှန်သော်လည်း လက်ရှိ အခြေအနေတွင် အာရန်မှာလည်း ယခင်ကကဲ့သို့ ခွန်အားနည်းသူတစ်ဦး ဟုတ်မနေတော့ချေ။

ဂျီနီယာသည် အာရန်အား အနည်းငယ်မျှပင် ဆွဲချ၍မရခဲ့ပေ။

ဂျီနီယာအနေဖြင့် အာရန်၏ လက်ကို အတင်း ဆွဲချရန် ကြိုးစားနေစဥ်မှာပင် သူမ၏ လက်ချောင်းများသည် တဖြည်းဖြည်းချင်း ချော်ထွက်လာခဲ့၏။

နောက်ဆုံးတွင် အာရန်အား လုံးဝလွှတ်ပေးလိုက်ရတော့သည်။

ဂျီနီယာ၏ လက်မှလွတ်သွားသည်နှင့် အာရန်သည် ရုတ်တရက် အရှိန်အဟုန်ပြင်းစွာဖြင့် ရထားလှည်းအတွင်းသို့ လွင့်ထွက်သွားခဲ့၏။

အယ်လီနာသည် အာရန်တစ်ယောက် သူမထံသို့ လွင့်ထွက်လာသည်ကို မြင်လိုက်ရသောအခါ လွန်စွာ အံ့အားသင့်သွားခဲ့သည်။

သူမသည် အာရန်အား ပြန်လည် တွန်းထုတ်ရန် စဉ်းစားမိလိုက်သော်လည်း သူသည် သူမ ဖခင်၏ ဧည့်သည်တစ်ဦးဖြစ်နေသေးကြောင်း အမှတ်ရလိုက်သည်။

ထို့အပြင် ၎င်းသည် မတော်တဆမှုတစ်ခုသာ ဖြစ်မည်ဟုလည်း တွေးမိလိုက်သည်။

ထိုအဖြစ်အပျက်သည် အလွန် လျင်မြန်စွာ ဖြစ်ပျက်သွားခဲ့ခြင်းဖြစ်သဖြင့် သူမအနေနှင့် တုံ့ပြန်ရန်ပင် အချိန်မရတော့ဘဲ မသိစိတ်ဖြင့် မျက်လုံးများကို မှိတ်ထားလိုက်မိသည်။ သို့သော် သူမ မျှော်လင့်ထားသည့် အရာမျိုး ဖြစ်မလာခဲ့ပေ။

အယ်လီနာသည် မျက်လုံးများကို ဖြည်းညင်းစွာ ပြန်ဖွင့်လိုက်ရာ အာရန်၏ မျက်နှာသည် သူမရှေ့၌ တည့်တည့်တွင် ရောက်ရှိနေသည်ကို တွေ့လိုက်ရသည်။

သူ၏ နှုတ်ခမ်းများသည် သူမ၏ နှုတ်ခမ်းများနှင့် လက်မအနည်းငယ်ခန့်သာ ကွာဝေးတော့ပြီး အာရန်၏ နွေးထွေးသော အသက်ရှူသံအချို့ကိုပင် ခံစားမိလိုက်သည်။

အာရန်၏ လက်ချောင်းလေးများသည် သူမ၏ နံဘေးတွင် ရှိနေသော်လည်း သူမအား အနည်းငယ်မျှပင် ထိတွေ့မိခြင်းမျိုး မရှိခဲ့ပေ။

ယင်းအစား အာရန်သည် သူ၏ လက်များဖြင့် ရထားနံရံအား ထောက်ထားပြီး မိမိကိုယ်ကို အရှိန်ထိမ်းထားလိုက်ခြင်းဖြစ်၏။

“မင်း အဆင်ပြေရဲ့လား” အာရန်သည် မိန်းကလေး၏ မျက်လုံးများကို စိုက်ကြည့်ရင်း ညင်သာစွာ မေးလိုက်သည်။

