နှလုံးသားမိစ္ဆာ အိပ်မက်နယ်မြေ
Vol. 54 Ch. 802
"အချိန်ကျလာတဲ့အခါ ဒီလိုပဲ ယုံကြည်မှုလွန်ကဲနိုင်ပါစေလို့ ငါ မျှော်လင့်တယ်" အန်းမင်သည် ထိုစကားကို ပြောပြီးနောက် လှည့်ထွက်သွားလေသည်။
"အဲဒါ ကျွန်မ ဝမ်းကွဲပါ၊ သူက အဲ့လိုပဲ အမြဲတမ်း နှုတ်သီးခေါင်းလျှာပြားနဲ့။ သူ့ကို စိတ်ထဲမထားပါနဲ့" အန်းယန်က ပြောလိုက်သည်။
ပြီးနောက် အန်းယန်သည် ရွှယ်အန်းကို ခန်းမထဲသို့ ခေါ်ဆောင်သွားခဲ့သည်။ ထိုအချိန်တွင် ခန်းမထဲတွင် ကျုံးတု၏ အထက်တန်းလွှာ မိသားစုဝင်အသီးသီးဖြင့် ပြည့်နေကာ လှုပ်ရှားမှုများဖြင့် စည်ကားနေသည်။ အန်းယန်နှင့် ရွှယ်အန်းတို့အတူ လျှောက်လှမ်းလာသည်နှင့် လူတိုင်း၏ အာရုံကို ချက်ချင်းပင် စွဲဆောင်သွားလေသည်။
ထိုလူများသည် အဝေးမှ တိုးတိုးပြောနေကြသည်။
"အဲဒါ အန်းမိသားစုရဲ့သခင်မလေး မဟုတ်လား၊ သူ့ဘေးက ဟိုလူက ဘယ်သူလဲ"
"အန်းမိသားစုရဲ့ သခင်မလေးက ကျောင်းမှာ ရည်းစားရနေတယ်လို့ ငါ ကြားမိသလိုပဲ။ အဲ့ဒါသူဖြစ်မှာပေါ့၊ ဒါပေမယ့် ဘာလို့ သူက တောသားလိုဝတ်လာရတာလဲ"
"ဟီးဟီး၊ ဒီဆံပင်ပုံစံကိုလည်း ကြည့်ပါဦး ရယ်စရာကြီး"
"ဘုရားရေ၊ သူ ဒီလိုအမှိုက်သရိုက်ဝတ်စုံမျိုး ဝတ်လာရဲတယ်လား၊ မျက်နှာပျက်မှာကို တကယ် မကြောက်ဘူးပဲ"
ဤဝေဖန်ပြောဆိုချက်များအားလုံးသည် ရွှယ်အန်း၏နားထဲသို့ ရောက်ရှိလာသည်။ သူ၏လက်များ ခြေထောက်များကို မည်သည့်နေရာတွင်ထားရမည်မှန်း မသိတော့သည်အထိ တုန်လှုပ်ချောက်ချားလာမိသည်။ ထိုအချိန်တွင် အန်းယန်က သူ၏လက်ကို ညင်သာစွာ ဆုပ်ကိုင်ပြီးနောက် နှစ်သိမ့်စွာ ပြုံးပြလာသည်။ ရွှယ်အန်းသည် အသက်ပြင်းပြင်းရှူရှိုက်ပြီးနောက် အန်းယန်၏ လက်ဖဝါးထံမှ နွေးထွေးမှုများဖြင့် ဖြည်းညှင်းစွာ ငြိမ်သက်လာသည်။
ပြီးနောက် အန်းမိသားစု၏ အိမ်တွင်း တံခါးချပ်များ ပွင့်လာကာ အန်းမိသားစုကို ဆယ်စုနှစ်များစွာ ချုပ်ကိုင်ထားခဲ့သော သခင်မကြီး ကျင်းရှို့ရုန်သည် မိသားစုဝင်များ၏ ဝန်းရံမှုဖြင့် ဝင်ရောက်လာသည်။ သပ်ရပ်စွာ ၀တ်စားထားသော အဘွားအိုကိုတွေ့သောအခါ အခမ်းအနားပွဲရှိ လူအများ ချက်ချင်း ထရပ်ကာ နှုတ်ဆက်လာကြသည်။
"အဘွားရဲ့ ပျော်ရွှင်မှုတွေ အရှေ့ပင်လယ်ကြီးလို ကျယ်ပြောပြီး၊ အဘွားရဲ့ အသက်ရှည်မှုတွေ တောင်တန်းတွေလို တည်တံ့ပါစေလို့ ဆုတောင်းပါတယ်"
"အဘွားရဲ့ ကံကောင်းမှုတွေ..."
