သခင်မကိုယ်တိုင်လုပ်ရမယ်
Vol. 43 Ch. 628
“နန်းတော်သခင်မ ပြန်လာနေပြီ”
ထိုအသံထွက်ပေါ်လာပြီးနာက် လှပသော ရေခဲနန်းတော်တစ်ခုအတွင်း၌ ဆူညံသံများ ဖြစ်ပေါ်ခဲ့သည်။
ရေခဲနန်းတော် (ဝါ) နှင်းပျိုဖြူ နန်းတော်အတွင်းမှ အစွမ်းထက်သော ဂိုဏ်းသူများစွာတို့သည် ကျင့်ကြံနေရာမှ မျက်လုံးများကို ရုတ်တရက် ဖွင့်လိုက်ကြသည်။
နန်းတော်အတွင်း၌ ၎င်းတို့သည် မည်သည့်အဆင့်အတန်းတွင် ရှိသည်ဖြစ်စေ ချက်ချင်းပင် ဟင်းလင်းပြင်အား ဆုတ်ဖြဲ၍ ဂိတ်တံခါးပေါက်များဖန်တီးလိုက်ကြကာ ပင်မ ခန်းမဆောင်ရှိရာဆီသို့ အပြေးအလွှား ရောက်ရှိလာကြ၏။
ဤသို့ဖြင့် စက္ကန့်ပိုင်းအတွင်း၌ ခန်းမဆောင်ကြီးတစ်ခုလုံးသည် အမျိုးသမီး ကျင့်ကြံသူများနှင့် ပြည့်နှက်သွားခဲ့သည်။
ဤသို့ ရောက်ရှိလာသူ အယောက်စီတိုင်းသည် နတ်ပြည်မှ နတ်သမီးများထက်ပင် ပို၍ လှပနေကြသည်။
၎င်းတို့သည် အခြားတစ်စုံတစ်ဦး၏အကူအညီကိုလိုအပ်နေသည့် လှပသော ပန်းကလေးများကဲ့သို့ မဟုတ်ကြဘဲ အခြားသူများအား လွှမ်းမိုးနိုင်သော ကြီးမားသည့် ခွန်အားများကိုလည်း ပိုင်ဆိုင်ထားကြသည့် ပန်းကလေးများကဲ့သို့ ဖြစ်လေ၏။
နန်းတော်သခင်မကို ကြိုဆိုရန် ခန်းမဆောင်ကြီးအတွင်း၌ စုရုံးရောက်ရှိနေကြသူများထဲမှ ခွန်အားအနည်းဆုံးသူသည်ပင် ငရဲကိုအုပ်စိုးသည့် မူလကြယ်များကဲ့သို့ ခွန်အားများ ပိုင်ဆိုင်ကြသည်။
“ကြိုဆိုပါတယ် သခင်မ”
အမျိုးသမီး ခုနစ်ဦးသည် ခန်းမဆောင်တစ်နေရာတွင် ဟင်းလင်းပြင် ပုံစံများအက်ကွဲလာသည်ကို မြင်လိုက်သည်နှင့် တစ်ပြိုင်နက် ဒူးထောက်၍ အရိုအသေပေးလိုက်ကြ၏။
၎င်းက နန်းတော်သခင်မ ရောက်ရှိလာခြင်းကို အချက်ပြနေသော်လည်း ယခုအကြိမ်တွင် သူမသည် တစ်ယောက်တည်း မဟုတ်သည်ကိုအား ခံစားမိလိုက်ကြသည်။
“ဒီနေရာမှာ အသက်ဓာတ် အငွေ့အသက် အချို့ မူမမှန်ဘူး ဖြစ်နေတယ်။ နန်းတော်သခင်မကိုယ်တိုင် ဒဏ်ရာ ရသွားတာများလား”
ငွေရောင် ဆံပင်ရှိသော အမျိုးသမီးတစ်ဦးသည် ထိုဂိတ်တံခါးပေါက် ပေါ်ထက်လာရာဆီသို့ ငေးကြည့်ရင်းပြောလိုက်သည်။
“အဲဒါ မဖြစ်နိုင်ဘူး။ နန်းတော်သခင်မကို ထိခိုက်အောင် လုပ်နိုင်တဲ့သူ ဒီငရဲဘုံမှာ တစ်ယောက်မှ မရှိဘူး”
