← Chapters

ဒီကလေးက သင်ကြားလို့ရသားပဲ

Vol. 54 Ch. 798

ဒီကလေးက သင်ကြားလို့ရသားပဲ

Vol. 54 Ch. 798

ထိုနေရာရှိ လူများအားလုံး ပင့်သက်ရှိုက်လိုက်ကြသည်။ ထိုလူသည် ကျန့်ဟုန်ရိပ်မြုံပိုင်ရှင်၏စကားများကို အဓိပ္ပာယ်မဲ့သည်ဟု ပြောဝံ့ခဲ့သည်။ ဤလူသည် အသက်ရှင်ရသည်မှာ ပင်ပန်းနေခြင်းဖြစ်လေသလော။ နှလုံးသားမဲ့သော တာအိုကျင့်ကြံသူဟု လူသိများသော လီဟန်ချင်းသည် ပေါက်ကွဲသွားမည်မှာ သေချာသည်။ အမှန်တကယ်ပင်၊ လီဟန်ချင်းသည် သတ်ဖြတ်ချင်စိတ်များဖြင့် ပြည့်နှက်လာကာ သူမ၏ နူးညံ့သိမ်မွေ့သော မျက်ခုံးမွှေးများ ခက်ထန်စွာ မြင့်တတ်သွားလေသည်။

“မိုက်မဲတဲ့ကောင်…”

ရွှယ်အန်းက သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။

"ခဏနေပါဦး"

ပြီးနောက် သူသည် ရွှယ်လွေ့လီကို လှည့်ကြည့်လိုက်သည်။

"လွေ့လီ၊ လာ။ သောက်အဓိပ္ပာယ်မဲ့တယ်လို့ ကျုပ်နောက်က လိုက်ဆို "

ရွှယ်လွေ့လီသည် သူမ၏ တွဲလောင်းကျနေသော အနက်ရောင် ဆံပင်များဖြင့် မျက်နှာကို ဖုံးအုပ်လျက် ခေါင်းငုံ့နေသည်။

လီဟန်ချင်းက အေးစက်စွာ ပြောလိုက်သည်။

"လွေ့လီ၊ မင်းက ဆရာ့စကားကိုတောင် နားမထောင်တော့ဘူးလား။ ငါက မင်းအကျိုးအတွက် လုပ်နေတာပါ"

ရွှယ်လွေ့လီ၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်လာသည်။ လီဟန်ချင်းက အေးစက်စွာ ရယ်မော၍ စကားပြောရန် ဟန်ပြင်လိုက်ချိန်တွင် ခေါင်းငုံ့နေဆဲဖြစ်သော ရွှယ်လွေ့လီက ရုတ်တရက် ပြောလိုက်သည်။

"သောက်အဓိပ္ပာယ်မဲ့တယ်"

လီဟန်ချင်းက မှင်သက်သွားပြီးနောက် သူမ၏နားကို မယုံကြည်နိုင်ဖြစ်နေသည်။

"ရွှယ်လွေ့လီ၊ မင်း ဘာပြောလိုက်တယ်"

ရွှယ်လွေ့လီက ခေါင်းကို ဖြည်းညှင်းစွာ မော့လာခဲ့ရာ၊ အနက်ရောင်ဆံပင်များဖြင့် ဖုံးအုပ်နေသော သူမ၏ မျက်နှာသည် မျက်ရည်များဖြင့် ပြည့်နှက်နေသော်လည်း သူမ၏ တုန်ယင်မှုများ ရပ်တန့်သွားသည်။ တစ်ချိန်က ဒွိဟများဖြင့် ဝေဝါးနေသော မျက်လုံးများသည် တဖြည်းဖြည်း တည်ငြိမ်လာခဲ့သည်။

ပြီးနောက် သူမသည် တစ်ခွန်းချင်း ပြောလိုက်သည်။

"ကျွန်မပြောတာက ဆရာ ပြောတဲ့စကားတွေက သောက်အဓိပ္ပာယ်မဲ့တယ်လို့"

တစ်ခန်းလုံး တိတ်ဆိတ်ငြိမ်သက်သွားလေသည်။ လူများစွာသည် တစ်ချိန်က ကောင်းကင်ဘုံ၏ မာနကြီးသော သမီးတော်ကို အလွန်အံ့အားသင့်သော မျက်လုံးများဖြင့် စိုက်ကြည့်နေကြသည်။ လီဟန်ချင်း၏ လှုပ်ရှားများ အေးခဲတောင့်တင်းသွားသည်။ ပုံမှန်အချိန်တွင် နာခံမှုရှိသော တပည့်ဖြစ်သူသည် သူမကို ပွင့်လင်းစွာ ဖီဆန်လာဝံ့မည်ဟု သူမ မထင်မှတ်ခဲ့ပေ။ လီဟန်ချင်းသည် ရုတ်တရက်ဆိုသလိုပင် အလွန်ဒေါသထွက်သွားသည်။

