ယောက္ခမနှင့်အတူ
Vol. 43 Ch. 627
အာရန်သည် အယ်လီနာအား လှမ်းခေါ်ကာ တောင်းပန်ရန် ပြင်လိုက်သည်။
သို့သော် ခေတ္တမျှ ချီတုံချတုံ ဖြစ်နေပြီးနောက် ထိုအတွေးကို လက်လွှတ်လိုက်လေ၏။
ဤသို့ဖြင့် ခြောက်ရက်တာ ကုန်လွန်သွားခဲ့သော်လည်း ထူးခြားသည့် အရာတစ်ခုမျှ ဖြစ်မလာခဲ့ပေ။
ထိုအတောအတွင်း ထူးခြားသည်ဟုပြော၍ရသည့် တစ်ခုတည်းသော အရာမှာ တတိယ မူလကြယ်မှ ပျက်စီးနေသော ယစ်ပုလ္လင်ပုံစံကွက်အား လေ့လာနိုင်ခဲ့ခြင်းပင်ဖြစ်၏။
၎င်းက အထက်ကမ္ဘာမှ ဆင်းသက်လာသူများ၏ ယစ်ပုလ္လင်ပုံစံကွက်တစ်ခု ဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့လေ၏။
ထို ယစ်ပုလ္လင်သည် အလွန် အဆင့်မြင့်သော ပုံစံကွက်တစ်ခုဖြင့် ဖန်တီးထားခြင်းဖြစ်သည်။
ထို့ကြောင့် ထိုကျူးကျော်သူ သူခိုးများ၏နောက်ကြောင်းသည် ရိုးရှင်းခြင်းမရှိကြောင်း သိရှိလိုက်ရသည်။
၎င်းတို့သည် ဂိတ်တံခါးပေါက် ကျောက်တုံးအား အရေးတကြီးရယူလို၍ ဤနေရာသို့ တကူးတက လာခဲ့ကြခြင်းမျိုး ဖြစ်ဟန်မရဘဲ သာမန် အပျော်တန်းကစားပွဲတစ်ခု အနေနှင့် လာရောက်ကစားကြခြင်းဖြစ်မည်ဟု တတိယ မူလကြယ်မှ ယုံကြည်သွားခဲ့သည်။
ထို့ကြောင့် သူသည် အခြား မူလကြယ်များအားလည်း ထိုဂိတ်တံခါးပေါက် ကျောက်တုံးအား မေ့ပစ်လိုက်ရန် ပြောခဲ့သည်။
အကြောင်းမှာ ၎င်းတို့အနေနှင့င် ပြန်လည်ရယူရန် နည်းလမ်း မရှိတော့သောကြောင့် ပင်တည်း...။
ယင်းအစား သူသည် ဤကဲ့သို့သော ကြောက်မက်ဖွယ်နောက်ခံအင်အားများရှိနေသည့် ကျူးကျော်သူများအား မဖမ်းမိခဲ့ခြင်းအပေါ်တွင်ပင် ကံကြမ္မာအား ကျေးဇူးတင်ရမည် ဖြစ်ကြောင်းပင် ပြောခဲ့သေး၏။
အကယ်၍ ထိုကျုးကျော်သူများကို ဖမ်းမိကာ ခြေလွန်လက်လွန်ဖြစ်သွားခဲ့ပါက နောက်ဆက်တွဲ ဖြစ်ရပ်များသည် မစဥ့်စားဝံ့အောင်ပင် ဖြစ်သွားနိုင်လေသည်။
အခြား မူလကြယ်များသည် ထိုအရာကို သိရသဖြင့် လွန်စွာ စိတ်ပျက်သွားခဲ့ကြ သော်လည်း ၎င်းတို့အနေနှင့် ဘာမှ မတတ်နိုင်ခဲ့ပေ။
၎င်းတို့သည် ထိုဂိတ်တံခါးပေါက်ကျောက်တုံးအား ဆုံးရှုံးမှုတစ်ခုအဖြစ်သာ ရိုးရှင်းစွာ မှတ်ယူလိုက်ကြရင်း ထိုအရာနှင့်ပတ်သတ်သော အရာအားလုံးအား မေ့ပစ်လိုက်ရန် ဆုံးဖြတ်ခဲ့ကြသည်။
ဒုတိယ မူလကြယ်သည်လည်း ဂိတ်တံခါးပေါက် ကျောက်တုံးအား လက်ထဲရခါနီးကျမှ ထိုကဲ့သို့ ဖြစ်သွားခဲ့သောကြောင့် အတော်လေး ကြိတ်မနိုင်ခဲမရ ဖြစ်ခဲ့ရသည်။
ယခုအခါ ပြန်ရနိုင်မည့် အခွင့်အရေးလည်း ကုန်ဆုံးသွားပြီ ဖြစ်သောကြောင့် သူသည် ကာလကြာရှည်စွာကတည်းက ပြင်ဆင်ထားခဲ့သည့် ပထမ မူလကြယ်အား ဖြုတ်ချမည့် သူ၏ အစီအစဉ်အပေါ် အာရုံပြန်စိုက် ထားရန်သာ တတ်နိုင်တော့၏။
...
