စစ်ဖြစ်လေပြီ
Vol. 18 Ch. 384
၎င်းမှာ ကန်စွန်းဥ စိုက်ပျိုးသောမြေ များပြားလာပြီး ကန်စွန်းဥ အထွက်နှုန်း မြင့်တက်လာသည်နှင့်အမျှ ဝက်မွေးမြူလိုသူများလည်း တိုးပွားလာမည် ဖြစ်သည်။ ဤသို့ဆိုလျှင် သူမ၏ ဝက်ပေါင်ခြောက်နှင့် ဝက်အူချောင်း အလုပ်ရုံအတွက် ဝက်အရှင် အရင်းအမြစ်ကို စိုးရိမ်စရာ မလိုတော့ပေ။
အန်းယန်ဝမ်ရယ်သည် ခေါင်းညိတ်လိုက်ပြီး လင်းရှောင်ယွဲ့၏ ပွင့်လင်းမှုကို အနည်းငယ် သဘောကျသွား၏။
"ဒါပေမဲ့ ပြည်သူလူထုကို ကန်စွန်းဥချည်းပဲ စိုက်ခိုင်းလို့တော့ မဖြစ်ဘူး။" လင်းရှောင်ယွဲ့က ရုတ်တရက် ထပ်ပြောလိုက်သည်။
အန်းယန်ဝမ်ရယ်သည် လင်းရှောင်ယွဲ့အား ချက်ချင်း လှမ်းကြည့်လိုက်၏။
လင်းရှောင်ယွဲ့က ပြုံးလိုက်သည်။
"ဝမ်ရယ် မမေ့နဲ့ဦး၊ ကျွန်မဆီမှာ ငရုတ်သီး ထုတ်ကုန်အလုပ်ရုံလည်း ရှိသေးတယ်လေ။ ငရုတ်ဆီနဲ့ ပဲငပိအပြင် ကင်ချီလုပ်ဖို့ မုန်ညင်းဖြူ အများကြီး လိုအပ်တယ်။ သာမာန်ပြည်သူကို ကန်စွန်းဥချည်းပဲ စိုက်ခိုင်းလိုက်ရင် အဲ့ဒီအချိန်ကျ ကျွန်မအလုပ်ရုံအတွက် မုန်ညင်းဖြူ လုံလောက်တော့မှာ မဟုတ်ဘူး။"
"ဟားဟား။" အန်းယန်ဝမ်ရယ်သည် ရယ်မောမိသွားသည်။
"ဒါက လွယ်ပါတယ်။ သာ့ရှီရွာ အနီးတစ်ဝိုက်က ရွာတချို့ကို မုန်ညင်းဖြူကိုပဲ အဓိက စိုက်ခိုင်းပြီး ကန်စွန်းဥကို နည်းနည်းပဲ စိုက်ခိုင်းတာ ဒါမှမဟုတ် လုံးဝ မစိုက်ခိုင်းတာ လုပ်လိုက်ရုံပဲ။ တခြားနေရာတွေကိုတော့ အားလုံး ကန်စွန်းဥ စိုက်ခိုင်းလိုက်ပေါ့။"
လင်းရှောင်ယွဲ့သည် သေရည်ခွက်ကို မြှောက်လိုက်သည်။
"ဒီလိုဆိုရင်တော့ မင်းသားကို ကျေးဇူးတင်ရမှာပဲ။"
"ဟားဟား၊ ဒါက ဘာများ ကျေးဇူးတင်စရာ ရှိလို့လဲ။ ချင်းရှီမြို့ က တကယ်ပဲ ဖွံ့ဖြိုးတိုးတက်လာခဲ့မယ်ဆိုရင် ငါကမှ မင်းကိုတောင် ကျေးဇူးတင်ရမှာ။" အန်းယန်ဝမ်ရယ်သည် ဤသို့ပြောရင်း လင်းရှောင်ယွဲ့နှင့် သေရည်ခွက်ချင်း တိုက်လိုက်သည်။
လင်းရှောင်ယွဲ့သည် အန်းယန်ဝမ်ရယ်နှင့် ခေတ္တမျှ စကားစမြည် ဆက်ပြောဆိုပြီးနောက် ကန်စွန်းဥဇာတိမြေ အစီအစဉ်ကို ကောင်းမွန်စွာ အကောင်အထည်ဖော်နိုင်ရန် အိမ်တော်ထိန်းဖန်းအား ဝမ်ရယ်အိမ်တော်နှင့် ပူးပေါင်းဆောင်ရွက်စေမည်ဟု အဆိုပြုလိုက်မှသာ အဆုံးသတ်သွားလေသည်။
.......
နေ့လယ်ခင်းတွင် နေမှာ ပူပြင်းလျက် ရှိသည်။
အန်းယန်ဝမ်ရယ်သည် ခြံဝင်းထဲတွင် နေ့တစ်ဝက်ခန့် အနားယူလေသည်။
ညနေစောင်းသောအခါ လယ်ကွင်းထဲသို့ နောက်တစ်ကြိမ် သွားရောက် ကြည့်ရှုပြီးနောက်မှ လျန်ယွီအား ခေါ်ဆောင်၍ ထွက်ခွာသွားသည်။
လင်းရှောင်ယွဲ့သည် ကိုယ်တိုင်လိုက်ပါပို့ဆောင်ပေးပြီး မြင်းလှည်းများ မြင်ကွင်းမှ ပျောက်ကွယ်သွားမှသာ သက်ပြင်းတစ်ချက် ချလိုက်သည်။
ကန်စွန်းဥဇာတိမြေ... လုပ်ငန်းသစ်တစ်ခု ထပ်မံ ရောက်ရှိလာဦးတော့မည်...
