← Chapters

ဆုံးမခြင်း

Vol. 16 Ch. 245

ဆုံးမခြင်း

Vol. 16 Ch. 245

ဤသို့ဖြင့် သေမျိုးဘုံသို့ ပြန်ရောက်လာပြီးနောက် လီချန်သည် ကန္တာရတောရိုင်းသို့ တစ်ခေါက် သွားရောက်ရန် ဆုံးဖြတ်လိုက်၏။

သူ ကန္တာရတောရိုင်းသို့ နောက်ဆုံးအကြိမ် သွားရောက်ခဲ့သည်မှာ နှစ်ပေါင်း တစ်ရာ ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။

သူနှင့် ထို ထာဝရအသက်ရှင်ခြင်းလျှို့ဝှက်နယ်ပယ် ထူးဆန်းသည့်မျိုးနွယ်စု သတ္တဝါတို့၏ သဘောတူညီချက်အရ နှစ်တစ်ရာလျှင် တစ်ကြိမ် သူ့အား ကောင်းကင်ဘုံဓားကျမ်း၏ နတ်ဘုရားအကြောပေါက်ရတနာတိုက် ဖွင့်လှစ်ခြင်းပညာရပ် ဆယ်ခုကို ပေးအပ်ရပေမည်။

ထိုသူသည် သေချာပေါက် စိတ်လိုလက်ရပို့လာပေးမည်မဟုတ်ကြောင့် သူကိုယ်တိုင်သွားရှာရုံသာရှိတော့သည်။

ထို့ပြင် နှစ်ပေါင်း တစ်ရာကျော် ကုန်လွန်သွားခဲ့ပြီ ဖြစ်ရာ ယွင်လုံလူရိုင်းမြို့တော်ဘက်တွင် အခြေအနေ မည်သို့ ရှိသည်ကိုလည်း မသိရပေ။

ထို့ကြောင့် သူသည် နတ်ဘုရားဓားဂိုဏ်းမှ ထွက်ခွာလာပြီး ကန္တာရတောရိုင်းရှိရာသို့ ပျံသန်းသွားလေသည်။

သူ၏ကျင့်ကြံမှုအဆင့် တဖြည်းဖြည်း မြင့်မားလာသည်နှင့်အမျှ အချိန်ခေါင်းလောင်းနယ်ပယ်မှ ထွက်ခွာပြီးနောက် သူ ခံစားရသော ဖိနှိပ်မှုသည် ပို၍ပင် ပြင်းထန်လာ၏။

ထို ထူးဆန်းသည့်မျိုးနွယ်စု သတ္တဝါက မိမိကိုယ်ကို ပုံဆောင်ခွက်ထဲတွင် ပိတ်လှောင်ထားသည်မှာ အံ့ဩစရာ မရှိတော့ပေ။

လီချန်၏ လက်ရှိ အရှိန်အဟုန်ဖြင့် တစ်ရက်ပင် မကြာလိုက်ဘဲ သူသည် ယွင်လုံလူရိုင်းမြို့တော်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

ကြီးမားလှသော သားရဲကြီး တစ်ကောင်သည် နန်းမြို့တော်၏အပြင်ဘက်တွင် ခွေလျောင်းနေ၏။

၎င်းသည် ချန်းလန်မျိုးနွယ်စုမှ ထိုဝံပုလွေသားရဲရိုင်းကြီး ဖြစ်ပြီး လွန်ခဲ့သော နှစ်တစ်ရာနှင့် နှိုင်းယှဥ်ပါက။ ဤ ဝံပုလွေသားရဲရိုင်းကြီး၏ ခန္ဓာကိုယ်သည် အတော်အတန် ကြီးမားလာခဲ့သည်။

ဤနှစ်များအတွင်း စွမ်းအား အများအပြား တိုးတက်လာခဲ့ခြင်း ဖြစ်သည်။

လီချန် ရောက်ရှိလာခြင်းသည် ချီယွဲ့အကြွင်းမဲ့သူတော်စင်နှင့် ဖော်လင်တို့ နှစ်ဦး၏ နွေးထွေးသော ဧည့်ခံကြိုဆိုမှုကို ချက်ချင်း ရရှိလိုက်၏။

ဖော်လင်အပေါ်တွင် ယခင် ဘုန်းတော်ကြီးတစ်ပါး၏ အငွေ့အသက်ကို မမြင်နိုင်တော့ဘဲ လူရိုင်းမျိုးနွယ်မှ မွေးဖွားလာသူ တစ်ဦးပမာ ဖြစ်နေလေသည်။

သို့သော် အချိန်ကြာလာသည်နှင့်... ယွင်လုံမြောက်ပိုင်းနယ်နိမိတ်မှ ထို အင်အားကြီး မျိုးနွယ်စုများသည်လည်း စတင် လှုပ်ရှားလာကြလေသည်။

အတော်အတန် နာခံမှုမရှိဘဲ ခေါင်းမာနေသော သဘောမျိုး ဖြစ်နေ၏။

အခွန်ပဏ္ဏာ ဆက်သခြင်း အစရှိသည်တို့မှာလည်း တစ်နှစ်ထက်တစ်နှစ် ပို၍ ဆိုးရွားလာလေသည်။

အဓိကအားဖြင့် လီချန်ဟူသော ဤ ထာဝရအသက်ရှင်ခြင်းလျှို့ဝှက်နယ်ပယ်မှ လူသားကျွမ်းကျင်သူသည် ဤမျှ နှစ်များစွာတိုင် မျက်နှာမပြခဲ့တော့သဖြင့် ခြိမ်းခြောက်နိုင်စွမ်းသည်လည်း တဖြည်းဖြည်း လျော့ကျလာခဲ့သည်။

"တာအိုရောင်းရင်းချီယွဲ့ ခင်ဗျား ယွင်လုံအမိန့်ကို ထုတ်ပြန်ပြီး မျိုးနွယ်စု အားလုံးကို ဆင့်ခေါ်လိုက်ပါ..."

