အလင်းဘုရားကျောင်း
Vol. 43 Ch. 622
“မေမေ ဒီတစ်ခါ ပြန်လာတာ ကြာကြာနေမယ်မလား”
ညစာ စားပြီးနောက် အယ်လီနာမှ မိခင်ဖြစ်သူအား မေးလိုက်ခြင်းဖြစ်သည်။
“အထက်ကမ္ဘာမှာ သိပ်မကြာသေးခင်က အတော်လေး ပရမ်းပတာအခြေအနေအချို့ ဖြစ်သွားခဲ့ပေမယ့် ငါ တစ်ပတ်လောက် မပြန်ဖြစ်ရင်တောင် သိပ်ပြီး ဆိုးဆိုးရွားရွား ဖြစ်သွားမယ်တော့ မထင်ပါဘူး”
“ပရမ်းပတာအခြေအနေဆိုတာ ဘာကို ဆိုလိုတာလဲ”
လိုက်ဆန်ဒါပင်လျှင် သူ၏ ဇနီး မပြောပြရသေးသော ကိစ္စတစ်ခုကို ကြားလိုက်ရသဖြင့် အံ့အားသင့်နေပုံရ၏။
“မင်းအတွက်တောင် အန္တရာယ် ရှိနိုင်တာလား”
“လက်ရှိ အလင်း ဘုရားကျောင်းမှာ ကြီးမားတဲ့ အာဏာလုပွဲတစ်ခု ဖြစ်ပွားနေတယ်။ သူတို့ရဲ့ ခေါင်းဆောင် ရုတ်တရက် သေဆုံးသွားပြီး ခေါင်းဆောင်နေရာအတွက် အမွေဆက်ခံဖို့ အချင်းချင်း ပြန်တိုက်ခိုက်နေကြတယ်ဆိုပါတာ့။ သူတို့အနေနဲ့ အနီးအနားက အင်အားစုအချို့ကိုပါ သူတို့ရဲ့ အရှုပ်ထုပ်ထဲ ဆွဲသွင်းလာကြလို့ တိုက်ကြီးတစ်ခုလုံးတောင် အတော်လေး မတည်မငြိမ် ဖြစ်သွားခဲ့ရတယ်”
“အလင်း ဘုရားကျောင်းက အထက်ကမ္ဘာမှာ အရေးပါတဲ့ အင်အားစုတစ်ခု မဟုတ်ဘူးလား။ သူတို့ရဲ့ ခေါင်းဆောင်က ဘယ်လိုများ ရုတ်တရက်ကြီး သေဆုံးသွားရတာလဲ။ အဲဒီမှာ မင်းအတွက် မလုံခြုံတော့ဘူးဆိုရင် ဒီငရဲဘုံမှာ ပိုကြာကြာ နေသင့်တာ မဟုတ်ဘူးလား”
“ကျွန်မ အခု ပြန်မသွားတော့ရင် ကျွန်မ ဂိုဏ်းက ဂိုဏ်းသူတွေကို ဘယ်သူက ဂရုစိုက်ပေးမှာလဲ။ အထက်ကမ္ဘာမှာ ကျွန်မ တည်ထောင်ထားတဲ့ ဂိုဏ်းက အဆင့်မြင့် အင်အားစုတစ်ခု မဟုတ်ဘူးဆိုရင်တောင် အဆင့်တစ်ခုမှာတော့ ရှိနေတုံးပဲ။ ကျွန်မ သူတို့ကို ဒီအတိုင်းပစ်ထားလို့ မရဘူး”
“ပြီးတော့ ဒီပဋိပက္ခက အရမ်းကြီး ဆိုးရွားတာမျိုးတော့လဲ မဟုတ်သေးပါဘူး။ အခုချိန်ထိ ဗဟို ဒေသဘက်မှာပဲ ဖြစ်ပွားနေတာမို့ ကျွန်မတို့ဘက်တွေက စိုးရိမ်စရာ မရှိပါဘူး”
ထိုအမျိုးသမီးသည် အထက်ကမ္ဘာမှ အလွန် အရေးပါသော အကြောင်းအရာများကို ပြောပြနေခြင်းဖြစ်သော်လည်း ပေါ့ပေါ့ပါးပါးပင် ရှိနေပုံရသည်။
ထိုအရာများထဲမှ အများစုကို အယ်လီနာကိုယ်တိုင်သည်ပင် နားမလည်နိုင်ခဲ့ပေ။ အာရန်အတွက်လည်း အယ်လီနာနှင့်ထပ်တူ ဖြစ်သင့်လေသည်။
