ထာဝရအသက်ရှင်ခြင်းလျှို့ဝှက်နယ်ပယ် ကျွမ်းကျင်သူများ စုဝေးခြင်း
Vol. 16 Ch. 253
"ဧကရာဇ်ဦးလေး ၅၊ အနှောင့်အယှက်ပေးရပါပြီ။"
ချစ်ဧကရာဇ်သားတော်သည် ဘေးရှိ အနက်ရောင်ဝတ်ရုံနှင့် အမျိုးသားတစ်ဦးအား ပြောလိုက်၏။
ဤ အနက်ရောင်ဝတ်ရုံနှင့် အမျိုးသားသည်လည်း ထာဝရဧကရာဇ် မျိုးနွယ်ဝင်တစ်ဦးဖြစ်ပြီး ကျင့်ကြံမှုအဆင့်မှာ လေးဆယ့်ကိုးလှမ်း ဗလာသို့ပြန်ခြင်း အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
ထျန်းချွမ်းကန္တာရ၏ ထူးခြားမှုကြောင့် ဤတစ်ကြိမ် ထာဝရဧကရာဇ်မျိုးနွယ်ထဲတွင် ကျင့်ကြံမှုအလှမ်းငါးဆယ် ကျော်လွန်သူ တစ်ဦးတည်းသာရှိပြီး ၎င်းမှာ ချစ်ဧကရာဇ်သားတော်ပင်။
အခြားသူများမှာမူ အားလုံး အလှမ်းငါးဆယ် အောက်တွင်သာ ရှိကြသည်။
နည်းလမ်း မရှိပေ။ ချစ်ဧကရာဇ်သားတော်၏ အငွေ့အသက်ကို ယာယီ ပိတ်ဆို့ရန်နှင့် အမှောင်နန်းတော်မှ သတိပြုမိခြင်းမှ ကာကွယ်ရန်အတွက် ထာဝရဧကရာဇ်မျိုးနွယ်သည် စောစီးစွာကတည်းက ကြိုတင် အကွက်ချ ခင်းကျင်းခဲ့ပြီး ဖြစ်သည်။
ဒုတိယမြောက် လူတစ်ဦးအတွက် ဤသို့သော အကွက်ချ ခင်းကျင်းမှုကို ထပ်မံ ပြုလုပ်ရန် မဖြစ်နိုင်တော့ပေ။
အခြား အင်အားစုကြီးများသည်လည်း အလားတူ အခြေအနေ ဖြစ်လောက်သည်ဟု တွေးထင်ရ၏။
ချစ်ဧကရာဇ်သားတော်၏ ကျင့်ကြံမှုအဆင့် အငွေ့အသက်သည် ပိတ်ဆို့ခြင်း ခံထားရသဖြင့် သာမန်လူ တစ်ဦးနှင့်ညီမျှနေရာ လုံလောက်စွာ ယုံကြည်ရသော ရင်းနှီးသည့် စိတ်ချရသူများ၏ အကာအကွယ်ပေးမှု မဖြစ်မနေ လိုအပ်ပေသည်။
ဤအနက်ရောင်ဝတ်ရုံနှင့် အမျိုးသားသည် ထိုသူများထဲမှ တစ်ဦး ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ ချစ်ဧကရာဇ်သားတော်သည် တာအိုသားတော် အဆင့် ထူးချွန်ပြောင်မြောက်သည့် ပါရမီရှင်တစ်ဦးဖြစ်ပြီး အနာဂတ်တွင် အထက်ဘုံသို့ တက်လှမ်းရန် အခွင့်အရေးရှိရာ မည်သည့် ချွတ်ချော်မှုမျှ ဖြစ်ပွားခွင့် မပြုနိုင်ပေ။
အကယ်၍ ထျန်းလန်နတ်ဘုရားစံအိမ်အတွင်းမှ နတ်ဘုရားကံကြမ္မာ အခွင့်အရေးသည် အလွန်အမင်း အရေးမကြီးခဲ့ပါက ချစ်ဧကရာဇ်သားတော်သည် ဤမျှ ကြီးမားသော အန္တရာယ်ကို စွန့်စား၍ ထျန်းချွမ်းကန္တာရသို့ ဝင်ရောက်လာရန် လုံးဝ မဖြစ်နိုင်ပေ။
အနက်ရောင်ဝတ်ရုံနှင့်အမျိုးသားသည် စကားနည်းသူဖြစ်ပြီး ခေါင်းညိတ်ပြလိုက်ရုံသာပြုလိုက်သည်။ ထို့နောက် ချစ်ဧကရာဇ်သားတော်အား များပြားလှသော ထာဝရအသက်ရှင်ခြင်းလျှို့ဝှက်နယ်ပယ် ကျွမ်းကျင်သူများ၏ အကာအကွယ်ပေးမှုဖြင့် ချင်းညာအိုခန်းမဆောင်မှ ထွက်ခွာသွားပြီး ထျန်းလန်နတ်ဘုရားစံအိမ်ပေါ်ထွက်ရာနေရာသို့ အလျင်အမြန် ပျံသန်း ထွက်ခွာသွားလေသည်။
တစ်ချိန်တည်းမှာပင် ထျန်းချွမ်းကန္တာရ၏ အခြား နေရာများတွင်လည်း အင်အားကြီးမားသော အငွေ့အသက်များ အသီးသီး ပျံသန်း ထွက်ပေါ်လာပြီး ထျန်းလန်နတ်ဘုရားစံအိမ်ရှိရာသို့ ဦးတည် သွားကြ၏။
ထျန်းလန်နတ်ဘုရားစံအိမ်ပေါ်ထွက်လာသည့် သတင်းသည် လမ်းကြောင်းအမျိုးမျိုးမှတစ်ဆင့် ပျံ့နှံ့သွားသည်နှင့် ထျန်းချွမ်းကန္တာရနှင့် အတော်အတန် နီးကပ်သော အင်အားစုများမှလည်း ထာဝရအသက်ရှင်ခြင်းလျှို့ဝှက်နယ်ပယ် ကျွမ်းကျင်သူများ အသီးသီး ထွက်ခွာ လာကြ၏။
"ထျန်းလန်နတ်ဘုရားစံအိမ် ပေါ်ထွက်လာပြီ။ ဒီအဘိုးကြီး ဝင်ကြည့်ချင်တယ်။"
လင်ဝမ်အိမ်တော်မှ ဘိုးဘေး ဝမ်လင်သည် လင်ဝမ်အိမ်တော်မှ ထာဝရအသက်ရှင်ခြင်းလျှို့ဝှက်နယ်ပယ် ကျွမ်းကျင်သူ အနည်းငယ်ကို ဆင့်ခေါ်လိုက်ပြီး ပြောလိုက်သည် ။ "လင်ဝမ်အိမ်တော်ကိုတော့ မင်းတို့အားလုံးကိုပဲ အပ်နှံခဲ့ပြီ။"
"ဘိုးဘေး.... အရှင်...."
