← Chapters

ယောက္ခမနှင့် တွေ့ဆုံခြင်း

Vol. 43 Ch. 619

ယောက္ခမနှင့် တွေ့ဆုံခြင်း

Vol. 43 Ch. 619

“မင်း အဆင်ပြေရဲ့လား”

ရထားလှည်းကလေးသည် ပထမမူလကြယ်၏ စံအိမ်ဆီသို့ ခရီးဆက်နေဆဲ အချိန်မှာပင် အာရန်မှ သူ၏ လက်ကို ဆေးလိမ်းပေးနေသော အယ်လီနာကို ပြန်၍ မေးလိုက်ခြင်းဖြစ်သည်။

“ကျွန်မက ဘာလို့ အဆင်မပြေရမှာလဲ”

အယ်လီနာသည် ဆေးလိမ်းပေးပြီးနောက် အာရန်၏လက်ကို ပြန်လွှတ်ပေးလိုက်ကာ ပြန်ဖြေလိုက်၏။

“မင်းရဲ့ အချစ်ဆုံး သူငယ်ချင်းနဲ့ ခုလေးတင် ရန်ဖြစ်ထားတာမဟုတ်လား။ မင်းအတွက် ခက်ခဲနေမယ်ဆိုတာ ကိုယ်နားလည်ပါတယ်။ ဒါကြောင့် သေခြာမေးတာ မင်း တကယ်ပဲ အဆင်ပြေရဲ့လား”

အာရန်သည် သူမ၏ လက်ပေါ်သို့ သူ၏ အခြားတစ်ဖက်ဖြင့် ထပ်လိုက်ကာ ကျင်နာမှုများ ပြည့်နှက်နေသောလေသံဖြင့် ထပ်မံမေးလိုက်သည်။

အယ်လီနာသည် အာရန်၏ လက်အား ရုန်းဖယ်ခြင်းမျိုး မပြုခဲ့ပေ။

၎င်းအစား သူမသည် ထိုမေးခွန်းအတွင်း ပိုမို၍ နစ်မြုပ်သွားခဲ့ဟန်ပင်။

သူမ တကယ်ကော အဆင်ပြေရဲ့လား။ သူမကိုယ်တိုင်ပင် ထိုမေးခွန်း၏အဖြေကို သေချာမသိနိုင်ခဲ့ချေ။

“မသိဘူး။ ကျွန်မတို့ ဒီလောက် အချိန်အကြာကြီး သူငယ်ချင်းတွေ ဖြစ်ခဲ့ကြတယ်။ ဒီနေ့လိုမျိုး အခြေအနေအထိ တစ်ခါမှရန်မဖြစ်ဖူးဘူး။ ဘာကြောင့်မှန်း မသိဘူး။ သူမ ဒီနေ့ အရမ်းထူးဆန်းပြီး ရန်လိုနေသလိုပဲ။ ကျွန်မသိထားတဲ့ ဂျီနီယာနဲ့တောင် မတူတော့သလိုပဲ” ဟု ပြန်ဖြေရင်း အယ်လီနာသည် ပြတင်းပေါက် အပြင်ဘက်ကို ငေးကြည့်လိုက်သည်။

အပြင်ဘက်ရှိ မြင်ကွင်းများသည် လျှပ်စီးတမျှ လျင်မြန်စွာ ရွေ့လျားနေခဲ့ပြီး ပတ်ဝန်းကျင်ရှိအရာများကို မှုန်ဝါးဝါးမျှသာ မြင်တွေ့နေရ၏။

“မင်းဖြစ်နေတာကို ကိုယ် နားလည်တယ်။ ဘာလို့လဲဆိုတော့ အတိတ်တုန်းက ကိုယ် ကိုယ်တိုင်လဲ အဲ့လို အဖြစ်မျိုး ကြုံတွေ့ခဲ့ဖူးလို့ပဲ”