သို့သော် အံ့အားသင့်စွာဖြင့် ထိုအမျိုးသမီး ပြောဆိုနေသည့်အရာများကို အာရန်တစ်ယောက် ကောင်းစွာ နားလည်နိုင်ခဲ့၏။
အဘယ်ကြောင့်ဆိုသော် သိပ်မကြာခင်အချိန်က အထက်ကမ္ဘာမှ ဂိတ်တံခါးပေါက် ကျောက်တုံး လာခိုးသူတစ်ဦးအား သူကိုယ်တိုင်ပင် သတ်ခဲ့ခြင်းမဟုတ်ပါလား...။
အာရန်သည် ထိုကျူးကျော်သူ၏ စိတ်ဝိညာဉ်ကို အစားထိုးခြင်းမပြုမီ ဝိညာဥ်ရှာဖွေခြင်းအမှုကို ပြုလုပ်ထားခဲ့သဖြင့် အထက်ကမ္ဘာရှိ ကိစ္စရပ်အချို့ကို ကြိုတင်သိရှိနိုင်ခဲ့၏။
ထရီဆာ ပြောသကဲ့သို့ပင် အထက်ကမ္ဘာ၏ အလယ်ပိုင်းတိုင်း ဗဟိုဒေသတွင် အလင်း ဘုရားကျောင်းဟု ခေါ်သော ဘာသာရေး အဖွဲ့အစည်းကြီးတစ်ခု ရှိလေသည်။
ကံကောင်းစွာပင် ထိုကျူးကျော်သူသည်လည်း ထိုဗဟိုဒေသမှ လာရောက်သူတစ်ဦးဖြစ်လေသည်။
ထရီဆာသည်လည်း တိုက်ဆိုင်စွာပင် ထိုကျူးကျော်သူနှင့်တူညီသော အထက်ကမ္ဘာ တစ်ခုတည်းမှ လာရောက်ခြင်းဖြစ်သည်ကို သိလိုက်ရသဖြင့် အာရန်အနေဖြင့် အတော်လေး စိတ်ဝင်စားသွားခဲ့သည်။
ထိုလူငယ်သည် အထက်ကမ္ဘာ၏ အဓိက အင်အားစုများ စုဝေးရာ ဗဟိုဒေသတွင် နေထိုင်သော မိသားစုမှတစ်ခုမှ မိသားစုဝင်တစ်ဦး ဖြစ်လေသည်။
ထရီဆာပြောကြားချက်အရ သူမသည် ထိုအလယ်ပိုင်း ဗဟိုဒေသနှင့် ဝေးကွာသော နေရာတစ်ခုတွင် ဂိုဏ်းတစ်ခု တည်ထောင်ထားနိုင်သည်ဟု သိရှိရသဖြင့် ယင်းက ထိုအမျိုးသမီး၏ အဆင့်အတန်းအား ခန့်မှန်းနိုင်ရန် လုံလောက်လေသည်။
သူမသည် နတ်ဘုရားအဆင့် တစ်ဦးဖြစ်လေသည်။
ထို့ပြင် သူမ၏ ဂိုဏ်းအတွင်း၌လည်း လိုက်ဆန်ဒါကဲ့သို့ အစွမ်းထက်သော လူများစွာ ရှိနေနိုင်သည်။
ထိုအမျိုးသမီး၌ ကိုယ်ပိုင် စစ်တပ်တစ်တပ်ပိုင်ဆိုင်ထားသည်ဟု ပြောလျှင်ပင် လွန်မည်မထင်ပေ။
ထိုအချက်ကို သိရှိလိုက်ပြီးနောက်တွင် အာရန်၏ အတွေးထဲ၌ ထိုအမျိုးသမီးနှင့် ထိုမိသားစုသည် မည်မျှ ကြောက်မက်ဖွယ်ကောင်းကြောင်း စတင်၍ သတိထားမိလာခဲ့သည်။
၎င်းက လိုက်ဆန်ဒါမှ ထိုဂိတ်တံခါးပေါက် ကျောက်တုံးအား အစကတည်းက အဘယ်ကြောင့် ဂရုမစိုက်ခဲ့သည်ဆိုသည့်အချက်ကို နားလည်သွားစေသည်။