လင်ဝမ်အိမ်တော်မှ တိုက်ရိုက် သွေးသားတော်စပ်သည့် ထာဝရအသက်ရှင်ခြင်းလျှို့ဝှက်နယ်ပယ် ကျွမ်းကျင်သူတစ်ဦးက မနေနိုင်ဘဲ တားမြစ်ရန် ကြိုးစားလိုက်၏။
အဘယ်ကြောင့်ဆိုသော် သူသည် ထျန်းလန်နတ်ဘုရားစံအိမ်အတွင်းမှ အန္တရာယ်မှာ အလွန် ကြီးမားကြောင်းကို သိရှိသောကြောင့် ဖြစ်သည်။
ဘိုးဘေးသာ အတွင်း၌ကျဆုံးသွားခဲ့ပါက လင်ဝမ်အိမ်တော်သည် သေချာပေါက် ဆုတ်ယုတ်သွားမည် ဖြစ်ပြီး အခြေအနေကို ထိန်းချုပ်နိုင်မည့် အင်အားကြီး ပုဂ္ဂိုလ် လုံးဝ မရှိတော့ပေ။
"ဒါက ဒီအဘိုးကြီးရဲ့ နောက်ဆုံး အခွင့်အရေးပဲ။"
ဘိုးဘေး ဝမ်လင်သည် သက်ပြင်းတစ်ချက် ချလိုက်၏။
သူသည်လည်း ဤသည်မှာ အလောင်းအစားတစ်ခုဖြစ်ကြောင်းကို ဘယ်လိုလုပ် မသိဘဲနေမှာလဲ။
ဒီအလောင်းအစား ရှုံးနိမ့်သွားပါက ဆုံးရှုံးသွားမည်မှာ မိမိ၏အသက် တစ်ခုတည်းသာ မဟုတ်ဘဲ လင်ဝမ်အိမ်တော်၏အနာဂတ်လည်း ပါဝင်ပေသည်။
ထာဝရမင်းဆက်သည် နှစ်ပေါင်း မည်မျှ ကြာမြင့်စွာ တည်ရှိခဲ့သည်ကို မသိရဘဲ။ ယခင်က ထွန်းတောက်ခဲ့သော အင်အားစု မည်မျှ ဆုတ်ယုတ်ပျက်စီးကာ သမိုင်း၏မြူမှုန်များထဲတွင် လုံးဝ ပျောက်ကွယ်သွားခဲ့သည်ကိုလည်း မသိရသလို အင်အားစုအသစ်များ မည်မျှ ထွန်းကားလာခဲ့သည်ကိုလည်း မသိရပေ။
လင်ဝမ်အိမ်တော်သည် ထာဝရဧကရာဇ်မျိုးနွယ်၏ အကိုင်းအခက်တစ်ခုဖြစ်သော်လည်း... ဤသို့သော အကိုင်းအခက်မျိုးသည် ထာဝရမင်းဆက်တစ်ခုလုံး၏ နယ်နိမိတ်အတွင်း၌ အမှန်တကယ်ပင် အလွန် များပြားလှ၏။
သာမန် ပြည်သူလူထု မည်မျှတွင် ဧကရာဇ်မျိုးနွယ်၏သွေး ပါဝင်နေသည်ကို မသိနိုင်ပေ။
သူသာ ကျဆုံးသွားခဲ့ပါက လင်ဝမ်အိမ်တော်သည် တစ်မဟုတ်ချင်း ဆုတ်ယုတ်သွားမည် မဟုတ်ဟု ဆိုသော်လည်း သေချာပေါက် သာမန်အင်အားစု တစ်ခုအဖြစ်သို့ ပြောင်းလဲသွားပေမည်။
သို့သော် သူသည် လေးဆယ့်ကိုးလှမ်းတွင် ပိတ်မိနေသည်မှာ အလွန် ကြာမြင့်ခဲ့ပြီဖြစ်ရာ ထောင်စုနှစ်အတွင်း တစ်ခါသာ ကြုံရသော အခွင့်အရေးကို လွဲချော်သွားပါက ဗလာသို့ပြန်ခြင်း အဆင့် အလှမ်းငါးဆယ်အထက်သို့ ထိုးဖောက် တက်လှမ်းနိုင်တော့မည် မဟုတ်ပေ။
အကယ်၍ အလောင်းအစားသာ အောင်မြင်ခဲ့ပါက....
သူသည် ဗလာသို့ပြန်ခြင်း အဆင့် အလှမ်းငါးဆယ်အထက်မှ အဆင့်မြင့် ထာဝရအသက်ရှင်ခြင်းလျှို့ဝှက်နယ်ပယ် ကျွမ်းကျင်သူတစ်ဦး ဖြစ်လာမည်ဖြစ်ပြီး အသက် ပိုမိုရှည်ကြာစွာ နေထိုင်နိုင်ပေမည်။ ထို့ကြောင့် သူ့အား အမွေဆက်ခံသူကို ပျိုးထောင်ရန် အချိန် ပိုမိုရရှိစေမည်ဖြစ်ပြီး လင်ဝမ်အိမ်တော်သည်လည်း ပိုမိုထွန်းကားလာပေလိမ့်မည်။
လင်ဝမ်အိမ်တော်မှ ဘိုးဘေးဝမ်လင်ကဲ့သို့သော အခြေအနေမျိုးသည် များပြားလှစွာသော အင်အားစုများ အတွင်း၌ ဖြစ်ပွားလျက် ရှိ၏။
တစ်ကြိမ်ကြိုးစားကြည့်ရန်အတွက် များပြားလှစွာသော ထာဝရအသက်ရှင်ခြင်းလျှို့ဝှက်နယ်ပယ် ကျွမ်းကျင်သူများသည် ရွေးချယ်မှုများ ပြုလုပ်ခဲ့ကြ၏။
......
