ကမ္ဘာတစ်ဝက်လောက်ကို လှည့်စားခဲ့သူ
Vol. 43 Ch. 617
“ကိုယ်တို့ သွားနေတဲ့လမ်းက မှားနေသလားမသိဘူး။ ထွက်ပေါက်က ဟိုဘက်မှာမလား” အယ်လီနာတစ်ယောက် ထွက်ပေါက်ဘက်သို့မသွားပဲ အတွင်းဘက်သို့ ဆက်သွားနေသည်ကို မြင်လိုက်သဖြင့် အာရန်မှ လှမ်းပြောလိုက်ခြင်းဖြစ်လေသည်။
အရာအားလုံး ပြီးဆုံးသွားပြီဖြစ်သောကြောင့် မိန်းကလေးများသည် လေလံဌာနမှ ထွက်ခွာတော့မည်ဟု အာရန်တစ်ယောက် ထင်မှတ်ထားခဲ့၏။
သို့သော် ထူးဆန်းစွာပင် ၎င်းတို့သည် လေလံပွဲစင်မြင့်ဘက်သို့ ဆက်လက်သွားချင်နေဟန်ရ၏။
“ကျွန်မ စစ်ဆေးစရာလေးတစ်ခု ရှိသေးလို့ပါ။ ရှင် ပြန်ချင်တယ်ဆိုရင် ကျွန်မတို့ကို မစောင့်ပဲ အရင်ထွက်သွားလို့ရတယ်” ဟု အယ်လီနာမှ ပြန်ဖြေလိုက်သည်။
အာရန်သည် သူမ မည်သည့်နေရာသို့ သွားနေခြင်းဖြစ်မှန်း ခန့်မှန်းမိပြီးသားဖြစ်၏။
အကြောင်းမှာ သူကိုယ်တိုင်လည်း ထိုလမ်းကြောင်းအား အစောပိုင်းတစ်ခေါက် သွားရောက်ခဲ့ဖူးသောကြောင့်ပင်။
၎င်းသည် လေလံပွဲ စင်မြင့်ဘက်သို့ ဦးတည်သည့် လမ်းကြောင်းတစ်ခု ဖြစ်နေလေသည်။
ထိုနေရာ၌ သူမသည် မည်သည့်အရာကိုများ ထပ်မံ၍ စစ်ဆေးလိုနေသနည်းဟု အာရန်တစ်ယောက် တွေးမိလိုက်သည်။
ထိုနေရာ၌ သူ့ထံသို့ မြှားဦးလှည့်လာနိုင်သော တစ်စုံတစ်ရာ ကျန်ရစ်ခဲ့ခြင်း ရှိ၊ မရှိ အသည်းအသန် စဥ့်စားမိလိုက်သည်။
သို့သော် မည်သည့်သဲလွန်စမျှ မချန်ခဲ့ကြောင့် သူ့ကိုယ်သူလည်း သေခြာနေခဲ့၏။
အာရန် မှတ်မိသလောက်ဆိုလျှင် သူ၏ သွေးကိုယ်ပွားသည် ပေးအပ်ထားသည့် တာဝန်ကို ပြီးဆုံးပြီးနောက် သူ့ကိုယ်သူ ပြန်လည်ဖျက်ဆီးပစ်ခဲ့ပြီး ဖြစ်၏။
ဤသို့ဖြင့် အာရန်သည် မျက်မှောင်ကြုတ်လျက် အယ်လီနာ နောက်မှ ကပ်၍ လိုက်ပါလာခဲ့ကာ လန်နီယဲလ်အား သတ်ဖြတ်ရာတွင် အမှားတစ်စုံတစ်ရာ ပြုလုပ်မိခဲ့ခြင်း ရှိ၊ မရှိကို ထပ်မံ၍ စဉ်းစားကြည့်လိုက်သည်။
