ငယ်ရွယ်မှုသည် အပြင်းအထန် စီးဆင်းနေသော မြစ်တစ်စင်းဖြစ်၏
Vol. 54 Ch. 800
ရွှယ်လေ့လီသည် ခန္ဓာကိုယ်တစ်ခုလုံး တုန်လှုပ်သွားပြီးနောက် တစ်စုံတစ်ခုကို ပြောရန်ဟန်ပြင်လိုက်ချိန်တွင် သူမသည် ဓားအလင်းရောင်ထဲသို့ ပျောက်ကွယ်သွားလေသည်။ ရွှယ်အန်းသည် ရွှယ်လေ့လီကို ဓားအလင်းရောင်ထဲသို့ စေလွှတ်လိုက်ပြီးနောက် ကျီလဲ့သူတော်စင်ကို ပြုံး၍ ပြောလိုက်သည်။
"အထဲဝင်ပြီးရင် ငိုမနေနဲ့ဦး"
ဤစကားသည် လင်းရှောင်းကို လုံးလုံးလျားလျား အံ့အားသင့်သွားစေသည်။ ကျီလဲ့သူတော်စင်၏ မျက်လုံးများတွင်လည်း ရှုပ်ထွေးမှုများရှိနေသည်။ သို့သော် အချိန်ကို မည်သူမျှ မစောင့်ဆိုင်းနိုင်သောကြောင့် ကျီလဲ့သူတော်စင်သည် ရွှယ်အန်းကို အနည်းငယ် ခေါင်းညိတ်ပြပြီးနောက် လျှပ်စီးဆေးလုံးကို ချေမွကာ အမွေအနှစ်ထဲသို့ ဝင်သွားလေသည်။ မကြာမီတွင် ထိုနေရာသို့ ရောက်လာသူတိုင်း အမွေအနှစ်ထဲသို့ ဝင်သွားကြ၏။
ရွှယ်အန်းက ဒယ်ပြားကို ပြောလိုက်သည်။
"ကိုယ့်ဘာသာ အိမ်ပြန်တော့ နားလည်လား"
လဲ့ကျွင်း၏ အသံသည် ဒယ်ပြားထဲမှ ထွက်ပေါ်လာသည်။
"နားလည်ပါပြီ"
ရွှယ်အန်းသည် ဒယ်ပြားကို ပေါ့လျော့စွာ ပစ်လိုက်သည်နှင့် ၎င်းသည် အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲကာ ကျီလဲ့မြို့သို့ တည့်တည့်ပျံသန်းသွားခဲ့သည်။ ပြီးနောက် ရွှယ်အန်းသည် မြင့်မားလျက်ရှိနေသော ဓားရည်ရွယ်ချက်ကို စိုက်ကြည့်ကာ ပြောလိုက်သည်။
"ဒီလောကမှာ အင်မော်တယ်သခင်အဆင့်ကို ထိနိုင်တယ်ဆိုတော့ ခင်ဗျားက တော်တော် ထက်မြက်တဲ့လူလို့ ယူဆလို့ရတယ်"
ထိုမှတစ်ဆင့် ရွှယ်အန်းသည် ခေါင်းခါ၍ ရယ်မောလိုက်သည်။
“မဟာအိပ်မက်များတဲ့… ဟား ဟား၊ ဒီငတုံးတွေတော့ ဒီထဲမှာ ရတနာတွေရှိနေမယ်လို့ တကယ် ထင်နေကြတာလား”
"ကောင်းပြီလေ၊ ခင်ဗျား ထွက်ပေါ်လာမှတော့ ခင်ဗျားရဲ့ဓားရည်ရွယ်ချက်ကို မြည်းစမ်းကြည့်ရတာပေါ့"