ဆုမွန်ကောင်းတောင်းသံများစွာသည် ခန်းမထဲတွင် တဖွဲဖွဲ ကျရောက်လာသည်။ သခင်မကြီး ကျင်းရှို့ရုန်သည် ပြုံးလျက် ထပ်တလဲလဲ ခေါင်းညိတ်လိုက်သည်။ သို့သော် မလှမ်းမကမ်းရှိ အန်းယန်နှင့် ရွှယ်အန်းတို့ကို မြင်သောအခါ သူမ မျက်နှာပေါ်ရှိ အပြုံးများ အေးစက်သွားသည်။ အထူးသဖြင့် အန်းယန်နှင့် ရွှယ်အန်းတို့နှစ်ဦး တွဲယှက်ထားသည့်လက်များကို မြင်လိုက်ရသောအခါ သူမ၏မျက်ခွံများသည် အကြိမ်များစွာ လှုပ်ခါသွားလေသည်။
သခင်မကြီးသည် မကြာမီတွင် ခန်းမဆောင်၏ ထိပ်ဆုံးတွင် ထိုင်လိုက်သည်။ ထိုမှတစ်ဆင့် အန်းမိသားစု၏ လူငယ်မိသားစုဝင်များက သူမကို မွေးနေ့လက်ဆောင်များ လာရောက်ပေးအပ်နေကြသည်။ အန်းမင်သည် ဦးစွာအရှေ့တိုးလာ၍ လက်ရာမြောက်စွာ ထွင်းထုထားသည့် ဟယ့်ထျန်ကျောက်စိမ်းရုပ်တုကို ပေးအပ်လာသည်။ ကျောက်စိမ်းကို သေချာရွေးချယ်ထားသည့်အပြင် လက်မှုပညာသည် အလွန်လက်ရာမြောက်လှရာ၊ မက်မွန်သီးဟူသည် အသက်ရှည်ခြင်းနှင့် ကံကောင်းခြင်းများကို ကိုယ်စားပြုလေသည်။
ကျင်းရှို့ရုန်က ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။
"မင်အာက စဉ်းစားတတ်သားပဲ"
"ဟီးဟီး၊ အဘွားရဲ့မွေးနေ့ကို ဂုဏ်ပြုတာက အဘွားရဲ့ မြေးဖြစ်တဲ့ သမီးတို့ရဲ့ တာဝန်ပါ" သူသည် ထိုသို့ပြောပြီးနောက် အန်းယန်ကို ရန်ဆွသည့်ဟန်ဖြင့် စောင်းကြည့်လိုက်သည်။
အန်းယန်သည် အသက်ပြင်းပြင်းရှူပြီးနောက် ရွှယ်အန်းကို အရှေ့သို့ ခေါ်လာခဲ့သည်။
"အဘွား၊ ဒါက သမီးချစ်သူ ရွှယ်အန်းပါ။ အဖွား မွေးနေ့မှစပြီး ကျန်းမာအသက်ရှည်ပါစေဆိုတဲ့ ရည်ရွယ်ချက်နဲ့ သူ အဘွားအတွက် ဝယ်လာတဲ့ လက်ဆောင်တွေပါ" ဤသို့ဖြင့် အန်းယန်နှင့် ရွှယ်အန်းတို့ ဝယ်လာသော လက်ဆောင်များကို လူတိုင်းအရှေ့တွင် ချလိုက်သည်။
