← Chapters

တိတ်တိတ်ပုန်း ချစ်သူများ

Vol. 43 Ch. 625

တိတ်တိတ်ပုန်း ချစ်သူများ

Vol. 43 Ch. 625

“မင်း အရင်ဘဝက ကြွက်မလေးများ ဖြစ်ခဲ့ဖူးတာလား”

အာရန်သည် သူ၏ ပခုံးအား အသဲအသန် ကိုက်ခဲနေသော မိန်းကလေးအား ကြည့်ရင်း မေးလိုက်၏။

အကယ်၍ အာရန်နေရာတွင် အခြားသူတစ်ဦးဦးသာ ဆိုပါလျှင် ၎င်းတို့၏ ပခုံးသားများပေါက်ပြဲသွားမည်မှာ သေခြာသလောက်ရှိနေသော်လည်း အာရန်မှာမူ သူ၏ နဂါး သွေးမျိုးဆက် မည်သည့်ထိခိုက်မှုမျှ မဖြစ်ခဲ့ပေ။

နာကျင်မှု အချို့ကို ခံစားလိုက်ရလည်း ထိခိုက်မိသည်အထိတော့ မဖြစ်ခဲ့ချေ။

“ကိုယ် မင်းကို တားဆီးရုံပဲ ကြိုးစားခဲ့တာပါ၊ ဒါပေမဲ့ မင်းက ကိုယ့်ကိုယ်ပေါ်ကို ပြုတ်ကျလာတာလေ။ ဒီအတွက် မင်း ကိုယ့်ကို အပြစ်တင်ချင်နေတာလား”

အာရန်သည် သူ့အား အရသာရှိသော အသားတုံးတစ်ခုကဲ့သို့ ကိုက်ခဲရန် ကျိုးစားနေသော မိန်းကလေးအား မေးလိုက်၏။

“ပြီးတော့.. ကိုယ့် ပခုံးကို ကိုက်နေတာ ရပ်ပေးလို့ရမလား။ အဲ့ဒါက တကယ်နာတယ်”

အယ်လီနာမှ “အွမ်..”ဟု အသံပြန်ပြုလိုက်ရာ သူ့အား နာကျင်လျှင် ပိုကောင်းသည်ဟု ပြောရန် ကြိုးစားနေသကဲ့သို့ပင်။

အယ်လီနာသည် သူ၏ လက်တွင်းမှ လွတ်မြောက်ရန် ရုန်းကန်နေစဉ်မှာပင် ပို၍ အားပြင်းပြင်းနှင့် ကိုက်လာခဲ့သည်။

“မင်း ကိုယ့်ကို ကိုက်နေတာ မရပ်ရင် ကိုယ် မင်းကို တစ်ခုခု တကယ် လုပ်မိလိမ့်မယ်နော်..”

အာရန်သည် သူ၏ ပခုံးအား မလွှတ်တမ်း ကိုက်ခဲနေသော မိန်းကလေးအား ထပ်မံ၍ သတိပေးလိုက်၏။

“ရှင်”

ထိုစကားကို ကြားတော့မှ အယ်လီနာတစ်ယောက်လည်း အာရန်၏ ပခုံးကို ကိုက်ခဲနေခြင်းအား လွှတ်ပေးလိုက်ပြီး သူ့အား ငေးကြည့်နေလိုက်သည်။

သူမသည် မတရား ပြုကျင့်ခံထားရသဖြင့် ဝမ်းနည်းနေသော ကလေးငယ် တစ်ဦးပမာ မျက်ဝန်းထောင့်များ၌ မျက်ရည်များ စိုစွတ်နေဆဲပင်။

သူမသည် သူမ၏ လက်ကို အာရန်ဆီမှ လွတ်မြောက်ရန် ထပ်မံ၍ ကြိုးစားလိုက်စဥ်မှာပင် အာရန်မှ “မင်း ကိုယ့်ကို ထပ်မတိုက်ခိုက်တော့ပါဘူးလို့ ကတိပေးရင် ကိုယ်ချက်ချင်း လွှတ်ပေးမယ်” ဟု ပြန်ပြောလိုက်သည်။