ကောင်းကင်ဘုံဓားစံအိမ်မှ လင်ချင်းဖိန်နှင့် အကြီးအကဲချီတို့ နှစ်ဦးသည် ယီလင်မြို့အပြင်ဘက်သို့ ရောက်ရှိလာခဲ့ကြပြီဖြစ်သည်။
နှစ်ဦးသားသည် ယီလင်မြို့အနီးအနားကောင်းကင်ယံတွင် ပျံဝဲနေသော ကြီးမားလှသည့် ပျံဝဲကျွန်းကို ကြည့်ရင်း မျက်နှာထက်တွင် တုန်လှုပ်ခြောက်ခြားသွားသော အမူအရာများ ပေါ်ထွက်လာ၏။
"ယီလင်မြို့ကတော့ အရှုပ်အထွေး အကြီးအကျယ် ဖြစ်တော့မှာပဲ။"
လင်ချင်းဖိန်သည် တစ်ကိုယ်တည်း ရေရွတ်လိုက်သည်။
အကြောင်းကတော့ ယီလင်မြို့သည် ပေါ်ထွက်လာသော ထျန်းလန်နတ်ဘုရားစံအိမ်နှင့် အမှန်တကယ်ပင် အလွန် နီးကပ်နေသောကြောင့်ပင်။
ထိုအချိန်ကျလျှင် များပြားလှသော ထာဝရအသက်ရှင်ခြင်းလျှို့ဝှက်နယ်ပယ် ကျွမ်းကျင်သူများသည် အမတနယ်မြေအရပ်ရပ်မှ အလျင်အမြန်ရောက်ရှိလာကြပြီး ထျန်းလန်နတ်ဘုရားစံအိမ် အတွင်းသို့ဝင်ရောက်ကာ ကံကြမ္မာအခွင့်အရေးများကို ရှာဖွေကြမည်ဖြစ်ရာ သေချာပေါက် အမျိုးမျိုးသော ပဋိပက္ခများ ဖြစ်ပွားပေလိမ့်မည်။
ထာဝရအသက်ရှင်ခြင်းလျှို့ဝှက်နယ်ပယ်များအကြားမှ ပဋိပက္ခသည် ဘယ်လောက်တောင် ကြောက်မက်ဖွယ် ကောင်းနေလိုက်မလဲ။ ယီလင်မြို့သည် သေချာပေါက် ထိခိုက်မှုများ ရှိသွားနိုင်ပေသည်။
တစ်ခဏချင်းတွင် ယီလင်မြို့သည် မြေပြန့်အဖြစ်သို့ ပြောင်းလဲသွားနိုင်ပေသည်။
တာအိုရောင်းရင်းလီချန်၏စွမ်းအား အလွန်အားကောင်းသော်လည်း အင်အားစုကြီး အသီးသီးမှ ထာဝရအသက်ရှင်ခြင်းလျှို့ဝှက်နယ်ပယ် ကျွမ်းကျင်သူများကို ရင်ဆိုင်ရာတွင်မူ မလုံလောက်တော့ပေ။
ကံကောင်းသည်မှာ ထျန်းချွမ်းကန္တာရသည် အတော်လေး ထူးခြား၏...
"ကျွန်မနောက်ကို လိုက်ခဲ့။"
လင်ချင်းဖိန်က အကြီးအကဲချီအား ပြောလိုက်၏။
အကြီးအကဲချီက ခေါင်းညိတ်လိုက်သည်။ သူသည် ဤယီလင်မြို့သည် သာမန်ဟု ထင်ရသော်လည်း အမှန်တကယ်တွင် ကြောက်မက်ဖွယ် မဟာအစီအရင်တစ်ခု ဝှက်ထားကြောင်းကို သိရှိရာ သဘာဝအတိုင်း ပေါ့ပေါ့ဆဆ မသွားရဲပေ။
သို့သော် ရုတ်တရက် လင်ချင်းဖိန်သည် သူမ ယီလင်မြို့ အတွင်းသို့ လုံးဝ ဝင်ရောက်နိုင်ခြင်း မရှိသည်ကို သတိပြုမိလိုက်၏။
ပုံသဏ္ဌာန်မဲ့ နံရံ တစ်ခု ကာဆီးထားသကဲ့သို့ပင် မည်သို့ပင် ရှေ့သို့ တိုးစေကာမူ နေရာမှာပင် ခြေလှမ်း လှမ်းနေသကဲ့သို့ ဖြစ်နေသည်။
"ဒါ ဘယ်လို ဖြစ်တာလဲ။"
လင်ချင်းဖိန် ကြောင်အသွား၏။
တာအိုရောင်းရင်းလီချန်က သူမအား မဟာအစီအရင် အတွင်းသို့ ဝင်ရောက်ခွင့်အာဏာကို ပိတ်ပင်လိုက်ခြင်းတော့ မဟုတ်လောက်ပေ။
သူမသည် အချိန်ခေါင်းလောင်းနယ်ပယ်သည် လှိုင်ဂူကောင်းကင်ဘုံအဖြစ်သို့ အဆင့်မြှင့်တင်ပြီးနောက် မူလမဟာအစီအရင်သည် အခြေခံအားဖြင့် အလှဆင်ပစ္စည်း ဖြစ်သွားခဲ့ပြီ ဖြစ်ကြောင်းကို မသိရှိပေ။
အပြင်မှ လာရောက်သူများ လှိုင်ဂူကောင်းကင်ဘုံအတွင်းသို့ ဝင်ရောက်လိုပါက လှိုင်ဂူကောင်းကင်ဘုံ၏ စွမ်းအားဖြင့် မှတ်သားခြင်း ခံရမှသာလျှင် ဖြစ်နိုင်ပေမည်။
လီချန်သည် လှိုင်ဂူကောင်းကင်ဘုံအတွင်းမှ သက်ရှိအားလုံးကိုသာ မှတ်သားခဲ့ခြင်းဖြစ်ပြီး အပြင်မှ လာရောက်သူများမှာမူ... မဖြစ်နိုင်ပေ။
သို့သော် သူသည် နောင်တွင် အထူးအမိန့်ပြားအချို့ကို သန့်စင်မည်ဖြစ်ပြီး လှိုင်ဂူကောင်းကင်ဘုံ၏ မှတ်သားခြင်း မခံရလျှင်ပင် အမိန့်ပြားကို ကိုင်ဆောင်၍ ဝင်ထွက်နိုင်ပေမည်။
