← Chapters

နတ်ဘုရားတစ်ပိုင်းခန္ဓာ

Vol. 16 Ch. 255

နတ်ဘုရားတစ်ပိုင်းခန္ဓာ

Vol. 16 Ch. 255

"မင်းက ဒီအရှင်သခင်ကို တကယ် အံ့ဩသွားစေတာပဲ။"

ထျန်းလန်နတ်ဘုရားအရှင်သခင်၏ ကိုယ်ပွားက ပြောလိုက်သည်။

ဗလာသို့ပြန်ခြင်း အလှမ်းငါးဆယ် မရောက်သေးဘဲ စမ်းသပ်မှုကို ကျော်ဖြတ်နိုင်ကာ ကောင်းကင်လှေကား အထွတ်အထိပ်သို့ တက်လှမ်းနိုင်ခဲ့၏။

"နတ်ဘုရား အရှင်သခင်..."

လီချန်သည် နှိမ့်ချစွာ ပြောဆိုရန် ပြင်လိုက်သော်လည်း ထျန်းလန်နတ်ဘုရား အရှင်သခင်၏ ကိုယ်ပွားက အနည်းငယ် ပြုံးလျက် ပြောလိုက်သည်။ "မင်း စမ်းသပ်မှုကို ကျော်ဖြတ်ပြီးပြီ ဖြစ်မှတော့ ဒီအရှင်သခင်ရဲ့ အမည်ခံတပည့် ဖြစ်ပြီလို့ သတ်မှတ်ရမယ်။"

လီချန်သည် ကြောင်အသွားပြီး ချက်ချင်းပင် နားလည် သဘောပေါက်သွားသည်။ နတ်ဘုရားကံကြမ္မာအခွင့်အရေး စမ်းသပ်မှုသည် မူလကတည်းက ထျန်းလန်နတ်ဘုရားအရှင်သခင်က တပည့် ရွေးချယ်ခြင်းပင် ဖြစ်သည်။

"ဆရာသခင်ကို ဂါရဝပြုပါတယ်။"

လီချန်က ချက်ချင်း ဦးညွှတ် ပြောလိုက်၏။

ထျန်းလန်နတ်ဘုရား အရှင်သခင် ကိုယ်ပွားက ခေါင်းညိတ်လိုက်ပြီးနောက် မလှမ်းမကမ်းရှိ အလင်းတန်းတစ်ခုကို ညွှန်ပြလျက် ပြောလိုက်သည်။ "ဒါက နတ်ဘုရားဝိညာဉ်ချီလှိုင်းတစ်ခုပဲ။ မင်းရဲ့ ဝိညာဉ်ခန္ဓာကိုယ်ကို နတ်ဘုရားတစ်ပိုင်းခန္ဓာအဖြစ် တဖြည်းဖြည်း ပြောင်းလဲသွားစေနိုင်တယ်။ နောက်ပိုင်း ဗလာသို့ပြန်ခြင်းလမ်းစဥ်မှာ အတားအဆီး လုံးဝရှိတော့မှာ မဟုတ်ဘူး။"

"ဆရာသခင်၊ ဒီ နတ်ဘုရားတစ်ပိုင်းခန္ဓာက ပြည့်စုံသောဗလာသို့ပြန်ခြင်းနဲ့ ဘာကွာခြားမှု ရှိလဲ။"

လီချန်က စပ်စုစွာ မေးလိုက်၏။

"ကွာခြားမှုက ကြီးမားတယ်။ ပြည့်စုံသောဗလာသို့ပြန်ခြင်းက ဗလာသို့ပြန်ခြင်းအချိန်မှာ အစိုင်အခဲဖြစ်ခြင်းကို အသုံးပြုပြီး အထက်ဘုံမှာ အတင်းအကျပ် နေထိုင်နိုင်ပေမယ့်... ဒီ နည်းလမ်းက အမတအထောက်အထားမရရှိနိုင်ဘူး။ ဘောင်မဝင်သူပဲဖြစ်နိုင်လို့ အန္တရာယ် အရမ်းကြီးမားတယ်။ အနာဂတ်မှာ အောင်မြင်မှုတစ်ခုခု ရရှိဖို့ ခက်ခဲသလောက်ပဲ။" ထျန်းလန်နတ်ဘုရား အရှင်သခင် ကိုယ်ပွားက ရှင်းပြလိုက်သည်။ "ဒါပေမဲ့ ဝိညာဉ်ခန္ဓာကိုယ်ကို နတ်ဘုရားတစ်ပိုင်းခန္ဓာအဖြစ် ပြောင်းလဲပြီးတဲ့နောက် ပြည့်စုံသောဗလာသို့ပြန်ခြင်းသို့ ထပ်ရောက်လာရင် တက်လှမ်းခြင်းလမ်းစဥ်ကို လျှောက်လှမ်းနိုင်ပြီး အမတအထောက်အထား ရရှိနိုင်တယ်။ နောက်ပိုင်းတိုးတက်မှုက အများကြီး ပိုကောင်းသွားလိမ့်မယ်။"

ပြည့်စုံသောဗလာသို့ပြန်ခြင်းသို့ ရောက်ရှိလျှင် ပုံမှန် တက်လှမ်းနိုင်ခြင်း မရှိဘူးလား။

အချိန်တိုင်းတွင် သူသည် ပြည့်စုံသောဗလာသို့ပြန်ခြင်းသို့ရောက်ရှိပြီးနောက် တက်လှမ်းရန် အခွင့်အရေး ရှိမည်ဟု ထင်မှတ်ခဲ့၏။

"ဘယ်လိုလုပ် ဒီလောက် လွယ်ကူနိုင်မှာလဲ။ တက်လှမ်းခြင်းလမ်းစဥ်ကို လျှောက်လှမ်းချင်တယ်ဆိုရင် ကြိုဆိုလက်ခံမယ့်သူ ရှိဖို့ လိုအပ်တယ်။" ထျန်းလန်နတ်ဘုရားအရှင်သခင်က ညင်သာစွာ ရယ်မောလိုက်ပြီး "ဒါကြောင့် အောက်ဘုံမှာ ပြည့်စုံသောဗလာသို့ပြန်ခြင်းသို့ ရောက်ရှိသူတွေ မနည်းလှပေမယ့် တက်လှမ်းခြင်းလမ်းစဥ်ကို မလျှောက်လှမ်းနိုင်တဲ့အတွက် သူတို့ အောက်ဘုံမှာပဲ နေထိုင်ကြရတယ်။ ထပ်ပြီးရှေ့ဆက်တိုးတက်ဖို့မရှိတော့ဘူးလို့ ပြောကြပေမယ့် မြင့်မြတ်တဲ့ အဆင့်အတန်း ဂုဏ်ပုဒ်ကို ပိုင်ဆိုင်ကြတယ်။ အထက်ဘုံမှာ ဘောင်မဝင်သူ ဖြစ်ရတာထက်တော့ အဆ ထောင်သောင်းချီ ပိုကောင်းတယ်။"