ဆက်လက်၍ အာရန်သည် အယ်လီနာမှ သူ့အား ထပ်မံ တိုက်ခိုက်ရန် မကျိုးစားတော့ကြောင်း ကတိပေးမည်ဆိုလျှင် အမှန်တကယ်လွှတ်ပေးမည်ဟု ပြောသည်။

သို့သော် အယ်လီနာသည် ထိုကတိကို မပေးလိုခဲ့ပေ။

အထူးသဖြင့် အာရန်မှ သူမအား အစောပိုင်း ပြုလုပ်ခဲ့သည့် အရာအတွက် အပြစ်ပေးခံရသင့်သည်ဟု ယူဆထားသောကြောင့်ပင်။

သူမအနေနှင့် အာရန်အား စိတ်ကျေနပ်အောင် ရိုက်နှက်ခြင်းပင် မပြုရပါဘဲနှင့် ခွင့်လွှတ်ပေးနိုင်မည်မဟုတ်ပေ။

ယခု သူမသည် အနည်းငယ်ပြန်လည် စဥ့်စားဆင်ခြင်နိုင်လာပြီ ဖြစ်ရကာ ဤနေရာသည် သူမ၏ နယ်မြေဖြစ်ကာ သူမ တစ်ယောက်တည်း မဟုတ်ကြောင်း ကို သတိရသွားခဲ့၏။

၎င်းသည် သူမ မိဘများနေထိုင်ရာ စံအိမ်တော်တစ်ခုဖြစ်နေသည့်အပြင် သူမ၏ မိဘများသည်လည်း ဤစံအိမ်အတွင်း၌ ရှိနေကြလေသည်။

ထိုကဲ့သို့ အခြေအနေတွင် သူမအနေဖြင့် လွတ်မြောက်ရန်အတွက် အာရန်၏ ခွင့်ပြုချက်ကို အမှန်တကယ် လိုအပ်ပါ၏လော...။

သူမ၏ မိခင်ကို အကူအညီတောင်းလိုက်ရုံဖြင့် အလွယ်တကူ လွတ်မြောက်နိုင်သည်မဟုတ်ပါလား...။

“မေမေရေ ဒီမှာ သမီးကို ......”

အယ်လီနာသည် သူမ၏ မိခင်ကို အကူအညီတောင်းရန် အသံကုန် ခြစ်ထုတ်၍ အော်ဟစ်လိုက်၏။

“ဟာကွာ”

မိန်းကလေး၏ အော်ဟစ်အကူအညီတောင်းသံကို ကြားလိုက်ရသည်နှင့် အာရန်၏ မျက်နှာအမူအရာများ မှောင်မိုက်သွားခဲ့သည်။

အကယ်၍ သူမ၏ မိခင်သာ ဤနေရာသို့ ရောက်လာပြီး အခြေအနေများကို နားလည်မှု လွဲသွားခဲ့ပါက သူ မည်သို့ ရှင်းပြရမည်ကိုပင် မသိတော့ချေ။

ထိုသို့စဥ့်စားမိလိုက်သဖြင့် အာရန်သည် ရုတ်တရက် ပူထူသွားကာ စိတ်ထဲတွင် ဘာမျှ မရှိတော့ဘဲ လုပ်မိလုပ်ရာတစ်ခုကို ကောက်၍လုပ်လိုက်မိလေသည်။

အာရန်သည် သူ၏ လက်များမှာ အယ်လီနာအား ဖမ်းချုပ်ထားရသောကြောင့် အားမနေသဖြင့် သူမ၏ ပါးစပ်ကို ပိတ်ရန် သူ၏ နှုတ်ခမ်းများကိုသာ အသုံးပြုလိုက်ရသည်။

“အွမ့်...”

