← Chapters

ဓားနှလုံးသားကို လိုက်နာ၍ မိမိကိုယ်မိမိ ဘယ်သောအခါမှ မမေ့လျော့ခြင်း

Vol. 54 Ch. 799

ဓားနှလုံးသားကို လိုက်နာ၍ မိမိကိုယ်မိမိ ဘယ်သောအခါမှ မမေ့လျော့ခြင်း

Vol. 54 Ch. 799

ရွှယ်အန်းသည် သူ၏စကားကို ဂရုမစိုက်ဘဲ ပျင်းရိစွာ အကျောလျှော့၍ စိမ်ပြေနပြေ မတ်တတ်ရပ်လာသည်။

"တော်တော်ငြီးငွေ့ဖို့ကောင်းတဲ့ အခမ်းအနားပွဲပါလား။ ယန်အာနဲ့ ကလေးတွေ လိုက်မလာလို့တော်သေးတာပေါ့၊ ဒါပေမယ့် နောက်ဆုံးတော့ အချိန်ရောက်လာပြီ"

'အချိန်ရောက်ပြီတဲ့လား။ ဒါက ဘာကိုဆိုလိုတာလဲ'

ခန်းမထဲရှိလူများအားလုံး တစ်ဦးကိုတစ်ဦး စိတ်ရှုပ်ထွေးစွာ လှည့်ကြည့်လိုက်ကြသည်။ ထိုအချိန်တွင် ၎င်းတို့အောက်ရှိ မြေပြင်သည် ရုတ်တရက် ပြင်းထန်စွာ တုန်ခါလာ၍ သဘာဝ၏ ဝိညာဉ်စွမ်းအင်များ မငြိမ်မသက်ဖြစ်လာသည်။

“ဒါက…” ကျီလဲ့ရိပ်ခန်းမ၏ လင်းရှောင်းက ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။ “ရတနာပွင့်လာပြီ”

ထိုစကားများပြောပြီးသည်နှင့် ထိုနေရာရှိလူများအားလုံး အံ့ဩမှင်သက်သွားပြီးနောက် အရူးအမူး ပြေးထွက်သွားကြသည်။ အမှန်တကယ်ပင်၊ အဝေးရှိ အိပ်မက်တောင်တန်းကြီး၏ အထွတ်အထိပ်တွင် ဓားအလင်းရောင်တစ်ခု ကောင်းကင်သို့ ချီတက်သွားခဲ့ရာ၊ ညအမှောင်တစ်ခုလုံး နေ့ခင်းဘက်ဖြစ်လာသကဲ့သို့ လင်းထိန်သွားစေသည်။ လော့စံချီ၏ မျက်နှာအမူအရာ ရွှင်လန်းသွားကာ သူ၏ခန္ဓာကိုယ်တစ်ဝိုက် ရွှေရောင်အင်းစာလုံးများ ပေါ်ပေါက်လာပြီးနောက် မဟာအိပ်မက်တောင်တန်းဆီ ဦးတည်ပျံသန်းသွားလေသည်။

ထိုသို့ မြင်လိုက်ရသောအခါ ရှင်းသန့်နန်က အလျင်အမြန် အော်ခေါ်လိုက်သည်။

"အစ်ကိုလော့၊ ညီမကို စောင့်ပါဦး"

လော့စံချီက လက်ဖြင့် ညွှန်ပြလိုက်သည်နှင့် ရှင်းသန့်နန်သည်လည်း ရွှေရောင်အင်းစာလုံးများဖြင့် လွှမ်းခြုံသွားကာ ၎င်းတို့နှစ်ဦးစလုံး မဟာအိပ်မက်တောင်ထိပ်ဆီသို့ အတူတကွ ပျံသန်းသွားကြသည်။ ယဲ့ချုံရှန်းသည် မထိန်းချုပ်နိုင်ဘဲ ခက်ထန်စွာရယ်မောလိုက်သည်။ သူသည် လက်ဖဝါးကို ဝှေ့ယမ်းလိုက်သည်နှင့် ခြေဖဝါးအောက်တွင် အနက်ရောင်တိမ်တိုက်တစ်ခု ရုတ်တရက် ပေါ်ပေါက်လာ၍ သူသည်လည်း ကောင်းကင်ဆီသို့ အရှိန်အဟုန်ပြင်းထန်စွာ ပျံသန်းသွားလေသည်။ လူများစွာ အိပ်မက်တောင်တန်းဆီ ဦးစွာရောက်ရှိနိုင်ရန် အချင်းချင်း ယှဉ်ပြိုင်နေကြသည်။

