မတော်တဆ အနမ်း
Vol. 43 Ch. 624
ပုံမှန်အားဖြင့် အာရန်သည် သူ၏ ကိုယ်ပွားတည်ရှိမှုကို အနည်းငယ် ခံစားနိုင်ရမည် ဖြစ်လေသည်။
သို့သော် သူ ဤငရဲဘုံသို့ ရောက်ရှိလာပြီးကတည်းက သူ၏ ကိုယ်ပွားနှင့် မည်သည့် ဆက်သွယ်မှုကိုမျှ မခံစားမိတော့ပေ။
၎င်တို့ကြား ဆက်သွယ်မှုသည် လုံးဝ ပြတ်တောက်သွားခဲ့ရသည်။
သူသည် ကိုယ်ပွားအား ဆက်လက်တည်ရှိနေ၊ မနေကိုပင် မသိနိုင်တော့သလို တစ်စုံတစ်ရာ လုပ်ဆောင်ရန် အမိန့်လည်း မပေးနိုင်တော့ချေ။
သူနောက်ဆုံးအဆက်အသွယ်ရခဲ့စဥ်က ထိုကိုယ်ပွားသည် သန့်စင်သော ဧကရာဇ်အဖြစ် ကောင်းမွန်စွာ ဟန်ဆောင်ထားနိုင်ဆဲဖြစ်သည်။
ထိုကိုယ်ပွားသည် အာရန်မှ နောက်ပိုင်းခဏတာ ဖန်တီးသည့် သွေးကိုယ်ပွားများနှင့်မတူပဲ အချိန်အတော်ကြာကတည်းက သူနှင့်ထပ်တူ တိုးတက်ပြောင်းလဲမှုများဖြစ်ပေါ်ကာ တည်ရှိနေနိုင်ခဲ့သော တစ်ဦးတည်းသော ကိုယ်ပွားလည်း ဖြစ်လေသည်။
အာရန်၏ သက်ရှိကိုယ်ပွားတစ်ခုဟုပင် ပြော၍ရလေသည်။
“ငါသာ အဲ့ကမ္ဘာကလူတွေဆီကို သတင်းစကားအချို့ပို့လွှတ်ပေးနိုင်ရင် အနည်းဆုံးတော့ သူတို့ရဲ့ စိုးရိမ်ပူပန်မှုတွေကို လျှော့ချပေးနိုင်မှာပါ”
အာရန်၏ လေသံတွင် ထိုကမ္ဘာတွင်ကျန်ခဲ့သော သူ၏ တပည့်မလေးများအပါဝင် သူ၏ အမျိုးသမီးများအကြောင်းကို ပြန်တွေးမိလိုက်သဖြင့် သတိရလွမ်းဆွတ်ခြင်းများဖြင့် ပြည့်နှက်နေခဲ့၏။
အာရန်သည် ဤ ငရဲဘုံတွင် တည်ရှိနေစဉ်၌ ဝိညာဥ်လောကနှင့်ပင် ချိတ်ဆက်ခြင်းမျိုး မပြုလုပ်နိုင်ခဲ့ပေ။
ထိုလောကနှင့် ပတ်သက်သည့် အရာအားလုံးသည် ငရဲဘုံတွင် ပြတ်တောက်နေခဲ့သည်။
သို့သော် အထက်ကမ္ဘာများမှာမူ မတူညီပေ။
အထက်ကမ္ဘာများသည် ဝိညာဥ်လောကနှင့် နီးကပ်သောနေရာတွင် ရှိနေခြင်းများမဟုတ်သော်လည်း ထိုနေရာသို့ ရောက်သောအခါ ဝိညာဉ်များနှင့် ချိတ်ဆက်နိုင်ရန်နည်းလမ်းများ ရှိလိမ့်မည်ဟု အာရန်တစ်ယောက် အမှန်တကယ် မျှော်လင့်နေခဲ့မိသည်။
ဤ ငရဲဘုံတွင်မူ ဝိညာဉ်များအနေဖြင့် လေထဲတွင်ပင် သီးခြားဖြစ်ပေါ်နေကြသော သေခြင်းအဆီအနှစ်များကြောင့် အနည်းငယ်မျှပင် ရှင်သန်နိုင်မည်မဟုတ်ပေ။
