← Chapters

ငါဘာမှမသိဘူး

Vol. 43 Ch. 626

ငါဘာမှမသိဘူး

Vol. 43 Ch. 626

အာရန်သည် အယ်လီနာ၏ မျက်လုံးများကို စိုက်ကြည့်ရင်း သူမ အဘယ်ကြောင့် ဘာမှ မပြောသည်ကို တွေးနေမိသည်။

သူမသည် တုံ့ပြန်ရန်ပင် မေ့လျော့နေသည်အထိ အံ့အားသင့်သွားဆဲမို့လား။

အာရန်သည် သူမ၏ နဖူးရှိ ဆံနွယ်လေးများကို နားသယ်စပ်နားသို့ ညင်သာစွာ သပ်ပေးလိုက်၏။

“ဒီ နားလည်မှုလွဲတာတွေကို မင်းအနေနဲ့ မေ့ပစ်နိုင်မယ်လို့ ကိုယ် တကယ်ပဲ မျှော်လင့်မိပါတယ်။ ဘာလို့လဲဆိုတော့ ကိုယ့်အနေနဲ့ မင်းအပေါ် မကောင်းတဲ့ ရည်ရွယ်ချက်ဆိုလို့ မြူတစ်မှုန်တောင် မရှိခဲ့လို့ပါ”

အာရန်သည် ထိုသို့ပြောလိုက်ပြီးနောက ပင်ပန်းနွမ်းနယ်သွားဟန်ဖြင့် သက်ပြင်းတစ်ချက် ချလိုက်မိသည်။

အယ်လီနာ၏ မျက်နှာသည် အာရန်၏ မျက်နှာနှင့် လွန်စွာ နီးကပ်နေသဖြင့် အာရန်တစ်ယောက် သက်ပြင်းချလိုက်မိသောအခါ သူ၏ နှာခေါင်းဝမှ လွင့်ထွက်သွားသော နွေးထွေးသည့် လေပူအချို့မှာ အယ်လီနာ၏ မျက်နှာအားရိုက်ခပ်သွားချိန်မှသာ သူမသည် သတိပြန်ဝင်လာခဲ့၏။

သူမ၏ လက်များ လွတ်မြောက်သွားပြီးဖြစ်ကာ သူမအနေနှင့် အမှန်တကယ် လွတ်လပ်သွားပြီးဖြစ်ကြောင်း သတိပြုမိလိုက်သည်။

နောက်ဆုံးတွင်မူ သူမသည် အာရန်နှင့် အကွာအဝေးတစ်ခုကို ဖန်တီးလိုက်နိုင်ကာ လျင်မြန်စွာ နောက်သို့ ခုန်ဆုတ်လိုက်သည်။

ထို့နောက် အာရန်၏ အနံ့အသက်အချို့ကို ပျက်ပျယ်သွားစေရန် သူမ၏ လက်ချောင်းများဖြင့် နှုတ်ခမ်းများအား ပြန်လည်သုတ်ပစ်လိုက်၏။

အာရန်သည်လည်း ခန္ဓာကိုယ်အား ပြန်ပြင်လိုက်လိုက်ပြီး သူမမည်သို့ ဆက်လုပ်မည်ကို စိုးရိမ်စွာဖြင့် စောင့်မျှော်နေခဲ့သည်။

အယ်လီနာတစ်ယောက် သူ့အား သတ်ရန် ရည်ရွယ်ချက်ဖြင့် ပြန်လည် တိုက်ခိုက်တော့မည်လား။

သို့မဟုတ် သူ့အား ခွင့်လွှတ်ပေးမည်လား။ ထိုသို့ ဖြစ်ပါစေဟုတော့ အမှန်တကယ် မျှော်လင့်မိခဲ့သည်။

ထိုစဥ် အယ်လီနာမှ မည်သည့်တုံ့ပြန်မှုမှ မပြုဘဲ နောက်ပြန်လှည့်ကာ ပြေးထွက်သွားသောအခါတွင်မူ အာရန်တစ်ယောက် ဘာဆက်လုပ်ရမှန်း မသိဖြစ်သွားခဲ့ရသည်။