မည်သို့ပင်ဖြစ်စေ နတ်ဘုရားဓားဂိုဏ်းသည် နှစ်နှစ်၊ သုံးနှစ်လျှင် တစ်ကြိမ် တပည့်သစ်များ ခေါ်ယူလေ့ရှိပြီး တပည့်သစ်ခေါ်ယူသူများ နတ်ဘုရားဓားဂိုဏ်းသို့ ဝင်ရောက်လိုပါက အမိန့်ပြားကို ကိုင်ဆောင်ရန်သာ ရှိတော့သည်။ သူ အကြိမ်တိုင်း မှတ်သားပေးရန်မှာ မဖြစ်နိုင်ပေ။
"စံအိမ်သခင်၊ ကျွန်တော်တို့ ဝင်လို့ မရဘူးလား။"
အကြီးအကဲချီက ပြောလိုက်၏။
သူသည် ယီလင်မြို့ဘက်သို့ ပထမဆုံးအကြိမ် ရောက်ရှိလာခြင်း ဖြစ်သည်။
"အင်း၊ တာအိုရောင်းရင်းလီချန်က ထျန်းလန်နတ်ဘုရားစံအိမ် ပေါ်ထွက်လာတာကို သိရှိပြီး ယီလင်မြို့ကို ကာကွယ်ဖို့အတွက် မဟာအစီအရင်ကို ပိတ်လိုက်တာ ဖြစ်လောက်တယ်။"
လင်ချင်းဖိန်က ခေါင်းညိတ်ရင်း ပြောလိုက်၏။
"ဒါဆို ကျွန်တော်တို့ အခု ဘယ်လို လုပ်ကြမလဲ။"
အကြီးအကဲချီက ပြောလိုက်၏။
သူနှင့် လင်ချင်းဖိန်တို့သည် ထျန်းလန်နတ်ဘုရားစံအိမ်အနီးသို့ ပထမဆုံး ရောက်ရှိလာခဲ့ကြသော်လည်း အလျင်စလို ဝင်ရောက်ရန် ကြံရွယ်ထားခြင်း မရှိပေ။
အဘယ်ကြောင့်ဆိုသော် အခြား အင်အားစုများမှ ထာဝရအသက်ရှင်ခြင်းလျှို့ဝှက်နယ်ပယ် ကျွမ်းကျင်သူများ မရောက်ရှိလာသေးသောကြောင့် ဖြစ်သည်။
ဦးစွာ ဝင်ရောက်ခြင်းသည် အားသာချက်အချို့ရှိသော်လည်း အလားတူ အန္တရာယ်မှာလည်း အလွန် ကြီးမားလှ၏။
"အရင်ဆုံး စောင့်ကြည့်လိုက်ကြတာပေါ့။"
လင်ချင်းဖိန်သည် အထူးကျောက်စိမ်းအဆောင်ကို အသုံးပြု၍ လီချန်ထံသို့ သတင်း ပေးပို့လိုက်သော်လည်း တုံ့ပြန်မှု မရရှိခဲ့ပေ။
အကြောင်းမှာ ဤအချိန်တွင် လီချန်သည် ထျန်းလန်နတ်ဘုရားစံအိမ်အတွင်း၌ ယန်ဝိညာဉ်အာရုံဖြင့် အစီအရင်ပုလဲလုံးကို ဆက်သွယ်လျက်ရှိပြီး မြေခွေးဖြူ ကိုယ်ပွားမှာမူ ထာဝရအသက်ရှင်ခြင်းလျှို့ဝှက်နယ်ပယ်သို့ ထိုးဖောက် တက်လှမ်းနေစဥ် ထာဝရရှင်သန်ခြင်းသန္ဓေဖြင့် ပတ်ရစ်ခြင်း ခံထားရသဖြင့် လင်ချင်းဖိန်အား ယာယီ တုံ့ပြန်နိုင်စွမ်း မရှိသောကြောင့် ဖြစ်သည်။
"စံအိမ်သခင်၊ ကြည့်ပါဦး။"
ရုတ်တရက် အကြီးအကဲချီသည် အဝေးဆီသို့ ညွှန်ပြလိုက်ပြီး အသံထဲတွင် တုန်လှုပ်မှု အရိပ်အယောင် ပါဝင်နေ၏။
လင်ချင်းဖိန်သည် အကြီးအကဲချီ ညွှန်ပြရာသို့ အလျင်အမြန်ကြည့်လိုက်ရာ အလင်းတန်းများ တစ်ခုပြီးတစ်ခု အဝေးမှ အရှိန်ပြင်းစွာ ပျံသန်းလာသည်ကို တွေ့လိုက်ရ၏။
အလင်းတန်းတစ်ခုစီတိုင်းသည် အလွန်အားကောင်းသော အငွေ့အသက်ကို ထုတ်လွှတ်နေပြီး ထာဝရအသက်ရှင်ခြင်းလျှို့ဝှက်နယ်ပယ် ကျွမ်းကျင်သူ တစ်ဦးစီကို ကိုယ်စားပြုနေ၏။
"လာကြပြီ။ တခြား အင်အားစုတွေက ထာဝရအသက်ရှင်ခြင်းလျှို့ဝှက်နယ်ပယ် ကျွမ်းကျင်သူတွေ လာကြပြီ။"
လင်ချင်းဖိန်၏အသံသည် လေးနက်သွား၏။
ထို့ပြင် ထိုအလင်းတန်းများ၏အရေအတွက်မှာ မနည်းလှဘဲ တစ်ချိန်တည်းတွင် အတူတကွ ရောက်ရှိလာကြရာ သေချာပေါက် အလွန်အားကောင်းသော အင်အားစုတစ်ခုကို ကိုယ်စားပြုနေပေမည်။
ဤသည်မှာ ပထမဆုံး အလျင်မြန်ဆုံး ရောက်ရှိလာသော အသုတ်မျှသာ ဖြစ်ပေဦးမည်။
နောက်ထပ်ပြီး ထာဝရအသက်ရှင်ခြင်းလျှို့ဝှက်နယ်ပယ်မှ ကျွမ်းကျင်သူများ မည်မျှ ထပ်မံ ရောက်ရှိလာမည်ကို မသိနိုင်သေးဘဲ သေချာပေါက် ကျွမ်းကျင်သူများ စုဝေးရာ ဖြစ်ပေလိမ့်မည်။
ထို အလင်းတန်းများသည် ထျန်းလန်နတ်ဘုရားစံအိမ်၏ အနီးအနားသို့ ရောက်ရှိလာပြီးနောက် ရပ်တန့်ခြင်း မရှိပေ။ ထို့နောက် လျင်မြန်စွာ အတွင်းသို့ ဝင်ရောက်ပျောက်ကွယ်သွားကြသည်။