လီချန်သည် ကြားပြီးနောက် စိတ်ထဲတွင် အကြီးအကျယ် တုန်လှုပ်သွားသည်။ သူ အထက်ဘုံသို့ တက်လှမ်းခြင်းတွင် ဤမျှ များပြားသော လျှို့ဝှက်ချက်များ ရှိနေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

အကယ်၍ သူသာ ဖြစ်ခဲ့ပါက တက်လှမ်းခြင်းလမ်းစဥ် လျှောက်လှမ်း၍ မရနိုင်လျှင် သေချာပေါက် ဗလာသို့ပြန်ခြင်းလမ်းဖြတ်ကို လျှောက်လှမ်းပြီး ဘောင်မဝင်သူ ဖြစ်ရန်လည်း မလိုလားပေ။

ဘောင်မဝင်သူ ဟူသော ဤစကားလုံးမျှဖြင့်ပင် အထက်ဘုံတွင် အခြေအနေ အလွန်ခက်ခဲမည် ဖြစ်ကြောင်းကို သိရှိနိုင်ပေသည်။

ထို ဆယ့်သုံးယောက်၏တုံ့ပြန်မှု ဤမျှ ကြီးမားခဲ့သည်မှာ အံ့ဩစရာ မရှိတော့ပေ။

တစ်စုံတစ်ယောက်၏ အကျိုးစီးပွားရေးလမ်းကြောင်းကို ဖြတ်တောက်ခြင်းသည် မိဘကို သတ်ခြင်းနှင့် တူညီလှသည်။

လီချန်က သူတို့၏ နတ်ဘုရားကံကြမ္မာအခွင့်အရေးစစ်ဆေးမှုတွင် ပါဝင်ခွင့်အရည်အချင်းကို ဖြတ်တောက်လိုက်ခြင်းဖြစ်တာကြောင့် ပြောစရာပင်မလိုတော့ပေ။ ထို လူများသည် သူ့အား အရိုးထဲ စိမ့်အောင် မုန်းတီးနေကြပြီ ဖြစ်မည်ကို စိုးရိမ်ရသည်။

သို့သော် သူကတော့ ဂရုမစိုက်ပေ။

မည်သို့ပင်ဖြစ်စေ နတ်ဘုရားကံကြမ္မာအခွင့်အရေးသည် သူ့အပိုင်ဖြစ်သွားခဲ့ပြီ ဖြစ်သည်။

"ကောင်းပြီ။ မင်း ဒီ နတ်ဘုရားဝိညာဉ်ချီလှိုင်းကို အမြန် ပေါင်းစပ်လိုက်တော့။ နောင် တက်လှမ်းလာရင် ဒီအမိန့်ပြားကို ထုတ်လိုက်ရင် ရပြီ။ ဆရာက ချက်ချင်း လူလွှတ်ပြီး မင်းကို လာကြိုခိုင်းမယ်။"

ထျန်းလန်နတ်ဘုရားအရှင်သခင်ကိုယ်ပွားက လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ ထူးဆန်းသော အမိန့်ပြားတစ်ခုသည် လီချန်၏ရှေ့မှောက်သို့ ပျံသန်း ရောက်ရှိလာခဲ့၏။

"ဟုတ်ကဲ့ပါ၊ ဆရာသခင်။"

လီချန်သည် အလျင်အမြန် အမိန့်ပြားကို သိမ်းဆည်းလိုက်၏။

ထို့နောက် သူသည် ထိုနတ်ဘုရားဝိညာဉ်ချီအစုအဝေး၏ ရှေ့မှောက်သို့ ရောက်ရှိလာပြီး သူ လက်လှမ်း၍ ထိတွေ့လိုက်သည်နှင့် ချက်ချင်းပင် ထိုနတ်ဘုရားဝိညာဉ်ချီလှိုင်းသည် သူ့ကိုယ်တွင်းသို့ ထိုးဖောက် ဝင်ရောက်သွားကာ မကြာမီတွင် လီချန်သည် ထူးဆန်းသော ဥခွံ တစ်ခုဖြင့် ပတ်ရစ်ခြင်း ခံလိုက်ရ၏။

ထာဝရရှင်သန်ခြင်းသန္ဓေ ကဲ့သို့ပင် ဖြစ်သည်။

ဤ ထူးဆန်းသော ဥခွံ၏ အပေါ်တွင် ထူးခြားသော အစင်းအကြောင်းများ လှည့်ပတ် စီးဆင်းနေ၏။

အချိန် အတော်ကြာပြီးနောက် ဥခွံသည် တဖြည်းဖြည်း အရည်ပျော်သွားပြီး လီချန်၏ကိုယ်တွင်းသို့ ပြန်လည် ကျုံ့ဝင်သွားခဲ့၏။

လီချန်သည် မျက်လုံးများ မှိတ်ထားလျက် ခန္ဓာကိုယ်၏ ကြီးမားသောပြောင်းလဲမှုကို ခံစားမိလိုက်၏။

ရုပ်ပြောင်းလဲ သွားသကဲ့သို့ပင်။

ဤသို့သောတိုးတက်မှုသည် ထာဝရအသက်ရှင်ခြင်းလျှို့ဝှက်နယ်ပယ်သို့ ထိုးဖောက်တက်လှမ်းချိန်တွင် သာမန်ခန္ဓာကိုယ်မှ ထာဝရရှင်သန်ခြင်းဝိညာဉ်ခန္ဓာသို့ အသွင်ပြောင်းလဲခြင်းနှင့် အနည်းငယ် ဆင်တူ၏။

ထို့ပြင် သူသည် ထိုနတ်ဘုရားဝိညာဉ်ချီလှိုင်းသည် လုံးဝကုန်ဆုံးသွားခြင်း မရှိသေးဘဲ စောစောက အစိတ်အပိုင်းတစ်ခုကိုသာ စုပ်ယူခဲ့ပြီး အများအပြားမှာ ခန္ဓာကိုယ်အတွင်း၌ သိုလှောင်ထားဆဲ ဖြစ်သည်ဟု ခံစားမိလိုက်၏။