သူမဘေးမှ အမျိုးသမီးသည် ထိုစကားပြောသည့်အမျိုးသမီးအား နှာခေါင်းရှုံ့၍ ပြန်ပြောလိုက်သည်။
“နောက်တစ်ကြိမ် အဲလို အဓိပ္ပါယ်မရှိတဲ့ စကားမျိုးထပ် ပြောရင် နင် နန်းတော် အကြီးအကဲ ဖြစ်နေတယ်ဆိုတာ ငါ မေ့သွားလိမ့်မယ်”
“တစ်စုံတစ်ဦး ဒဏ်ရာရနေတာတော့ သေချာတယ်။ ဒါပေမဲ့ ကြည့်ရတာ နန်းတော်သခင်မနှင့်အတူ ပါလာတဲ့ လူတွေထဲက တစ်ယောက်ယောက် ဖြစ်မယ်လို့ ထင်တယ်။ ကျွန်မရဲ့ အစောပိုင်း ယူဆချက် မှားယွင်းသွားပုံပဲ”
စက္ကန့်ပိုင်းအတွင်း ဟင်းလင်းပြင် အက်ကြောင်းသည် ပြန်လည် တည်ငြိမ်သွားခဲ့ပြီး ဂိတ်တံခါးတစ်ခု ပေါ်လာခဲ့ကာ ထိုအထဲမှ အမျိုးသမီးတစ်ဦး ထွက်လာခဲ့၏။
သူမသည် နန်းတော်သခင်မထက် ငယ်ရွယ်ပုံရသော်လည်း မျက်နှာသွင်ပြင်အရမူ နန်းတော်သခင်မနှင့် အတော်လေး တူညီနေလေသည်။
“သခင်မလေးလား”
အကြီးအကဲများသည် နန်းတော်သခင်မနှင့် လွန်စွာဆင်တူသည့် မိန်းကလေးတစ်ယောက်အား တွေ့လိုက်ရသဖြင့် အံ့အားသင့်သွားကြသည်။
အယ်လီနာထွက်လာပြီး သိပ်မကြာခင်မှာပင် ထရီဆာသည်လည်း ဂိတ်တံခါးပေါက်ဆီမှ ထပ်မံ၍ ထွက်ပေါ်လာခဲ့၏။
သို့သော် သူမသည်လည်း တစ်ယောက်တည်း မဟုတ်ပေ။
ဖြူဖပ်ဖြူရော်ဖြစ်နေသော လူငယ်တစ်ဦးအား လက်ထဲ၌ ပွေ့ချီ၍ ထွက်လာခဲ့ခြင်းဖြစ်သည်။
“နန်းတော်သခင်မ သူက...”
အကြီးအကဲများသည် ထိုလူငယ်၏ အခြေအနေကို သတိထားမိလိုက်သောအခါ မျက်မှောင်ကြုတ်မိသွားကြသည်။
ထိုလူငယ်၏ အသက်ဓာတ်အဆီအနှစ်များသည် ဆိုးရွားစွာ ဒဏ်ရာရနေပုံရ၏။
သူ၏ အသက်ဓာတ်သည် အချိန်မမရွေး ပျောက်ကွယ်သွားနိုင်သည့် အနေအထားတွင်ရောက်ရှိနေသည့်ပုံပင်။
သူ့အနေနှင့် ဤမျှဆိုးဝါးစွာ ထိခိုက်မိထားသည့်တိုင် ယခုအချိန်ထိ ဆက်လက် အသက်ရင်နေနိုင်ခြင်းမှာပင် အံ့ဖွယ်ဖြစ်ရပ်တစ်ခု ဖြစ်နေလေသည်။
“သူ့အခြေအနေကို စစ်ဆေးပြီး ဘာဖြစ်နေလဲ ပြောပြစမ်း”
နန်းတော်သခင်မသည် ထိုကဲ့သို့ ကိစ္စရပ်များကို ပို၍ ကျွမ်းကျင်သော နန်းတော် အကြီးအကဲတစ်ဦးအား အာရန်၏ အခြေအနေကို စစ်ဆေးပေးရန် အမိန့်ပေးလိုက်သည်။
ထိုနန်းတော် အကြီးအကဲသည် နန်းတော်သခင်မ၏ အမိန့်အတိုင်း အာရန်၏ အခြေအနေကို စစ်ဆေးကြည့်၏။
