အိမ်ရောင်းခြင်း
Vol. 18 Ch. 380
"မဟုတ်ရင်..."
စကားက မထွက်ရသေးမီမှာပင် သူ့ဇနီးလေးသည်၏ အကြည့်တစ်ချက်ကြောင့် တားဆီးခြင်း ခံလိုက်ရ၏။
"သခင်မလေးလင်းက အဖေ့ကို သာ့ရှီရွာကနေ ထွက်သွားခိုင်းတာ မဟုတ်ဘူး၊ အကြီးဆုံးအိမ်နဲ့ ဒုတိယအိမ်ကလည်း အဖေ့ကို ဂရုစိုက်မယ့် သဘောမရှိဘူး။ မျက်စိရှေ့က ဒီအခြေအနေမှာ အဖေ တစ်ယောက်တည်းက အမေနဲ့ လောင်ဝူရဲ့ နောက်ဆုံးကိစ္စတွေကို ဖြေရှင်းနိုင်မှာ မဟုတ်ဘူး။ ရှင် သွားကူညီမယ်ဆိုရင် ကျွန်မ ပြောစရာ စကား မရှိဘူး။
မဟုတ်ရင် အဲ့ဒီအချိန်ကျရင် ကိစ္စတွေ အပြင်ကို ပေါက်ကြားသွားရင် ကျွန်မတို့လင်မယားနှစ်ယောက်လည်း မျက်နှာပြရခက်လိမ့်မယ်။ ဒါပေမဲ့ ဒီထက် ပိုသွားရင်တော့ ထားလိုက်ပါတော့"
ဤနေရာသို့ ပြောရင်း လင်းလောင်စစ်၏ ဇနီးက လင်းလောင်စစ်ကို ကြည့်သော အကြည့်သည် အနည်းငယ် အေးစက်သွား၏။
"တကယ်သာ အဖေ့ကို အိမ်မကြီးနဲ့ လောင်ဝူရဲ့ အိမ်ကို ရောင်းခိုင်းလိုက်ရင် အဲ့ဒီအချိန်ကျရင် ရှင်က သူ့ကို ဘယ်မှာ နေခိုင်းမှာလဲ။ ကျွန်မတို့တွေနဲ့ အတူတူ နေခိုင်းမှာလား။ ကျွန်မတို့အိမ်က အခု အပြင်မှာ အကြွေးတင်နေသေးတာကို အသာထားဦး။ လူတစ်ယောက် ပိုလာရင် ဝန်ထုပ်ဝန်ပိုး တစ်ခု ပိုလာလိမ့်မယ်။ အရေးကြီးတာက ရှင်တို့အဖေက ဘယ်လို စရိုက်သဘာဝလဲဆိုတာ ရှင့်စိတ်ထဲမှာ အသိဆုံး"
သူတို့သည် မလွယ်ကူဘဲ လင်းမိသားစုနှင့် လွတ်မြောက်ခါနီးနေပြီ ဖြစ်၏၊ ယခု အဘိုးကြီးကို အိမ်အသစ်သို့ ထပ်မံ ခေါ်ဆောင်သွားလျှင် အိမ်ကို မပြေလည်နိုင်အောင် ပြဿနာ ရှာစေလိုသလော။
ထိုအချိန်ကျလျှင် အဘိုးကြီးက သူတို့ မိသားစုတစ်စုလုံးကို နှိပ်စက်ရုံမျှမကပေ။ မတော်တဆ လျိုမိသားစုကို သွားရောက် ရန်စမိပါက သူတို့ကို ဒီရွာမှာဆက်နေခွင့်ပြုပါဦးမလား။
ဤသို့ တွေးမိသော် လင်းလောင်စစ်၏ဇနီး၏ အမူအရာသည် ပို၍ပင် ခိုင်မာသွား၏။
ဤတစ်ချက်အပေါ်တွင် သူမ လုံးဝ အလျှော့ပေးမည် မဟုတ်ပေ။
လင်းလောင်စစ်သည် သူ့ဇနီး ပြောသည်မှာ အကြောင်းပြချက်ခိုင်မာမှန်း သိသဖြင့် ဇနီး၏ အေးစက်သော မျက်နှာကို ရင်ဆိုင်ရသော်လည်း ဒေါသမထွက်ဘဲ ပို၍ပင် အပြစ်ရှိသလို ခံစားလိုက်ရ၏။
"ကောင်းပြီ၊ ဒီကိစ္စ မင်းပြောတဲ့အတိုင်း လုပ်မယ်" ဟု ပြောလိုက်သည်။
လင်းလောင်စစ်၏ဇနီးသည် ထိုစကားကို ကြားမှ မျက်နှာထက်တွင် အပြုံး ပေါ်လာ၏။
"ဒါပေမဲ့ လောလောဆယ်တော့ အိမ်မကြီးဘက်ကို ငါပဲ သွားကူညီလို့ ရတော့မယ်။ အိမ်မကြီးမှာ တစ်ရက်ကျော်တောင် မီးမမွှေးဖြစ်တော့ဘူး၊ မင်း ထမင်းဟင်း နည်းနည်း သွားချက်လိုက်ဦး။ ခဏနေ ငါ သွားတဲ့ အချိန်ကျရင် အဖေ့အတွက် ယူသွားပေးမယ်" ဟု လင်းလောင်စစ်က ထပ်မံ ပြောလေသည်။
လင်းလောင်စစ်၏ ဇနီးက ခေါင်းညိတ်လိုက်၏။
"အင်း"
အဘိုးကြီးကို အိမ်သို့ ခေါ်ဆောင်မလာသမျှ ကာလပတ်လုံး ဒီလိုကိစ္စလေးလောက်က ဘာမျှ မပြောပလောက်ပေ။
လင်မယားနှစ်ယောက်သည် ခဏမျှ စကားပြောပြီးနောက် လင်းလောင်စစ်၏ဇနီးက ထမင်းချက်ရန် ထသွားလေ၏။
လင်းလောင်စစ်သည်လည်း အိမ်တွင် များစွာ အချိန်မဆွဲဘဲ မြန်မြန်ပြန်ထွက်ပြီး လူငှားရန် သွားလေ၏။
.......