လန်နီယဲလ်၏ ခန္ဓာကိုယ်သည် အပြီးအပိုင် ပျက်စီးသွားခဲ့ပြီးဖြစ်သော်လည်း အယ်လီနာအနေဖြင့် ၎င်းအား ပြန်လည် အသက်သွင်းနိုင်မည့် နည်းလမ်းတစ်ခုခု ရှိနေမည်ကို အာရန်တစ်ယောက် အတော်လေး စိုးရိမ်နေခဲ့သည်။
ထို ဖြစ်နိုင်ခြေသည် အလွန်နည်းပါးမှန်း သိနေသော်လည်း မထင်မှတ်ထားသည့် အရာများ အချိန်မရွေးဖြစ်လာနိုင်သော သာဓကများအရ စိုးရိမ်စိတ်တော့ ဝင်နေမိဆဲပင်။
“လေလံပွဲမှာ ဝယ်ခဲ့တဲ့ ကျွန်ကို သွားကြည့်ကြမှာမဟုတ်လား။ သူ့တန်ဖိုးက အတော်ကြီးတယ်။ သူ့ကို ပြန်အသက်သွင်းနိုင်တဲ့ နည်းလမ်း ရှိရင်တော့ အရမ်းကြီး ဆုံးရှုံးရတာမျိုး မဖြစ်တော့ဘူးပေါ့” ဟု အာရန်က အနည်းငယ် သွေးတိုးစမ်းသည့်ဟန်ဖြင့် ပြောလိုက်သည်။
“ရှင် စိတ်ပူစရာ မလိုပါဘူး။ ကျွန်မက ဘယ်တော့မှ အရှုံးပေါ်မယ့် ကိစ္စမျိုး မလုပ်ဘူး။ ကျွန်မ သူ့ကို ပြန် အသက်သွင်းနိုင်တယ်”
ထိုအချိန်မှာပင် အယ်လီနာသည် အာရန်အား နောက်ပြန်လှည့်ကြည့်ရင်း ပြန်ဖြေလိုက်လေသည်။
“အသက်သွင်းနိုင်တယ်ဟုတ်လား..။ ဒါဆိုရင်တော့ အဆင်ပြေတာပေ့ါ”
အာရန်သည် အယ်လီနာ၏ စကားကြောင့်သူ၏ အတွင်းစိတ်၌ လွန်စွာ တုန်လှုပ်သွားခဲ့သော်လည်း မျက်နှာအမူအရာတွင်မူ မည်သည့် ထူးခြားမှုမျှ ဖြစ်မသွားခဲ့ပေ။
ထိုမိန်းကလေးသည် ဒီအတိုင်းပြောလိုက်ခြင်းလား သို့မဟုတ် သူ့အား တမင်ပင် စမ်းသပ်နေခြင်းများလား မသိနိုင်သောကြောင့် သူ့၏ စစ်မှန်သော အတွေးများကို မျက်နှာပေါ်တွင် အမှတ်တမဲ့အနေဖြင့်ပင် ပေါ်လွင်စေ၍ မဖြစ်ချေ။
အယ်လီနာသည် အာရန်အား အာရုံစိုက်ခြင်းကို ရပ်လိုက်ကာ ရှေ့သို့ ဆက်လျှောက်သွားခဲ့သည်။
ထိုအချိန် သူမ၏ မျက်လုံးများအတွင်း၌ စိတ်ပျက်သွားသည့် အရိပ်အယောင်အချို့ လျင်မြန်စွာ ဖြတ်ပြေးသွားခဲ့၏။
သူမအနေနှင့် အာရန်ထံမှ တုန့်ပြန်မှု တစ်စုံတစ်ရာကို မျှော်လင့်ထားခဲ့သည့်ပုံပင်။
...