ထို့ကြောင့် သူသည် စနစ်မျက်နှာပြင်ကို ခေါ်ထုတ်လိုက်ပြီး နောက်ဆုံး အချက်အလက်များကို စစ်ဆေး ကြည့်ရှုလိုက်၏။

ဘုံအဆင့်တက်ခြင်း တိုးတက်မှုသည် တိုးတက်လာခြင်း မရှိပေ။

သူ အလွန် အံ့ဩသွား၏။

"ဆရာသခင်၊ နတ်ဘုရား ဝိညာဉ်ချီကို စုပ်ယူပြီး နတ်ဘုရားတစ်ပိုင်းခန္ဓာအဖြစ် ပြောင်းလဲတာက ဗလာသို့ပြန်ခြင်း တိုးတက်မှုကို မမြှင့်တင်ပေးဘူးလား။"

လီချန်က မေးလိုက်၏။

"မင်း ဗလာသို့ပြန်ခြင်းကို ဘာလို့ ထင်လဲ။"

ထျန်းလန်နတ်ဘုရားအရှင်သခင် ကိုယ်ပွားက ညင်သာစွာ ရယ်မောလိုက်၏။

"အထက်ဘုံအပေါ် လိုက်လျောညီထွေ ဖြစ်နိုင်စွမ်း ဖြစ်လောက်တယ်။ ကျိုးကြောင်းဆီလျော်အောင်ပြောရရင် ကျွန်တော့်ရဲ့ ထာဝရရှင်သန်ခြင်းဝိညာဉ်ခန္ဓာက နတ်ဘုရားတစ်ပိုင်းခန္ဓာအဖြစ် ပြောင်းလဲနေတာ။ အထက်ဘုံအပေါ် လိုက်လျောညီထွေဖြစ်နိုင်စွမ်းက အကြီးအကျယ် တိုးတက်လာသင့်တယ် မဟုတ်လား။"

လီချန်က ခဏ စဥ်းစားပြီးနောက် ပြောလိုက်၏။

"ဟုတ်လည်းဟုတ်တယ်၊ မဟုတ်လည်းမဟုတ်ဘူး။" ထျန်းလန်နတ်ဘုရားအရှင်သခင် ကိုယ်ပွားက ပြောလိုက်သည်။ "အထက်ဘုံနဲ့ လိုက်လျောညီထွေ ဖြစ်တယ်လို့ ဆိုရတာထက် အထက်ဘုံ နိယာမတွေက ဗလာသို့ပြန်သူတွေကို လက်ခံပြီး ဘုံအဆင့်တက်စေတာလို့ ပြောရင်က ပိုမှန်တယ်။ ဒါကြောင့် အထက်ဘုံနဲ့ကင်းကွာတဲ့ တိုးတက်မှု မှန်သမျှက ဗလာသို့ပြန်ခြင်းအပေါ် ဘာ အကူအညီမှ မဖြစ်စေဘူး။"

လီချန်တစ်ယောက် နားလည်သဘောပေါက်သွားပြီဟု ပြောလို့ရနိုင်သည်။

ဝိညာဉ်ချီ ဖြစ်စေ၊ နတ်ဘုရား ဝိညာဉ်ချီ ဖြစ်စေ သူ၏ထာဝရရှင်သန်ခြင်းဝိညာဉ်ခန္ဓာကို မြှင့်တင်ပေးနိုင်သော်လည်း သူ့အား နတ်ဘုရားတစ်ပိုင်းခန္ဓာအဖြစ်သို့ ဝင်ရောက်စေနိုင်သော်လည်း ဘုံအဆင့်တက်ခြင်း တိုးတက်မှုကိုမူ မြှင့်တင်ပေးနိုင်ခြင်း မရှိပေ။

သူ ဘုံအဆင့်တက်ခြင်းတိုးတက်မှုကို မြှင့်တင်လိုပါက ဗလာသို့ပြန်ခြင်းကို အသုံးပြု၍ အထက်ဘုံသို့ ဝင်ရောက်မှသာလျှင် ဖြစ်နိုင်ပေမည်။

သို့သော် အချိန်ခေါင်းလောင်းသည် တာအိုကိရိယာအဖြစ်သို့ အဆင့်မြှင့်တင်ပြီးနောက် သူ၏ ဘုံအဆင့်တက်ခြင်း တိုးတက်မှုကို ဤမျှ အများအပြား မြှင့်တင်ပေးနိုင်ခဲ့ရာ ဤသည်မှ အထက်ဘုံနှင့် ကင်းကွာလျှင်လည်း အမှန်တော့ ဘုံအဆင့်တက်ခြင်း တိုးတက်မှုကို မြှင့်တင်နိုင်ကြောင်းကို မြင်နိုင်ပြီး ထျန်းလန်နတ်ဘုရား အရှင်သခင်သည်လည်း ဤကဏ္ဍကို နားလည်ခြင်းမရှိရုံသာ ဖြစ်ပေမည်။

အလားတူ ထျန်းလန်နတ်ဘုရား အရှင်သခင်တွင် ဤစွမ်းရည် မရှိဘဲ သူ့အတွက် ဘုံအဆင့်တက်ခြင်း တိုးတက်မှုကို မြှင့်တင်ပေးနိုင်ခြင်း မရှိကြောင်းကိုလည်း ရှင်းပြနေ၏။

"ဆရာလည်း သွားသင့်ပြီ။ စောစောက မင်းကို ပေးခဲ့တဲ့ အမိန့်ပြားက နတ်ဘုရားစံအိမ်မပိတ်မီမှာ အစီအရင်ပုလဲလုံးကို ထိန်းချုပ်နိုင်တယ်။ နတ်ဘုရားစံအိမ်အတွင်းမှာ ပစ္စည်းတချို့ ချန်ထားခဲ့သေးတယ်။ မင်း ယူချင်ရင် ယူနိုင်တယ်..."