တစ်ချိန်တည်းမှာပင် အကြီးဆုံးလင်းနှင့် လင်းလောင်အာ့တို့သည် ရွာသူကြီး၏ အိမ်သို့ ရောက်ရှိနေကြပြီ ဖြစ်၏။ အခြေအနေကိုလည်း ရွာသူကြီးအား ပြောပြလိုက်ကြ၏။
"အချိန်က အရမ်း ကျပ်လွန်းတယ်။ ပေါက်ဈေးအတိုင်းတော့ မဖြစ်နိုင်လောက်ဘူး" ရွာသူကြီးက ကြားပြီးနောက် နှစ်ဦးသားကို ပြောလိုက်သည်။
အကြီးဆုံးလင်းနှင့် လင်းလောင်အာ့တို့၏ အမူအရာများ ခါးသီးသွားကြ၏။
"နည်းနည်း နိမ့်လည်း ဖြစ်ပါတယ် ဦးလေး။ ဒီကိစ္စ ဦးလေးကိုပဲ နည်းနည်း ကူမေးမြန်းပေးဖို့ အလုပ်ရှုပ်စေရတော့မယ်" အကြီးဆုံးလင်းက ပြောလိုက်သည်။
"ဟုတ်ကဲ့၊ ဦးလေး၊ ခင်ဗျား ကူညီပေးပါ" လင်းလောင်အာ့ကလည်း လိုက်၍ ပြောလေသည်။
နှစ်ရက်ကျော် အချိန်သာ ရှိရာ အမှန်ပင် အလွန် ကျပ်တည်းလှ၏။ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချလိုက်ရခြင်းသည် မဖြေရှင်းဘဲ ထားခြင်းထက် ပို၍ ကောင်းမွန်၏။
"ကောင်းပြီလေ။ ဒါဆို ငါ ညနေစောင်းကျရင် ကန်းထျန်းကို တစ်အိမ်တက်ဆင်း သွားမေးခိုင်းလိုက်မယ်။ လိုချင်တဲ့လူရှိရင် သူတို့ကို လင်းမိသားစုဆီ မင်းတို့နဲ့ လာဆွေးနွေးခိုင်းလိုက်မယ်"
သခင်မလေးလင်းက ဤမိသားစု နှစ်စုကို သာ့ရှီရွာမှ ထွက်ခွာသွားစေခြင်းသည် ကောင်းသော ကိစ္စ ဖြစ်၏။ လင်းမိသားစုမှ ဤအိမ်ထောင်စု နှစ်စု နည်းပါးသွားပါက သူတို့ သာ့ရှီရွာသည် များစွာ ငြိမ်းချမ်းသွားနိုင်၏။ ထို့ကြောင့် အိမ်ရောင်း မြေရောင်း ကိစ္စကို သူ ကူညီနိုင်လျှင် ကူညီလိုက်ပေမည်။ သူ အနည်းငယ် လျှော့ယူလျှင်ပင် ဖြစ်၏။
"ကျေးဇူးတင်ပါတယ် ဦးလေး" အကြီးဆုံးလင်းနှင့် လင်းလောင်အာ့တို့က အလျင်အမြန် ကျေးဇူးတင်စကား ပြောကြသည်။
လူများကို လင်းမိသားစုထံသို့ တိုက်ရိုက် လာရောက် ဆွေးနွေးစေခြင်း၊ ဤသည်မှာ ကောင်းပေသည်၊ လူများပြားပါက သူတို့ အရှုံးခံ၍ မြေ ရောင်းချစရာ မလိုဘဲ နေနိုင်ဖွယ် ရှိ၏။ အိမ်ရောင်းသည့် ကိစ္စမှာမူ အရှုံးခံရခြင်းသည် သံမှိုရိုက်သကဲ့သို့ သေချာနေပြီ ဖြစ်၏။ သူတို့လည်း များများ မတွေးဝံ့ကြတော့ပေ...
.......