၎င်းတို့အားလုံးသည် အလွန်လက်ရာမြောက်သော ဇိမ်ခံပစ္စည်းများဖြစ်ကြသော်လည်း ၎င်းတို့သည် အန်းမင် ပေးအပ်လာသည့် ဟယ့်ထျန်ကျောက်စိမ်းရုပ်တုနှင့် နှိုင်းယှဉ်ပါက ဝေးကွာလွန်းလှသည်။ အန်းယန်က တစ်ချက်လှည့်ကြည့်လာသောအခါ ရွှယ်အန်းသည် ငေးငိုင်နေရာမှ ရုတ်တရက် အာရုံပြန်ကပ်လာသည်။ သူသည် အရှေ့သို့ လှမ်းလာပြီးနောက် ရိုသေလေးစားစွာ ဦးညွှတ်၍ ပြောလိုက်သည်။
“ကျွန်တော်၊ ရွှယ်အန်းက အဘွား ကျန်းမာ သက်ရှည်ပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါတယ်"
ပြီးနောက် မည်သည့်တုံ့ပြန်မှုမျှ မရောက်ရှိလာခဲ့ပေ။ သခင်မကြီး ကျင်းရှို့ရုန်၏ မျက်နှာသည် ရေကဲ့သို့ ငြိမ်သက်နေကာ ထိုက်ရှထိုင်ခုံတွင် မှီလျက် သူမ၏လက်ဖက်ရည်ကို တိတ်တဆိတ် သောက်သုံးနေသည်။ လေထုတစ်ခုလုံး ကိုးရိုးကားရားနိုင်သည်အထိ တိတ်ဆိတ်စွာ ငြိမ်သက်သွားလေသည်။ ဧည့်သည်အများအပြားသည် တစ်ဦးနှင့် တစ်ဦး တီးတိုးပြောလာကြသည်။ အန်းမင်သည် အေးစက်သော အပြုံးတချို့ ပြသလာသည်။
ရွှယ်အန်းသာလျှင် လေးနက်စွာ ဦးညွှတ်နေဆဲဖြစ်သည်။ အန်းယန်၏ အမူအရာ ပြောင်းသွားလာ၍ သူမသည် စကားပြောရန် ဟန်ပြင်လိုက်သည်။ ထိုအချိန် သခင်မကြီးသည် သူမ လက်ထဲရှိ လက်ဖက်ရည်ခွက်ကို မြေပြင်ပေါ် ရုတ်တရက် ပစ်ချလိုက်သည့်အတွက် ကြွေကွဲသံကြောင့် လူအများ တုန်လှုပ်သွားကြသည်။ ရွှယ်အန်းသည် အနီးတွင် ရပ်နေသောကြောင်း ခွက်ထဲမှ လက်ဖက်ရည်ပူပူများ သူ၏မျက်နှာကို ဖိတ်စဉ်လာသည်။
ထိုအချိန်တွင် သခင်မကြီး ကျင်းရှို့ရုန်က ဟိန်းဟောက်လိုက်သည်။
"ငါ့မွေးနေ့ကို ဂုဏ်ပြုတယ်တဲ့လား ဟား၊ မင်းက ငါ့ကို မွေးနေ့ကို ဆုတောင်းဖို့ အရည်အချင်းပြည့်မီမယ်လို့ ဘာလို့ ထင်နေရတာလဲ"
ထိုဟိန်းဟောက်သံကိုကြားသောအခါ ရွှယ်အန်းက မော့ကြည့်လာခဲ့ရာ၊ သူ၏မျက်နှာတွင် ရှုပ်ထွေးမှုများဖြင့် ပြည့်နှက်နေသည်။
ဤအခိုက်အတန့်တွင် အန်းယန်က အရှေ့သို့ အမြန်လှမ်းလာသည်။
“အဘွား….”
