တောင်ဖြိုခွင်းကြွက်
Vol. 1 Ch. 105
"ဝှစ် .... "
ကျန်းရီသည် ချိုင့်ဝှမ်းကို ဖြတ်၍ အားကုန် ပြေးလာခဲ့သည်။ နေရာ တစ်ခုလုံးသည် ပိန်းပေါက်အောင် မှောင်နေရာ ကျန်းရိ ပထမဆုံး လုပ်သည်ကား အနက်ရောင် အတွင်းအား တစ်မျှင်ကို မျက်လုံးထံ ပို့လိုက်ခြင်း ဖြစ်သည်။ ယခုမူ သူသည် ချိုင့်ဝှမ်း တစ်ခုလုံးကို နေ့လယ်နှင့် မခြား ရှင်းရှင်းလင်းလင်း မြင်နေရပြီ ဖြစ်သည်။
သူသည် ပြေးလွှားနေရင်း ဆံပင်ကို ဖြေချလိုက်ပြီး ချမ်ဝမ်ကွမ် သူ့ကို ပေးထားသော မျက်နှာဖုံးကို ဝတ်ဆင် လိုက်သည်။ သူ၏ အသွင်အပြင်သည် လုံးဝကို ပြောင်းလဲ သွားခဲ့ပြီ ဖြစ်သည်။
သူ့စိတ်သည် အလျင်အမြန် အလုပ်လုပ် နေခဲ့သည်။ သူသည် အကြောင်းအရာ အားလုံးကို ဆက်စပ်ရန် အချိန်အနည်းငယ် ယူလိုက်သည်။ ယခုမူ သူသည် အသက်ရှင်ရန် ပို၍ ယုံကြည်ချက် ရှိလာပြီ ဖြစ်သည်။
ရန်သူသည် အရာရာကို ကြိုတင်၍ တွက်ချက်ပြီးမှ ပြင်ဆင်ထားသည်မှာ ထင်ရှားသည်။ ဤချိုင့်ဝှမ်းသည် မူလတည်းက လုပ်ကြံရန် နေရာအဖြစ် သတ်မှတ်ထားခြင်း ဖြစ်ရပေမည်။ ရန်သူသည် အရင်ဆုံး နတ်ဆိုးသားရဲ သုံးကောင်ကို စေလွှတ်၍ ကျောင်းအုပ် သုံးယောက်ကို အာရုံလွှဲကာ ဆူပူမှုကို ဖန်တီးသည်။ ရုတ်ရုတ်သဲသဲ ဖြစ်ချိန်တွင် သူ့ကိုသတ်ရန်
လုပ်ကြံသူများ စေလွှတ်မည်။
ရန်သူများသည် အဆင့်ဆင့် အကွက်ချထားရာ ပေါ်ပေါ်ထင်ထင် မတိုက်ခိုက် ရဲသည်မှာ ထင်ရှားသည်။ ထို့ကြောင့် လုက်ကြံသူ အရေအတွက် သည်လည်း အကန့်အသတ် ရှိလိမ့်မည် ဖြစ်ပြီး စိတ်ဝိညာဉ် မျောလွင့် ခရီးသည် အဆင့်များ မပါလောက်ပေ။ မဟုတ်လျှင် အရာရာသည် ထင်ရှား လွန်းနေပြီး ကျန်းရီ၏ သေဆုံးမှုသည် သံသယဖြစ်ဖွယ် ကောင်းလာ ပေလိမ့်မည်။ သို့ဆိုလျှင် အနောက်ဘက် နယ်စပ်မြို့စား လော့ကဲအရှင်ကို အသိပေးလိုက်သလို ဖြစ်သွားပေလိမ့်မည်။
လုပ်ကြံသူ အရေအတွက် အများမဟုတ်လျှင် သူအသက်ရှင်နိုင်ချေ ပိုမြင့်ပေသည်။ လက်ရှိ အခြေအနေတွင် သူသည် အရေပြားအတုနှင့် မျက်နှာဖုံးကို ဝတ်ဆင် ထားသည်။ လုပ်ကြံသူများသည် သူ့ကို ခဏလေးနှင့် မတွေ့နိုင်လောက်ပေ။ ထို့ပြင် အနီးအနားတွင် ဆရာများနှင့် အစောင့်များလည်း ရှိသေးသည်။ လုပ်ကြံသူများ လှုပ်ရှား လိုက်သည်နှင့် အားလုံးသည် သိသွားကြမည် ဖြစ်သည်။