လီချန်က ပြောလိုက်၏။

"ကောင်းပါပြီ။"

ချီယွဲ့အကြွင်းမဲ့သူတော်စင်သည် လီချန် ဤသို့ ပြုလုပ်ခြင်းမှာ ယွင်လုံမြောက်ပိုင်းနယ်နိမိတ်မှ လူရိုင်းမျိုးနွယ်စုများကို ရိုးရှင်းစွာ ခြိမ်းခြောက်ရန်မျှသာ မဟုတ်ကြောင်းကို သေချာပေါက် သိရှိသော်လည်း သူမသည် မေးမြန်းခြင်း မပြုဘဲ ချက်ချင်းပင် သဘောတူလိုက်လေသည်။

ယွင်လုံအမိန့် ထုတ်ပြန်လိုက်သည်နှင့် တစ်လပင် မကြာလိုက်ဘဲ ယွင်လုံမြောက်ပိုင်းနယ်နိမိတ်မှ များပြားလှသော လူရိုင်းမျိုးနွယ်စုများသည် ယွင်လုံလူရိုင်းမြို့တော်သို့ စုရုံး ရောက်ရှိလာကြ၏။

ဤ လူရိုင်းမျိုးနွယ်စုများ အားလုံးသည် စိတ်မလုံမခြုံ ဖြစ်နေကြသည်။

မူလက ထို လူသားကျွမ်းကျင်သူသည် နှစ်တစ်ရာကျော်တိုင် မျက်နှာမပြတော့သဖြင့် ချန်းလန်မျိုးနွယ်စုတွင် အားကောင်းသော ကျောထောက်နောက်ခံ မရှိတော့ရာ တစ်ခုခု ပြုလုပ်နိုင်လောက်ပြီ မဟုတ်လားဟု ထင်မှတ်ခဲ့ကြသည်။

ဤနှစ်များအတွင်း လူရိုင်းမျိုးနွယ်စု အများအပြားသည် လျှို့ဝှက်စွာ မဟာမိတ်ဖွဲ့ခဲ့ကြပြီး ချန်းလန်မျိုးနွယ်စုကို ယွင်လုံမြောက်ပိုင်းနယ်နိမိတ်၏ အကြီးအကဲ နေရာမှ ဖြုတ်ချရန် ကြံရွယ်ခဲ့ကြ၏။

သို့သော် ယခု ဤ လူသား ထာဝရအသက်ရှင်ခြင်းလျှို့ဝှက်နယ်ပယ် ကျွမ်းကျင်သူသည် နောက်တစ်ကြိမ် ထပ်မံ ပေါ်ထွက်လာခဲ့ပြန်ပြီ။

သူတို့ ဤနှစ်များအတွင်း လျှို့ဝှက် လှုပ်ရှားခဲ့မှုများကို တွေးမိသောအခါ စိတ်ထဲတွင် မလုံမခြုံ ဖြစ်လာကြပြီး ရှင်းလင်း စာရင်းစစ်ခံရမည်ကို စိုးရိမ်နေကြ၏။

သို့သော်လည်း မလာဘဲ မနေရဲကြပေ။

ယွင်လုံအမိန့်အရ အကယ်၍ မတက်ရောက်ခဲ့ပါက ပုန်ကန်သူအဖြစ် သတ်မှတ်ခံရပြီး ယွင်လုံမြောက်ပိုင်းနယ်နိမိတ် တစ်ခုလုံးရှိ လူရိုင်းမျိုးနွယ်စုများ၏ တိုက်ခိုက်ခြင်းကို ခံရပေမည်။

.....

ခန်းမကြီး တစ်ခု၏ အတွင်း။

များပြားလှသော အရိုင်းအစိုင်း ခေါင်းဆောင်များသည် စုရုံး ရောက်ရှိနေကြ၏။

လီချန်သည် အဓိကနေရာတွင် ထိုင်နေပြီး တည်ငြိမ်စွာ ပြောလိုက်သည်။ "ငါ ချန်းလန်မျိုးနွယ်စုကို ယွင်လုံမြောက်ပိုင်းနယ်နိမိတ်ရဲ့ အကြီးအကဲအဖြစ် မြှောက်တင်ပေးခဲ့တဲ့ ကိစ္စအပေါ်မှာ မကျေနပ်တဲ့သူတွေ ရှိတယ်လို့ ကြားမိတယ်။"

နေရာတွင် ရှိနေသော အင်အားကြီး လူရိုင်းမျိုးနွယ်စု အနည်းငယ်မှ ခေါင်းဆောင်များသည် ချက်ချင်းပင် ကြောက်လန့်၍ ခြေထောက်များ တုန်ယင်လာကြသည်။

လီချန်၏အကြည့်သည် လူရိုင်းမျိုးနွယ်စု ခေါင်းဆောင် တစ်ဦး၏ အပေါ်သို့ ကျရောက်သွားသောအခါ ဤသူသည် အလျင်အမြန် ဒူးထောက် ဝပ်တွားလိုက်ပြီး "လူကြီးမင်း အသက်ချမ်းသာပေးပါ။ ကျွန်တော်တို့ ရွှေခြင်္သေ့မျိုးနွယ်စုက ယွမ်ကျောက်တုံး သန်းသုံးရာ၊ သတ္တုဓာတ်ယွမ်အနှစ် ၁၀စုံ ၊ သားရဲရိုင်း အမြုတေ ငါးခု၊ ပြီးတော့ များပြားလှတဲ့ ကျင့်ကြံမှု အရင်းအမြစ်တွေကို ဆက်သပြီး အရင်က လူကြီးမင်းကို စော်ကားမိတာကို ပြန်ရွေးလိုပါတယ်။"

"နောက်တစ်ခါ ထပ်ဖြစ်ရင်တော့ မင်းတို့ ရွှေခြင်္သေ့မျိုးနွယ်စု တည်ရှိနေဖို့ မလိုအပ်တော့ဘူး။"

လီချန်က တည်ငြိမ်စွာ ပြောလိုက်၏။

ဤ ရွှေခြင်္သေ့မျိုးနွယ်စု ဆက်သသော အရင်းအမြစ်များ၏ တန်ဖိုးမှာ အမှန်တကယ် မနည်းလှပေ။ သူ့အတွက်မူ အသုံးမဝင်တော့သော်လည်း သူ့တပည့်တပန်းများအတွက် အသုံးဝင်ပေသည်တကား။

"လူကြီးမင်းရဲ့ ခွင့်လွှတ်မှုအတွက် ကျေးဇူးတင်ပါတယ်။"