"သခင်မ..." အိမ်တော်ထိန်းဖန်းသည် လင်းရှောင်ယွဲ့ အနည်းငယ် ပင်ပန်းနွမ်းနယ်နေသည်ကို မြင်သောအခါ ခေါ်လိုက်သည်။
"ကိစ္စမရှိပါဘူး။ နောက်ပိုင်းကိစ္စကို ရှင့်ကိုပဲ အန်းယန်ဝမ်ရယ်အိမ်တော်နဲ့ ချိတ်ဆက်ဖို့ တာဝန်ပေးလိုက်မယ်။ ဝမ်ရယ်က လက်တွေ့ကျတဲ့ အလုပ်တချို့ကို လုပ်ချင်စိတ်ရှိနေတယ်။ ပြီးတော့ ဒီကိစ္စသာ အောင်မြင်သွားရင် ကျွန်မတို့ကိုလည်း အများကြီး အထောက်အကူ ပြုနိုင်မှာမို့လို့ ဂရုတစိုက် လုပ်ဆောင်ရမယ်။"
"ဟုတ်ကဲ့ပါ။" အိမ်တော်ထိန်းဖန်းသည် အလျင်အမြန် အရိုအသေပေးလိုက်သည်။
"နောက်ပြီးတော့၊ ညီအစ်ကိုတွေရဲ့ ဒီခြောက်လကျော်အတွင်းက လုပ်အားခတွေ တွက်ချက်လို့ မပြီးသေးဘူးလား။" လင်းရှောင်ယွဲ့သည် လှည့်၍ အိမ်တော်ထိန်းဖန်းအား ကြည့်လိုက်သည်။
အိမ်တော်ထိန်းဖန်းသည် ခေတ္တမျှ တုံ့ဆိုင်းသွားသည်။
အစောပိုင်းက ချီဝူတပ်သည် ချင်းရှီမြို့သို့ ရောက်ရှိလာပြီး မကြာမီတွင် သခင်မက ညီအစ်ကိုများအား လုပ်အားခ ပေးရန် အဆိုပြုခဲ့သည်။
သို့သော် ထိုအချိန်က လက်ထဲတွင် စုဆောင်းထားငွေ မများသောကြောင့် အချိန်ကို ခြောက်လနောက်ပိုင်းသို့ သတ်မှတ်ထားခဲ့သည်။
ယခုအခါ အချိန်မှာ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
သူက သခင်မ မေ့သွားလိမ့်မည်ဟု ထင်ထားခဲ့သော်လည်း မည်သူသိမည်နည်း။ လွန်ခဲ့သော ရက်အနည်းငယ်က သခင်မသည် အစပျိုး၍ မေးမြန်းလာခဲ့သည်။
"တွက်ချက်ပြီးခါနီးပါပြီ ။" အိမ်တော်ထိန်းဖန်းသည် လင်းရှောင်ယွဲ့အား အရိုအသေပြုလျက် ပြောလိုက်သည်။
ချီဝူတပ်သား ငါးထောင်ကျော်၏ ခြောက်လစာ လုပ်အားခမှာ တွက်ချက်ကြည့်လျှင် ပမာဏ မနည်းလှပေ။
ဤခြောက်လအတွင်း သခင်မ၏လုပ်ငန်းများ အဆင်ပြေ ချောမွေ့ခဲ့သောကြောင့်သာ ဖြစ်သည်။ လက်အောက်ရှိ လုပ်ငန်း စီမံကိန်းတိုင်းသည် ငွေရှာပေးနေခဲ့သည်။
သို့မဟုတ်ပါက ချီဝူတပ်၏ အသုံးစရိတ်နှင့် လုပ်ငန်း တိုးချဲ့ခြင်း စသော အသုံးစရိတ်မျိုးစုံကို ရင်ဆိုင်ရလျှင် လုပ်အားခ ပေးနိုင်ဦးမည် မဟုတ်ပေ။
"တွက်ချက်ပြီးရင် ဝေပေးလိုက်တော့။ နောက်ပြီး၊ နောင်ဆို ညီအစ်ကိုတွေရဲ့ လုပ်အားခကို တခြား အလုပ်သမားတွေလိုပဲ လစဉ် အားလုံး ထုတ်ပေးမယ်။ ခံစားခွင့် စနစ်အားလုံးကိုလည်း တခြား အလုပ်သမားတွေနဲ့ တစ်တန်းတည်း ထားရှိမယ်။" လင်းရှောင်ယွဲ့က ပြောလိုက်သည်။
အိမ်တော်ထိန်းဖန်းသည် နောက်တစ်ကြိမ် တုံ့ဆိုင်းသွားပြန်သည်။
"ဟုတ်ကဲ့ပါ ။" ထို့နောက် သူသည် အရိုအသေပြုကာ သဘောတူလိုက်သည်။
ယခင်က သူသည် ညီအစ်ကိုများ နယ်စပ်မှ ပြန်လာပြီး လယ်ယာစိုက်ပျိုးရလျှင် အကျင့်မဖြစ်မည်ကို အမှန်တကယ် စိုးရိမ်ခဲ့သည်။ ပြဿနာများပင် ရှာကြမည်ကို စိုးရိမ်ခဲ့သည်။
သို့သော် ယခု ကြည့်ရသည်မှာ သူတို့သည် အလွန် အသားကျနေကြပြီ ဖြစ်သည်။ သူကိုယ်တိုင်ပင်လျှင် ယခုလက်ရှိ ဘဝကို အနည်းငယ် နှစ်သက်လာမိသည်။
သခင်နှင့် သခင်မတို့၏ ဆန္ဒကို လိုက်နာပြီး ချီဝူတပ်အား တိတ်ဆိတ်စွာ အနားယူစေခြင်းသည် အမှန်တကယ်ပင် ဆုံးဖြတ်ချက် ကောင်းတစ်ခု ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။
"အင်း။" လင်းရှောင်ယွဲ့သည် အသံပြုလိုက်ပြီးမှ ထွက်ခွာသွားလေသည်။
.......