သူမသည် တတိယ ရွေးချယ်မှုကို ရွေးချယ်သွားခဲ့ခြင်းဖြစ်ကာ သူမ မိဘများရှိရာ စံအိမ်ဘက်သို့ ပြေးသွားခဲ့ခြင်းဖြစ်လေသည်။

“သူမက သူမ အမေကို အရာအားလုံး သွားတိုင်ပြောတော့မှာလား”

အာရန်သည် ထွက်ပြေးသွားသော မိန်းမလှလေးအား ငေးကြည့်နေရင်း တဖြည်းဖြည်း ပိုမို၍ ထိတ်လန့်လာခဲ့သည်။

ထိုအချိန်တွင် အာရန်အနေဖြင့် လျင်မြန်စွာ ပြေးလိုက်မည်ဆိုပါက သူမအား တားဆီးနိုင်မည်မှာမှန်သော်လည်း ဆက်လက်ဖြစ်လာမည့် အရာများသည် ပို၍သာဆိုးသွားပေလိမ့်မည်။

သူသည် အစောပိုင်း နားလည်မှုလွဲခြင်းအတွက် လုံလောက်သော အကြောင်းပြချက်များ ပေးခဲ့ပြီးဖြစ်၏။

နောက်တစ်ခေါက်ထပ်မံ လုပ်‌ဆောင်ပါက မည်သည့် ရှင်းပြချက်ကမျှ သူ၏ လုပ်ရပ်အား ကယ်တင်နိုင်တော့မည်မဟုတ်ပေ။

ထို့နောက်အာရန်သည် ထရပ်လိုက်ကာ သူ၏ ဦးခေါင်းအား ပြန်ကုတ်လိုက်မိသည်။

အယ်လီနာအား ရှင်းပြခြင်းက အသုံးမဝင်သောကြောင့် သူ၏ ယောက္ခမအားသာ ရှင်းပြရန် ကြိုးစားနိုင်မည်ဖြစ်သည်။

“ယောက္ခမက ငါရှင်း ရှင်းပြတာကို နားထောင်ဖို့ အခွင့်အရေး ပေးပြီး ငါ့ကို လုံးဝ မသတ်ပစ်ပါစေနဲ့လို့ မျှော်လင့်ရတော့မယ်။ မဟုတ်ရင် ငါ ရထားတဲ့ အသက်အပိုလေးတစ်ချောင်းကို သုံးရမယ့်နေ့ တကယ်ပဲ ရောက်သွားလိမ့်မယ်”

အာရနန်သည် သူ၏ ဦးခေါင်းကို ထပ်မံ၍ ကုတ်ခြစ်လိုက်၏။

သူ့အတွက် ထိုအသက်အပိုကို အသုံးပြုရမည်ဆိုပါက ကြီးမားသော ဆုံးရှုံးမှုတစ်ခု ဖြစ်သွားပေလိမ့်မည်။

အာရန်သည် ၎င်းဆုလာဒ်အား အနာဂတ်တွင် ကြောက်မက်ဖွယ် ရန်သူအချို့နှင့် ရင်ဆိုင်ရသည့်အခါမှသာ ၎င်းကို အသုံးပြုရန် မျှော်လင့်ထားခဲ့ခြင်းဖြစ်သည်။

သူ၏ ယောက္ခမလောင်းမှ ဒေါသထွက်၍ ရိုက်သတ်ခြင်းကြောင့် ထို အသက်အပိုတစ်ချောင်း ဆုံးရှုံးသွားရမည်ဆိုပါက သူ့အတွက် ကြီးမားသော အရှုံးတစ်ခုပင် ဖြစ်သွားပေလိမ့်မည်။

“ငါ့အနေနဲ့ စက္ကန့်အနည်းငယ်လောက် ခံတိုက်နိုင်လောက်လား” အာရန်သည် သူ၏ အချက်အလက်ပြ မျက်နှာပြင်ကို ကြည့်ရင်း တွေးလိုက်သည်။