ဤ ရွှေခြင်္သေ့မျိုးနွယ်စု ခေါင်းဆောင်သည် ကြားသည်နှင့် အလွန် ဝမ်းမြောက်သွားပြီး အလျင်အမြန် ကျေးဇူးတင်စကား ဆိုလိုက်၏။

ထို့နောက်တွင် တစ်ဦးပြီးတစ်ဦး လူရိုင်းမျိုးနွယ်စု ခေါင်းဆောင်များသည်လည်း ဖိအားကြောင့် အလျင်အမြန်ပင် ရက်ရောစွာ ပေးကမ်း လှူဒါန်းကြလေသည်။

ဤသို့ဖြင့် စကားများများမဆိုလိုရသော ဆုံးမခြင်းအစီအစဉ်ပြီးသည့်နောက် လီချန်သည် အမြတ်အစွန်းများစွာ ရရှိလိုက်ပြီး ချန်းလန်မျိုးနွယ်စုသည်လည်း ယွင်လုံမြောက်ပိုင်းနယ်နိမိတ် အကြီးအကဲ နေရာတွင် ပြန်လည်တည်ငြိမ်စွာ ထိုင်နိုင်သွားခဲ့သည်။ အနည်းဆုံး နောင် အနှစ်တစ်ရာအတွင်း မည်သည့် ပြဿနာမျှ ရှိလာမည် မဟုတ်ပေ။

အကယ်၍ အမှန်တကယ် ပြဿနာ တစ်စုံတစ်ရာ ရှိခဲ့လျှင် ပို၍ပင် မကောင်းဘူးလား။ သူသည် အခွင့်အရေးကို အသုံးချ၍ တစ်သုတ်လောက် ကောင်းကောင်း ရိတ်သိမ်းနိုင်ပေမည်။

"မင်းတို့ ယွင်လုံမျိုးနွယ်စုရဲ့ သဲလွန်စကို သိကြလား။ တန်ဖိုးရှိတဲ့ သတင်း အချက်အလက် ပေးနိုင်ရင် ငါက ဆုလာဘ်တွေ ပေးအပ်ဖို့ တွန့်ဆုတ်နေမှာ မဟုတ်ဘူး။"

လီချန်သည် ချန်းလန်မျိုးနွယ်စု၏ အခက်အခဲကို ဖြေရှင်းပြီးနောက် သူ့ကိုယ်ပိုင် ကိစ္စများကို စတင် ဖြေရှင်းလေသည်။

ကန္တာရတောရိုင်းသည် အလွန် ကျယ်ပြောလှ၏။

ဆက်သွယ်ရေးနှင့် သွားလာရေးသည်လည်း အဆင်မပြေလှသဖြင့် ယွင်လုံမြောက်ပိုင်းနယ်နိမိတ်နှင့် အခြား ကန္တာရတောရိုင်းဒေသများအကြား ဆက်သွယ်မှုမှာ ထင်သလောက် မလွယ်ကူလှပေ။

ထို့ကြောင့် သူသည် ယွင်လုံမျိုးနွယ်စု၏ သဲလွန်စကို ရှာဖွေလိုပါက အခြားသော လူရိုင်းမျိုးနွယ်စုများမှ တစ်ဆင့်သာ ဖြစ်နိုင်ပေသည်။

အဘယ်ကြောင့်ဆိုသော် ယွင်လုံမျိုးနွယ်စုသည်... ယွင်လုံမြောက်ပိုင်းနယ်နိမိတ် အတွင်းမှ အခြား လူရိုင်းမျိုးနွယ်စုများနှင့် အဆက်အသွယ် ရှိနေနိုင်သေးသောကြောင့် ဖြစ်သည်။

ယွင်လုံမျိုးနွယ်စုသည် ဤမျှ အချိန်ကြာမြင့်စွာ ယွင်လုံမြောက်ပိုင်းနယ်နိမိတ်၏ အကြီးအကဲ ဖြစ်ခဲ့ရာ ဤ အဆက်အသွယ်သည် တစ်မဟုတ်ချင်း ပြတ်တောက်သွားရန် မဖြစ်နိုင်ပေ။

ယွင်လုံမျိုးနွယ်စုသည် ယွင်လုံမြောက်ပိုင်းနယ်နိမိတ်သို့ ပြန်လည် ဝင်ရောက်လာရန် အမြဲတစေ ကြံစည်နေလိမ့်မည်ဟု ဆိုနိုင်၏။

မည်သို့ပင်ဖြစ်စေ ယွင်လုံမျိုးနွယ်စု၏နောက်ကွယ်တွင် ထို ထူးဆန်းသည့်မျိုးနွယ်စု သတ္တဝါ ရှိနေသေးသည်။

ဤ ထူးဆန်းသည့်မျိုးနွယ်စု သတ္တဝါသည် ကန္တာရတောရိုင်းတွင် တစ်ရက် ရှိနေသရွေ့ ၎င်းသည် ဝှက်ထားသော အန္တရာယ် တစ်ခုပင် ဖြစ်သည်။

ထို့ကြောင့် သူသည် ဤတစ်ကြိမ် ထူးဆန်းသည့်မျိုးနွယ်စု သတ္တဝါကို ရှာဖွေတွေ့ရှိပါက နောက်တစ်ကြိမ် ထပ်မံ စမ်းသပ်ရန် ကြံရွယ်ထားပြီး အကယ်၍ ဖြေရှင်းနိုင်ခဲ့ပါက အကောင်းဆုံးပင် ဖြစ်ပေလိမ့်မည်။

မည်သို့ပင်ဖြစ်စေ သူသည် ပြည့်စုံသော ကောင်းကင်ဘုံကိုးလွှာဓားကျမ်းကို ရယူလိုသည်။

ထို့ပြင် ဤ ထူးဆန်းသည့်မျိုးနွယ်စု သတ္တဝါ ပိုင်ဆိုင်ထားသော အစစ်အမှန် လျှို့ဝှက်ချက်ကိုလည်း ရယူလို၏။

"လူကြီးမင်း... ကျွန်တော်မျိုး နည်းနည်းလောက် သိနိုင်လိမ့်မယ် ထင်ပါတယ်။"

စောစောက ပထမဆုံး အညံ့ခံခဲ့သော ရွှေခြင်္သေ့မျိုးနွယ်စု ခေါင်းဆောင်သည် အလျင်အမြန် ဦးအောင် ပြောလိုက်၏။

