ကျီလဲ့သူတော်စင်၊ စတင်လှုပ်ရှားတော့မည့် ယဲ့ချုံရှန်း
Vol. 54 Ch. 796
"သခင်လေးယဲ့၊ ဒါက ကျီလဲ့ရိပ်မြုံပါ။ ပျော်ရရွှင်ရမယ့် နေရာ။ ဒီနေရာမှာ သွေးတွေစွန်းကုန်ရင် အပျော်တွေပျက်ကုန်ပါလိမ့်မယ်"
ထိုစကားသံဖြင့် လူလတ်ပိုင်း အမျိုးသမီးတစ်ဦး ဝင်ရောက်လာသည်။
ဟွာဝူရှန်းက ဘေးသို့ တိုးကပ်ကာ အော်ခေါ်လိုက်သည်။
"ဆရာ"
လူအများအပြားထံမှ အာမေဋိတ်သံများ ထွက်ပေါ်လာသည်။
"ဒါက ကျီလဲ့ရိပ်ခန်းမရဲ့ အကြီးအကဲလင်းရှောင်းပဲ"
"သူလည်း တကယ် ဒီကိုရောက်နေတာပဲ"
ယဲ့ချုံရှန်းက အေးစက်စွာ လှောင်ရယ်လိုက်သည်။
"လင်းရှောင်း၊ တစ်ခါတလေမှာ သွေးထွက်သံယိုဖြစ်တာတွေက စိတ်လှုပ်ရှားမှုကို ပိုပြီးတိုးလာစေတယ်ဆိုတာ ခင်ဗျားလည်း နားလည်မှာပါ"
"ဟီးဟီး၊ သခင်လေးယဲ့ ရှင် ဒီဘက်ကအမျိုးသားနဲ့ သခင်မလေးရွှယ်တို့ကို ဘယ်လိုရန်ငြိုတွေထားနေလဲဆိုတာ ကျွန်မ ဂရုမစိုက်ဘူး၊ ဒါပေမယ့် ဒီမှာတိုက်ခိုက်လို့မရဘူး၊ အနည်းဆုံးတော့ အခုအချိန်မှာ တိုက်ခိုက်လို့မရဘူး"
ယဲ့ချုံရှန်းက မျက်ခုံးပင့်၍ စကားစပြောခါနီးတွင် အခန်းထဲသို့ ထူးဆန်းသော မွှေးရနံ့တစ်ခု ရုတ်တရက် ပျံ့လွင့်လာကာ လူတိုင်း၏အနံ့ခံအာရုံတွင် စွဲကျန်ရစ်သွားစေသည်။
"ဒါကဘာအနံ့လဲ"
"အရမ်းမွှေးတာပဲ"
လူများစွာသည် ရစ်မူးနေသောအကြည့်မျိုး ပြသလာသည်။ ထိုအချိန်၌ အကြီးအကဲလင်းရှောင်းသည် ရုတ်တရက် လမ်းဖယ်ပေးကာ တစ်ဖက်တွင် ငြိမ်သက်စွာ ရပ်တန့်လိုက်သည်။ ပြီးနောက် စွဲမက်ဖွယ်ကောင်းသော အမျိုးသမီးတစ်စု ဝင်ရောက်လာကြောင်း မြင်တွေ့လိုက်ရသည်။ သို့သော် ဤအမျိုးသမီးများကို မည်သူမျှ ဂရုမစိုက်ကြပေ။ မည်သို့ဆိုသော် လူတိုင်း၏ အာရုံများသည် အလယ်တွင် လျှောက်လှမ်းနေသော မိန်းကလေးထံ ရောက်ရှိနေသောကြောင့်ဖြစ်၏။
သူမသည် ဆယ့်ငါး ဆယ့်ခြောက်နှစ်သာရှိသေးသည့် မိန်းကလေးတစ်ဦးဖြစ်သည်။ ခရမ်းရောင် ၀တ်စုံတိုကို ၀တ်ဆင်ထားသည့်အတွက် ရှည်လျားဖြောင့်စင်းသော ခြေထောက်တစ်စုံ ပေါ်လွင်နေခဲ့ရာ၊ သူမ၏ ခြေဖဝါးတွင် သစ်သားခြေညှပ်ဖိနပ်များကိုသာ ၀တ်ဆင်ထားသည်ကို မြင်နိုင်သညမြင်နိုင်သည်။ သူမ၏ မျက်နှာကို ပါးလွှာသော ပဝါဖြင့် ဖုံးအုပ်ထားသောကြောင့် လှပသော မျက်လုံးတစ်စုံသာ ထင်ရှားပေါ်လွင်နေသည်။ စကားလုံးများအပြင် လှုပ်ရှားမှုများပင် ကင်းမဲ့နေသော်လည်း သူမ၏ မျက်လုံးများသည် အခန်းတစ်ခုလုံး တိတ်ဆိတ်သွားစေရန် လုံလောက်ပေသည်။