ထိုသို့ပြောပြီးနောက် ရွှယ်အန်းသည် လျှပ်စီးကြောင်းကို အသုံးမပြုဘဲ သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်နှင့် ဓားအလင်းရောင်များ တုန်ခါလာကာ အက်ကွဲကြောင်းတစ်ခု ပေါ်လွင်လာစေသည်။ ပြီးနောက် ရွှယ်အန်းသည် ထိုထဲသို့ လျှောက်လှမ်းသွားခဲ့သည်။ မျက်လုံးကို ပြန်ဖွင့်ကြည့်လိုက်သောအခါ ရေမွှေးနံ့များ၊ ခေါင်းလိမ်းဂျယ်လ်များ၊ ချွေးနံ့များ၊ ခြေအိတ်အနံ့ဆိုးများနှင့် ရောစပ်နေသည့် ထူးဆန်းသည့် အနံ့များ သူ့ထံ ရိုက်ခတ်လာသည်။ ၎င်းအနံ့များကို အနံ့ခံလျက် ရွှယ်အန်း၏ နှုတ်ခမ်းထောင့်မှ အပြုံးတစ်ခု ထွက်ပေါ်လာသည်။
'နောက်ဆုံးတော့… စနေပြီလား'
ဤအခိုက်အတန့်တွင် သူ့အနောက်မှ ချောက်လဲ့၏ စူးရှရှ အသံများ ထွက်ပေါ်လာသည်။
"အစ်ကို(၂)၊ ငါတို့အဆောင်မှာ ပထမဆုံး ရည်းစားရတာက မင်းပဲ။ ခယ်မလေးက အရမ်းလှပပြီး နူးညံ့သိမ်မွေ့တယ်၊ ဒီတော့ မင်း ဒီကိစ္စကို သေချာကိုင်တွယ်မှဖြစ်မယ်။ ပြီးတော့ ဒီတစ်ခေါက် သူ့အိမ်ကို အလည်သွားရင် အစ်ကိုနှစ်က ငါတို့ညီအစ်ကိုတွေကို ကိုယ်စားပြုတာလို့ ဆိုနိုင်တော့ ဒို့ညီအကိုတွေရဲ့ ဂုဏ်ကျက်သရေကို ပြသမှရမယ်"
"ခယ်မမိသားစုက တော်တော်လေး အဆင်ပြေကြတယ်လို့ ငါ ကြားတယ်၊ သူတို့က ကျုံးတုက ဒေသခံတွေဆိုတော့ ငါတို့တွေလည်း သူတို့နဲ့တွေ့ရင် အရှက်ရလို့မဖြစ်ဘူးလေ။ ဒီတော့ ငါနှစ်ပေါင်းများစွာကြာ သိမ်းထားတဲ့ ငါ့ရဲ့ အဖိုးတန်ခေါင်းလိမ်းဂျယ်လ်ကိုတောင် မင်းအတွက် လိမ်းပေးလိုက်မယ်"
ချောက်လဲ့သည် စကားပြောနေစဉ် ခေါင်းလိမ်းဂျယ်လ်ကို ဘရပ်ရှ်တစ်ခုပေါ်တွင် ဂရုတစိုက် သုတ်လိမ်းပြီးနောက် ၎င်းဖြင့် ရွှယ်အန်း၏ဆံပင်များကို လိမ်းကျံလိုက်သည်။ ရွှယ်အန်းသည် ရင်ထဲတွင် တုန်လှုပ်မှုများ ခံစားလိုက်ရပြီးနောက် သူ့အရှေ့ရှိ မှန်ကို မော့ကြည့်လိုက်သည်။ မှန်ထဲတွင် အလွန်ငယ်ရွယ်၍ နုံအလွန်းသည့် သူ၏မျက်လုံးများကို မြင်တွေ့လိုက်ရသည်။ သူ့အရှေ့ရှိ အနေအထားတစ်ခုလုံးသည် အလွန်ရင်းနှီးကျွမ်းဝင်လွန်းလှသည်။
အောက်ခြေရှိ သစ်သားကို ပြသနေသည်အထိ အရောင်စွန်းထင်းနေသော စားပွဲသော်လည်းကောင်း ထာဝရရှုပ်ပွနေသည့် စာအုပ်စင် သို့မဟုတ် နံရံတွင် ချိတ်ဆွဲထားသော ဘောလုံးကစားသမားများ၏ ပိုစတာအပြင် အခြားအရာအားလုံးသည် သူ၏မှတ်ဉာဏ်ထဲတွင် စွဲကျန်နေသည့် အမှတ်တရများနှင့် တစ်ထပ်တည်း ထပ်တူကျနေသည်။