နောက်တစ်နေ့။
ခြံအသီးသီးတွင် လုပ်အားခများ စတင် ထုတ်ပေးကြသည်။
ချီဝူတပ်သားများသည် ခြံအသီးသီးရှိ စာရင်းကိုင်ဌာန၏ တံခါးဝတွင် တန်းစီကာ လွန်ခဲ့သော ခြောက်လကျော်၏ လုပ်အားခများကို လာရောက် ထုတ်ယူကြသည်။
လူအားလုံး၏ လုပ်အားခကို သူတို့ ချင်းရှီမြို့သို့ ရောက်ရှိသည့်နေ့မှ စတင် တွက်ချက်ပေးထားပြီး ထိုအချိန်က သူတို့ အမှန်တကယ် အလုပ် မစတင်ရသေးသည့်တိုင် ဖြစ်သည်။
ခြံတွင် နေထိုင် စားသောက်ခမှာ အခမဲ့ ဖြစ်သည့်အပြင် အဝတ်အစားနှင့် နေ့စဥ်သုံး ပစ္စည်းများပါ ထုတ်ပေးသေးသည်။ နေ့စဥ် လုပ်အားခမှာ မမြင့်မားသော်လည်း ခြောက်လတိတိ အချိန်အတွင်း စုပေါင်းလိုက်သောအခါ လုပ်အားခမှာ မနည်းလှတော့ပေ။
လုပ်ငန်း အမျိုးအစား မတူညီမှုအပေါ် မူတည်၍ လုပ်အားခ များများ ရသူများမှာ ဆယ်ဂဏန်းကျော် ရှိပြီး နည်းသူများမှာလည်း ငွေ ၆စကျော် ရရှိကြသည်။
ချီဝူတပ်သား အများအပြားသည် ဤမျှ များပြားသော ငွေကို ပထမဆုံးအကြိမ် ရရှိဖူးခြင်း ဖြစ်ရာ လူတိုင်းသည် ငွေများကို ကိုင်လျက် မျက်လုံးများ တောက်ပနေကြသည်။
အချို့သူများမှာမူ မြို့ပေါ်တက်၍ သေရည်သောက်ရန် ချိန်းဆိုကြလေသည်။
သို့သော် ခြံဝင်းထဲတွင် ချက်ချင်း ကြေညာချက် ထွက်ပေါ်လာပြီး လူတိုင်းအား ခေတ္တ အပြင်မထွက်ရန် တားမြစ်ထားကာ သူတို့၏ သခင်နှင့် သခင်မတို့ ဤရက်ပိုင်းအတွင်း လာရောက် အားပေးစကား ပြောကြားမည် ဖြစ်ကြောင်း ဆိုသည်။
ချီဝူတပ်သားများသည် စိတ်လှုပ်ရှားစွာဖြင့် အသီးသီး စောင့်မျှော်နေကြသည်။
နောက်ဆက်တွဲ ရက်များတွင် လီရှောင်နှင့် လင်းရှောင်ယွဲ့တို့သည် ခြံအသီးသီးတွင် အမှန်တကယ် ပေါ်ထွက်လာခဲ့ကြသည်။
လုပ်ငန်းများ အဆင်ပြေ ချောမွေ့နေကြောင်း ကြေညာပြီး လူတိုင်း၏ ကြိုးပမ်းအားထုတ်မှုများကို ကျေးဇူးတင်စကား ဆိုရမည်မှာ မဖြစ်မနေ လုပ်ဆောင်ရမည့်အရာ ဖြစ်သည်။ တစ်ချိန်တည်းမှာပင် အနာဂတ်အတွက် လှပသော မျှော်မှန်းချက်များကိုလည်း ထုတ်ဖော် ပြောကြားခဲ့သည်။
ဤအချိန်မှ ချီဝူတပ်သည် ခြောက်လကျော် ယခင်ကနှင့် မတူတော့ဘဲ လူတိုင်း၏ စိတ်ခံစားချက်များမှာ ယခင်ကထက် များစွာ ပို၍ တည်ငြိမ်နေကြပြီ ဖြစ်သည်။ လူများစွာသည် ယခုလက်ရှိ ဘဝကို အသားကျနေကြပြီ ဖြစ်ပြီး တိတ်ဆိတ်စွာ အနားယူ နေထိုင်ရခြင်းကို ယခင်ကဲ့သို့ ဆန့်ကျင်တွန်းလှန်ခြင်း မရှိကြတော့ပေ။
