← Chapters

ထိုပြီးဆုံးခဲ့တဲ့အရာတွေ

Vol. 54 Ch. 803

ထိုပြီးဆုံးခဲ့တဲ့အရာတွေ

Vol. 54 Ch. 803

"ပြီးတော့ ကျုပ်ရဲ့ ဆုံးဖြတ်ချက်ကို ဒီနည်းနဲ့ လှုပ်ခတ်နိုင်မယ်လို့ ထင်ရင်၊ ကျုပ် ပြောချင်တာတော့ ခင်ဗျား အတွေးလွန်နေပြီဆိုတာပဲ"

ရွှယ်အန်း၏ စကားသံများ တိတ်ဆိတ်လာသည်နှင့်အမျှ သူ့ပတ်ဝန်းကျင်ရှိ လူများ၏ မျက်နှာများသည်လည်း မှုန်ဝါးလာသည်။ ပင်မထိုင်ခုံတွင် ထိုင်နေသော ကျင်းရှို့ရုန်သည် အနက်ရောင်အလွှာတစ်ခု၏ လွှမ်းခြုံခံလိုက်ရပုံပေါ်သည်။ ပြီးနောက် ထိတ်လန့်နေသော အရိပ်အမြွက်ပါရှိသည့် အသံတစ်ခု ထွက်ပေါ်လာသည်။

“မင်း… မင်း ဘယ်လိုလုပ်ပြီး ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်နေရတာလဲ”

ရွှယ်အန်းက ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။

"ခက်ခဲလို့လား။ တကယ်တော့ အန်းမိသားစုထဲကို ဝင်လာကတည်းက ကျုပ် ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်ခဲ့တာ။ ဒါပေမယ့် ဘာတွေ ဆက်ဖြစ်မလဲဆိုတာ သိချင်လို့ အခုအချိန်ထိ ဘာမှမပြောဘဲ ကြည့်နေတာ"

ရွှယ်အန်းသည် စကားပြောနေစဉ်တွင် အနီရောင်ဝတ်စုံနှင့် အန်းယန်ဆီသို့ လှည့်ကြည့်လိုက်ရာ၊ သူ၏မျက်လုံးများသည် အလိုလိုက်အကြိုက်ဆောင်နေသည့် လွမ်းဆွတ်မှုများဖြင့် တောက်ပလာသည်။

“ဒီအိပ်မက်မိစ္ဆာနယ်မြေထဲမှာတောင် မင်းက ချစ်စရာကောင်းပြီး နုံအတဲ့ ကောင်မလေးဖြစ်နေတုန်းပဲ”

ထိုအချိန်တွင် ခန်းမတစ်ခုလုံး ပြိုကျပျက်စီးလာကာ ဟင်းလင်းပြင်ထဲမှ ရန်လိုသော အသံတစ်ခု ထွက်ပေါ်လာသည်။

"မင်းရဲ့စိတ်စွမ်းအင်က တကယ် သန်မာပြီး ခံနိုင်ရည်ရှိတယ်ဆိုတာ ငါ ဝန်ခံလိုက်မယ်၊ ဒါပေမယ့် အပြိုင်စကြဝဠာတွေမှာ ဘယ်စိတ်ဝိညာဉ်ကမှ ထာဝရ ခံနိုင်ရည်မရှိဘူး"

စကားသံဆက်လက်ထွက်ပေါ်လာသည်နှင့် သူ့အရှေ့ရှိ မြင်ကွင်းသည်လည်း ရုတ်တရက် ပြောင်းလဲသွားလေသည်။ ပြီးနောက် ရွှယ်အန်းသည် ဧည့်ခန်းထဲတွင် ရောက်ရှိနေကြောင်း မြင်တွေ့လိုက်ရသည်။ ဧည့်ခန်းသည် သိပ်မကျယ်ဝန်းသော်လည်း သန့်ရှင်းသပ်ရပ်နေသည်။ လသာဆောင်တွင် စျေးပေါသည့် အပင်ငယ်များစွာရှိနေ၍ အချို့သည် ပန်းပွင့်လေးများ ဖူးပွင့်နေကာ ပြတင်းပေါက်အပြင်ဘက်မှ တိုက်ခတ်လာသော လေညင်းများကြောင့် ညင်သာစွာ လှုပ်ခတ်နေသည်။

ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ရွှယ်အန်း အလွန်တုန်လှုပ်သွားလေသည်၊ ဤသည်မှာ ပေကျင်းမြို့ရှိ သူနှင့် အန်းယန်တို့၏ အိမ်ကလေးဖြစ်သည်။ သို့သော် တစ်ချိန်က ၎င်းတို့၏ရယ်သံများနှင့် ပြည့်နှက်နေသည့် ဤဧည့်ခန်းလေးသည် ယခုအခါ အလွန်တိတ်ဆိတ်နေသည်။ ကိုယ်ဝန်အရင့်အမာရှိသော အန်းယန်သည် ဧည့်ခန်းဆိုဖာပေါ်တွင် ငြိမ်သက်စွာ အိပ်မောကျနေပုံရသည်။ သူမသည် အိပ်နေစဉ် ရွှယ်အန်း၏ဓာတ်ပုံကို တင်းကြပ်စွာ ဆုပ်ကိုင်ထားခဲ့ရာ၊ ဖြည်းညင်းစွာ စီးကျနေသော မျက်ရည်များကြောင့် ခေါင်းအုံးသည်လည်း စိုစွတ်လာသည်။

အန်ယန်သည် အိပ်မောကျနေရာမှ ရုတ်တရက် ထငိုလာသည်။

"ယောက်ျား၊ ကျွန်မကို မထားခဲ့ပါနဲ့"

ပြီးနောက် အန်းယန်သည် ရုတ်တရက် မျက်လုံးပွင့်လာ၍ ပတ်ဝန်းကျင်ကို ဇဝေဇဝါ ကြည့်လိုက်ပြီးနောက် မျက်ရည်များစီးကျလာပြန်သည်။

"ယောက်ျား၊ ရှင်လား ဟင်။ သူတို့ပြောသလိုပဲ ရှင် တကယ်သေသွားတာလား၊ မယုံဘူး ကျွန်မ မယုံဘူး။ ရှင် ကျွန်မကို ကမ္ဘာပေါ်မှာ အပျော်ရွှင်ရဆုံး သတို့သမီးတစ်ယောက်ဖြစ်စေရမယ်လို့ ကတိပေးထားတယ်လေ၊ ကတိကို ဘာလို့ဖျက်ရတာလဲ"

အန်းယန်သည် စကားပြောနေစဉ် မျက်ရည်များ စီးကျလာသည်။ အန်းယန်သည် ထိုအချိန်တွင် သူမဝမ်းဗိုက်ကို ရုတ်တရက် ဆုပ်ကိုင်လိုက်ရာ၊ သူမ၏မျက်နှာသည် နာကျင်မှုကြောင့် ချက်ချင်း ဖျော့တော့သွားလေသည်။ ပြီးနောက် သူမ ခြေထောက်များကြားက သွေးများ စီးကျလာသည်။ အန်းယန်က ကြောက်ရွံ့တုန်လှုပ်စပြုလာသော်လည်း မကြာမီ ပြန်တည်ငြိမ်လာ၍ ဖုန်းခေါ်ရန် ဖုန်းကိုထုတ်ယူလိုက်သည်။

"ရွှမ်အာ၊ ငါ့ကို ကယ်ပါဦး"

တစ်ဖက်နှင့် ဖုန်းချိတ်ဆက်ပြီးသည်နှင့် ထိုစကားလုံးလေးလုံးကိုသာ ပြောပြီးနောက် သတိလစ်သွားလေ၏။ မိနစ်အနည်းငယ်အကြာတွင် ထန်ရွှမ်အာသည် အလျင်အမြန် ပြေးလာခဲ့ရာ၊ ဆိုဖာပေါ်တွင် သတိလစ်နေသော အန်းယန်ကိုတွေ့လိုက်ရသဖြင့် သူမသည်လည်း ထိတ်လန့်သွားသည်။ သို့သော် သူနာပြုတစ်ဦးဖြစ်သော သူမသည် အမြန်အာရုံစုစည်းပြီးနောက် လူနာတင်ယာဉ်ခေါ်လိုက်သည်။