"ပါးစပ်ပိတ်ထား" ကျင်းရှို့ရုန်က အထိန်းအကွပ်မဲ့စွာ အော်ဟစ်လိုက်ပြီးနောက် အန်းယန်ကို လက်ညှိုးထိုးလိုက်သည်။
"အရှက်မရှိတဲ့မိန်းမ၊ ဒီနေ့ ငါ့မွေးနေ့ပွဲကို ဒီလိုမတော်တရော်လူမျိုး ခေါ်လာတယ်ပေါ့လေ။ နင် ငါ့ကို ဒေါသထွက်ပြီးသေအောင် လုပ်နေတာလား"
"အဘွား၊ သူက မတော်တရော်လူ မဟုတ်ပါဘူး၊ သမီးတို့တက္ကသိုလ်က အတန်းဖော်ပါ..." ထိုသို့ ရှင်းပြနေစဉ် အန်းယန်၏ မျက်လုံးများမှ မျက်ရည်များ စီးကျလာသည်။
"တော်တော့၊ အန်းရွှယ်လာဦး" ကျင်းရှို့ရုန်၏ မျက်နှာအမူအရာ ပြာနှမ်းလာသည်။
အန်းယန်၏ ဒုတိယဦးလေးဖြစ်သူသည် အရှေ့သို့ တိုးလာ၍ အေးစက်စွာ ပြောလိုက်သည်။
"ပေ့ကျင်းမြို့ငယ်လေးမှ ရွှယ်အန်းလို့ခေါ်တဲ့ လူငယ်တစ်ဦးပါ၊ ငယ်ငယ်ကတည်းက မိဘမဲ့အဖြစ် ကြီးပြင်းလာတဲ့အပြင် အလုပ်ကြိုးစား ခြိုးခြံခြွေတာပြီး နေထိုင်သူတစ်ယောက်ပါ"
ထိုမိတ်ဆက်မှုကို ကြားလိုက်ရသည်နှင့် မွေးနေ့ပွဲအတွင်း လူအများ၏ တီးတိုးပြောသံများ ထွက်ပေါ်လာသည်။
"ဘုရားရေ၊ ကျေးလက်မြို့က လာတဲ့အပြင် မိဘမဲ့တဲ့လား"
"ကျွတ် ကျွတ်၊ အန်းမိသားစုသခင်မလေးရဲ့ အကြိုက်က တော်တော်လေး ညံ့လွန်းပါလား။ ဒီလိုယောက်ျားမျိုးကိုတောင် တကယ်ကြီး လိုချင်နေတာလား"
ထိုသို့ တီးတိုးသံများကြားတွင် ကျင်းရှို့ရုန်၏ မျက်နှာသည် ပို၍ပင် ပြာနှမ်းလာသည်။
"အန်းယန်၊ နင် လူတိုင်းပြောနေတာကို ကြားလား။ နင့်အဆင့်အတန်းက ဘာလဲ၊ အန်းမိသားစုအနေအထားကရော ဘယ်လိုအခြေအနေမှာလဲ၊ ဒါတောင် နင်က ငါ့ဆီ ဒီလိုလူမျိုး ခေါ်လာတယ်တဲ့လား။ နင် ငါ့ကို တမင်ဒေါသထွက်ပြီးသေအောင် လုပ်နေတာမဟုတ်လား"
အန်းယန်က ရှင်းပြချင်နေသော်လည်း ကျင်းရှို့ရုန်သည် ရွှယ်အန်းဘက်သို့ လှည့်ကြည့်၍ ခက်ထန်စွာ ပြောလိုက်သည်။
"မစ္စတာရွှယ်၊ မင်းတို့လို နိမ့်ပါးတဲ့ လူတွေရဲ့ အတွေးကို ငါ မခန့်မှန်းနိုင်ဘူးလို့ မထင်လိုက်နဲ့။ မင်း အန်းမိသားစုဆီရောက်ဖို့ အန်းယန်ကို အားကိုးဖို့ ကြိုးစားနေတာပါ၊ ဒါပေမယ့် ငါ ပြောလိုက်မယ်။ ဒီလိုဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ဘူး။ ငါတို့အန်းမိသားစုက မင်းလိုလူမျိုးကို ဘယ်တော့မှ အောင်မြင်ခွင့်ပြုမယ် မထင်နဲ့"
ဤသို့ဖြင့် ကျင်းရှို့ရုန်သည် ပတ်ဝန်းကျင်ရှိ လူများကို အော်ပြောလိုက်သည်။
"မင်းတို့ ဘာရပ်ကြည့်နေတာလဲ၊ သူယူလာတဲ့ပစ္စည်းတွေနဲ့အတူ ဒီကောင်ကို ဆွဲထုတ်လိုက်စမ်း"