ဤသို့ဖြင့် မကြာမီမှာပင် အာရန်တို့ သုံးဦးသား လေလံပွဲကျင်းပရာ စင်မြင့်အနီးသို့ ရောက်ရှိသွားခဲ့ကြသည်။
ထိုနေရာတွင် လေလံဌာနမှာ မန်နေဂျာသည် မျက်နှာ ပျက်ယွင်းလျက်ရှိနေကာ မျက်နှာကျက်ရှိ အပေါက်ကြီးအား တွေတွေကြီး ငေးကြည့်နေဆဲ ဖြစ်၏။ ဤတစ်ကြိမ်၌ လေလံဌာန ဆုံးရှုံးခဲ့ရသည့် အရာများမှာ လွန်စွာ များပြားလွန်းလှသည်။
သူ့အနေနှင့် တာဝန်ယူရမည့် ကိစ္စများကို ရှောင်လွှဲ၍ မရနိုင်ကြောင်း သိထားလေသည်။
ဂိတ်တံခါးပေါက် ကျောက်တုံးကို ပြန်လည် ရှာဖွေတွေ့ရှိခဲ့လျှင်ပင် သူ၏ အပြစ်မှ လွတ်ကင်းနိုင်မည် မဟုတ်ပေ။
ဤနေရာ၏ လုံခြုံရေးကိစ္စအဝဝသည် သူ၏ တာဝန်ဖြစ်သော်လည်း ထိုကျူးကျော်သူလူစိမ်းများမှ ဤနေရာထိရောက်လာခဲ့သည်အား သူ့အနေနှင့် အနည်းငယ်မျှပင် သတိမထားမိခဲ့ချေ။
“ငါ့ဘဝတော့ သွားပြီ...”
မန်နေဂျာသည် ထိုစကားကိုသာ ထပ်ခါတလဲလဲ ရေရွတ်နေမိ၏။
“ပိုင်ရှင် သိသွားတဲ့အခါကျရင်...”
မန်နေဂျာသည် ထိုသို့ တွေးလိုက်မိသည်နှင့် မျက်နှာတစ်ခုလုံး ဖြူဖျော့သွားခဲ့ရ၏။
ထို့နောက် ငူငူကြီးရပ်နေရာမှ ခက်ခဲသော ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်လိုက်ပြီးသည့်ပုံဖြင့် ထိုနေရာမှ ထွက်ခွာရန်ပြင်လိုက်သည်။
လေလံဌာန ပိုင်ရှင်မှ သူ့အား အပြစ်ပေးခြင်း မပြုမီ သူ့ကိုယ်သူ ပြန်လည် အဆုံးစီရင်မှ ဖြစ်တော့မည်။
ဤသို့ဖြင့် လေလံပွဲစင်မြင့်မှ ဝေးရာဆီသို့ အသက်မဲ့နေသော မျက်လုံးဖြင့် ထွက်ခွာသွားသော မန်နေဂျာအား အာရန်တစ်ယောက် သတိထားမိလိုက်သည်။
သို့သော် ထိုမန်နေဂျာ၏ စိတ်တွင် မည်သည့်အရာများတွေးနေသည်ကို သူလည်းမခန့်မှန်းနိုင်ခဲ့ချေ။
ထို့နောက် အာရန်သည် လှောင်အိမ်ရှိရာနေရာသို့သာ အာရုံပြန်စိုက်ထားလိုက်သည်။
ထိုလှောင်အိမ်သည် တစ်ချိန်က လန်နီယဲလ်တစ်ယောက် တည်ရှိခဲ့ဘူးသော်လည်း ယခုအခါတွင်မူ မည်သူမှန်းပင် အသိအမှတ်ပြု၍ မရနိုင်လောက်အောင် တစ်စစီပြန့်ကျဲနေသော အသားစ အစိတ်အပိုင်းများဖြင့် ပြည့်နှက်နေခဲ့၏။
အယ်လီနာသည် လှောင်အိမ်ရှေ့၌ ရပ်လိုက်ကာ ပုံမှန်လူများမြင်လျှင် ထအန်ချင်စိတ် ပင် ပေါက်သွားစေနိုင်သော မြင်ကွင်းတစ်ခုကို စိတ်အားထက်သန်စွာ စူးစိုက်ကြည့်နေခဲ့သည်။
အာရန်သည် သူမ နောက်တွင် တိတ်ဆိတ်စွာ ရပ်နေခဲ့ကာ ရံဖန်ရံခါတွင် အနည်းငယ် မျက်မှောင်ကြုတ်မိသည်။
လန်နီယဲလ်အား အသက်ပြန်သွင်းနိုင်မည့် နည်းလမ်းများ အမှန်တကယ် ရှိနေမည်ကို သူ့အနေနှင့် တစ်ချိန်လုံး စိုးရိမ်နေခဲ့ရ၏။
သို့သော်...
