အိပ်မက်လား လက်တွေ့လား
Vol. 54 Ch. 801
အန်းယန်သည် သစ်ပင်အောက်တွင် စိုးရိမ်ပူပန်စွာ စောင့်ဆိုင်းနေစဉ် ကောင်လေးများစွာသည် ထိုနေရာမှ ဖြတ်လျှောက်ယောင်ဆောင်နေကြသည်။ အနီရောင်ဝတ်စုံဝတ်ဆင်ထားသည့် အန်းယန်သည် လှပလွန်းသောကြောင့် ထိုနေရာတွင် ရပ်နေရုံမျှဖြင့် သေမျိုးကမ္ဘာထဲသို့ ကျရောက်လာသော နတ်သူငယ်တစ်ဦးကဲ့သို့ ထင်မှတ်ရစေကာ လူအများကို သူမထံမှ အကြည့်လွှဲရန် ခဲယဉ်းသွားစေသည်။
သို့သော် မကြာမီတွင် အန်းယန်က ရွှယ်အန်း ဖြည်းညင်းစွာ ချဉ်းကပ်လာကြောင်း မြင်တွေ့လိုက်ရသဖြင့် ရွှင်လန်းတောက်ပနေသော မျက်နှာဖြင့် သူ့ထံသို့ စိတ်လှုပ်ရှားစွာ ပြေးလာခဲ့သည်။ ကြည့်နေသော ယောက်ျားလေးများသည် ၎င်းတို့၏ ဝမ်းနည်းပူဆွေးမှုကို မထိန်းချုပ်နိုင်ကြရာ၊ အချို့သည် ရွှယ်အန်းကိုပင် စူးရှစွာ စိုက်ကြည့်နေကြသည်၊ ကျောင်းအလှပဂေးကို သိမ်းပိုက်နိုင်ခဲ့သော ဤလူသည် အလွန်ရွံရှာဖွယ်ကောင်းသည်ဟု ၎င်းတို့ ထင်မှတ်နေကြသည်။ အန်းယန်သည် လက်နှစ်ဖက်ကို နောက်ကျောတွင် ပစ်ကာ ရွှယ်အန်းကို စိတ်ဝင်တစားကြည့်ရှုပြီးနောက် စိတ်ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။
"ဒီဝတ်စုံက မဆိုးဘူးပဲ၊ ရှင်နဲ့တော်တော်လေး လိုက်ဖက်တယ်။ ဒါပေမယ့် ဆံပင်က နည်းနည်းရှုပ်နေသလားလို့၊ ရှင် ခေါင်းလိမ်းဂျယ်လ်တွေ ဘယ်လောက်တောင် သုံးထားတာလဲ"
ရွှယ်အန်းသည် မည်သည့် စကားမျှပြန်မပြောခဲ့ပေ။ သူက အန်းယန်ကို တိတ်တဆိတ် စိုက်ကြည့်နေသည်။ အန်းယန်သည် ကျောင်းတက်နေစဉ်တွင် ရင်သပ်ရှုမောဖွယ်အလှမျိုး မပိုင်ဆိုင်သေးသော်လည်း နုပျိုလန်းဆန်းသောအလှမျိုးကို ပိုင်ဆိုင်ထားသည်။ ရွှယ်အန်း၏အကြည့်ကြောင့် အနည်းငယ်ရှက်ရွံ့သွားသော အန်းယန်သည် ဖြည်းညှင်းစွာ ပြောလိုက်သည်။
"ထွီ၊ လူကို ဘာလို့ ဒီလောက်စိုက်ကြည့်နေတာလဲ"
အန်းယန်၏ပါးပြင်များ အနည်းငယ် နီရဲလာခြင်းကို မြင်လိုက်ရသော ရွှယ်အန်းသည် ထိုပါးပြင်များကို ရုတ်တရက် ဆွဲညှစ်ချင်လာမိသည်။ သို့သော် ရွှယ်အန်းသည် သူ၏ ခန္ဓာကိုယ်ကို ထိုသို့ပြုလုပ်ရန် မထိန်းချုပ်နိုင်ကြောင်း သိလိုက်ရသည်။ သူသည် အရာအားလုံး သူအမှတ်ရနေသော အကြောင်းအရာများအတိုင်း အတိအကျဖြစ်ပွားနေခြင်းကို ဖြတ်လျှောက်တစ်ဦးကဲ့သို့သာ စောင့်ကြည့်နိုင်ခဲ့သည်။