ထို့ကြောင့် အာရန်အနေနှင့် ဤငရဲဘုံတွင် တည်ရှိနေသရွေ့ ဖီလိုနာနှင့် ဆက်သွယ်တိုင်သော သူ၏ ဝိညာဉ်စာချုပ်သည်ပင် အသုံးမဝင်ခဲ့ပေ။
သူ ရရှိထားသော အထက်ကမ္ဘာနှင့် ပတ်သက်သည့် မှတ်ဉာဏ်များအရ ထိုနေရာများတွင်မူ ထိုကဲ့သို့ ဝိညာဥ်များအတွက် ကန့်သတ်ထားမှုမျိုး ရှိမနေချေ။
ထိုကြောင့် ထိုအထက်ကမ္ဘာများရှိ စွမ်းအင်အဆီအနှစ်များသည်သူ၏ ဝိညာဉ်စာချုပ်ကို ကန့်သတ်ကြမည်မဟုတ်ပေ။
ကံကောင်းပါက အာရန်သည် ဝိညာဉ် ဘုရင်မနှင့် ဆက်သွယ်ပြီးနောက် ဝိညာဥ်လောကမှတဆင့် သူ၏ ဒုတိယ အိမ်ဖြစ်သော တိုက်ကြီးလေးခု ကမ္ဘာသို့ ပြန်သွားရန်ပင် ဖြစ်နိုင်ချေရှိလေသည်။
သို့သော် ထိုသို့ လောကသုံးခုကိုဖြတ်၍ ဂိတ်တံခါးပေါက်မှ တစ်ဆင့် ပြန်သွားရမည့် ဆိုသည့် အကြံကို တွေးမိလိုက်ရုံဖြင့်ပင် သူ့အား မူးဝေကာ အော့အန်ချင်စိတ်ပင် ဖြစ်ပေါ်စေခဲ့သည်။
တိုက်ကြီးနှစ်ခုအား ဆက်သွယ်ထားသော ဂိတ်တံခါးပေါက်သည်ပင် သူ့အား သေလုမျောပါး ဖြစ်စေခဲ့သည်။
ဝေးကွာလွန်းသော အထက်ကမ္ဘာနှင့် အလယ်ဘုံကြား ချိတ်ဆက်မှုမျိုးဆိုလျှင်ကော....။
၎င်းက တွေးကြည့်ရုံဖြင့်ပင် ထပ်မံ၍ ခေါင်းကိုက်လာမိသည်။
“ဒီ ဂိတ်တံခါးပေါက်နဲ့မတည့်တဲ့ ပြသနာကလည်း အတော်ဆိုးတာပဲ ဘာကြောင့်မှန်းလည်း ခုထိအဖြေရှာမရသေးဘူး။”
“ဒါတွေလျှောက်တွေးတာ ခေါင်းတောင်အတော်ကိုက်လာပြီ။”
အာရန်သည် ခေါင်းအနည်းငယ်ကိုက်လာသဖြင့် သူ့ကိုယ်သူ အနည်းငယ် သက်သာသွားစေရန် နားထင်များကို ညင်သာစွာ နှိပ်နယ်နေလိုက်၏။
“ဘာက ရှင့်ကို ခေါင်းကိုက်အောင် လုပ်နေတာလဲ”
အာရန်၏ နောက်ဘက်မှ သာယာသော အသံတစ်ခု ထွက်ပေါ်လာသည်။
“ရှင့်ကို ကျွန်မ အမေ စောစောက ပြောခဲ့တဲ့ စကားတွေကြောင့်များလား”
“မင်း ဘယ်တုန်းက ရောက်နေတာလဲ”
အာရန်သည် ဖြည်းညင်းစွာ မျက်လုံးများ ပြန်ဖွင့်လိုက်ပြီး သူ့ဘေးတွင် ထိုင်နေသော မိန်းကလေးအား ငေးကြည့်လိုက်၏။
“ခုလေးတင်ပဲ။ ပြီးတော့ ရှင် ကျွန်မမေးခွန်းကို ပြန်မဖြေသေးဘူး။ ကျွန်မ အမေစောစောက ရှင့်ကို ဘာတွေပြောလိုက်တာလဲ”
