← Chapters

ကတိကဝတ်

Vol. 16 Ch. 243

ကတိကဝတ်

Vol. 16 Ch. 243

"တာအိုရောင်းရင်းချင်းဖိန်။ ကျွန်တော် ကျင့်ကြံခြင်းလမ်းစဥ်ပေါ် စတင်လျှောက်လှမ်းလာတဲ့အချိန်ကစပြီး ရည်မှန်းချက်တစ်ခုပဲ ရှိခဲ့တယ်။ အဲ့ဒါကတော့ အထက်ဘုံကို တက်လှမ်းပြီး ပိုမြင့်မားတဲ့ ကျင့်ကြံခြင်းအဆင့်တွေကို စူးစမ်းရှာဖွေဖို့ပဲ။"

လီချန်သည် ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ဆက်ပြောလိုက်၏။ "ဒါကြောင့် ကျွန်တော်က တာအိုအဖော်ရှာဖို့ ဘယ်တုန်းကမှ မစဥ်းစားခဲ့ဖူးဘူး။"

"တာအိုရောင်းရင်းလီချန်၊ ရှင် စံအိမ်သခင်ကြီးကို ငြင်းပယ်လိုက်ကတည်းက ကျွန်မ သိပြီးသားပါ။"

လင်ချင်းဖိန်သည် လီချန်၏ သဘောထားကို နားလည်လိုက်လေပြီ။ "ဒီပစ္စည်းနှစ်ခု၊ ပြီးတော့ ကောင်းကင်ဘုံဓား တာအိုကျောက်တိုင်... ကျွန်မ သေချာစဥ်းစားပြီးသွားပြီ။ ဘာပဲဖြစ်ဖြစ် ဒါတွေက ကျွန်မလက်ထဲမှာ ရှိနေလည်း အလကားဖြစ်ရုံတင်မကဘဲ အန္တရာယ်ပါ ဖြစ်စေနိုင်တယ်။ ဒါကြောင့် ကျွန်မ ရှင့်ကို စိတ်ရင်းအမှန်နဲ့ ပေးချင်တာပါ။ ကတိတစ်ခုပဲပေးပါ။"

"ဘာကတိများလဲ။"

လီချန်က မေးလိုက်၏။

"ရှင် လျန်ချီးဝိညာဉ်ဓားကို ကျင့်ကြံပြီးသွားတဲ့အခါ ကျွန်မကို ကောင်းကင်ဘုံဓားစံအိမ် ပြန်လည်တည်ထောင်ရာမှာ ကူညီပေးပါ။"

လင်ချင်းဖိန်က ပြောလိုက်သည်။

သူမတစ်ယောက်တည်း၏ အင်အားဖြင့် လက်စားချေရန်၊ ကောင်းကင်ဘုံဓားစံအိမ်ကို ပြန်လည်တည်ထောင်ရန်မှာ လုံးဝမဖြစ်နိုင်သည့် ကိစ္စတစ်ခု ဖြစ်ပေ၏။

သူမသည် မျှော်လင့်ချက်ကို လီချန်အပေါ်၌သာ ပုံအပ်ထားနိုင်တော့သည်။

လီချန်ပြသခဲ့သည့် စွမ်းအားအရ အကယ်၍ သူသာ လျန်ချီးဝိညာဉ်ဓားအစစ်ကို အောင်မြင်စွာ သန့်စင်နိုင်ခဲ့လျှင် သူ့အင်အားသည် သေချာပေါက် ကြီးမားစွာ တိုးတက်လာပေလိမ့်မည်။ ထိုအချိန်ကျလျှင် သူမအား ကောင်းကင်ဘုံဓားစံအိမ် ပြန်လည်တည်ထောင်ရန် ကူညီပေးခြင်းသည် လုံးဝ ခက်ခဲသောအလုပ် မဟုတ်နိုင်ပေ။

"ကောင်းပြီလေ။"

လီချန်သည် ခေါင်းညိတ်ကာ သဘောတူလိုက်၏။

အကယ်၍ သူသာ လျန်ချီးဝိညာဉ်ဓားကို အမှန်တကယ် သန့်စင်နိုင်ခဲ့ပြီး ဓားတာအိုအငွေ့အသက်ကိုပါ နားလည်သဘောပေါက်ကာ။ အခြား လျှို့ဝှက်လက်နက်မျိုးစုံနှင့် ပေါင်းစပ်လိုက်ပါက... သူ့ထံတွင် ယုံကြည်မှု အပြည့်ရှိနေသေးသည်။

ထိုသူက ဤမျှလောက် ပေးအပ်ခဲ့ပြီးဖြစ်ရာ သူကူညီပေးခြင်းသည်လည်း ကျိုးကြောင်းဆီလျော်သော ကိစ္စပင် ဖြစ်ပေ၏။

ထိုသို့ပြောရင်း သူမသည် လက်ကိုတစ်ချက် ဝှေ့ယမ်းလိုက်ရာ ကြီးမားလှသော ကောင်းကင်ဘုံဓား တာအိုကျောက်တိုင်ကြီးတစ်ခု ပေါ်ထွက်လာလေသည်။

လီချန်လည်း ငြင်းဆန်မနေတော့ဘဲ ကောင်းကင်ဘုံပြင်ပဝိညာဉ်ကြေးနီနှင့် လျန်ချီးဝိညာဉ်ဓား သန့်စင်နည်း ကျောက်စိမ်းပြားတို့ကို သိမ်းဆည်းလိုက်သည်။ ထိုကြီးမားသော ကောင်းကင်ဘုံဓား တာအိုကျောက်တိုင်ကိုမူ သူသည် တာအိုကျောင်းတော် အလယ်ရှိ ကွက်လပ်တွင် ထားရှိလိုက်၏။

မည်သို့ပင်ဖြစ်စေ အချိန်ခေါင်းလောင်းနယ်ပယ် တည်ရှိနေသဖြင့် အပြင်သို့ ပေါက်ကြားသွားမည်ကို စိုးရိမ်စရာ မလိုပေ။

"တာအိုရောင်းရင်းလီချန်၊ ကျွန်မ ဒီနေရာမှာ အချိန်အကြာကြီး နေခဲ့ရတော့ အပြင်လောကနဲ့ အဆက်အသွယ် ပြတ်နေခဲ့တာ။ ကျွန်မ အပြင်ထွက်ပြီး ကောင်းကင်ဘုံဓားစံအိမ်က အသက်ရှင်ကျန်ရစ်သူတွေကို ဆက်သွယ်ချင်တယ်။"

