သွေးကွန်ရက်တောင်တန်းရဲ့ ပျက်သုဉ်းမှုက ခင်ဗျားနဲ့ စတင်လိမ့်မယ်
Vol. 54 Ch. 806
ထိုစကားများဖြင့် မိဘများနှင့် အစ်မဖြစ်သူတို့၏ ရက်စက်ကြမ်းကြုတ်စွာ သတ်ဖြတ်ခံရသော ပုံရိပ်များနှင့် မျက်နှာများကို အနက်ရောင် ပိတ်စများဖြင့် ဖုံးအုပ်ထားသည့် လူဆိုးများ၏ ပုံရိပ်များအားလုံးသည် မုယအရှေ့တွင် ပေါ်ပေါက်လာသည်။ ပြီးနောက် ထိုပုံရိပ်များ၏နောက်ကွယ်၌ မတ်တတ်ရပ်၍ အရာအားလုံးကို ငုံ့ကြည့်နေသည့် လူတစ်စုကို တွေ့လိုက်ရသည်။ ဤလူများကို မြင်သည်နှင့် မုယသည် လုံးလုံးလျားလျား အံ့အားသင့်သွားသည်။
"အခု ရှင်းရှင်းလင်းလင်း မြင်ပြီလား။ အရာအားလုံးရဲ့ နောက်ကွယ်မှာရှိနေတာက ကျီလဲ့ခန်းမကလူတွေပဲ" ရွှယ်အန်းက ဘာသိဘာသာ ပြောလိုက်သည်။
"ခင်ဗျားက ဗြဟ္မာကောင်းကင်နတ်သမီးအရိုးရဲ့ ညှို့ဓာတ်တွေကို ပိုင်ဆိုင်ထားတော့ ခင်ဗျား မွေးဖွားတဲ့နေ့ကစပြီး ကျီလဲ့ခန်းမကလူတွေ ခင်ဗျားကို အမှောင်ထဲကနေ အမြဲတမ်း စူးစမ်းနေကြတာ"
"ဒါပေမယ့် ခင်ဗျားရဲ့အခြေနေက ထူးခြားတယ်၊ ဘာလို့လဲဆိုတော့ ခင်ဗျားရဲ့စွမ်းအင်က တော်ရုံနဲ့မထွက်ပေါ်လာဘဲ နက်နက်ရှိုင်းရှိုင်း ပုန်းအောင်းနေတယ်"
"ခင်ဗျားရဲ့လောကီဆက်ဆံရေးကို လုံးလုံးလျားလျား ပြတ်တောက်သွားစေမယ့် ကြီးမားတဲ့ ထိတ်လန့်တုန်လှုပ်မှုမျိုးကိုသာ မခံစားရဘူးဆိုရင်၊ ခင်ဗျားရဲ့ ပင်ကိုယ်စွမ်းရည်တွေ ဒီတစ်သက်မှာ ဘယ်တော့မှ အသက်ဝင်လာမှာ မဟုတ်ဘူး"
"ဒါကြောင့် ဒီလူတွေက ခင်ဗျားရဲ့လောကီဆက်ဆံရေးကို ရှင်းရှင်းလင်းလင်း ဖြတ်တောက်ဖို့ ဒီနည်းပရိယာယ်ကို သုံးခဲ့ကြတာ"
"ဒါပေမယ့် သူတို့လှည့်ကွက်တွေ အလွန်အကျွံဖြစ်သွားတော့ ခင်ဗျားက အရမ်းစိတ်ထိခိုက်ပြီး ခင်ဗျားရဲ့စိတ်ဝိညာဉ်လည်း ပျက်စီးသွားတယ်။ ခင်ဗျားရဲ့ ကျင့်ကြံမှုနဲ့ ညှို့ဓာတ်တွေက ကျီလဲ့ခန်းမသမိုင်းတစ်လျှောက်က ကျီလဲ့သူတော်စင်တွေထဲမှာ အကောင်းဆုံးဖြစ်နိုင်ပေမယ့် ခင်ဗျား စကားမပြောနိုင်တော့ဘူး"
"ကဲ အခုနားလည်လား"