သတင်း အချက်အလက် ပေးရန် ကြံရွယ်ထားသော အခြား မျိုးနွယ်စု ခေါင်းဆောင် အနည်းငယ်သည် အဦးခံလိုက်ရသည်ကို မြင်သောအခါ အားလုံး နောင်တရသွားကြသည်။

"ပြောလေ။"

လီချန်က ခေါင်းညိတ်လိုက်၏။

"လူကြီးမင်းကို လျှောက်တင်ပါတယ်။ ကြားရတာတော့ ယွင်လုံမျိုးနွယ်စုက ရွှမ်ဟွမ်နယ်မြေရဲ့ အင်အားအကြီးဆုံး ရွှမ်ဝူမျိုးနွယ်စုနဲ့ ဟွမ်ဖုန်းမျိုးနွယ်စုကို အနိုင်တိုက်ပြီး ရွှမ်ဟွမ်နယ်မြေရဲ့ အကြီးအကဲ ဖြစ်သွားပြီလို့ ကြားပါတယ်။" ရွှေခြင်္သေ့မျိုးနွယ်စု ခေါင်းဆောင်က အလျင်အမြန် ပြောလိုက်၏။

"ရွှမ်ဟွမ်နယ်မြေ ဟုတ်လား။"

လီချန်က ခေါင်းညိတ်လိုက်သည်။

ရွှမ်ဟွမ်နယ်မြေသည် ယွင်လုံမြောက်ပိုင်းနယ်နိမိတ်နှင့် ကပ်လျက် တည်ရှိ၏။

သို့သော် ရွှမ်ဟွမ်နယ်မြေ၏ ဧရိယာသည် ယွင်လုံမြောက်ပိုင်းနယ်နိမိတ်ထက် များစွာ ပိုမို ကြီးမားပြီး အင်အားကြီး မျိုးနွယ်စုများ အလွန် များပြားရာ ယွင်လုံမျိုးနွယ်စုက ရွှမ်ဝူမျိုးနွယ်စုနှင့် ဟွမ်ဖုန်းမျိုးနွယ်စုကို အနိုင်တိုက်နိုင်ခြင်းမှာ ပြောစရာ မလိုအောင်ပင် ထို ထူးဆန်းသည့်မျိုးနွယ်စု သတ္တဝါ၏ နောက်ကွယ်မှ ကြိုးကိုင်မှု ရလဒ် သေချာပေါက်ဖြစ်ပေလိမ့်မည်။

ယွင်လုံမျိုးနွယ်စုသည် ရွှမ်ဟွမ်နယ်မြေတွင် ရှိနေပြီ ဖြစ်ရာ ထို ထူးဆန်းသည့်မျိုးနွယ်စု သတ္တဝါသည်လည်း သေချာပေါက် ထိုနေရာတွင် ရှိနေပေလိမ့်မည်။

"ကောင်းပြီ။ မင်း ပေးတဲ့ သတင်း အချက်အလက်က မမှားဘူးဆိုရင် အပြစ်နဲ့ အကျိုးကို ချေဖျက်လိုက်ကြတာပေါ့။"

လီချန်က ခေါင်းညိတ်ကာ ပြောလိုက်၏။

"လူကြီးမင်းကို ကျေးဇူးတင်ပါတယ်။"

ရွှေခြင်္သေ့မျိုးနွယ်စု ခေါင်းဆောင်သည် ကြားသည်နှင့် အလွန် ဝမ်းမြောက်သွား၏။

ဤသည်မှာ သူ၏ ရွှေခြင်္သေ့မျိုးနွယ်စုသည် ထို ပစ္စည်းများကို ဆက်သရန် မလိုအပ်တော့ဟု အဓိပ္ပာယ် သက်ရောက်နေသည်။

အခြားသူများ ကြားပြီးနောက်တွင်မူ ပို၍ပင် နောင်တရသွားကြလေသည်။

ယွင်လုံမျိုးနွယ်စုနှင့် ပတ်သက်သော ဤ သတင်း အချက်အလက်ကို သိရှိသော မျိုးနွယ်စုများ အလွန် မများလှသော်လည်း အနည်းငယ်တော့ ရှိနေသေးသည်။

မည်သို့ပင်ဖြစ်စေ ယွင်လုံမျိုးနွယ်စုသည် သူတို့နှင့် လျှို့ဝှက်စွာ ပတ်သက်ဆက်နွယ်နေခဲ့ပြီး ရည်ရွယ်ချက်မှာ တစ်နေ့နေ့တွင် ယွင်လုံမြောက်ပိုင်းနယ်နိမိတ်ကို ယွင်လုံမျိုးနွယ်စု၏ ထိန်းချုပ်မှုအောက်သို့ ပြန်လည် ထည့်သွင်းနိုင်ရန် ဖြစ်သည်။

ထိုနေ့တွင်ပင် လီချန်သည် ယွင်လုံလူရိုင်းမြို့တော်မှ ထွက်ခွာလာပြီး ရွှမ်ဟွမ်လူရိုင်းမြို့တော်သို့ ဦးတည် သွားလေသည်။

ရွှမ်ဟွမ်လူရိုင်းမြို့တော်သည် ရွှမ်ဟွမ်နယ်မြေ၏ အချက်အချာ ဖြစ်သည့်အလျောက် ယခင်က ဤမြို့ကို အုပ်စိုးခဲ့သူများမှာ ရွှမ်ဝူမျိုးနွယ်စုနှင့် ဟွမ်ဖုန်းမျိုးနွယ်စုတို့ ဖြစ်ကြ၏။

သို့သော် ယွင်လုံမျိုးနွယ်စုသည် မြောက်ဘက်မှ ထွက်ခွာလာပြီး မိုင်ပေါင်း သောင်းချီသော ခရီးကို ဖြတ်ကျော်ကာ အန္တရာယ် ထူထပ်သော နေရာများကို ဖြတ်သန်းခဲ့သည်။ ရွှမ်ဟွမ်နယ်မြေသို့ ရောက်ရှိလာပြီးနောက် အံ့မခန်းသော အရှိန်အဟုန်ဖြင့် ဤ မျိုးနွယ်စုကြီး နှစ်ခုကို အနိုင်တိုက်ခဲ့ပြီး ရွှမ်ဟွမ်နယ်မြေ၏ အကြွင်းမဲ့ အကြီးအကဲ ဖြစ်လာခဲ့သည်။

