← Chapters

ဖိတ်ကြားချက်တစ်ခု

Vol. 43 Ch. 630

ဖိတ်ကြားချက်တစ်ခု

Vol. 43 Ch. 630

‘ဒီကောင်ဆိုးလေးကတော့လေ... င့ါနှယ်နော် သူသာ သေလုမျောပါး အခြေအနေမျိုး မဟုတ်ဘူးဆိုရင် ငါတကယ်ပဲ ရိုက်သတ်ပစ်မိလိမ့်မယ်’

ထရီဆာသည် သူမ၏ လက်သီးများကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်ပြီး စိတ်ကို ပြန်စုစည်းလိုက်ရကာ ဆေး အဆီအနှစ်များကို ဆက်လက်၍ လွှဲပြောင်းနေလိုက်သည်။

ဤသို့ဖြင့် တရွေ့ရွေ့ ကုန်လွန်နေသော စက္ကန့်တစ်ခုစီတိုင်းသည် သူမအတွက် ထာဝရကဲ့သို့ပင် ခံစားနေရ၏။

သူမအနေဖြင့် ထိုဆေးလုံး၏ အဆီအနှစ်များအား အကုန်အစင် လွှဲပြောင်းပြီးမှသာ အာရန်၏ နှုတ်ခမ်းများကို လွှတ်လိုက်သည်။

“သခင်မ... လုပ်ငန်းစဥ် အောင်မြင်ရဲ့လား”

ထိုအချိန်တွင် ပိတ်ထားသော ခန်းမတံခါးများ ပြန်ပွင့်လာခဲ့ကာ ဂိုဏ်းအကြီးအကဲများ ပြန်လည် ဝင်ရောက်လာကြသည်။

အယ်လီနာအား သူမ အခန်းသို့ လိုက်ပို့ပေးသော အကြီးအကဲတစ်ဦးသာ ပျောက်ဆုံးနေခဲ့၏။

“အိုး...”

အကြီးအကဲများသည် ၎င်းတို့ ရှေ့မှ မြင်ကွင်းများအား မြင်လိုက်ရသောအခါ ရုတ်တရက် အသက်ရှူပင် မှားသွားခဲ့ကြသည်။

နန်းတော်သခင်မသည် မျက်နှာတစ်ခုလုံး နီရဲလျက်ရှိလေသည်။

ပတ်ဝန်းကျင်သည် အေးစက်နေသော်လည်း သူမ၏ အဝတ်အစားများသည် ချွေးများ ဖြင့် ရွှဲနစ်နေပြီး ခန္ဓာကိုယ်နှင့် ကပ်လွန်းနေခဲ့၏။

သူမသည် အာရန်၏ ဘေးတွင် ပူးကပ်လွန်းသည့် အနေအထားတစ်ခုတွင် ရှိနေခဲ့ကာ ဝင်လာသည့် အကြီးအကဲများအား ရှက်ရွံ့စွာစိုက်ကြည့်နေဟန်ရလေသည်။

“နင်တို့...”

ထရီဆာသည် သူ၏ သမက်လောင်းနှင့် ဤကဲ့သို့သော အခြေအနေမျိုးအား အခြား အကြီးအကဲများမှ မြင်တွေ့လိုက်ရသောကြောင့် ထိုနေရာမှာပင် တောင့်တင်းသွားခဲ့သည်။

ထို့နောက် ထရီဆာသည် သူမ၏ အမူအရာများကို အလျှင်စလို ပြန်လည် ထိန်းချုပ်လိုက်ရပြီး ခန္ဓာကိုယ်အနေအထားအား ပြန်လည်ပြုပြင်လိုက်သည်။

“အဟမ်း။ ငါ ဆေးစွမ်းရည် လွှဲပြောင်းတာတော့ ပြီးသွားပြီ။ အခု သူ့အခြေအနေဘယ်လိုရှိသေးလဲ တစ်ချက် စစ်ဆေးလိုက်ပါဦး”

ထရီဆာသည် အစောပိုင်းက ဘာမှ မဖြစ်ခဲ့သကဲ့သို့ ဟန်ဆောင်လိုက်ကာ ဆေးပညာရှင် အကြီးအကဲအား အာရန်ကို ထပ်မံစစ်ဆေးရန် အမိန့်ပေးလိုက်သည်။