အာရန်သည် စိတ်မချမ်းမြေ့စရာ အတိတ်တစ်ခုကို အမှတ်ရသွားဟန်ဖြင့် သက်ပြင်းရှည်တစ်ချက် မှုတ်ထုတ်လိုက်ကာ ရထားလှည်းနံရံအား မှီလိုက်သည်။

သို့သော် သူ၏ လက်မှာမူ အယ်လီနာ၏ နူးညံ့သော လက်ကလေးပေါ်တွင် တင်ထားလျက် ရှိနေဆဲပင်။

“ခုလိုအဖြစ်မျိုးလား”

အယ်လီနာသည် အာရန်၏ လေသံအတွင်းမှ ဝမ်းနည်းမှုအချို့ကို ခံစားမိလိုက်သဖြင့် သူ့ကို စိုက်ကြည့်နေလိုက်သည်။

“ကိုယ့်မှာလည်း အချစ်ဆုံး သူငယ်ချင်းတစ်ယောက် ရှိခဲ့ဖူးတယ်။ အင်းပေ့ါ ကိုယ်ကတော့ သူ့ကို အကောင်းဆုံးသူငယ်ချင်းပဲလို့ ထင်မှတ်ထားခဲ့တာပေါ့။ ကိုယ်တို့တွေ ကလေးဘဝ ငယ်ငယ်လေးကတည်းက အတူတူ ဆော့ရင်း ကြီးပြင်းခဲ့ကြတာ။ သူနဲ့ပါတ်သတ်တဲ့အရာမှန်းသမျှကို ကိုယ်အားလုံးသိထားတယ်လို့ ထင်ထားခဲ့တာ ဒါပေမဲ့ နောက်ဆုံးမှာ.....”

အာရန်သည် သူ၏စကားကို ခေတ္တရပ်လိုက်ပြီး သက်ပြင်းတစ်ချက် ချကာဆက်ပြောလိုက်သည်။

“နောက်ဆုံးမှာ သူကပဲ ကိုယ့်နောက်ကျောကို ဓားနဲ့ ထိုးသွားခဲ့တယ်လေ”

အာရန်သည် အဆုံးသတ်စကားလုံးအချို့ကို တိုးတိုးလေး ရေရွတ်လိုက်သည်။

အာရန်၏ အသံသည် အနည်းငယ် တိုးလျလွန်းနေခဲ့သော်လည်း အနီးရှိ အယ်လီနာအနေနှင့်မူ ထိုစကားလုံးများကို ရှင်းလင်းစွာကြားလိုက်ရသည်။

“တစ်ခါတစ်ရံမှာ ကိုယ်တို့ဟာ ကိုယ်တို့ ခင်မင်တန်ဖိုးထားတဲ့ လူတွေဆီကနေ ကိုယ်မြင်ချင်တဲ့ အကောင်းဘက်ခြမ်းကိုပဲ ရွေးမြင်တတ်ကြတယ်။ သူတို့ရဲ့ အမှောင်ဘက်ခြမ်းကို သတိထားမိလေ့မရှိကြဘူး။ ဒီလိုနဲ့ အရာအားလုံးကို လျစ်လျူရှုပြီးနေခဲ့ကြပေမဲ့ တစ်ချိန်မဟုတ် တစ်ချိန်မှာတော့ ဒီအကြောင်းတွေ သိခွင့်ရလိုက်ကြရတာပါပဲ။ အဲဒီအခါ ကိုယ်တို့ တန်ဖိုးထား ဖတ်တွယ်ထားခဲ့တဲ့ စိတ်ကူးယဥ်ကမ္ဘာငယ်လေးဟာ လုံးဝပြိုလဲပျက်စီးသွားရတော့တယ်”

အာရန်သည် သူ၏စကားဆုံးသည်နှင့် အယ်လီနာ၏ မျက်ဝန်းများကို တည့်တည့် စိုက်ကြည့်လိုက်သည်။