မျက်စိတစ်မှိတ်အတွင်း နေဝင်ချိန်သို့ ရောက်ရှိလာ၏။
လင်းမိသားစု အိမ်မကြီး ထဲ၌။
လင်းလောင်စစ်သည် လင်းသာ့ချွေ့၏ အကူအညီဖြင့် လင်းယွမ်ရှန်းနှင့် အဘွားကြီးလင်းတို့၏ အလောင်းများကို ခေါင်းတလားထဲသို့ ထည့်သွင်းပြီး ဖြစ်၏။ ကူညီမည့် လူများ ရောက်ရှိလာသည်ကိုသာ စောင့်ဆိုင်းနေပြီးလျှင် ခေါင်းတလား နှစ်လုံးကို တောင်ပေါ်သို့ ပို့ဆောင်နိုင်ပေမည်။
လင်းသာ့ချွေ့သည် သားဖြစ်သူ ချွေးပြန်နေသည်ကို မြင်သော် မီးဖိုချောင်သို့ သွားရောက်၍ ရေတစ်ခွက် ယူလာခဲ့ပြီး လင်းလောင်စစ်ထံသို့ ကမ်းပေးလိုက်၏။
"ရေ နည်းနည်း သောက်လိုက်ဦး"
လင်းလောင်စစ် ကြောင်သွား၏။ လင်းသာ့ချွေ့က သူ့အား ကိုယ့်သဘောအလျောက် ဂရုစိုက်လာသည်ကို အံ့အားသင့်သွား၏။ စိတ်ထဲတွင် အနည်းငယ် ပျော်မိသွားစဉ် ရုတ်တရက် တစ်စုံတစ်ခုကို ထပ်မံ တွေးမိလိုက်ပြီးနောက် စိတ်ထဲမှ စိတ်ခံစားချက်ကို ဖိနှိပ်လိုက်၏။
ရေကို ယူလိုက်ပြီး "ဂလု" ဟူသော အသံအနည်းငယ်ဖြင့် သောက်ချလိုက်ရာ ကုန်စင်သွား၏။ သောက်သုံးလိုက်ချိန်မှ ရေသည် အမှန်တကယ် ချိုနေသည်ကို သတိပြုမိလိုက်၏။
သောက်ပြီးနောက် လင်းလောင်စစ်သည် ပန်းကန်ကို လင်းသာ့ချွေ့ထံသို့ ပြန်ပေးလိုက်၏။
"ခဏနေရင် သူတို့လည်း လာလောက်ပါပြီ" လင်းသာ့ချွေ့က စကား ထပ်ပြောလိုသည်ကို မြင်သော် လင်းလောင်စစ်က ဦးစွာ ပြောလိုက်သည်။
လင်းသာ့ချွေ့၏ မျက်နှာ ကြောင်သွား၏။ ပြီးနောက် ခေါင်းညိတ်လိုက်သည်။
"ဒီကိစ္စ မင်းကို ပင်ပန်းစေခဲ့ပြီ" ဟု အနည်းငယ် ကျေးဇူးတင်ဟန်ဖြင့် ပြောလေသည်။
လင်းလောင်စစ်၏ စိတ်ထဲတွင် ထူးဆန်းသော ခံစားချက် ဖြတ်ပြေးသွား၏။
"ဘာမှ မဟုတ်ပါဘူး။ ကိစ္စတွေ ပြီးသွားရင် အဖေ့ဘာသာ နှစ်ရက်လောက် ကောင်းကောင်း အနားယူလိုက်။ နောင်ဆို စိတ်အေးလက်အေး နေပါ" ဟု ပြောလိုက်သည်။
လင်းသာ့ချွေ့၏ မျက်နှာ တောင့်တင်းသွား၏။ စတုတ္ထသားက အကြည့် လွှဲသွားသည်ကို မြင်သဖြင့် စတုတ္ထသား၏ ဆိုလိုရင်းကို နားလည်သွား၏။ သူ့အား အိမ်မကြီးတွင် စိတ်အေးလက်အေး နေထိုင်ရန် ဆိုသည်။ ဒါက ... သူက သူတို့ စတုတ္ထအိမ်ကို တွယ်ကပ်နေမည်ကို စိုးရိမ်နေခြင်း...
စိတ်ထဲတွင် လေးလံသွားပြီး ခဏမျှ ဝမ်းနည်းသွား၏။ ပြီးနောက် လင်းသာ့ချွေ့၏မျက်နှာထက်တွင် ခါးသီးသော အပြုံးတစ်ခု ပေါ်လာ၏။
'ဘယ်သူ့ကိုများ အပြစ်တင်ရမှာလဲ။ အခုလိုဝဋ်လည်အောင် ကိုယ်တိုင်ပဲ လုပ်ခဲ့မိတာလေ။'
'ထားလိုက်ပါတော့၊ ငါလည်း တကယ်တော့ စတုတ္ထအိမ်ကို ပြောင်းဖို့ မစဉ်းစားထားပါဘူး။ အိမ်မကြီးမှာနေရတာလဲ ကောင်းပါတယ်။ လောင်စစ်က လက်ရှိပြဿနာကို ဝင်ရှင်းပေးနေတာကတင် တော်တော်လေးကောင်းနေပါပြီ။'
'နောက်ရေးအတွက်ကတော့ အကြီးဆုံးအိမ်နဲ့ ဒုတိယအိမ်တို့ထွက်သွားပြီးနောက်ပိုင်း လောင်စစ်ဘက်က သူ့ကို မကြာမကြာလာကြည့်ပေးမယ်ဆိုရင်တောင် အရမ်းကောင်းနေပြီလို့ ပြောရမယ်။'
"အင်း" ဤသို့ တွေးမိသဖြင့် လင်းသာ့ချွေ့က တစ်ခွန်းသာ ပြန်ဖြေလိုက်၏။
သို့သော် လင်းလောင်စစ်က သူ့ထံသို့ လှည့်ကြည့်လာစေ၏။
လင်းလောင်စစ်သည် အနည်းငယ် အံ့အားသင့်သွား၏၊ သူ့အဖေက ဘယ်တုန်းကစလို့ ဒီလောက်ပြောရဆိုရလွယ်သွားတာလဲ။