လင်းရှောင်းသည် ကျီလဲ့သူတော်စင်ကို အဆောတလျင် ပြောလိုက်သည်။

"သူတော်စင်၊ ကျွန်မတို့လည်း မြန်မြန်လှုပ်ရှားသင့်တယ်။ နောက်ကျသွားရင် ကျွန်မတို့ရဲ့ အရင်ကကြိုးစားမှုတွေ အချည်းနှီးဖြစ်သွားလိမ့်မယ်"

သို့သော် ကျီလဲ့သူတော်စင်သည် အနည်းငယ်မျှ မလှုပ်ရှားဘဲ သမ်းဝေကာ ကျီလဲ့ရိပ်မြုံမှ စိမ်ပြေနပြေ လမ်းလျှောက်ထွက်နေသော ရွှယ်အန်းကို လှည့်ကြည့်နေသည်။ ထိုသို့ မြင်လိုက်ရသောအခါ လင်းရှောင်းက အလွန်အားမလို အားမရဖြစ်နေသည်။

"သူတော်စင်၊ သူ့မှာ လဲ့သန့်တောင် ရှိမယ့်ပုံမပေါ်ဘူး။ မဟာအိပ်မက်တောင်တန်းကို သွားနိုင်ရင်တောင် သူ ရတနာကို ဖွင့်နိုင်မှာ မဟုတ်ပါဘူး။ ကျွန်မတို့ အမြန်ဆုံး ထွက်ခွာသင့်တယ်"

သို့သော် ကျီလဲ့သူတော်စင်သည် မတုန်လှုပ်ဘဲ ရွှယ်အန်းကို စောင့်နေခဲ့သည်။ ရွှယ်အန်းသည် ဤအခိုက်အတန့်တွင် ၎င်းတို့အနားသို့ ချဉ်းကပ်ကာ မဟာအိပ်မက်တောင်ထိပ်သို့ ပျံသန်းနေသော အလင်းရောင်များကို မော့ကြည့်ကာ့ ခေါင်းခါလိုက်သည်။

"ဘာလို့ ဒီလောက်အလျင်နေကြတာလဲ"

ထိုသို့ပြောပြီးသည်နှင့် ရွှယ်အန်းသည် ကျီလဲ့သူတော်စင်ကို မျက်လုံးမှိတ်ပြလိုက်သည်။

"သွားကြရအောင်၊ တောင်ထိပ်ကို ဘယ်သူ အရင်ရောက်မလဲဆိုတာကို ကြည့်ကြမလား"

ကျီလဲ့သူတော်စင်သည်လည်း မျက်တောင်ခတ်၍ တုံ့ပြန်လိုက်သည်။

ရွှယ်အန်းက ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။

"လွေ့လီ၊ အနောက်ကလိုက်လာခဲ့"

ရွှယ်အန်းသည် ထိုစကားပြောပြီးနောက် ခြေတစ်လှမ်းလှမ်းလိုက်ရာ၊ သူ၏ ပုံရိပ်သည် ထိုနေရာမှ ရုတ်တရက် ပျောက်ကွယ်သွားကာ ကောင်းကင်ယံတွင် ပြန်လည်ပေါ်လာလေသည်။ လင်းရှောင်းပင် အလွန်အံ့အားသင့်သွား၏။ ထိုအရှိန်သည် အလွန်မြန်ဆန်လှသည်။ သို့သော် သူမသည် ထိုအချိန်တွင် အခြားအကြောင်းအရာများကို စဉ်းစားရန် အချိန်မရှိတော့ပေ။ လင်းရှောင်းသည် ကျီလဲ့သူတော်စင်နှင့် ရွှယ်လွေ့လီတို့အနောက်သို့ လိုက်ပါကာ မဟာအိပ်မက်တောင်ထိပ်ဆီ ဦးတည်ပျံသန်းသွားလေ၏။