လင်ချင်းဖိန်က ပြောလိုက်၏။

"အခု ယိုမင်နန်းတော်က ခင်ဗျားတို့ ကောင်းကင်ဘုံဓားစံအိမ်က လူတွေကို လိုက်သတ်နေတာ။ ခင်ဗျား အပြင်ထွက်သွားရင် အန္တရာယ် အရမ်းကြီးနိုင်တယ်။"

လီချန်က ပြောလိုက်သည်။

ယီလင်မြို့အတွင်း၌ သူသည် လင်ချင်းဖိန်ကို အကာအကွယ် ပေးနိုင်သေးသော်လည်း အပြင်သို့ ထွက်သွားပါကမူ သူလက်လှမ်းမမီနိုင်တော့ပေ။

အကယ်၍ ယိုမင်နန်းတော် တစ်ခုတည်းသာဖြစ်ပါက သူသည် ယခုပင် ဝင်ရောက် ဖြေရှင်းနိုင်စွမ်း ရှိသည်။ သို့သော် ဤကိစ္စတွင် လင်ဝမ်အိမ်တော်နှင့် ထျန်းယားရှင်းမိသားစုတို့ပါ ပါဝင်ပတ်သက်နေသဖြင့် အခြေအနေမှာ မတူတော့ပေ။

ထို့ကြောင့် သူသည် လျန်ချီးဝိညာဉ်ဓားကို သန့်စင်ပြီးမှသာ ဝင်ရောက်လှုပ်ရှားရန် ဆုံးဖြတ်ထား၏။

"တာအိုရောင်းရင်းလီချန်။ စိတ်ချပါ။ ကျွန်မက တမင်တကာ ပုန်းကွယ်နေမယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်စွမ်းတော့ ရှိပါသေးတယ်။"

လင်ချင်းဖိန်က ညင်သာစွာ ရယ်မောလိုက်သည်။

သူမသည် ကောင်းကင်ဘုံဓားစံအိမ်ကို ပြန်လည်တည်ထောင်လိုပါက အသက်ရှင်ကျန်ရစ်သူများကို မဖြစ်မနေ ဆက်သွယ်ရပေမည်။ မဟုတ်ပါက အနာဂတ်တွင် ကောင်းကင်ဘုံဓားစံအိမ်ကို ပြန်လည်တည်ထောင်နိုင်ခဲ့လျှင်တောင်မှ အသုံးတော်ခံရန် လူရှိမည် မဟုတ်ပေ။

ကောင်းကင်ဘုံဓားစံအိမ်သည် သူမ၏လင်မိသားစု အခြေခံအုတ်မြစ်ဖြစ်ပြီး နှစ်ပေါင်း တစ်သိန်းကျော်တိုင် ဆက်လက်တည်ရှိခဲ့ရာ သူမ၏လက်ထက်တွင် ပျက်စီးသွားခွင့်ကို လုံးဝ ခွင့်မပြုနိုင်ပေ။

လီချန် စဥ်းစားကြည့်ရာတွင်လည်း မှန်ပေသည်။ ကောင်းကင်ဘုံဓားစံအိမ်သည် ဤမျှ အချိန်ကြာမြင့်စွာ တည်ရှိခဲ့သော အင်အားကြီး အဖွဲ့အစည်းတစ်ခု ဖြစ်သည့်အလျောက် နက်ရှိုင်းသော အခြေခံအုတ်မြစ်များ ရှိနေပြီး သူ မသိနိုင်သော နည်းလမ်းများနှင့် လမ်းကြောင်းများ သေချာပေါက် ရှိပေလိမ့်မည်။

ထို့ကြောင့် သူသည်လည်း ထပ်၍ မမေးမြန်းတော့ပေ။

........

နောက်တစ်နေ့။

လင်ချင်းဖိန်သည် ယီလင်မြို့မှ တိတ်တဆိတ် ထွက်ခွာသွားလေသည်။

တာအိုကျောင်းတော်ထဲတွင် တိတ်ဆိတ်ငြိမ်သက်သွား၏။

လီချန်သည် သူ့ရှေ့မှ ရွှေနီရောင် ကောင်းကင်ဘုံပြင်ပဝိညာဉ်ကြေးနီနှင့် လျန်ချီးဝိညာဉ်ဓား ကျောက်စိမ်းပြားတို့ကို ကြည့်ရင်း သူ၏မျက်ဝန်းများမှာ အရောင်တလက်လက် တောက်ပနေလေသည်။

ဤတစ်ကြိမ်တွင် သူတစ်ပါး၏ အခက်အခဲကို အခွင့်ကောင်းယူခြင်း မဟုတ်ဟု ဆိုနိုင်သော်လည်း အတော်လေး အမြတ်ထုတ်လိုက်ရသည်ဟု ဆိုနိုင်ပေ၏။

ထို့ကြောင့် သူသည် အနာဂတ်တွင် လင်ချင်းဖိန်အား ပြန်လည်ပေးဆပ်ရန် နည်းလမ်းရှာရမည်ဟု ဆုံးဖြတ်လိုက်သည်။ သူ၏ ယန်ဝိညာဉ်အာရုံ လှုပ်ရှားလိုက်သည်နှင့် ကျောက်စိမ်းပြားအတွင်းမှ လျန်ချီးဝိညာဉ်ဓား သန့်စင်နည်းသည် လျှို့ဝှက်ချက် မဟုတ်တော့ပေ။

ဤ လျန်ချီးဝိညာဉ်ဓားကို သန့်စင်ရန်အတွက် အတူတကွ ဖြစ်တည်လာသော ဝိညာဉ်သတ္တု နှစ်မျိုးကို အသုံးပြုရန် လိုအပ်၏။

ထို့ပြင် သန့်စင်နည်း နှစ်မျိုးရှိလေသည်။

တစ်နည်းမှာ တာအိုအဖော်နှစ်ဦး ပူးပေါင်းကျင့်ကြံ သန့်စင်ခြင်း ဖြစ်သည်။ ထိုနည်းလမ်းသည် အောင်မြင်နိုင်ခြေ ပို၍ မြင့်မား၏။

အဘယ်ကြောင့်ဆိုသော် တစ်ဦးတည်းက လျန်ချီးဝိညာဉ်ဓားကို သန့်စင်ပါက ဝိညာဉ်စွမ်းအင် သုံးစွဲမှုမှာ အလွန်ကြီးမားသောကြောင့် ဖြစ်သည်။