ထျန်းလန်နတ်ဘုရားအရှင်သခင်၏ကိုယ်ပွားသည် ပြောပြီးသည်နှင့် တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့၏။

ထို့နောက်တွင် လီချန်သည် သဏ္ဌာန်မဲ့စွမ်းအားတစ်ခုက သူ့ကိုယ်ကို ပတ်ရစ်ထားသည်ကို အာရုံခံမိလိုက်ပြီး သူ သတိပြန်လည်ဝင်လာချိန်တွင် ထိုနန်းဆောင်ကြီးအတွင်းသို့ ပြန်လည် ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။

ဒါ့အပြင် ထိုဆယ့်သုံးယောက်သည်လည်း ရှိနေကြဆဲပင်။

လီချန် ပေါ်လာသည်ကိုတွေ့ပြီးနောက် သူတို့သည် လီချန်အား စူးစိုက်ကြည့်ရှုနေကြပြီး ထိုမျက်လုံးအမူအရာများမှာ လီချန်အား အစိမ်းလိုက်ဝါးစားပစ်လိုသည့်အတိုင်းပင်။

လီချန်သည် သူတို့အား မကြည့်ဘဲ အစီအရင်ပုလဲလုံးရှိရာသို့ ကြည့်လိုက်ပြီး လက်ထဲမှ အမိန့်ပြားကို တစ်ချက်ဝှေ့ယမ်းလိုက်ရာ ချက်ချင်းပင် အစီအရင်ပုလဲလုံးသည် အနည်းငယ် တုန်ခါသွားလေသည်။ ထို့နောက် ပျံသန်းလာကာ လီချန်၏လက်ဖဝါးထဲသို့ ကျရောက်လာခဲ့၏။

နေရာတွင် ရှိနေသောလူများသည် ဤမြင်ကွင်းကို မြင်လိုက်ရသည်နှင့် အားလုံး မျက်ဆံများ ပြင်းထန်စွာ ကျုံ့သွားကြ၏။

"မင်း၊ မင်း နတ်ဘုရားကံကြမ္မာအခွင့်အရေးကို ရသွားပြီလား။"

အနီရောင်ဝတ်စုံနှင့် အမျိုးသမီးက အံ့ဩတကြီး အော်ဟစ်လိုက်၏။

အခြားသူများအားလုံးလည်း အလွန်အမင်း တုန်လှုပ်သွားကြ၏။

ထို့ပြင် သူတို့ အားလုံး၏အမူအရာများ တင်းမာလာကြ၏။

နတ်ဘုရားကံကြမ္မာအခွင့်အရေး စစ်ဆေးမှုကို ကျော်ဖြတ်ပြီး နတ်ဘုရားကံကြမ္မာအခွင့်အရေးကို ရရှိမှသာလျှင်... ဤနတ်ဘုရားစံအိမ်အတွင်းမှ အစီအရင်ပုလဲလုံးကို ထိန်းချုပ်ရန် အခွင့်အရေး ရှိပေမည်။

ပုံမှန်အခြေအနေတွင် သူတို့သည် နတ်ဘုရားကံကြမ္မာအခွင့်အရေးစစ်ဆေးမှုတွင် ပါဝင်ပြီး ရှုံးနိမ့်သွားလျှင်ပင် သူတို့ စမ်းသပ်မှုနေရာလပ်မှ ထွက်ခွာပြီးနောက် ထျန်းလန်နတ်ဘုရားစံအိမ်၏ အပြင်ဘက်သို့ တိုက်ရိုက်ပို့ဆောင်ခြင်း ခံရပေမည်။

သို့သော် ယခု သူတို့သည် ထျန်းလန်နတ်ဘုရားစံအိမ်အတွင်း၌ ရှိနေကြဆဲဖြစ်ပြီး ပင်မနန်းဆောင် အတွင်း၌ပင် ရှိနေကြသေး၏။

တစ်ဖက်လူသည် အစီအရင်ပုလဲလုံးကို ပိုင်ဆိုင်သွားပြီဖြစ်ရာ ထျန်းလန်နတ်ဘုရားစံအိမ်တစ်ခုလုံး၏ ထိန်းချုပ်ခွင့်ကို ပိုင်ဆိုင်သွားသည်နှင့် ညီမျှသည်။

သူတို့ ဆက်လက်၍ မတွေးဝံ့တော့ပေ။

အဘယ်ကြောင့်ဆိုသော် သူတို့၏အသက်သည် တစ်ဖက်လူ၏စိတ်ကူးတစ်ချက်တည်းဖြင့်ပင် ဆုံးဖြတ်ခြင်း ခံရနိုင်သောကြောင့် ဖြစ်သည်။

"ဟုတ်တယ်လေ။ ဒါကြောင့် ခင်ဗျားတို့ နတ်ဘုရားကံကြမ္မာအခွင့်အရေး စစ်ဆေးမှုမှာ ပါဝင်သည် ဖြစ်စေ၊ မပါဝင်သည် ဖြစ်စေ အဓိပ္ပာယ် သိပ်မရှိဘူး။"

လီချန်က ညင်သာစွာ ရယ်မောလိုက်၏။

နေရာတွင် ရှိနေသော လူများအားလုံး၏အမူအရာများမှာ သိပ်မကောင်းလှပေ။

သူတို့ တစ်ဦးချင်းစီတိုင်းမှာ လူထဲမှ နဂါး၊ ဖီးနစ်၊ ကောင်းကင်၏ချစ်မြတ်နိုးခံ သားတော်များ ဖြစ်ကြပြီး စိတ်ကြီးဝင်ကာမောက်မာကြရာ ဘယ်လိုလုပ်များ တခြားတစ်ယောက်၏လက်အောက်တွင် နိမ့်ချညှိုးငယ်စွာ နေထိုင်နိုင်ပါ့မလဲ။

"မင်း အရင်က ငါ့ကို တိုက်ခိုက်ခဲ့ဖူးတယ်။ ငါက အမြဲတမ်း တစ်ခုအတွက်တစ်ခု ပြန်ပေးဆပ်တတ်တယ်။"

လီချန်သည် ဦးခေါင်းတွင် ဦးချိုနှစ်ချောင်းပေါက်နေသော အနက်ရောင်ဝတ်ရုံနှင့်လူငယ်ရှိရာသို့ ကြည့်ရင်း ညင်သာစွာ ရယ်မောလိုက်သည်။

ထိုအနက်ရောင် ဝတ်ရုံနှင့်လူငယ်၏ မျက်နှာ အကြီးအကျယ် ပျက်ယွင်းသွားပြီး လှည့်၍ ပင်မနန်းဆောင်မှ ထွက်ပြေးရန် ပြင်လိုက်လေသည်။