အယ်လီနာ၏ မျက်ဝန်းများသည် တစ်ဖန် မယုံနိုင်လောက်အောင် ပြူးကျယ်သွားခဲ့ရပြန်သည်။

သူမသည် ဦးခေါင်းအား နောက်ပြန်ရုံးရန် ကြိုးစားလိုက်သော်လည်း သူမ၏ နှုတ်ခမ်းများသည် အာရန်၏ နှုတ်ခမ်းဆီမှ ခွဲထုတ်၍မရခဲ့ချေ။

ထိုအချိန်မှာပင် အာရန် စိုးရိမ်နေခဲ့သကဲ့သို့ အယ်လီနာ၏ မိဘများသည် တစ်စုံတစ်ရာကို ကြားသွားခဲ့သည်။

လိုက်ဆန်ဒါက ထရီဆာအားကြည့်ရင်း ...

“မင်း ကြားလိုက်လား။ အဲဒါ သမီးရဲ့ အသံနဲ့ တူတယ်” ဟု မေးလိုက်၏။

“အွန် ကျွန်မလဲ ကြားလိုက်တယ်”

ထို့နောက် ထရီဆာသည် ပြတင်းပေါက်နားသို့ ချဉ်းကပ်သွားခဲ့သည်။

သူမသည် အပြင်ဘက်ကို လှမ်းကြည့်လိုက်ကာ ထိုဆူညံသံအချို့ ထွက်ပေါ်လာရာအရပ်သို့ အာရုံပြုလိုက်သည်။

အာရန်သည် သူနှင့် အယ်လီနာတို့ ဖြစ်ပျက်နေသည့်အရာများကို သာမန်လူများ မမြင်နိုင်အောင် အကာအကွယ်လွှာတစ်ခုကို ဖန်တီးထားခဲ့သော်လည်း ထိုအကာအကွယ်လွှာသည် အယ်လီနာ၏ မိခင်ရှေ့တွင်မူ လုံးဝနီးပါး အသုံးမဝင်ခဲ့ချေ။

“ဒီကလေးတွေကတော့...”

အာရန်တစ်ယောက် ဥယျာဥ်အတွင်းရှိ မြက်ခင်းပြင်ပေါ်၌ ပက်လက်လဲကျနေစဥ် သူမ၏ သမီးဖြစ်သူမှာမူ အာရန်၏ အပေါ်၌ ခန္ဓာကိုယ်ချင်းထပ်ကာ အနမ်းမိုးများ ရွာသွန်းဖြိုးနေကြသည့် မြင်ကွင်းအား မြင်တွေ့လိုက်ရသဖြင့် ထရီဆာ ကိုယ်တိုင်သည်ပင် မျက်နှာတစ်ခုလုံး နီမြန်းသွားခဲ့ရသည်။

၎င်းတို့သည် စိတ်အားထက်သန်စွာဖြင့် အနမ်းချင်းဖလှည်နေကြသည့် ပုံပင်။

ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ထရီဆာကဲ့သို့ မိခင်တစ်ဦး ကိုယ်တိုင်သည်ပင် ရှက်ရွံ့သွားခဲ့ရကာ လူငယ်များအား အနှောင့်အယှက် မပေးလိုတော့သောကြောင့် ထိုနေရာမှ လှည့်ထွက်လာခဲ့လိုက်၏။

“ဒီကောင်စုတ်လေးနှယ်... သူက င့ါသမီးရဲ့ နှလုံးသားကို အနိုင်ရဖို့ ကြိုးစားနေတုန်းပဲလို့ ငါ ထင်ခဲ့မိတာ။ သူတို့က ဒီအဆင့်တောင် ‌‌ရောက်နေကြပြီကိုး။ သူတို့ နှစ်ယောက်စလုံးက သူတို့ရဲ့ ဆက်ဆံရေးကို တော်တော်ကောင်းကောင်း ဖုံးကွယ်ထားနိုင်ခဲ့ကြတာပဲ”

ထရီဆာသည် သူမ၏ နဖူးကို ပြန်လည်ပွတ်သပ်လိုက်သော်လည်း သူမ၏ နှုတ်ခမ်းထက်တွင်မူ အပြုံးတစ်ခု ရှိနေဆဲပင်။

“မင်း ဘာတွေ မြင်လိုက်လို့ပြုံးနေတာလဲ”

လိုက်ဆန်ဒါသည် သူ၏ ဇနီးဆီမှ ထူးဆန်းသော တုံ့ပြန်မှုကို မြင်လိုက်ရသဖြင့် ပို၍ပင် စပ်စုချင်လာခဲ့၏။