အာရန်သည် ကျွမ်းကျင်မှုရမှတ်များ အတော်အတန်များ စုဆောင်းထားနိုင်ပြီ ဖြစ်သော်လည်း ထရီဆာ၏ ကြောက်မက်ဖွယ် စွမ်းအားများကို တွေးလိုက်သောအခါ ထိုအကြံအစည်ကို ချက်ချင်းပင် လက်လျော့လိုက်မိသည်။

အကယ်၍ ထရီဆာနှင့်သာ တိုက်ပွဲတစ်ခု အမှန်တကယ် ဆင်နွှဲရမည်ဆိုလျှင် သူ့အတွက် အသက်ရှင်ရန် တစ်ခုတည်းသော အခွင့်အရေးမှာ ထာဝရ ပဲ့တင်သံအစွမ်းသာဖြစ်လေသည်။

သို့သော်လည်း ၎င်းသည်ပင် သူ၏ ကံပေါ်တွင် မူတည်နေလေသည်။

“မတတ်နိုင်ဘူး တကယ်လို့ သူမက ငါရှင်းပြတာတွေကို နားမထောင်တော့ဘဲ ငါ့ရဲ့ အသက်အပိုလေးကို ထုတ်သုံးရလိမ့်မည်ဆိုရင်တော့ ဒါက နောက်ဆုံး ရွေးချယ်မှု တစ်ခု ဖြစ်လာလိမ့်မယ်”

အာရန်သည် သူ၏ စနစ်သိုလှောင်ခန်းကို ဖွင့်လိုက်ပြီး ကံကြမ္မာ ဆေးရည်ကို အလယ်ဗဟိုတွင် အလွယ်တကူ ထုတ်ယူနိုင်ရန် စီစဉ်ထားလိုက်သည်။

“ငါ့အနေနဲ့ ထာဝရ ပဲ့တင်သံအစွမ်းကို အသုံးမပြုခင် ကံကောင်းခြင်း ဆေးရည်ကို သုံးထားမှရလိမ့်မယ်။ ဒါက ငါ့ရဲ့ အနာဂတ် စိတ်ဝိညာဥ်ကို ဆင့်ခေါ်မိဖို့ အခွင့်အရေးကို ပိုပြီး တိုးမြှင့်ပေးလိမ့်မယ်”

ထို့နောက် အာရန်သည် အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး ထရီဆာတစ်ယောက် သူ့ထံသို့ ရောက်လာမည့်အချိန်ကိုသာ စောင့်ဆိုင်းနေလိုက်သည်။

ဆယ်မိနစ်ခန့် ကြာပြီးသည်အထိပင် အာရန်သည် မလွဲမသွေ ရင်ဆိုင်ရတော့မည့် အရာအတွက် စောင့်ဆိုင်းရင်း ငြိမ်သက်စွာ ရပ်နေခဲ့၏။

သို့သော် ထူးဆန်းသော အရာ တစ်ခုမျှ မဖြစ်ပေါ်ခဲ့ပေ။

ထရီဆာသာမက လိုက်ဆန်ဒါပင် သူ့ထံသို့ ရောက်မလာခဲ့ချေ။

“တစ်ခုခုတော့ မှားနေပြီထင်တယ်”

ထိုသို့တွေးလိုက်မိသောအခါ အာရန်သည် စံအိမ်ဘက်သို့ အနည်းငယ် အကဲခတ်ကြည့်လိုက်သည်။

“ဒီလောက် အချိန်ထိဆို သူတို့ အယ်လီနာဆီက သတင်းရဖို့ လုံလောက်နေသင့်ပြီ။ ဘာလို့ ဒီချိန်ထိ တိတ်ဆိတ်နေရတာလဲ”

အာရန်သည် အယ်လီနာ၏ မိဘများ စံအိမ်ကို ဖျက်ဆီးပစ်ရင်း ဒေါသတကြီး စံအိမ်ထဲမှ ထွက်လာလိမ့်မည်ဟုပင် တွေးထားခဲ့သည်။

သို့သော် သူ့ဆီ အမှန်တကယ် ရောက်လာသည်မှာ ညင်သာစွာ တိုက်ခတ်နေသော လေပြေ လေညှင်း ကလေးများသာ ဖြစ်လေ၏။