သူမသည် အာရန်၏ ခန္ဓာကိုယ်ကို စူးစမ်းရန် သူမ၏ ရေခဲစွမ်းအင်အချို့ကိုပင် စတင်၍ အသက်သွင်းလိုက်သည်။
“ဟင်”
သူမ၏ ရေခဲစွမ်းအင်များသည် အာရန်၏ ခန္ဓာကိုယ်အတွင်းသို့ အလွယ်တကူ ဝင်ရောက်သွားနိုင်ခဲ့သော်လည်း အပြင်သို့ ပြန်မထွက်လာနိုင်ခဲ့ပေ။
သူမ၏ စွမ်းအင်မှန်သမျှသည် အာရန်၏ ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်မိသည်နှင့် တစ်ပြိုင်နက် ချောက်နက်ကြီးတစ်ခုအတွင်းသို့ စုပ်ယူခံလိုက်ရသကဲ့သို့ လုံးဝ ပျောက်ကွယ်သွားခဲ့ရသည်။
“ကျွန်မ သူ့အခြေအနေကို စစ်ဆေးလို့တောင် မရဘူး။ သူ့ခန္ဓာကိုယ်မှာ တစ်ခုခု မှားယွင်းနေတဲ့ပုံပဲ။ သူက ဘယ်သူလဲ”
အကြီးအကဲသည် အာရန်၏ လက်ကို ပြန်လွှတ်လိုက်ပြီး အာရန်၏ ထိုထူးဆန်းသော တုံ့ပြန်မှုကြောင့် အတော်လေး ခေါင်းခဲသွားခဲ့၏။
“ဘာကြောင့် ဒီလို ဖြစ်သွားလဲဆိုတာ သိရရင် စစ်ဆေးစရာ မလိုဘဲ သူ့ကို ကူညီနိုင်မယ်လို့ ထင်ပါတယ်”
“သူက ငါ့အတွက် အရေးကြီးတဲ့သူ တစ်ယောက်ပဲ။ ဘာပဲဖြစ်ဖြစ် မင်း သူ့ကို ကယ်တင်မှဖြစ်မယ်။ ငါတို့ သိမ်းထားတဲ့ ရှေးဟောင်း ဆေးဖက်ဝင် အပင်တွေ အကုန်လုံး သုံးဖို့လိုအပ်မယ်ဆိုရင်တောင် ချက်ချင်းသုံးလိုက်။ ဒါပေမဲ့ သူတော့ သေလို့မရဘူး”
အကြီးအကဲများသည် နန်းတော်သခင်မနှင့် အချိန်အတော်ကြာ အတူရှိခဲ့ဖူးသဖြင့် သူမအနေနှင့် တစ်စုံတစ်ယောက်အတွက် ဤမျှ လေးနက်စွာပြောဆိုသည်ကို ယခင်က တစ်ခါမျှ မမြင်ဖူးခဲ့ပေ။
ခဏကြာသောအခါ ၎င်းတို့သည် ဤလူငယ်မှာ ၎င်းတို့ တစ်ခါမှ မမြင်ဖူးသော နန်းတော်သခင်မ၏ ခင်ပွန်းသည်ဖြစ်နေမည်လားဟုပင် တွေးမိလာကြသည်။
အာရန်သည် အနည်းငယ် ငယ်ရွယ်နေပုံရသော်လည်း နားလည်မှုလွဲမှားခြင်းက ၎င်းတို့၏ စိတ်ထဲတွင် အခြေတည်သွားခဲ့၏။
နန်းတော်သခင်မ၏ ခင်ပွန်းသည် အကြောင်းတစ်ခုခုကြောင့် ဤနေရာသို့ လာရောက်လည်ပတ်ရန်ပင် ငြင်းဆန်နေခဲ့ပြီး ငရဲဘုံတွင်သာ နေကျန်ခဲ့သည်ကို သူမတို့ သိထားပြီးဖြစ်သည်။
ထိုသူသည် နောက်ဆုံး၌ သူ၏ ဇနီးသည်၊ သမီးဖြစ်သူတို့နှင့်အတူ နောက်ဆုံးတွင် ဤနေရာသို့ လာရောက်ရန် ဆုံးဖြတ်ခဲ့ခြင်းများလားဟု တွေးမိလာကြသည်။