“မင်းအမေက ကိုယ့်ကို အိမ်ကို လွမ်းနေလားလို့ လာမေးတာပါ”
“ရှင့် ခေါင်းကိုက်နေတာ ရှင့်မွေးရပ်မြေကို ပြန်သတိရမိလို့လား”
“ဖြစ်နိုင်တာပေါ့။ ကိုယ်အဲ့ကနေ ထွက်လာတာ အတော်ကြာပြီလေ။ ကိုယ်ရဲ့ အဲ့က ကျန်နေခဲ့တဲ့ လုပ်ငန်းတွေအတွက် စိုးရိမ်မိသွားလို့ပါ” ဟု အာရန်မှ အဆင်ပြေရာ ဆင်ခြေတစ်ခု ပေးလိုက်သည်။
“ဒါဆို ရှင် ပြန်တော့မှာလား” ဟု အယ်လီနာမှ ထပ်မံ၍ မေးလိုက်သည်။
“တကယ်လို့ ကိုယ် ထွက်သွားရင်ကော မင်း ကိုယ့်ကို လွမ်းနေမှာလား”
အာရန်သည် သူ့အား ခေါင်းကိုက်စေသော အတွေးများအား ဖုံးကွယ်ရင်း ပြုံးပြလိုက်သည်။
“ဘာလို့ ရှင့်ကို လွမ်းရမှာလဲ။ ရှင်ပြန်သွားရင် ကျွန်မအတွက် ပိုတောင်ကောင်းသေးတယ်”
“မင်းဆီက ဒီလိုကြားရတာ စိတ်တောင်မကောင်းဘူး။ ကိုယ်တို့ဟာ အတိုင်းအတာတစ်ခုအထိ သူငယ်ချင်းတွေလို့ သတ်မှတ်လို့ရမယ် ထင်နေတာ။” အာရန်သည် သူမ၏ ထိုစကားကြောင့် နာကျင်သွားဟန်ဖြင့် မျက်လုံးများကို ပြန်ပိတ်ထားလိုက်သည်။
“ဒါပေမဲ့ ကိုယ် ဘယ်တော့မှ အဲ့ဒီအိမ် ပြန်နိုင်တော့မယ် မထင်ဘူး”
“ဘာလို့လဲ။ ရှင် ဘာလို့ မပြန်နိုင်ရမှာလဲ။ ရှင်က ကျွန်ပြုခံထားရတာလည်း မဟုတ်ဘူးလေ။ ဒါ့ကြောင့် ရှင့်အနေနဲ့ ပြန်မယ်ဆို လွယ်ကူနေသင့်တာ မဟုတ်ဘူးလား”
အာရန် တစ်ယောက် အဘယ်ကြောင့် မပြန်နိုင်တော့ဟု ပြောလိုက်ခြင်းအား အယ်လီနာ နားမလည်နိုင်ပေ။
သူ့အနေနှင့် ဤငရဲဘုံအား ရောက်လာနိုင်သည်ဆိုပါက ထိုကမ္ဘာမြေဆိုသည့် နေရာ၌လည်း ဂိတ်တံခါးပေါက်တစ်ခု ရှိနေသည်ဟု ဆိုလိုခြင်းမဟုတ်ပါလား....။
အကယ်၍ အာရန်သည်သာ သူမ၏ ဖခင်ကို အကူအညီ တောင်းလိုက်က ထိုကမ္ဘာမြေသို့ ပြန်သွားနိုင်ရန် ထိုဂိတ်တံခါးပေါက်အား သေချာပေါက် ရှာတွေ့နိုင်ပေလိမ့်မည်။
ထို့အပြင် အာရန်သည် သူမ မိသားစုပိုင် ကျွန်တစ်ဦး မဟုတ်ပေ။
သူမဖခင်ကိုယ်တိုင်ကပင် အာရန်အား အထူးဧည့်သည်တစ်ဦးအဖြစ် ဆက်ဆံနေခြင်း ဖြစ်သဖြင့် အကယ်၍ သူသည်သာ အကူအညီ တောင်းခံမည်ဆိုပါက သေချာပေါက် ငြင်းဆန်လိမ့်မည် မဟုတ်ပေ။