ယဲ့ချုံရှန်းသည် နှုတ်ဆိတ်နေသော မိန်းကလေးကို စိုက်ကြည့်၍ သူ၏ နှုတ်ခမ်းကို လျှာဖြင့် လျက်လိုက်သည်။
"ဘယ်သူများလဲလို့ လက်စသတ်တော့ ကျီလဲ့သူတော်စင်ဖြစ်နေတာကို"
'ကျီလဲ့သူတော်စင်'
ဤကောင်မလေးသည် အမှန်တကယ်ပင် ကျီလဲ့သူတော်စင်ဖြစ်သည်။ လူအများအပြား အံ့အားသင့်သွားကြသည်။ ကျီလဲ့ရိပ်ခန်းမသည် အခြားသော ကောင်းကင်ဂိုဏ်းနှစ်ခုနှင့် ကွဲပြားခြားနားသည်။ ဤဂိုဏ်းသည် အလွန်လျှို့ဝှက်ဆန်းကြယ်သောဂိုဏ်းဖြစ်သည်။ လူအများအပြားသည် ကျီလဲ့ခန်းမ၏ တည်နေရာအစစ်အမှန်ကို ယခုအချိန်အထိပင် မသိကြသေးပေ။
သေမျိုးနယ်မြေတွင် ကျီလဲ့မြို့တစ်ခုတည်းကသာ ကျီလဲ့ရိပ်ခန်းမ၏ အခြေစိုက်နေရာအဖြစ် သတ်မှတ်နိုင်သည်။ သို့သော် အခြားဂိုဏ်းများ၏ အမွေဆက်ခံသူများနှင့် ညီမျှသည့် ကျီလဲ့သူတော်စင်ဟူသော သူတော်စင်သည် ကျီလဲ့ခန်းမတွင်ရှိနေကြောင်း ကောလဟာလများ ထွက်ပေါ်နေသည်။ သို့သော် ကျီလဲ့သူတော်စင်သည် လူအများအရှေ့တွင် ထွက်ပေါ်လာလေ့မရှိသည့်အတွက် လူအများအပြားသည် သူမကို တစ်ကြိမ်တစ်ခါမှ မမြင်တွေ့ဖူးဘဲ ဤဒဏ္ဍာရီများကိုသာ ကြားဖူးကြလေသည်။
ယနေ့တွင် ကျီလဲ့ခန်းမ၏ သူတော်စင်သည်လည်း ပေါ်ပေါက်လာလိမ့်မည်ဟု မည်သူသိမည်နည်း။ ယနေ့ည အခမ်းအနားပွဲသည် အမှန်တကယ်ကို သက်ဝင်လှုပ်ရှားလှသည်ဟု လူအများအပြားက တိတ်တဆိတ် တွေးနေကြသည်။ ကျီလဲ့သူတော်စင်၏ မျက်လုံးများ လှုပ်ရှားလာကာ ယဲ့ချုံရှန်းထံ ရောက်ရှိလာသည်။ စကားလုံးများ သို့မဟုတ် မည်သည့်အပြုအမူတစ်စုံတစ်ရာမျှမရှိသော်လည်း ထိုအကြည့်တစ်ချက်သည် ကမ္ဘာအသင်္ချေသော ညှို့ဓာတ်များနှင့် ဆင်တူနေသောကြောင့် ယဲ့ချုံရှန်းပင် ညှို့ယူခံရသော အမူအရာမျိုး ပြသလာသည်။ သို့သော် ယဲ့ချုံရှန်းသည် သူ၏ ဣန္ဒြေများကို ချက်ချင်း ပြန်လည်ရရှိလာပြီးနောက် စိတ်ထဲတွင် အနည်းငယ် အံ့အားသင့်သွာသည်။ သူမသည် မည်သည့်အသံမျှပင် မပြုလုပ်ခဲ့သော်လည်း သူ၏ နှလုံးနယ်မြေကို လွှမ်းမိုးနိုင်ခဲ့သည်။ သူမ၏ ညှို့ယူခြင်းအတတ်ပညာသည် မည်မျှ အစွမ်းထက်သနည်း။