ဆေးပညာရှင် အကြီးအကဲသည် နန်းတော်သခင်မအား ခေါင်းညိတ်ပြလိုက်ပြီး အာရန်အနားသို့ ကပ်သွားခဲ့သည်။

သူမသည် အာရန်ဘေးတွင် ထိုင်လိုက်ပြီး သူမ၏ စွမ်းအင်ကို မထုတ်သုံးသေးဘဲ သူ၏ ခန္ဓာကိုယ် အခြေအနေများကို အရင်စစ်ဆေးရန်ပြင်လိုက်သည်။

“သူ့မျက်နှာသွင်ပြင်အရ အခြေအနေတွေတော့ ပိုကောင်းလာပုံပဲ။ ပြီးတော့...”

ထိုသို့ပြောနေစဥ်မှာပင် သူမ၏ မျက်လုံးများသည် အာရန်၏ ခါးအောက်ပိုင်းရှိ တစ်စုံတစ်ရာအား သတိပြုမိသွားခဲ့သည်။

“သူ....သူ အတော်လေး တက်ကြွနေပုံရတယ်။ ဒါဆို ဆေးက သေချာပေါက် အလုပ်ဖြစ်ခဲ့လို့ပဲ ဖြစ်ရမယ်”

နန်းတော်သခင်မဖြစ်သူ ထရီဆာသည်လည်း အကြီးအကဲ၏ ထိုအကြည့်ကို သတိထားမိလိုက်၏။

ထို့နောက် ရုတ်တရက် ထရီဆာသည် သူမ၏ အပေါ်ဝတ်ရုံကို ချွတ်လိုက်ကာ အာရန်၏ ခါးအောက်ပိုင်းအား ဖုံးကွယ်ထားလိုက်သည်။

‘နန်းတော်သခင်မက ငါမြင်သွားတာကို မနာလိုဖြစ်နေတာများလား။ သူမအပြုအမူက အရမ်း ကို ချစ်စရာကောင်းလွန်းနေတယ်... သူမရဲ့ ကိုယ်ပိုင်အရာတစ်ခုကို အခြားသူမြင်မှာ မကြိုက်ဘူ‌ပေ့ါလေ’

ဆေးပညာရှင် အကြီးအကဲသည် အဓိပ္ပါယ်ပါပါ တစ်ချက် ပြုံးလိုက်ပြီးနောက် သူမ၏ အကြည့်ကို အာရန်၏ မျက်နှာဆီသို့ ပြန်လည် ပြောင်းလဲလိုက်၏။

“သူ သက်သာလာပြီဆိုရင် ဘာလို့ ခုထိ နိုးမလာသေးတာလဲ” ဟု ထရီဆာမှ မေးလိုက်သည်။

အကြီးအကဲသည် သူမ၏ လက်ကို အာရန်၏ နဖူးပေါ်တွင် တင်လိုက်ပြီး ထပ်မံစစ်ဆေးကြည့်လိုက်သည်။

“သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာ အခြေအနေကတော့ ပိုကောင်းလာပြီ။ ဒါပေမဲ့ သူ သတိလစ်နေတုန်းပဲ။ ဒါပေမဲ့ မကြာခင် နိုးလာလိမ့်မယ်လို့ မျှော်လင့်ရတာပဲ”

“ဒါမှ မဟုတ်...”

သူမသည် တစ်စုံတစ်ရာကို ထပ်မံ၍ ပြောဆိုရန် ပြင်လိုက်စဥ်မှာပင် နန်းတော်သခင်မ၏ မျက်နှာပေါ်ရှိ စိတ်သက်သာရာ ရသွားသည့်အမူအရာကို သတိထားမိလိုက်သောကြောင့် သူမ၏ နောက်ဆက်တွဲ စကားလုံးများကို ဤမျှနှင့် အဆုံးသတ်ထားလိုက်၏။

ထို့နောက် ဆေးပညာရှင် အကြီးအကဲသည် အာရန်ဘေးမှ ထရပ်လိုက်ပြီး “သူ့ကို စောင့်ကြည့်နေဖို့ လိုအပ်သေးတယ်။ အဆင်ပြေမယ်ဆိုရင် သခင်မအနေနဲ့ သူ့ကို ကျွန်မနဲ့အတူ ထည့်ပေးလိုက်ပါလား” ဟု ပြန်ပြောလိုက်သည်။