ထိုအချိန်တွင် ဖိနပ်တစ်ဖက်ကို အားကြိုးမာန်တက် ပွတ်တိုက်နေသည့် ယန်ပင်းယီက ရယ်မောလိုက်သည်။
"အစ်ကို(၃)၊ မင်း ဒီခေါင်းလိမ်းဂျယ်လ်ကို နောက်မွေးလာမယ့် သားလေးကို တကယ်ကြီး လက်ဆင့်ကမ်းဖို့ စီစဉ်နေတာလား"
"မင်း နားမလည်ပါဘူး။ ဒီခေါင်းလိမ်းဂျယ်လ်က တိုက်ပွဲဝင်တဲ့အချိန်မှာ ငါတို့ ညီအကိုတွေအတွက် မရှိမဖြစ် ပစ္စည်းတစ်ခုပဲ။ ဒါနဲ့ဆိုရင် ကောင်မလေးတွေကို အာရုံတွေလွဲချော်သွားအောင် လုပ်နိုင်မယ်လို့တောင် ငါ အာမခံရဲတယ်၊ ဟုတ်တယ် မဟုတ်လား အစ်ကို(၂)။ သူ ဒီခေါင်းလိမ်းဂျယ်လ်ကို သုံးလည်းသုံးပြီးရော ကျောင်းရဲ့အလှပဂေးလေး အန်းယန်ကို အပိုင်သိမ်းနိုင်ခဲ့တယ်လေ မဟုတ်ဘူးလား" ချောက်လဲ့သည် ဝက်ခြံများရှိနေဆဲဖြစ်သော သူ၏မျက်နှာကို အနားသို့ တိုးကပ်ပြီးနောက် ပြုံးလျက် မေးလာသည်။
ရွှယ်အန်းသည် ၎င်းတို့ကို တိတ်တဆိတ် စိုက်ကြည့်ကာ ရုတ်တရက် ဆွံ့အနေမိသည်။ မည်သို့ဆိုသော် ယနေ့သည် မည့်သည့်နေ့မျိုးဖြစ်သည်ကို သူ မှတ်မိသွားသောကြောင့်ဖြစ်သည်။ ဤသည်မှာ အန်းယန်၏အိမ်ကို သူမနှင့်အတူ သွားရောက်လည်ပတ်ခဲ့သည့်အချိန်ဖြစ်သည်။ အမှန်တကယ်ပင်၊ သူ၏ သူငယ်ချင်းနှစ်ဦးတို့ ပြောနေသည့်စကားများလျှင် တစ်ထပ်တည်း ဆင်တူပေသည်။
ရွှယ်အန်းက စကားမပြောဘဲ နှုတ်ဆိတ်နေသောအခါ ချောက်လဲ့က နှုတ်ခမ်းစူလိုက်သည်။
"တွေ့လား အစ်ကို(၂)တောင် ရုတ်တရက်ရောက်လာတဲ့ ပျော်ရွှင်မှုတွေကြောင့် အခုလိုမှင်သက်နေပြီ။ အစ်ကို(၂)က ကျောင်းရဲ့အလှလေး အန်းယန်ကို ဘယ်လိုဆွဲဆောင်ခဲ့တာလဲဆိုတာ မင်းတို့ မမြင်လိုက်ဘူးမဟုတ်လား။ ခယ်မရဲ့ အလှကို မက်မောနေတဲ့ ဟိုအကောင်တွေ ဝံပုလွေလိုပဲ အော်ငိုနေကြပြီ။ ငါကြားတာတော့ တချို့တွေ တစ်ညလုံးတောင် ငိုနေကြတယ်ဆိုပဲ။ ဟီးဟီး၊ ဘာပဲဖြစ်ဖြစ် ငါတို့ရဲ့ စိတ်ဝိညာဉ်ကို မြင့်တင်ပေးလိုက်တာ ငါတို့ရဲ့အစ်ကို(၂)ပဲ”