သူ၏ ဇနီးသည်သည် အထက်ကမ္ဘာရှိ ဂိုဏ်းတစ်ခုကိုပင် အုပ်ချုပ်နေသူတစ်ဦးဖြစ်လေသည်။
အကယ်၍ သူသာ အလိုရှိမည်ဆိုပါက အချိန်မရွေး ထိုနေရာသို့ သွားရောက်ရန် စီစဉ်ခိုင်းနိုင်၏။
အခြား မူလကြယ်များက ၎င်းတို့အနေဖြင့် လိုက်ဆန်ဒါနှင့် တိုက်ခိုက်ရမည်ဟု ထင်မှတ်ထားခဲ့ကြသော်လည်း အမှန်မှာမူ လိုက်ဆန်ဒါသည် အစကတည်းက ထိုပြိုင်ပွဲတွင်ပင် မပါဝင်ခဲ့ပေ။
အာရန်သည် သူ၏ ရင်ထဲရှိ ရှုပ်ထွေးနေသော အတွေးလှိုင်းလုံးများကို ပြန်လည်ထိန်းချုပ်ရန် ကျိုးစားလိုက်ရပြီး ဦးခေါင်းကို ပြန်ကုတ်လိုက်မိသည်။
သူသည် ထိုသို့သော မိသားစုတစ်ခု၏ တစ်စိတ်တစ်ပိုင်းတစ်ခု အမှန်တကယ် ဖြစ်လာတော့မည်တဲ့လား...။
၎င်းသည် တွေးကြည့်ရုံနှင့်ပင် အမှန်တကယ်ပင် ကြောက်စရာကောင်းလွန်းနေသည်။
လိုက်ဆန်ဒါသည် လူတစ်ဦးကို တစ်ချက်တည်းနှင့် လှီးဖြတ်ပစ်နိုင်သော အလယ်ခေတ်မှ ဓားတစ်လက်ဆိုပါ သူ့ဇနီး ထရီဆာသည် လူအစုလိုက်အပြုံလိုက်ကို တစ်ခါတည်း စမုံတုံးပေးနိုင်သော ဒုံးပျံ လောင်ချာတစ်စင်းနှင့်ပင် တူညီနေသည်။
ယခု အာရန်သည် ဤရူးသွပ်ဖွယ် အင်အားကြီးမားသော မိသားစုတစ်ခု၏ တစ်စိတ်တစ်ပိုင်း ဖြစ်လာတော့မည်ဖြစ်ကာ ၎င်းတို့ကလည်း သူ့အပေါ်တွင် မျှော်လင့်ချက်များစွာ ထားရှိနေကြသည့်ပုံပင်။
အကယ်၍ သူသည် အယ်လီနာ၏ အချစ်ကို ရယူနိုင်ကာ ၎င်းတို့၏ သမက်ဖြစ်သွားမည် ဆိုလျှင် အဆင်ပြေသည်။
သို့သော် အကယ်၍ သူ မအောင်မြင်ခဲ့လျှင်ကော....။
အာရန်သည် ထိုခံစားချက်ကို သိပ်မကြိုက်သော်လည်း ဤကိစ္စတွင် သူ့အတွက် ရွေးချယ်စရာ မရှိကြောင်းလည်း သိထားလေသည်။
ထို့နောက် အာရန်၏ အကြည့်သည် သူ့အတွက် တစ်ခုတည်းသော မျှော်လင့်ချက် ဖြစ်သည့် အယ်လီနာထံသို့ ရွှေ့သွားခဲ့သည်။
အယ်လီနာသည် ရုပ်ဆိုးပန်းဆိုးကြီးတစ်ဦး မဟုတ်သည်မှာ သူ့အတွက်ကံကောင်းသွားသည်ဟု ပြော၍ ရလေသည်။
ယင်းအစား သူမသည် လွန်စွာ ဆွဲဆောင်နိုင်လွန်းသော အမျိုးသမီးတစ်ဦး ဖြစ်နေခဲ့၏။
‘သူတို့သာ ငါ့ကို လူပျိုစစ်စစ် မဟုတ်တော့ပဲ တခြားမိန်းကလေးတွေနဲ့ ဘာညာ ပတ်သတ်မှုမျိုးတွေ ရှိနေသေးမှန်း သိသွားကြရင် ငါ့ကို တကယ်ပဲ သတ်ပစ်လိုက်ကြမလား မသိဘူး...’