"စံအိမ်သခင်၊ ကျွန်တော်လည်း ဝင်သွားတော့မယ်။"
အကြီးအကဲချီသည် ဤခြေလှမ်းကို လှမ်းလိုက်သည်နှင့် သေခြင်းရှင်ခြင်းမှာ မခန့်မှန်းနိုင်ကြောင်းကို သိရှိသော်လည်း ဒါဟာ နောက်ဆုံး အခွင့်အရေး ဖြစ်သည်။
သူ လွဲချော်သွားရန် မလိုလားပေ။
"အကြီးအကဲချီ၊ သတိထားပါ။"
လင်ချင်းဖိန်သည် အကြီးအကဲချီကို ကြည့်ရင်း မှာကြားလိုက်သည်။
"အင်း။"
အကြီးအကဲချီက ခေါင်းညိတ်လိုက်၏။ ထို့နောက် သူသည် ကောင်းကင်သို့ ထိုးတက်သွားပြီး ထျန်းလန်နတ်ဘုရားစံအိမ်ရှိရာသို့ ပျံသန်းသွားလေသည်။
အကြီးအကဲချီ၏ပုံရိပ်ကို ကြည့်ရင်း လင်ချင်းဖိန်သည် တိတ်ဆိတ်စွာ သက်ပြင်းချလိုက်ရုံသာ ပြုနိုင်သည်။ အကယ်၍ ကောင်းကင်ဘုံဓားစံအိမ် ယခုလေးတင် ပြန်လည်တည်ထောင်ခြင်း မဟုတ်ဘဲ သူမလည်း အလွန်ငယ်ရွယ်ခြင်း မဟုတ်ခဲ့ပါက ထျန်းလန်နတ်ဘုရားစံအိမ်၏ ဆွဲဆောင်မှုကို မခံနိုင်ဘဲ ရှိမည်ကို စိုးရိမ်ရ၏။
မည်သို့ပင်ဖြစ်စေ ထျန်းလန်နတ်ဘုရားစံအိမ်သည် အမတနယ်မြေတွင် နာမည်ကျော်ကြားမှု အလွန် ကြီးမားလှပေသည်။
သူမသာ အတွင်းသို့ ဝင်ရောက်၍ ကံကြမ္မာအခွင့်အရေးကို ရရှိနိုင်ခဲ့ပါက သေချာပေါက် ထာဝရအသက် လမ်းစဥ်ပေါ်တွင် ပိုမို ဝေးကွာစွာ လျှောက်လှမ်းနိုင်ပေလိမ့်မည်။
နောက်ဆက်တွဲတွင် အလင်းတန်းများ တစ်ခုပြီးတစ်ခု အဆက်မပြတ် အလျင်အမြန် ပျံသန်း ရောက်ရှိလာကြပြီး ထျန်းလန်နတ်ဘုရားစံအိမ်အတွင်းသို့ ဝင်ရောက်သွားကြ၏။
အချိန်မည်မျှကုန်လွန်သွားသည်ကို မသိရဘဲ ရုတ်တရက် မြေခွေးဖြူအရိပ်တစ်ခုသည် ယီလင်မြို့ အတွင်းမှ ပေါ်ထွက်လာပြီး လင်ချင်းဖိန်၏ ရှေ့မှောက်သို့ ရောက်ရှိလာခဲ့၏။
"တာအိုရောင်းရင်းချင်းဖိန်၊ ကျေးဇူးပြုပြီး ကျွန်တော်နဲ့ လိုက်ခဲ့ပါ။"
မြေခွေးဖြူက ပြောလိုက်သည်။
လီချင်းဖိန်သည် ယီလင်မြို့ထဲတွင် သားရဲမျိုးနွယ် တည်ရှိနေသေးသည်ကို... ထို့ပြင် ထာဝရအသက်ရှင်ခြင်းလျှို့ဝှက်နယ်ပယ် သားရဲမျိုးနွယ်တစ်ဦး ဖြစ်နေသေးသည်ကို ပထမဆုံးအကြိမ် တွေ့မြင်ဖူးခြင်း ဖြစ်သည်။
ဟုတ်သည်မှာ ထျန်းချွမ်းကန္တာရသည် ရွှေရောင်သားရဲနန်းတော်နှင့် နယ်နိမိတ် ထိစပ်နေရာ သားရဲမျိုးနွယ်ရှိခြင်းမှာ အလွန်ထူးဆန်းသောကိစ္စ မဟုတ်သော်လည်း သားရဲမျိုးနွယ်သည် အဓိကအားဖြင့် ထျန်းချွမ်းကန္တာရ၏ အနောက်ဘက်တွင် စုဝေး နေထိုင်ကြ၏။
လင်ချင်းဖိန်သည် အလျင်အမြန် မြေခွေးဖြူ၏ နောက်သို့ လိုက်ပါကာ ယီလင်မြို့ အတွင်းသို့ ဝင်ရောက်သွားလေသည်။
သို့သော် သူမ ဝင်ရောက်သွားပြီးနောက် အသက်အနည်းငယ်ရှူလိုက်သည်နှင့် ချက်ချင်းပင် မျက်နှာထက်တွင် တုန်လှုပ်ခြောက်ခြားသွားသော အမူအရာ ပေါ်ထွက်လာ၏။
"ဒါ... ဒါက ဒြပ်စင်ငါးပါး ယွမ်ချီလား။"
ဒြပ်စင်ငါးပါးယွမ်ချီသည် ရှားပါးသည် မဟုတ်သော်လည်း ရှားပါးသည်မှာ ယီလင်မြို့ တည်ရှိရာ နေရာလွတ်တစ်ခုလုံး အဆုံးမရှိသော ဒြပ်စင်ငါးပါး ယွမ်ချီများဖြင့် ပြည့်နှက်နေခြင်းပင်ဖြစ်ရာ ဤသည်မှာ ကြောက်မက်ဖွယ် ကောင်းလှပေသည်။
သူမ သိရှိထားသလောက် အလွန် ထူးခြားသောနေရာ အချို့တွင်သာလျှင် များပြားလှသော ဒြပ်စင်ငါးပါး ယွမ်ချီများ တည်ရှိနေလေ့ရှိပြီး ၎င်းမှာ ကောင်းချီးနယ်မြေပင်။