နောက်တစ်ခဏတွင် ကြောက်မက်ဖွယ်စွမ်းအားတစ်ခုသည် ရုတ်တရက် တိုးဝင်လာခဲ့သည်။

အနက်ရောင်ဝတ်ရုံနှင့် လူငယ်သည် ညည်းညူအော်ဟစ်လိုက်ပြီး ကြောက်မက်ဖွယ် အနက်ရောင်အလင်းတန်းတစ်ခုသည် ကိုယ်တွင်းမှ ပေါက်ကွဲထွက်လာကာ ခန္ဓာကိုယ်သည် လျင်မြန်စွာ ပြောင်းလဲသွားပြီး နဂါးမိစ္ဆာတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားခဲ့၏။

နန်းဆောင်ကြီး တစ်ခုလုံး အနည်းငယ် တုန်ခါသွား၏။

နဂါးမိစ္ဆာအဖြစ်သို့ ပြောင်းလဲသွားသော အနက်ရောင်ဝတ်ရုံနှင့်လူငယ်သည် မြေပြင်ပေါ်သို့ ပြင်းထန်စွာ ဖိနှိပ်ခြင်းခံလိုက်ရပြီး လှုပ်ရှားနိုင်ခြင်း မရှိတော့ပေ။

လီချန်သည် လျှောက်လှမ်းသွားပြီး ဓားတစ်လက်ကို ထုတ်ယူကာ နဂါးမိစ္ဆာ၏ကိုယ်ပေါ်သို့ ညင်သာစွာ တစ်ချက်ထိုးလိုက်ပြီး လက်သည်းတစ်ချက်ကုတ်လိုက်သည်နှင့် နဂါးမိစ္ဆာ၏ကိုယ်ပေါ်မှ နဂါးအရွတ်တစ်ချောင်းကို ဆွဲထုတ်လိုက်၏။

နဂါးမိစ္ဆာသည် နာကျင်စွာ အော်ဟစ်လိုက်၏။

နဂါးအရွတ်ဆွဲထုတ်ခြင်း ခံလိုက်ရပြီးနောက် နဂါးမိစ္ဆာသည် အားအင်ချိနဲ့သွားခဲ့သည်။

အခြားသူများသည် ဤမြင်ကွင်းကိုမြင်သည်နှင့် အားလုံး လေအေးတစ်ချက်ကို ရှိုက်သွင်းလိုက်ကြ၏။

နဂါးမိစ္ဆာမျိုးနွယ်၏ တာအိုသားတော်သည် နဂါးအရွတ်ဆွဲထုတ်ခြင်း ခံလိုက်ရသော်လည်း သေဆုံးမည် မဟုတ်ဘဲ နဂါးအရွတ်ကိုပင် ပြန်လည် ပေါက်ဖွားစေနိုင်သော်လည်း သေချာပေါက် ဝိညာဉ်ခန္ဓာကိုယ်ကိုတော့ ထိခိုက်ပျက်စီးသွားစေမည်ဖြစ်ပြီး အနာဂါတ်အလားအလာကို ကြီးမားစွာ ထိခိုက်စေပေလိမ့်မည်။

တစ်နည်းအားဖြင့် ဆိုရလျှင် နဂါးမိစ္ဆာတာအိုသားတော်သည် အသုံးမဝင်တော့ဟု ဆိုနိုင်သည်။

ဤအခိုက်အတန့်တွင် သူတို့ လီချန်အား ကြည့်သော အကြည့်များသည် ကြောက်ရွံ့မှုများ ဖြစ်လာခဲ့ကြတော့သည်။

နဂါးမိစ္ဆာတာအိုသားတော်ပင်လျှင် ခုခံနိုင်စွမ်း လုံးဝမရှိရာ သူတို့သည်လည်း အလားတူ ခုခံနိုင်မည် မဟုတ်ပေ။

ဘယ်တတ်နိုင်ပါ့မလဲ။ တစ်ဖက်လူသည် ထျန်းလန်နတ်ဘုရားစံအိမ်၏ အစီအရင်ပုလဲလုံးကို ပိုင်ဆိုင်သွားပြီ ဖြစ်ရာ နတ်ဘုရားစံအိမ်တစ်ခုလုံး၏စွမ်းအားကို အသုံးပြုခွင့်အာဏာကို ပိုင်ဆိုင်သွားသည်နှင့် ညီမျှသည်။

နဂါးမိစ္ဆာကို လွှတ်ပေးလိုက်ပြီးနောက် လီချန်သည် နဂါးအရွတ်ကို သိမ်းဆည်းလိုက်ပြီးနောက် လက်ဖဝါးများကို ခါလျက်ပြောလိုက်သည်။ "တခြားလူတွေကို ပြောဆိုခဲ့တာကိုတော့ သဘောထားသေးသေးနဲ့ ကျွန်တော် ဆက်မစစ်ဆေးတော့ဘူး။ ခင်ဗျားတို့ ထွက်ခွာသွားနိုင်ပါပြီ။"

အခြားဆယ့်နှစ်ယောက်သည် ထိုအခါမှတိတ်တဆိတ် သက်ပြင်းချလိုက်ကြ၏။

သူတို့သည် လီချန် ဤအခွင့်အရေးကိုအသုံးချ၍ သူတို့အား ထျန်းလန်နတ်ဘုရားစံအိမ် အတွင်း၌ ပိတ်လှောင်ထားခဲ့မည်ကို အလွန် စိုးရိမ်ခဲ့ကြသည်။

နဂါးမိစ္ဆာတာအိုသားတော်ပင်လျှင် နဂါးအရွတ်ဆွဲထုတ်ခြင်း ခံလိုက်ရရာ ဒီလူမလုပ်ရဲတာ ဘာများရှိတော့မှာလဲ။

ထို့ပြင်... ဤလူသည် နတ်ဘုရားကံကြမ္မာအခွင့်အရေးကို လုယူသွားခဲ့ပြီဖြစ်ရာ သူတို့ ရင်ဆိုင်နိုင်စွမ်း ရှိတော့သည့်သူ မဟုတ်တော့ပေ။

မည်သို့ပင်ဖြစ်စေ ကြားရသည်မှာ နတ်ဘုရားကံကြမ္မာအခွင့်အရေးကို ရရှိသူသည် ထျန်းလန်နတ်ဘုရားအရှင်သခင်၏ အမည်ခံတပည့် ဖြစ်လာရန် အရည်အချင်း ရှိသည်ဟု ဆို၏။

အမည်ခံတပည့်ဖြစ်လျှင်ပင် အဆင့်အတန်းမှာ မြင့်မြတ်လှသည်။

သူတို့ကို မဆိုထားနှင့်... သူတို့၏ နောက်ကွယ်မှ အင်အားစုများပင်လျှင် အလွယ်တကူ စော်ကားဝံ့မည်ကို စိုးရိမ်ရ၏။