ရွှယ်အန်းသည် ဤမိစ္ဆာအိပ်မက်နယ်မြေတွင် နှလုံးသားမိစ္ဆာကို ချုပ်ကိုင်ပြီးသည်နှင့် အလုံးစုံသော ဉာဏ်ပညာများရရှိသောကြောင့် လှည့်စားမှုများအားလုံးကို တစ်ချက်တည်း ထိုးဖောက်မြင်တွေ့နိုင်သွားသည်။ ရွှယ်အန်း၏ စကားကိုကြားသည်နှင့် မုယ၏ အမူအရာ ပြောင်းသွားကာ သူမပတ်ဝန်းကျင်ရှိ ပုံရိပ်များသည် တဖြည်းဖြည်း မှိန်ဖျော့သွား၍ ဗလာနတ္ထိအဖြစ်သို့ ပျောက်ကွယ်သွားလေသည်။ ပြီးနောက် သူမ၏ အမူအရာသည်လည်း တဖြည်းဖြည်း ပုံမှန်ပြန်ဖြစ်လာသည်။
ရွှယ်အန်းက သူမကို တိတ်တဆိတ် ကြည့်နေသည်။
"အခု ခင်ဗျား ဘာဆက်လုပ်ရမယ်ဆိုတာကို သိပြီမဟုတ်လား "
မုယသည် ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ရွှယ်အန်းအား လေးနက်စွာ ဦးညွှတ်လိုက်သည်။
ရွှယ်အန်းက ပြုံးလိုက်သည်။
"နောက်တစ်ခေါက် လိုက်ပို့ပေးပါရစေ"
ထိုစကားဖြင့် ရွှယ်အန်းက လက်ဖျောက်တီးလိုက်သည်။ မုယသည် ပတ်ဝန်းကျင်၏ ပြောင်းလဲမှုကို ခံစားခဲ့ရပြီးနောက် သူမသည် ကျီလဲ့ခန်းမထဲသို့ ပြန်လည်ရောက်ရှိနေကြောင်း တွေ့ရှိလိုက်ရသည်။ ရှေးဟောင်းအပျက်အစီးထဲသို့ သူမနှင့်အတူ လိုက်ပါလာခဲ့သော လင်းရှောင်းသည် ပလ္လင်ပေါ်တွင် စိတ်လှုပ်ရှားပျော်ရွှင်မှုအပြည့်ဖြင့် ထိုင်နေခဲ့သည်။ လင်းရှောင်းသည် မုယကို မြင်သည့်အခါ ခန္ဓာကိုယ်တစ်ခုလုံး တုန်လှုပ်သွားပြီးနောက် သူမ၏ ပုံရိပ်ယောင် စိတ်ကူးအိပ်မက်များမှ နိုးထလာသည်။
"ကောင်းကင်သူတော်စင်၊ တော်သေးတာပေါ့ သူတော်စင် ပြန်ရောက်လာလို့။ မဟုတ်ရင် ကျွန်မ ဒီပုံရိပ်ယောင်ထဲမှာ ပိတ်မိနေလောက်တယ်" လင်းရှောင်းက စိတ်သက်သာရစွာ ပြောလိုက်သည်။
မုယသည် စကားမပြောဘဲ သူမကို တိတ်တဆိတ် စိုက်ကြည့်နေသည်။
"သူတော်စင် ဘာဖြစ်နေတာလဲ" လင်းရှောင်းသည် အနည်းငယ် ပဟေဋ္ဌိဖြစ်နေဆဲဖြစ်သည်။
သူမ၏ စကားများ မပြီးဆုံးမီ မုယသည် လင်းရှောင်း၏လည်ချောင်းကို ရုတ်တရက် ဖမ်းဆုပ်လိုက်သည်။ လင်းရှောင်းသည် တုံ့ပြန်ရန် အချိန်မရှိသောကြောင့် မွန်းကြပ်လာသည်။