ကျန်းရီသည် ချိုင့်ဝှမ်း အပြင်ဘက်ကို လှမ်းကြည့်လိုက်သည်။ ကျောင်းအုပ် သုံးယောက်သည် ချိုင့်ဝှမ်း အပြင်ဘက်တွင် ရှိနေသည်။ သူသာ လုပ်ကြံသူများ သူ့ထံ ရောက်မလာခင် ကျောင်းအုပ်များဆီ အရင်ရောက်သွားလျှင် ဘေးကင်းနိုင်ပေသည်။
သို့သော် စိတ်ကူးသည် ကောင်းမွန် လွန်းသော်လည်း အမှန်တရားသည် ရက်စက် လှပေသည်။
"ဘန်း .... "
ချိုင့်ဝှမ်းတွင်းမှ ရှေ့ဘက်ရှိ ရထားလုံး တစ်ခုသည် လွင့်ထွက် သွားခဲ့သည်။ ရထားလုံး အတွင်းမှ ကျောင်းသားများ၏ အော်သံများသည် လေထုကို ဖြတ်၍ ထွက်ပေါ်လာခဲ့သည်။ ဆရာများ၏ အော်သံများသည်လည်း ထွက်ပေါ်လာခဲ့ပြီး ကျောင်းသားများသည်လည်း ရှေ့ရှိ မြင်ကွင်းကို ထိတ်လန့်စွာ ကြည့်နေခဲ့ကြသည်။
မြေထဲမှ ကြောက်စရာ နတ်ဆိုးသားရဲ တစ်ကောင်သည် ထွက်ပေါ်လာခဲ့ပြီး ရထားလုံး တစ်ခုလုံးကို ကိုင်မြှောက် လိုက်သည်။ ၎င်း၏ ပါးစပ်သည် ပွင့်ဟလာကာ မြင်းတစ်ကောင်နှင့် ကျောင်းသား တစ်ဦးကို တစ်စစီဖြစ်အောင် ကိုက်ဖြတ်လိုက်သည်။ လေထုထဲတွင် သွေးများ ပန်းထွက်လာပြီး ခြေပြတ်၊ လက်ပြတ် များသည် ပြန့်ကျဲသွားခဲ့သည်။ အခြားကျောင်းသားများသည် မြေပေါ်သို့ ကျလာသောအခါ မျက်နှာများသည် သွေးများဖြင့် ဖုံးလွှမ်းနေခဲ့ပြီး သူတို့သည် တဆတ်ဆတ် တုန့ယင်နေကာ ထွက်ပြေးရမည်ကို မေ့လျော့နေကြသည်။
"ဒုတိယအဆင့် နတ်ဆိုးသားရဲ၊ တောင်ဖြိုခွင်းကြွက် .... .... ကျောင်းသား အားလုံး .... နောက်ဆုတ်ကြ .... "
ဆရာတစ်ယောက်သည် အရင်ဆုံး သတိဝင်လာကာ နတ်ဆိုးသားရဲထံ ပြေးသွားခဲ့သည်။ အခြားဆရာများနှင့် အစောင့်များသည်လည်း အလျင်အမြန် ပြေးသွားကြသည်။ အနီးရှိ ကျောင်းသားများသည် ရုတ်ရုတ်သဲသဲ ဖြစ်နေခဲ့ကြသည်။ ရထားလုံးကို ဆွဲကြသော စစ်မြင်းများသည်လည်း အငြိမ် မနေကြတော့ပေ။ သူတို့သည် ခွာများကို မြှောက်၍ ဟီသံ ပြုကာ အရပ်ပေါင်းစုံသို့ ထွက်ပြေး ကုန်ကြသည်။ ကျောင်းသူ အများစုသည် ခြေထောက်များပင် ပျော့ခွေ သွားသည် အထိ အော်ဟစ် နေကြသည်။ လူအများစုသည် ထွက်ပြေးရန် ပြုကြသော်လည်း အရှေ့ရော၊ အနောက်ရော နှစ်ဖက်လုံးသည် ရထားလုံးများ၊ လူမျဖြင့်သာ ပြည့်နေသည်ကို တွေ့ရှိလိုက်ရသည်။