လွန်ခဲ့သော ခြောက်ရက်အတွင်း ဂျီနီယာသည်လည်း အယ်လီနာနှင့် တွေ့ဆုံခွင့်ရရန် လိုက်ဆန်ဒါ၏ စံအိမ်သို့ အကြိမ်အနည်းငယ် ရောက်လာခဲ့ပြီး သူမအား တောင်းပန်ရန် ကြိုးစားခဲ့သည်။
သို့သော် ကံမကောင်းစွာဖြင့် ဂျီနီယာသည် အယ်လီနာအား တွေ့ဆုံနိုင်ခြင်းပင် မရှိခဲ့ပေ။
သူမသည် အယ်လီနာအား တွေ့ဆုံရန်ကျိုးစားသည့်အခါတိုင်းတွင် အာရန်နှင့်သာ ပက်ပင်းတိုးခဲ့ရ၏။
အာရန်ကို မြင်ရုံနှင့်ပင် ဂျီနီယာသည် သူမ၏ စိတ်အခြေအနေကို မနည်းပြန် ထိန်းချုပ်ထားခဲ့ရသော်လည်း သူမသည် စိတ်ပျက်မသွားပဲ နေ့တိုင်းနီးပါး လာရောက်ရင်း အယ်လီနာအားတွေ့ဆုံခွင့်ရရေးအတွက် ဆက်လက် ကြိုးစားနေခဲ့သည်။
ထိုအချိန် မူလကြယ်များနေထိုင်ရာ မြို့တော်အတွင်း၌ နောက်ထပ် ပြောင်းလဲမှုတစ်ခုမှာ သတ္တမ မူလကြယ်တစ်ယောက် ရုတ်တရက် ပတ်ဝန်းကျင်မှ ပျောက်ကွယ်သွားခဲ့ခြင်းပင်ဖြစ်၏။
သို့သော် ရံဖန်ရံခါတွင်မူ သူ၏ ပျော်ပါးမှုများအကြောင်း ဇာတ်လမ်းအသစ်များ မြို့အတွင်း၌ ထွက်ပေါ်လာတတ်ကာ လူအများအား တိတ်ဆိတ်စွာ ကျိန်ဆဲမိစေခဲ့သည်။
လွန်ခဲ့သော ခြောက်ရက်အတွင်း သတ္တမ မူလကြယ်သည် မြို့အတွင်း၌ နေထိုင်နေဆဲ ဖြစ်သော်လည်း ထိုကဲ့သို့သော အရာမျိုးကို အမှန်တကယ် မကျူးလွန်ခဲ့ပေ။
အကယ်၍ ပထမ မူလကြယ်၏ အိမ်တော်နားတွင် တစ်ချိန်လုံးစောင့်ကြည့်နေဝံ့သူ တစ်စုံတစ်ဦးသာ ရှိနေခဲ့မည်ဆိုပါက ထိုနေ့က မျက်နှာတစ်ခုလုံးဖူးယောင်၍ အပြင်သို့ လွင့်ထွက်သွားသော သတ္တမမူလကြယ်အား မြင်တွေ့နိုင်ခဲ့ပေလိမ့်မည်။
“တူလေး အာရန်။ ဒီနေ့ နေကောင်းတယ်မလား”
သတ္တမ မူလကြယ်သည် အာရန်အား အပြုံးဖြင့် နှုတ်ဆက်လိုက်သည်။
သူ၏ ကျောဘက်တွင်မူ ချွေးစေးများ စိုရွှဲလျက်ရှိနေခဲ့၏။
သတ္တမမူလကြယ်သည် အာရန်အား ပထမဆုံး တွေ့ဆုံခဲ့စဉ်က အပြင်လူတစ်ယောက် အနေနှင့် လုံးဝ အထင်အမြင်သေးခဲ့မိသော်လည်း ယခုနောက်ပိုင်းတွင် အာရန်နှင့် ဆက်ဆံမိသည့်အခါတိုင်း ယခင်ကနှင့် များစွာကွာခြားသွားခဲ့ပေပြီ။
ယခု သူသည် လူတကာကြောက်လန့်ရသည့် မူလကြယ်တစ်ပါးနှင့် မတူတော့ဘဲ တစ်စုံတစ်ဦး၏ မျက်နှာသာပေးမှုကို ရရှိရန် အစွမ်းကုန် ကြိုးစားနေသူတစ်ဦးနှင့် ပို၍ တူညီနေခဲ့၏။
သတ္တမမူလကြယ်ရီဇီခီယဲလ် သည် သူ၏ အစ်မ အိမ်သို့ ပြန်ရောက်နေသည်ကို သတိမထားမိဘဲ လိုက်ဆန်ဒါနှင့် တွေ့ဆုံရန် ဤနေရာသို့ ရောက်လာခဲ့သည့် အချိန်ကို ယနေ့တိုင် မမေ့နိုင်သေးပေ။