"သွားရအောင်။ ကျွန်မအဖွား၊ ဦးလေး(၂)နဲ့ ဦးလေး(၃)တို့အတွက် လက်ဆောင်ဝယ်ပေးရမယ်"
ထိုသို့ပြောပြီးနောက် အန်းယန်သည် ရွှယ်အန်း၏လက်ကိုဆွဲကာ ကျောင်းတံခါးဆီသို့ လျှောက်သွားလေသည်။ လမ်းတလျှောက်တွင် ထိုမြင်ကွင်းကို မြင်တွေ့သူတိုင်း ထိတ်လန့်သွားကြသည်။ ရင်သပ်ရှုမောဖွယ်ကောင်းသော ကျောင်းအလှပဂေး အန်းယန်သည် လူအများအရှေ့တွင် ကောင်လေးတစ်ယောက်နှင့် အလွန်ရင်းနှီးစွာ လမ်းလျှောက်နေခဲ့သည်။
အန်းယန်ကို ၎င်းတို့၏နှလုံးသားထဲတွင် နတ်ဘုရားမတစ်ပါးအဖြစ် မှတ်ယူထားသော ယောက်ျားလေးများစွာသည် ၎င်းတို့၏နှလုံးသားများ ကြေကွဲသွားသကဲ့သို့ ခံစားခဲ့ရသည်။ ထို့အတွက်ကြောင့် ရွှယ်အန်းသည် လမ်းတစ်လျှောက်တွင် မရေတွက်နိုင်သော နာကြည်း၍ မနာလိုသော အကြည့်များစွာကို ရရှိခဲ့လေသည်။ ကျောင်းတံခါးဝသို့ ရောက်သောအခါ လမ်းဘေးတွင် သိုသိပ်သည့် အနက်ရောင်ကားတစ်စီး ရပ်ထားလေ၏။
"အဟမ်း၊ ချင်အာ၊ ဒီကောင်မလေးကတော့။ သိုသိုသိပ်သိပ်ဖြစ်မယ့် ကားမျိုး ရှာပေးလို့ ပြောတဲ့ဟာကို သူရှာလာတဲ့ကားက အရမ်းမှိန်လွန်းတယ်" အန်းယန်က ထိုသို့ရေရွတ်လိုက်ပြီးနောက် ကားတံခါးကို ဆွဲဖွင့်လိုက်သည်။
ရွှယ်အန်းသည် တောင့်တင်းစွာ မတ်တပ်ရပ်နေ၍ အနည်းငယ် မှင်သက်စွာ မေးလိုက်သည်။
"ဘာလုပ်နေတာလဲ"
"ဟင်၊ ကားမောင်းမလို့ပေါ့၊ မဟုတ်ရင် အဘွားရဲ့ မွေးနေ့ပွဲကို အချိန်မီ မရောက်နိုင်လောက်ဘူး"
“ဒါပေမယ့်…”
"ဘာလဲ ကျွန်မရဲ့ ကားမောင်းစွမ်းရည်ကို ရှင် မယုံဘူးလား" အန်းယန်သည် သူမ၏ နေကာမျက်မှန်ကို ပင့်ပြီးနောက် ကားတံခါးကို မှီကာ ရွှယ်အန်းကို မျက်စိမှိတ်ပြလိုက်သည်။
"ကားဘယ်လိုမောင်းရလဲဆိုတာကို ကျွန်မ ရှစ်အရွယ်ထဲက တိတ်တိတ်လေး သင်ခဲ့တာပါနော်၊ ရှင် သိရဲ့လား။ ပြီးတော့ ရှင်ပဲ ကားမောင်း မသင်ချင်ဘူးဆိုပြီး ခဏခဏ ငြင်းနေတော့ အခု ကျွန်မကပဲ ဒရိုင်ဘာလုပ်ရတော့မယ်"
ရွှယ်အန်းသည် ထိုနေရာတွင် ငေးငိုင်စွာ ရပ်နေဆဲဖြစ်သည်။
အန်းယန်သည် ကားထဲသို့ဝင်ပြီးနောက် ပြတင်းပေါက်ကို ဖွင့်လိုက်သည်။
"ဘာလုပ်နေတာလဲ၊ မြန်မြန် ဝင်ထိုင်လေ"