အန်းယန်သည် ဆေးရုံကို ရောက်ရှိပြီးနောက် နာရီဝက်ပင် မကြာမြင့်မီ သမီးနှစ်ယောက်ကို မွေးဖွားနိုင်ခဲ့သည်။ ဤသို့ဖြင့် သူနာပြုသည် ကလေးမွေးခန်းထဲမှ ကလေးနှစ်ယောက်ကို တွန်းထုတ်လာသော်လည်း ထန်ရွှမ်အာသည် ပျော်ရွှင်မှုအနည်းငယ်ကို ခံစားရန်ပင် အချိန်မရှိခဲ့ပေ။ မည်သို့ဆိုသော် ရွှယ်အန်း ပျောက်ဆုံးမှုကြောင့် ဝေဒနာခံစားနေရကာ တစ်လခွဲနီးပါးမျှ လမစေ့ဘဲ ကလေးမီးဖွားခဲ့သော အန်းယန်သည် အောင်မြင်စွာမွေးဖွားနိုင်သော်လည်း သူမသည် သွေးထွက်လွန်နေသောကြောင့် စိုးရိမ်ရသည့် အခြေအနေတွင်ရှိနေသည်။

အသက်ရှင်နိုင်ခြေသည် ငါးဆယ်ရာခိုင်နှုန်းမျှသာရှိမည်ဟု ဆရာဝန်က ရှင်းပြခဲ့သည်။ တစ်ဦးတည်းသော ဆွေမျိုးတော်စပ်သူ ထန်ရွှမ်အာသည် ချီတုံချတုံဖြစ်နေသော်လည်း အရေးကြီးသော အခြေအနေ၌ စာရွက်စာတမ်းများစွာကို လက်မှတ်ရေးထိုးခဲ့ရသည်။ ပြီးနောက် သူမသည် ကလေးကုတင်ရှေ့တွင် ထိုင်ကာ အိပ်ပျော်နေဆဲဖြစ်သော ကလေးမလေးနှစ်ယောက်ကို ငေးငိုင်စွာ စိုက်ကြည့်နေသည်။

သူမနှင့် ရွှယ်အန်းတို့သည် အထက်တန်းကျောင်းနေဖက်များဖြစ်ကြ၍ သူမသည် အန်းယန်နှင့်လည်း သူငယ်ချင်းကောင်းများဖြစ်သည်။ ထို့ကြောင့် သူမသည် ရွှယ်အန်းနှင့် အန်းယန်ကြားရှိ အကြောင်းကိစ္စအားလုံးကို ကောင်းကောင်းသိထားသည်။ သို့သော် ဤမျှခက်ခဲစွာ လက်တွဲခဲ့ရသည့် ၎င်းတို့နှစ်ယောက်သည် ဤသို့သောကံဆိုးမှုမျိုးနှင့် ရုတ်တရက် ကြုံရလိမ့်မည့်ဟု မည်သည့်အချိန်ကမျှ သူမ မမျှော်လင့်ခဲ့ပေ။

ရွှယ်အန်း ရုတ်တရက် ပျောက်ဆုံးသွား၍ လမစေ့ဘဲ ကလေးမီးဖွားခဲ့သော အန်းယန်သည် မျောနေဆဲဖြစ်သည်။ သူမ အသက်မရှင်ခဲ့ပါက၊ ဤကလေးမလေးနှစ်ယောက်သည် မိဘမဲ့များဖြစ်သွားမည် မဟုတ်လေသလော။ ထန်ရွှမ်အာသည် ထိုသို့ အတွေးနယ်ချဲ့နေသည်။ ရုတ်တရက်ဆိုသလိုပင် ကလေးမလေးတစ်ယောက် ကျယ်လောင်စွာ အော်ငိုလာသည်။ သူမ၏ ငိုသံကြောင့် ဘေးနားရှိ သူမ၏ အမွှာပင် ထငိုလာတော့သည်။

ရည်းစားပင် မထားဖူးသော ထန်ရွှမ်အာသည် ပျာယာခတ်သွားပြီးနောက် ၎င်းတို့ကို ချော့မြှူရန်ကြိုးစားခဲ့သော်လည်း အနည်းငယ်မျှ အသုံးမဝင်ကြောင်း တွေ့ရှိလိုက်ရသည်။ သူမ အသည်းအသန် ပျာယာခတ်နေစဉ် ဆေးရုံခန်းထဲမှာ လူနာမိသားစုဝင်တစ်ယောက်က ကရုဏာစိတ်ဖြင့် ပြောလာသည်။