"အရင်တုန်းက လုံခြုံရေးအတွက် ခြံက အပြင်လောကနဲ့ အဆက်အသွယ် သိပ်မလုပ်ခဲ့ဘူး။ ဒါပေမဲ့ ချင်းရှီမြို့နဲ့ ရောနှောဖို့ ဆုံးဖြတ်ထားမှတော့ ရေရှည်မှာ လောကကြီးနဲ့ အဆက်အသွယ် ဖြတ်ထားလို့လည်း မဖြစ်ဘူးလေ။ ဒါကြောင့် နောက်ပိုင်း ခြံမှာ ခွင့်ယူအပြင်ထွက်တဲ့စနစ်ကို ကျင့်သုံးမယ်။ လူတိုင်း တစ်လကို တစ်ကြိမ် ခွင့်ယူ အပြင်ထွက်ခွင့် ရှိတယ်။" လင်းရှောင်ယွဲ့က အသံကျယ်စွာ ပြောလိုက်သည်။
ဤစကား ထွက်ပေါ်လာသည်နှင့် လူအုပ်ကြီးမှာ ဝမ်းမြောက် အော်ဟစ်ကြသည်။
လင်းရှောင်ယွဲ့သည် လက်ဆန့်တန်းကာ လူအုပ်ကြီး၏ အသံကို တိတ်ဆိတ်စေပြီး ဆက်လက် ပြောကြားသည်- "အပြင်ထွက်ပြီးနောက် ပြဿနာ မရှာသရွေ့ နောက်လမှာ ခွင့်ယူပြီး အပြင် ဆက်ထွက်လို့ ရတယ်။ ဒါပေါ့၊ ဒါက ယာယီပဲ။ နောက်ထပ် အချိန်အတန်ကြာတဲ့အခါ နန်းတော်က ကျွန်မတို့ကို လိုက်လံစုံစမ်းတာကို လုံးဝ လက်လျှော့လိုက်တဲ့အချိန် ကျွန်မတို့ ပိုပြီး ဘေးကင်းလုံခြုံသွားတဲ့အခါ တစ်လကို တစ်ကြိမ်ပဲ အပြင်ထွက်ရတော့မှာ မဟုတ်ဘူး။ အဲ့ဒီအချိန်ကျရင် ကျွန်မတို့ ခြံကို လွတ်လပ်စွာ ဝင်ထွက်သွားလာနိုင်ပြီ။
ညီအစ်ကိုတို့အားလုံးလည်း သာမန် ပြည်သူလူထုတွေလိုပဲ အိမ်ထောင်စုစာရင်း လုပ်နိုင်ပြီး ချင်းရှီမြို့မှာ တကယ့်ကို အခြေချ နေထိုင်နိုင်ကြမှာ။" လင်းရှောင်ယွဲ့က ခိုင်မာသော အသံဖြင့် ပြောလိုက်သည်။
ဟုတ်ပေသည်၊ ဒေသတွင်း၌ အမှန်တကယ် ရောနှောပေါင်းစပ်ပြီး ချင်းရှီမြို့၏ ပြည်သူလူထု ဖြစ်လာကြမည်။
ချီဝူတပ်သားများထဲတွင် အချို့မှာ တိတ်ဆိတ်နေကြပြီး အချို့မှာ ဝမ်းမြောက် အော်ဟစ်နေကြသည်။
တိတ်ဆိတ်နေသူများသည် အတိတ်ကို မစွန့်လွှတ်နိုင် ဖြစ်နေကြသည်။ ဝမ်းမြောက် အော်ဟစ်သူများမှာမူ ဘဝသစ်အတွက် ပျော်ရွှင်နေကြခြင်း ဖြစ်သည်။
သူတို့အားလုံး သခင်မလေး ပြောသမျှ အရာအားလုံး အမှန်တကယ် ဖြစ်လာလိမ့်မည်ဟု ယုံကြည်နေကြသည်။
ခြောက်လကျော် ယခင်က သခင်မလေး ပေါ်ထွက်လာပြီး သခင်နှင့်အတူ သူတို့အား နယ်စပ်မှ ခေါ်ထုတ်သွားလိုခဲ့သည်။
အလွန် ခက်ခဲသော ကိစ္စရပ်များကို သူတို့ လုပ်ဆောင်နိုင်ခဲ့သည်။
ထို့နောက် သခင်မက သူတို့အား ခြံအသီးသီးတွင် နေရာချထားပေးပြီး အလုပ်အကိုင်များ ခွဲဝေပေးခဲ့သည်။
သူတို့သည် ခြံဝင်းများ ဆင်းရဲနွမ်းပါးသော အခြေအနေမှ ယခုကဲ့သို့ သီးနှံများ ပြည့်လျှံနေသည့် အခြေအနေသို့ မျက်စိရှေ့တွင်ပင် ပြောင်းလဲလာသည်ကို မြင်တွေ့ခဲ့ကြရသည်။
ခြံဝင်းထဲမှ ဘဝသည်လည်း ယခင်က မနိုင်မနင်း ဗိုက်ဖြည့်နိုင်ရုံမှ ယခု နေ့စဥ် ကောင်းမွန်စွာ စားသောက်နိုင်သည့် အခြေအနေသို့ ရောက်ရှိလာခဲ့သည်။