နဂါးမိစ္ဆာတာအိုသားတော်အပါအဝင် ဆယ့်သုံးယောက်လုံး နန်းဆောင်ကြီးမှ ထွက်ခွာသွားသည်ကို စောင့်ဆိုင်းပြီးနောက် လီချန်သည် ထိုအခါမှ သူ့အကြည့်ကို ပြန်လည် ရုပ်သိမ်းလိုက်၏။

သူ ထိုလူအားလုံးကို ချန်ထားခဲ့ရန် တွေးတောခဲ့ဖူး၏။

သို့သော်... သူသည် နတ်ဘုရားကံကြမ္မာအခွင့်အရေးကို ရရှိခဲ့ပြီး ထျန်းလန်နတ်ဘုရား အရှင်သခင်၏ အမည်ခံတပည့် ဖြစ်လာခဲ့ပြီဖြစ်ရာ အလွန်အကျွံ ပြုလုပ်ရန် မလိုအပ်တော့ပေ။

အကယ်၍ ထျန်းလန်နတ်ဘုရားအရှင်သခင်သည် ထျန်းလန်နတ်ဘုရားစံအိမ်ဘက်ကို လျှို့ဝှက်စွာ စောင့်ကြည့်နေခဲ့ရင်ရော။

သူ အကယ်၍ အလွန်အမင်း ရက်စက်ကြမ်းကြုတ်စွာ ပြုမူခဲ့ပါက ထျန်းလန်နတ်ဘုရားအရှင်သခင်အား မကောင်းသောအထင်အမြင် ကျန်ရစ်စေခဲ့လျှင် တော်တော်လေးမကောင်းလှပေ။

မည်သို့ပင်ဖြစ်စေ သူ နောင်တွင် အထက်ဘုံသို့ တက်လှမ်းရန်မှာ ထျန်းလန်နတ်ဘုရားအရှင်သခင်၏ အကာအကွယ်ပေးမှုကို လိုအပ်သေး၏။

"ငါ အဲ့ဒီနတ်ဘုရားဝိညာဉ်ချီကို ပေါင်းစပ်ခဲ့တဲ့အချိန် ဘုံအဆင့်တက်ခြင်း တိုးတက်မှု မတိုးခဲ့ဘူးဆိုပေမယ့် ငါ့ရဲ့ စွမ်းအားတိုးတက်မှုကတော့ မနည်းတာသေချာတယ်။"

လီချန်သည် စိတ်ထဲမှ ရေရွတ်လိုက်၏။

သူသည် သူ့ဝိညာဉ်စွမ်းအင်သည် နတ်ဘုရားတစ်ပိုင်းခန္ဓာအဖြစ်သို့ ပြောင်းလဲပြီးနောက် အတန်ငယ် ထူးဆန်းသော ပြောင်းလဲမှုများ ဖြစ်ပွားခဲ့သည်ကို ခံစားမိနိုင်သည်။

ထို့ပြင် သူ ဖွင့်လှစ်ခဲ့သော နတ်ဘုရားအကြောပေါက် ဝိညာဉ်နတ်ဘုရား အနည်းငယ်သည်လည်း အသွင်ပြောင်းလဲမှု တစ်မျိုးမျိုး ရှိလောက်သည်ဟု ခံစားမိလိုက်၏။

သို့သော် သူသည် ဗလာသို့ပြန်ခြင်း အခြေအနေတွင် မရှိသဖြင့် ဤအသွင်ပြောင်းလဲမှုသည် ဘယ်အဆင့်သို့ ရောက်ရှိသွားသည်ကို အတည် မပြုနိုင်ပေ။

ရုတ်တရက် လီချန်သည် နတ်ဘုရားရုပ်တု၏ အခြားလက်တစ်ဖက်တွင် ကိုင်ဆောင်ထားသော အနီရောင်ပန်းပွားပါ လှံရှည်ရှိရာသို့ ကြည့်လိုက်၏။

နတ်ဘုရားကံကြမ္မာအခွင့်အရေးကဲ့သို့ပင် နတ်ဘုရားရုပ်တု၏ လက်ထဲတွင် ထားရှိနိုင်ရာ သာမန်လက်နက် မဟုတ်ကြောင်း သိသာလှသည်။

ထို့ကြောင့် သူသည် လက်လှမ်း၍ ဖမ်းဆုပ်လိုက်ရာ ချက်ချင်းပင် အနီရောင်ပန်းပွားပါလှံရှည်သည် သူ့လက်ထဲသို့ ကျရောက်လာခဲ့သည်။

တစ်ခဏချင်းတွင် သူသည် သဏ္ဌာန်မဲ့ စွမ်းအား တစ်ခုက တစ်ကိုယ်လုံးကို လွှမ်းခြုံသွားပြီး သူ၏အသိစိတ်ကို အထူးနေရာလပ်တစ်ခုအတွင်းသို့ ဆွဲဆောင်သွားသည်ကို ခံစားမိလိုက်သည်။

ပုံရိပ်တစ်ခုသည် လှံရှည်ကို ကိုင်ဆောင်လျက် လှံသိုင်း တစ်စုံကို သရုပ်ပြလျက် ရှိသည်။

အချိန် အတော်ကြာပြီးနောက် သူသည် ဖြည်းညှင်းစွာ မျက်လုံး ဖွင့်လိုက်ပြီး မျက်နှာထက်တွင် အံ့ဩသွားသော အမူအရာ ပေါ်ထွက်လာ၏။

လှံရှည်သည် တကယ်တမ်း အဆင့်သုံး ဝိညာဉ်လက်နက်တစ်ခုဖြစ်သည်။

ထို့ပြင် လှံရှည်တွင် အလွန်အားကောင်းသော လှံသိုင်း တစ်မျိုး၊ မက်မွန်ပန်းလှံသိုင်းဟု အမည်ရသော လှံသိုင်း တစ်မျိုး ပါဝင်နေသေးသည်။

လှံသိုင်း၏ အမည်မှာ သိပ်မကောင်းလှသော်လည်း လှံသိုင်း၏အစွမ်းအစမှာမူ သေချာပေါက် အထင်သေး၍ မရပေ။

ကံမကောင်းစွာဖြင့် လီချန်တွင် မိမိကိုယ်တိုင် သန့်စင်ထားသော လျန်ချီးဝိညာဉ်ဓား ရှိနေခဲ့ပြီ ဖြစ်သည်။