ထိုအချိန်က သူသည် အာရန်နှင့် ပထမဆုံး ပြန်လည်တွေ့ဆုံမိခဲ့ခြင်းလည်းဖြစ်၏။
ရီဇီခီယဲလ်သည် အာရန်အား ပထမမူလကြယ်မှ ခေါ်ယူလာသော သာမန် ကျွန်တစ်ဦးကဲ့သို့ ထင်မြင်မိကာ ရိုင်းပျစွာ စကားဆိုပြောခဲ့မိသည်။
ထိုအချိန်တွင် အချိန်ကိုက်ပင် သူ၏ အစ်မဖြစ်သူနှင့် ပက်ပင်းတိုးခဲ့၏။
ထိုနေ့က သူခံစားခဲ့ရသော ရိုက်ချက်များသည် ကျယ်လောင်လွန်းသဖြင့် အစေခံများအားလုံးအပါအဝင် စံအိမ်အတွင်းရှိ လူတိုင်၏ အတွေးများထဲတွင် ယနေ့တိုင် လတ်ဆတ်နေဆဲပင် ဖြစ်လေသည်။
အာရန်အား သူ၏အမ ထရီဆာကိုယ်တိုင်မှ သမက်လောင်းတစ်ဦးအဖြစ် သတ်မှတ်ထားသည် ဆိုသော ကြောက်မက်ဖွယ်သတင်းဆိုးအား ထိုအခါမှသာ ရီဇီခီယဲလ်တစ်ယောက် သိရှိခွင့်ရခဲ့လေသည်။
ထရီဆာသည် ရီဇီခီယဲလ်အတွက် ကမ္ဘာပေါ်တွင် အကြောက်ရဆုံး သူတစ်ဦးဟု ပြော၍ရလေ၏။
လွန်ခဲ့သော ခြောက်ရက်အတွင်း သူသည် ထိုအမှားမျိုး ထပ်မံ၍ မလုပ်မိစေရန် လုံးဝဂရုစိုက်ခဲ့သည်။
သူသည် လိုက်ဆန်ဒါအား ဆက်ဆံခဲ့သည့်အတိုင်းပင် အာရန်အား ဆက်ဆံနေသည်ဟု ဆိုလျှင် မမှားပေ။
မြို့တော်အတွင်းမှ အခြားတစ်စုံတစ်ဦးသာ ဤမျှ ဆိုးသွမ်းသော သတ္တမမူလကြယ်သည် အပြင်လူတစ်ဦးအား ဤမျှအထိ ရိုကျိုးစွာ ဆက်ဆံနေသည်ကို မြင်ခဲ့ရပါက ၎င်းတို့အားလုံး အံ့အားသင့်၍ သေဆုံးသွားကြပေလိမ့်မည်။
ကံကောင်းစွာဖြင့် ထိုသတင်းသည် ပထမမူလကြယ်၏ စံအိမ်တော်အတွင်း အပြင်သို့ ပျံ့မသွားခဲ့ပေ။
အာရန်သည်လည်း ပြန်ပြုံးပြလိုက်ကာ သတ္တမ မူလကြယ်အား ပြန်လည် နှုတ်ဆက်လိုက်သည်။
“ယောက္ခထီးက ယောက္ခမနဲ့ စကားပြောနေကြတယ်။ မင်း ရောက်လာတာကို ငါ သူတို့ကို သတင်းသွားပေးလိုက်ရမလား”
“အဟွတ် အဟွတ် မလိုပါဘူး။ ရပါယ် ကျုပ် စောင့်နိုင်ပါတယ်။ ကျုပ် အစ်မရဲ့ ကိစ္စတွေက ပိုပြီး အရေးကြီးပါတယ်”
သတ္တမ မူလကြယ်သည် ပြန်လည်ရယ်ပြရင်း ပြောလိုက်သည်။
“ဒါပေမဲ့ ကျုပ် အစ်မ ဒီနေ့ ပြန်တော့မယ်လို့ ကြားထားတယ်။ အဲဒါ တကယ် အမှန်ပဲလား”
သူသည် ထိုမေးခွန်းကို မေးသည့်အချိန်တွင် သူ၏ ပျော်ရွှင်နေသောမျက်နှာအား မဖော်ပြမိစေရန် အတတ်နိုင်ဆုံး ကြိုးစားခဲ့သော်လည်း အာရန်၏ ထက်မြက်သော မျက်လုံးများအတွင်းမှမူ မလွတ်မြောက်နိုင်ခဲ့ပေ။
အာရန်သည် ပေါ့ပေါ့ပါးပါးဖြင့်ပင် ပြန်လည် ခေါင်းညိတ်ပြရင်း ပြန်ဖြေလိုက်သည်။ “ငါတို့ ဒီနေ့ပဲ ထွက်သွားတော့မလို့”
“ငါတို့ဆိုတာက...”