“သူတော်စင်…” လင်းရှောင်းသည် ရုန်းကန်ရန် ကြိုးစားသော်လည်း မုယဆီမှ လုံးလုံးလျားလျား မလှုပ်ရှားနိုင်ကြောင်း မြင်တွေ့လိုက်ရသည်။
ထိုအချိန်တွင် မုယသည် ဒဏ်ရာရရှိသော သားရဲတစ်ကောင်ကဲ့သို့ ဟိန်းဟောက်ကာ ဒေါသတကြီး ကိုက်ချလိုက်သည်။ သူမ၏ ကိုက်ချက်သည် လင်းရှောင်း၏ လည်ပင်းပေါ်သို့ ကျရောက်သွားသည်။ ပြီးနောက် သူမသည် လင်းရှောင်း၏ အသားစများကို အပြင်းအထန် ဆုတ်ဖြဲပစ်လိုက်သည်။
လင်းရှောင်းသည် နာကျင်စွာ တုန်လှုပ်သွားပြီးနောက် တစ်စုံတစ်ခုကို ရိပ်မိသွားပုံဖြင့် ကြောက်ရွံ့စွာ အော်ဟစ်လာသည်။
"သူတော်စင်၊ ရှင့် မိသားစုကို သတ်ဖို့ အမိန့်ထုတ်တာက ဆရာပါ။ ကျွန်မနဲ့ ဘာမှမသက်ဆိုင်ဘူး အား..."
အော်သံများ ချက်ခြင်း ရပ်တန့်သွားသည်။ မုယသည် လင်းရှောင်း၏လည်ချောင်းကို သွားများဖြင့် ကိုက်ဖြတ်လိုက်သောကြောင့်ဖြစ်သည်။ သူမ၏ လည်ချောင်းမှ ထွက်လာသော သွေးများနှင့် အဆုတ်မှ လေများ ရောနှောကာ ပေါက်ထွက်သွားသောကြောင့် မုယ၏ မျက်နှာသို့ လွင့်စဉ်လာလေသည်။
လင်းရှောင်း၏မျက်လုံးများသည် ထိတ်လန့်မှုများနှင့် ပြည့်နှက်နေရာမှတစ်ဆင့် အလင်းရောင်များ တဖြည်းဖြည်း မှိန်ဖျော့သွားကာ အသက်မဲ့အလောင်းတစ်ခုသို့ ပြောင်းလဲသွားလေ၏။ လင်းရှောင်း သေဆုံးသွားကြောင်း မြင်တွေ့လိုက်ရသောအခါ မုယသည် ဒူးထောက်ချ၍ နာကျင်စွာ ငိုကြွေးပြီးနောက် နောက်ဆုံးတွင် စကားပြောလိုက်သည်။
"ဖေဖေ၊ မေမေနဲ့ မမတို့အတွက် သမီး လက်စားချေပေးမယ်"
ဤအချိန်တွင် ရွှယ်အန်းသည် သူမအနားတွင် ပေါ်ပေါက်လာခဲ့သည်၊ သူသည် ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ သက်ပြင်းတစ်ချက်ချလိုက်သည်။
အသံကြားသောအခါ မုယက ရွှယ်အန်းကို မော့ကြည့်ပြီးနောက် မြေပြင်ပေါ်တွင် ဦးချလိုက်သည်။
“အရှင် ပြသခဲ့တဲ့ ကရုဏာကို ကျွန်မ ဘယ်တော့မှ မမေ့ပါဘူး”
ရွှယ်အန်းက ပြုံးလိုက်သည်။
"ကိစ္စမရှိပါဘူး"