ထိုကဲ့သို့ စောင့်ဆိုင်းရခြင်းသည် နတ်ဘုရားကဲ့သို့သော ဖြစ်တည်မှုများနှင့် တိုက်ရိုက် ရင်ဆိုင် တိုက်ခိုက်ရခြင်းထက်ပင် ပို၍ ဆိုးဝါးသေးသည်ဟု အာရန်တစ်ယောက် တွေးမိလိုက်သည်။

ထို့နောက် သည်းမခံနိုင်တော့သည့် အဆုံးတွင် အာရန်တစ်ယောက် ကိုယ် ကိုယ်တိုင် အခြေအနေများကို သွားရောက်စစ်ဆေးရန် ဆုံးဖြတ်လိုက်ပြီး စံအိမ်အတွင်းသို့ ဝင်သွားလိုက်၏။

အာရန်တစ်ယောက် စံအိမ်အတွင်းသို့ ဝင်လိုက်ကာ လိုက်ဆန်ဒါနှင့် ထရီဆာတို့အား ရှာဖွေရန် သူ၏ ကောင်းချီးစွမ်းအင်များကို အသုံးပြု၍ ရှာရန်ဟန်ပြင်လိုက်စဥ်မှာပင် သူ၏ နောက်ဘက်၌ တစ်စုံတစ်ဦးရောက်ရှိနေသည်ကို ခံစားမိလိုက်သဖြင့် မျက်နှာတစ်ခုလုံး ဖြူဖျော့သွားခဲ့ရသည်။

“ဒေါ်လေးလား”

အာရန်တစ်ယောက် နောက်သို့ လှည့်ကြည့်လိုက်သောအခါ သူ၏ နောက်တွင် ယောက္ခမလောင်းကြီး ထရီဆာတစ်ယောက် သူအား ရပ်လျက်စိုက်ကြည့်နေသည်ကို တွေ့လိုက်ရ၏။

သို့သော် သူ မျှော်လင့်ထားခဲ့သကဲ့သို့ ဒေါသထွက်နေသည့် အမူအရာများကိုမူ မတွေ့ခဲ့ရပေ။

ယင်းအစား သူမ၏ နှုတ်ခမ်းထက်တွင် ထူးဆန်းသည့် အပြုံးတစ်ခု ရှိနေခဲ့၏။

“ငါ ဘာမှ မမြင်လိုက်ဘူးနော် ။ ဒါကြောင့် မင်းတို့ စိတ်ပူစရာ မလိုဘူး။ မင်းတို့ နှစ်ယောက် ကိုယ်တိုင် ပြောပြဖို့ အဆင်သင့် မဖြစ်မချင်း ငါ ဘာမှ မသိထားဘူး”

ထရီဆာသည် အာရန်၏ အံ့အားသင့်နေသော အမူအရာအား သဘောကျသွားဟန်ဖြင့် သူမ၏ ပါးစပ်ကို လက်ဖြင့် အုပ်ကာ ခိုးခိုးခစ်ခစ် ရယ်မောနေလိုက်သည်။

သူမသည် အာရန်၏ ဆံပင်များကို ကလေးတစ်ဦးသဖွယ် ဖွလိုက်ပြီး နောက်ထိုနေရာမှ ထွက်ခွာသွားတော့သည်။

သူမ၏ ရယ်သံအချို့သည်သာ ခန်းမတစ်လျှောက် ပဲ့တင်ထပ်၍ ကျန်ရစ်ခဲ့လေ၏။

“ဘာတွေ ဖြစ်သွားတာလဲ”

အာရန်သည် ထရီဆာတစ်ယောက် သူ၏ မြင်ကွင်းမှ ပျောက်ကွယ်သွားသည်ကို ငေးကြည့်ရင်း ရေရွတ်လိုက်သည်။

ထိုအမျိုးသမီးသည် သူ မျှော်လင့်ခဲ့သလို သူ့အား ဒေါသထွက်ခြင်း အလျင်းမရှိသည့်အပြင် သူ့အပေါ် ပို၍ပင် သဘောကျသွားပုံရလေသည်။