ဤခရီးတစ်လျှောက် ပျံသန်းလာစဥ် လီချန်သည် အင်အားကြီး သားရဲရိုင်း အများအပြားကို ထပ်မံ တွေ့မြင်ခဲ့ရ၏။

အချို့ သားရဲရိုင်းများမှာမူ ယွင်လုံ၊ ကုလားအုတ်ငှက် သားရဲကြီးတို့ထက်ပင် ပိုမို အင်အားကြီးမားသေးသည်။

ကံမကောင်းသည်မှာ မည်မျှပင် အင်အားကြီးမားသော သားရဲရိုင်း ဖြစ်စေကာမူ ထာဝရအသက်ရှင်ခြင်းလျှို့ဝှက်နယ်ပယ် အဆင့်သို့ ကျော်ဖြတ်ရန် ခက်ခဲလှ၏။

မည်သို့ပင်ဖြစ်စေ သားရဲရိုင်းများသည် မွေးရာပါ အင်အားကြီးမားသော်လည်း ချို့ယွင်းချက်များလည်း ရှိနေပေသည်။

၎င်းမှာ ဉာဏ်ရည် မမြင့်မားခြင်း ဖြစ်သည်။

ယခင်က သားရဲမျိုးနွယ် အချို့သည် သားရဲရိုင်းများကို ဉာဏ်ပညာ ဖွင့်ပေးလိုခဲ့ပြီး အင်အားကြီးမားသော သားရဲရိုင်းမိစ္ဆာများကို မွေးမြူနိုင်ရန် မျှော်လင့်ခဲ့ကြသည်။ သို့သော် အားလုံး ရှုံးနိမ့်ခဲ့ကြ၏။

လီချန်သည် ရွှမ်ဟွမ်လူရိုင်းမြို့တော်သို့ ရောက်ရှိလာသောအခါ ချက်ချင်းပင် တိမ်တိုက်များ အလယ်မှ ထို ကြီးမားလှသော ယွင်လုံသားရဲကြီးကို အာရုံခံမိလိုက်၏။

လွန်ခဲ့သော နှစ်တစ်ရာထက် အနည်းငယ် ပိုမို အားကောင်းနေသေးသည်။

သို့သော် လီချန်၏ပစ်မှတ်မှာ ထူးဆန်းသည့်မျိုးနွယ်စု သတ္တဝါ ဖြစ်သည်။

"ဟင်။ ကျောက်တုံးနက် ခန်းမဆောင်ကြီးကို မတွေ့ပါလား။"

လီချန်မျက်မှောင်အနည်းငယ် ကြုတ်သွားသည်။

ယခင် နှစ်ကြိမ်လုံးတွင် ထို ထူးဆန်းသည့်မျိုးနွယ်စု သတ္တဝါသည် ကျောက်တုံးနက် ခန်းမဆောင်ကြီးထဲတွင် ပုန်းအောင်းနေခဲ့၏။

ဒီတစ်ကြိမ်ကျတော့ ဘာလို့မတွေ့ရတာလဲ။

တမင်ဖုံးကွယ်ထားတာများလား။

ထို့ကြောင့် လီချန်သည် တိမ်တိုက်များ အလယ်တွင် ပုန်းကွယ်နေသော ယွင်လုံ၏ ရှေ့မှောက်သို့ ရောက်ရှိလာခဲ့သည်။

ကြီးမားလှသော ယွင်လုံသားရဲကြီးသည် ကြောက်လန့်၍ တစ်ကိုယ်လုံး တုန်ယင်သွားပြီး လွန်ခဲ့သော နှစ်တစ်ရာက ကြောက်ရွံ့မှုသည် နောက်တစ်ကြိမ် ပြန်လည် ပေါ်ပေါက်လာ၏။

ယွင်လုံ ကဲ့သို့သော သားရဲရိုင်းသည် ဉာဏ်ရည် အလွန်အမင်း မမြင့်မားသော်လည်း။ လွန်ခဲ့သော နှစ်တစ်ရာက ကြောက်ရွံ့မှုကိုမူ အမှတ်ရနေနိုင်သေးသည်။

၎င်းသည် ဤ လူသား၏ဓားတစ်ချက်ဖြင့် ရိုက်နှက်ခံရ၍ လဲကျသွားခဲ့ရ၏။

မိမိအား နဂါးဥကို အချိန်မတိုင်မီ မွေးဖွားရန်ပင် အတင်းအကျပ် ပြုလုပ်ခဲ့သေးသည်။

"လူ... လူကြီးမင်းကို တွေ့ဆုံ ဂါရဝပြုပါတယ်..."

ယွင်လုံမျိုးနွယ်စု ခေါင်းဆောင်သည်လည်း ပထမဆုံး အချိန်တွင် လီချန်ကို တွေ့ရှိသွား၏။

သူသည် တုန်တုန်ယင်ယင်ဖြင့် ယွင်လုံ၏အပေါ်မှ ပျံသန်း ထွက်လာပြီး ရိုသေစွာ အရိုအသေပေးလိုက်သည်။ "လူကြီးမင်း၊ ဒါက လူကြီးမင်း လိုချင်တဲ့ ပစ္စည်းပါ။ သခင်က ကျွန်တော်မျိုးကို အမိန့်ပေးထားပါတယ်။ လူကြီးမင်း ရောက်လာတာနဲ့ ချက်ချင်းပဲ လူကြီးမင်းကို ပေးအပ်လိုက်ဖို့ပါ။"

ဤ ယွင်လုံမျိုးနွယ်စု ခေါင်းဆောင်သည် ပြောရင်း ကျောက်စိမ်းပြား တစ်ခုကို ထုတ်ယူလိုက်၏။

လီချန်သည် ကျောက်စိမ်းပြားကို လှမ်းယူလိုက်ပြီး ယန်ဝိညာဉ်အာရုံ ရွေ့လျားလိုက်ရာ နတ်ဘုရားအကြောပေါက်ရတနာတိုက် ဖွင့်လှစ်ခြင်းပညာရပ် ဆယ်ခု ဖြစ်နေသည်ကို တွေ့ရှိလိုက်ရ၏။

ဒီသတ္တဝါက တကယ်ကိုကောက်ကျစ်တာပဲ။

"သူ ဘယ်နေရာမှာလဲ။"