များများ မတွေးမီပင် ဤအချိန်တွင် အပြင်ဘက်မှ လှုပ်ရှားသံ အချို့ ထွက်ပေါ်လာ၏။ နေ့လယ်က သူ သွားရောက် ငှားရမ်းခဲ့သော လူများ ရောက်ရှိလာခြင်း ဖြစ်၏။
လင်းလောင်စစ်သည် အလျင်အမြန် ကြိုပြောလိုက်သည်။ လာရောက်သူမှာ စုစုပေါင်း သုံးယောက် ရှိပြီး အားလုံးမှာ လင်းလောင်စစ် အလုပ်ရုံတွင် အလုပ်ဆင်းစဉ်က အလုပ်ဖော်များ ဖြစ်ကြ၏။ တစ်ယောက်မှာ သူနှင့်အတူတူ အလုပ်ကြမ်းသမားသာ လုပ်၏။ အခြား နှစ်ယောက်မှာမူ အလုပ်ရုံ၏ အမြဲတမ်း အလုပ်သမားများ ဖြစ်ကြ၏။ ဤသုံးယောက်လုံးသည် သာ့ရှီရွာတွင် ယခု အခြေအနေ မဆိုးကြဘဲ ရွာသူရွာသားများက ချီးကျူး အားကျနေကြရသော ရွာသူရွာသားများ ဖြစ်ကြ၏။
လင်းသာ့ချွေ့သည် သူ့စတုတ္ထသားက ဤလူများနှင့် အလွန် ပျော်ရွှင်စွာ စကားစမြည် ပြောဆိုနေပြီး အလွန် ရင်းနှီးကျွမ်းဝင်သော အမူအရာ ဖြစ်နေသည်ကို မြင်သော် စိတ်ထဲတွင် အလွန် အံ့အားသင့်သွား၏။
'ဘယ်အချိန်တုန်းက သူ့အထင်သေးမိဆုံးသားက ဒီလူတွေနဲ့ ရင်းနှီးသွားရတာလဲ။'
သုံးဦးသားက သူ့အား နှုတ်ဆက်သော စကားများကို ပြန်လည် ဖြေကြားပြီးနောက် လင်းသာ့ချွေ့သည် အတွေးများကို လျင်မြန်စွာ ရုပ်သိမ်းလိုက်ပြီး လူအနည်းငယ်အတွက် သကြားရည် ပြင်ဆင်ရန် မီးဖိုချောင်သို့ အလျင်အမြန် သွားလေ၏။ အလျင်စလို ပြင်ဆင်ပြီးနောက် အပြင်သို့ ယူဆောင်လာခဲ့ပြီး လူအနည်းငယ်အား ရေသောက်ရန် ဖိတ်ခေါ်၏။
သုံးဦးသားသည် ကျေးဇူးတင်စကား ဆိုကြပြီး အသီးသီး လင်းလောင်စစ်ကို တစ်ချက် ကြည့်လိုက်ပြီးမှ ရေခွက်ကို မြှောက်၍ သောက်သုံးကြ၏။ ရေသည် အမှန်တကယ် ချိုနေသည်ကို တွေ့ရှိသော် လင်းသာ့ချွေ့အား အသီးသီး ထပ်မံ ကျေးဇူးတင်စကား ပြောကြသည်။ လင်းသာ့ချွေ့က လူတိုင်းအား အားမနာရန်သာ ဆိုပြီး သူကသာ သူတို့လာကူညီရန် ဆန္ဒရှိသည့်အတွက် ကျေးဇူးတင်ရမည် ဖြစ်ကြောင်း ပြောလေသည်။
ရေသောက်ပြီး ခဏမျှ စကားပြောပြီးနောက်မှ လူအများ ပစ္စည်းကိရိယာများကို စတင် သိမ်းဆည်းကြ၏။ ပြီးနောက် လေးဦးသား အတူတကွ အဘွားကြီးလင်း၏ ခေါင်းတလားကို မလိုက်ကြ၏။ ပြီးလျှင် လင်းသာ့ချွေ့က ကိရိယာများကို ယူဆောင်၍ ရှေ့မှ လမ်းပြပြီး လေးဦးသားက ခေါင်းတလားကို ထမ်း၍ လိုက်ပါသွားကြ၏။
တောင်တစ်ဝက်ခန့်သို့ ရောက်ရှိပြီးနောက် လင်းသာ့ချွေ့သည် လူတစ်စုကို အနည်းငယ် ညီညာသော မြေနေရာတစ်ခုသို့ ခေါ်ဆောင်သွား၏။ ထိုအခါမှ ခေါင်းတလားကို ချထားလိုက်ပြီး နေရာတွင်ပင် သင်္ချိုင်းတွင်း တူးကြ၏။ သင်္ချိုင်းတွင်း နှစ်တွင်းကို အဆက်မပြတ် တူးဖော်ပြီးနောက် လူအများ အဘွားကြီးလင်း၏ ခေါင်းတလားကို ထိုအထဲမှ သင်္ချိုင်းတွင်း တစ်တွင်းထဲသို့ သင်္ဂြိုဟ်လိုက်ကြ၏။ မြေဖို့ပြီးနောက် မြေပုံတစ်ခု ပုံဖော်လိုက်၏။
"အားသွားရင် အဖေ လူထပ်ရှာပြီး ကျောက်တိုင်နှစ်ခု ထွင်းခိုင်းပြီး စိုက်ထူလိုက်ပါ" လင်းလောင်စစ်က လက်ထဲမှ အလုပ် ပြီးဆုံးသွားသော် ဘေးတွင် ငိုင်တိုင်တိုင် ရပ်နေသော လင်းသာ့ချွေ့အား ပြောလိုက်သည်။
"အင်း" လင်းသာ့ချွေ့က မျက်ရည်တစ်ချက် သုတ်လိုက်ပြီး ပြန်ဖြေ၏။