“ကိုယ်တို့ ကမ္ဘာမြေမှာ အဲ့ဒါနဲ့ ပတ်သက်တဲ့ စကားပုံလေး တစ်ခု ရှိတယ်”

“ဘယ်လို စကားပုံမျိုးလဲ”

အယ်လီနာသည် အာရန်ဆက်ပြောမည့်အရာကို အတော်လေး စိတ်ဝင်စားဟန်ဖြင့် မျက်လုံးအရောင်များပင် လင်းလက်လာခဲ့၏။

သူမ၏ ထိုပုံစံမှာ အတော်လေး ချစ်ဖို့ကောင်းသည်ဟု အာရန်တစ်ယောက် တွေးမိလိုက်သည်။

“မြင်တာတွေကို အကုန်မယုံနဲ့... ရင်ထဲကပေါ်လာတဲ့ ခံစားချက်တိုင်းကိုလဲ မျက်စိမှိတ် မယုံနဲ့ ... ဘာကိုမှ အရမ်းကာရော မယုံလိုက်နဲ့ နောက်ဆုံး မင်းရဲ့ သွေးသားရင်းကိုတောင် အကုန်မယုံလိုက်နဲ့”

အာရန်သည် အယ်လီနာအား စကားလုံးတစ်လုံးချင်းစီဖြင့် ဖြေးညှင်းစွာ ပြောပြလိုက်သည်။

အာရန်သည် ထိုစကားလုံးများအတွင်း၌ သူ့အကြောင်း အရိပ်အမြွက်အချို့ ပါဝင်နေခဲ့သော်လည်း သူမ နားလည်နိုင်မည် မဟုတ်ကြောင်းကိုလည်း သိနေခဲ့သည်။

သို့သော်လည်း အာရန်သည် ထိုစကားလုံးများအား စကားပုံတစ်ခုသဖွယ် ဌာန် ကရိုဏ်းကျကျဖြင့် တစ်ခွန်းချင်း ပီသစွာ ပြောဆိုလိုက်ခြင်း ဖြစ်လေ၏။

ထိုစကားလုံးများသည် အယ်လီနာ၏ နားထဲ၌ ပဲ့တင်ထပ်သွားခဲ့ကာ သူမသည်လည်း တအောင့်ခန့် တွေဝေသွားခဲ့ရသည်။

သူမသည် အချိန်အတော်ကြာအောင် အာရန်အား စိုက်ကြည့်နေခဲ့သည်။

လူအများစုသည် သူမအား သူတို့ကို ယုံကြည်ပေးရန် တောင်းဆိုတတ်ကြသော်လည်း ယခုကဲ့သို့ မည်သူ့ကိုမျှ မယုံကြည်ရန် ပြောသောသူကိုမူ သူမအနေနှင့်ယခုသည် ပထမဆုံးမြင်ဘူးခြင်းပင်။

“ဒါဆို ရှင်ပြောတာတွေလည်း ကျွန်မ မယုံကြည်သင့်ဘူးလို့ ဆိုလိုနေတာလား” အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် အယ်လီနာသည် အာရန်အား မေးလိုက်ခြင်းဖြစ်သည်။

“မင်းကိုယ့်ကို...”

အာရန်သည် သူ၏ အဖြေကို စိတ်အားထက်သန်စွာ စောင့်ဆိုင်းနေသော အယ်လီနာ အား စကားလုံးအချို့ ပြန်ပြောရန်ပြင်လိုက်စဥ်မှာပင် ရထားလှည်းသည် ရုတ်တရက် ရပ်တန့်သွားခဲ့သည်။

အာရန်က ရထားလှည်းရပ်သွားသည်နှင့် သူ၏ စကားလမ်းကြောင်းကို လျင်မြန်စွာ ပြောင်းလဲပစ်လိုက်သည်။