“အင် ဖြစ်တယ်လေ။ သူ့ကို သေခြာ စောင့်ကြည့်ထားပြီး သူ သက်သာလာတာနဲ့ ချက်ချင်း ငါ့ကို အကြောင်းကြားပါ။ ငါ သူ့အခြေအနေကို ပုံမှန် လာပြီးစစ်ဆေးမယ်။ တစ်ခုခု ထူးခြားတာဖြစ်ခဲ့ရင် မင်းအနေနဲ့ ငါ့ကို ချက်ချင်းသတင်းပို့ရလိမ့်မယ်”

ထရီဆာသည် သူမတွင် အပြစ်မရှိသော်လည်း ဤကဲ့သို့သော အခြေအနေမျိုးတွင် လူမြင်ခံလိုက်ရသောကြောင့် အနည်းငယ် ရှက်ရွံ့နေမိဆဲပင်။

ထို့နောက် ထရီဆာသည် အာရန်အား ဆေးပညာရှင် အကြီးအကဲနှင့်အတူထားခဲ့ရန် သဘောတူညီလိုက်သည်။

အကြီးအကဲသည် ရှေ့သို့ တိုးသွား၍ အာရန်အား သူမ၏ လက်ဖြင့် ပွေ့ချီလိုက်ချိန်တွင် အာရန်၏ ခန္ဓာကိုယ်ပေါ်တွင် ဖုံးထားသော နန်းတော်သခင်မ၏ အပေါ်ဝတ်ရုံကို ဖယ်ရှားရန် မဝံ့မရဲ ဖြစ်နေခဲ့၏။

သူမသည် နန်းတော်သခင်မ၏ နားလည်မှုလွဲမှားခြင်း ခံရမည်ကို စိုးရိမ်နေခဲ့လေသည်။

“ဘာပဲဖြစ်ဖြစ် သူ ဘေးကင်းနေရမယ်။ ဒါကိုမင်း မြဲမြဲ မှတ်ထား...” နန်းတော်သခင်မသည် ဆေးပညာရှင် အကြီးအကဲအား တစ်ဖန် ထပ်၍ သတိပေးလိုက်သည်။

“ဪ ပြောဖို့မေ့နေတာ သူ့ကို ခေါ်သွားတဲ့အခါ ဟင်းလင်းပြင် စွမ်းရည်တွေ လုံးဝမသုံးပါနဲ့။ အဲဒါက သူ့အခြေအနေကို ပိုဆိုးသွားစေလိမ့်မယ်။ ဘာကြောင့် အဲ့လို ဖြစ်ရတာလဲဆိုတာကိုတော့ မင်းအနေနဲ့ ဆက်ပြီးလေ့လာပေးပါ”

“ကျွန်မ... ကျွန်မ သူ့ကို ကျွန်မရဲ့ အသက်နဲ့ထပ်တူ ဂရုစိုက်ပါ့မယ်”

ဆေးပညာရှင် အကြီးအကဲသည် ထရီဆာအား ခေါင်းညိတ်နှုတ်ဆက်လိုက်ပြီးနောက် ထိုခန်းမဆောင်အတွင်းမှ ထွက်ခွာသွားခဲ့သည်။

သူမသည် ဟင်းလင်းပြင် ခရီးသွားခြင်းကို အသုံးပြုမည်ဆိုပါက သူမ၏ ဦးတည်ရာသို့ ချက်ချင်း ရောက်သွားနိုင်သော်လည်း နန်းတော်သခင်မ၏ အကြံပေးချက်ကို လိုက်နာပြီး သည်အတိုင်း ပျံသန်း၍သာ သွားခဲ့လေသည်။

ထရီဆာသည် အာရန်တစ်ယောက် သူမ မြင်ကွင်းမှ ပျောက်ကွယ်သွားပြီးနောက် သူမ၏ နန်းတော် ပလ္လင်ရှိရာ ဆီသို့ ပြန်လည် လျှောက်လာခဲ့၏။

သူမသည် ပလ္လင်ပေါ်၌ ထိုင်ချလိုက်ပြီး သူမ၏ စိတ်ပိုင်းဆိုင်ရာ အခြေအနေအချို့အား ပြန်လည် ကုစားရန် ကြိုးစားလိုက်သည်။

“ငါ ဒီမှာ မရှိတဲ့ အတောအတွင်း ထူးခြားတာ တစ်ခုခုများ ဖြစ်သွားခဲ့သေးလား” သူမရှေ့တွင် ပြန်လည် စုဝေးရောက်ရှိနေသော နှင်းပျိုဖြူနန်းတော်မှ အကြီးအကဲအချို့အား မေးလိုက်၏။

“အလင်းဘုရားကျောင်းရဲ့ အခြေအနေကော ဘယ်လိုလဲ။ သူတို့ရဲ့ နောက်တက်မဲ့ ခေါင်းဆောင်ကို ရွေးချယ်ပြီးပြီလား”

“အဲဒါနဲ့ ပတ်သက်ပြီးတော့...”