ထို့အပြင် သခင်မသည် ကတိအတိုင်း လူတိုင်းအား ခြောက်လစာ လုပ်အားခကို အမှန်တကယ် ထုတ်ပေးခဲ့သည်။
လူဆိုသည်မှာ ဤသို့ပင် လက်ထဲတွင် ငွေ ရှိလာသည်နှင့် မျှော်လင့်ချက်များကို မထိန်းနိုင်အောင် ထားရှိတတ်ကြပြီး အနာဂတ်ကို မထိန်းနိုင်အောင် တွေးတော ကြံစည်မိတတ်ကြသည်။
ထိုစစ်မြေပြင်မှ တိုက်ပွဲများသည် အတိတ်တွင် ကျန်ရစ်ခဲ့ပြီဖြစ်ပြီး ယခုအခါ သူတို့လက်ထဲတွင် ငွေရှိသည်။ အလုပ်လုပ်၍ ငွေရှာနိုင်သေးသည်။ ငွေ အလုံအလောက် စုဆောင်းမိပြီး အိမ်ထောင်စုစာရင်း လုပ်ပြီးသွားလျှင် ချင်းရှီမြို့တွင် အမှန်တကယ် အိမ်ထောင်ပြု အခြေချနိုင်မည် မဟုတ်ဘူးလား။
ထိုအချိန်ကျလျှင် အိမ်ဆောက်၊ ဇနီးတစ်ယောက် ယူပြီးနောက် ကလေးတစ်သိုက် မွေးဖွားမည်။
ဤသို့သော ဘဝမျိုးကို ယခင်က မတွေးဝံ့ခဲ့ပေ။ ယခု တွေးကြည့်မိသောအခါ အလွန် လှပသည်ဟု ခံစားမိ...
ချီဝူတပ်သားများက သူမ ပြောသော တိတ်ဆိတ်စွာ အနားယူ နေထိုင်ခြင်း ကဲ့သို့သော စကားများကို ထပ်မံ၍ဆန့်ကျင်ခြင်း မပြုကြတော့သည်ကို တွေ့ရှိရသောအခါ လင်းရှောင်ယွဲ့၏ စိတ်ထဲတွင် အနည်းငယ် ပျော်ရွှင်သွားမိသည်။
ဤသည်မှာ ကိစ္စကောင်းတစ်ခု ဖြစ်ပေသည်... လူတိုင်း တိတ်ဆိတ်စွာ အနားယူ နေထိုင်ရခြင်း ကိစ္စကို တဖြည်းဖြည်း လက်ခံလာကြပြီ ဖြစ်ကြောင်း ညွှန်ပြနေသည်။
ခြံပေါင်း ဆယ့်နှစ်ခြံလုံးကို လင်မယားနှစ်ယောက်တို့ ရက်ပေါင်းများစွာ အချိန်ယူပြီးမှသာ ခြံအားလုံးသို့ လှည့်လည်ပြီးစီးသွားသည်။
......
မျက်စိတစ်မှိတ်အတွင်း ရွှေဝါရောင် ဆောင်းဦးရာသီ၊ ဆယ်လပိုင်းသို့ ရောက်ရှိလာသည်။
ရာသီဥတုသည် နောက်ဆုံးတွင် အေးမြလာသည်။
ပြင်းထန်သော အပူဒဏ် ကုန်ဆုံးသွားပြီးနောက် လင်းရှောင်ယွဲ့သည်လည်း သက်တောင့်သက်သာ ရှိမှုကို ခံစားလိုက်ရသည်။
ဤနေ့တွင် ချင်းရှီမြို့၌ ဈေးဝယ်ထွက်နေသော လင်းရှောင်ယွဲ့သည် သတင်းတစ်ခုကို ကြားသိလိုက်ရသည်။ နယ်စပ်တွင် အပြောင်းအလဲ ဖြစ်ပေါ်ခဲ့ပြီး လွန်ခဲ့သောဆယ်ရက်ခန့်က ကျင်းနိုင်ငံနှင့် ချူနိုင်ငံတို့သည် မဟာမိတ်တပ်များ စေလွှတ်ကာ တပ်အလုံးအရင်းဖြင့် နယ်စပ်သို့ ချီတက်လာကြသည်။
လင်းရှောင်ယွဲ့သည် ထိုခဏ၌ တွေးမိလိုက်သည်မှာ သတင်းသည် ချင်းရှီမြို့သို့ ရောက်ရှိလာပြီ ဖြစ်ရာ လီရှောင်နှင့် အခြားသူများမှာ ကြိုတင် သိရှိပြီးဖြစ်ပေလိမ့်မည်။
သို့သော် သူတို့သည် ဖုံးကွယ်ထားရန် ရွေးချယ်ခဲ့ကြသည်။
စိတ်ထဲတွင် ဒေါသထွက်သွားပြီးနောက် လင်းရှောင်ယွဲ့သည် လျိုအိမ်တော်သို့ သွားလိုက်သည်။