အာရန်သည် ထိုသို့ပြောဆိုရာတွင် သူ၏ ဘိုးဘေးနဂါးလျှာအစွမ်းကို အယ်လီနာအား အနည်းငယ်မျှ မသိမသာဖြင့် သက်ရောက်စေလိုက်သည်။

ဘိုးဘေးနဂါးလျှာအစွမ်းသည် နဂါးလျှာအစွမ်းထက်ပင် များစွာပိုမို အစွမ်းထက်နေခဲ့ကာ ၎င်းအား အနည်းငယ်မျှ အသုံးပြုခြင်းသည် အယ်လီနာအနေဖြင် အာရုံခံမိရန် မဖြစ်နိုင်ပေ။

အယ်လီနာသည် သူမ၏ စိတ်တွင်း၌ လုံးဝ ရှုပ်ထွေးသွားခဲ့သော်လည်း တိတ်ဆိတ်စွာပင် အာရန်အား ပြန်လည် ခေါင်းညိတ်ပြလိုက်သည်။

“တော်သေးတာပေါ့။ မင်းကို ဘာမှ မထိခိုက်မိသွားလို့”

အာရန်သည် နံရံအား ထောက်ထားသော သူ၏ လက်ကို ပြန်ဖယ်လိုက်ကာ အယ်လီနာ၏ နားသယ်စပ်နားရှိ ဆံနွယ်စလေးများကို သပ်တင်ပေးလိုက်သည်။

ထို့နောက် အာရန်သည် သူ၏ ကိုယ်ခန္ဓာကို ပြန်လည် ထူမက်လိုက်ကာ သူမဘေးရှိ နေရာတစ်နေရာတွင် ထိုင်ချလိုက်၏။

သို့သော် ထိုအချိန်မှာပင် အယ်လီနာသည် အာရန်ဆီမှ သွေးနံ့အချို့ကို အာရုံခံမိလိုက်သည်။

ထို့နောက် အယ်လီနာသည် အာရန်၏ လက်တစ်ဖက်ကို ကြည့်လိုက်ရာ လက်ချောင်းထိပ်များတွင် သွေးအချို့စို့နေသည်ကို မြင်တွေ့လိုက်ရသည်။

အယ်လီနာတစ်ယောက် နောက်သို့ ပြန်လှည့်ကြည့်လိုက်သောအခါတွင်တော့ သွေးအနည်းငယ် စွန်းထင်းနေသော ရထားလှည်းနံရံ၏ ချွန်ထက်သည့် အစွန်းတစ်နေရာအား သတိထားမိလိုက်၏။

အာရန်သည် သူမကိုယ်ပေါ်သို့ ပြုတ်ကျမည့် ဖြစ်ရပ်အား တားဆီးနိုင်ရန် သူ့ကိုယ်သူ ပြန်လည် ထိခိုက်မိစေခဲ့ခြင်း ဖြစ်လေသည်။

ထို့အပြင် သူမ၏ ဆံနွယ်စများကို သပ်တင်ပေးချိန်တွင်ပင် သူ၏ သွေးစို့နေသည့် လက်အား အသုံးမပြုခဲ့ပေ။

၎င်းသည် သူမ၏ သူငယ်ချင်းမှ အာရန်အား ကျူးလွန်ခဲ့ခြင်းဖြစ်သော်လည်း အာရန်သည် သူမအား မည်သည့်အရာကိုမျှ ပြန်လည်တိုင်ကြားခြင်းမျိုး မပြုခဲ့ချေ။

“ရှင် ဒဏ်ရာရထားတယ်...”