“သတ်လိုက်တဲ့သူက သူ့ကို ဒီအတိုင်း သတ်ခဲ့ရုံသာမကဘဲ စိတ်ဝိညာဥ်ပါမကျန် လုံးဝ ဖျက်ဆီးပစ်ခဲ့တာပဲ။ ဒါက သူ့ကို တစ်စုံတစ်ယောက်က ပြန်အသက်သွင်းမှာကို စိုးရိမ်လို့ လုပ်ခဲ့တာနဲ့ ပိုတူနေတယ်” ဂျီနီယာသည် ကြောက်မက်ဖွယ် မြင်ကွင်းအား ကြည့်ရင်း ရေရွတ်လိုက်သည်။
“ဒါက အဲ့ဒီကျွန်မှာ ကျူးကျော်သူရဲ့ လျှို့ဝှက်ချက် တစ်ခုခု သိထားနေလို့များ ဖြစ်နိုင်မလား။ သူတို့ရဲ့ ကမ္ဘာတည်နေရာနဲ့ ပတ်သက်တာမျိုးကော ဖြစ်နေမလား” ဟု ဂျီနီယာမှ ထပ်မံ၍ မေးလိုက်သည်။
သို့သော် အယ်လီနာသည် ထိုယူဆချက်အား သဘောမတူဟန်ဖြင့် ခေါင်းခါပြလိုက်၏။
“အဲ့လို မဟုတ်လောက်ဘူး။ သူ့ကမ္ဘာနဲ့ ပတ်သက်တဲ့ မှတ်ဉာဏ်တွေအတွက်ဆိုရင် သတ္တမမူလကြယ်တောင် အကုန်သိထားပြီးလောက်ပြီလေ။ ဒါကြောင့်လေလံဌာနကို ရောက်ပြီးမှ တကူးတက သတ်ပစ်ဖို့ ကျိုးစားစရာ အကြောင်းမရှိဘူး။ ဖြစ်နိုင်တာကတော့ သတ်သွားတဲ့သူက ဒီကျွန်ရဲ့ သူ့ကမ္ဘာအကြောင်း မှတ်ဉာဏ်တွေထက် ပိုလွန်တဲ့ အရာ တစ်ခုခုကို စိုးရိမ်နေတာနဲ့ ပိုတူနေတယ်”
“သေခြာတာကတော့ လူသတ်သမားက ငါတို့ တစ်စုံတစ်ခုကိုသိသွားမှာ တကယ်စိုးရိမ်နေတဲ့ခဲ့ပုံပဲ။ ဒါပေမဲ့ အဲ့ဒီအရာက သူတို့ကမ္ဘာနဲ့ ပတ်သက်တာ မျိုးတော့ မဟုတ်နိုင်ဘူး။ အဲ့ဒီအစား တခြားအရာတစ်ခုခုအတွက် ဖြစ်ရမယ် “
အယ်လီနာသည် စကားပြောနေရင်းဖြင့် မျက်မှောင်တစ်ချက် ကြုတ်လိုက်မိကာ သူမ၏ အတွေးများ ပို၍ နက်ရှိုင်းလာပြီးနောက် အာရန်ရှိရာဘက်သို့ လှည့် ကြည့်လိုက်သည်။
“ရှင်ကော ဘယ်လိုထင်လဲ”
“သူ့ကို ပြန် အသက်သွင်းကြည့်လိုက်ရင် ဒီကိစ္စတွေ လွယ်လွယ်လေး သိရမှာပဲ မဟုတ်လား။”
မိန်းကလေးများသည် လန်နီယဲလ်အား အသက်ပြန်မသွင်းနိုင်တော့ကြောင်း လုံးဝ နီးပါး သေချာသွားသဖြင့် အာရန်သည် ရိုးသားသော အပြုံးလေးဖြင့် ပြန်ပြောလိုက်၏။
‘ဟေ့ ချာတိတ်မနှစ်ယောက် ငါက အရင် ကမ္ဘာတစ်ဝက်လောက်ကိုတောင် စိတ်ကြိုက် လှည့်စားလာခဲ့တဲ့ကောင်နော်။ မင်းတို့အနေနဲ့ ငါ့ကို လှည့်စားနိုင်ဖို့က ဝါအရ အများကြီး နုလွန်းပါသေးတယ်လေ’ ဟု အာရန်သည် ကြိတ်၍ တွေးလိုက်သည်။