ဤလေးနက်သော အခြေအနေတွင် ရွှယ်အန်းသည် သူ့အရှေ့ရှိ လက်ဖက်ရည်ခွက်ကို ကောက်ကိုင်ကာ တစ်ငုံသောက်သုံး၍ ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။
"ဒီလိုနေရာမှာ 'ကောင်းကင်ဘုံနတ်သမီးအရိုး' ကို မြင်တွေ့နေရတယ်လို့၊ တည်လည်း ဆန်းကြယ်ပါလား"
ထိုစကားကိုကြားသောအခါ အမြဲတစေ အမူအရာကင်းမဲ့နေသော ကျီလဲ့သူတော်စင်သည် ရွှယ်အန်းကို စူးရှသောအကြည့်များဖြင့် ရုတ်တရက် လှည့်ကြည့်လာခဲ့ရာ၊ သူမ၏မျက်လုံးများသည် ပြင်းထန်သော အလင်းရောင်များဖြင့် တောက်ပနေသည်။ အခန်းထဲရှိ လူတိုင်း၏ အကြည့်များသည်လည်း ရွှယ်အန်းထံ ရောက်ရှိလာသည်။
ရွှယ်အန်းသည် ၎င်းတို့ကို လုံးလုံးလျားလျား သတိမထားမိပုံဖြင့် လက်ဖက်ရည်ကိုသာ ဖြည်းညှင်းစွာ ငုံ့သောက်လိုက်သည်။ ကျီလဲ့သူတော်စင်သည် ရွှယ်အန်းအနားသို့ ဖြည်းညှင်းစွာ ချဉ်းကပ်လာ၍ သူ့ကို တိတ်တဆိတ် ကြည့်နေသည်၊ သူမ၏ မျက်လုံးများသည် အလွန်ရှုပ်ထွေးသော စိတ်ခံစားမှုများဖြင့် တဖျပ်ဖျပ် လှုပ်ခတ်နေသည်။
"နှမြောစရာပဲ၊ ခင်ဗျားရဲ့ 'ကောင်းကင်နတ်သမီးအရိုး' က အနန္တကမ္ဘာတွေကြားမှာတောင် ထက်မြက်တဲ့ အရည်အချင်းလို့ဆိုလို့ရတယ်၊ ဒါပေမယ့် ချို့ယွင်းချက်တွေရှိနေလို့ ခင်ဗျား စကားမပြောနိုင်တာ မဟုတ်လား။ ခင်ဗျားရဲ့နှလုံးနယ်ပယ်မှာ ချို့ယွင်းချက်တစ်ခုခုရှိနေတာလား"
ရွှယ်အန်းသည် လက်ဖက်ရည်ခွက်ကို အောက်ချပြီးနောက် ကုလားထိုင်ကို မှီလျက် သာမန်ကာလျှံကာ ပြောလိုက်သည်။ ထိုစကားကိုကြာသောအခါ ကျီလဲ့သူတော်စင်သာမကဘဲ အကြီးအကဲလင်းရှောင်းနှင့် ဟွာဝူရှန်းတို့၏အမူအရာများသည်လည်း ပြောင်းလဲသွားကြသည်။ ရွှယ်အန်းပြောခဲ့သော စကားများသည် ကျီလဲ့သူတော်စင်၏ အခြေအနေအစစ်အမှန်ဖြစ်သည်။ သို့သော် ဤသည်မှာ ကျီလဲ့ရိပ်ခန်းမ၏ ထိပ်တန်းလျှို့ဝှက်ချက်ဖြစ်သည်။ ဤအမျိုးသားသည် ထိုအကြောင်းအရာကို မည်သို့ကြောင့် သိရှိနေရသနည်း။
ကျီလဲ့သူတော်စင်သည် ရွှယ်အန်းကို တိတ်တဆိတ် စိုက်ကြည့်နေသည်၊ သူမ၏ အံ့မခန်း လှပသော မျက်လုံးများတွင် မြူမှုန်များဖြင့် ဖုံးလွှမ်းလာပုံပေါ်သည်။ သနားစဖွယ်ကောင်းသော ဤအသွင်အပြင်သည် ကြည့်ရှုသူအားလုံး၏ နှလုံးသားကို နူးညံ့သိမ်မွေ့စေသည်။ ရွှယ်လွေ့လီနှင့် ကျန်းချီတို့ပင် ဆွဲဆောင်ခံလိုက်ရသည်။ ရွှယ်အန်းသည်သာ မတုန်မလှုပ်ဘဲ ရေကဲ့သို့ အေးမြကြည်လင်နေသော မျက်လုံးများဖြင့် ကျီလဲ့သူတော်စင်ကို တည်ငြိမ်စွာ ကြည့်နေသည်။