"ရွှယ်လွေ့လီ၊ မင်းက ငါ့ကို တကယ်ပဲ ဒီလိုပြောရဲတယ်ပေါ့။ မင်းက မင်းဆရာနဲ့ ဘိုးဘေးတွေကို သစ္စာဖောက်ချင်နေတာလား"

ထိုသို့ ကြားလိုက်ရသောအခါ ရွှယ်လွေ့လီက ကျယ်လောင်စွာ ရယ်မောလိုက်ရာ၊ သူမ၏ ရယ်သံတွင် ဝမ်းနည်းပူဆွေးမှုများဖြင့် ပြည့်နှက်နေသည်။ ပြီးနောက် သူမသည် လီဟန်ချင်းကို အလွန်တည်ငြိမ်သော အကြည့်ဖြင့် ကြည့်လိုက်သည်။

"ကျွန်မက ဆရာနဲ့ ဘိုးဘေးတွေကို သစ္စာဖောက်တယ်တဲ့လား ဟမ်၊ ကျွန်မက ကျင့်ကြံမှုတွေ ပိတ်ဆို့ပြီး နည်းနည်းနောက်ကျရုံပဲရှိသေးတာကို ရှင်က ကျွန်မကို ရှုန်းမော့ချိုင့်ဝှမ်းဆီ လက်ဆောင်အဖြစ်ပို့ဖို့ မစောင့်နိုင်တော့ဘူးလေ။ ဒါနဲ့များ ရှင့်ကိုယ်ရှင် ဆရာတဲ့လား။ ဒါက ဘိုးဘေးတဲ့လား။ ဒီလိုဆိုရင် ကျွန်မ ရှင့်ကို ပြောနိုင်တာက ချီးပဲ၊ ကျွန်မ ရှင့်တို့ဆီမှာ ဆက်ပြီး မခစားနိုင်ဘူး"

ထိုသို့ပြောပြီးနောက် ရွှယ်လွေ့လီသည် သူမဘေးတွင် ရပ်နေသော ရွှယ်အန်းကို လေးနက်စွာ ဦးညွှတ်၍ အလွန်တည်ငြိမ်သောလေသံဖြင့် ပြောလိုက်သည်။

"ကျွန်မကို ဉာဏ်အလင်းဖွင့်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်၊ ဆရာ။ ကျွန်မ အခုနားလည်သွားပါပြီ"

"အိုး ဘာကို နားလည်တာပါလိမ့်"

"တချို့လူတွေကို သောက်အဓိပ္ပာယ်မဲ့တဲ့ စကားတွေနဲ့ပဲ ဖော်ပြလို့ရတယ်ဆိုတာကို ကျွန်မ နားလည်သွားတာပါ။ နောက်ပြီးတော့ ဒီလိုဆဲဆိုရတဲ့ခံစားချက်ကလည်း တကယ့်ကို နေရထိုင်ကောင်းပါတယ်" ရွှယ်လွေ့လီက ပြုံးဖြင့် ပြောလိုက်သည်။

ရွှယ်အန်းက ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။ သူ၏ ရယ်မောသံသည် အမိုးပေါ်ရှိ ကြွေပြားများကို လှုပ်ခါသွားစေသောကြောင့် ဘေးပတ်ဝန်းကျင်ရှိ လူအားလုံးပင် လှည့်ကြည့်လာကြသည်။ အနီးနားတွင်ထိုင်နေသော ကျီလဲ့သူတော်စင်သည် ရွှန်းအန်း ရယ်မောနေသည့် အကြောင်းရင်းကို နားမလည်ဟန်ဖြင့် ပဟေဋ္ဌိဖြစ်စွာ ကြည့်လိုက်လေသည်။

ရယ်မောသံများ တိတ်ဆိတ်သွားပြီးနောက် ရွှယ်အန်းက သာမန်ကာလျှံကာ ပြောလိုက်သည်။

"ကောင်းတယ်။ ဒီလိုတပည့်မျိုးက သင်ရလွယ်သားပဲ"