"ကလေးတွေ ဗိုက်ဆာနေတာထင်တယ်”

ဤမှတ်ချက်သည် ထန်ရွှမ်အာကို သတိရသွားစေသော်လည်း သူမသည် မည်သည့်ပြင်ဆင်မှုကိုမျှ မပြုလုပ်ဘဲ အလျင်အမြန် ရောက်ရှိလာခြင်းဖြစ်သည်။ တစ်စုံတစ်ယောက်ထံမှ နို့မှုန့်အချို့ကို ရဲရဲဝံ့ဝံ့ ချေးယူပြီးနောက် နို့ဗူးနှစ်ခု အဆောတလျင် ဝယ်ယူရန်မှတစ်ပါး ရွေးချယ်စရာမရှိပေ။ ထိုမှတစ်ဆင့် နို့မှုန့်များ ဖျော်၍ အလျင်အမြန် ပြင်ဆင်ပြီးနောက် ကလေးမလေးနှစ်ယောက်ကို စတင်တိုက်ကျွေးလိုက်သည်။

ကလေးမလေးနှစ်ယောက်သည် အမှန်တကယ် ဗိုက်ဆာနေပုံရသည်။ နို့ဗူးနှင့် ထိတွေ့သည်နှင့် ကမန်းကတန်း စတင်စားသောက်နေကြသည်။ ထန်ရွှမ်အာသည် ၎င်းတို့ကို တိတ်တဆိတ်ကြည့်၍ ရုတ်တရက် တွေးလိုက်မိသည်။

အန်းယန်သာ တစ်ခုခုဖြစ်သွားခဲ့လျှင် သူမသည် ဤကလေးမလေးနှစ်ယောက်ကို တစ်ယောက်တည်း ပြုစုစောင့်ရှောက်ရန် ရည်ရွယ်လိုက်သည်။ ကလေးမလေးနှစ်ယောက်သည် နို့သောက်ပြီးသည်နှင့် ကျေနပ်စွာ အိပ်ပျော်သွားကြသည်။

ထိုအချိန်တွင် အန်းယန်၏ အခြေအနေသည်လည်း တည်ငြိမ်လာခဲ့သည်။ သူမသည် အထူးကြပ်မတ်ကုသဆောင်တွင် တစ်ရက်ကြာနေထိုင်ပြီးနောက် အလွန်အံ့အားသင့်ဖွယ်ကောင်းစွာ နိုးလာခဲ့သည်။ ထန်ရွှမ်အာသည် ကလေးမလေးနှစ်ယောက်ကို အိပ်ယာဘေးသို့ ဂရုတစိုက် ခေါ်ဆောင်လာသောအခါ အန်းယန်သည် ၎င်းတို့ကိုကြည့်၍ မထိန်းချုပ်နိုင်ဘဲ ငိုနေပြန်သည်။

"ကျေးဇူးတင်ပါတယ်၊ ရွှမ်အာရယ်" အန်းယန်က တီးတိုးပြောလိုက်သည်။

ထန်ရွှမ်အာက ပြုံးလိုက်သည်။

"ကိစ္စမရှိပါဘူး နင်ရော ရွှယ်အန်းရော ငါ့ရဲ့သူငယ်ချင်းကောင်းတွေလေ၊ နောက်ပြီး ဒီလိုအခြေအနေမှာ ငါက ဘယ်လိုလုပ် ဒီအတိုင်းကြည့်နေနိုင်မှာလဲ"

ရွှယ်အန်းဟူသောအမည်ကို ကြားသောအခါ အန်းယန်က တိတ်ဆိတ်သွားပြန်သည်။ သူမ၏ စကားများကို သတိထားမိသွားသော ထန်ရွှမ်အာသည် မည်သည့်စကားမျှ ဆက်မပြောတော့ပေ။ သို့သော် ထိုအချိန်တွင် လူတစ်စုသည် ဆေးရုံခန်းထဲသို့ ရုတ်တရက် ဝင်လာခဲ့သည်။

ထန်ရွှမ်အာက ထိတ်လန့်သွားသည်။

"ရှင်တို့ကဘယ်သူတွေလဲ၊ ဘာလိုချင်လို့လဲ"