အကယ်၍ အထက်ဘုံတွင် သန့်စင်ပါက မည်သည်မျှ မပြောပလောက်သော်လည်း အောက်ဘုံတွင်မူ အလွန် အန္တရာယ်များလှပေသည်။

ဝိညာဉ်စွမ်းအင် ထောက်ပံ့မှု မလုံလောက်ခဲ့သည်နှင့် လျန်ချီးဝိညာဉ်ဓား၏ နောက်ဆက်တွဲဆိုးကျိုးမှာ အလွန်ပြင်းထန်လှ၏။

ထို့ကြောင့် လုံခြုံမှု ရှုထောင့်မှ ထည့်သွင်းစဥ်းစားပါက တာအိုအဖော်နှစ်ဦး ပူးပေါင်းကျင့်ကြံ သန့်စင်ခြင်းကို ရွေးချယ်ခြင်းသည် အယုံကြည်ရဆုံးနှင့် အောင်မြင်နိုင်ခြေ အမြင့်ဆုံး ဖြစ်ပေသည်။

သို့သော် လီချန်သည် လောလောဆယ်တွင် တာအိုအဖော်အကြောင်း မစဥ်းစားလိုသဖြင့် တစ်ဦးတည်းသာ သန့်စင်ရန် ဆုံးဖြတ်လိုက်၏။

ကံကောင်းသည်မှာ သူ့ထံတွင် အချိန်ခေါင်းလောင်း ရှိနေသဖြင့် ဝိညာဉ်စွမ်းအင်သည် အလွန်အမင်း ပေါများလှသည်ဟု မဆိုနိုင်သော်လည်း လျန်ချီးဝိညာဉ်ဓားကို သန့်စင်ရန်အတွက်မူ ပြဿနာ တစ်စုံတစ်ရာ မရှိသင့်ပေ။

ဤသို့တွေးမိပြီး လီချန်သည် အသေအချာ စတင် လေ့လာလေတော့သည်။

ဤ လျန်ချီးဝိညာဉ်ဓားသည် သာမန် ဝိညာဉ်ဓား နှစ်လက်မျှသာ မဟုတ်ဘဲ သန့်စင်နေစဥ် အချိန်အတွင်း၌ ဝိညာဉ်အကြောများကို ထွင်းထု ထည့်သွင်းရန် လိုအပ်လေသည်။

အကယ်၍ ထူးခြားသော ဝိညာဉ်ဓားများ မဟုတ်ပါက သန့်စင်သည့် လုပ်ငန်းစဥ်အတွင်း တဖြည်းဖြည်း ပြည့်စုံလာသည်နှင့်အမျှ သဘာဝ ဝိညာဉ်အကြောများ ပေါ်ပေါက်လာတတ်သည်။

သို့သော် ဤ သဘာဝ ဝိညာဉ်အကြောများ ပေါ်ပေါက်လာခြင်းသည် လူအပေါ်နှင့် ကံအပေါ်တွင် လုံးဝ မူတည်နေ၏။ အကယ်၍ ကံကောင်းပါက အလွန်အစွမ်းထက်သော ဝိညာဉ်အကြောများ ဖြစ်ပေါ်လာနိုင်သော်လည်း တစ်ခါတစ်ရံတွင် အလွန်အသုံးမဝင်သော အရာများ ဖြစ်ပေါ်လာကာ ဝိညာဉ်ဓား၏ အရည်အသွေးကို ထိခိုက်စေနိုင်သည်။

သို့သော် သီးသန့် ဝိညာဉ်ဓားသန့်စင်နည်း ရှိနေပါက အခြေအနေမတူတော့ပေ။

ဤကဲ့သို့သော ဝိညာဉ်ဓား သန့်စင်နည်းများသည် များသောအားဖြင့် မရေမတွက်နိုင်သော နှစ်များစွာတိုင် ပြင်ဆင်မွမ်းမံပြီးမှ နောက်ဆုံးတွင် ပုံစံကျလာလေ့ရှိပြီး အစွမ်းအလွန် ထက်မြက်လှသည်။

ဤ လျန်ချီးဝိညာဉ်ဓားသည်ကား သာလွန် ထက်မြက်သော ဝိညာဉ်ဓား တစ်စုံဖြစ်ပြီး သူ ကိုယ်တိုင် သန့်စင်ခဲ့သော ဝိညာဉ်ဓားများထက် များစွာ ပို၍ အစွမ်းထက်မြက်ပေသည်။

........

အချိန်များ တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးသွား၏။

လီချန်သည် လျန်ချီးဝိညာဉ်ဓား သန့်စင်ခြင်းထဲတွင် နှစ်မြှုပ်ထားလိုက်သည်။

ဤသို့ဖြင့် အချိန် လဝက်ကျော်မျှ ကုန်လွန်သွားခဲ့သည်။

တာအိုကျောင်းတော် အတွင်း။

လီချန်သည် သူ၏ ဒျန်ထျန်းချီပင်လယ်အတွင်း၌ ထူးဆန်းသော ဝိညာဉ်ဓားသန္ဓေ နှစ်ခုက အပြန်အလှန် ရစ်ပတ်ကာ မရပ်မနား လှည့်ပတ်သွားလာနေသည်ကို အာရုံခံမိလိုက်၏။

ဓားသန္ဓေ နှစ်ခု၏ အတွင်း၌ အလွန် ထူးခြားသော ဆက်နွယ်မှုတစ်ခု ပါဝင်နေပြီး တစ်ကြိမ် ထုတ်သုံးလိုက်သည်နှင့် ဖြစ်ပေါ်လာသော အစွမ်းသည် တစ်အပေါင်းတစ်ကဲ့သို့ ရိုးရှင်းတော့မည် မဟုတ်ပေ။

အထူးခြားဆုံးမှာ ဝိညာဉ်ဓားနှစ်လက်၏ မျက်နှာပြင်အပေါ်၌ မှိန်ပျပျ ဝိညာဉ်အကြောများ...