ရုတ်တရက်ဆိုသလိုပင် အလယ်ပိုင်းဒေသ၏ ထိပ်တန်းအဆင့် မိန်းကလေးသည် ရွှယ်အန်းကို ရိုကျိုးစွာ ဦးညွှတ်လိုက်သည်။ ဤမြင်ကွင်းသည် လူတိုင်းကို အံ့သြသွားစေသည်။ ဘေးတွင်ရပ်နေသော ယဲ့ချုံရှန်း၏ မျက်လုံးများတွင် မနာလိုစိတ်များဖြင့် ပြည့်နှက်လာပြီးနောက် သူသည် အေးစက်စွာ သရော်တိုက်လိုက်သည်။
သို့သော် ရွှယ်အန်းက ရယ်မောလိုက်သည်။
"ကျုပ်ကို အရိုအသေပေးနေစရာ မလိုပါဘူး။ ခင်ဗျားရဲ့ နှလုံးသားထဲက အထုံးကို ကိုယ်တိုင် ဖြေရှင်းရမှာ။ မဟုတ်ရင် ခင်ဗျားကို ဘယ်သူမှ မကူနိုင်ဘူး"
ကျီလဲ့သူတော်စင်က အနည်းငယ် တုန်လှုပ်သွားပြီးနောက် စားပွဲပေါ်ရှိ လက်ဖက်ရည်အိုးကို တိတ်တဆိတ် ကောက်ယူကာ ရွှယ်အန်းနှင့် သူမကိုယ်တိုင် သောက်သုံးရန်အတွက် တစ်ခွက်စီ လောင်းထည့်လိုက်သည်။ ပြီးနောက် သူမသည် မျက်နှာဖုံးပဝါကို မတင်၍ လက်ဖက်ရည်ကို တစ်ကျိုက်တည်း မော့ချလိုက်သည်။ လျှပ်တစ်ပြက်မျှသာဖြစ်သော်ငြားလည်း လူအများအပြားသည် ထိုအချိန်တွင် ကျီလဲ့သူတော်စင်၏ မျက်နှာကို မြင်လိုက်ရဆဲဖြစ်သည်။
၎င်းသည် စကားဖြင့် ဖော်မပြနိုင်သည်အထိ မြင်သူတိုင်းကို အိပ်မက်ကဲ့သို့ နက်ရှိုင်းစွာ စွဲမက်စေသည့် မျက်နှာတစ်ခုဖြစ်သည်။ ရလဒ်အနေဖြင့် လူအများသည် ကျီလဲ့သူတော်စင် ကိုယ်တိုင်ကိုယ်ကျ ကမ်းလှမ်းလာသော လက်ဖက်ရည်တစ်ခွက်ကြောင့် မနာလိုဖြစ်လာကြသည်။ ရွှယ်အန်းသည် အနည်းငယ် ပြုံးပြပြီးနောက် လက်ဖက်ရည်ခွက်ကို ပေါ့လျော့စွာ လက်ခံ၍ သောက်ချလိုက်သည်။
ထိုသို့ မြင်လိုက်ရသောအခါ ကျီလဲ့သူတော်စင်၏ မျက်လုံးများ ကွေးညွတ်သွားသည်။ သူမသည် အမှန်တကယ် ရယ်မောလိုက်သည်။ အကြီးအကဲလင်းရှောင်းနှင့် ဟွာဝူရှန်းနှစ်ဦးစလုံးသည် ဤမြင်ကွင်းကြောင့် အနည်းငယ် မှင်သက်သွားကြသည်။ သူတော်စင်တစ်ဦးဖြစ်သည့် ကျီလဲ့သူတော်စင်သည် အမျိုးသားတစ်ယောက်ကို လက်ဖက်ရည် ဆက်သရန်မဆိုနှင့် တစ်ကြိမ်တစ်ခါပင် မပြုံးရယ်ဖူးကြောင်း သိထားရပေလိမ့်မည်။ သူမသည် အများအားဖြင့် ဆိတ်ငြိမ်ချိုင့်ဝှမ်းတွင် တစ်ဦးတည်းနေထိုင်လေ့ရှိ၍ အမျိုးသားအားလုံးအပေါ် ပြင်းထန်သည့် မုန်းတီးမှုနှင့် ရွံရှာမှုများ ပြသခဲ့သည်။