ဤသို့သော လင်းသာ့ချွေ့ကို မြင်သော် လင်းလောင်စစ်၏ စိတ်ထဲတွင် အနည်းငယ် သနားသွား၏။
"အဖေ ဒီနေရာမှာ နေခဲ့လိုက်ရင် ရပြီ။ ကျွန်တော်တို့တွေ လောင်ဝူကို သွားပို့လိုက်ဦးမယ်"
"သွားကြ" လင်းသာ့ချွေ့က ရှိုက်သံဖြင့် ပြောလေသည်။
ထိုအခါမှ လင်းလောင်စစ်သည် ကူညီသော လူများကို ခေါ်ဆောင်၍ ထွက်ခွာသွား၏။
လူများ အားလုံး ဝေးကွာသွားသည်ကို စောင့်ဆိုင်းပြီးမှ လင်းသာ့ချွေ့သည် ဘေးသို့ နေရာတစ်ခု သွားရှာကာ ထိုင်ချလိုက်၏။ ပြီးနောက် မျက်လုံးများက အဘွားကြီးလင်း၏ မြေပုံ ရှိရာ အရပ်ဆီသို့ ကြည့်ရင်း ငိုင်တွေသွား၏။
မည်မျှ အချိန်ကြာသွားသည်မသိ၊ နောက်ဆုံးတွင် သူသည် "ဟစ်ကြွေးသံ" ကို ထပ်မံ ကြားလိုက်ရ၏။ ခေါင်းလှည့် ကြည့်လိုက်ရာ အမှန်တကယ်ပင် စတုတ္ထသားတို့ နောက်ထပ် ခေါင်းတလား တစ်လုံးကို ထမ်း၍ လာကြသည်ကို တွေ့လိုက်ရ၏။
ထိုအခါမှ လင်းသာ့ချွေ့သည် ထရပ်လိုက်၏။ ရှေ့သို့ တိုး၍ ကူညီလိုသော်လည်း ငြင်းဆန်ခြင်းကို ခံလိုက်ရ၏။ သူ့အား ဘေးတွင်သာ ကြည့်နေဖို့ပြောကြသည်။
နောက်တစ်ကြိမ် လုပ်ဆောင်ပြီးနောက် မြေပုံအသစ်တစ်ခု ပုံဖော် ပြီးစီးသွား၏။
လင်းလောင်စစ်သည် လူအများအား ကျေးဇူးတင်စကား ဆိုလိုက်ပြီး ပါးစပ်မှ ရယ်မော ပြောဆိုရင်း နောက်ရက်များတွင် လူအနည်းငယ်အား အိမ်သို့ ထမင်းစား ဖိတ်ကျွေးမည်ဟု ပြောလေသည်။ ပြီးနောက် လင်းသာ့ချွေ့ကို ခေါ်ဆောင်၍ လူအများနောက်သို့ လိုက်ကာ တောင်ပေါ်မှ ဆင်းလာခဲ့၏။
လင်းမိသားစု အိမ်မကြီးသို့ ပြန်ရောက်သော် ပစ္စည်းကိရိယာများ ချထားပြီးနောက် လင်းလောင်စစ်သည် သုံးဦးသားကို တံခါးဝအထိ လိုက်ပို့ပေးလိုက်၏။ ပြီးနောက်မှ အိမ်မကြီးသို့ ပြန်လာခဲ့၏။
"လောင်စစ်..." လင်းသာ့ချွေ့က လျင်မြန်စွာ ကြိုဆိုရန် ရောက်ရှိလာ၏။
ခုနကအထိ သူ တွေးမိခဲ့၏။ စတုတ္ထကောင်က လူငှား၍ ကူညီခိုင်းခြင်းမှာ အလကား တောင်းဆိုခြင်း မဟုတ်ပေ။ ထိုလူများကို ပိုက်ဆံ ပေး၊ မပေးကို သူ မသိပေ။ သို့သော် ထမင်း ဖိတ်ကျွေးခြင်းမှာမူ ရှောင်လွှဲ၍ မရပေ။
လင်းလောင်စစ်သည် လက်ဆန့်၍ ပြေးဝင်လာသော လင်းသာ့ချွေ့ကို တွဲထိန်းလိုက်၏။
"ဖြည်းဖြည်း" ဟု ပြောလိုက်ပြီးနောက် အိမ်အတွင်းဘက်သို့ တစ်ချက် ကြည့်လိုက်၏။
"ကိစ္စတွေက တော်တော်လေး ပြီးသွားပြီ။ ကျန်တာက ဒီအိမ် လွတ်သွားရင် အဖေ့ဘာသာကိုယ် ရှင်းလင်းလိုက်ပါ။ နောက်လာမယ့် နှစ်ရက်၊ ကျွန်တော် အဖေ့အတွက် ထမင်း လာပို့ပေးမယ်" လင်းလောင်စစ်က မျက်မှောင်ကြုတ်၍ ပြောလေသည်။
လင်းသာ့ချွေ့၏ နှလုံးသား နွေးထွေးသွား၏။
"လောင်စစ်၊ ဟင့်... ဟင့်..." လင်းလောင်စစ်၏ အမည်ကို ခေါ်ထုတ်လိုက်သည်နှင့် မထိန်းနိုင်ဘဲ ငိုလိုက်မိ၏။
ဤသို့ ငိုလိုက်ခြင်းသည် လင်းလောင်စစ်၏ မျက်မှောင်များကို ပို၍ပင် ကြုတ်သွားစေ၏။
"ဒါဆို ဒီလောက်ပဲ။ ကျွန်တော် ပြန်တော့မယ်" ဟု စိတ်မာစွာ တစ်ခွန်း ပြောလိုက်သည်။
လင်းလောင်စစ်သည် လင်းသာ့ချွေ့ကို လွှတ်လိုက်၏။ ပြီးနောက် လှည့်၍ ထွက်ခွာသွား၏။
လင်းသာ့ချွေ့မှာမူ တင်ပါးလွှဲ၍ မြေပြင်ပေါ် ထိုင်ချလိုက်ပြီး ကလေးငယ်တစ်ယောက်ကဲ့သို့ မရပ်မနား အော်ဟစ် ငိုယိုနေရင်းသာ ကျန်ရစ်ခဲ့၏။
........