“ဘာမှ မဟုတ်ပါဘူး။ ကလေးတွေ ရင်းရင်းနှီးနှီး ဆော့ကစား နေကြတာသဘောကျလို့ပါ။ သူတို့ကို နင် အနှောင့်အယှက်သွားပေးဖို့ မစဥ့်စားနဲ့”

ထရီဆာသည် လိုက်ဆန်ဒါအား အပြင်ဘက်သို့ ချောင်းကြည့်ခြင်းမှ တားဆီးရန် သူမ၏ နတ်ဘုရား အာရုံကို အသုံးပြုပြီး အခန်းပတ်လည်တွင် အကာအကွယ်လွှာတစ်ခုကို ထပ်မံ၍ ဖန်တီးလိုက်သည်။

အာရန်နှင့် သူမ၏ သမီးသည် ၎င်းတို့၏ ဆက်ဆံရေးအား မိဘများထံမှ လျှို့ဝှက်ထားလိုခြင်းသည် ၎င်းတို့ ရှက်ရွံ့နေကြ၍ ဖြစ်မည်ဟု ထရီဆာတစ်ယောက် ကြိတ်၍ သဘောပေါက်လိုက်သည်။

ထို့ကြောင့် ၎င်းတို့နှစ်ဦးအနေဖြင့် ပွင့်ပွင့်လင်းလင်း ဖွင့်ပြောလာရန် လုံလောက်သော ယုံကြည်မှု မရှိမချင်း ၎င်းတို့၏ ဆက်ဆံရေးအကြောင်း သူမအနေနှင့် မသိသလိုသာ ဆက်လက်ဟန်ဆောင်ပေးမည်ဟု ဆုံးဖြတ်လိုက်သည်။

ထရီဆာမှ ထိုကဲ့သို့ ယူဆ၍ ကျေနပ်သွားချိန်တွင် အပြင်ဘက်ရှိ အာရန်မှာမူ သူမသိမည်စိုးသဖြင့် ကြံမိကြံရာ ကြံစည်မိခဲ့ခြင်းဖြစ်လေသည်။

အမှန်တကယ်တွင်မူ အာရန်သည် ထိုအချိန်၌ မည်သည့်အရာကိုမျှ စဉ်းစားရန် အခွင့်အရေး မရရှိခဲ့ပေ။

အချိန်အတော်ကြာပြီးနောက် အာရန်သည် အယ်လီနာ၏ နှုတ်ခမ်းများအား နမ်းရှိုက်နေခြင်းအား ရပ်တန့်လိုက်သည်။

“ကျေးဇူးပြုပြီး ဆက်မအော်နဲ့တော့နော် ကိုယ်တောင်းပန်ပါတယ်။ ဒီနားလည်မှုလွဲတာသာ ဒီနေရာမှာ မရပ်သွားဘူးဆိုရင် ကိုယ်တကယ်ကြီး ဒုက္ခရောက်လိမ့်မယ်” ဟု အာရန်မှ အယ်လီနာအား အသနားခံသည့် အကြည့်ဖြင် ပြောလိုက်၏။

အယ်လီနာမှာမူ အာရန်ဆီမှ သူမ၏ နှုတ်ခမ်းများ လွတ်မြောက်သွားသည်နှင့် သူမ၏ ရင်ခုန်သံများ ပုံမှန်အတိုင်း ပြန်ဖြစ်သွားရန် အသဲအသန် ပြန်လည်ကျိုးစား လိုက်ရသည်။

အယ်လီနာသည် ထိုနေရာမှာပင် ကျောက်ရုတ်တစ်ရုပ်အလား ‌အေးစက်တောင့်တင်းကာ အာရန်အား ငူငူကြီးစိုက်ကြည့်နေမိ၏။

ထိုစဥ် သူမ၏ ကိုက်ခဲမှုကြောင့် သွေးအနည်းငယ်စို့လျက်ရှိနေသော အာရန်၏ နှုတ်ခမ်းတစ်စုံအား သတိထားမိလိုက်လေသည်။