မိသားစု၏ အစေခံများသည် အရှေ့သို့ တိုးလာ၍ လှုပ်ရှားရန် ပြင်ဆင်လိုက်သည်။ အန်းယန်သည် ရွှယ်အန်းအရှေ့တွင် အလျင်အမြန် ပိတ်ရပ်ကာ သူမမျက်လုံးများတွင် မျက်ရည်များ စီးကျနေသည့်တိုင် မယိမ်းယိုင်ဘဲ ပြောလိုက်သည်။
“မရဘူး”
ကျင်းရှို့ရုန်က အံ့အားသင့်သွားသည်။ သူမ၏အမြင်အရ အကြီးဆုံးမြေးမသည် အမြဲတမ်း အလွန်ကြောက်ရွံ့တတ်သူဖြစ်သည်။ မမျှော်လင့်ထားစွာဖြင့် သူမသည် ယနေ့တွင် ယောက်ျားတစ်ယောက်အတွက် သူမ၏အမိန့်ကို ပွင့်လင်းစွာ ဖီဆန်နေလေသည်။
ဤဖြစ်စဉ်သည် သူမကို ဒေါသကို ပို၍ပြင်းထန်လာစေသည့်အတွက် ခက်ထန်စွာ အော်ဟစ်လိုက်လေသည်။
"ဘာကိုစောင့်နေကြတာလဲ။ ဒီကောင်မစုတ်လေးကို ဖမ်းချုပ်ပြီး ဟိုလူကို နှင်ထုတ်လိုက်ကြစမ်း"
အန်းမိသားစု၏ အမျိုးသမီးလုံခြုံရေးအစောင့်များသည် လေးနက်စွာပြောလိုက်သည်။
"ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ သခင်မလေး"
၎င်းတို့သည် အရှေ့သို့တိုးလာပြီးနောက် အန်းယန်၏လက်ကိုဖမ်းဆုပ်ကာ နေအိမ်အနောက်ဘက်သို့ ဆွဲခေါ်သွားကြသည်။
ကျင်းရှို့ရုန်က လှောင်ရယ်လိုက်သည်။
"ဒီကောင်မစုတ်လေးကို သူ့အခန်းထဲမှာ သော့ခတ်ထားလိုက်၊ ငါ ဒီနေ့ သူ့ကို ချီမိသားစုက သခင်လေးနဲ့ စေ့စပ်ခိုင်းရမယ်"
အန်းယန်သည် ပြင်းထန်စွာ ရုန်းကန်ခဲ့သော်လည်း အသုံးမဝင်ခဲ့ပေ။ ထိုအချိန်တွင် အနက်ရောင်ဝတ်စုံနှင့် လုံခြုံရေးအစောင့်အများအပြားသည် ရွှယ်အန်းကို ဝန်းရံရန် အရှေ့တိုးလာကြသည်။ ထိုသို့မြင်သောအခါ အန်းယန်က ထိတ်လန့်နေသောအကြည့်ဖြင့် အော်ဟစ်လိုက်သည်။
"ရွှယ်အန်း၊ ပြေးတော့။ သူတို့တွေ ရှင့်ကို မဖမ်းမိစေနဲ့။ သူတို့တွေ ရှင့်ကို သတ်ပစ်လိမ့်မယ်…."
သူမ၏ အသံသည် ရုတ်တရက် ပြတ်တောက်သွားခဲ့ရာ၊ သူမ၏ပါးစပ်ကို တစ်စုံတစ်ယောက်က ပိတ်လိုက်ဟန်ရှိသည်။ အနက်ရောင်ဝတ်စုံနှင့် လုံခြုံရေးအစောင့်များသည် တဖြည်းဖြည်း တိုးကပ်လာသည်။ ထိုအချိန် ၎င်းတို့အားလုံး အကြည့်ချင်းဖလှယ်၍ လှုပ်ရှားရန် ပြင်ဆင်လိုက်ချိန်တွင် တစ်ချိန်လုံး နှုတ်ဆိတ်နေသော ရွှယ်အန်းက ရုတ်တရက် သက်ပြင်းချလိုက်သည်။
"ကျုပ် ဝန်ခံပါတယ်၊ ဒီအိပ်မက်မိစ္ဆာနယ်မြေက တော်တော်လေး လက်တွေ့ဆန်သားပဲ"
"ဒါပေမယ့် ခန်းမထဲကို ဝင်လာကတည်းက ကျုပ် မှတ်ဉာဏ်တွေ မှားယွင်းနေမှန်း ကျုပ် သိတယ်"
"တကယ်တော့ အန်းမိသားစုကို ပထမဆုံးရောက်ဖူးချိန်က ကျုပ် ကျင်းရှို့ရုန်နဲ့တောင် မတွေ့လိုက်ရဘူး"