“ကိုယ်တို့ ပြန်ရောက်ပြီ ထင်တယ်။ မင်းရဲ့ အဖေလဲ မင်းကို စောင့်နေလောက်ပြီ မြန်မြန်ဆင်းရအောင်” ဟုပြောလိုက်ပြီးနောက် အာရန်သည် အယ်လီနာ၏ လက်ကို ဆွဲကိုင်ကာ ရထားလှည်းအတွင်းမှ ခေါ်ထုတ်လိုက်၏။

“ဟား... ဟား... ဟားးးး”

လသာဆောင်ပေါ်၌ ရပ်နေသော လိုက်ဆန်ဒါသည် သူ၏ သမီးအား လူငယ်လေးမှ လက်ကို ကိုင်ဆွဲကာ ရထားလှည်းထဲမှ ထွက်လာသည့်မြင်ကွင်းကို မြင်လိုက်ရသောအခါ ဝမ်းသာလွန်းသဖြင့် သူ၏ စိတ်မထိန်းနိုင်တော့ဘဲ အော်ဟစ်ရယ်မောလိုက်မိသည်။

သူသာ အခြေအနေမှန်ကို မသိထားပါက ၎င်းတို့နှစ်ဦးသည် ကြင်စဦးဇနီးမောင်နှံများဟုပင် ထင်မိသွားပေလိမ့်မည်။

သူ့အားထပ်ဆင့် ပျော်ရွှင်စေခဲ့သည့်အရာမှာ သူ စိုးရိမ်နေသော အမျိုးသမီး၏ အော်ရာအားလည်း ထိုရထားလှည့်းအတွင်း၌ ရှာမတွေ့ရတော့ခြင်းပင် ဖြစ်၏။

“သူက တကယ့်ကို အံ့ဩစရာကောင်းတဲ့ ကလေးပဲ”

ပထမမူလကြယ်သည် သူ၏ သမက်လောင်း မှန်ကန်စွာ ရွေးချယ်နိုင်ခဲ့မှုအပေါ် ဂုဏ်ယူဝမ်းမြောက်လျက်ရှိရကာ ထပ်မံ၍ ကျယ်လောင်စွာ ရယ်မောလိုစိတ်အား ထိန်းချုပ်ရန်ပင် အသည်းအသန် ကြိုးစားလိုက်ရသည်။

“ဘယ်သူက အံ့ဩစရာ ကောင်းနေတာလဲ”

ထိုစဥ် အခန်းထဲမှ သာယာနာပျော်ဖွယ် အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

တော်ဝင်ဆန်ဆန် ခန့်ညားသော ဝတ်စုံတစ်မျိုးကို ဝတ်ဆင်ထားသည့် ချိုမြိန်သော ကိုယ်သင်းနံ့ပိုင်ရှင် အမျိုးသမီးတစ်ဦး အပြင်ဘက်သို့ ထွက်လာခဲ့၏။

သူမ၏ ရှည်လျားသော ဂါဝန်ရှည်သည် သူမ၏ ခန္ဓာကိုယ် ကောက်ကြောင်းအလှများအား ပေါ်လွင်အောင် ချပ်ချပ်ရပ်ရပ်ဖြင့် လိုက်ဖက်မှုရှိနေခဲ့ကာ သူမ၏ ရင့်ကျက်သော အလှအပနှင့် ဆွဲဆောင်မှုရှိမှု အားလုံးအား တစ်ပြိုက်နက်တည်း မီးမောင်းထိုးပြနေသကဲ့သို့ပင်။

သူမသည် လိုက်ဆန်ဒါဘေးတွင် ရပ်လိုက်သည်။

ထို့နောက် သူမ၏ ကိုယ်လုံးလေးကို လိုက်ဆန်ဒါ၏ လက်မောင်းအတွင်းသို့ ဝင်ရောက်လိုက်ကာ သူကြည့်နေရာ ဘက်သို့ သူမ၏ အာရုံကို ပို့လွှတ်လိုက်၏။