“ရှင် ပြန်သွားချင်တယ်ဆိုတာ ဖေဖေကို ကျွန်မ ပြောပြလိုက်မယ်လေ။ တကယ်လို့ ကမ္ဘာမြေကို ပြန်သွားနိုင်မဲ့ ရှင်လာခဲ့တဲ့ ဂိတ်တံခါးပေါက်ကို ရှာမတွေ့ဘူးဆိုရင်တောင် ဖေဖေအရင်က ပိတ်ထားခဲ့တဲ့ ဂိတ်ပေါက်ကို ပြန်ဖွင့်ပြီး ပြန်လို့ရနေတာပဲ”
အယ်လီနာသည် အာရန်အားကူညီရန် စိတ်အားထက်သန်နေသောကြောင့် အာရန်၏ အဖြေကိုပင် မစောင့်တော့ဘဲ ထရပ်လိုက်သည်။
သူမ ထရပ်လိုက်သည်ကို မြင်သောအခါ အာရန်၏ မျက်နှာတစ်ခုလုံး လုံးဝ ဖြူဖျော့ သွားခဲ့သည်ကိုတော့ သူမ သတိမပြုမိခဲ့ပေ။
အရန်အတွက်မူ အစောပိုင်းက ကမ္ဘာမြေအကြောင်း တစ်ကြိမ်မျှ ပြောဆိုမိခဲ့သည်နှင့် အယ်လီနာ မိခင်၏ ဒေါသကို အတော်လေး ရှောင်လွှဲခဲ့ရသည်။
ထို့နောက်တွင်ပင် အယ်လီနာကိုယ်တိုင်မှ ထပ်မံပြောဆိုခိုင်းသလိုဖြစ်သွားခဲ့ပါက ဆက်လက်ရင်ဆိုင်ရမည့်အရာများကို စိတ်ကူးပင်မယဥ်ဝံ့တော့ချေ။
ထို့နောက် အာရန်၏ ခန္ဓာကိုယ်သည် အလိုအလျှောက်ပင် လျှပ်စီးကဲ့သို့ လျင်မြန်စွာ တုံ့ပြန်လိုက်မိ၏။
အာရန်သည် လျှင်မြန်စွာပင် အယ်လီနာ၏ လက်ကို ပြန်ဆွဲထားလိုက်ကာ အစောပိုင်းနေရာတွင် ပြန်ထိုင်နေရန် ဆွဲချလိုက်သည်။
“အဲ့လို ပြောပေးဖို့မလိုပါဘူး။ ကိုယ် ပြန်လို့မဖြစ်ဘူးလို့ မင်းကို ပြောခဲ့ပြီးပြီလေ” အာရန်သည် ရုတ်တရက်စိတ်လှုပ်ရှားပြီး တုံ့ပြန်မိခြင်းဖြစ်သဖြင့် အယ်လီနာအား ဆွဲလိုက်ချိန်တွင် သူ၏ ခွန်အားကို မထိန်းချုပ်နိုင်တော့ပေ။
အယ်လီနာသည်လည်း အာရန်၏ ရုတ်တရက် ဆောင့်ဆွဲခြင်းကို ခံလိုက်ရသဖြင့် ဟန်ချက် ပျက်သွားခဲ့ရသည်။
“အွန်း”
သူမ၏ နှုတ်ခမ်းထက်မှ ထူးဆန်းသောအသံ တစ်သံထွက်ပေါ်လာပြီး အာရန်၏ ကိုယ်ပေါ်သို့ ပြုတ်ကျသွားတော့သည်။
သူမ၏ ခန္ဓာကိုယ်သည် အာရန်၏ ကိုယ်ပေါ်၌ ထပ်၍ လဲကျသွားခြင်းမျိုး ဖြစ်လေ၏။
အာရန်သည်လည်း ရုတ်တရက် အယ်လီနာ၏ ချိုမြိန်သော နှုတ်ခမ်းဖူးဖူးလေးများက သူ၏ နှုတ်ခမ်းတစ်စုံကို လာရောက်ထိဆက်မိလိုက်သဖြင့် မျက်လုံးများပင် ပြူးကျယ်သွားခဲ့ရသည်။