နောက်တစ်နေ့ နေ့လယ်တွင် လင်းလောင်စစ်၏ဇနီး မျှော်လင့်ထားသည့်အတိုင်းပင် အကြီးဆုံးအိမ်သည် အမှန်ပင် လင်းလောင်စစ်၏ အိမ်သို့ ရောက်ရှိလာ၏။ ထို့အပြင် အိမ်ကို ပြန်အပ်လိုပြီး ငွေ ပြန်ယူလိုကြောင်း အဆိုပြုလိုက်၏။
လင်းလောင်စစ်သည် သဘာဝအတိုင်း သဘောမတူဘဲ အကြီးဆုံးအိမ်နှင့် ရန်တစ်ခါ ဖြစ်လိုက်ရသေး၏။ လင်းသာ့ကျွမ်းနှင့် လင်းအာ့ကျွမ်းတို့မှာမူ လင်းလောင်စစ်ကို လက်ပါလုမတတ်ပင် ဖြစ်သွား၏။
ညနေစောင်း အချိန်တွင် လင်းလောင်စစ်၏ဇနီး ပြန်ရောက်လာပြီး ဤသတင်းကို ကြားသိရသော် မျက်နှာ အလွန် တည်ငြိမ်သွား၏။
"အကြီးဆုံးအိမ်က ထွက်သွားတုန်းက စကားတစ်ခွန်း ချန်သွားတယ်။ ငါတို့ အခု နေတဲ့ ဒီအိမ်ကို လက်ခံမယ့်လူ မရှိရင် ငါတို့ကလည်း သူတို့ကို အိမ် ပြန်မအပ်ဘူးဆိုရင် သူတို့က ငါတို့အိမ်ရဲ့ အိမ်အသစ်ကို သွားဖြိုချမယ်တဲ့" လင်းလောင်စစ်က ဒေါသတကြီး ပြောလေသည်။
တကယ်ကို ရိုင်းစိုင်းလွန်းလှသည်။ သို့သော် ယခု အကြီးဆုံးအိမ်သည် အကျပ်အတည်းသို့ ရောက်နေ၏။ ခြေဗလာသမားသည် ဖိနပ်စီးထားသူကို မကြောက်ပေ။ ထိုလူများနှင့် လက်ပါမည် ဆိုပါက ထိုအချိန်တွင် အဆုံးရှုံး အများဆုံးမှာ သူတို့သာ ဖြစ်ပေမည်။
လင်းလောင်စစ်၏ဇနီး မျက်နှာသည် ပို၍ပင် ပျက်ယွင်းသွား၏။ အင်အားများစွာ စိုက်ထုတ်ပြီးမှ ဆဲဆိုလိုသော ဆန္ဒကို သည်းခံလိုက်ရ၏။
"လင်းမိသားစု အိမ်မကြီးရဲ့ကိစ္စကို ကျွန်မ အစ်မကြီးဝမ်ကို ပြောပြီးပြီ။ သူ့ကို အစ်ကိုကြီးဝမ်ကိုလည်း ပြောခိုင်းထားတယ်။ 'ရူယီစားသောက်ဆိုင်' ဘက်ကသာ စိတ်ဝင်စားမယ်ဆိုရင် မနက်ဖြန်လောက် အကြီးဆုံးအိမ်နဲ့ ဒုတိယအိမ်ကို လူလွှတ်ပြီး လာရှာခိုင်းနိုင်လောက်တယ်။ ဒီကိစ္စ၊ ကျွန်မတို့တွေ အရင်ဆုံး မလောသေးဘူး"
ဤ အကြီးဆုံးအိမ်နှင့် ဒုတိယအိမ်သည် အမှန်တကယ်ပင် ကပ်ဆိုးများ ဖြစ်ကြ၏၊ သူတို့ ဤတစ်ကြိမ် ထပ်မံ သည်းခံလိုက်ပြီး သူတို့ကို အေးချမ်းစွာ ပို့ဆောင်နိုင်ရန်သာ မျှော်လင့်ရ၏။ နောင်တွင် သူတို့ စတုတ္ထအိမ်သည် သူတို့နှင့် ထပ်မံ၍ ပတ်သက်မှု မရှိတော့ပေ။
လင်းလောင်စစ်သည် ဤစကားကို ကြားမှ စိတ်ထဲတွင် အနည်းငယ် တည်ငြိမ်သွား၏။
"ကောင်းပြီလေ။ ဒါဆို မနက်ဖြန်မှပဲ ထပ်ပြောကြတာပေါ့"
ပြီးနောက် စိတ်ထဲတွင်မူ အနည်းငယ် မတည်ငြိမ်မှု ရှိနေဆဲ ဖြစ်၏။
"ဒါပေမဲ့ မတော်တဆ..."
'မတော်တဆ 'ရူယီစားသောက်ဆိုင်' က လူတွေက အကြီးဆုံးအိမ်နဲ့ ဒုတိယအိမ်ရဲ့ အိမ်တွေကို သဘောမကျဘူးဆိုရင်ရော'
လင်းလောင်စစ်၏ ဇနီးက လင်းလောင်စစ်ကို မကျေမနပ် တစ်ချက် ကြည့်လိုက်၏။
"မတော်တဆဆိုတာ ရှိခဲ့ရင်လည်း အဲ့ဒီအချိန်ကျမှပဲ ထပ်ပြောကြတာပေါ့။ အကြီးဆုံးအိမ်ကသာ ကျွန်မတို့အိမ်ကို ဖြိုချရဲမယ်ဆိုရင် ကျွန်မတို့ကလည်း ရွာသူကြီးကို တရားမျှတမှု ရအောင် လုပ်ဆောင်ခိုင်းမယ်။ ရွာသူကြီးဘက်က မဖြစ်နိုင်ဘူးဆိုရင် တရားစွဲမယ်။ ပိုင်ရှန်းရွာကို သွားခဲ့ရင်တောင်မှ အဲ့ဒီအကြီးဆုံးအိမ် လွတ်မယ်လို့မထင်လိုက်နဲ့" ဟု လင်းလောင်စစ်၏ ဇနီးက ဒေါသတကြီး ပြောလေသည်။
လင်းလောင်စစ်သည် သူ့ဇနီးကို တစ်ချက် ကြည့်လိုက်ပြီး သည်းခံလိုက်ကာ စကားကို မျိုသိပ်ထားလိုက်၏။
'တရားစွဲမယ်ဟုတ်လား။ သာမာန်ပြည်သူတွေက ဘယ်မှာတရားစွဲရဲလို့လဲ။ မိန်းမက ဒေါသထွက်လွန်းလို့သာပြောလိုက်တာဖြစ်ပါမယ်။ ထားလိုက်ပါတော့၊ ရူယီစားသောက်ဆိုင်က လင်းမိသားစုရဲ့အိမ်ကို သဘောကျနိုင်တဲ့အလားအလာရှိတယ်မဟုတ်လား။ ဒါဆို ငါတို့အရမ်းစိတ်ပူနေစရာမလိုတော့ဘူး။'
"အများကြီး မတွေးနဲ့တော့။ ထမင်းဟင်းလည်း ချက်ပြီးသွားပြီ။ အရင်ဆုံး ထမင်းစားရအောင်" လင်းလောင်စစ်က သဘောထား ပြောင်းလိုက်ပြီး သူ့ဇနီးလေးအား ပြောလိုက်သည်။
လင်းလောင်စစ်၏ ဇနီးက သူ့ယောက်ျားကို တစ်ချက် ကြည့်လိုက်ပြီး မျက်နှာထက်မှ ခက်ထန်သောအမူအရာ ရုပ်သိမ်းကာ ခေါင်းညိတ်လိုက်၏။
......