၎င်းတို့သည် သူ သန့်စင်နေစဥ်အတွင်း ထွင်းထုခဲ့သော လျန်ချီးဝိညာဉ်အကြောများ ဖြစ်ကြသည်။

သို့သော် လုံးဝ ပုံစံကျရန်အတွက် အချိန်ကြာမြင့်စွာ ဆက်လက် သန့်စင်မွမ်းမံရန် လိုအပ်နေသေး၏။

ဤသည်မှာ များပြားလှသော ဝိညာဉ်စွမ်းအင်ကို လိုအပ်ပေလိမ့်မည်။

ရုတ်တရက် လီချန် မျက်လုံး ဖွင့်လိုက်ရာ ထက်ရှသော အလင်းတန်းများ ဖြာထွက်လာပြီး ထို့နောက် ဝိညာဉ်ဓားသန္ဓေ နှစ်ခုသည် သူ့ဦးခေါင်းထိပ်မှ ထိုးထွက်ကာ မီးခိုးရောင်နှင့် ရွှေနီရောင် ဓားအလင်းတန်း တစ်ခုအဖြစ် ပြောင်းလဲ၍ အပြန်အလှန် ယှက်နွယ်လျက် တာအိုကျောင်းတော်မှ ထွက်ခွာသွားပြီး ကောင်းကင်ကို ဖြတ်ခွင်းကာ နေကို ထိုးဖောက်သွားသော သက်တံရှည်တစ်ခုအလား ထွက်ပေါ်သွားလေသည်။

ပစ်မှတ်မှာ ယီလင်မြို့ အပြင်ဘက်မှ လူရိပ် နှစ်ခုပင် ဖြစ်ပေ၏။

ဤလူနှစ်ဦးသည် ကောင်းကင်တွင် ရပ်တန့်နေပြီး ယီလင်မြို့ရှိရာ အရပ်ကို ကြည့်နေကြသည်။

တစ်ဦးမှာ ခပ်ဝဝအဘိုးကြီး တစ်ဦးဖြစ်ပြီး တောက်ပသော အဝါရောင် ဝတ်ရုံကို ဝတ်ဆင်ထားသည်။

နောက်တစ်ဦးမှာ ငွေရောင်ဆံပင်နှင့်အဘွားကြီး တစ်ဦးဖြစ်ပြီး လက်ထဲတွင် ငွေရောင် နဂါးခေါင်းပုံ တောင်ဝှေး တစ်ချောင်းကို ကိုင်ဆောင်ထား၏။

"အချက်အလက်တွေအရ သူတို့ ဒီနေရာမှာပဲ ကျဆုံးသွားခဲ့တာ ဖြစ်လောက်တယ်။"

ခပ်ဝဝအဘိုးကြီးက နှုတ်ဖွင့် ပြောလိုက်သည်။

"ဒီနေရာက အရမ်း ထူးဆန်းတယ်။ အဲ့ဒီ ခြိမ်းခြောက်နေတဲ့ ခံစားချက်က အစီအရင်လည်း မဟုတ်သလိုပဲ။"

ဆံဖြူအဘွားကြီးက လေးနက်သော အသံဖြင့် ပြောလိုက်၏။

"ကြည့်ရတာ ဒီနေရာမှာ မခေတဲ့ ပုဂ္ဂိုလ်တစ်ယောက် ပုန်းအောင်းနေပုံပဲ။ ဒါပေမဲ့... ငါတို့ လင်ဝမ်အိမ်တော်က ထာဝရအသက်ရှင်ခြင်းလျှို့ဝှက်နယ်ပယ် ကျင့်ကြံသူ သုံးယောက်တောင် သေသွားတာ။ တရားမျှတမှုတော့ ပြန်ရမှဖြစ်မယ် မဟုတ်လား။" ခပ်ဝဝအဘိုးကြီးက ပြောလိုက်သည်။

ဆံဖြူအဘွားကြီး စကားပြောရန် ပြင်လိုက်စဥ် ရုတ်တရက် သူမ၏မျက်ခုံးများ ပင့်တက်သွားပြီး မျက်နှာ အမူအရာ ရုတ်ချည်း ပြောင်းလဲသွား၏။ "မကောင်းတော့ဘူး။ ဝိညာဉ်လက်နက်ရဲ့ လှိုင်းခတ်မှု ထင်တယ်။"

နောက်တစ်ခဏတွင်။

ပုလဲလုံးကို ကစားနေသော နဂါးပျံများအလား အပြန်အလှန် ယှက်နွယ်နေသော ဓားအလင်းတန်း နှစ်ခုသည် အရှိန်ပြင်းစွာ ပျံသန်းလာလေသည်။

တိုးဝင်လာသော အငွေ့အသက်မျှသာလျှင် ထိုနှစ်ဦး၏ မျက်နှာများ ရုတ်ချည်း ပြောင်းလဲသွားစေပြီး ပြင်းထန်သော သေစေနိုင်သည့် ခြိမ်းခြောက်မှုကို ခံစားလိုက်ရ၏။

"တောက် တကယ် ဝိညာဉ်လက်နက်ပဲ... ပြီးတော့... နှစ်လက်တောင် ဖြစ်လောက်တယ်..."

ခပ်ဝဝအဘိုးကြီး၏ မျက်နှာသည်လည်း အလွန်အမင်း ပျက်ယွင်းသွား၏။

သူတို့နှစ်ဦးလုံးသည် ဗလာသို့ပြန်ခြင်း အဆင့် လေးဆယ့်ကိုးလှမ်းသို့ ရောက်ရှိနေပြီဖြစ်သော ထာဝရအသက်ရှင်ခြင်းလျှို့ဝှက်နယ်ပယ် ကျွမ်းကျင်သူများ ဖြစ်ကြရာ ဝိညာဉ်လက်နက်ဆိုသည်မှာ အဘယ်အရာကို ဆိုလိုကြောင်းကို သိကြသည်မှာ မဆန်းပေ။

ဝိညာဉ်လက်နက်ကို သန့်စင်နိုင်ခြင်းသည် ဝိညာဉ်အမြစ် အရည်အချင်းမှာ ထူးချွန်ထက်မြက်သည်ကို ကိုယ်စားပြုပြီး အသက်မသေဆုံးသွားသရွေ့ ဗလာသို့ပြန်ခြင်း အဆင့် ရှစ်ဆယ်ကျော်သို့ ရောက်ရှိရန်မှာ လုံးဝ ပြဿနာ မရှိပေ။

ဝိညာဉ်အမြစ်၏ အမြင့်ဆုံး အတိုင်းအတာသည် များသောအားဖြင့် ဗလာသို့ပြန်ခြင်း၏ အတိုင်းအတာကို ဆုံးဖြတ်လေ့ရှိသည်။