ကောင်းကင်ကြီးကဲ့သို့ မြင့်မားစွာ ထောင်တက်နေသော အိပ်မက်တောင်တန်းသည် လူသားများ၏အမြင်တွင် ဖြတ်မကျော်နိုင်သော နယ်ပယ်တစ်ခုဖြစ်သည်။ သို့သော် ဤကောင်းကင်သုံးပါးဂိုဏ်း၏ ကျွမ်းကျင်သူများအတွက် ပျံသန်းရန် အချိန်များစွာ ကြာမြင့်မည် မဟုတ်ပေ။ ယခုအချိန်တွင် ကောင်းကင်ယံရှိ ရောင်ခြည်တော်များသည် ထူးခြားသော အဆင့်များ ဖြစ်ပေါ်လာသည်။ ထိပ်ဆုံးတွင် ပျံသန်းနေသူများသည် လော့စံချီနှင့် လော့စံချီ ခေါ်ဆောင်လာသော ရှင်းသန့်နန်တို့ဖြစ်ကြသည်။ ၎င်းတို့အနောက်တွင် ရှုန်းမော့ချိုင့်ဝှမ်း၏ ယဲ့ချုံရှန်းလိုက်ပါလာသည်။

၎င်းတို့အနောက်တွင် ကျန့်ဟုန်ရိပ်မြုံပိုင်ရှိင် လီဟန်ချင်းရှိနေသည်။ ဤလူများသည် မဟာအိပ်မက်တောင်ထိပ်ဆီသို့ အရူးအမူး ချီတက်နေကြသည်။ စောစီးစွာရောက်ရှိခြင်းသည် ကမ္ဘာပေါ်တွင် လွန်ခဲ့သောနှစ်ထောင်ပေါင်းများစွာက တုနှိုင်းမဲ့သော မဟာအိပ်မက်ဓားဘုရင် ချန်ရစ်ခဲ့သည့် အမွေအနှစ်များကို ဦးစွာရယူခြင်းဟု ဆိုလိုခြင်းဖြစ်သည်။ မဟာအိပ်မက်ဓားဘုရင်သည် ရှေးခေတ်မှစ၍ လက်ရှိအချိန်ထိ ဓားတာအိုတွင် ရှေးဦးအကျော်ဇေယျပညာရှင်အဖြစ် အသိအမှတ်ပြုခံထားရသူဖြစ်သည်။

သူသည် စစ်မှန်အင်မော်တယ်အဆင့်ကို ကျော်လွန်ကာ အင်မော်တယ်သခင်အဆင့် အစွန်းကို ထိမိခဲ့သူဟုပင် အချို့က ဆိုကြသည်။ ရှေးခေတ်မှ ယခုခေတ်အထိ သူ၏ထူးကဲသော ကျင့်ကြံမှုအဆင့်အရ၊ သူ၏အမွေအနှစ်သည် သဘာဝအတိုင်း ထူးကဲသည်ဟု ဆိုနိုင်သည်။ ထို့ကြောင့်လည်း ကောင်းကင်သုံးပါးဂိုဏ်းနှင့် သွေးကွန်ရက်တောင်တန်းတို့သည် ၎င်းကို အလွန်တန်ဖိုးထားနေခြင်းဖြစ်သည်။