အယ်လီနာသည် မျက်မှောင်ကြုတ်လျက် ပြနပြောလိုက်သည်။

အာရန်သည် လွင့်စင်ထွက်လာသည့် အခြေအနေအား အခွင့်ကောင်းယူကာ သူမအား အသားယူရန် ကြိုးစားမည်ဟု ထင်မှတ်ထားခဲ့သော်လည်း အမှန်တကယ်တွင် ထိုသို့မပြုလုပ်ခဲ့ပေ။

ယင်းအစား အာရန်သည် သူမအား ထိခိုက်မိမည်ကိုပင် စိုးရိမ်နေခဲ့ပုံရကာ အရှိန်အား ရပ်တန့်ရန် အတတ်နိုင်ဆုံး ကြိုးစားခဲ့သဖြင့် သူ၏လက်တွင် ဒဏ်ရာအချို့ ရသွဦးခဲ့ခြင်း ဖြစ်ရပေမည်။

“ဘာမှမဟုတ်ပါဘူး ဒါလေးက တအောင့်နေ သူ့အလိုလို ပျောက်သွားမှာပါ။ ကိုယ့်ကို အဲ့လောက်လဲ အထင်မသေးနဲ့လေ”

အာရန်သည် သွေးထွက်နေသော သူ၏ လက်ချောင်းများကိုပင် တစ်ချက်ပြန် မကြည့်ဘဲ သက်တောင့်သက်သာဖြစ်နေဟန်ဖြင့် ပြန်ဖြေလိုက်၏။

“ရှင်က အရူးပဲ။ ရှင့်ကိုယ်ရှင်တောင် မကာကွယ်နိုင်ဘဲနဲ့များ ကျွန်မကို ကာကွယ်ဖို့ ကျိုးစားတာ ဘာအကျိုးရှိမှာလဲ....”

အယ်လီနာသည် မကျေမနပ်ဖြစ်ကာ ပါးစပ်မှ တရစပ် ပြစ်တင် ပြောဆိုနေမိသော်လည်း ခန္ဓာကိုယ်မှာမူ အာရန်အနားသို့ သူ့အလိုလို ကပ်သွားမိခဲ့၏။

“ရှင်က ကျွန်မအဖေရဲ့ ဧည့်သည်ပါနော်။ ရှင့်ကိုယ်ရှင် ဂရုမစိုက်လို့ ဒဏ်ရာရတာကို ကျွန်မကြောင့်ဆိုပြီး ဖေဖေအပြစ်တင်တာကို ခံစေချင်နေတာလား”

ထိုသို့ပြောပြီးနောက် အယ်လီနာသည် သူမ၏ သိုလှောင်လက်စွပ်အတွင်းမှ တစ်စုံတစ်ရာကို ထုတ်ယူကာ အာရန်အား ငြင်းဆန်ခွင့်ပင်မပေး‌တော့ပဲ သူ၏ သွေးထွက်နေသော လက်အား သူမ၏ ပေါင်ပေါ်သို့ တင်လိုက်ပြီး ဒဏ်ရာပေါ်တွင် အနာကျက်ဆေးအချို့ လိမ်းပေးလိုက်သည်။

ထိုစဥ် ဂျီနီယာသည် အယ်လီနာအား အာရန်အကြောင်း တိုင်ကြားရန် ရထားလှည်းအတွင်းသို့ ဝင်လိုက်သောအခါ မေးရိုးပင် ပြုတ်ကျမတတ် ဖြစ်သွားစေသော မြင်ကွင်းတစ်ခုကို မြင်လိုက်ရလေသည်။

သူမသည် ထိုမြင်တွေ့လိုက်ရသော မြင်ကွင်းကို မယုံနိုင်လောက်အောင် ဖြစ်သွားခဲ့ရသဖြင့် မျက်လုံးများကိုပင် အခါခါ ပွတ်သပ်ကြည့်မိ၏။

အယ်လီနာသည် အာရန်၏ ဘေးတွင် ထိုင်နေခြင်းဖြစ်ပြီး ၎င်းတို့၏ ပခုံးနှင့် ခြေထောက်များသည် လွန်စွာနီးကပ်လွန်းနေကြသည်။

ထို့ပြင် အာရန်၏ လက်တစ်ဖက်သည် အယ်လီနာ ၏ ပေါင်ပေါ်၌ ရှိနေခဲ့ပြီး သူမက သူ၏ ထိုလက်အား ဂရုတစိုက်ဖြင့် ဆေးလိမ်းပေးနေလေသည်။