ချောက်လဲ့သည် အဆုံးမသတ်အောင် ဆက်လက်ရေရွတ်နေလေသည်။ ထိုအချိန်တွင် ယန်ပင်းယီသည် ဖိနပ်တစ်ရံကို တောက်ပြောင်သည်အထိ ပွတ်တိုက်ပြီးသွားသည့်အတွက် ရွှယ်အန်းထံ လက်ဆင့်ကမ်းလာသည်။
"အစ်ကို(၂)၊ ဝတ်ကြည့်စမ်းပါဦး။ ငါ့ခြေထောက်က မင်းထက်နည်းနည်းကြီးတယ်၊ ဒါပေမယ့် အထဲမှာ စက္ကူထည့်ထားပြီးသားမို့လို့ မင်းဝတ်လို့တော့ ရလောက်တယ်"
ရွှယ်အန်းသည် မြေပြင်ပေါ်ရှိ သားရေဖိနပ်တစ်ရံကို စိုက်ကြည့်နေသည်။ ဤသည်မှာ ယန်ပင်းယီ၏ ဖိနပ်များဖြစ်၍ အဆောင်တစ်ခုလုံးတွင် ဈေးအကြီးဆုံး ဖိနပ်တစ်ရံလည်းဖြစ်သည်။ ဤသည်မှာ ယွမ်တစ်ထောင့်ရှစ်ရာမျှ ကုန်ကျသော ဖိနပ်များဖြစ်သည်။ ဤဆင်းရဲနွမ်းပါးသော ကျောင်းသားအုပ်စုအတွက်၊ ၎င်းဖိနပ်သည် လပေါင်းများစွာသော စားနပ်ရိက္ခာစရိတ်များ ကုန်ကျရန် လုံလောက်ပေသည်။
သို့သော် ဤဖိနပ်များကို ဝယ်ယူပြီးနောက် ယန်ပင်းယီသည် ၎င်းတို့ကို ရံဖန်ရံခါမှသာ ၀တ်ဆင်လေ့ရှိသော်လည်း များသောအားဖြင့် ရွှယ်အန်းကို ပေးဝတ်ခဲ့သည်။ ဤတစ်ကြိမ်သည်လည်း ထူးမခြားနားပေ။ ပြီးနောက် ယန်ပင်းယီသည် ဖိနပ်များကို အညစ်အကြေး ကင်းစင်သည်အထိ ပွတ်တိုက်ပေးလေ့ရှိသည်။ ရွှယ်အန်းသည် ဆက်တိုက်ငေးငိုင်နေခဲ့သည်။
"ညီ(၄)၊ ဒီဖိနပ်က ငါတို့အစ်ကို(၂)ရဲ့ စစ်ဖိနပ်လို့ သတ်မှတ်လို့ရတယ်နော်။ သူ ဒါကိုဝတ်ထားသရွေ့ အဲဒီကောင်မလေး ဂတ်ဂတ်ဂတ်ဆိုပြီး အရှေ့ကိုချီတက်လာမှာ။ တုတ်နဲ့တောင် မောင်းထုတ်နိုင်မှာ မဟုတ်ဘူး" ချောက်လဲ့က ရယ်မောလျက် ပြောလိုက်သည်။
"ပြောစရာရှိရင် ပြော။ အီးပေါက်စရာရှိ ပေါက်လိုက်ဟေ့" ယန်ပင်းယီက ရယ်မောလျက် ဆဲရေးတိုင်းထွာလိုက်သည်။
ချောက်လဲ့က ရယ်မော၍ သူ၏ လက်နှစ်ဖက်ကို ပွတ်သပ်ကာ ပြောလိုက်သည်။
"ငါ့ကိုရော ဘယ်တော့ပေးဝတ်မှာလဲ၊ အနည်းဆုံးတော့ "တတိယ ခယ်မလေး" ရှာပေးပါဦး"
"ထွက်သွား၊ မင်းရဲ့ နံစော်နေတဲ့ အားကစားသမားလို ခြေထောက်တွေနဲ့သာ ဒါကို စီးလိုက်ရင် ဘယ်သူက ခံနိုင်ရည်ရှိတော့မှာလဲ" ယန်ပင်းယီက ကရုဏာမသက်ဘဲ ကျိန်ဆဲလိုက်သည်။
ချောက်လဲ့သည် မတရားစွပ်စွဲခံရသည်ဟု အနည်းငယ် ခံစားလိုက်ရသည်။