အကြီးအကဲတစ်ဦးသည် စာအိတ်လေးတစ်အိတ်ကို ထုတ်လိုက်ကာ အနည်းငယ် ချီတုံချတုံ ဖြစ်နေဟန်ရလေသည်။

“ဗဟိုဒေသဆီကနေ ဖိတ်စာတစ်စောင် ရရှိထားပါတယ်။ ဒါက အလင်းဘုရားကျောင်း အခြေအနေနဲ့ ဆက်စပ်နေပုံရတယ်”

“ဟုတ်လား ဘယ်သူဆီကလဲ”

ထရီဆာသည် ထိုသတင်းကြောင့် မျက်မှောင်ကြုတ်လိုက်ပြီးနောက် စာအိတ်အား လှမ်းယူလိုက်သည်။

သို့သော် စာအိပ်အပြင်ဘက်တွင် စကားလုံး တစ်လုံးမှ မပါဝင်သည့်အပြင် ပေးပို့သူမည်သူမည်ဝါဖြစ်သည်ကိုလည်း မဖော်ပြထားချေ။

သူမသည် စာအိတ်ကို ဖွင့်လိုက်ပြီး အတွင်းမှ စာတစ်စောင်အား ထုတ်ယူလိုက်သည်။

ထိုစာအား ဖွင့်ဖက်လိုက်သည်နှင့် ခန်းမတစ်ခုလုံးအား အလွန်အားပြင်းသော အော်ရာတစ်ခု ဖြင့်ဖုံးလွှမ်းသွားခဲ့၏။

“အလင်း ဘုရားကျောင်းကဖိတ်စာပဲ”

ထို အော်ရာသည် ထရီဆာအား တစ်စုံတစ်ရာကို သဘောပေါက်စေခဲ့သည်။

၎င်းသည် အလင်း ဘုရားကျောင်းမှ လူများနှင့် သက်ဆိုင်သော အော်ရာပင် ဖြစ်လေ၏။

“ လွန်ခဲ့တဲ့ ရက်အနည်းငယ်က အလင်း ဘုရားကျောင်းက သံတမန်တစ်ဦး ရောက်လာခဲ့တယ်။ သူက စာတစ်စောင်ချန်ထားခဲ့ပြီး ဒါက နန်းတော်သခင်မ အတွက်သီးသန့် ဖြစ်တယ်လို့ ကျွန်မတို့ကို မှာသွားခဲ့ပါတယ်”

“သူတို့ လူတွေက နောက် ဘုရားကျောင်းရဲ့ ဦးဆောင်သူ ဖြစ်လာဖို့ အပြင်းအထန် တိုက်ခိုက်နေကြတဲ့အချိန်မှာ ဗဟိုဒေသရဲ့ အစွမ်းအထက်ဆုံး အင်အားစုတွေကို အုပ်စိုးဖို့ ကြိုးစားနေကြတာမလား။ အဲ့ဒီလို ရှုပ်ထွေးနေတဲ့ အချိန်မျိုးမှာ သူတို့အနေနဲ့ ဒီလို ဖိတ်စာတွေလျှောက်ဝေဖို့ တကယ်ပဲ အချိန် ရနေတယ်ပေ့ါ”

ထရီဆာသည် တစ်ချက် ရယ်မောလိုက်ပြီးနောက် ထိုစာကို ဖွင့်ပြီး ဖတ်ရှုရန် ပြင်လိုက်သည်။

“သခင်မရှင့် စာထဲမှာ ဘာတွေများ ရေးထားပါသလဲ”

အကြီးအကဲများသည် မနေနိုင်တော့ပဲ ထရီဆာအား မေးမြန်းလိုက်ကြသည်။

“သူတို့က ကျွန်မတို့ဂိုဏ်းရဲ့ အကူအညီကို တောင်းခံချင်နေတာလား”