လီချန်က မေးလိုက်၏။

"လူကြီးမင်း... ကျွန်တော်မျိုးလည်း မသိပါဘူး။ ရွှမ်ဟွမ်နယ်မြေကို ပြောင်းရွှေ့လာပြီး ကတည်းက သခင်က ပေါ်လာတာ အရမ်း နည်းသွားပါတယ်။"

ယွင်လုံမျိုးနွယ်စု ခေါင်းဆောင်က အလျင်အမြန် ပြောလိုက်၏။

"ငါ့ကို ရှောင်နေပုံပဲ။"

လီချန်သည် စိတ်ထဲမှ သက်ပြင်း တစ်ချက် ချလိုက်ပြီး မူလက မိမိ တာအိုအငွေ့အသက်ကို နားလည်သဘောပေါက်ကာ လျန်ချီးဝိညာဉ်ဓားကို သန့်စင်ပြီးပြီ ဖြစ်ရာ မည်သို့ပင်ဖြစ်စေ ကောင်းကောင်း စမ်းသပ်ကြည့်ရန် တွေးတောထားခဲ့သည်။

သို့သော် ယခု ကြည့်ရသည်မှာ ထို ထူးဆန်းသည့်မျိုးနွယ်စု သတ္တဝါသည် သူ့ကိုတိုက်ရိုက် ရှောင်တိမ်းနေပြီး မည်သည့် အခွင့်အရေးမျှ မပေးပေ။

ယွင်လုံမျိုးနွယ်စု ခေါင်းဆောင်ကို အတင်းအကျပ် ပြုလုပ်လျှင်လည်း အချည်းနှီးသာ ဖြစ်ပေလိမ့်မည်။

မည်သို့ပင်ဖြစ်စေ ထို ထူးဆန်းသည့်မျိုးနွယ်စု သတ္တဝါသည် သေခြင်းရှင်ခြင်းလွယ်ကူစွာ ထိန်းချုပ်နိုင်စွမ်း ရှိ၏။

ထို့အပြင် သူတကယ်လုပ်လိုက်လျှင်လည်း ထို ထူးဆန်းသည့်မျိုးနွယ်စု သတ္တဝါနှင့် လုံးဝ မျက်နှာပြောင် တိုက်ကြတော့မည် ဖြစ်သည်။

ဤသို့ ပြုလုပ်ရန် မလိုအပ်ပေ။

လောလောဆယ် ဒီအတိုင်းပင် ထားလိုက်ပါဦး။

တစ်နေ့နေ့တွင် သူ အဆင့်မြင့်ဆုံး ထာဝရအသက်ရှင်ခြင်းလျှို့ဝှက်နယ်ပယ် ကျွမ်းကျင်သူ ဖြစ်လာသောအခါ...

ထိုအချိန်ကျမှ တစ်ချက်တည်းဖြင့် အပြတ်အသတ် သတ်ဖြတ်ခြင်းက... ပို၍ မကောင်းဘူးလား။ ယခု သူ့စွမ်းအားကို ဖော်ထုတ်လိုက်ခြင်းက ဆန့်ကျင်ဘက်သက်ရောက်မှုသာရှိပြီး မကောင်းလှပေ။

ထိုအခါမှ လီချန်သည် အနည်းငယ် စိတ်သက်သာရာ ရသွား၏။

"ဒါဆို ကောင်းပြီ။ နောက် နှစ်တစ်ရာ ကြာရင် ငါပြန်လာခဲ့မယ်။"

လီချန်က တည်ငြိမ်စွာ ပြောလိုက်သည်၊ "ပြီးတော့ မင်းတို့ ယွင်လုံမျိုးနွယ်စုက ယွင်လုံမြောက်ပိုင်းနယ်နိမိတ်ရဲ့ ကိစ္စတွေကို ဝင်မပါနဲ့တော့။"

နောက်ဆုံးတွင် သူသည် အနည်းငယ် သတိပေးလိုက်၏။

"လူကြီးမင်း စိတ်ချပါ။ ကျွန်တော်မျိုး ယွင်လုံမျိုးနွယ်စုကို သေချာပေါက် ထိန်းချုပ်ထားပါ့မယ်။"

ယွင်လုံမျိုးနွယ်စု ခေါင်းဆောင်က အလျင်အမြန် ပြောလိုက်၏။

လီချန်က ခေါင်းညိတ်လိုက်ပြီး ထိုအခါမှ လှည့်ထွက်သွားလေသည်။

ယွင်လုံမျိုးနွယ်စု ခေါင်းဆောင်သည် ထိုအခါမှ စိတ်ထဲမှ တိတ်တဆိတ် သက်ပြင်းချလိုက်၏။

သခင်ပင်လျှင် ရှောင်တိမ်းနေရပြီး မတွေ့ရဲသော ပုဂ္ဂိုလ်မျိုးကို သူက ပို၍ပင် မစော်ကားရဲပေ။

တစ်ဖက်လူ စိတ်မကြည်မသာ တစ်ခုခု ဖြစ်သွားပြီး သူ့အား သုတ်သင်ပစ်လိုက်မည်ကို စိုးရိမ်နေရသည်။ သို့ဖြစ်လျှင် ကံဆိုးမိုးမှောင်ကျပြီ မဟုတ်လား။

.....

လီချန်သည် နတ်ဘုရားဓားဂိုဏ်းသို့ ပြန်ရောက်လာခဲ့၏။

ဤကန္တာရတောရိုင်း ခရီးစဥ်ကို ဘာမှမရလိုက်တဲ့ခရီးလို့တော့ မပြောနိုင်ပေ။

ကောင်းကင်ဘုံဓားကျမ်း၏ နတ်ဘုရားအကြောပေါက် ရတနာတိုက် ဖွင့်လှစ်ခြင်းပညာရပ် ဆယ်ခု၊ ထို့ပြင် လူရိုင်းမျိုးနွယ်စုများ ဆက်သသော များပြားလှသည့် ကျင့်ကြံမှု အရင်းအမြစ်များ။

ပြန်ရောက်လာပြီးနောက် လီချန်သည် များပြားလှသော ကျင့်ကြံမှု အရင်းအမြစ်များ ထည့်ထားသော သိုလှောင်ပစ္စည်းကို ယန်လျန်ထံသို့ လွယ်ကူစွာ ပစ်ပေးလိုက်ပြီး သူမအား ဖြန့်ဝေ အသုံးပြုစေလိုက်၏။