"ပြောပုံအရ အစ်ကို(၂) ခြေထောက်တွေက မနံတာကြလို့"
"အစ်ကို(၂)ရဲ့ ခြေထောက်တွေ နံပေမယ့် သူ့ကောင်မလေးက ကျောင်းရဲ့အလှပဂေးလေး ဟုတ်ပြီလား။ မင်းလည်း ကျောင်းရဲ့အလှပဂေးလေး ရှာတွေ့နိုင်ရင်၊ ဖြစ်နိုင်မှာ မဟုတ်ပါဘူး။ ငါတို့အတန်းထဲက အားကစားအထူးပြုကျောင်းသူနှစ်ယောက်ကို လိုက်နိုင်ရင် ငါ မင်းကို ဒီဖိနပ်တွေ ပေးဝတ်မယ်၊ ဘယ်လိုလဲ"
"ဟေး ဒီနေ့ ရာသီဥတုက အရမ်းသာယာတာပဲနော်။ အစ်ကို(၂) ငါ ပြင်ပေးတဲ့ ဒီဆံပင်ကေကို မင်းဘယ်လိုထင်လဲ" ချောက်လဲ့က စကားလမ်းကြောင်းလွှဲလိုက်သည်။
ရွှယ်အန်းသည် မှန်ထဲတွင် ရောင်ပြန်ဟပ်နေသည့် ဒိုင်းနမိုက်ကဲ့သို့ သူ၏ဆံပင်ကေကို ကြည့်လိုက်သည်။
"ဒါက အခုနောက်ဆုံးပေါ် ဖက်ရှင်နော်။ ငါဖြင့် လူတိုင်းကိုတောင် ဒီလိုစတိုင်မျိုး မလုပ်ပေးရဲဘူး။ ဘာလို့ဆို ဒီကေက အရမ်းမိုက်လွန်းတော့ ကောင်မလေးတွေ စိတ်လှုပ်ရှားပြီး အလွယ်တကူ မူးမေ့သွားစေနိုင်လို့ကွ" ချောက်လဲ့သည် တတွတ်တွတ် စပြောလာပြန်သည်။
ထိုအချိန်တွင် အဆောင်တံခါးပွင့်လာသည်။ အစ်ကိုကြီး ကျောက်ရွှယ်ဟွေ့သည် ချွေးများရွှဲစိုကာ ပလပ်စတစ်ဖြင့် ထုပ်ပိုးထားသော အနောက်တိုင်းဝတ်စုံကို ဂရုတစိုက် သယ်ဆောင်လာခဲ့သည်။
"ချီးပဲ၊ ငါ ငှားထားတဲ့ စက်ဘီးက တကယ့်ကိုမှ အစုတ်ပလုတ်ကွာ။ လမ်းတစ်ဝက်မှာ ပျက်သွားလို့ ငါ့မှာ ပြန်ပြေးလာရတယ်"
ကျောက်ရွှယ်ဟွေ့သည် စကားပြောနေစဉ် အနောက်တိုင်းဝတ်စုံကို ကုတင်ပေါ်တင်ကာ သက်ပြင်းတစ်ချက်လိုက်သည်။
"ညီလေး(၂) ဒါကို မြန်မြန်ဝတ်ကြည့်ဦး။ ငါ ဒါကို ငှားဖို့ တော်တော်လေး ရှာလာရတာနော်။ ဒါက နိုင်ငံခြားတံဆိပ်တစ်ခုဆိုလားပဲ၊ တော်တော်လေး ဈေးကြီးတယ်လို့ ငါ ကြားတယ်"
ရွှယ်အန်းသည် တိတ်တဆိတ် မတ်တပ်ထရပ်၍ ဝတ်စုံကို စတင်ဝတ်ဆင်လိုက်သည်။ ကျောက်ရွှယ်ဟွေ့၊ ချောက်လဲ့နှင့် ယန်ပင်းယီတို့သည် ရွှယ်အန်းကို လှည့်ပတ်ကြည့်ပြီးနောက် သဘောကျနှစ်သက်စွာ စုတ်သပ်လိုက်ကြသည်။