ထိုအချိန်တွင် ရွှယ်လွေ့လီသည် ဟင်းလင်းပြင်မှ ထွက်ပေါ်လာသည်။ ဤအခိုက်အတန့်တွင် ကောင်းကင်ဘုံ၏ မောက်မာသော သမီးတော်သည် အမာရွတ်များ ဖုံးလွှမ်းကာ လုံးလုံးလျားလျား မောပန်းနွမ်းနယ်နေပုံပေါ်သည်။ သူမ၏ မျက်လုံးတစ်စုံသည်သာ စူးရှထက်မြက်သော ဓားရည်ရွယ်ချက်များဖြင့် ပြည့်နေသည်။
ရွှယ်အန်းနှင့် မုယတို့ကို တွေ့သောအခါ ခေတ္တရပ်တန့်လိုက်ပြီးနောက် လက်နှစ်ဖက်ကို ဆုပ်ကိုင်ကာ ပြောလိုက်သည်။
"ဆရာ"
ရွှယ်အန်းက သူမကို ခေတ္တစစ်ဆေးကြည်ပြီးနောက် အနည်းငယ် အံ့အားသင့်စွာ ပြောလိာက်သည်။
"မင်း 'ဓားနှလုံးသား ရှင်းလင်းချက်' ကို ရသွားပြီလား"
ရွှယ်လွေ့လီက ခေါင်းညိတ်ပြလိုက်သည်။
"ကျွန်မ နှလုံးသားထဲက အတားအဆီးတွေကို ဖြတ်ကျော်နိုင်သွားပါပြီ"
ဤပြောဆိုချက်သည် အမှုမဲ့အမှတ်မဲ့နိုင်ပုံရသော်လည်း ၎င်းက မည်မျှခက်ခဲသည်ကို တွေ့ကြုံဖူးသူများသာ သိရှိနိုင်မည်ဖြစ်သည်။ အိပ်မက်မိစ္ဆာနယ်မြေအလယ်တွင် ရွှယ်လွေ့လီသည် သူမ၏ ဓားနှလုံးသား လုံးလုံးလျားလျား ပျက်စီးကာ အသက်မဲ့ အခွံအဖြစ်သို့ ပြောင်းလဲလုနီးပါးအခြေအနေနှင့် ကြုံတွေ့ခဲ့ရသည်။ သို့သော် သူမသည် နောက်ဆုံးအခိုက်အတန့်တွင် ရွှယ်အန်း ပြောခဲ့သည့် ဓားနှလုံးသားကို လိုက်နာ၍ မိမိကိုယ်မိမိ ဘယ်သောအခါမှ မမေ့လျော့ခြင်းဟူသော စာလုံးရှစ်လုံးကို တိတ်တဆိတ် ရွတ်ဆိုနေခဲ့သည်။ အဆုံးတွင် သူမသည် နတ်ဆိုးအတွေးအားလုံးကို အနိုင်ယူ၍ အရာအားလုံးကို ကျော်ဖြတ်နိုင်ခဲ့သည်။
ရွှယ်အန်းက ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။
"ကောင်းပြီ၊ အခုကစပြီး မင်းရဲ့ဓားတာအိုကျင့်ကြံမှုတွေ ခုန်ပျံကျော်လွှားပြီး တိုးတက်သွားလိမ့်မယ်"
ရွှယ်လွေ့လီက ရွှယ်အန်းကို ရိုသေစွာ ဦးညွှတ်လိုက်သည်။
"အရာအားလုံးက ဆရာ့ရဲ့ လမ်းညွှန်မှုတွေကြောင့်ပါ"
ရွှယ်အန်းက မရောရာစွာ ပြုံးပြပြီးနောက် ပေါ့လျော့စွာ ပြောလိုက်သည်။
"အခု ဒီကိစ္စတွေ ပြီးဆုံးသွားပြီဆိုတော့ အရာအားလုံးအဆုံးသတ်ဖို့ အချိန်တန်ပြီ"