သတ္တမ မူလကြယ်သည် အာရန်၏ စကားကြောင့် အံ့အားသင့်စွာ အော်ဟစ်လိုက်မိရင်း သူ၏ အမူအရာများ မှောင်မိုက်သွားခဲ့ရသည်။
“ကျုပ် အစ်မနဲ့အတူ တခြား ဘယ်သူတွေများ လိုက်သွားမှာမို့လို့လဲ”
အာရန်လိုက်သွားခြင်း၊မသွားခြင်းအား သူ ဂရုမစိုက်ပေ။
သို့သော် ၎င်းတို့ အားလုံးသာ ဤနေရာမှ ထွက်ခွာသွားပါက ဤငရဲဘုံတွင် သူ မည်သို့ ဆက်လက် အသက်ရှင်နိုင်မည်ကို မသိတော့ပေ။
သူ၏ အစ်မဖြစ်သူသည် ဤနေရာအား လုံးဝ ဂရုမစိုက်နိုင်သောကြောင့် သူ၏ ယောက်ဖသည်သာ ငရဲကို အုပ်စိုးနေသူတစ်ဦးဖြစ်သည့် အတွက် သူ့အနေနှင့် စိတ်တိုင်းကျ နေထိုင်နိုင်ခြင်း ဖြစ်လေသည်။
သူ၏အမသည် အစကတည်းက သူ့အား အထက်ကမ္ဘာသို့ ခေါ်ဆောင်သွားရန် ရည်ရွယ်ချက်မရှိခဲ့ပေ။
ထို့ကြောင့် ၎င်းတို့အားလုံးသာ ဤနေရာမှ ထွက်ခွာသွားမည်ဆိုပါက သူ့အား သေမိန့်ချလိုက်ခြင်းနှင့် အတူတူပင် ဖြစ်နေသည် မဟုတ်ပါလား။
သူ့အနေဖြင့် လက်ရှိရရှိထားသော အခွင့်အာဏာအများစုသည် သူ၏ ယောက်ဖဖြစ်သူကြောင့်သာ ဖြစ်လေ၏။
“ယောက္ခမက သူ့သမီး အယ်လီနာကို အထက်ကမ္ဘာဆီ အလည်အပတ် ခေါ်သွားချင်နေတာပါ။ ငါလဲ သူတို့နဲ့အတူ လိုက်သွားရမယ်။ ယောက္ခထီးကတော့ ဒီမှာပဲ ကျန်နေခဲ့လိမ့်မယ်”
သတ္တမ မူလကြယ်သည် ရင်ဘတ်ပေါ် လက်တင်လိုက်မိကာ ယခုမှသာ သက်ပြင်းချနိုင်သွားတော့သည်။
သူ၏ အကြီးမားဆုံး ကြောက်ရွံ့မှုမှာ နောက်ဆုံးတွင် အဆင်ပြေသွားခဲ့ပြီဖြစ်၏။
ထို့ကြောင့် သူ့အနေနှင့်လည်း အသက်ရှူပြန်ချောင်သွားခဲ့ရသည်။
“ဟာ...ဟား..ဟား.... အဲ့ဒီမှာ ဗဟုသုတ သွားရှာဖွေချင်တာ ကောင်းတဲ့အလုပ်ပဲ။ အထက်ကမ္ဘာရောက်သွားရင် ကျုပ် အစ်မ ပြောသမျှ စကားတွေ သေခြာ နားထောင်နော် ဟုတ်ပြီလား။ အဲ့ဒီက နေရာတွေက ကျုပ်တို့ရဲ့ ငြိမ်းချမ်းလှတဲ့ ငရဲဘုံနဲ့ တူမနေဘူး”
သတ္တမမူလကြယ်သည် သူ၏ စိုးရိမ်နေမှုများ အဆင်ပြေသွားသဖြင့် အာရန်အား မိသားစုဝင်တစ်ဦးပမာ စိတ်ပူနေဟန်ဖြင့် အကြံကောင်းအချို့ကို ပေးနေခဲ့၏။