ကြီးမားသော ယွမ်ကျောက်တုံးသတ္တုကြော အချို့တွင်လည်း ဒြပ်စင်ငါးပါး ယွမ်ချီများ တည်ရှိနေသည်ဟု ဆိုသော်လည်း ၎င်းမှာ အတိုင်းအတာငယ် တစ်ခုမျှသာ ဖြစ်ပြီး နောက်ဆုံးတွင် ဒြပ်စင်ငါးပါး ယွမ်အနှစ်သာရကို မွေးဖွားပေးနိုင်၏။
သူမ မှတ်မိသည်မှာ ယခင်တစ်ကြိမ် ယီလင်မြို့သို့ လာရောက်စဥ်က ဤသို့သော ပြောင်းလဲမှု လုံးဝ မရှိခဲ့ပေ။
ဤနှစ်အနည်းငယ်အတွင်း တာအိုရောင်းရင်းလီချန်သည် ဘယ်လိုအရာကိုများ လုပ်ခဲ့တာလဲ။
ခဏလေး.. အဲ့ဒီ ထျန်းလန်နတ်ဘုရားစံအိမ်နဲ့ ဆက်စပ်မှုရှိနေနိုင်လောက်လား။
သို့သော် သူမသည် ချက်ချင်းပင် စိတ်ထဲမှ ခေါင်းခါလိုက်သည်။ ထိုဖြစ်နိုင်ချေမှာသိပ်မများပေ။
တစ်နည်းအားဖြင့်ဆိုရလျှင် ဤယီလင်မြို့တွင် ရုတ်တရက် ပေါ်ထွက်လာသော ဒြပ်စင်ငါးပါး ယွမ်ချီသည် သေချာပေါက် တာအိုရောင်းရင်းလီချန်နှင့် ကင်းလွတ်၍မရသော ဆက်နွယ်မှု ရှိပေမည်။
"တာအိုရောင်းရင်းကို ဘယ်လို ခေါ်ရမလဲ မသိဘူး။"
လင်ချင်းဖိန်သည် ရုတ်တရက် မြေခွေးဖြူအား ပြောလိုက်၏။
"ခင်ဗျား ကျွန်တော့်ကို လီပိုင်လို့ ခေါ်နိုင်တယ်။"
မြေခွေးဖြူက ပြောလိုက်၏။
"တာအိုရောင်းရင်းလီပိုင်၊ တာအိုရောင်းရင်းလီချန်ရော။"
လင်ချင်းဖိန်က ချက်ချင်း မေးလိုက်၏။
"တာအိုရောင်းရင်းလီချန်က ယာယီကိစ္စရှိနေလို့ မအားလပ်သေးဘူး။" မြေခွေးဖြူက ပြောလိုက်သည်။ "တာအိုရောင်းရင်းချင်းဖိန် ကောင်းကင်ပေါ်က အဲ့ဒီပျံဝဲကျွန်းရဲ့ နောက်ခံသမိုင်းကို သိသလား မသိဘူး။"
"တာအိုရောင်းရင်းလီပိုင် မသိဘူးလား။"
လင်ချင်းဖိန်က အံ့ဩစွာ ပြောလိုက်၏။
မြေခွေးဖြူက ခေါင်းခါလိုက်၏။
လင်ချင်းဖိန်သည် အလျင်အမြန် ထျန်းလန်နတ်ဘုရားစံအိမ်၏ နောက်ခံသမိုင်းကို အသေးစိတ် ပြောပြလိုက်၏။
"ဒီလိုကိုး။"
မြေခွေးဖြူက ခေါင်းညိတ်လိုက်၏။
ဤအချက်အလက်များရှိနေပြီဖြစ်ရာ ပင်မခန္ဓာကိုယ်ဘက်တွင် ပိုမို ကြီးမားသော အခွင့်အရေး ရှိလာလောက်ပေပြီ။
ထို့ပြင် သူသည်လည်း စောစောက များပြားလှသော ထာဝရအသက်ရှင်ခြင်းလျှို့ဝှက်နယ်ပယ် ကျွမ်းကျင်သူများ အရပ်လေးမျက်နှာမှ အလျင်အမြန် ရောက်ရှိလာကြပြီး ထို ကောင်းကင်ပေါ်မှ ပျံဝဲကျွန်းအတွင်းသို့ ဝင်ရောက်သွားကြသည်ကိုသတိပြုမိခဲ့ရာ ပင်မခန္ဓာကိုယ်အပေါ် မည်သည့် သက်ရောက်မှုများ ဖြစ်ပေါ်စေမည်ကို မသိရပေ။
.........
ထျန်းလန်နတ်ဘုရားစံအိမ်။
ပင်မ နန်းဆောင် အတွင်း။
လီချန်သည် ယန်ဝိညာဉ်အာရုံဖြင့် အစီအရင် ပုလဲလုံးကို အာရုံခံရင်း ဤနည်းဖြင့် အစီအရင် လှိုင်းခတ်မှု၏ ဟာကွက်များကို ဖမ်းယူကာ အစီအရင်ချိုးဖျက်ရန် အခွင့်အရေးကို ရှာဖွေလျက် ရှိ၏။
သို့သော် အချိန် အတော်ကြာပြီးနောက် သူ အနည်းငယ် စိတ်ရှုပ်ထွေးသွား၏။
ဤအစီအရင်ပုလဲလုံးသည် အပြစ်အနာအဆာ လုံးဝ မရှိသလောက်ပင်။ သူ စတင်ရန် နေရာ ရှာမတွေ့ပေ။
သေချာတာတော့ သူ့အစီအရင်ပညာ ကျွမ်းကျင်မှုမှာ လုံလောက်ခြင်း မရှိသေးပေ။
သူ ယခု ဉာဏ်အလင်းပွင့်ခြင်း အခြေအနေတွင် ရှိနေလျှင်ပင် အစွန်းအစကိုတောင် မထိတွေ့နိုင်သေးပေ။
တခြားနည်းလမ်း မရှိပေ။ ဤအစီအရင်ပုလဲလုံးတွင်ပါဝင်သော အစီအရင်နက်နဲမှုများသည် သူ့ကိုယ်ပိုင် အစီအရင်ပညာကျွမ်းကျင်မှုထက် အလွန့်အလွန်မြင့်မားလှပေသည်။
နောက်ဆုံးတွင် လီချန်သည် အစီအရင်ပုလဲလုံးကို အာရုံခံခြင်းအား လက်လျှော့လိုက်ပြီး နန်းဆောင်ကြီးအတွင်းမှအခြေအနေများကို စတင်လေ့လာလိုက်သည်။