တစ်ချိန်တည်းမှာပင် 'ရူယီစားသောက်ဆိုင်' ဘက်တွင် ကြီးကြပ်သူလျန်သည် တကယ်လည်း အစီရင်ခံမှုကို လက်ခံရရှိခဲ့ပြီး လင်းမိသားစု အိမ်မကြီးတွင် ဖြစ်ပွားခဲ့သော ကိစ္စများကို သိရှိသွား၏။ 'ရူယီစားသောက်ဆိုင်' သည် အမှန်ပင် သာ့ရှီရွာတွင် ရေရှည် လူများတပ်စွဲထားရန် လိုအပ်သည်ကို ထည့်သွင်း စဉ်းစားပြီးနောက် ကြီးကြပ်သူလျန်သည် လျင်မြန်စွာ အမိန့်ချမှတ်လိုက်ပြီး မနက်ဖြန်တွင် လင်းမိသားစု အိမ်မကြီးသို့ အခြေအနေ သွားရောက် စုံစမ်းရန် လူ စီစဉ်လိုက်၏။ နေရာ သင့်တော်သည်ကို တွေ့ရှိပါက တိုက်ရိုက် ဝယ်ယူနိုင်ကြောင်း အမိန့်ချမှတ်လိုက်သည်။
ထို့ကြောင့် နောက်တစ်နေ့ နံနက်ခင်းတွင် 'ရူယီစားသောက်ဆိုင်' မှ လူများသည် လင်းမိသားစု အိမ်မကြီးသို့ ရောက်ရှိလာကြသည်။
လင်းမိသားစု အကြီးဆုံးအိမ်မှ လူများသည် 'ရူယီစားသောက်ဆိုင်' မှ လူများကို ဧည့်ခံပြီး အခြေအနေကို သိရှိပြီးနောက် လျင်မြန်စွာပင် ဒုတိယအိမ်နှင့် စတုတ္ထအိမ်စုကို အကြောင်းကြားလိုက်သည်။ ထို့အပြင် ကိုယ်တိုင်ကိုယ်ကျ 'ရူယီစားသောက်ဆိုင်' မှ အိမ်လာကြည့်သော လူကို ခေါ်ဆောင်၍ အိမ်အသီးသီး၏ အိမ်များနှင့် ခြံဝန်းငယ်များကို လှည့်လည် ပြသ၏။
အိမ်လာကြည့်သော လူသည် လမ်းလျှောက်ရင်း ကြည့်ရှုနေသော်လည်း မျက်နှာထားမှာမူ အသိပ်မကောင်းလှပေ။
"လူကြီးမင်းလီ၊ ကျွန်တော်တို့ရဲ့ ဒီခြံဝန်း သုံးခုက ကပ်လျက် ရှိနေတာ။ ခြံစည်းရိုး နံရံတွေကို ဖြိုချပြီး ရိုးရိုးရှင်းရှင်း ပေါင်းစည်းလိုက်ရုံနဲ့ ခြံဝန်း သုံးခုကို တစ်နေရာတည်းအဖြစ် ဆက်စပ်လိုက်လို့ ရတယ်။
နောက်ပြီးတော့ အိမ်သုံးလုံးရဲ့ အိမ်တွေကို ပေါင်းလိုက်ရင် အခန်း တစ်ဆယ့်နှစ်ခန်းအထိ ရှိတယ်။ ပေါင်းလိုက်ရင် လူ နှစ်ဆယ်လောက် နေထိုင်တာတောင် ပြဿနာ မရှိပါဘူး" အကြီးဆုံးလင်းက အိမ်ကြည့်သူအား ကြော်ငြာနေလေသည်။
လင်းလောင်အာ့နှင့် လင်းလောင်စစ်တို့သည်လည်း ထိုလူအား ခေါင်းညိတ်ပြကြပြီး အားလုံး ဤကိစ္စကို အောင်မြင်စေလိုကြ၏။
ထိုလူသည် အကြီးဆုံးလင်းကို တစ်ချက် ကြည့်လိုက်သော်လည်း အကြည့်မှာမူ မထီမဲ့မြင် ဖြစ်နေ၏။
"မီးဖိုချောင်နဲ့ အိမ်သာနဲ့ အတူတူ ပေါင်းတွက်မှ စုစုပေါင်း တစ်ဆယ့်နှစ်ခန်းပဲ ရှိတာ။ ပြီးတော့ တကယ် နေလို့ရတဲ့ အခန်းက နေရာကလည်း အရမ်း သေးတယ်။ ဒီ ခြံဝန်းငယ် သုံးခုကို ကျွန်တော်တို့တွေ အကုန်ဝယ်လိုက်တယ် ဆိုရင်တောင်မှ ပြီးတော့ ခြံစည်းရိုးတွေကို ဖြိုချပြီး ပေါင်းစည်းလိုက်တယ်။ ကျယ်ကျယ်ဝန်းဝန်း နေချင်ရင် လူအများကြီးဆံ့တော့မှာမဟုတ်ဘူး။ ဒါမှမဟုတ်..." အိမ်ကြည့်သူသည် အကြည့်ကို အိမ်မကြီးရှိရာအရပ်ဆီသို့ လှမ်းကြည့်လိုက်၏။