“ဘာဖြစ်ခဲ့တာလဲ။ တစ်စုံတစ်ဦးက သူ့ကို တိုက်ခိုက်ခဲ့တာလား”
အနီရောင်ဝတ်ရုံ ဝတ်ဆင်ထားသော အကြီးအကဲမှ မျက်မှောင်ကြုတ်လျက်မေးလိုက်သည်။
အာရန်ခန္ဓာကိုယ်တွင် ပြင်ပဒဏ်ရာဟူ၍ အနည်းငယ်မျှပင် ရှာမတွေ့ခဲ့ရပဲ ထိုမျှ လောက်အထိ အသက်ဓာတ်များ ထိခိုက်မိထားခြင်းကို သူမအနေနှင့် နားမလည်နိုင်သေးပေ။
သူ၏ ခန္ဓာကိုယ်သည် ပုံမှန်ကောင်းမွန်နေပုံရသော်လည်း သူ၏ အသက်ဓာတ် စွမ်းအားများမှာမူ လွန်စွာမတည်မငြိမ် ဖြစ်လွန်နေခဲ့၏။
“ငါတို့ အထက်ကမ္ဘာကို ဝင်ဖို့ ဟင်းလင်းပြင် ဂိတ်တံခါးပေါက်ထဲ မဝင်မချင်း သူ လုံးဝ ကောင်းမွန်နေသေးတယ်။ ဒါပေမဲ့ အထဲကိုဝင်ပြီးတာနဲ့ စက္ကန့် နဲ့အမျှ သူ့အခြေအနေ ပိုပိုဆိုးလာပြီး နောက်ဆုံး မေ့လဲကျသွားခဲ့တယ်။ ငါတောင် သူ ဘာဖြစ်သွားလဲ မသိနိုင်ခဲ့ဘူး”
ထရီဆာသည် အာရန်အတွက် အလွန်အမင်း စိုးရိမ်ပူပန်နေခဲ့၏။
အထူးသဖြင့် သူမသည် သူ့အား မိသားစုဝင်အဖြစ် စတင် သတ်မှတ်လိုက်သည့် အချိန်တွင်မှ ယခုကဲ့သို့ ဖြစ်သွားသောကြောင့် ဖြစ်လေသည်။
အကယ်၍ အာရန်သည်သာ တစ်ခုခု ဖြစ်သွားခဲ့ပါက သူ၏ သမီးအနေဖြင့် လွန်စွာဝမ်းနည်းသွားပေလိမ့်မည်။
ထိုအတွေးက သူမအား ပို၍ပင် ကြောက်လန့်စေခဲ့၏။
“သူ့ကို နင်တို့ ရအောင် ကယ်တင်ရမယ်” ဟု သူမမှ ထပ်မံ၍ သတိပေးလိုက်သည်။
နန်းတော်သခင်မ၏ လွန်စွာ စိုးရိမ်ပူပန်နေသောပုံကို မြင်ရသဖြင့် အကြီးအကဲများသည် အာရန်အား ထရီဆာ၏ ခင်ပွန်းဖြစ်ကြောင်း ပိုမို၍ ယုံကြည်လာခဲ့ကြသည်။
“ကျွန်မ အတတ်နိုင်ဆုံး ကြိုးစားပါ့မယ်”
အနီရောင်ဝတ်ရုံ ဝတ်ဆင်ထားသော အကြီးအကဲသည် သူမ၌ ပိုင်ဆိုင်ထားသော အကောင်းဆုံး အမြင့်ဆုံး ကုသဆေးအား ထုတ်ယူလိုက်သည်။
သူမသည် အာရန်၏ ပါးစပ်ထဲသို့ ထိုဆေးလုံးအား ထည့်တော့မည့်အချိန်တွင် ပြဿနာတစ်ခုကို သတိရလိုက်၏။
အာရန်သည် သတိမေ့လျက်ရှိနေပြီး ထိုဆေးလုံးကို ကိုယ်တိုင် သုံးဆောင်နိုင်မည် မဟုတ်ပေ။
သူမသည် သူမ၏ စွမ်းအင်ကို အသုံးပြု၍ ဤဆေးလုံးကို အာရန်၏ ပါးစပ်အတွင်းမှနေ၍ လည်ချောင်းအောက်ဘက်သို့ အလိုလို မြိုကျသွားရန် လမ်းညွှန်ပေးနိုင်သော်လည်း သူမ၏ ထိုစွမ်းအင်များသည် အာရန်၏ ခန္ဓာကိုယ်ကို ထိတွေ့မိသည်နှင့် အမည်မသိသော တစ်စုံတစ်ရာ၏ စုပ်ယူခြင်းကို ခံလိုက်ရသည်ချည်းသာ ဖြစ်နေ၏။