"တကယ်ကြည့်လို့ကောင်းသားပဲ။ နိုင်ငံခြားဝတ်စုံက တစ်ခုခုတော့ တစ်ခုခုပဲ၊ ဝတ်စုံလက်ရာနဲ့ အံဝင်ခွင်ကျဖြစ်မှုကို ကြည့်ပါဦး။ တောက်ပြောင်တဲ့ သားရေဖိနပ်တွေနဲ့ဆိုတော့ ဗလုံစီနေအောင် အရမ်းခန့်ညားသွားမှာပဲ။ ငါသာ မိန်းကလေးဆိုရင် ငါလည်း အကို(၂)ကို ချစ်မိသွားလောက်တယ်" ချောက်လဲ့သည် ပေါက်ကရများ ပြောလာပြန်သည်။
ကျောက်ရွှယ်ဟွေ့သည် ချောက်လဲ့ကို မျက်စောင်းထိုးလိုက်ပြီးသည်နှင့် ရွှယ်အန်း၏ နက်တိုင်ကို ချိန်ညှိ၍ အနောက်ပြန်ဆုတ်ကာ သေချာကြည့်ရှုပြီးနောက် ကျေနပ်စွာ ခေါင်းညိတ်နေလေသည်။
"မဆိုးဘူး၊ ဒီကောင်လေး တော်တော်သန့်ပြန့်နေသားပဲ"
ထိုအခါ ကျောက်ရွှယ်ဟွေ့က ပြောလိုက်သည်။
"ရှိတာတွေ အကုန် ထုတ်လိုက်ရအောင်"
ချောက်လဲ့နှင့် ယန်ပင်းယီတို့နှစ်ဦးစလုံးက ပြုံးလိုက်ကြသည်။
"အဆင်သင့်ပြင်ပြီသားပါ"
၎င်းတို့သည် အိတ်ကပ်ထဲမှ ပိုက်ဆံများကို အသီးသီးထုတ်ယူပြီးနောက် ကျောက်ရွှယ်ဟွေ့ထံ လွှဲပြောင်းပေးလိုက်ကြသည်။
ကျောက်ရွှယ်ဟွေ့သည်လည်း သူ၏ငွေများကို ထုတ်ယူပြီးနောက် အားလုံးကို ရေတွက်လိုက်သည်။
"ဟမ်း၊ စုစုပေါင်း ယွမ်တစ်ထောင်တစ်ရာသုံးဆယ်ပဲ။ လာ၊ ညီလေး(၂)၊ လမ်းမှာ ဦးလေးနဲ့ အဒေါ်တို့အတွက် တစ်ခုခုဝယ်ဖို့ ယူသွားလိုက်။ ငါတို့က ကျောင်းသားတွေဆိုပေမယ့် ကျင့်ဝတ်တွေတော့ကို လျှော့လို့မဖြစ်ဘူးလေ"
ရွှယ်အန်းသည် နွေးထွေးသော ငွေစက္ကူများကို ဆုပ်ကိုင်လျက် သူ့အရှေ့ရှိ လူသုံးဦးကို ငေးငိုင်စွာ စိုက်ကြည့်နေသည်။
"ဘာတွေငေးနေတာလဲ။ မြန်မြန်လုပ်၊ ငါတို့ညီအစ်ကိုတွေ မင်းရဲ့သတင်းကောင်းကို စောင့်နေမှာ"
ထိုသို့ဖြင့် ၎င်းတို့သုံးဦးသည် ရွှယ်အန်းကို ယောက်ျားအဆောင်အိပ်ခန်းထဲမှ တွန်းထုတ်လိုက်သည်။ ရွှယ်အန်းသည် ရင်းနှီးကျွမ်းဝင်ပြီးသားဖြစ်သော ကျောင်းဝင်းကို ဖြတ်ကျော်ပြီးနောက် သူ၏မှတ်ဉာဏ်များအတိုင်း မိန်းကလေးအိပ်ဆောင် အဆောက်အအုံဆီသို့ လျှောက်လှမ်းသွားခဲ့သည်။ ထိုအချိန်တွင် အနီရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် ရင်းနှီးသောပုံရိပ်တစ်ခုသည် အဆောက်အဦးတစ်ခုအရှေ့ရှိ သစ်ပင်အောက်တွင် ရပ်နေလေသည်။
'အန်းယန်'
သူမသည်လည်း ပေါ်ပေါက်လာခဲ့သည်။