ရွှယ်အန်းသည် BMW ကားဟောင်းထဲသို့ ကိုးရိုးကားရား ဝင်ထိုင်ပြီးနောက် အန်းယန်က ကားအင်ဂျင် နှိုးကာ မြို့လယ်ဆီသို့ ကျွမ်းကျင်စွာ မောင်းနှင်သွားလေသည်။ မြို့လယ်ခေါင်သို့ရောက်သည်နှင့် အန်းယန်သည် ရွှယ်အန်းကို ကျုံးတု၏ အဆင့်မြင့်စျေးဝယ်စင်တာသို့ ဆွဲခေါ်သွားခဲ့သည်။ နန်းတော်တစ်ခုသဖွယ် အလှဆင်ထားသော ဈေးဝယ်စင်တာကို ကြည့်နေသော ရွှယ်အန်းသည် အနည်းငယ် အံ့အားသင့်နေသည်။ အန်းယန်သည် သူမ၏ ပိုက်ဆံအိတ်ငယ်လေးမှ ဘဏ်ကတ်တစ်ခုကို မသိမသာ ထုတ်ယူပြီးနောက် ရွှယ်အန်း၏လက်ထဲသို့ ရုတ်တရက် ထည့်ပေးလိုက်သည်။ ပြီးနောက် သူမသည် ရွှယ်အန်း၏နားထဲသို့ တီးတိုးပြောလာသည်။
"ဒီမှာ ကျွန်မ စုထားတဲ့မုန့်ဖိုးတွေ။ အခုက ချေးရုံပဲချေးတာနော်၊ နောက်ကျရင် ပြန်ဆပ်ဖို့ မမေ့နဲ့ ဟုတ်ပြီလား"
အန်းယန်၏ ကိုယ်သင်းနံ့သာများ သယ်ဆောင်လာသော ဘဏ်ကတ်ကို ကိုင်ဆောင်ထားသော ရွှယ်အန်းက မည်သည့်စကားမျှ ပြန်မပြောနိုင်မီတွင် စိတ်အားထက်သန်နေသော အန်းယန်က သူ့ကို စျေးဝယ်စင်တာထဲသို့ ဆွဲခေါ်သွားလေသည်။ အရောင်းစာရင်း မိန်းကလေးများသည် အန်းယန်ကို အလွန်စိတ်အားထက်သန်နေကြသော်လည်း သူမသည် မည်သည့်အရာကို ဝယ်ယူပါစေ၊ ရွှယ်အန်း၏ထင်မြင်ချက်ကို အမြဲတစေ တိုင်ပင်နေခဲ့သည်။
ယင်းဖြစ်စဉ်သည် အမြင်စူးရှသော အရောင်းစာရေးမိန်းကလေးများကို အံ့အားသင့်စေသည်။ အန်းယန် ဝတ်ဆင်ထားသည့် အနီရောင်ဝတ်စုံသည် ပဲရစ်ဖက်ရှင်ရက်သတ္တပတ်တွင် ပြသခဲ့သည့် အဆင့်အတန်းမြင့် ဝတ်စုံတစ်စုံဖြစ်သည့်အပြင် အလွန်စျေးကြီးကြောင်း တစ်ချက်ကြည့်ရုံဖြင့် ၎င်းတို့ သိရှိနိုင်သည်။ ထို့အပြင် အန်းယန်၏ ဂုဏ်သိက္ခာရှိ အရောင်အဝါများသည်လည်း အလွယ်တကူ ဟန်ဆောင်ရန်မဖြစ်နိုင်ပေ။ ဤသည်မှာ ချမ်းသာကြွယ်ဝသော မိသားစုတစ်ခု၏ သမီးတစ်ယောက်ဖြစ်ကြောင်း သိသာထင်ရှားသည်။
'ရွှယ်အန်းကရော'
အရည်အသွေးညံ့သော ခေါင်းလိမ်းဂျယ်လ်ကြောင့် အဆီပြန်နေသော ဆံပင်များအပြင် အမှတ်တံဆိပ်များ ရောစပ်ထားသည့် မတော်မနှမ်း အနောက်တိုင်း၀တ်စုံကို ၀တ်ဆင်ထားကာ သူ၏အမူအရာသည်လည်း တောင့်တင်းနေသည်၊ အထူးသဖြင့် ကုန်ပစ္စည်းပေါ်ရှိ စျေးနှုန်းများကို မြင်သောအခါ သူ၏မျက်နှာသည် အမြဲတမ်း ဖျော့တော့သွားတတ်သည်။