ဤကဲ့သို့ အခြေအနေမျိုးတွင် သူမအနေနှင့် ရွေးချယ်စရာ နည်းလမ်းတစ်ခုသာ ရှိတော့သည်။
ထိုနည်းလမ်းမှာ အာရန်၏ ခန္ဓာကိုယ်အတွင်းသို့ ထိုဆေးလုံးအား တိုက်ရိုက်ပုံစံဖြင့် တည့်သွင်းရန်သာ ဖြစ်လေ၏။
အကြီးအကဲသည် အာရန်အား ကူညီနိုင်မည့် နည်းလမ်းတစ်ခုကို တွေးလိုက်မိသော်လည်း နန်းတော်သခင်မအား ပြန်ပြောရန်မှာမူ ချီတုံချတုံဖြစ်နေဆဲပင်။
သူမသည် ထိုနည်းလမ်းကို နန်းတော်သခင်မ၏ ခင်ပွန်းအပေါ်တွင် အမှန်တကယ် အသုံးပြုနိုင်ပါ့မလား။
“ဘာလို့ ငါ့ကို ဒီလောက်တောင် စိုက်ကြည့်နေတာလဲ”
နန်းတော်သခင်မသည် ထိုအကြည့်ကို အနည်းငယ် ထူးဆန်းသည်ဟု တွေးလိုက်မိပြီး ထိုအကြီးအကဲမှ အဘယ်ကြောင့် ဤမျှ အချိန်ဖြုန်းနေသည်ကို နားမလည်နိုင်ခဲ့ပေ။ “အချိန်ဖြုန်းမနေဘဲ သူ့ကို ကယ်တင်ဖို့နည်းလမ်းရှာလေ”
“ဟုတ်ကဲ့ပါ နန်းတော်သခင်မ။ ဒါ...ဒါပေမဲ့...နောက်တစ်ဆင့်မှာ ကျွန်မအနေနဲ့ နန်းတော်သခင်မရဲ့ အကူအညီကို လိုအပ်ပါလိမ့်မယ်”
အကြီးအကဲသည် သူမကိုယ်တိုင် ကြိုးစားရန် မဝံ့မရဲ ဖြစ်နေသောကြောင့် ထိုကိစ္စအား ကိုယ်တိုင်ပြုလုပ်ရန် လက်လျှော့လိုက်သည်။
“သူ့ခန္ဓာကိုယ်က တစ်ခုခု ဆိုးဆိုးရွားရွား မှားယွင်းနေပုံရတယ် ကျွန်မရဲ့ စွမ်းအင်တွေ သူ့ခန္ဓာကိုယ်ထဲ ဘယ်လိုမှ ပို့လွှတ်လို့မရဘူးျ။ ကျွန်မ ဆေးလုံးရဲ့ အဆီအနှစ် စွမ်းအင်တွေကို သူ့ခန္ဓာကိုယ်ထဲ လမ်းညွှန်ပေးဖို့ လိုအပ်နေပေမယ့် ကျွန်မအတွက် အဲ့လိုလုပ်ဖို့ မဖြစ်နိုင်လို့ပါ။ နန်းတော်သခင်မ ကိုယ်တိုင် လုပ်မှရပါလိမ့်မယ်”
“ဆေးလုံးရဲ့ အဆီအနှစ်တွေကို လမ်းညွှန်ပေးတယ်ဆိုတာက ဘာကို ဆိုလိုတာလဲ” နန်းတော်သခင်မသည် ထိုစကားများ နောက်ကွယ်မှ လျှို့ဝှက် အဓိပ္ပာယ်ကို စဥ့်စားမိသောအခါ သူမ၏ မျက်နှာတစ်ခုလုံး မှောက်မိုက်သွားခဲ့ရသည်။
သူမသည် ထိုအရာကို မဖြစ်မနေ လုပ်ဆောင်မှ ဖြစ်မည်တဲ့လား...။
(ဘာသာပြန်သူမှတ်ချက်။ ။ နောက်လာမဲ့ အပိုင်းအချို့တွင် ပါဝင်လာမည့် ဇာတ်ကွက်အနည်းငယ်အား သာမန်ဟာသ အမြင်ဖြင့်သာ ဖတ်ရှုပေးပါရန်။)