ထို့အပြင် သူ နားလည် သဘောပေါက်ထားသည်မှာ ဓားတာအိုအငွေ့အသက်ဖြစ်ရာ... လှံသိုင်းကို ထပ်မံကျင့်ကြံခြင်းမှာ သိပ်မကိုက်ညီလှပေ။

ကျင့်ကြံနိုင်သေးသည်ဟု ဆိုသော်လည်း လှံသိုင်း၏အစွမ်းအစကို အမှန်တကယ် ထုတ်ဖော်နိုင်စွမ်း ရှိမည် မဟုတ်ပေ။

လီချန်သည် မက်မွန်ပန်းလှံကို သိုလှောင်ပစ္စည်း အတွင်းသို့ ထည့်သွင်းသိမ်းဆည်းလိုက်၏။

ထို့နောက် လီချန်သည် အခြားဘေးဘက်နန်းဆောင် အနည်းငယ်သို့ ထပ်မံသွားရောက်ပြီး ကျန်ရှိသော ပစ္စည်းများကို တစ်ခုချင်းစီ သိမ်းဆည်းလိုက်၏။

အားလုံးမှာ ပစ္စည်းကောင်းများဖြစ်ကြသည်။

အနည်းဆုံးတော့ ဤအမတနယ်မြေတွင် ထာဝရဧကရာဇ်မျိုးနွယ်ကဲ့သို့သော သာလွန် ထူးကဲသည့် အင်အားစုများပင် ထုတ်ယူနိုင်မည်ဟု အာမ မခံနိုင်ပေ။

ထျန်းလန်နတ်ဘုရားစံအိမ် ပိတ်သိမ်းရန် အချိန်အတန်ငယ်ကျန်ရှိသေးသည်ကို အခွင့်ကောင်းယူ၍ လီချန်သည် အစီအရင်ပုလဲလုံးနှင့် နတ်ဘုရားစံအိမ် မဟာအစီအရင်တစ်ခုလုံးကို စတင် လေ့လာလေတော့သည်။

သူသည် ယခု အစီအရင်ပုလဲလုံးကို ထိန်းချုပ်နိုင်ပြီဖြစ်ရာ မဟာအစီအရင်၏ အတွင်းပိုင်း သိမ်မွေ့သောဖွဲ့စည်းပုံသည် သူ့ရှေ့မှောက်တွင် လုံးဝ ပေါ်ထွက်လာနိုင်ပေမည်။

သို့သော် သူ့အား စိတ်ညစ်စေသည်မှာ မဟာအစီအရင်သည် အလွန်အမင်း အဆင့်မြင့်မားလှခြင်း ဖြစ်သည်။

လှိုင်ဂူကောင်းကင်ဘုံအတွင်း၌ ဉာဏ်အလင်းပွင့်ခြင်း အခြေအနေတွင်ရှိနေပြီး မဟာအစီအရင် အတွင်းပိုင်းမှ အသေးစိတ်အချက်အလက်များကို အာရုံခံမိနိုင်လျှင်ပင် သူသည် အနည်းငယ် ရှုပ်ထွေးနေဆဲ ဖြစ်သည်... နားမလည်နိုင်ပေ။

မူလတန်းကျောင်းသားတစ်ဦးက အဆင့်မြင့် သင်္ချာပုစ္ဆာများကို ဖြေဆိုရသကဲ့သို့ပင်... အဖြေနှင့် ဖြေရှင်းနည်း အဆင့်ဆင့် ရှိနေလျှင်ပင် ပြဿနာမှာ သူ လုံးဝ နားမလည်နိုင်ခြင်း ဖြစ်သည်။

လီချန်သည် အတင်းအကျပ် မှတ်သားရန်သာ တတ်နိုင်ပြီး ဉာဏ်အလင်းပွင့်ခြင်း အခြေအနေကို အသုံးပြု၍ ထျန်းလန်နတ်ဘုရားစံအိမ် မဟာအစီအရင်၏ အတွင်းပိုင်းအသေးစိတ်အခြေအနေများကို အတင်းအကျပ် မှတ်တမ်းတင်လိုက်သည်။

.......

အချိန်သည် လျင်မြန်လှပြီး မျက်စိတစ်မှိတ်အတွင်း လဝက် ကုန်လွန်သွားခဲ့၏။

ရုတ်တရက် ထျန်းလန်နတ်ဘုရားစံအိမ် တစ်ခုလုံး အနည်းငယ် တုန်ခါလာခဲ့၏။

လီချန်သည် မျက်လုံး ဖွင့်လိုက်ပြီး သက်ပြင်းတစ်ချက်ချလိုက်၏။

သူ ဤလဝက်တာကာလအတွင်း အတင်းအကျပ် မှတ်သားနေခဲ့သော်လည်း ထျန်းလန်နတ်ဘုရားစံအိမ် မဟာအစီအရင်သည် အမှန်တကယ်ပင် အလွန်ကြီးမားရှုပ်ထွေးလှရာ သူ ခုနစ်ပုံ၊ ရှစ်ပုံခန့်သာ မှတ်တမ်းတင်နိုင်ခဲ့သည်။။

သို့သော် ဤသို့ ဖြစ်လျှင်ပင် သက်ဆိုင်ရာ အစီအရင်အသိပညာရှိသရွေ့ မှတ်တမ်းတင်ထားသော အချက်အလက်များကို အသုံးပြု၍ တွက်ချက် ဖော်ထုတ်နိုင်သည်။ ထို့သို့ဖြင့် 'ချန်ယွမ်အစီအရင်ကျမ်း' ကို တစ်ဆင့်ပြီးတစ်ဆင့် ပိုမို မြင့်မားသောအဆင့်သို့ တွန်းပို့နိုင်မည်ဟု ယုံကြည်၏။

ကြည့်ရသည်မှာ အခွင့်အရေးသာရှိပါက တုထျန်းအစီအရင်ဂိုဏ်းသို့ တစ်ခေါက် မဖြစ်မနေ သွားရပေတော့မည်။

အမတနယ်မြေ အတွင်း၌ အစီအရင်ပညာ၏အထွတ်အထိပ်မှာ သံသယဖြစ်ဖွယ် မရှိဘဲ တုထျန်းအစီအရင်ဂိုဏ်းပင်ဖြစ်ရာ သူ ပိုမိုအဆင့်မြင့်သောအစီအရင်အသိပညာကို ရရှိလိုပါက တုထျန်းအစီအရင်ဂိုဏ်းသည် အကောင်းဆုံး ရွေးချယ်မှု ဖြစ်သည်။