သူတို့နှစ်ဦး လေးဆယ့်ကိုးလှမ်းတွင် ရပ်တန့်နေရခြင်းမှာ... ဝိညာဉ်အမြစ်၏အကြောင်းကြောင့်ဖြစ်ကာ ဤအဆင့်ကို ကျော်ဖြတ်နိုင်စွမ်း မရှိခြင်း ဖြစ်သည်။

အမတနယ်မြေတွင်။ ဝိညာဉ်အမြစ်ကိုလည်း ခွဲခြား သတ်မှတ်မှုများ ရှိလေသည်။

ဗလာသို့ပြန်ခြင်း အဆင့် ငါးဆယ်ကို မကျော်ဖြတ်နိုင်သော... အရာအားလုံးကို အဆင့်နိမ့်ဝိညာဉ်အမြစ်ဟု သတ်မှတ်သည်။

ဗလာသို့ပြန်ခြင်း အဆင့် ငါးဆယ်အထက်ကို ကျော်ဖြတ်နိုင်ပါက အလယ်လတ်တန်းစား ဝိညာဉ်အမြစ် ဖြစ်သည်။

အကယ်၍ ဝိညာဉ်လက်နက်ကိုပါ သန့်စင်နိုင်သေးပါက... ၎င်းသည် အထက်တန်းစား ဝိညာဉ်အမြစ် သေချာပေါက် ဖြစ်ရမည်ဖြစ်ပြီး ယေဘုယျအားဖြင့် ဗလာသို့ပြန်ခြင်း အဆင့် ရှစ်ဆယ်အထက်သို့ ရောက်ရှိနိုင်စွမ်း ရှိပေသည်။

အထက်တန်းစား ဝိညာဉ်အမြစ်၏ အထက်တွင်မူ ကောင်းကင်ဘုံ ဝိညာဉ်အမြစ် တစ်ခု ရှိသေးသည်။

ကောင်းကင်ဘုံ ဝိညာဉ်အမြစ် ရှိမှသာလျှင် အထက်ဘုံသို့ တက်လှမ်းရန် အရည်အချင်း ရှိပေသည်။

ကောင်းကင်ဘုံ ဝိညာဉ်အမြစ် ပိုင်ဆိုင်သူများသည် များသောအားဖြင့် အောက်ဘုံတွင် ရှိနေစဥ်ပင် တာအိုအငွေ့အသက်ကို ကြိုတင် နားလည်သဘောပေါက်နိုင်စွမ်း ရှိကြသည်။

ယခု ဤမြို့ထဲတွင် ပုန်းအောင်းနေသော ကျွမ်းကျင်သူသည် ဝိညာဉ်ဓား တစ်လက်ပင်မက နှစ်လက်တောင်မှ ပိုင်ဆိုင်ထားလေသည်။

ဒါဘယ်လို မကောင်းဆိုးဝါးမျိုးလဲ။

ဓားအလင်းတန်း နှစ်ခုသည် အရှိန်ပြင်းစွာ ပျံသန်းလာ၏။

ထိုနှစ်ဦးမှာ လုံးဝ ရှောင်တိမ်းစရာ နေရာ မရှိတော့ပေ။ ရှောင်တိမ်း၍လည်း မရနိုင်ပေ။ အဘယ်ကြောင့်ဆိုသော် ထို ဓားအလင်းတန်း နှစ်ခုသည် သူတို့၏မူလယန်ဝိညာဉ်ကို လုံးဝ ပစ်မှတ်ထား လော့ချထားသောကြောင့် ဖြစ်သည်။

ထိုနှစ်ဦးသည် အတင်းကြံ့ကြံ့ခံရန်သာ တတ်နိုင်တော့၏။

ခပ်ဝဝအဘိုးကြီးသည် သူ့လက်နှစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ သူ့နောက်တွင် ကြီးမားသော ဝိညာဉ်ပုံရိပ်တစ်ခု ပေါ်ထွက်လာပြီး ထို့နောက်တွင် ဧရာမ လက်ကြီး တစ်ဖက်သည် ဝိညာဉ်ပုံရိပ်အတွင်းမှ ပေါ်ထွက်လာကာ တိုးဝင်လာသော ဓားအလင်းတန်းကို ပြင်းထန်စွာ ဆုပ်ကိုင်လိုက်သည်။

ဆံဖြူအဘွားကြီးသည်လည်း သူမ၏လက်ထဲမှ နဂါးခေါင်းပုံ တောင်ဝှေးကို ဝှေ့ယမ်းလိုက်ရာ ထူးဆန်းသော အလင်းကွင်းများ တစ်ခုပြီးတစ်ခု ပျံ့နှံ့သွားပြီး နဂါးနက်တစ်ကောင် ဟိန်းဟောက်ကာ ပေါ်ထွက်လာလေသည်။

ဤသို့သော နည်းလမ်းများသည် ကောင်းကင်နှင့် မြေကြီးကို တုန်လှုပ်စေနိုင်သည်ဟု ဆိုနိုင်ပေ၏။

သို့သော် ဓားအလင်းတန်း နှစ်ခု တုန်ခါသွားသည်နှင့် ဧရာမ လက်ကြီးသည် ချက်ချင်းပင် စုတ်ပြဲကာ ပြိုကွဲသွားလေသည်။

ထို နဂါးနက်သည်လည်း နာကျင်စွာ အော်ဟစ်ရင်း ဓားအလင်းတန်း၏ ကြိတ်ချေခြင်းကို ခံရကာ အမှုန့်အဖြစ် ကြေမွသွား၏။

ဆန့်ကျင်ဘက်အားဖြင့် ထို အပြန်အလှန် ယှက်နွယ်နေသော ဓားအလင်းတန်း နှစ်ခုမှာမူ ပို၍ပင် ထက်ရှလာလေသည်။

"ခဏ... ခဏနေပါဦး။"

ခပ်ဝဝအဘိုးကြီးသည် ရုတ်တရက် ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ "ကျွန်တော်တို့မှာ ရန်လိုစိတ် မရှိပါဘူး။"

"တာအိုရောင်းရင်း ကျေးဇူးပြုပြီး သက်ညှာပေးပါ။"

ဆံဖြူအဘွားကြီးသည်လည်း အလျင်အမြန် ပြောလိုက်သည်။

ထို ဓားအလင်းတန်း နှစ်ခုသည် သူတို့နှစ်ဦး ရှေ့မှ ခင်းကျင်းထားသော ဝိညာဉ်စွမ်းအင် ကာကွယ်ရေးကို စုတ်ဖြဲပစ်တော့မည် အခိုက်တွင် ရုတ်တရက် ရပ်တန့်သွားပြီး သူတို့နှစ်ဦးကို လှည့်ပတ်ကာ ပျံသန်းနေလေသည်။

တစ်ချိန်တည်းမှာပင် လေးနက်သော အသံတစ်ခု ထွက်ပေါ်လာ၏။ "ခင်ဗျားတို့နှစ်ယောက် ယီလင်မြို့ အပြင်ဘက်ကနေ ကျားလို စောင့်ကြည့်နေပြီးတော့ ရန်လိုစိတ် မရှိဘူးလို့ ပြောသေးတယ်။ ဘယ်သူက ယုံမှာလဲ..."