ထိုစဥ် အာရန်၏ နှုတ်ခမ်းဆီမှ အငွေ့အသက်အချို့သည်လည်း သူမ၏ နှုတ်ခမ်းထက်တွင် လက်ဆတ်နေဆဲဖြစ်လေ၏။

“ကိုယ့်အနေနဲ့ ကမ္ဘာမြေကို မပြန်နိုင်ဘူးလို့ မင်းကို ပြောခဲ့တာက ပြန်ဖို့ နည်းလမ်းမရှာနိုင်လို့ မဟုတ်ဘူး။ အခုဆိုရင် ကိုယ်ဟာ အတော်လေး ခွန်အားကြီးလာပြီဖြစ်တယ်။ အဲ့ဒါကြောင့် အားနည်းတဲ့ ကမ္ဘာမြေကို ပြန်သွားခဲ့မယ်ဆိုရင် အဲ့ကမ္ဘာက ဥပဒေသတွေ ဖောက်ပြန်ကုန်ပြီး ကမ္ဘာမြေတစ်ခုလုံးပါ ပျက်စီးသွားနိုင်တယ်။ ပြီးတော့ တကယ်လို့ ကိုယ်အဲ့ဒီကို သွားလို့ရခဲ့မယ် ထားဦးတော့။ အဲ့ဒီ အားနည်းတဲ့ ကမ္ဘာမြေကလူတွေက ကိုယ့်ကို ဘီလူးသရဲ တစ်ကောင်လို ဝိုင်းပြီး ဆက်ဆံကြမှာပဲလေ”

အာရန်သည် သူ့အနေနှင့် ကမ္ဘာမြေကို အဘယ်ကြောင့် မပြန်နိုင်တော့ကြောင်း အကောင်းဆုံး ဖြစ်သည့် ဖြေရှင်းချက်များပေးနိုင်ရန် အသဲအသန်စဥ့်စားလိုက်ရသည်။

အာရန်ပြောသည့်အရာများထဲမှ အများစုမှာ လုံးဝ အလိမ်အညာများ ဖြစ်သော်လည်း သူမ အနေနှင့် ရိပ်မိနိုင်မည်တော့မဟုတ်ပေ။

“ကိုယ် အစကတည်းက မလုပ်ချင်ခဲ့တဲ့ ကိစ္စတစ်ခုအတွက် မင်း မိဘတွေကို တကယ်ပဲ ဒုက္ခမပေးချင်ပါဘူး ဒါကြောင့် ကိုယ် မင်းကို တားဖို့ ကြိုးစားခဲ့တာ။ ဒါပေမဲ့ ပြန်စဥ့်စားကြည့်ပါဦး အဲ့ဒီအချိန်က မင်းကိုယ်တိုင်ပဲ ဟန်ချက်ပျက်ပြီး ကိုယ့်ကိုယ်ပေါ်ကို လဲကျသွားခဲ့တာမဟုတ်ဘူးလား”

အာရန်သည် ထုံးစံအတိုင်း အမှန်တရားကို လိမ်လည်မှုအချို့နှင့် ရောနှောကာ ယုတ္တိရှိသည့်ဆင်ခြေတစ်ခုကို ဖန်တီးပေးလိုက်သည်။

သူ၏ဆိုလိုရင်းတွင် လိမ်ညာမှု အချို့ပါဝင်နေသော်လည်း မတော်တဆဖြစ်သွားမှုမှာမူ လုံးဝ မှန်ကန်နေသည် မဟုတ်ပါလား....။

သို့သော် ထိုနောက်ပိုင်း ဖြစ်ပျက်ခဲ့သည့် အရာအားလုံးကမူ အမှန်တကယ် ခေါင်းခဲစေသော ပြဿနာများ ဖြစ်ကြလေသည်။

“အဲဒါဆို အဲ့ဒီနောက်ပိုင်း ရှင်...”