လောကကြီးကို သိပ်မမြင်ဖူးသေးသော ဆင်းရဲနွမ်းပါးသည့် ကျောင်းသားတစ်ဦးဖြစ်ကြောင်း သိသာထင်ရှားပေသည်။ ထိုသို့သော စုံတွဲမျိုးဖြစ်သော်လည်း ဤသူဌေးသမီးသည် အမျိုးသားကို အချိန်တိုင်း လေးစားမှုအပြည့်ဖြင့် ဆက်ဆံနေဆဲဖြစ်သည်။ ဤဖြစ်စဉ်သည် အရောင်းစာရင်းမိန်းကလေးအုပ်စုကို အလွန်အံ့အားသင့်စေသည်။ နောက်ဆုံးတွင် ရွှယ်အန်းသည် အန်းယန်၏လမ်းညွှန်ချက်ဖြင့် အနည်းဆုံးလျှင် ခုနစ်သောင်း သို့မဟုတ် ရှစ်သောင်းတန်ရှိ လက်ဆောင်တစ်ခုကို ဝယ်ယူနိုင်ခဲ့သည်။
ရွှယ်အန်းဘွဲ့ရသည့်အချိန် သို့မဟုတ် အလုပ်ရသည်အထိ လောက်ငနိုင်သည့် ဤငွေပမာဏသည် သူ့ကို ထက်ပို၍ပင် နှုတ်ဆိတ်သွားစေသည်။ ပို၍အရေးကြီးသည်မှာ သူ့တွင်ပါလာသော ဒေါ်လာတစ်ထောင်ကျော်မျှသော ငွေပမာဏသည် ထိုအချိန်တွင် ဟာသတစ်ခုကဲ့သို့ဖြစ်နေသည်။ ထိုငွေပမာဏသည် ဤနေရာတွင် အတွင်းခံတစ်ထည်ပင် မဝယ်နိုင်ဘူးဟုပင် ဆိုနိုင်သည်။ ၎င်းကို သတိထားမိသောကြောင့် အန်းမိသားစုအိမ်တော်ကို ကားမောင်းလာစဉ် အန်းယန်က တီးတိုးပြောလိုက်သည်။
"အန်း၊ ကျွန်မ ရှင့်ကို အရင်က သေချာမပြောဖူးပေမယ့် ကျွန်မ မိသားစုအခြေအနေက သာမာန်လူတွေနဲ့ တော်တော်တော့ကွာတယ်။ ကျွန်မတို့မိသားစုက ချမ်းသာတယ်လို့တောင် ပြောလို့ရတယ်၊ ကျွန်မ ဘာသဘောနဲ့မှ ပြောတာမဟုတ်ပါဘူး။ ကျွန်မ ရှင့်ကို တကယ်ကြိုက်တာပါ။ ပြီးတော့ ဒီနေ့လက်ဆောင်တွေအတွက် ပိုက်ဆံကို ကျွန်မဆီက ချေးတာလို့ သတ်မှတ်ပေးနော်၊ ကျွန်မ ရှင် ပြန်ဆပ်မယ့်အချိန်ကို စောင့်နေမှာ ဟုတ်ပြီလား"
ရွှယ်အန်းသည် မည်သည့်စကားမျှမပြောခဲ့ပေ။ သူသည် လမ်းတစ်လျှောက် အလွန်တိတ်ဆိတ်နေသည်။ ၎င်းတို့၏ကားသည် ကျုံးတု၏ မယုံကြည်နိုင်လောက်အောင် ကြီးကျယ်ခမ်းနားသည့် ဇိမ်ခံခြံဝင်းထဲသို့ ဝင်သွားသည်အထိ တိတ်ဆိတ်နေခဲ့သည်။ ဂရုတစိုက် စိုက်ပျိုးထားသည့် ထူးခြားဆန်းပြားသော ပန်းပင်များနှင့် သစ်ပင်များကို ကြည့်နေစဉ်၊ ရွှယ်အန်းသည် လက်သီးကို တင်းတင်းဆုပ်ကိုင်ထားသောကြောင့် လက်ဆစ်များပင် အလွန်ဖြူဆွတ်နေသည်။
'ချမ်းသာသော မိသားစု'