“အိုး....။ ဒါက တကယ်ပဲ ကျွန်မတို့ ခေါင်းမာတဲ့သမီးမှ ဟုတ်ပါလေစ။ လူငယ်လေးတစ်ယောက်ရဲ့ လက်ကို ကိုင်ဆုပ်ထားတာမှ ကြည့်ပါဦး”

သူမသည် အံ့အားသင့်သွားမှုကို မဖုံးကွယ်နိုင်ဘဲ လိုက်ဆန်ဒါအား လှည့်မေးလိုက်သည်။

“ရှင် ကျွန်မကို နောက်ပြောင်ဖို့အတွက် လှည့်စားမှု ပုံရိပ်ယောင်အချို့ ထပ်သုံးလိုက်ပြန်တာလား။ ဒီလို လှည့်စားတာတွေ ကျွန်မ မကြိုက်မှန်း ရှင် သိပါတယ်နော်”

“ဟားဟားဟား ငါ ဘယ်ပုံရိပ်ယောင်မှ မသုံးရပါဘူး မိန်းမရာ။ မင်းမြင်နေတာတွေက တကယ့် အစစ်အမှန်တွေပဲ”

လိုက်ဆန်ဒါသည် ဂုဏ်ယူဝမ်းမြောက်နေသော ခင်ပွန်းတစ်ဦးမှ သူ၏ ဇနီးအား သူ၏အောင်မြင်မှုအတွက် ဂုဏ်ယူဝင့်ကြွားစွာ ပြောဆိုနေသည့်အလား ရင်ဘတ်ကို ပွတ်သပ်ရင်း ပြောလိုက်ခြင်းဖြစ်သည်။

“အဲဒီကောင်လေးကို သေချာ ကြည့်လိုက်ပါဦး။ ကိုယ်တော့သူ့ကို လုံးဝ ယုံကြည်ထားတယ်။ သူဟာ သိပ်မကြာခင်မှာ ကိုယ်တို့ရဲ့ အဖိုးတန် သမက်လေး ဖြစ်ကို ဖြစ်လာလိမ့်မယ်။”

ထိုအမျိုးသမီးသည် လိုက်ဆန်ဒါ၏ စကားကြောင့် မည်သို့ တုံ့ပြန်ရမည်ကိုပင် မသိတော့ပေ။

အကယ်၍ လိုက်ဆန်ဒါ၏စကားများသည်သာ အမှန်တကယ် ဖြစ်မလာခဲ့ပါက သူမ၏ မျှော်လင့်ချက်များ ထပ်မံ ပျက်စီးသွားမည်ကို စိုးရိမ်မိသောကြောင့် သူမသည် ယခုအချိန်ထိပင် ထိုအရာကို ယုံကြည်ရန် ခက်ခဲနေဆဲပင်။

“ငါတို့ သမီးက... ကောင်လေးတစ်ယောက်ကို တကယ်ပဲ စိတ်ဝင်စားနေတာ ဖြစ်နိုင်ပါ့မလား”

သူမ၏ မျက်လုံးများတွင် သံသယအချို့ရှိနေသေးသော်လည်း ပျော်ရွှင်မှုကြောင့် မျက်ရည်စများရစ်ဝိုင်းလာခဲ့ကာ ရုတ်တရက် စိတ်မထိမ်းနိုင်‌တော့ဘဲ လသာဆောင်မှ ခုန်ဆင်းလိုက်ပြီး “င့ါ သမက်လေးရေ” ဟူ၍ အော်ခေါ်လိုက်မိလေတော့၏။

“ဟေး ရပ်လိုက်စမ်း မင်းလျှောက်လုပ်တာနဲ့ င့ါအစီအစဉ်တစ်ခုလုံး ပျက်စီးကုန်တော့မှာပဲ။ ဒီမိန်းမနှယ် ခက်တော့တာပဲ”