ကျန်းရီသည် ချောက်ကမ်းပါး တစ်ခုထက်တွင် ရပ်နေခဲ့သည်။ သူသည် လေးနက်သော မျက်နှာထားနှင့် အရာရာကို အကဲခတ် နေလိုက်သည်။ အခြေအနေများသည် သူထင်ထား သည်ထက်ပင် ဆိုးဝါးသေးသည်။ ရန်သူများသည် သူထင်ထားသည်ထက် ပို၍ ဉာဏ်ကောင်း ပေသည်။ တောင်ဖြိုခွင်း ကြွက်ဖြင့် အခြေအနေ တစ်ခုလုံးကို ထိန်းချုပ်ထားပြီး ဆရာများနှင့် အစောင့်များကိုပါ ရုတ်ရုတ်သဲသဲ ဖြစ်နေစေသည်။ သူတို့သည် သူ့ကို ရှာ၍ သတ်ဖြတ်ရန် လွယ်ကူသွားပြီ ဖြစ်သည်။
လုပ်ကြံသူများသည် မည်သည့် ကျင့်ကြံဆင့်တွင် ရှိ၍ မည်သည့် စွမ်းရည်များ ရှိသည်ကို သူမသိပေ။ သူသိသည်ကား သူလွတ်မြောက်ရမည်။ ဤတောင်ကြားမှ ထွက်ပြေးရပေမည်။ ထိုနည်းလမ်းကသာ သူ့အား အသက်ရှင်နိုင်စေသည်။
"ဝှစ် .... "
သူသည် တုံ့ဆိုင်း မနေတော့ပေ။ သူရှေ့ရှိ ကျောင်းသားများကိုလည်း ဂရုစိုက်မနေတော့ပေ။ သူသည် နောက်ထပ် တွေးမနေတော့ပဲ တောင်ဖြိုခွင်း ကြွက်ထံ ပြေးသွားလိုက်သည်။
***
ကျန်းရီ မှန်သွားခဲ့သည်။ တောင်ဖြိုခွင်းကြွက် ပေါ်လာသည်နှင့် အရိပ်ဆယ်ခုသည် ချောက်ကမ်းပါးများမှ ကြိုးနှင့် တွယ်၍ ဆင်းလာခဲ့သည်။ သူတို့အားလုံးသည် အစောင့်များနှင့် ဆင်တူသော အနက်ရောင် သံချပ်ကို ဝတ်ဆင် ထားကြသည်။ အမှောင်၏ အကာအကွယ်နှင့် ဆိုလျှင် သူတို့သည် အစောင့်များနှင့် အတူတူဟုပင် ထင်ရမည် ဖြစ်သည်။ ထိုလူဆယ်ယောက်သည် တောင်ကြားကို အမြန်ဆုံးအရှိန်နှင့် ဖြတ်သန်းလာ၍ ကျန်းရီထိုင်နေသည် ထင်ရသော ရထားလုံးထံ ပြေးသွားခဲ့သည်။ သူတို့သည် ကျန်းရီ၏ လှည်းကို သိထားပြီး ဖြစ်ဟန်တူသည်။
သူတို့သည် ရထားလုံး၏ ခန်းဆီးစကို ဆွဲဖွင့်လိုက်သောအခါ ဘာမှ မရှိတော့သည်ကို တွေ့လိုက်ရသည်။ ခေါင်းဆောင်သည် လက်ပြလိုက်သည်။
"လူခွဲပြီးရှာကြ .... .ငါတို့တစ်နာရီ အတွင်းမတွေ့ရင် ချက်ချင်းပြန်ဆုတ်ရမယ် .... မှတ်ထားကြ .... ပစ်မှတ်က ဘယ်လို ရုပ်ဖျက်ရမယ်ဆိုတာ သိတယ် .... ဒါပေမဲ့ သူ့အသက် အရွယ်နဲ့ သဏ္ဌာန်သုံးဆင့် အသွင်ပြောင်းခြင်း ဆဋ္ဌမအဆင့်က အယောက်နှစ်ဆယ်ထက် ပိုမရှိဘူး .... လိုအပ်လာရင် သူ့ကို လွတ်သွားစေမယ့် အစား လူမှားပြီး သတ်လိုက်လည်း အဆင်ပြေတယ်"