သူ ရပ်လိုက်ရခြင်း အကြောင်းရင်းမှာ...

အမှန်တကယ် သက်ညှာပေးခြင်း မဟုတ်ပေ။ သူ၏ ဤလျန်ချီးဝိညာဉ်ဓားသည် အမှန်တကယ် မအောင်မြင်သေးဘဲ ဓားသန္ဓေ အဆင့်တွင်သာ ရှိနေသေးသောကြောင့် ဖြစ်သည်။

လျန်ချီးဝိညာဉ်ဓားကို အားကိုးရုံမျှဖြင့် ထိုနှစ်ဦးကို သတ်ဖြတ်ရန်မှာ အနည်းငယ် ခက်ခဲနေသေး၏။ သူ ဓားတာအိုအငွေ့အသက်ကို ထုတ်သုံးမှသာလျှင် အတန်ငယ် ယုံကြည်မှု ရှိပေမည်။

သို့သော် မလွှဲမရှောင်သာသော အခြေအနေသို့ မရောက်လျှင် သူသည် ဓားတာအိုအငွေ့အသက်ကို အလွယ်တကူ ထုတ်သုံးမည် မဟုတ်ပေ။

"တာအိုရောင်းရင်း၊ ကျွန်တော်ကတော့ ထာဝရမင်းဆက် လင်ဝမ်အိမ်တော်က ဘိုးဘေး ဝမ်လင် ပါ။"

"ကျွန်မကတော့ ထာဝရမင်းဆက် ထျန်းယားရှင်းမိသားစုက ဘိုးဘေး ရှင်းနင် ပါ။"

ခပ်ဝဝအဘိုးကြီးနှင့် ဆံဖြူအဘွားကြီးတို့သည် အလျင်အမြန် မိမိကိုယ်ကို မိတ်ဆက်ကြလေသည်။

"လင်ဝမ်အိမ်တော်နဲ့ ထျန်းယားရှင်းမိသားစု ဟုတ်လား။"

လီချန်၏ လေးနက်သော အသံသည် ထွက်ပေါ်လာ၏။ "လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ငါ လင်ဝမ်အိမ်တော်နဲ့ ထျန်းယားရှင်းမိသားစုက လူတချို့ကို သတ်ခဲ့ဖူးသလိုပဲ။ ခင်ဗျားတို့နှစ်ယောက်က လက်စားချေဖို့ လာကြတာတော့ မဟုတ်ပါဘူးနော်။"

"တာအိုရောင်းရင်း ဒီကိစ္စက လုံးဝ နားလည်မှု လွဲတာပါ။ သူတို့က ကိုယ့်သဘောနဲ့ကိုယ် ထျန်းချွမ်းကန္တာရက ပဋိပက္ခမှာ ဝင်ပါခဲ့ကြတာ။ ဒီနေရာမှာ သေသွားတာကလည်း သူတို့နဲ့ ထိုက်တန်ပါတယ်။ ကျွန်တော်နဲ့ တာအိုရောင်းရင်းရှင်းတို့ လာရတဲ့ အကြောင်းရင်းက သူတို့ရဲ့ ရုပ်ကြွင်းတွေနဲ့ သက်သေခံ ကတ်ပြားတွေကို ပြန်ရှာချင်လို့ပါပဲ။"

ခပ်ဝဝအဘိုးကြီးက အလျင်အမြန် ပြောလိုက်သည်။

ဝမ်ချင်းတို့ အုပ်စု ဤနေရာတွင် ကျဆုံးသွားသည်မှာ အံ့ဩစရာ မရှိတော့ပေ။ ဝိညာဉ်ဓားပင် ပိုင်ဆိုင်ထားသော ဤမျှ အစွမ်းထက်သည့် ပုဂ္ဂိုလ်မျိုးကို လင်ဝမ်အိမ်တော်နှင့် ထျန်းယားရှင်းမိသားစုတို့က ဘယ်လိုများရန်စရဲမှာလဲ။

ဝိညာဉ်ဓား ပိုင်ဆိုင်နိုင်သော ထာဝရအသက်ရှင်ခြင်းလျှို့ဝှက်နယ်ပယ် ကျွမ်းကျင်သူသည် ထာဝရမင်းဆက် တစ်ခုလုံးကို ကြည့်လျှင်ပင် ဒေသတစ်ခု၏ အကြီးအကဲတစ်ဦးအဖြစ် သတ်မှတ်နိုင်လေပြီ။

ဤမျှ အစွမ်းထက်သော ပုဂ္ဂိုလ်သည် ဘာအတွက်ကြောင့် ဤမျှ သေးငယ်သော မြို့လေးထဲတွင် ပုန်းအောင်းနေရသည်ကို မသိနိုင်သော်လည်း...