သို့သော် ယခုအချိန်တွင် လီဟန်ချင်းသည် ဒေါသစိတ်ဖြင့် ရူးသွပ်လုနီးပါးဖြစ်နေသည်။

"ရွှယ်လွေ့လီ၊ မင်း သိပ်တော်တယ်၊ မင်းက ဆရာနဲ့ ဘိုးဘေးတွေကို သစ္စာဖောက်ပြီး ပြင်ပလူတွေနဲ့ ပူးပေါင်းတယ်ပေါ့လေ။ ဒီနေ့ မင်းရဲ့ ကျင့်ကြံမှုတွေကို ဖျက်ဆီးပြီး မင်းကို ထာဝရ အကျဉ်းချပစ်မယ်"

သူမ၏ ထိုစကားများ ပြီးဆုံးသည်နှင့် လီဟန်ချင်းက အေးစက်စွာ အမိန့်ပေးလိုက်သည်။

"လုပ်တော့"

ဓားကျွန်ခြောက်ဦးသည် သူမ၏ အမိန့်အောက်တွင် ဓားရှည်များကို တိတ်တဆိတ် ဆွဲထုတ်၍ အရှေ့သို့ လျှောက်လှမ်းလာသည်။ ထိုသို့ မြင်လိုက်ရသောအခါ ကျန်းချီသည် ရွှယ်လွေ့လီအရှေ့သို့ ချီတက်လာလာ ထိုခြောက်ဦးကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။

"သခင်မလေးကို ထိချင်ရင် နင်တို့တွေ ငါ့အလောင်းကို အရင်နင်းသွားရမယ်"

ကျန်းချီဖြစ်ကြောင်း မြင်လိုက်ရသောအခါ ဓားကျွန်ခြောက်ဦးစလုံး တုံ့ဆိုင်းသွားကြသည်။ ဤခြောက်ဦးသည် ကနဦးတွင် ရွှယ်လွေ့လီအနားတွင် ခစားခဲ့ဖူးသော ဓားကျွန်များဖြစ်ကြသည်။ ၎င်းတို့သည် ရွှယ်လွေ့လီ၏ အားနည်းသော အခြေအနေကို မြင်တွေ့ပြီးနောက် ဘက်ပြောင်းကာ ထွက်ပြေးသွားခြင်းဖြစ်သည်။

ယခုအခါ ကျန်းချီနှင့် ရင်ဆိုင်လိုက်ရသောအခါ ၎င်းတို့အားလုံး အနည်းငယ် ကသိကအောက်ဖြစ်လာကြသည်။ ၎င်းတို့အနက် အကြီးဆုံးဖြစ်သည့် ကျန်းယိက ပြောလိုက်သည်။

"ခုနစ်၊ အခြေအနေကို ကြည့်ပြီး ပညာရှိရှိ ပြုမူဖို့ ငါ အကြံပေးချင်တယ်။ ဖယ်ပေး၊ ငါတို့ သူ့ကို နာကျင်အောင်မလုပ်ပါဘူး။ အခု သခင်မလေးက သူယုတ်မာတွေဆီမှာ လှည့်စားခံနေရတာ၊ ငါတို့ သူ့ကို ဖမ်းပြီး စိတ်တည်ငြိမ်အောင် လုပ်ရမယ်"

ကျန်းချီက လှောင်ရယ်လိုက်သည်။

"ငါ့ကို ခုနစ်လို့ လာမခေါ်စမ်းပါနဲ့၊ နင်တို့တွေ့ ငါ့ကို အဲ့လိုခေါ်ဖို့ မထိုက်တန်ဘူး။ အရင်တုန်းက သခင်မလေးက နင်တို့ကို ဘယ်လိုဆက်ဆံခဲ့လဲကို စဉ်းစားကြည့်ကြ၊ ဒါနဲ့များ အခု နင်တို့တွေ ဒီလို ပြုမူရဲရတယ်လို့။ နင်တို့ သယ်ထားတဲ့ ဓားတွေနဲ့ရော ထိုက်တန်ရဲ့လား၊ ပြီးတော့ ငါ လုံးဝ ဖယ်မပေးနိုင်ဘူး"

"သခင်မလေးကို ထိချင်ရင် နင်တို့ ငါ့ကို အရင်ကျော်ဖြတ်ရမယ်လို့ ငါ ပြောပြီးပြီ"

ဓားသမားခြောက်ဦးတို့၏ မျက်နှာများသည် ရှက်ရွံ့စိတ်ဖြင့် နီရဲလာကြသည်။

ထိုအချိန်တွင် လီဟန်ချင်းက အေးစက်စွာ ဟစ်အော်လိုက်သည်။

"သေချင်နေတာပဲ"