တစ်ချိန်တည်းမှာပင် အာရန်သည် ရီဇီခီယဲလ်အား တိတ်ဆိတ်စွာ စိုက်ကြည့်နေရင်း တွေးလိုက်မိသည်။
“ကျုပ်တို့ရဲ့ ငြိမ်းချမ်းလှတဲ့ ငရဲဘုံ ဟုတ်လား...။ ဘယ်လို ရှုဒေါင့်နဲ့များ ဒီနေရာကြီးကို ငြိမ်းချမ်းတယ် ပြောနိုင်ရတာလဲ။ အထက်ကမ္ဘာက ဘယ်လောက်ပဲ ဆိုးဝါးနေပါစေဦးတော့ အပြင်လူတွေကို ကျွန်အဖြစ် ပြောင်းလဲပစ်မှာတော့ မဟုတ်ဘူးလေ” ဟု တွေးနေခဲ့၏။
သို့သော် အာရန်သည် သူ၏ အတွေးများကို အပြင်သို့ ထုတ်ဖော်ခြင်းမရှိဘဲ နာခံစွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။
“ဦးလေး ရီဇီခီယဲလ် ရဲ့ စကားတွေကို ကျွန်တော် သေသေချာချာ မှတ်သားထားပါ့မယ်”
“ဟား ဟား ဟား ကောင်းတယ်”
...
ဤသို့ဖြင့် နာရီဝက်ခန့် ကြာပြီးနောက် ထရီဆာသည် လိုက်ဆန်ဒါနှင့်အတူ ပြန်ထွက်လာခဲ့သည်။
လိုက်ဆန်ဒါသည် သူ၏ ဇနီးသည်မှ ဤမျှ တိုတောင်းသော အချိန်အတွင်း ပြန်လည် ထွက်ခွာတော့မည်ဆိုသဖြင့် အနည်းငယ် ဝမ်းနည်းနေပုံရလေ၏။
သူ့အား ပို၍ ဝမ်းနည်းစေသည့်အချက်မှာ သူ၏ သမီးနှင့် သမက်ပင် သူမနှင့်အတူ ထွက်ခွာသွားတော့မည် ဆိုခြင်းကိုပင် ဖြစ်သည်။
သူသည် ဤနေရာတွင် တစ်ယောက်တည်း ကျန်နေခဲ့တော့မည် ဖြစ်သော်လည်း သူ့ ဇနီးသည်၏ ဆန္ဒကို မကန့်ကွက်နိုင်ခဲ့ပေ။
သူ၏ အဆင့်အတန်းသည် ဤငရဲဘုံအတွက် အရေးပါသောကြောင့် သူ့အနေနှင့် သူ့ဇနီးနောက်သို့ လိုက်ပါသွား၍ မဖြစ်ပေ။
သူသည် ၎င်းတို့ ထွက်ခွာသွားသည်ကို ငေးကြည့်နေရုံသာ တတ်နိုင်ခဲ့ပြီး ၎င်းတို့ ပြန်ရောက်လာမည့် အချိန်အထိသာ စောင့်ဆိုင်းရတော့မည် ဖြစ်လေသည်။
ထရီဆာသည် သူမမောင်ဖြစ်သော သတ္တမ မူလကြယ်နှင့် တွေ့ဆုံပြီးနောက် သူမ ပြန်လည် ထွက်ခွာတော့မည်ဆိုသည့်အကြောင်း ရှင်းပြခဲ့သည်။
သူမသည် သူမမောင်အား လိုက်ဆန်ဒါကို ဒုက္ခမပေးရန် သတိပေးစကားအချို့ ပြောခဲ့ပြီးနောက် လိုက်ဆန်ဒါနှင့် ခဏတာပွေ့ဖက်၍ နှုတ်ဆက်လိုက်သည်။
ထိုသို့ နှုတ်ဆက်ပြီးသည်နှင့် ထရီဆာသည် အယ်လီနာနှင့် အာရန်တို့၏ လက်များကို တစ်ဖက်စီ ဆုပ်ကိုင်ကာ ထိုနေရာမှ ထွက်ခွာရန်ပြင်လိုက်သည်။