"ဘိုးဘေး... တပည့် ခံစားမိတာ မကြာခင်မှာပဲ မဟာသူတော်စင်အဆင့်ကို တက်လှမ်းနိုင်တော့မယ် ထင်တယ်။ တပည့် မကြာခင် အမတနယ်မြေကို သွားလို့ ရတော့မှာလား။"

ယန်လျန်သည် မနေနိုင်ဘဲ မေးလိုက်၏။

သူမသည် သူမ၏ မိဘများကို မတွေ့ရသည်မှာ နှစ်တစ်ရာကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

"ခဏ ထပ်စောင့်လိုက်ပါဦး။"

လီချန်က ပြောလိုက်၏။

"ဘိုးဘေး ဒါဆို တပည့်ရဲ့ အဖေနဲ့ အမေတို့ နေကောင်းကြရဲ့လား။"

ယန်လျန်က ထပ်မံ မေးလိုက်ပြန်သည်။

"နေကောင်းကြပါတယ်။"

လီချန်က ခေါင်းညိတ်လိုက်၏။

အနည်းဆုံးတော့ ဝမ်ဝမ်၏ အသက်ပြကျောက်စိမ်းပြားနှင့် ယန်ဖန်၏ သက်သေခံ ကျောက်စိမ်းပြားတို့အရ နှစ်ဦးစလုံး အသက်အန္တရာယ် မရှိသင့်ပေ။

ယခု နှစ်ဦးသား အတိအကျ မည်သို့သော အခြေအနေတွင် ရှိနေသည်ကိုမူ သူ မသိနိုင်တော့ပေ။

.......

ယီလင်မြို့ တာအိုကျောင်းတော်သို့ ပြန်ရောက်ပြီးနောက် လီချန်သည် စနစ်မျက်နှာပြင်ကို တစ်ချက် ကြည့်လိုက်ပြီး ခေတ္တမျှ စဥ်းစားလိုက်ရာ ဗလာသို့ပြန်ခြင်း အချိန်သို့ ရောက်ရှိရန် လဝက်ခန့်သာ လိုတော့သည်ကို တွေ့လိုက်ရ၏။

ထို့ကြောင့် လင်ချင်းဖိန်အတွက် ကောင်းကင်ဘုံဓားစံအိမ်ကို ပြန်လည် တည်ထောင်ပေးရန်မှာ လောလောဆယ် အလျင်မလိုသေးပေ။

ဒီတစ်ကြိမ် ဗလာသို့ပြန်ပြီးမှသာ ထပ်ပြောကြမည်။

မည်သို့ပင်ဖြစ်စေ သူ၏ ယခု ဗလာသို့ပြန်ခြင်းကို စိတ်ထင်တိုင်း ဆွဲဆန့်ထား၍ မရပေ။

သေခြင်းရှင်ခြင်းနှင့် သက်ဆိုင်သော ကိစ္စကြီးများမှလွဲ၍ ဖြစ်သည်။

နောက် လဝက်တာ ကာလအတွင်း လီချန်သည် နေ့စဥ် ကောင်းကင်ဘုံဓားကျမ်းကို ကျင့်ကြံခြင်း၊ အစီအရင်ပညာကို လေ့လာခြင်း၊ ဝိညာဉ်ဓားကို သန့်စင်ခြင်း...

ယန်ဝိညာဉ်မှာမူ ပြည့်စုံသွားခဲ့ပြီ ဖြစ်သဖြင့် ထပ်မံ ကျင့်ကြံနေ၍လည်း အသုံးမဝင်တော့ပေ။

ယန်ဝိညာဉ်သည် အဆုံးစွန် အတိုင်းအတာသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သကဲ့သို့ပင်။

သို့သော် လီချန်၏ တွက်ဆချက်အရ ဤသည်မှာ အောက်ဘုံ၏ နောက်ဆုံးအတိုင်းအတာ ဖြစ်နိုင်ပြီး အထက်ဘုံသို့ တက်လှမ်းသွားသောအခါ တစ်ခုခုတော့ မတူလောက်ပေ။

ထို့ပြင် လီချန်သည် ကောင်းကင်ဘုံကိုးလွှာဓားထဲမှ ဆဋ္ဌမဓားကွက်ကို ကြည့်ရှု လေ့လာရန် ကြိုးစားကြည့်ခဲ့၏။

ကံမကောင်းစွာဖြင့်... သူ အကြိမ်ကြိမ် ကြည့်ရှု လေ့လာပြီးနောက် အားလုံး ရှုံးနိမ့်ခဲ့သည်။

သူသည် ဤ ဆဋ္ဌမဓားကွက်ကို အထက်ဘုံသို့ တက်လှမ်းပြီးမှသာ ကျင့်ကြံနိုင်ခြင်းလားဟုပင် သံသယ ဝင်မိ၏။

သို့သော်လည်း ပုံမှန်ပင် ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ပဥ္စမဓားကွက်သည် အလွန်အမင်း ကြောက်မက်ဖွယ် ကောင်းနေခဲ့ပြီ ဖြစ်သည်။

ဆဋ္ဌမဓားကွက်။ ဘယ်လောက်တောင် အစွမ်းထက်လိုက်မလဲ။

ဤသို့ဖြင့် လဝက် ကုန်လွန်သွားပြီး ဗလာသို့ပြန်ခြင်း အခြေအနေသည် နောက်တစ်ကြိမ် ထပ်မံ ပေါ်ပေါက်လာခဲ့၏။

........