ခေါင်းဆောင်သည် သူမကို လုံးလုံးလျားလျား လျစ်လျူရှု၍ ကုတင်ပေါ်ရှိ ကလေးမကလေးနှစ်ယောက်ကို ခက်ထန်သော အမူအရာနှင့် ကြည့်ပြီးနောက် အေးစက်စွာ ပြောလိုက်သည်။

"အရှက်မဲ့တဲ့ မိန်းမပျက်၊ မင်းကြောင့် အန်းမိသားစုတစ်ခုလုံး အရှက်တကွဲအကျိုးနည်းဖြစ်နေရပြီ"

"ကျေးဇူးပြုပြီး ထွက်ပေးသွားပါ၊ ဒါက အများပိုင်ဆေးရုံ။ ရှင်တို့ ဒီလိုဆက်လုပ်ရင် ကျွန်မ ရဲခေါ်ရလိမ့်မယ်" ထန်ရွှမ်အာက အော်ပြောလိုက်သည်။

"ရဲခေါ်မယ်ဟုတ်လား၊ ကောင်းပြီလေ ခေါ်လိုက်စမ်းပါ" ခေါင်းဆောင်က လှောင်ရယ်ကာ ပြန်ပြောလာသည်။

ထန်ရွှမ်အာက ရဲကိုဖုန်းဆက်ရန် ရည်ရွယ်ချက်ဖြင့် ဖုန်းကို ထုတ်ယူလိုက်သည်။ သို့သော် ကုတင်ပေါ်တွင် လဲလျောင်းနေသော အန်းယန်က အားယူ၍ ပြောလိုက်သည်။

"ရွှမ်အာ၊ မလုပ်ပါနဲ့။ သူတို့က ငါ့မိသားစုဝင်တွေပါ"

ထန်ရွှမ်အာက အံ့ဩသွားသည်။ ထိုအချိန်တွင် ဖြူဖျော့နေသော အန်းယန်သည် ထိုလူအုပ်၏ ခေါင်းဆောင်ကို ပြောလိုက်သည်။

"အန်းရွှယ်၊ ရှင့်ကို အဖွား လွှတ်လိုက်တာ မဟုတ်လား"

ထိုလူသည် အမှန်တကယ်ပင် အန်းယန်၏ ဒုတိယဦးလေး အန်းရွှယ်ဖြစ်သည်။ အန်းရွှယ်က လှောင်ရယ်လိုက်သည်။

“မှန်တယ်၊ သခင်မကြီးက မင်းနဲ့ ဒီမျိုးမစစ်နှစ်ကောင်ကို အိမ်ပြန်ခေါ်လာဖို့ ပြောလိုက်တယ်”

အန်းယန်က ခေါင်းခါလိုက်သည်။

"ကျွန်မ ရှင်တို့နဲ့လိုက်ခဲ့မယ်၊ ဒါပေမယ့် ဒီကလေးနှစ်ယောက်ကိုတော့ ဒီမှာပဲ ထားခဲ့ရမယ်"

အန်းရွှယ်က စိုက်ကြည့်လိုက်သည်။

"အန်းယန်၊ မင်း ဒီအချိန်မှာ ငါနဲ့ ညှိနှိုင်းဖို့ ကြိုးစားနေတာလား"

အန်းယန်က ဖျော့တော့စွာ ပြုံးလိုက်သည်။

“ရှင် သဘောမတူဘူးဆိုရင် ကျွန်မ အိမ်ပြန်ရောက်တာနဲ့ ကိုယ့်ကိုယ်ကိုယ် သတ်သေပစ်မယ်။ ကိုယ့်မြေးကို သေအောင် လုပ်ခဲ့တယ်ဆိုတဲ့ ဂုဏ်သတင်းမျိုး ထွက်လာရင် ဘယ်လိုဖြစ်သွားမယ်ထင်လဲ၊ ရှင်တို့မိသားစု ဒီထက်ပိုပြီး မျက်နှာပျက်ရမယ် မဟုတ်ဘူးလား”

အန်းရွှယ်က အံ့အားသင့်သွားသည်။

“မင်း….”

ခေတ္တတုံ့ဆိုင်းသွားပြီးနောက် အန်းရွှယ်က ခေါင်းညိတ်လိုက်သည်။

"ကောင်းပြီ၊ ဒါပေမယ့် မင်း အခု ပြန်လိုက်ခဲ့ရမယ်"

All Chapters