ဤသို့ဖြင့် သူမသည် မဆိုင်းမတွဘဲ လှုပ်ရှားလိုက်သည်။ ရွှယ်လွေ့လီနှင့် ရွှယ်အန်းတို့ကို နက်ရှိုင်းစွာ မုန်းတီးနေသည့်အပြင် ဓားကျွန်ဖြစ်သော ကျန်းချီကိုလည်း ရှုံ့ချသောအားဖြင့် သူမ၏တိုက်ခိုက်မှုသည် အလွန်ပြင်းထန်လွန်းလှသည်။ သူမ၏ စုတ်တံကို လှုပ်ယမ်းချက်တစ်ချက်သည် ကျန်းချီထံသို့ ပျော့ပျောင်းသော အနီရောင် အလင်းတန်းတစ်ခုအဖြစ် ရောက်ရှိလာလေသည်။ ဤအလင်းရောင်သည် ရုတ်တရက်ကြည့်လျှင် မထူးခြားလှသော်လည်း ၎င်းဖြတ်သန်းသွားသည့် နေရာတိုင်းတွင် အလင်းရောင်များပင် တွန့်လိမ်သွားလေ၏။ သို့သော် ထိုအချိန်တွင် ကျီလဲ့သူတော်စင်သည် ကျန်းချီအရှေ့တွင် ရုတ်တရက် ပေါ်ပေါက်လာကာ လက်များကို စည်းတံဆိပ်ပုံစံပြုလုပ်ပြီးနောက် တိုက်ခိုက်မှုကို ထိပ်တိုက်ရင်ဆိုင်လိုက်သည်။

ဗလုံးဗထွေးသံများ ထွက်ပေါ်လာပြီးနောက် ခန်းမတစ်ခုလုံးကို လှိုင်းလုံးကြီးတစ်ခု ဖြတ်သန်းသွားလေသည်။ စားပွဲများနှင့် ကုလားထိုင်များ ကွဲအက်သွားကာ ကျင့်ကြံမှု အနည်းငယ်နိမ့်သူများပင် မြေပြင်ပေါ်သို့ လဲကျသွားကြ၏။ ကျီလဲ့သူတော်စင်၏ခန္ဓာကိုယ်သည် အနည်းငယ်ယိမ်းယိုင်သွားသော်လည်း သူမသည် လီဟန်ကျင်းကို အေးစက်သော မျက်လုံးများဖြင့် စိုက်ကြည့်လိုက်သည်။

လီဟန်ချင်းက ရုတ်တရက် ထိတ်လန့်သွားသည်။

"ကျီလဲ့သူတော်စင်၊ ဒါက ဘာသဘောလဲ"

လင်းရှောင်းက အရှေ့သို့ လှမ်းလာကာ ပြောလိုက်သည်။

"ကျန့်ဟုန်ရိပ်မြုံပိုင်ရှင်၊ ဒါက ကျီလဲ့ရိပ်ခန်းမပါ။ ရှင်တို့ တိုက်ခိုက်ချင်ရင် အပြင်မှာပဲ တိုက်ခိုက်ကြပါ"

လီဟန်ချင်းက အံကြိတ်လိုက်သည်။

"ကောင်းပြီ၊ ဒီလိုဆိုရင် ဒီသစ္စာဖောက်နဲ့ ဒီကောင်စုတ်ကို အနည်းနည်းထပ်ပြီ အသက်ရှင်ခွင့်ပေးလိုက်မယ်"

ထိုသို့ပြောနေစဉ် သူမသည် ရွှယ်အန်းနှင့် ရွှယ်လွေ့လီတို့ကို မုန်းတီးစွာ စိုက်ကြည့်နေသည်။

သို့သော် ရွှယ်အန်းသည် သူမကို လုံးလုံးလျားလျား ဂရုမစိုက်ဘဲ စားပွဲပေါ်ကို လက်ညိုးဖြင့် ခေါက်လျက် လော့စံချီကို လှည့်ကြည့်လိုက်သည်။

"ခင်ဗျားက သွေးကွန်ရက်တောင်တန်းကလား"

ယခုအချိန်အထိ အရာအားလုံးကို စိတ်ဝင်တစား စောင့်ကြည့်နေခဲ့သော လော့စံချီသည် ထိုအချိန်တွင် အနည်းငယ် အံ့ဩသွားသည်။ ကျန့်ဟုန်ရိပ်မြုံနှင့် ရွှယ်လွေ့လီတို့၏ အကြောင်းကိစ္စများသည် သူ့အတွက်မူ မည်သည့် အကျိုးဆက်မျှမရှိပေ။ ဤနေရာသို့ ရောက်ရှိလာရသည့် သူ၏ရည်ရွယ်ချက်သည် ဒဏ္ဍာရီလာ အိပ်မက်ဓားဘုရင်၏ ရတနာကြောင့်ဖြစ်သည်။ သူသည် ကျန်အရာများကို စက္ကန့်ပိုင်းမျှပင် အာရုံမစိုက်မိပေ။ မည်သို့ပင်ဆိုစေကာမူ၊ သူသည် သွေးကွန်ရက်တောင်တန်း၏ ယွမ်ဂိုဏ်းမှ အကန့်အသတ်မဲ့ အလားအလာများရှိနေသည့် လူငယ်ပါရမီရှင်တစ်ဦးဖြစ်သည်။