ချက်ချင်းပင် လူလွှတ်၍ အိမ်တော်ထိန်းဖန်းနှင့် လီရှောင်အား သွားရှာခိုင်းလိုက်သည်။
အိမ်တော်ထိန်းဖန်းသည် လျိုအိမ်တော်၌ပင် ရှိနေသဖြင့် အလျင်မြန်ဆုံး ရောက်ရှိလာသည်။
သခင်မ၏ ဒေါသထွက်နေသော မျက်နှာကို ရင်ဆိုင်ရသောအခါ အိမ်ထဲသို့ ဝင်လာပြီးနောက် အိမ်တော်ထိန်းဖန်းသည် ခေါင်းကို ငုံ့ထားကာ အရိုအသေပြုခြင်းမှလွဲ၍ စကားတစ်ခွန်းမျှ မပြောဝံ့ပေ။
"ပြောလေ။ နယ်စပ်ကိစ္စကို ရှင်တို့ သိတာ ဘယ်လောက်ကြာပြီလဲ။ အခု အခြေအနေက ဘယ်လိုရှိလဲ။" စိတ်ထဲမှ ဒေါသမီးကို ဖိနှိပ်ရင်း လင်းရှောင်ယွဲ့က မေးလိုက်သည်။
ယန်နိုင်ငံ၏လုံခြုံရေးသည် သူမနှင့် သိပ်ပြီး သက်ဆိုင်ခြင်း မရှိပေ။
သို့သော် ဤတစ်ကြိမ်သည် ချူနိုင်ငံ၊ ကျင်းနိုင်ငံတို့ ပူးပေါင်း၍ ယန်နိုင်ငံကို တိုက်ခိုက်ခြင်း ဖြစ်ပြီး နှစ်နိုင်ငံပေါင်း၍ တစ်နိုင်ငံကို တိုက်ခိုက်ခြင်း ဖြစ်သည်။
ယန်နိုင်ငံသာ ခုခံနိုင်စွမ်း မရှိပါက နိုင်ငံ ပျက်သုဉ်းရသည့် ဘေးအန္တရာယ် ဖြစ်နိုင်ခြေ ရှိသည်။
ထိုအချိန်ကျလျှင် ပျက်စီးသွားသော အသိုက်အောက်တွင် ပြီးပြည့်စုံသော ဥများ ရှိနိုင်ပါဦးပါ့လား။
ထို့အပြင် တည်ငြိမ်သော နိုင်ငံရေးပတ်ဝန်းကျင်တွင်သာ စီးပွားရေးလုပ်ငန်းများ ကောင်းမွန်စွာ လုပ်ဆောင်နိုင်မည် ဖြစ်သည်။
ယခု သူမ၏ စီးပွားရေးလုပ်ငန်းများ နေရာအနှံ့တွင် ပွင့်လန်းနေချိန်၌ စစ်ပွဲများ အမှန်တကယ် ဖြစ်ပွားလာပါက ထိုအချိန်ကျလျှင် ငွေရှာရမည်ကို မဆိုထားနှင့် အရှုံးပေါ်၍ အရင်းပါ ပြောင်သွားနိုင်ခြေ ရှိသည်။
အိမ်တော်ထိန်းဖန်းသည် လင်းရှောင်ယွဲ့အား မော့ကြည့်လိုက်ပြီး မျက်နှာမှာ အနည်းငယ် ရှုပ်ထွေးနေသည်။
သခင်က မပြောရန် မှာကြားထားရာ သူသည်လည်း အမိန့်အတိုင်း လိုက်နာရခြင်း ဖြစ်ပေသည်...
လင်းရှောင်ယွဲ့သည် ထိုအခြေအနေကို မြင်သောအခါ မျက်နှာသည် ချက်ချင်း မည်းမှောင်သွားသည်။
ထိုအချိန်တွင် စာကြည့်ခန်း တံခါးသည် ရုတ်တရက် တွန်းဖွင့်ခြင်း ခံလိုက်ရသည်။
ဝင်လာသူမှာ လီရှောင်ပင် ဖြစ်ပြီး သူ့နောက်တွင် ရှောင်ယန် ပါလာသည်။
လီရှောင်၏မျက်နှာသည် အနည်းငယ် နီမြန်းနေပြီး အသက်ရှူသံမှာ အနည်းငယ် ပြင်းထန်နေသည်မှာ အလျင်အမြန် ပြန်လာခဲ့ကြောင်း ထင်ရှားနေသည်။
အိမ်တော်ထိန်းဖန်းသည် လီရှောင်ကို မြင်သောအခါ မျက်လုံးထဲတွင် ချက်ချင်းပင် အကူအညီ တောင်းခံသည့် အရိပ်အယောင်များ ပေါ်လာပြီး စိတ်ထဲတွင်လည်း တည်ငြိမ်သွားသည်။
သခင် ပြန်ရောက်လာပြီ။ ဤသို့ဆိုလျှင် သူ သခင့်အမိန့်ကို ချိုးဖောက်မိမည်ကို စိုးရိမ်စရာ မလိုတော့ပေ။