ဤအချိန်တွင် ကောင်းကင်ကို ထိုးဖောက်သွားသော ဓားအလင်းတန်းကို ကြည့်နေသော လော့စံချီ၏ နှလုံးသားသည် အလွန်ပူလောင်လာသည်။ ဤအမွေအနှစ်ကို ဆုပ်ကိုင်နိုင်ခြင်းသည် သူ့အစ်ကိုထက်သာလွန်ကာ သွေးကွန်ရက်တောင်တန်း၏ နံပါတ်တစ် တပည့်အစစ်အမှန်ဖြစ်လာနိုင်ကာ ထိုလူကို အနိုင်ယူ၍ စစ်မှန်ပညာရှင်စာရင်းတွင် နံပါတ်တစ်ဖြစ်လာမည်ဟု ဆိုလိုသည်။ ထိုအချိန်တွင် ဘုန်းကျက်သရေအားလုံးသည် သူ့အပိုင်ဖြစ်လာကာ အလွန်ပီတိဖြစ်ဖွယ် အခိုက်အတန့်ဖြစ်လာပေလိမ့်မည်။ လော့စံချီသည် စိတ်ထဲတွင် ထိုသို့တွေးတောနေမိသည်။ ရုတ်တရက်ဆိုသလိုပင် သူ့ဘေးမှ အလင်းတန်းတစ်ခု ဖြတ်သန်းသွားကြောင်း သတိပြုမိသွားသည်။ ၎င်း၏အရှိန်အဟုန်သည် အလွန်မြန်ဆန်လွန်သောကြောင့် လော့စံချီပင် အချိန်မီ မတုံ့ပြန်နိုင်ခဲ့ပေ။

'အဲ့ဒါဘယ်သူများလဲ။ လူတစ်ယောက်က ဘာလို့ဒီလောက်မြန်နေရတာလဲ'

လော့စံချီသည် သူ၏စီနီယာအစ်ကို ရောက်ရှိလာခြင်းဖြစ်သည်ဟု တွေးတောမိသွားသည့်အတွက် သူ၏နှလုံးသား တင်းကျပ်လာသည်။ ထိုအခါ သူ့ပတ်ဝန်းကျင်ရှိ ရွှေရောင်အလင်းတန်းများ တစ်ဖန်လင်းလက်လာကာ သူ၏အရှိန်အဟုန်သည်လည်း ယခင်ကထက် တိုးမြင့်လာသည်။ ဤသို့ဆိုလျှင်ပင် သူနှင့် ထိုအလင်းတန်းများကြားရှိ အကွာအဝေးသည် ယုတ်လျော့မသွားဘဲ ပို၍ကျယ်ပြန့်လာခဲ့သည်။ လော့စံချီသည် စိတ်ထဲတွင် ထိတ်လန့်သွားလေသည်။ နောက်ဆုံးတွင် မဟာအိပ်မက်တောင်တန်း၏ အထွတ်အထိပ်သို့ ရောက်ရှိလာသည်။ ကနဦး အလင်းတန်းသည် လမ်းကြောင်းတွင် ရပ်တန့်သွားခဲ့သည်။ လော့စံချီသည် မကြာမီတွင် ၎င်းအနားသို့ ရောက်ရှိလာခဲ့ရာ၊ မည်သူဖြစ်သည်ကို မြင်တွေ့လိုက်ရသည့်အတွက် အလွန်ထိတ်လန့်သွားလေ၏။

"မင်းပဲလား"

သူ့ကို အရှိန်အဟုန် ပြင်းစွာ ကျော်တက်သွားသူသည် ရွှယ်အန်းမှလွဲ၍ အခြားလူမဟုတ်ပေ။ ထူးမခြားနားပုံပေါ်သည့် ဤလူတွင် မယုံနိုင်ဖွယ် အရှိန်အဟုန်များ ပိုင်ဆိုင်နေခြင်းကို လော့စံချီတစ်ယောက် မယုံကြည်နိုင်ဖြစ်နေသည်။