‘ငါတော့ သေပြီ’ ဟူသော အတွေးတစ်ခုတည်းသာ အာရန်၏ စိတ်ထဲ၌ ပေါ်လာခဲ့လေ၏။
ထိုအချိန်၌ အယ်လီနာ၏ မျက်ဝန်းထောင့်များတွင် မျက်ရည်စကလေးများ စတင် ရစ်ဝဲလာခဲ့ပြီး သူမ၏ နှုတ်ခမ်းများသည် သူ၏ နှုတ်ခမ်းများနှင့် ထိကပ်ထားလျက်အနေဖြင့်ပင် အာရန်အား စိုက်ကြည့်နေမိခဲ့သည်။
အယ်လီနာသည် ရုတ်တရက် အမျိုးအမည် မဖော်နိုင်သော ခံစားချက်တစ်ခုနှင့်အတူ သူမ၏ ဦးနှောက်သည်လည်း တဒင်္ဂ အလုပ်လုပ်ခြင်းများ လုံးဝ ရပ်တန့်သွားခဲ့သည်။ အယ်လီနာသည် သူမကိုယ်သူမ အာရန် လက်မှ လွတ်မြောက်ရန် နောက်သို့ ပြန်ဆုတ်ရမည်ဆိုခြင်းကိုပင် မေ့လျော့နေမိခဲ့၏။
ထိုအချိန်တွင် အာရန်သည်လည်း မြေပြင်နှင့် ကျောချင်းကပ်နေပြီး ဖြစ်သောကြောင့် နောက်သို့ ထပ်မဆုတ်နိုင်တော့ချေ။
အာရန်သည် သူမအား နောက်သို့ တွန်းထုတ်ကာ သူ့အား တိုက်ခိုက်ရန် ကျိုးစားလာမည့် အယ်လီနာအား အကွာအဝေးတစ်ခု ဖန်တီးရန် ကြိုးစားလိုက်သည်။
သို့သော် ထိုသို့ ပြုလုပ်ရန် ပြင်လိုက်စဥ်မှာပင် မျက်နှာပေါ်သို့ ကျဆင်းလာသော အယ်လီနာ၏ မျက်ရည်စများကြောင့် အာရန်သည် အနည်းငယ်မျှပင် ရွေ့လျားနိုင်ခြင်းမရှိတော့ချေ။
ဤအချိန်၌ သူမသည် သူ့အား သတ်ရန်ကျိုးစားချင်နေသော အမျိုးသမီးတစ်ဦးနှင့် မတူတော့ပေ။
သူမသည် မတရား အနိုင်ကျင့်ခံနေရသော ကလေးငယ်တစ်ဦးနှင့် ပို၍တူနေခဲ့၏။
သို့သော် သူမ၏ စိုစွတ်နေသော မျက်ဝန်းများသည် ယခင်ထက် များစွာပို၍ ဆွဲဆောင်မှု ရှိနေသည့် အာရန်တစ်ယောက်တွေးမိလိုက်သည်။
ထိုစဥ်မှာပင် ပတ်ဝန်းကျင်ရှိ အချိန်သည် လုံးဝရပ်တန့်သွားသကဲ့သို့ ၎င်းတို့ နှစ်ဦးစလုံးသည်လည်း ထိုပုံစံအတိုင်း ဆက်လက် ရှိနေခဲ့ရာ မည်သူမျှ ပုံစံပြောင်းရန်မကျိုးစားမိကြတော့ပေ။
နောက်ဆုံး အယ်လီနာတစ်ယောက် အသက်ရှူကြပ်သလို ခံစားလာရသော အခါမှသာ သူမ၏ နှုတ်ခမ်းသည် အာရန်၏ နှုတ်ခမ်းဆီမှ လွတ်မြောက်မှု မရှိသေးကြောင်း သတိရလိုက်သည်။
သူမသည် ချက်ချင်း နောက်သို့ ပြန်ဆုတ်ကာ အသက်ကို ခပ်ပြင်းပြင်း ရှူသွင်းလိုက်မိသည်။
“ရင်..ရှင်...”