ဤသို့ဖြင့် ရွှယ်အန်းသည် သူ၏ခြေထောက်ကို ပြင်းထန်စွာ ဆောင့်နင်းလိုက်သည်။ အိပ်မက်နယ်မြေ၏ ဟင်းလင်းပြင်တစ်ခုလုံး တုန်ခါ၍ အက်ကြောင်းများ ပေါ်လာပြီးနောက် အဆုံးတွင် ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ကွဲထွက်သွားလေသည်။ ပြီးနောက် သာယာလှပသော နန်းတော်တစ်ခု ပေါ်ပေါက်လာသည်။ နန်းတော်ရှေ့ရှိ ရင်ပြင်တွင် လူတချို့ ရပ်တန့်နေသည်။ ဤလူများသည် စိတ်ရှုပ်ထွေးစွာ လှည့်ကြည့်နေကြသည်။ ပထမဆုံး အာရုံပြန်ကပ်လာသူသည် သူ၏နှလုံးသားမိစ္ဆာနှင့် ကြုံတွေ့ခဲ့ရသည့် သွေးကွန်ရက်တောင်တန်းမှ လော့စံချီဖြစ်သည်။
သို့သော် အမွေအနှစ်ထဲ မဝင်မီက ပြင်ဆင်ထားပြီးဖြစ်သောကြောင့် နှလုံးသားမိစ္ဆာကို အလွယ်တကူ သတ်ဖြတ်နိုင်ခဲ့သည်။ ကျန်းဟုန်ရိပ်မြုံ၏ ဂျူနီယာ ရှင်းသန့်နန်သည် အနည်းငယ် အခက်တွေ့ခဲ့ရသော်လည်း နောက်ဆုံးတွင် လော့စံချီ၏အကူအညီဖြင့် သူမသည်လည်း အိမ်မက်နယ်မြေမှ လွတ်မြောက်နိုင်ခဲ့သည်။ သို့သော် လော့စံချီသည် နောက်ပိုင်းတွင် ထိုနေရာမှ မထွက်ခွာနိုင်ကြောင်း တွေ့ရှိလိုက်ရသည်။ သူမြင်တွေ့ရသမျှသည် ဟင်းလင်းပြင်သာဖြစ်သည်။ လော့စံချီသည် အစပိုင်းတွင် သိပ်ဂရုမစိုက်သော်လည်း နည်းလမ်းအမျိုးမျိုး အသုံးချပြီးသည်တိုင် ဤဟင်းလင်းပြင်ကို မဖြတ်ကျော်နိုင်သေးသောအခါ ထိတ်လန့်စပြုလာသည်။
'တစ်ခုခုတော့ မှားနေပြီ'
အိပ်မက်မိစ္ဆာနယ်မြေကို ဖြတ်သန်းနိုင်သရွေ့ အမွေဆက်ခံမှုဆီ ရောက်ရှိနိုင်မည်ဟု သူ ကြားသိဖူးသည်။ သို့သော် သူသည် ဤအချိန်တွင် မည်သို့ကြောင့် ဟင်းလင်းပြင်ထဲတွင် ပိတ်မိနေရသနည်း။ လော့စံချီသည် ထိုသံသယများအောက်တွင် ပိုပို၍စိုးရိမ်လာသည်။ သူ၏ အာရုံများ စတင်ပျက်ပြားလာသည်နှင့် ဟင်းလင်းပြင်တစ်ခုလုံး ရုတ်တရက် ပြင်းထန်စွာ တုန်ခါသွားပြီးနောက် သူ၏အမြင်အာရုံများ ကြင်လင်လာသောအခါ ခမ်းနားထည်ဝါသော နန်းတော်ရှေ့တွင် ရောက်ရှိနေကြောင်း မြင်တွေ့လိုက်ရသည်။ ထိုနေရာတွင် ရောက်ရှိနေသူသည် သူတစ်ဦးတည်း မဟုတ်ပေ။