ရွှယ်အန်းက ခပ်ပါးပါး ပြုံးပြလိုက်သည်။

"စိတ်မရှိပါနဲ့ ခင်ဗျားကို ကျော်တက်ဖို့ မရည်ရွယ်ပေမယ့် ခင်ဗျားက အရမ်းနှေးကွေးနေတာနဲ့ ကျုပ်လည်း မစောင့်နိုင်တော့လို့"

လော့စံချီ၏အမူအရာသည် အလွန်မည်းမှောင်သွားသော်လည်း သူသည် ရွှယ်အန်း၏စကားကို မတုံ့ပြန်ခဲ့ပေ။ သူ၏အမြင်တွင်၊ အရေးအကြီးဆုံးအရာသည် ရတနာ တံခါးကိုဖွင့်ကာ အထဲသို့ ပထမဆုံးဝင်ရောက်နိုင်ရန်ဖြစ်သည်။ ကျန်အရာအားလုံးသည် ပြန်ထွက်လာသည်နှင့် ဖြေရှင်းနိုင်ပေလိမ့်မည်။ ထို့ကြောင့် သူသည် အိတ်ကပ်ထဲမှ လျှပ်စီးများဖြင့် လင်းလက်နေသော ဆေးနှစ်လုံးကို ဆွဲထုတ်၍ ရွှယ်အန်းကို အေးစက်စွာ သရော်တိုက်ပြီးနောက် ၎င်းတို့ကို လက်ဖြင့် ချေမွလိုက်သည်။

ဘန်း

လျှပ်စီးကြောင်းနှစ်စင်းသည် သူနှင့် ရှင်းသန့်နန် တို့ကို လွှမ်းခြုံသွားပြီးနောက် ၎င်းတို့နှစ်ဦးစလုံး ဓားအလင်းထဲတွင် ပျောက်ကွယ်သွားလေ၏။ ထိုအချိန်တွင် အခြားလူများသည်လည်း ရောက်ရှိလာကြသည်။ ဤလူများသည်လည်း လျှပ်စီးစွမ်းအင်ရှိသည့် မှော်လက်နက်များ သို့မဟုတ် လျှပ်စီးဖြင့် အားဖြည့်ထားသည့် ဆေးလုံးအမျိုးမျိုးကို သယ်ဆောင်လာကြသည်။ လော့စံချီ ဝင်ရောက်သွားကြောင်း မြင်လိုက်ရသောအခါ ၎င်းတို့အားလုံးသည်လည်း ၎င်းတို့၏ရတနာများကို ထုတ်ယူ၍ အထဲဝင်ရန် ပြင်ဆင်လိုက်ကြသည်။

ရွှယ်လွေ့လီသည်လည်း ထိုနေရာသို့ ပျံသန်းသွားသော်လည်း သူမ၏ အမူအရာသည် အလွန်ပျာယာခတ်နေသည်။

"ဆရာ၊ ကျွန်မ..."

ရွှယ်လွေ့လီတွင် လျှပ်စီးကြောင်းပါရှိသည့် မည်သည့်မှော်လက်နက်မျှ မရှိပေ။ သူမသည် အထွတ်အမြတ်မိုးကြိုးမြို့တော်၏ လေလံပွဲတွင် လဲ့ကျွင်း ဝယ်ယူရန် ရည်ရွယ်ချက်ရခြင်းသည် ဤအချက်ကြောင့်ဖြစ်သည်။ ထို့ကြောင့် ယခုအခါ သူမသည် အတော်လေး ပျာယာခတ်နေသည်။

ယဲ့ချုံရှန်းသည် သူမ၏အခြေအနေကို မြင်သောအခါ ကောက်ကျစ်စွာ ရယ်မောလိုက်သည်။

"ရွှယ်လွေ့လီ၊ ဟိုကောင်က လျှပ်စီးဆေးမျိုး ထုတ်ပေးနိုင်ပုံမပေါ်ဘူး၊ ဒါပေမယ့် ကျုပ်မှာတော့ အများကြီးရှိတယ်။ မင်း ကျုပ် ဆီလာမယ်ဆိုရင် ကျုပ် မင်းကို ရတနာထဲဝင်လို့ရအောင် ကူညီပေးနိုင်တယ်၊ ဘယ်လိုလဲ"