အာရန်သည် သူ၏ အတွေးများကို အဆုံးသတ်နိုင်ခြင်း မရှိခဲ့ပေ။
၎င်းသည် အဖြေ မသိလိုသော မေးခွန်းတစ်ခုပင် ဖြစ်နေသည်မဟုတ်ပါလား...။
ထိုကိစ္စသိသွားပါက ၎င်းတို့ မည်သို့ တုံ့ပြန်မည်ဆိုခြင်းသည် သူ စမ်းသပ်ကြည့်လိုသော အရာတစ်ခုတော့ မဟုတ်ပေ။
အာရန်သည် သူ့ကိုယ်သူ အမှန်တကယ်မည်သူဖြစ်ကြောင်းနှင့် တိုက်ကြီးလေးခုကမ္ဘာတွင် သူ့အား စောင့်ဆိုင်းနေသော အမျိုးသမီးများစွာ ရှိနေသေးသည့်အကြောင်းများအား မပြောပြမီ မိမိကိုယ်ကို ကာကွယ်နိုင်သည်အထိ လုံလောက်အောင် ခွန်အားကြီးမားနေမှ ဖြစ်ပေလိမ့်မည်။
ကံကောင်းစွာဖြင့် သူ၌ အချိန်အနည်းငယ် ကျန်ရှိနေသေး၏။
ထို့အပြင် ယခု သူ၌ အထက်ကမ္ဘာမှ နယ်ရုပ်တစ်ရုပ်လည်း ရှိနေပြီဖြစ်သည်။
ထိုအထက်ကမ္ဘာမှ ကျူးကျော်သူတစ်ဦးအား သူ၏စိတ်ဝိညာဥ်အစိတ်အပိုင်းတစ်ခုကို ထည့်ပေးလိုက်ခြင်းဖြစ်သည်။
ထို့ကြောင့် ၎င်းသည် သူသာ ထိုအထက်ကမ္ဘာသို့ရောက်သွးခဲ့ပါက သူ့အတွက် နေရာတစ်ခု ရရှိသွားပြီဟု ဆိုလိုခြင်းလည်း ဖြစ်လေသည်။
သို့သော် ထိုသူ၏ မိသားစု တစ်စုံတစ်ယောက်မှ ထိုကိစ္စအား ရှာမတွေ့ခဲ့ရင်သာ ဖြစ်ပေမည်။
အလင်း ဘုရားကျောင်းနှင့် ပတ်သက်၍မူ သူ့အနေနှင့် သိပ်မစဉ်းစားရသေးပေ။
၎င်းက ထိုကျူးကျော်သူလူငယ်၏ မိသားစုနှင့် နှိုင်းယှဉ်နိုင်သော အဓိက အင်အားစု ကြီးတစ်ခု ဖြစ်လေသည်။
သို့သော် ထိုကျူးကျော်သူ လူငယ်၏ မှတ်ဉာဏ်များတွင် ထိုထက်ပို၍ သိခွင့်မရခဲ့ပေ။
အလင်း ဘုရားကျောင်းမှ အတွင်းလူများမှလွဲ၍ ဘုရားကျောင်း၏ ဦးဆောင်သူအား မည်သူကမျှ မမြင်ဖူးထားပေ။
၎င်းတို့ သိရှိထားသည့်အချက်မှာ ထိုအလင်း ဘုရားကျောင်းအားဦးဆောင်သူသည် အမျိုးသမီးတစ်ဦး ဖြစ်နေသည်ဆိုသောအချက်နှင့် သူမသည် မကြာသေးမီက ရုတ်တရက် သေဆုံးသွားခဲ့သည်ဟူသော နောက်ထပ်အချက်တစ်ချက်ပင်ဖြစ်သည်။
သို့သော် ထိုအလင်းဘုရားကျောင်း၏ ကံကြမ္မာသည် သူ့နှင့် မသက်ဆိုင်ချေ။