သွေးများဖြင့် ဖုံးလွှမ်းနေသည့် ရှုန်းမော့ချိုင့်ဝှမ်း၏သခင်လေး ယဲ့ချုံရှန်းသည်လည်း သူ့အရှေ့ရှိ နန်းတော်ကို ကြည့်နေသည်။ သူသည်လည်း သူ၏နှလုံးသားမိစ္ဆာနှင် ရင်ဆိုင်ခဲ့ပုံပေါ်သည်။ သို့သော် ရှုန်းမော့ချိုင့်ဝှမ်း၏ ကျင့်ကြံသူများသည် ခံစားချက်မဲ့သော အစွန်းရောက်အခြေအနေများကို လေ့လာလိုက်စားကြသည်။ ထို့ကြောင့် ယဲ့ချုံရှန်းသည် အိပ်မက်နယ်မြေထဲတွင် အဆက်မပြတ် တိုက်ပွဲဝင်နေခဲ့သည်။ သူသည် အိပ်မက်နယ်မြေမှ ရုတ်တရက် ထွက်လာသောအခါ သူ့အရှေ့ရှိ မြင်ကွင်းကြောင့် အနည်းငယ် အံ့ဩသွားသည်။
ကျန်းဟုန်ရိပ်မြုံ၏ လီဟန်ချင်းသည်လည်း အလားတူ ကြုံတွေ့ခဲ့ရသည်။ ၎င်းတို့အားလုံး ခေတ္တမှင်သက်စွာ မတ်တပ်ရပ်နေပြီးနောက် နန်းတော်ဆီသို့ အလျင်အမြန် ပြေးဝင်သွားကြသည်။ ရှေ့တန်းတွင် ချီတက်နေသူသည်ထိုက်ယန်၏ မဟာတာအိုကျင့်ကြံသူ လော့စံချီဖြစ်သည်။ သူ့မျက်လုံးများသည် စိတ်လှုပ်ရှားမှုကြောင့် အနည်းငယ်နီမြန်းနေသည်။
'ငါ ဒီနန်းတော်ထဲကို ပထမဆုံး ဝင်နိုင်သရွေ့ ရတနာတွေအားလုံးက ငါ့အပိုင်ဖြစ်လာလိမ့်မယ်'
အနီးကပ် လိုက်ပါလာသူနှစ်ဦးသည်လည်း ပြင်းထန်သော ပြိုင်ဆိုင်မှုများဖြင့် အရှေ့သို့ အရှိန်အဟုန်ပြင်းစွာ ချီတက်နေကြသည်။ သို့သော် လော့စံချီက နန်းတော်တံခါးနှင့် ကိုက်အနည်းငယ် အကွာတွင် ကောင်းကင်ကို ဖြတ်သန်းလာသော ဓားအလင်းတန်းတစ်ခုသည် လော့စံချီအရှေ့သို့ ကျရောက်လာသည်။ လော့စံချီသာ ရုတ်တရက် မရပ်တန့်ခဲ့ပါက၊ ဤတိုက်ခိုက်မှုကြောင့် အဆုံးသတ်သွားနိုင်သည်။ လော့စံချီသည် အလွန်ထိတ်လန့်သွားသောကြောင့် စူးရှစွာ ပင့်သက်ရှိုက်လိုက်သည်။
တစ်ချိန်တည်းမှာပင် အေးဆေးတည်ငြိမ်သော အသံတစ်ခု ထွက်ပေါ်လာသည်။
"ကျုပ် ပြောထားတယ်လေ၊ သွေးကွန်ရက်တောင်တန်းကို သုတ်သင်မယ်လို့၊ ခင်ဗျားကတော့ ပထမဆုံးလူပေါ့"
ရွှယ်အန်းသည် ထိုအသံနှင့်အတူ အောက်ခြေလူသားများကို အထက်စီးမှ ငုံ့ကြည့်နေသည့် ကောင်းကင်ကိုးဘုံ၏ ဧကရာဇ်မင်းတစ်ပါးကဲ့သို့ လေထုထဲတွင် ဖြည်းညှင်းစွာ ထွက်ပေါ်လာသည်။