ရွှယ်လွေ့လီသည် သူ့ကို တစ်ချက်ပင် လှည့်မကြည့်ခဲ့ပေ။ ထိုအချိန်တွင် ကျီလဲ့သူတော်စင်သည် ရွှယ်အန်းကို ပဟေဠိဖြစ်နေသော အမူအရာဖြင့် ကြည့်ကာ လျှပ်စီးဆေးလုံးကို ထုတ်ယူပြီးနောက် သူ့ထံသို့ လက်ကမ်းပေးရန် ပြင်ဆင်လိုက်သည်။

ရွှယ်အန်းက အပြုံးဖြင့် လက်ကို ဝှေ့ယမ်းလိုက်သည်။

"မလိုဘူး၊ ကျုပ်မှာရှိတယ်"

ရွှယ်အန်းသည် စကားပြောနေစဉ် သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်နှင့် ဒယ်ပြားတစ်ခု ပေါ်ပေါက်လာခဲ့သည်။ သူသည် ဤနေရာသို့မလာမီ အန်းယန်ဆီမှ ငှားရမ်းခဲ့ခြင်းဖြစ်သည်။

"ဒီဟာက တကယ် အသုံးဝင်လာတာပဲ"

ရွှယ်အန်းသည် ဒယ်ပြားကို ခေတ္တချိန်ဆပြီးနောက် ခပ်ပါးပါးပြုံးကာ အော်ပြောလိုက်သည်။

"လွေ့လီ၊ အဆင်သင့်ပြင်ထား"

ရွှယ်လွေ့လီသည် ရုတ်တရက် မှင်သက်သွားသည်၊ သူမသည် အဓိပ္ပါယ်ကို နားမလည်သော်လည်း အလျင်အမြန် ပြင်ဆင်ထားလိုက်သည်။ ထိုအချိန် ရွှယ်အန်းသည် သူ၏လက်များကို ဝှေ့ယမ်းလိုက်သည်နှင့် လျှပ်စီးကြောင်းကြီးတစ်ခုသည် ရွှယ်လွေ့လီကို ချက်ချင်း လွှမ်းခြုံသွားလေသည်။ ရွှယ်လွေ့လီသည် အံ့အားသင့်သွားသည်၊ သို့သော် ရွှယ်အန်း၏ဇနီးဖြစ်သူသည် မိုးကြိုးမြို့တော်အပြင်ဘက်တွင် ဤဒယ်အိုးကို အသုံးပြု၍ ကောင်းရှင်းဟိုင်ကို လွင့်ထွက်သွားအောင် ပြုလုပ်ခဲ့ခြင်းကို ရုတ်တရက် ပြန်သတိရသွားသည်။

'ဒါဆိုရင် လဲ့ကျွင်းက မှော်ဆန်တဲ့ ရှေးဟောင်းပစ္စည်းအဖြစ် ပြန်လည်သန့်စင်ပြီးသားပေါ့လေ'

ရွှယ်လွေ့လီသည် စိတ်ထဲတွင် ထိုသို့စဉ်းစားနေစဉ် သူမ ပတ်ဝန်းကျင်ရှိ အလင်းတန်းနှင့် အရိပ်များ ပြောင်းလဲသွားခြင်းကို ခံစားလိုက်ရသဖြင့် ရတနာထဲသို့ ဝင်ရောက်တော့မည်ဖြစ်ကြောင်း သတိထားမိသွားသည်။

သူမ၏နားထဲတွင် ရွှယ်အန်း၏ သာမန်ကာလျှံကာလေသံကို သူမ ကြားလိုက်ရသည်။

"ဓားနှလုံးသားကို ဆွဲကိုင်ပြီး ကိုယ့်ရဲ့အဓိကဦးတည်ချက်ကို ဘယ်တော့မှ မမေ့လျော့စေနဲ့"

All Chapters