သူ့ထံတွင်မူ လက်စားချေလိုစိတ် မရှိတော့ပေ။ မည်သို့ အသက်ရှင်လျက် ပြန်လည် ထွက်ခွာသွားနိုင်မည်ကိုသာ တွေးတောနေလေသည်။

"ရုပ်ကြွင်းတွေကိုတော့ ငါ လွှင့်ပစ်လိုက်ပြီ။ သက်သေခံ ကတ်ပြားတွေကတော့... ခင်ဗျားတို့ကို ပြန်ပေးလိုက်လို့လည်း ဘာမှမဖြစ်ပါဘူး။"

လီချန်က တည်ငြိမ်စွာ ပြောလိုက်သည်။

သူသည်လည်း ဝိညာဉ်ဓားသန္ဓေ နှစ်ခုက ဤမျှ အသုံးဝင်လိမ့်မည်ဟု မမျှော်လင့်ထားမိပေ။ ဤလူနှစ်ဦးကို အလွယ်တကူပင် ခြိမ်းခြောက်နိုင်ခဲ့ပါသေသည်။

ကြည့်ရသည်မှာ ဝိညာဉ်လက်နက်သည် အမတနယ်မြေတွင် အရေးပါမှုမှာ တကယ်ကိုသာမန်မဟုတ်လှပေ။

သို့သော် စဥ်းစားကြည့်လျှင်လည်း ပုံမှန်ပင် ဖြစ်သည်။

ဝိညာဉ်လက်နက် သန့်စင်နိုင်သူများသည် အားလုံး ထာဝရအသက်ရှင်ခြင်းလျှို့ဝှက်နယ်ပယ် ကျွမ်းကျင်သူများ ဖြစ်ကြသည်။

ထို့အပြင်... မိမိသည် ဝိညာဉ်ဓား နှစ်လက် တစ်စုံလုံးကို သန့်စင်နေခြင်း ဖြစ်သည်။

နောက်တစ်ခဏတွင် သူ လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ ကတ်ပြား(ကျောက်စိမ်းပြား) အနည်းငယ် ပျံသန်း ထွက်သွားလေသည်။

ယီလင်မြို့ အပြင်ဘက်မှ ခပ်ဝဝအဘိုးကြီးနှင့် ဆံဖြူအဘွားကြီးတို့သည် ပျံသန်းလာသော ကတ်ပြားများကို ကြည့်ရင်း အလျင်အမြန် ဖမ်းယူလိုက်ကြသည်။

"သက်သေခံ ကတ်ပြားတွေ ပြန်ပေးတဲ့အတွက် တာအိုရောင်းရင်းကို ကျေးဇူးတင်ပါတယ်။ တာအိုရောင်းရင်းရဲ့ နာမည်ဂုဏ်ပုဒ်ကို သိလို့ရမလား။"

ခပ်ဝဝအဘိုးကြီးက အလျင်အမြန် ပြောလိုက်သည်။

အမှန်တကယ်တွင် ဤ သက်သေခံ ကတ်ပြားများကို ပြန်ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ အရေးမကြီးလှပေ။

၎င်းသည် အရှက်ပြေ ဆုတ်ခွာရန် အကြောင်းပြချက် တစ်ခုမျှသာ ဖြစ်သည်။

ဤမြို့ထဲမှ အစွမ်းထက် ပုဂ္ဂိုလ်နှင့် ရန်သူဖြစ်ဖို့တော့ မကောင်းပေ။ သူတို့နှစ်ဦးသည် ထျန်းချွမ်းကန္တာရမှ အသက်ရှင်လျက် ထွက်ခွာသွားချင်သေးသည်။

လင်ဝမ်အိမ်တော်နှင့် ထျန်းယားရှင်းမိသားစု၏ အဓိကကျောရိုးများ ဖြစ်သည့်အလျောက် အကယ်၍ သူတို့ ဤနေရာတွင် ကျဆုံးသွားခဲ့ပါက ထို မိသားစု နှစ်ခုလုံး၏ ကောင်းကင်ကြီး ပြိုကျသွားပေလိမ့်မည်။

"လောကအပြင်က လူတစ်ယောက်ပါ။ နာမည်ဂုဏ်သတင်း မရှိတော့ မပြောတာပဲ ကောင်းပါတယ်။"

လီချန်က တည်ငြိမ်စွာ ပြောလိုက်၏။

"တာအိုရောင်းရင်း၊ ဒါဆိုရင် ကျွန်တော်တို့နှစ်ယောက် အရင် နှုတ်ဆက်ခွင့်ပြုပါ။"

ခပ်ဝဝအဘိုးကြီးက လက်အုပ်ချီကာ ပြောလိုက်သည်။

"လိုက်မပို့တော့ဘူး။"

ထိုနှစ်ဦး ကြားပြီးနောက် ချက်ချင်းပင် လှည့်ထွက်သွားကြလေသည်။

ယီလင်မြို့နှင့် အတော်အတန် ဝေးကွာသွားပြီး။ နှစ်ဦးစလုံး အန္တရာယ်ကင်းမှသာလျှင် သက်ပြင်းရှည် တစ်ချက် ချနိုင်ကြလေသည်။

သို့သော် ယီလင်မြို့ အပြင်ဘက်မှ သူတို့နှစ်ဦး၏အပြုအမူကို ပြန်တွေးမိကြသောအခါ အနည်းငယ် အရှက်ရသည်ဟု ခံစားမိကြသဖြင့် အချင်းချင်း တစ်ချက် ကြည့်လိုက်ကြရာ အရာအားလုံးသည် စကားလုံး မလိုအပ်ဘဲ နားလည်သွားကြ၏။

ဒီကိစ္စ အပြင်ကိုပေါက်ကြားလို့လုံးဝမဖြစ်ဘူး။

ဘာမှမဖြစ်ခဲ့သလိုပဲ သဘောထားလိုက်ကြတာပေါ့။

.......

တာအိုကျောင်းတော်အတွင်း။

လီချန်သည်လည်း လင်ဝမ်အိမ်တော်နှင့် ထျန်းယားရှင်းမိသားစုမှ အဆင့်မြင့်ဆုံးကျွမ်းကျင်သူ နှစ်ဦးကို ဤမျှ လွယ်ကူစွာ မောင်းထုတ်နိုင်လိမ့်မည်ဟု မမျှော်လင့်ထားမိပေ။

ထိုနှစ်ဦးသည် အခက်အခဲကို သိ၍ ဆုတ်ခွာသွားပြီ ဖြစ်ရာ သူသည်လည်း မသတ်ဘဲနေလို့ရလျှင် မသတ်လိုသော သဘောထားကို ကိုင်စွဲထား၏။

မည်သို့ပင်ဖြစ်စေ ဤသည်မှာ အန္တရာယ်ရှိသော ကိစ္စ ဖြစ်သည်။

အကယ်၍ သူ၏ဝိညာဉ်ဓား နှစ်လက်သည် ဓားသန္ဓေမျှသာ ဖြစ်ကြောင်း ပေါ်သွားခဲ့ပါက ဤလူနှစ်ဦးတွင် အခြားသော အတွေးအကြံများ ရှိလာနိုင်ပေသည်။