'ဒီနေ့တော့ ဘာတွေဖြစ်နေတာလဲ'
ကျီလဲ့သူတော်စင်၏ နောက်ထပ် အပြုအမူများသည် လူအုပ်ကြီးကို ပို၍ အံ့အားသင့်စေသည်။ သူမသည် ရွှယ်အန်း၏နံဘေးသို့ သူမ၏ ကိုယ်ပိုင်ကမ္ဘာသကဲ့သို့ လျှောက်လှမ်းသွားကာ အမှန်တကယ် ထိုင်ချလိုက်သည်။ လူအများအပြားသည် ထိုဖြစ်စဉ်ကြောင့် တိတ်တဆိတ် တီးတိုးပြောလာကြသည်။
"ဒီမှာ ဘာတွေဖြစ်နေတာလဲ"
"ဘယ်သူသိမှာလဲ၊ ဒီလူက ကျီလဲ့သူတော်စင်ရဲ့ အသိတစ်ယောက်များဖြစ်နေမလား"
"ကျွတ် ကျွတ်၊ ကျီလဲ့ရိပ်ခန်းမရဲ့ ကျီလဲ့သူတော်စင်က ရေခဲလို စင်ကြယ်ပြီး ကျောက်စိမ်းလို သန့်စင်တယ်လို့ဆိုကြပေမယ့် ဒီတစ်ကြိမ်တော့ သူ ဒီအမျိုးသားကို သဘောကျသွားတာလို့ပဲ ကျုပ် ထင်တယ်"
"ကျုပ်တော့ ဟိုလူကို အရမ်းမနာလိုဖြစ်တာပဲ။ ဒီလိုအမျိုးသမီးမျိုးသာ ကျုပ်ဘေးမှာ ထိုင်ချင်တယ်ဆိုရင် ဆယ်နှစ်လောက်လျော့ပြီး အသက်ရှည်ရရင်တောင် ကျုပ် ဆန္ဒရှိတယ်"
ဤရေရွတ်သံများကြားတွင် ယဲ့ချုံရှန်း၏အမူအရာသည် ပို၍အေးစက်လာခဲ့ရာ၊ ရွှယ်အန်းကိုကြည့်နေသော သူ၏မျက်လုံးများသည် သတ်ဖြတ်ချင်စိတ်များဖြင့် ပြည့်နှက်နေသည်။ သို့သော် ကျီလဲ့ရိပ်ခန်းမ၏ အခြားလူများရှိနေခြင်းကြောင့် သူ့စိတ်ထဲရှိ ပြင်းထန်သော သတ်ဖြတ်ချင်စိတ်ကို လတ်တလောတွင် ဖိနှိပ်ထားခဲ့ရသည်။ အခမ်းအနားကို ဆက်လက်ကျင်းပနေဆဲဖြစ်သည်။ လေထုအခြေအနေသာ အနည်းငယ် ထူးဆန်းနေခဲ့သည်။
ရွှယ်အန်းဘေးတွင်ထိုင်နေသော ၎င်းတို့၏ သူတော်စင်မိန်းမပျိုသည် ရံဖန်ရံခါတွင် လက်ဖက်ရည်များ ရေများ ငဲ့ပေးကာ အစေခံတစ်ဦးကဲ့သို့ ပြုမူနေသောကြောင့် ကျီလဲ့ရိပ်ခန်းမ၏ လူတိုင်း အကြည့်ချင်းဖလှယ်နေကြသည်။ ရွှယ်အန်းသည် မည်သည်ကိုမျှ ဂရုစိုက်ပုံမပေါ်ဘဲ အရာအားလုံးကို တည်ငြိမ်စွာ လက်ခံနေခဲ့သည်။ ဤမြင်ကွင်းသည် အမှန်တကယ်ပင် စည်းဝါးမကျဖြစ်စေသည်။
"ဆရာ၊ သူတော်စင် မိန်းမပျိုက ဘာဖြစ်နေတာလဲ" ဟွာဝူရှန်းက တီးတိုး မေးလိုက်သည်။
လင်းရှောင်းသည် ခက်ထန်သော အမူအရာဖြင့် တီးတိုး ပြန်ပြောလာသည်။
"ငါ လည်းမသိဘူး၊ ဒါပေမယ့် ဒီလူကို အနီးကပ်စောင့်ကြည့်နေ။ သူတော်စင်အပေါ် တခြားရည်ရွယ်ချက်တွေရှိရဲလို့ကတော့ နည်းနည်းမှ မငဲ့ညှာနဲ့"
"နားလည်ပါပြီ"