‘ဒီ မိသားစုမှာ ဘာတွေများ မှားယွင်းနေတာလဲ’

လူတိုင်းက သူ့အား ပြဇာတ်တစ်ခု ဝိုင်း၍ ကပြနေကြသကဲ့သို့ ခံစားနေရသဖြင့် အာရန်သည် အကျယ်ကြီး အော်ဟစ်ပစ်ချင်နေခဲ့၏။

ဤသို့ဖြင့် အာရန်သည် စံအိမ်အတွင်းသို့ ဝင်ရောက်သွားခဲ့ကာ လိုက်ဆန်ဒါအား နောက်ဆုံးတွင် ရှာတွေ့ခဲ့သော်လည်း သူ့အား သတ်ရန်မူ မကြိုးစားခဲ့ပေ။

အရာအားလုံးသည် ပုံမှန်အတိုင်း ဖြစ်နေခဲ့လေသည်။

၎င်းတို့သည် သူ့အား ဖြေရှင်းချက်တစ်စုံတစ်ရာပင် မတောင်းခဲ့ကြပေ။

‘သူတို့က ငါ အဲဒီအခြေအနေမှာ အကူအညီမဲ့နေတာကို သိနေပြီးသား ဖြစ်နေလို့များလား။ ဒါမမဟုတ် သတိမထားမိသေးလို့လား’

ဤသို့ဖြင့် အာရန်တစ်ယောက် စင်္ကြံလမ်းတစ်လျှောက် လမ်းလျှောက်လာရင်း ဖြစ်နိုင်ခြေများကို အတွေးပွားလျက်ရှိ၏။

၎င်းတို့၏ တုံ့ပြန်မှုအပေါ် အခြေခံ၍ ဒုတိယ ဖြစ်နိုင်ခြေသည် ပို၍ ဖြစ်နိုင်ပုံရသော်လည်း ၎င်းသည် သူ့အား ပို၍ပင် ရှုပ်ထွေးသွားစေခဲ့သည်။

အယ်လီနာသည် သူ လုပ်ခဲ့သည့်အရာကို အဘယ်ကြောင့် ၎င်းတို့အား ပြန် မတိုင်ကြားခဲ့သနည်း။

“သူမက ငါ့ရှင်းပြချက်ကို လက်ခံသွားတာများလား။ ငါ့ဘာ့သာငါ တမင်သက်သက် အစိုးရိမ်လွန်နေခဲ့တာများလား”

အာရန်သည် အယ်လီနာ အခန်းသို့ သွားလိုက်ကာ သူ့အား နားလည်ပေးခဲ့သည့်အတွက် ကျေးဇူးတင်စကား ပြောရန်ပြင်ဆင်လိုက်သည်။

သို့သော်လည်း သူမ၏ အခန်းတံခါးကို အကြိမ်ပေါင်းများစွာ ခေါက်ပြီးသည့် နောက်တွင်ပင် တံခါး အတွင်းမှ တုံ့ပြန်မှု တစ်စုံတစ်ရာပြန်မရခဲ့ချေ။

အကယ်၍ အာရန်သည်သာ သူ၏ ကောင်းချီးအာရုံများကို မသုံးဖြစ်ခဲ့ပါက သူမသည် အခန်းထဲတွင် မရှိဟုပင် ယူဆသွားနိုင်ပေမည်။

သို့သော် သူ၏ ကောင်းချီးအာရုံကို အသုံးပြု၍ ကြည့်မိလိုက်သောအခါတွင်မူ အယ်လီနာတစ်ယောက် ခေါင်းအုံးတစ်ခုဖြင့် သူမ၏ မျက်နှာကို ဖွက်ထားလျက် ခုတင်ပေါ်တွင် လဲလျောင်းနေသည်ကို မြင်တွေ့လိုက်ရသည်။

“သူမ အရမ်း စိတ်ဆိုးသွားလို့ပဲ ဒီလိုမျိုး ငိုနေတာများလား”

All Chapters