တကယ်တော့ သူ အလွန် ထူးဆန်းမိသည်မှာ ဤထျန်းလန်နတ်ဘုရားစံအိမ်အတွင်း၌ ဤမျှ အဆင့်မြင့်သော အစီအရင်များရှိနေပါလျက် ဘာကြောင့်များ အစီအရင်ပညာနှင့် ပတ်သက်သော အချက်အလက် အချက်အလက်များကို တခုတလေတောင် မချန်ထားခဲ့ရတာလဲ။

မဟုတ်ရင် သူသည် ဤသို့ အနီးကို စွန့်၍ အဝေးကို ရှာဖွေရန် မလိုအပ်တော့ပေ။

လက်ဖဝါးအလယ်မှ အစီအရင်ပုလဲလုံး၏ တုန်ခါမှုကို ခံစားမိပြီး သူ့ထိန်းချုပ်မှုမှ လွတ်မြောက်သွားလိုဟန်ရှိရာ လီချန်သည် ထျန်းလန်နတ်ဘုရားစံအိမ် ပိတ်သိမ်းတော့မည် ဖြစ်ကြောင်းကို နားလည်လိုက်သည်။

သူသည် ထျန်းလန်နတ်ဘုရား အရှင်သခင်၏ အမည်ခံတပည့် ဖြစ်သော်လည်း ထျန်းလန်နတ်ဘုရားစံအိမ်ကို လုံးဝ ပိုင်ဆိုင်နိုင်မည် မဟုတ်ပေ။

ထျန်းလန်နတ်ဘုရားစံအိမ်သည် ထျန်းလန်နတ်ဘုရားအရှင်သခင်က အမည်ခံတပည့်များကို အထူးတလည် ခေါ်ယူရန် နေရာ ဖြစ်သည်။

နှစ်ပေါင်း သောင်းချီလျှင် တစ်ကြိမ် ပေါ်ထွက်လာ၏။

အောက်ဘုံမှ နှစ်ပေါင်း သောင်းချီဟု မထင်မှတ်လိုက်ပါနဲ့။ အောက်ဘုံနှင့် အထက်ဘုံ၏ အချိန် စီးဆင်းမှု နှုန်းမှာ မတူညီပေ။

မြေအောက် တစ်နှစ်၊ ကောင်းကင် တစ်ရက်။

အောက်ဘုံမှ နှစ်ပေါင်း သောင်းချီသည် အထက်ဘုံတွင် ထားရှိပါက ဆယ်စုနှစ် အနည်းငယ်၊ ရာစုနှစ် တစ်ခုခန့်မျှသာ ဖြစ်သည်။

ထျန်းလန်နတ်ဘုရားအရှင်သခင်သည် ဆယ်စုနှစ် အနည်းငယ်၊ ရာစုနှစ်တစ်ခုလျှင် တစ်ကြိမ် အောက်ဘုံတွင် အမည်ခံတပည့်တစ်ဦးခေါ်ယူခြင်းမှာ အလွန်ပုံမှန်ကိစ္စ ဖြစ်သည်ဟု ဆိုနိုင်သည်။

လီချန်သည် အစီအရင် ပုလဲလုံးကို လွှတ်ပေးလိုက်ပြီး လှည့်၍ ပင်မနန်းဆောင်မှ ထွက်ခွာသွား၏။

..

လှိုင်ဂူကောင်းကင်ဘုံအတွင်း၌ လူရိပ်တစ်ခုသည် ထျန်းလန်နတ်ဘုရားစံအိမ်အတွင်းမှ ပျံသန်း ထွက်လာပြီးနောက် တာအိုကျောင်းတော် အတွင်းသို့ ဆင်းသက်သွားခဲ့သည်။

"တာအိုရောင်းရင်းချင်းဖိန်၊ ခင်ဗျား တစ်လျှောက်လုံးရှိနေခဲ့တာလား။"

လီချန်သည် လင်ချင်းဖိန်ကို တွေ့မြင်ပြီးနောက် ချက်ချင်း နှုတ်ဆက်လိုက်၏။

"တာအိုရောင်းရင်းလီချန်၊ ရှင် ထျန်းလန်နတ်ဘုရားစံအိမ်ကနေ အခုလေးတင် ထွက်လာတာလား။"

လင်ချင်းဖိန်က အလျင်အမြန် မေးလိုက်၏။

"ဟုတ်တယ်။"

လီချန်က ခေါင်းညိတ်လိုက်၏။

"တာအိုရောင်းရင်းလီချန်၊ အကြီးအကဲချီလည်း ထျန်းလန်နတ်ဘုရားစံအိမ်ထဲကို ဝင်သွားခဲ့တယ်။"

လင်ချင်းဖိန်က စိုးရိမ်စွာ ပြောလိုက်သည်။

ယခုအချိန်အထိ အကြီးအကဲချီ ပြန်ဆင်းမလာသေးပေ။ အသက်ရှင်ရန် မျှော်လင့်ချက် နည်းပါးပြီး သေဆုံးနိုင်ချေ အရမ်းများလေသည်။

"အကြီးအကဲချီလည်း ဝင်သွားခဲ့တာလား။"

လီချန် မျက်မှောင် အနည်းငယ် ကြုတ်သွားသည်။

သူ ဤအတောအတွင်း အမြဲတမ်း မဟာအစီအရင်ကို မှတ်တမ်းတင်နေခဲ့ပြီး ထျန်းလန်နတ်ဘုရားစံအိမ်သို့ ဝင်ရောက်လာသော အခြားသူများကို အာရုံမစိုက်ခဲ့ပေ။

ထို့ပြင် သူ ယခုလေးတင် ထျန်းလန်နတ်ဘုရားစံအိမ်မှ ထွက်ခွာလာချိန်တွင် အဆင်ပြေလျှင် အစီအရင် ပုလဲလုံးမှတစ်ဆင့် တစ်ချက် အာရုံခံ ကြည့်ရှုလိုက်ရာ အသက်ရှင်နေသော လူ မရှိဘဲ ဆန့်ကျင်ဘက်အားဖြင့် များပြားလှသော အလောင်းများ ထပ်တိုးလာခဲ့၏။

တစ်နည်းအားဖြင့် ဆိုရလျှင် အကြီးအကဲချီသည် သေဆုံးသွားခဲ့လောက်ပေပြီ။

***

All Chapters