အာရန်သည် အယ်လီနာမှ သူ့အား အဘယ်ကြောင့် အထူးတလည် သံသယဝင်နေသည်ကို မသိထားသော်လည်း ပုံမှန်အတိုင်းသာ သူမအား ဆက်လက်၍ လျစ်လျူရှုနေလိုက်သည်။
“သိပ်မကြာခင်မှာတော့ ကျွန်မတို့ အဖြေတစ်ခုခု သိရမှာပါ။ ဒီကျွန်လိုပဲ ဖမ်းမိထားတဲ့ သူ့အဖော် တခြားအပြင်လူတွေလည်း ရှိနေဦးမှာပဲ။ ကျွန်မ ရီဇီခီယဲလ် ဆီကို သတင်းပို့ထားလိုက်မယ်။ အချိန် ဘယ်လောက်ကြာကြာ ဂရုမစိုက်ဘူး။ ကျွန်မဒီ လျှို့ဝှက်ချက်ကို သိအောင်ကျိုးစားမယ်”
အယ်လီနာသည် အာရန်အား စိုက်ကြည့်ပြီးနောက် လှောင်အိမ်ကို နောက်ချန်ထားခဲ့ကာ ထိုနေရာမှ ထွက်ခွာသွားတော့၏။
အာရန်သည် သူမ ထွက်ခွာသွားသည်ကို ငေးကြည့်နေခဲ့ကာ သူဘာတွေးနေသည်ကိုမူ မည်သူမျှ မခန့်မှန်းနိုင်ခဲ့ချေ။
အာရန်သည်လည်း လှောင်အိမ်အား နောက်တစ်ကြိမ် ပြန်ကြည့်လိုက်ကာ သူ၏ လက်တစ်ဖက်ကို မသိမသာလေးမြှောက်လိုက်ရင်း နစ်ခရိုမန်ဆာမျှော်စင်၏ ညာလက်ရုံးအစောင့်အရှောက်အား နောက်ဆုံးအကြိမ်အဖြစ် နှုတ်ဆက်လိုက်သည်။
ဤသို့ဖြင့် ဖုတ်ကောင်များဖန်တီးနိုင်သော နစ်ခရိုမန်ဆာမျှော်စင်သခင်နှင့်အတူ ၎င်း၏ နောက်လိုက်များအားလုံးသည် အဆုံးသတ်သွားခဲ့ပြီဖြစ်၏။
သတ္တမ မူလကြယ်အနေဖြင့် ဖမ်းမိထားသော နစ်ခရိုမန်ဆာ အကြွင်းအကျန် အနည်းငယ် ရှိနေနိုင်သော်လည်း အာရန်အနေဖြင့် ၎င်းကို စိတ်မပူခဲ့ပေ။
ယခုကဲ့သို့ ကြီးမားသည့် ပြဿနာကြီးတစ်ခုကိုပင် သူ့အနေနှင့် ဖြေရှင်းနိုင်ခဲ့ပြီးဖြစ်သဖြင့် အခြားပြဿနာလေးများလောက်ကိုမူ ဖြေရှင်းရန်မှာ သူ့အတွက် ထိုမျှခက်ခဲခြင်းမျိုး မရှိတော့ချေ။
ဤသို့ဖြင့် အာရန်သည် နောက်ထပ်ပြသနာကြီးတစ်ခုဆီမှ လွတ်မြောက်နိုင်သွားခဲ့သည်။
အာရန်သည် ထပ်မံ၍ နောက်ချန်မနေခဲ့တော့ပဲ မိန်းကလေးများထွက်သွားရာ နောက်သို့ သူသည်လည်း အတူတကွ လိုက်ပါ ထွက်ခွာသွားတော့သည်။