လူဆယ်ယောက်သည် အုပ်စု နှစ်ခု ခွဲလိုက်သည်။ တစ်ဖက်သည် ကျန်းရီ ပြေးသွားသည့် ဘက်သို့ ဦးတည်လိုက်ကြပြီး ကျန်တစ်ဖွဲ့သည် ပို၍ မှောင်မည်းသော နေရာများသို့ ဦးတည် လိုက်ကြသည်။ ထိုလူများသည် ကျွမ်းကျင်သော လုပ်ကြံသူများ ဖြစ်သည်မှာ သေချာပေါက်ပင်။ သူတို့သည် အဖွဲ့လိုက်မသွားပဲ အရာရာကို သေချာ စစ်ဆေး နေလေသည်။ လေးယောက်သည် အရှေ့မှ အမြန် ပြေးသွားပြီး အသေးစိတ် စစ်ဆေးရန် တစ်ယောက်ကို နောက်တွင် ချန်ထားရစ်သည်။ လမ်း၏ အပိုင်းအခြား တစ်ခုစီတိုင်းတွင် သူတို့သည် နောက်တွင် လူတစ်ယောက်စီကို ထားခဲ့ပြီး ကျန်လူများသည် ရှေ့ဆက်တိုးကာ လူစုခွဲလိုက်ကြသည်။
ကျန်းရီသည် လက်ရှိတွင် တောင်ဖြိုခွင်း ကြွက်၏ အနီးသို့ ရောက်ရှိနေခဲ့သည်။ အနီးတွင် ကျောင်းသား အနည်းငယ်နှင့် အတော် ထိတ်လန့်နေကြသော ကျောင်းသူ အနည်းငယ်သာ ရှိသည်။ သူတို့သည် ဆရာများ၏ အော်သံများကို လျစ်လျူရှုထားကာ မြေပေါ်တွင် အကျအနထိုင်၍ အန်နေကြသည်။
စိတ်ဓာတ် ပျော့ညံ့နေပါက ခွန်အားကို ဘယ်လို သုံးမည်နည်း ....
ကျန်းရီသည် သက်ပြင်း ချလိုက်သည်။ သူသည် ပုန်းနေသော ရထားလုံးထဲမှာ ထွက်ကာ ဟိုဟိုသည်သည် ကြည့်လိုက်သည်။ သူသည် လူအုပ်ကို ဖြတ်သွားရန် ပြင်ဆင်နေသည်။ အရင်ဆုံး ဆရာများနှင့် တောင်ဖြိုခွင်း ကြွက်ကို ကျော်၍ သွားရပေမည်။ သူသာ ကျော်ဖြတ်နိုင်လျှင် အတော်လေး ဘေးကင်းသွားပြီဟု ဆိုနိုင်ပေသည်။
"ဝှစ် .... "
နောက်ဘက်မှ အသံများ ထွက်ပေါ်လာခဲ့သည်။ ကျန်းရီသည် လှည့်ကြည့်လိုက်သော် အစောင့်များကို တွေ့လိုက်ရသည်။ ထိုလူများသည် အနောက်ဘက်မှ အစောင့်ခေါင်းဆောင်က စေလွှတ်လိုက်ခြင်း ဖြစ်ဟန်တူသည်။ အားလုံးသည် ခရမ်းရောင် နန်းတော်ရှင် အမြင့်ဆုံးအဆင့်များ ဖြစ်ကြသည်။
"အမ် .... .... "
ကျန်းရီသည် ထိုလူများနောက်မှ ပြေးလိုက်သွားရန် ပြင်လိုက်သည်။ သူသည် အစောင့်အဖွဲ့၏ နောက်ဆုံး အဖွဲ့ဝင်ကို သတိထားမိသောအခါ တုန်လှုပ်သွားခဲ့သည်။ ထိုအစောင့်သည် ကျောင်းသားတိုင်းကို သေချာ ကြည့်နေခဲ့ပြီး မျက်လုံးများတွင် သတ်ချင်သော အရှိန်အဝါများ ခိုအောင်းနေခဲ့သည်။
ဘယ်အစောင့်က ကျောင်းသားတွေ စစ်ဆေးမှာလဲ ....