“နင်....နင်တို့ ဘာလုပ်နေကြတာလဲ”

သူမသည် ငိုတော့မတတ် လေသံဖြင့် စိုးရိမ်တကြီး မေးလိုက်မိ၏။

“သူ သွေးနဲနဲထွက်သွားလို့။ ငါ သူ့ကို ကူညီနေတာ”ဟု အယ်လီနာမှ အာရန်အား ဆက်၍ ဆေးလိမ်းပေးနေရင်း ပြန်ဖြေလိုက်သည်။

“သူက ဘာလို့ အကောင်းကြီးကနေ ရုတ်တရက် ဒဏ်ရာရသွားရတာလဲ။ သူ ဟန်ဆောင်နေတာ အသိသာကြီးကို။ သူက နင့်ကို အခွင့်အရေးယူဖို့ ကြိုးစားနေတာ”

ဂျီနီယာသည် ဒေါသကြောင့် လေသံ နဲနဲမာသွားခဲ့ကာ အော်ပြောလုနီးပါးပင် ဖြစ်သွားခဲ့ရသည်။

အယ်လီနာသည် ဂျီနီယာ၏ စကားကြောင့် ပြန်လှည့်ကြည့်လိုက်၏။

“နင်က င့ါကို ဦးနှောက်မရှိတဲ့ ကလေးတစ်ယောက်လို့ ထင်နေတာလား။ ငါက အစစ်အမှန်နဲ့ ဟန်ဆောင်မှုကိုတောင် မခွဲခြားနိုင်တော့ဘူးလို့ နင်ထင်နေတုံးလား။ ငါ သတိထားမိနေတာကြာပြီ။ အစောပိုင်တော့ နင့် စကားတွေကို ငါ ယုံကြည်ခဲ့ပါသေးတယ်။ ဒါပေမဲ့ ခုကိစ္စမှာတော့ နင်က သူ့ကို ရန်ငြိုးဖွဲ့နေတယ် ဆိုတာ အသိသာကြီးလေ”

“နင် အချိန်တိုင်း သူ့ကို အပြစ်ရှာဖို့ ကျိုးစားခဲ့တယ်။ စောစောပိုင်းက ဘာမဟုတ်တဲ့ကိစ္စလေးကို ရန်ညှိုးတွေဖွဲ့ပြီး ကလေးတစ်ယောက်လို ဆက်ပြီး ပြုမူမနေပါနဲ့တော့” ဟု ရုတ်တရက် အယ်လီနာသည် ဒေါသတကြီး ပြန်ပြောလိုက်၏။

အမှန်ဆိုရလျှင် ၎င်းတို့ နှစ်ဦးစလုံးသည် အာရန်ထက် များစွာ အသက်ကြီးလေသည်။

ထို့ကြောင့် အယ်လီနာသည် အာရန်မှ ဂျီနီယာအား တစ်ကြိမ်လောက်လေး မတော်တဆ ထိတွေ့မိရုံဖြင့် ဂျီနီယာသည် ထိုမျှအထိ ကလေးဆန်စွာ အာရန်အား ဆက်လက်ရန်ညှိုးဖွဲ့ တိုက်ခိုက်နေသည်ကို ယခုချိန်ထိ မယုံကြည်နိုင်သေးပေ။

သူမအနေဖြင့် ဂျီနီယာအား ထိုကိစ္စကို မေ့ပစ်လိုက်ရန် ထပ်ခါတလဲလဲ တောင်းဆိုနေခဲ့သော်လည်း သူမအနေနှင့် ထိုမျှ လွယ်လွယ် မမေ့နိုင်သည်မှာ ရှင်းလင်းနေလေ၏။

အယ်လီနာအတွက်မူ ၎င်းအပြုအမူသည် အမှန်တကယ်ပင် စိတ်ပျက်စရာ ကောင်းလွန်းနေခဲ့သည်။

“ငါက နင့်ကို စိတ်ပူသွားလို့ပါ”