လိုက်ဆန်ဒါသည် စိတ်ခံစားမှုများ လွန်ကဲနေသော ဇနီးသည်ဖြစ်သူ နောက်သို့ အလျှင်အမြန်ပင် လိုက်ပါ ခုန်ဆင်လိုက်ရလေသည်။

သူတို့၏ သမီးလေးအား သင့်တော်သောတစ်စုံတစ်ဦးနှင့် အိမ်ထောင်ရက်သားကျကာ သာယာသော မိသားစုဘဝလေးတစ်ခုထူထောင်ရန် သူ့ထက် စိတ်အားထက်သန် လွန်းသူ တစ်ဦးကို ပြပါဆိုပါလျှင် သူ၏ ဇနီးသည်ကိုသာ ညွှန်ပြရပေလိမ့်မည်။

သူမ၏ ဇာတိသည် ကမ္ဘာမြေမှ မဟုတ်သော်လည်း သူ့ထက်ပင် ပို၍ ရှေ့ရိုးစွဲဆန်လေသည်။

“င့ါ သမက်လေး”

သူမသည် အာရန်နှင့် သူ၏ သမီးရှိရာဆီသို့ ပြေးသွားရင်း ထပ်မံ အော်ခေါ်လိုက်သည်။

“ဟင် မေမေလား”

အယ်လီနာသည် သူမဆီသို့အပြေးလာနေသော မိခင်အား လှမ်း၍ မြင်တွေ့လိုက်ရသည်။

“ဒါ မင်းရဲ့ အမေလား”

အာရန်သည် ထိုပြေးဝင်လာသူ အမျိုးသမီးထံသို့ သူ၏ ခွဲခြားသတ်မှတ်ခြင်းအစွမ်းကို အသုံးပြုလိုက်ရာ ထိတ်လန့်မှုကြောင့် သူ၏ နှုတ်ခမ်းများပင် တုန်ယင်သွားခဲ့ရသည်။

၎င်းသည် လိုက်ဆန်ဒါထံတွင်ပင် ထိုသို့ မဖြစ်ပေါ်ခဲ့ပေ။

သူမ၏ စွမ်းရည် အားလုံးနီးပါးနေရာတွင် မေးခွန်းအမှတ်အသားပုံစံများသာ ပေါ်နေခဲ့လေသည်။

သူမ၏ ကျင့်စဥ် အဆင့်သည်ပင် မေးခွန်းအမှတ်အသား ဖြစ်နေပြီး ထို့ထက်ပို၍ သိခွင့်မရခဲ့ချေ။

ထို မျက်နှာပြင်တွင် မှန်ကန်စွာ ပြသနိုင်နေသည့် တစ်ခုတည်းသော အရာမှာ သူမ၏ အမည်သာ ဖြစ်လေ၏။

“ဒါနဲ့နေပါဦး မေမေဆီက အသံတစ်စုံတစ်ရာ ဘာလို့မကြားရတာလဲ”

အယ်လီနာသည် သူမ၏ မိခင်ထံမှ တစ်စုံတစ်ရာ အော်ပြောလိုက်ပုံ မြင်နေရသော်လည်း စကားသံအနည်းငယ်မျှ မကြားရသောကြောင့် မျက်မှောင်ကြုတ်မိသွားခဲ့သည်။

သူမ မကြားရစေရန် အကာအကွယ်လွှာ တစ်မျိုးမျိုးဖြင့် ကာထားလိုက်သကဲ့သို့ပင်။

ကံမကောင်းစွာဖြင့် ထိုအမျိုးသမီးသည် သူမ၏ သမီးထံသို့ ရောက်ရှိသွားချိန်တွင်မူ မည်သည့် မှော်စွမ်းအင်သက်ရောက်မှုမျိုးကမှ သူမအား ရပ်တန့်ရန် မလုံလောက်ခဲ့ပေ။

All Chapters