“ဒါက ဖိတ်ကြားချက်သက်သက်ပဲ။ သူတို့ရဲ့ နောက်တက်မဲ့ ခေါင်းဆောင်သစ်အတွက် ဘိသိက်ခံ အခမ်းအနားကို တက်ရောက်ဖို့ ငါတို့ကို ဖိတ်ခေါ်ချင်နေတာ”

“ နောက်တက်မဲ့ ခေါင်းဆောင်သစ် ဟုတ်လား။ အဲဒီနေရာအတွက် တိုက်ပွဲတွေ က တဖြည်းဖြည်း ပိုဆိုးလာနေတာ မဟုတ်ဘူးလား။ ဒီလိုအချိန်မှာ သူတို့က နောက်တက်မဲ့ ခေါင်းဆောင်သစ်ကိုတောင် တကယ်ကြီးရွေးပြီးသွားတာလား”

“ကျွန်မတို့ရဲ့ သတင်းကွန်ရက်က မလုံလောက်သေးဘူး။ ဒါကြောင့် ကျွန်မခန့်မှန်းချက်အရတော့ သူတို့အနေနဲ့ နောက်တက်မဲ့ ခေါင်းဆောင်သစ်ကို ရွေးချယ်ပြီးသား ဖြစ်ရင်ဖြစ်မယ်။ ဒါမှမဟုတ်ရင် ဘိသိက်ခံမယ့်နေ့ မတိုင်ခင်မှာ ရွေးချယ်မှုကို ပြီးစီးမယ်လို့ လုံးဝ ယုံကြည်ထားတာ ဖြစ်ရမယ်”

“အဲဒီလို ဆိုရင်တောင် သူတို့အနေနဲ့ ဘာလို့ ငါတို့ကို ဖိတ်ကြားစာ ပို့ရတာလဲ။ ငါတို့က ဗဟိုဒေသရဲ့ အုပ်ချုပ်ခံ အစိတ်အပိုင်းတစ်ခု ဟုတ်မနေဘူးလေ”

“သူတို့က ဗဟိုဒေသကို ကျော်လွန်ပြီး သင့်တင့်လျောက်ပတ်တဲ့ အင်အားစုတိုင်းကို ဒီ ဖိတ်ကြားလွှာ ပို့ခဲ့တာဖြစ်မယ်လို့ ငါ ယူဆမိတယ်”

ထရီဆာသည် ထိုစာအား မူလစာအိတ်ထဲသို့ ပြန်ခေါက်ထည့်လိုက်ရင်း ပြောလိုက်၏။

“သူတို့လိုချင်တာ အလင်း ဘုရားကျောင်းက ပြိုလဲသွာတာမဟုတ်ဘဲ အစွမ်းထက် အင်အားစုတစ်ခုအဖြစ် ဆက်လက် တည်ရှိနေသေးတယ်ဆိုတာ အထက်ကမ္ဘာ တစ်ခုလုံးကို အသိပေးစေချင်တာ ဖြစ်ရမယ်”

“ဒါက နားလည်ပေးလို့ရပါတယ်။ ဘာပဲဖြစ်ဖြစ် သူတို့ရဲ့ နောက်ဆုံးခေါင်းဆောင် ရုတ်တရက် သေဆုံးပြီးတဲ့နောက် သူတို့ဘုရားကျောင်းရဲ့ ဂုဏ်သတင်းဟာ ရုတ်တရက် ‌အောက်ကို ‌ဇောက်ထိုး ပြုတ်ကျသွားခဲ့တာပဲလေ။ ကျွန်မတို့ အနေနဲ့ ဒီဖိတ်ကြားချက်ကို လက်ခံသင့်ရဲ့လား” ဟု အကြီးအကဲတစ်ဦးက အတွေးများထဲ နစ်မြုပ်နေသော နန်းတော်သခင်မ ထရီဆာအား မေးခွန်းထုတ်လိုက်သည်။

“သူတို့ရဲ့ အရင်ခေါင်းဆောင် ဘယ်လို သေဆုံးသွားလဲဆိုတာ ငါ့အတွက် ခုထိ ပဟေဠိတစ်ခု ဖြစ်နေတုံးပဲ...” ဟု ထရီဆာမှ ပြန်ပြောလိုက်သည်။

All Chapters