ဂျီနီယာသည် သူမ၏ မျက်ဝန်းများအတွင်းမှ နာကျင်နေသော ခံစားချက်များအား အတတ်နိုင်ဆုံး ဖုံးကွယ်လိုက်ကာ အယ်လီနာအား တိုးတိုးလေး ပြောလိုက်သည်။

“နင် ငါ့ကို စိတ်ပူပေးဖို့ မလိုပါဘူး။ ငါက နင်နဲ့ ရွယ်တူတွေပဲလေ” ဟု အယ်လီနာမှ ပြန်ပြောလိုက်သည်။

“ရထားလှည်းက ငါ့အိမ်ကို သွားမှာ။ နင့်အိမ်က ငါ့အိမ်နဲ့ ဆန့်ကျင်ဘက်မှာလေ။ ခုတော့ နင့်ဖာ့သာနင်ပဲ အိမ်ပြန်လိုက်တော့။ နင့်ရဲ့ အပြုအမူတွေကို အိမ်ပြန်ရောက်ရင် သေခြာပြန်သုံးသပ်ဖို့ ငါအကြံပေးချင်တယ်”

ဂျီနီယာသည် အယ်လီနာ၏စကားကြောင့် သူမ၏ နှုတ်ခမ်းကို ပြန်ကိုက်လိုက်မိကာ အနည်းငယ် တုန်ခါသွားပုံရ၏။

သူမ၏ အိမ်သည် အယ်လီနာ၏ အိမ်နှင့် ဆန့်ကျင်ဘက် အရပ်တွင် ရှိနေသည်မှာ မှန်သော်လည်း အမှန်အတိုင်းဆိုရလျှင် အာရန်အတွက်နှင့် ထိုရထားလှည်းအတွင်းမှ နှင်ထုတ်ခံလိုက်ရခြင်းပင်ဖြစ်လေသည်။

“ငါ...”

“ငါတို့ နောက်မှ ဆက်ပြောကြတာပေါ့။ ခုတော့ ငါ အိမ်ပြန်မှရတော့မယ်။ လေလံပွဲ ကလည်း မအောင်မြင်ခဲ့ဘူး။ အဖေတော့ ငါ့ကို စိတ်ပူပြီး စောင့်နေတော့မှာပဲ” အယ်လီနာသည် သူမအား ပြန်ဖြေရန်ပင် အခွင့်အရေးမပေးပဲ ရထားလှည်းတံခါးအား ဖွင့်‌ပေးလိုက်သည်။

ဂျီနီယာသည် အာရန်နှင့် အယ်လီနာတို့ကို နောက်ဆုံးအကြိမ် လှမ်းကြည့်လိုက်ပြီးနောက် ရထားပေါ်မှ ဆင်းသက်လိုက်ရသည်။

ဤတစ်ကြိမ်တွင်မူ အာရန်သည် လှောင်ပြောင်သည့် အမူအရာများ လုပ်မပြတော့ဘဲ ဂျီနီယာအား သနားကရုဏာသက်ဟန်ဖြင့် စိုက်ကြည့်နေခဲ့၏။

သူမ အပြင်သို့ရောက်သည်နှင့် တံခါးသည် ချက်ချင်း ပြန်ပိတ်သွားခဲ့ကာ ရထားလှည်းကလေးသည် ပထမ မူလကြယ်၏ စံအိမ်ဆီသို့ ပြန်လည် ထွက်ခွာသွားတော့သည်။

ဂျီနီယာသည် သူမအား ချန်လှပ်ထားခဲ့ကာ တရွေ့ရွေ့ထွက်ခွာသွားနေသော ရထားလှည်းကလေးအား မြင်ကွင်းမှ လုံးဝ ပျောက်ကွယ်သွားသည်အထိ ငေးစိုက်ကြည့်နေမိခဲ့သည်။

All Chapters