လင်းရှောင်ယွဲ့သည် လီရှောင်ကို မြင်လိုက်သော်လည်း အကြည့်မှာမူ ချက်ချင်း လွှဲဖယ်သွားသည်။
လီရှောင်သည် ဤအခြေအနေကို မြင်သောအခါ စိတ်ထဲမှ သက်ပြင်းတစ်ချက် ချလိုက်သည်။
ချက်ချင်းပင် ခြေလှမ်းကျယ်များဖြင့် လင်းရှောင်ယွဲ့၏ဘေးသို့ လျှောက်သွားပြီး သူမဘေးရှိ ထိုင်ခုံတွင် ဝင်ထိုင်လိုက်သည်။
"မင်းတို့ အားလုံး ထွက်သွားကြတော့။" ထို့နောက် အိမ်တော်ထိန်းဖန်းနှင့် ရှောင်ယန်အား ပြောလိုက်သည်။
"ဟုတ်ကဲ့။" အိမ်တော်ထိန်းဖန်းသည် အလျင်အမြန် ဖြေလိုက်သည်။
ထို့နောက် ရှောင်ယန်ကိုပင် မစောင့်ဘဲ အလျင်အမြန် ဆုတ်ခွာသွားသည်။
ရှောင်ယန်သည် သူ့အစ်ကိုနှင့် မရီးဖြစ်သူအား တစ်ချက် ကြည့်လိုက်ပြီး စာကြည့်ခန်းထဲမှ ထွက်ခွာသွားသည်။
လူနှစ်ယောက် ထွက်သွားပြီး တံခါးကိုပါ ဆွဲပိတ်သွားမှသာ လီရှောင်သည် ထရပ်လိုက်သည်။
လင်းရှောင်ယွဲ့၏ဘေးသို့ လျှောက်သွားပြီး ချက်ချင်း လက်ဆန့်တန်းကာ လင်းရှောင်ယွဲ့၏လည်ပင်းကို သိုင်းဖက်လိုက်ပြီး လူကို ဆွဲယူကာ ပွေ့ဖက်ထားလိုက်သည်။
လင်းရှောင်ယွဲ့သည် ခေတ္တမျှ ရုန်းကန်လိုက်သော်လည်း လီရှောင်၏အားကို မယှဥ်နိုင်ဘဲ မကြာမီ အလျှော့ပေးလိုက်ရသည်။
"သတ္တိတွေ သိပ်ကောင်းနေတယ်ပေါ့လေ။ ဒီလောက် အရေးကြီးတဲ့ ကိစ္စကိုတောင် ကျွန်မကို မပြောဘဲ ထားရဲတယ်။" ခဏအကြာတွင် လင်းရှောင်ယွဲ့က စိတ်ဆိုးမာန်ဆိုးဖြင့် ပြောလိုက်သည်။
လီရှောင်သည် လင်းရှောင်ယွဲ့၏အသံနေအသံထားကြောင့် ရယ်မောမိသွားသည်။
"မင်း အခု သိသွားပြီပဲ မဟုတ်လား။"
လီရှောင်က ရယ်နေသေးသည်ကို ကြားသောအခါ လင်းရှောင်ယွဲ့၏လက်သီးဆုပ်လေးသည် လျင်မြန်စွာ ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး လီရှောင်၏ခါးကို ထုနှက်လိုက်သည်။
"ဒါက တူလို့လား။" သူမသည် ဒေါသတကြီး အော်ဟစ် မေးလိုက်သည်။
သူ့ဇနီးလေး တကယ်ကို စိတ်ဆိုးသွားပြီဖြစ်ကြောင်း သဘောပေါက်လိုက်သောအခါ လီရှောင်သည် ထပ်ပြီးမရယ်ဝံ့တော့ပေ။
ချက်ချင်းပင် ကိုယ်ကို ကိုင်းညွှတ်လိုက်ပြီး ဇနီးဖြစ်သူကို ဆွဲထူလိုက်သည်။
ထို့နောက် သူကိုယ်တိုင် ဇနီးဖြစ်သူ၏ နေရာတွင် ဝင်ထိုင်လိုက်ပြီး ဇနီးလေးအား သူ၏ ပေါင်ပေါ်သို့ ထိုင်စေလိုက်သည်။
ထို့နောက် ခေါင်းကို ဇနီးလေး၏ လည်ကုတ်နားသို့ တိုးကပ်လိုက်ပြီး တစ်စုံတစ်ယောက်မှာ အလျင်အမြန် တောင်းပန်လိုက်သည်။
"တကယ်တမ်း စစ်ဖြစ်ချင်မှ ဖြစ်မှာပါလို့ ထင်နေတာနဲ့ မင်းကို မပြောပြလိုက်တာ။ ဘယ်သူက သိမှာလဲ..."