"လင်ဝမ်အိမ်တော်က လင်ဝမ်အသစ်ကို ငါ သတ်လိုက်ပြီ။ ဝမ်ဝမ် ပြန်သွားတဲ့အခါ လင်ဝမ်နေရာကို ဆက်ခံနိုင်ဦးမလား မသိဘူး။"

လီချန်သည် ရုတ်တရက် စိတ်ထဲတွင် အတွေးတစ်ခု ဝင်လာ၏။

သူသည် ရုတ်တရက် အသက်ပြကျောက်စိမ်းပြား တစ်ခုကို ထုတ်ယူလိုက်သည်။ ဤသည်မှာ ထို လင်ဝမ် ဝမ်ချင်း၏ သိုလှောင်ပစ္စည်း အတွင်းမှ ရရှိခဲ့ခြင်း ဖြစ်သည်။

အသက်ပြကျောက်စိမ်းပြားပေါ်မှ အချက်အလက်များအရ ၎င်းသည် ဝမ်ဝမ် ထားခဲ့သော အသက်ပြကျောက်စိမ်းပြားပင်။

အသက်ပြကျောက်စိမ်းပြားသည် ကောင်းမွန်စွာ ရှိနေသဖြင့် ဝမ်ဝမ်သည်လည်း ကောင်းမွန်စွာ အသက်ရှင်နေသေးကြောင်း ထင်ရှားလှသည်။

တကယ်တော့ သူသည် စောနက ဤ အသက်ပြကျောက်စိမ်းပြားကို ထို ခပ်ဝဝအဘိုးကြီးထံ ပေးအပ်လိုက်ရန် အတွေး ရှိခဲ့သည်။

သို့သော် သူ နောက်တစ်မျိုး ပြန်စဥ်းစားမိရာ ထိုသို့ ပြုလုပ်ခြင်းသည် အန္တရာယ် မသေးလှပေ။

နောက်ပိုင်း ဝမ်ဝမ် ပြန်ရောက်လာမှ သူမထံ ပေးလိုက်လျှင် ရပေမည်။

"နောက်ဆိုရင် သေချာ ကျင့်ကြံပြီး လျန်ချီးဝိညာဉ်ဓားကို အမြန်ဆုံး အောင်မြင်အောင် သန့်စင်ရမယ်။"

လီချန်သည် အသက်ပြကျောက်စိမ်းပြားကို ပြန်လည် သိမ်းဆည်းလိုက်ပြီး သူ့ဘာသာရေရွတ်လိုက်၏။

လျန်ချီးဝိညာဉ်ဓားကို အောင်မြင်စွာ သန့်စင်နိုင်မှသာလျှင် သူ ယီလင်မြို့မှ ထွက်ခွာသွားလျှင်တောင်မှ လုံလောက်သော ယုံကြည်မှု ရှိပေလိမ့်မည်။

လျန်ချီးဝိညာဉ်ဓားကို ကောင်းကင်ဘုံစတုတ္ထဓားကွက်နှင့် ဓားတာအိုအငွေ့အသက်တို့ဖြင့် ပေါင်းစပ်လိုက်ပါက အစွမ်း မည်မျှ ပြင်းထန်လာမည်ကို သူကိုယ်တိုင်ပင် မသိနိုင်ပေ။

ဤအခိုက်အတန့်တွင် သူ့နှလုံးသားထဲ၌ အလွန်အမင်း မျှော်လင့်တကြီး ဖြစ်နေလေသည်။

ရုတ်တရက်။

လီချန်၏ စိတ်အာရုံ လှုပ်ရှားသွားပြီး အချိန်ခေါင်းလောင်းထဲမှ ဝိညာဉ်စွမ်းအင်ကို ဆွဲယူကာ လျန်ချီးဝိညာဉ်ဓား၏ ဓားသန္ဓေများကို စတင် သန့်စင်မွမ်းမံလေတော့သည်။

အချိန်အတော်ကြာပြီးနောက်။

သူ မျက်လုံး ဖွင့်လိုက်ပြီး ဓားသန္ဓေ နှစ်ခု အနည်းငယ် ပိုမို အားကောင်းလာသည်ကို ခံစားမိသောအခါ သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်ထွက်လာ၏။

ထို့နောက် သူသည် တာအိုကျောင်းတော် အလယ်တွင် စိုက်ထူထားသော ကောင်းကင်ဘုံဓား တာအိုကျောက်တိုင်၏ ရှေ့သို့ ရောက်လာပြီး ချက်ချင်းပင် တင်ပျဉ်ခွေ ထိုင်ချကာ ဓားတာအိုအငွေ့အသက်ကို စတင် လေ့လာစမ်းစစ်လေသည်။

ကောင်းကင်ဘုံဓား တာအိုကျောက်တိုင်ကဲ့သို့သော တာအိုအငွေ့အသက် ရှိနေပြီးနောက် သူ၏ ဓားတာအိုအငွေ့အသက် နားလည် သဘောပေါက်နိုင်စွမ်းမှာ ယခင်ကထက် မည်မျှ ပိုမို မြန်ဆန်လာသည်ကို မသိနိုင်တော့ပေ။

သို့သော်... သူသည် ပြဿနာ တစ်ခုကို သတိပြုမိလိုက်သေးသည်။

သူ၏ ဓားတာအိုအငွေ့အသက် ပိုမို အားကောင်းလာသည်နှင့်အမျှ ဤ ကောင်းကင်ဘုံဓား တာအိုကျောက်တိုင်ပေါ်မှ တာအိုအငွေ့အသက် အငွေ့အသက်များသည်လည်း တဖြည်းဖြည်း အားနည်းလာပုံ ပေါ်၏။

ဤ ကောင်းကင်ဘုံဓား တာအိုကျောက်တိုင်ပေါ်မှ တာအိုအငွေ့အသက်သည် အဆုံးအစ မရှိသော အရာ မဟုတ်ဘဲ ကန့်သတ်ချက် တစ်ခု ရှိနေလေသည်။

အကယ်၍ သူသာ အတိုင်းအတာ တစ်ခုအထိ နားလည် သဘောပေါက်သွားခဲ့ပါက ဤ ကောင်းကင်ဘုံဓား တာအိုကျောက်တိုင်ပေါ်မှ တာအိုအငွေ့အသက်သည် သူစုပ်ယူသည်ကို အပြည့်အဝခံလိုက်ရနိုင်သည်။

***

All Chapters