ထို့ကြောင့် ရွှယ်အန်းက သူ့ကို ထိုသို့သောလေသံဖြင့် ပြောသောအခါ စိတ်အနှောက်အယှက်ဖြစ်မိသော်လည်း ကျီလဲ့သူတော်စင်နှင့် သူ့ကို အလွန် မြတ်နိုးနေသော ရှင်းသန့်နန်တို့အရှေ့တွင် သူ၏ပုံရိပ်ကို အလွန်တန်ဖိုးထားနေရသည့်အတွက် တည်ငြိမ်စွာ ခေါင်းညိတ်လိုက်ဆဲဖြစ်သည်။

“မှန်တယ်”

ရွှယ်အန်းက ပြုံးလိုက်သည်။

"ကောင်းပြီ၊ ဒီကိစ္စကို ဖြေရှင်းပြီးတာနဲ့ ခင်ဗျားရဲ့ သွေးကွန်ရက်တောင်တန်းကို ဖျက်ဆီးပစ်မယ်"

လူအများအပြားသည် နားကြားမှားခဲ့ကြသည့်ဟု ထင်မှတ်နေကြသည်။ လော့စံချီပင် မထိန်းချုပ်နိုင်ဘဲ အလွန် အံ့အားသင့်သွားသည်။

"မင်း ဘာပြောလိုက်တယ်"

ရွှယ်အန်းက ဘာသိဘာသာ ပြောလိုက်သည်။

"ကျုပ်ဆိုလိုတာက ခင်ဗျားရဲ့သွေးကွန်ရက်တောင်တန်း မကြာခင် ပျက်စီးတော့မယ်လို့"

လူတိုင်း အံ့ဩသွားကြသည်။ ဤအခြေအနေအသစ်သည် မည်သည်ဖြစ်သနည်း။ ကနဦးမှ ယခုချိန်ထိ ဤလူသည် ရှုန်းမော့ချိုင့်ဝှမ်း၏သခင်လေးနှင့် ဦးစွာခိုက်ရန်ဖြစ်ပွားပြီးနောက် ကျန့်ဟုန်ရိပ်မြုံကိုပင် စော်ကားခဲ့သည်။ ယခုအခါ သူသည် သွေးကွန်ရက်တောင်တန်းကိုပင် ဖျက်ဆီးပစ်မည်ဟု ရဲရင့်စွာ ဆိုခဲ့သည်။ လူအများသည် ဤအဖြစ်အပျက်များကြောင့် ရွှယ်အန်းကို လမ်းလျှောက်နေသည့် သေလူတစ်ယောက်အဖြစ် မှတ်ယူနေကြသည်။

လော့စံချီလျှင်ပင် ဒေါသတကြီး ရယ်မောလိုက်သည်။

"မိတ်ဆွေ၊ မင်း တစ်နည်းနည်းနဲ့ စိတ်ဒဏ်ရာရနေတာလား ဒါမှမဟုတ်ရင် ရူးများ ရူးနေသလား"

"ခင်ဗျား မယုံရင်လည်း အရေးမကြီးပါဘူး၊ ဘာပဲဖြစ်ဖြစ် ခင်ဗျား မကြာခင် သေရတော့မှာပဲကို" ရွှယ်အန်းက ပြန်ဖြေလိုက်သည်။

လော့စံချီသည် ဣန္ဒြေပင် မထိန်းနိုင်တော့ဘဲ မျက်ခွံများ တဆတ်ဆတ်တုန်ခါလာ၍ လှောင်ရယ်ကာ ပြောလိုက်သည်။

“ကျီလဲ့သူတော်စင်ရဲ့ အကာအကွယ်နဲ့ မဆင်မခြင်ပြုမူပြီး ဒီလိုသေကြောင်းကြံစည်ရင်လည်း ရမယ်လို့ ထင်နေတာလား။ ကျုပ်လှုပ်ရှားရင် ကျီလဲ့သူတော်စင်က ကျုပ်ကို တားဆီးနိုင်မယ်လို့ ထင်နေတာလား"

All Chapters