သဲကန္တာရကမ္ဘာ။

အိုအေစစ်စခန်း။

သူသည် အရင်ဆုံး အမဲခြောက် အနည်းငယ် စားသုံးလိုက်ပြီးနောက် စခန်းမှ ထွက်လာခဲ့ပြီး ကျင့်ကြံခြင်းကို မရွေးချယ်ခဲ့ပေ။ အကြောင်းမှာ အခြားသူများ အားလုံးသည် အပြင်ဘက်တွင် စုရုံးနေကြသောကြောင့် ဖြစ်သည်။

"ဒီအတောအတွင်း အဲ့ဒီ သတ္တဝါက ငါတို့ စခန်းနားကို အကြိမ် တော်တော်များများ ချဥ်းကပ်လာခဲ့တယ်။ သိသိသာသာကို စမ်းသပ်ချင်တဲ့ ပုံပဲ။ မင်းတို့တွေ မဖြစ်မနေ သတိထားကြ။"

အရပ်ရှည်ပြီး ပိန်လှီသော ကြေးညိုရောင်အသားအရေနှင့် ဗလာသို့ပြန်သူ တစ်ဦးက ပြောလိုက်၏။

ဤသူသည် အခြား ဗလာသို့ပြန်သူများ အုပ်စု၏ ခေါင်းဆောင် ဖြစ်သည်။

ဗလာသို့ပြန်သူ အားလုံးထဲတွင် ဤသူနှင့် ထော့ပေါတို့သည် စွမ်းအား အကြီးဆုံး ဖြစ်ပြီး အိုအေစစ်စခန်းတွင် အချိန် အကြာဆုံး နေထိုင်ခဲ့သူများ ဖြစ်သည်ဟု ဆို၏။

မှာကြားမှုများ ပြီးစီးသွားပြီးနောက် ဗလာသို့ပြန်သူများ အုပ်စုသည် သစ်သားအိမ်များသို့ အသီးသီး ပြန်သွားကြပြီး ဗလာသို့ပြန်ခြင်းကို အဆုံးသတ်ကြတော့မည် ဖြစ်သည်။

ထော့ပေါသည် အုပ်စုများ ခွဲဝေပေးရန် စတင်လိုက်၏။

ထို ခြိမ်းခြောက်မှု တည်ရှိနေသည်ကို ထည့်သွင်း စဥ်းစားပြီး ဤတစ်ကြိမ်တွင် လေးယောက်တစ်ဖွဲ့အဖြစ် ပြောင်းလဲလိုက်ပြီး စခန်း၏ အရပ် လေးမျက်နှာတွင် ကင်းလှည့် စောင့်ကြပ်ကြရမည် ဖြစ်သည်။

လီချန်သည် ပထမဆုံး ကင်းလှည့်သူများ အုပ်စုထဲတွင် မပါဝင်ခဲ့ပေ။

ထို့ကြောင့် သူသည် သစ်သားအိမ်ထဲသို့ ပြန်လာခဲ့ပြီး အသားလွှာ အနည်းငယ် ထပ်မံ စားသုံးကာ မျက်လုံးများ မှိတ်ထားလိုက်ပြီး ယန်ဝိညာဉ်အာရုံဖြင့် စတင် အာရုံခံလိုက်၏။

ရုတ်တရက်... သူ့မျက်နှာထက်တွင် ဝမ်းမြောက်သွားသော အမူအရာတစ်ခု ပေါ်ထွက်လာ၏။ အဘယ်ကြောင့်ဆိုသော် သူသည် လျန်ချီးဝိညာဉ်ဓား တည်ရှိနေသည်ကို အာရုံခံမိလိုက်သောကြောင့် ဖြစ်သည်။

သို့သော် ဗလာသို့ပြန်ခြင်း အခြေအနေအောက်တွင် လျန်ချီးဝိညာဉ်ဓားကို အသုံးပြုရန်မှာ ခက်ခဲလာခဲ့ပြီး ပုံသဏ္ဌာန်မဲ့ ခုခံမှု စွမ်းအားတစ်ခု ရှိနေသကဲ့သို့ပင်။ ဤသည်မှာ ဤ အထက်ဘုံ၏ နိယာမ ဖိနှိပ်မှုကြောင့် ဖြစ်သင့်သည်။

"ခန္ဓာကိုယ်ကနေ ခွဲထုတ်ပြီး အသုံးမပြုနိုင်ဘူး။"

လီချန်မျက်မှောင်ကြုတ်သွားသည်။

မူလက သူသည် လျန်ချီးဝိညာဉ်ဓားကို တိုက်ရိုက် ထုတ်လွှတ်နိုင်လိမ့်မည်ဟု ထင်မှတ်ထားခဲ့၏။

သို့သော် ယခု ကြည့်ရသည်မှာ ဤမျှ မလွယ်ကူလှပေ။

ကံကောင်းသည်မှာ သူသည် လျန်ချီးဝိညာဉ်ဓား၏ စွမ်းအား အနည်းငယ်ကို အသုံးပြုနိုင်သေး၏။

သူ၏ စိတ်အာရုံ ရွေ့လျားသွားသည်နှင့်။ လက်ဖဝါး အလယ်တွင် အနီရောင်နှင့် ငွေရောင် ဓားအလင်းတန်း နှစ်ခု ဖြည်းညှင်းစွာ ပေါ်ထွက်လာ၏။

သူ လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ။ ဓားအလင်းတန်း နှစ်ခုသည် ထွက်ပေါ်လာပြီး သူ့ခန္ဓာကိုယ် ပတ်လည်တွင် လှည့်ပတ် ပျံသန်းနေ၏။

ပင်မခန္ဓာကိုယ် မဟုတ်သော်လည်း ဤ ဓားချီ နှစ်ခုသည် လူကို အလွန် ထက်ရှသော ခံစားချက်ကို ပေးနေသေးသည်။

"လျန်ချီးဝိညာဉ်ဓားနဲ့ ဒီ ဓားချီ နှစ်ခုကို ထိန်းချုပ်ရတာ ဝိညာဉ်စွမ်းအင် သုံးစွဲမှုက အရမ်း များတာပဲ။"

လီချန်သည် ချက်ချင်းပင် ဝိညာဉ်စွမ်းအင် သုံးစွဲမှု သိသိသာသာ တိုးများလာသည်ကို ခံစားလိုက်ရ၏။

တစ်ချိန်တည်းမှာပင် အိုအေစစ်စခန်း၏ အပြင်ဘက်တွင် ထူးဆန်းသော သတ္တဝါ တစ်ကောင် ဖြည်းညှင်းစွာ ချဥ်းကပ်လာပြီး အပြင်ပုံသဏ္ဌာန်အရ လူပုံစံ ကင်းမြီးကောက် တစ်ကောင်နှင့် တူကာ တစ်ကိုယ်လုံး မည်းနက်နေပြီး အကြေးခွံများ ထင်ရှားလျက် ရှည်လျားသော အမြီး၏အဆုံးတွင် တူတစ်ချောင်းနှင့်ပင် တူနေလေသည်။

***

All Chapters