အယ်လီနာသည် သူမ၏ စကားကို တစ်ဝက်တစ်ပြတ်နှင့်ဖြတ်ကာ အာရန်အား စိုက်ကြည့်နေခဲ့သည်။

သူမ၏ မျက်နှာသည် လုံးဝ နီမြန်းနေခဲ့ကာ အာရန်သည် ၎င်းအား ရှက်ရွံ့မှုကြောင့်ထက် ဒေါသထွက်မှုကြောင့်သာဖြစ်ရမည်ဟု တွေးမိလိုက်သည်။

“မင်း ကိုယ့်စကားကို နားထောင်ပြီး ငါ့ကို မတိုက်ခိုက်တော့ဘူးလို့ ကတိပေးရင် ကိုယ် မင်းကို လွှတ်ပေးမယ်လို့ ပြောခဲ့တယ်။ ဒါပေမဲ့ မင်းက အဲ့ဒီစကားကိုနားမထောင်ပဲ ရုတ်တရက် အဲ့လိုလှမ်း အော်လိုက်တော့ မင်းအမေသာ ကိုယ်တို့ ဒီပုံစံကို မြင်သွားရင် ကိုယ်ဘယ်လိုရှင်းပြရမလဲ။ အဲ့လိုဆို ကိုယ်တကယ် သေပြီလေ”

“အဲ့လိုအခြေအနေမှာ မင်းရဲ့ ပါးစပ်ကိုပိတ်ပစ်ဖို့ဆိုရင် နမ်းဖို့ကလွဲပြီး အခြားရွေးချယ်စရာ မရှိတော့ဘူးလေ” ဟု အာရန်မှ ပြန်လည်ရှင်းပြလိုက်သည်။

ထိုသို့ရှင်းပြပြီးနောက် အာရန်၏ အကြည့်သည် သူမ၏ နှုတ်ခမ်းများပေါ်သို့ မသိမသာရောက်ရှိသွားခဲ့သည်။

“ကိုယ် မင်းကို အရာအားလုံး ရှင်းပြပြီးပြီဆိုတော့ ခုမင်းကို လွှတ်ပေးတော့မယ်။ ခုလိုရှင်းပြပြီးတာတောင်မှ ကိုယ့်ကို မှားနေသေးတယ်လို့ ယူဆရင်တော့ မင်း မိဘတွေကို ဒီကို ခေါ်လာခဲ့လို့ရတယ်။ ဒါမှမဟုတ်ရင် မင်း ကိုယ်တိုင် ကိုယ့်ကို သတ်လိုက်လို့လဲရတယ်။ ဒီတစ်ခါ ကိုယ်တကယ် မခုခံတော့ဘူး”

အာရန်သည် အယ်လီနာ၏ လက်ကလေးများကို ပြန်လည်လွှတ်ပေးလိုက်ပြီး ထပ်မံ၍ မခုခံတော့ပဲ သူမပေးလာမည့် အပြစ်ကို ကျေကျေနပ်နပ်ကြီး လက်ခံမည်ဟု ပြောလိုက်၏။

သို့သော် အတွင်းစိတ်၌မူ အာရန်သည် သူ့ကိုယ်သူ သေခြင်းကို အမှန်တကယ် လက်ခံနိုင်မည် မဟုတ်ကြောင်း နားလည်ထားလေသည်။

ထိုသို့ အယ်လီနာ၏ လက်ကလေးများအား လွှတ်ပေးလိုက်ပြီးနောက်တွင်ပင် နောက်ထပ် စက္ကန့်အနည်းငယ် ကြာသည်အထိ သူမသည် ထရပ်လိုက်ခြင်း မရှိခဲ့ပေ။

အယ်လီနာ၏ မျက်ဝန်းများတွင် မျက်ရည်များ ရစ်ဝဲနေဆဲဖြစ်ကာ အာရန်အား အဓိပ္ပါယ်ဖော်ရန်ခက်သော အကြည့်တစ်မျိုးဖြင့် စိုက်ကြည့်နေခဲ့သည်။

အယ်လီနာတစ်ယောက်ထိုကဲ့သို့ အတွေးများနေစဥ်အချိန်တွင် အာရန်မှာမူ သူမ၏ လတ်ဆတ်သော ကိုယ်သင်းရနံ့အား တဝကြီး ရှူရှိုက်ခွင့်ရလိုက်လေ၏။

All Chapters