နန်းဆောင်ကြီး၏ အရှေ့ဘက်အဆုံးတွင် တစ်လံကျော်မြင့်သော နတ်ဘုရားရုပ်တုတစ်ခုရှိပြီး ဤနတ်ဘုရားရုပ်တုသည် အပြင်ပုံသဏ္ဌာန်အရ လူသား ဟုတ်၊မဟုတ်ကို ဆုံးဖြတ်နိုင်ခြင်း မရှိပေ။ အကြောင်းမှာတော့ နတ်ဘုရား ရုပ်တုသည် ထူးဆန်းသော ပုံစံရှိ သံချပ်ကာ အလွှာ တစ်ခုဖြင့် ဖုံးလွှမ်းထားသောကြောင့် ဖြစ်သည်။
ထို့ပြင် နတ်ဘုရားရုပ်တု၏လက်နှစ်ဖက်တွင် လက်တစ်ဖက်က အနီရောင်ပန်းပွားပါ လှံရှည်တစ်ချောင်းကို ကိုင်ဆောင်ထားပြီး လက်တစ်ဖက်၏ လက်ဖဝါးထဲတွင်မူ သစ်သား သေတ္တာ တစ်လုံးကို တင်ထား၏။
လီချန်၏ စိတ်ထဲတွင် လှုပ်ရှားသွားပြီး ဝိညာဉ်စွမ်းအင်ကို အသုံးပြုရန် ကြိုးစားကာ လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ ဓားချီတစ်ခုသည် နတ်ဘုရား ရုပ်တုရှိရာသို့ ထွက်သွားပြီး သစ်သား သေတ္တာကို ယူဆောင်လာရန် ကြံရွယ်လိုက်၏။
သို့သော် သူ့ဓားချီသည် ယခုလေးတင် အနားသို့ချဉ်းကပ်သွားချိန်တွင် တားမြစ်ချက် တစ်မျိုးမျိုးကို ထိခတ်မိသကဲ့သို့ဖြစ်ကာ ထိုနတ်ဘုရားရုပ်တုသည် အလင်းရောင် အနည်းငယ် ထုတ်လွှတ်လာပြီး ချက်ချင်းပင် သူါဓားချီသည် ချေမှုန်းခြင်းခံလိုက်ရ၏။
ပိုမို အားကောင်းသော စွမ်းအား တစ်ခုသည်ပင် လီချန်ရှိရာသို့ ပြန်ကန်ထွက်လာပြီး အရှိန်အဝါမှာ တုနှိုင်းဖွယ်မရှိဘဲ အလွန်ကြမ်းတမ်းလှ၏။
လီချန် လက်တစ်ချက်ဝှေ့ယမ်းလိုက်ရာ ချီနံရံတစ်ခုပေါ်ထွက်လာပြီး ဤ ပြန်ကန်ထွက်လာသော စွမ်းအားကို တားဆီးလိုက်၏။
"ပြန်ကန်ထွက်တဲ့ စွမ်းအားက အားကောင်းလိုက်တာ။"
သူ မနေနိုင်ဘဲ တိတ်တဆိတ် ထိတ်လန့်သွား၏။
အကယ်၍ သူ စောစောက လှိုင်ဂူကောင်းကင်ဘုံ၏စွမ်းအားကို မသုံးခဲ့ပါက တားဆီးနိုင်မည်ဟု အာမ မခံနိုင်ပေ။
သို့သော် လီချန်သည် လက်မလျှော့ဘဲ ဓားချီကို ထပ်မံထုတ်လွှတ်လိုက်၏။
ဤသို့ ထပ်ခါတလဲလဲ ပြုလုပ်ရာ... ထိုနတ်ဘုရားရုပ်တုတွင်ပါဝင်သော ပြန်ကန်ထွက်စွမ်းအားသည် အားနည်းလာပုံရသည်...
လီချန်သည် ဤသည်ကို မြင်သောအခါ ချက်ချင်းပင် တိတ်တဆိတ် သက်ပြင်းချလိုက်၏။
ကြည့်ရသည်မှာ ဤနတ်ဘုရားရုပ်တုတွင် ပါဝင်သော စွမ်းအားသည်လည်း အဆုံးမရှိသော အရာ မဟုတ်ပေ။
ဟုတ်သည်မှာ သူ ဤမျှအကြိမ်များစွာတိုက်ခိုက်ခဲ့ရာ ဝိညာဉ်စွမ်းအင်သုံးစွဲမှုသည်လည်း သေချာပေါက် အလွန်ကြီးမားလှ၏။
ကံမကောင်းစွာဖြင့် အချိန်ခေါင်းလောင်း လှိုင်ဂူကောင်းကင်ဘုံ၏စွမ်းအားသည် လှိုင်ဂူကောင်းကင်ဘုံ၏အပြင်ဘက်သို့ ခြေမဆန့်နိုင်ပေ။
သူ အချိန်ခေါင်းလောင်း တာအိုအရိပ်ကို အသုံးမပြုလျှင် မဖြစ်နိုင်ပေ... သို့သော် တာအိုအရိပ်သည် သုံးကြိမ်သာ အသုံးပြုနိုင်ပြီးနောက် ပြိုကွဲသွားပေမည်။
သို့သော် အချိန်ခေါင်းလောင်းသည် အထက်ဘုံမှ ဝိညာဉ်စွမ်းအင်ကို အဆက်မပြတ် စုပ်ယူနိုင်သဖြင့် သူသည် ဝိညာဉ်စွမ်းအင်သုံးစွဲမှု အလွန်များပြား၍ မခံနိုင်မည်ကိုမူ စိုးရိမ်စရာ မလိုပေ။
ဤသို့ဖြင့် လီချန်သည် တစ်ကြိမ်ပြီးတစ်ကြိမ် လက်လှုပ်ရှားကာ နတ်ဘုရားရုပ်တုအပေါ်မှ စွမ်းအားကို ချေဖျက်လျက် ရှိ၏။
အကြိမ်တိုင်း ဝိညာဉ်စွမ်းအင်သုံးစွဲမှု အလွန်များပြားသွားပါက သူသည် လေထဲမှ အချိန်ခေါင်းလောင်းအတွင်းမှဝိညာဉ်စွမ်းအင်ကို စုပ်ယူပြီး သူကိုယ်တိုင်၏ ဝိညာဉ်စွမ်းအင်ကို ပြန်လည် ဖြည့်တင်း၏။