လုပ်ကြံသူ .... ....
ကျန်းရီ၏ ကိုယ်သည် တုန်ယင်သွားခဲ့ပြီး နဖူးမှ ချွေးစေးများ စီးကျလာခဲ့သည်။ သူသာ အနက်ရောင် အတွင်းအားကို သုံး၍ အမြင်အာရုံကို တိုးမြှင့် မထားပါလျှင် သူသည် သေချာ မမြင်ရသောကြောင့် ထိုအစောင့်မူမမှန်မှုကို သတိထားမိမည် မဟုတ်ပေ။ ထိုအချိန်တွင် သူသာ အလျင်စလိုနှင့် ပြေးထွက် သွားပါလျှင် ဘာဖြစ်လိုက်မှန်း မသိလိုက်ပါဘဲနှင့် သေသွားမည် ဖြစ်သည်။
"ဟက် .... မင်းမှာ ဘယ်လို အဆင့်အတန်းပဲရှိရှိ .... မင်းက ငါ့ကို သတ်ချင်တယ်ဆိုရင် အသတ်ခံရဖို့လည်း ပြင်ဆင် ထားသင့်တယ် .... "
ကျန်းရီ၏ နှုတ်ခမ်း ထောင့်စွန်းသည် ကွေးတက် သွားခဲ့သည်။ သူသည် အနက်ရောင် အတွင်းအား တစ်မျှင်ကို နားဆီ ပို့ဆောင် လိုက်သည်။ ကျန်းရီသည် ထိုလူကို ကြည့်မနေတော့ဘဲ တောင်ဖြိုခွင်း ကြွက်ဆီသာ ကြည့်နေလိုက်သည်။ ကျန်းရီသည် ရထားလုံးတစ်ခု၏ နောက်ဘက်တွင် ပုန်းအောင်းလိုက်ကာ သူ၏ နောက်ကျောကို ထိုလုပ်ကြံသူမြင်စေရန် တမင်ပြထားလိုက်သည်။
"အမ် .... .... သဏ္ဌာန်သုံးဆင့် အသွင်ပြောင်းခြင်း ဆဋ္ဌမအဆင့် .... သူရဲ့ ပုံစံကလည်း ပစ်မှတ်နဲ့တူနေတယ်"
အနက်ရောင် အတွင်းအားကို အသုံးပြု ထားသောကြောင့် ကျန်းရီသည် ထိုလူပြောသမျှကို ရှင်းရှင်းလင်းလင်း ကြားနေရသည်။
"ဝှစ် .... "
ထိုလူသည် ကျန်းရီ၏ ကျောကို စိုက်ကြည့်ရင်း ပြေးလာခဲ့သည်။ သူကျန်းရီနှင့် ဆယ်ပေခန့် အကွာသို့ ရောက်သောအခါ ရက်စက်စွာ ပြုံးလိုက်သည်။ သူသည် ကျန်းရီထံ တိတ်ဆိတ်စွာ ပြေးလာခဲ့ပြီး သူ၏ လက်သည်းများကို သုံးကာ ကျန်းရီ၏ နောက်ကျောအား ကုတ်ချလိုက်သည်။