အယ်လီနာသည် သူမ၏ ခွန်အားများကို ပြန်လည် စုစည်းရန်ကျိုး စားလိုက်သည့်အချိန်မှာပင် သူမ၏ မျက်နှာသည် နီရဲတွက်နေခဲ့၏။
အာရန်သည်လည်း သူမအနေနှင့် သူ့အား ပြန်လည်တိုက်ခိုက်ရန် ပြင်ဆင်နေသည်ကို သတိပြုမိလိုက်သည်။
ထို့ကြောင့် အလျှင်အမြန်ပင် အယ်လီနာ၏ လက်ကို ပြန်လည် ဖမ်းဆုပ်ထားလိုက်ကာ ထိုနေရာတွင်ပင် တားဆီးလိုက်ရသည်။
“ဒါက မတော်တဆပါ။ ကိုယ်မင်းကို မင်းအမေဆီ သွားပြောတော့မှာမို့ အဲ့ဒါကို တားဆီးချင်ယုံသက်သက်ပါပဲ”
အာရန်သည် ဆက်လက် ရှင်းပြရန် ကြိုးစားလိုက်သော်လည်း မိန်းကလေးသည် သူ့စကားများကို အနည်းငယ်မျှပင် နားဝင်ဟန်မရတော့ပေ။
အယ်လီနာသည် သူမ၏ လက်များကို အာရန်လက်မှ ရုန်းကန်နေသော်လည်း အာရန်၏ ခွန်အားကြောင့် မအောင်မြင်ခဲ့ပေ။
ယင်းအစား အာရန်နှင့် ထပ်မံ၍ ထိတွေ့မိသည့်နောက်ပိုင်းတွင် သူမ၏ ခွန်အားများ တစ်ဖန်ပြန်၍ အားနည်းသွားနေသကဲ့သို့ ခံစားလိုက်ရသည်။
သူမအနေဖြင့် အာရုံကို မည်မျှ စုစည်းရန် ကြိုးစားစေကာမူ အမျိုးအမည်မသိသည့် ခံစားချက်တစ်ခုကြောင့် ပြန်လည်ပျံ့လွင့်သွားရသည်ချည်းသာ ဖြစ်နေ၏။
သူမ၏ ခန္ဓာကိုယ်သည်ပင် အနည်းငယ် ပူနွေးလာသည်ဟု ခံစားလိုက်မိသည်။
ထို့နောက် အယ်လီနာသည် သူမအနေနှင့် အာရန်၏ လက်မှ လွတ်မြောက်ရန် ရုံးမထွက်နိုင်တော့ကြောင်း သဘောပေါက်လိုက်သည်။
ထိုအချိန်မှာပင် လုပ်မိလုပ်ရာ လုပ်လိုက်ချင်စိတ်များ တစ်ဖွားဖွား ပေါ်လာခဲ့ကာ အသဲယားစရာဖြစ်နေသော အာရန်၏ ပခုံးတစ်ဖက်အား အားကုန်ထည့်၍ ကိုက်ချလိုက်လေသည်။