"ဒါမှမဟုတ် ဘယ်လိုလဲ" အကြီးဆုံးလင်းက ချက်ချင်း စိုးရိမ်တကြီး မေးလိုက်၏။
မလော၍မရပေ။ ယခုအချိန်အထိ ဤလူမှလွဲ၍ သူတို့၏အိမ်ကို လာကြည့်သူ တစ်ယောက်မျှ မရှိသေးပေ။ မြေမှာမူ ဈေးနှုန်းသက်သာစွာဖြင့် ဖြေရှင်းပြီးစီးသွားပြီ ဖြစ်သော်လည်း ဤအိမ်မှာမူ အမှန်ပင် လက်လွှဲရောင်းချရန် ခက်ခဲလှ၏။
"ဒါမှမဟုတ် ဒီအိမ်ကြီး တစ်ခုလုံးကို ကျွန်တော်တို့ 'ရူယီစားသောက်ဆိုင်' ကို ရောင်းချရမယ်။ ကျွန်တော့်ဆိုလိုရင်းက ဒီအိမ်ကြီးထဲမှာ ကျန်နေတဲ့ အိမ်တွေ အပါအဝင်ပဲ။ ဒီလိုဆို နေရာက လုံလောက်သွားပြီ။ တစ်ချိန်တည်းမှာပဲ အပြင်လူတွေနဲ့ ကျွန်တော်တို့တွေ အိမ်ခေါင်မိုး တစ်ခုတည်းအောက်မှာ အတူတူ နေထိုင်ရတာကိုလည်း ရှောင်ရှားနိုင်တယ်" ဟု အိမ်ကြည့်သူက ပြောလေသည်။
ဤ ခြံဝန်းငယ် သုံးခုတည်းသာ ဆိုလျှင် နေရာသည် အနည်းငယ် သေးလွန်း၏။ ထို့အပြင် လင်းမိသားစု အိမ်မကြီးဘက်တွင် အဘိုးအိုတစ်ယောက် ရှိနေသေးပြီး စရိုက်သဘာဝကလည်း သိပ်မကောင်းလှဟု ကြားသိရ၏။ သူတို့ 'ရူယီစားသောက်ဆိုင်' မှ လူများသည် ထိုအဘိုးကြီးက ပြဿနာ လာရှာမည်ကို မကြောက်ရွံ့သော်လည်း ကြိုရှင်းထားနိုင်လျှင်က အကောင်းဆုံး ဖြစ်၏။
လင်းညီအစ်ကို သုံးယောက်သည် တစ်ပြိုင်နက်တည်း ကြောင်သွားကြ၏။
"ဒါက..." အကြီးဆုံးလင်း မျက်နှာထက်တွင် တုံ့ဆိုင်းမှု ပေါ်လာ၏။
စကားပြောနေစဉ်တွင်မူ အကြည့်ကို လင်းလောင်စစ်ထံသို့ လှမ်းကြည့်လိုက်၏။
'အဘိုးကြီးကိုအိမ်ရောင်းခိုင်းဖို့က မဖြစ်နိုင်တာတော့မဟုတ်ဘူး။ ဒါပေမယ့် ရောင်းပြီးသွားရင် အဘိုးကြီးကို ဘယ်သူ့နောက်လိုက်ခိုင်းမှာလဲ။ ငါကတော့ သာ့ရှီရွာကနေထွက်သွားရမှာဆိုတော့ ဒီလိုဝန်ထုပ်ဝန်ပိုးကြီးကို ခေါ်မသွားနိုင်ဘူး။ အဘိုးကြီးကို စတုတ္ထအိမ်ဘက်လိုက်ခိုင်းလိုက်ရင်တော့ အကောင်းဆုံးဖြေရှင်းနည်းဆိုပေမယ့် စတုတ္ထအိမ်ဘက်က လက်ခံပါ့မလား။'
လင်းလောင်အာ့သည်လည်း လင်းလောင်စစ်ထံသို့ လိုက်၍ ကြည့်လိုက်ပြီး ဆိုလိုရင်းမှာ အကြီးဆုံးလင်းနှင့် ထပ်တူညီကြောင်း ရှင်းလင်းနေ၏။
လင်းလောင်စစ်မှာမူ မျက်နှာ မည်းမှောင်သွားပြီး မကျေမနပ်အပြည့် ဖြစ်နေ၏။
"အိမ်မကြီးကိုတော့ ရောင်းလို့ မဖြစ်ဘူး။ လောင်ဝူရဲ့အိမ်ကတော့ အဖေ့ရဲ့ သဘောထားကို မေးကြည့်လို့ ရတယ်" ဟု လင်းလောင်စစ်က ပြောလိုက်သည်။
ဤသို့ပြောရင်း လင်းလောင်စစ်သည် လင်းယွမ်ရှန်း၏ အိမ်ကို အိမ်ကြည့်သူအား လက်ညှိုးထိုး ပြလိုက်၏။
***