ရွှယ်အန်းသည် ရုပ်မြင်သံကြားများနှင့် ဝတ္ထုများတွင်သာ မြင်တွေ့ခဲ့ရသော ဤအသုံးအနှုန်းကို ယနေ့ အမှန်တကယ် ကိုယ်တွေ့ခံစားနေရသည်။ ထိုအချိန်တွင် ရွှယ်အန်းသည် ပြင်းထန်သောရုန်းကန်မှုနှင့် အကူအညီမဲ့မှုတို့ကို သူ၏နှလုံးသားထဲတွင် ခံစားနေရသည်။ အန်းယန်သည် ၎င်းကို သတိပြုမိသောကြောင့် ကားကို တိတ်တဆိတ် ရပ်တန့်ပြီးနောက် ရွှယ်အန်း၏ နှုတ်ခမ်းများကို ခပ်ဖွဖွ နမ်းလိုက်သည်။
အချိန်အတော်ကြာပြီးနောက် သူမသည် ရွှယ်အန်း၏ပုခုံးပေါ်တွင် မှီချလိုက်သည်။
"အန်း၊ မသွားချင်ရင်လည်း ကျွန်မတို့ ပြန်လို့ရပါတယ်"
ရွှယ်အန်းက အန်းယန်၏ဆံပင်များကို ညင်သာစွာ ပွတ်သပ်၍ ပြောလိုက်သည်။
"သွားရအောင်၊ အနာဂတ်မှာ ဘာတွေပဲစောင့်နေပါစေ၊ ကိုယ် မင်းနဲ့ အတူရှိနေမယ်"
အန်းယန်က ပြုံး၍ တက်ကြွစွာ ခေါင်းညိတ်လိုက်သည်။
“အင်း"
နှစ်ယောက်သား ကားပေါ်မှဆင်းသည်နှင့် အိမ်အကူတစ်ယောက်က လက်ဆောင်များ ကူသယ်ပေးရန် ချက်ချင်းရောက်ရှိလာသည်။
"အဘွား ဘယ်မှာလဲ"
"မွေးနေ့ပွဲစတော့မှာပါ သခင်မလေး၊ သခင်မကြီးက ခန်းမထဲမှာ ရှိပါတယ်"
အန်းယန်က ခေါင်းညိတ်ပြပြီးနောက် ရွှယ်အန်းကို ပင်မခန်းမဆီသို့ ခေါ်သွားလိုက်သည်။ တံခါးဝသို့ ရောက်သည်နှင့် ရွဲ့စောင်းနေသော အမျိုးသမီးတစ်ဦး၏ လေသံသည် ၎င်းတို့ထံ ရောက်ရှိလာသည်။
“အိုး၊ ယန်။ ဒါက နင့်ချစ်သူပေါ့လေ"
ထိုသို့ဖြင့် ဇိမ်ခံ ပွဲတက်ဂါဝန် ၀တ်ဆင်ထားသည့် အမျိုးသမီးတစ်ဦး ချဉ်းကပ်လာသည်။
'အန်းမင်'
ဤသည်မှာ အန်းယန်၏ဝမ်းကွဲဖြစ်သည်။ ထိုအချိန် အန်းမင်သည် ရွှယ်အန်းကို အနည်းငယ် စူးစမ်းလေ့လာလိုက်ပြီးနောက် သူမ၏ မျက်လုံးထဲရှိ အထင်အမြင်သေးမှုများ ပို၍ပြင်းထန်လာသည်။
"ဒီအနံ့ကဘာကြီးလဲ အရမ်းပြင်းတာပဲ။ ဆံပင်ပုံစံကိုလည်း ကြည့်ဦး၊ အထဲမှာ ဘာတွေထည့်ထားတာလဲ" အန်းမင်သည် ချဲ့ကားစွာ ပြောလိုက်သည်။
ရွှယ်အန်းသည် ရှက်ရွံ့သော အမူအရာမျိုးပြသလာသော်လည်း အန်းယန်၏ မျက်နှာအမူအရာသည် မည်းမှောင်သွားလေ၏။
"အန်းမင်၊ ဒါအဘွားရဲ့ မွေးနေ့ပွဲနော်။ ငါ နင်နဲ့ မငြင်းခုံချင်ဘူး။ ပြီးတော့ ဒါက ငါခေါ်လာတဲ့ဧည့်သည်၊ နင်လေးစားမှုလေး ပြနိုင်မယ်လို့တော့ ငါမျှော်လင့်မိတယ်"
"ကောင်းပြီလေ၊ ဒါပေမယ့် နင် ဒီလိုလူမျိုး ရွေးချယ်လာတာကိုသာ အဘွား မြင်သွားရင် သူ ဘယ်လိုထင်မလဲတော့ မသိဘူးနော်" အန်းမင်က လှောင်ရယ်လိုက်သည်။