ဤသို့ဖြင့် ညစာ စားပြီးနောက် ထရီဆာသည် အာရန်အား သူမနှင့် လမ်းလျှောက်ရန် ပြောခဲ့သည်။
သူ၏ ခင်ပွန်းသည် ထိုစကားကြောင့် အာရန်အား အနည်းငယ် မနာလိုမှုဖြစ်သွားဟန် ပြသခဲ့သော်လည်း ကန့်ကွက်ခြင်းတော့ မရှိခဲ့ချေ။
မနာလိုသည်ဆိုခြင်းမှာ သူ၏ ဇနီးအား အာရန်နှင့်အတူ နှစ်ယောက်တည်း အချိန်ဖြုန်းမည့် ကိစ္စအတွက် စိတ်မချခြင်းမျိုး မဟုတ်ပဲ သူ့အနေနှင့် ဇနီးသည်အား အချိန်အတော်ကြာမှ ပြန်တွေ့ရခြင်းဖြစ်သဖြင့် သူမနှင့်အတူ လွတ်လွတ်လပ်လပ် အလွမ်းသယ်ခွင့် မရသေးသောကြောင့်သာ ဖြစ်လေ၏။
ထို့ကြောင့် သူလိုချင်နေသော တန်ဖိုးရှိသည့် အချိန်လေးအား သူ့အစားရရှိနေသော အာရန်အား မနာလိုဖြစ်မိနေခြင်းသာ ဖြစ်လေသည်။
“မင်း ငါ့ကို ကြောက်နေတယ်မလား”
စက္ကန့်အနည်းငယ် လမ်းလျှောက်လာပြီးနောက် ထရီဆာမှစတင်၍ မေးလိုက်သည်။
“ကျွန်တော့် ယောက္ခမကို ကျွန်တော်က ဘာလို့ ကြောက်ရမှာလဲ”
အာရန်သည် အတွင်းစိတ်၌ ထိုစကားကို မှန်ကန်ကြောင်း ထောက်ခံမိနေသော်လည်း အပြင်ဘက်တွင်မူ မကြောက်သယောင် ပြန်ဖြေလိုက်၏။
“စိတ်မကောင်းပါဘူး။ မင်း ကမ္ဘာမြေကို ပြန်သွားချင်တဲ့အကြောင်း ပြောနေတုန်းက သတ်ဖြတ်လိုတဲ့ အော်ရာတစ်ခု ရုတ်တရက်ထုတ်ဖော်မိသလို ဖြစ်သွားတယ်။ မင်းလည်း အဲ့ဒီ အော်ရာကို သတိထားမိမှာ သေချာပါတယ်။ ဒါက မင်းဘာမှ ပြန်မပြောပေမဲ့ မင်း အတော်လေးတော့ ထိတ်လန့်သွားခဲ့မှာပဲလေ။”
အာရန်သည် မည်သည့်စကားမျှမဆိုပဲ ခဏတာ တိတ်ဆိတ်သွားခဲ့သည်။
ထို သတ်ဖြတ်လိုစိတ် အော်ရာ၏ နောက်ကွယ်မှ အကြောင်းရင်းကို အာရန်တစ်ယောက် လွန်စွာ မေးလိုနေခဲ့သော်လည်း ယခုအချိန်တွင် မမေးဝံ့သေးပေ။
“ငါ ဘာလို့ ဒီလောက် ပြင်းပြင်းထန်ထန် တုံ့ပြန်မိခဲ့သလဲဆိုတာ မင်း ငါ့ကို မမေးကြည့်ချင်ဘူးလား”
အာရန်၏ တိတ်ဆိတ်နေမှုကို မြင်သောအခါ ထရီဆာမှ ထပ်မံ၍ မေးလိုက်သည်။