အချိန် မည်မျှ ကုန်လွန်သွားသည်ကို မသိရဘဲ လီချန်သည် ရုတ်တရက် မျက်နှာထက်တွင် အံ့ဩသွားသော အမူအရာ ပေါ်လာ၏။ အကြောင်းကတော့ မြေခွေးဖြူ ကိုယ်ပွားက သူ့ထံသို့ သတင်း ပေးပို့လာသောကြောင့် ဖြစ်သည်။
ကိုယ်ပွားနှင့် ပင်မခန္ဓာကိုယ်သည် ကမ္ဘာလောကတစ်ခုတည်းတွင်ရှိနေပါက မူလယန်ဝိညာဉ်သည် အခြေခံအားဖြင့် တစ်ပြိုင်တည်းဖြစ်နေပြီး ကိုယ်ပွားရရှိသော အချက်အလက်များကို သူဟူသော ပင်မခန္ဓာကိုယ်သည်လည်း ချက်ချင်းလက်ခံရရှိနိုင်သည်။
သို့သော် သူ အကယ်၍ ဗလာသို့ပြန်ခြင်းအခြေအနေတွင်ရှိနေပါက ကိုယ်ပွားနှင့် အဆက်အသွယ် ပြတ်တောက်သွားပေမည်။
အကယ်၍ သေမျိုးဘုံနှင့် အမတနယ်မြေအကြားဆိုလျှင် ဆက်သွယ်မှုသည် အတိုင်းအတာတစ်ခုအထိ သက်ရောက်မှုရှိမည်ဖြစ်သော်လည်း အထက်ဘုံလောက် ပြင်းထန်လှခြင်း မရှိပေ။
"ထျန်းလန်နတ်ဘုရားစံအိမ်လား။"
လီချန် ရေရွတ်လိုက်သည်။
မြေခွေးဖြူကိုယ်ပွားမှပေးပို့သော အချက်အလက်များအရ များပြားလှသော အပြင်မှလာရောက်သည့် ထာဝရအသက်ရှင်ခြင်းလျှို့ဝှက်နယ်ပယ် ကျွမ်းကျင်သူများ ထျန်းလန်နတ်ဘုရားစံအိမ် အတွင်းသို့ ဝင်ရောက်လာခဲ့ပြီ ဖြစ်သော်လည်း သူသည် ဂရုမစိုက်ပေ။
သူ လှိုင်ဂူကောင်းကင်ဘုံ နယ်နိမိတ်အတွင်း၌ရှိနေသရွေ့ မည်သူတစ်ဦးတစ်ယောက်မျှ သူ့အား ခြိမ်းခြောက်နိုင်မည် မဟုတ်ပေ။
သူ သိရှိထားသလောက် ထျန်းချွမ်းကန္တာရသည် အတော်လေး ထူးခြားပြီး ဗလာသို့ပြန်ခြင်း အလှမ်းငါးဆယ်ကို ကျော်လွန်သော ထာဝရအသက်ရှင်ခြင်းလျှို့ဝှက်နယ်ပယ် ကျွမ်းကျင်သူများသည် ခြေချလေ့ အလွန်နည်းပါးလှ၏။
အတိအကျ ဘာအကြောင်းရင်း ဖြစ်သည်ကိုမူ လင်ချင်းဖိန်ပင်လျှင် ရှင်းရှင်းလင်းလင်းမသိပေ။
လီချန်သည် ဓားချီတစ်ခုကို ထပ်မံထုတ်လွှတ်လိုက်၏။
ဓားချီတစ်ချက် ပို့လွှတ်လိုက်ရာ ထိုနတ်ဘုရားရုပ်တုမှ ထုတ်လွှတ်သော အလင်းရောင်သည် အလွန် မှိန်ဖျော့သွားပြီး သူ့ဓားချီကိုပင် ချေမှုန်းနိုင်ခြင်း မရှိတော့ပေ။
ထို့နောက်တွင် ဓားချီသည် သစ်သားသေတ္တာကို လိပ်၍ ပြန်ယူလာပြီး လီချန်၏ရှေ့မှောက်၌ ပျံဝဲနေ၏။
"ဟားဟား၊ ခက်ခက်ခဲခဲကြီးလည်း မဟုတ်ပါဘူး။"
လီချန်သည် အပြုံးတစ်ခု ပေါ်ထွက်လာပြီးနောက် လက်ဝှေ့ယမ်းကာ သစ်သားသေတ္တာကို ဖွင့်လိုက်သည်။
ဤသစ်သားသေတ္တာသည် တစ်ချက်ကြည့်ရုံဖြင့် သာမန်ပစ္စည်းမဟုတ်ကြောင်းသိနိုင်ပြီး ထူးဆန်းသော ဝိညာဉ်စွမ်းအင် လှိုင်းခတ်မှုများ ပါဝင်နေ၏။
သူသည် ဤသစ်သားသေတ္တာ၏ပစ္စည်းမှာ ဝိညာဉ်သစ်သားဖြစ်နေမလားဆိုပြီး အနည်းငယ် သံသယ ဝင်မိ၏။
ဝိညာဉ်သစ်သားကို အသုံးပြု၍ ထိန်းသိမ်းထားရန် လိုအပ်သော ပစ္စည်းသည် ဘယ်လောက်တောင်ကောင်းတဲ့ ပစ္စည်းမျိုးဖြစ်လောက်လဲ။
လီချန် သစ်သားသေတ္တာကို ဖွင့်ရန် ကြံရွယ်လိုက်စဥ် ရုတ်တရက် ပင်မနန်းဆောင်၏ တံခါးကြီးသည် ပြင်းထန်စွာ ပွင့်ထွက်သွားသည်။ ထို့နောက် လူရိပ်များ တစ်ခုပြီးတစ်ခု နန်းဆောင်အပြင်ဘက်မှ လျှောက်လှမ်း ဝင်ရောက်လာကြသည်။
စုစုပေါင်း ဆယ့်သုံးယောက်ပင်။
လူ တစ်ဦးချင်းစီတိုင်း၏ ခန္ဓာကိုယ် ပတ်လည်တွင် ထူးဆန်းသော အမိန့်ပြား တစ်ခု ရစ်ပတ်နေပြီး ၎င်းတို့အား လမ်းတစ်လျှောက် အတားအဆီး မရှိစေကာ ထျန်းလန်နန်းတော်၏ ပင်မနန်းဆောင်အတွင်းသို့ တိုက်ရိုက်ရောက်ရှိလာစေခဲ့၏။
***