လင်းရှောင်ယွဲ့သည် တောင့်တင်းသွားသည်။
"ဘာကို ဆိုလိုတာလဲ။" သူမသည် နားမလည်စွာ မေးလိုက်သည်။
"ဟူး..." လီရှောင်သည် သက်ပြင်းတစ်ချက် ချလိုက်သည်။
"အဖေ့ကိစ္စဖြစ်ပြီးနောက်မှာ သုံးနိုင်ငံက အစက မဟာမိတ် စာချုပ် ချုပ်ဆိုထားခဲ့တယ်။ ဆယ်နှစ်ကြာ စစ်ရပ်စဲဖို့ သဘောတူထားတာ။ အခုမှ တတိယနှစ်ပဲ ရှိသေးတယ်။ သဘောတူညီချက်အရဆိုရင် ချူနဲ့ကျင်းတို့မှာ စစ်တပ် စေလွှတ်ဖို့ အကြောင်းပြချက် မရှိဘူး။
ဒါပေမဲ့ မနှစ်က၊ သာ့ယန်နိုင်ငံရဲ့ ယူကျိုးပြည်နယ်မှာ ရေဘေးဒုက္ခ ဖြစ်ပွားခဲ့တယ်။ ဒါ့အပြင် ချီဝူတပ်က နယ်စပ်ကနေ ထွက်ပြေးတိမ်းရှောင်လာတာကလည်း သာ့ယန်နိုင်ငံအပေါ် အကျိုးသက်ရောက်မှု မနည်းခဲ့ဘူး။
ဒီနှစ် ပထမနှစ်ဝက်မှာတော့ ချူနဲ့ကျင်းတို့ရဲ့ နေရာတော်တော်များများမှာ မိုးခေါင်ရေရှားမှုတွေ အသီးသီး ဖြစ်ပွားခဲ့ပြီး သီးနှံရိတ်သိမ်းမှုကို ထိခိုက်စေခဲ့တယ်။ အခု ဆောင်းဦးရာသီ ဝင်လာပြီ။ နိုင်ငံနှစ်ခုက ဒီအချိန်မှာ စစ်အင်အား သုံးလာတာက တကယ်တမ်း စစ်တိုက်ချင်လို့ မဟုတ်ဘူး။ ဆန် ချေးငှားချင်လို့။
ဒါပေါ့၊ ကောင်းကောင်း မကိုင်တွယ်နိုင်ခဲ့ရင်တော့ ချေးတာ မဟုတ်ဘဲ လျော်ကြေးပေးရတာ ဖြစ်သွားမှာပဲ။"
"လျော်ကြေးဟုတ်လား။" လင်းရှောင်ယွဲ့သည် မျက်မှောင်ကြုတ်လိုက်သည်။
"အင်း။ လျော်ကြေးငွေ ပေးရတာမျိုး။" လီရှောင်က ရှင်းပြလိုက်သည်။
လင်းရှောင်ယွဲ့သည် ယခုအခါ အနည်းငယ် သဘောပေါက်သွားသည်။
ချူနိုင်ငံနှင့် ကျင်းနိုင်ငံတို့သည် ယန်နိုင်ငံ၏အင်အား ယခုအခါ ယုတ်လျော့သွားသည်ကို မြင်သောကြောင့် ယန်နိုင်ငံထံမှ သီးနှံများ ရရှိရန် နည်းလမ်း ရှာဖွေနေခြင်း ဖြစ်သည်။
ယန်နိုင်ငံက ချေးငှားလျှင် အကောင်းဆုံး အကယ်၍ မပေးလိုပါက တိုက်ခိုက်မည်။
အထိနာအောင် တိုက်ခိုက်ပြီးလျှင် ချေးငှားစရာ မလိုတော့ဘဲ ယန်နိုင်ငံအား တိုက်ရိုက် လျော်ကြေးပေးခိုင်းမည် ဖြစ်သည်။
"ဒါဆို၊ စစ်ပွဲကြီး ဖြစ်ပွားလာရတာက ယန်နိုင်ငံဘက်က ချူနဲ့ကျင်းတို့ရဲ့ တောင်းဆိုချက်တွေကို သဘောမတူလို့လား။" လင်းရှောင်ယွဲ့က မေးလိုက်သည်။
"အင်း။" လီရှောင်က ထူးလိုက်သည်။
"သူတို့က တိတိကျကျ ဘယ်လို တောင်းဆိုချက်တွေ တင်ပြခဲ့တာလဲ။" လင်းရှောင်ယွဲ့သည် စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။
လီရှောင်သည် သူ့ဇနီးလေးအား ကြည့်လိုက်သည်။
"ချူနဲ့ကျင်းတို့က ကြိုတင် သဘောတူညီမှု ရယူထားပြီးသား။ ဒီတစ်ကြိမ် ယန်နိုင်ငံကို အတူတကွ သံတမန် လာရောက်စေလွှတ်ပြီး ယန်နိုင်ငံဆီကနေ သီးနှံ တင်းပေါင်း လေးသိန်းစီ ချေးငှားလိုကြောင်း အသီးသီး အဆိုပြုခဲ့တယ်။"
လင်းရှောင်ယွဲ့၏မျက်လုံးများ ပြူးကျယ်သွားသည်။
"စုစုပေါင်း တင်းပေါင်း ရှစ်သိန်း။" တကယ်ကို ခြင်္သေ့လို ပါးစပ်ကြီးဖြင့် ဟပ်လိုက်ခြင်း ဖြစ်သည်။ ယန်နိုင်ငံက သဘောမတူသည်မှာ အံ့ဩစရာ မရှိပေ။
ဒါကိုသာ သဘောတူလိုက်ပါက ယန်နိုင်ငံ တစ်ဝန်းလုံးရှိ ပြည်သူလူထုများအားလုံး လေပဲစားနေရတော့မည် မဟုတ်လား။
"အင်း။ နောက်ဆုံးတော့ ညှိနှိုင်းလို့ မရဘဲ စစ်ဖြစ်သွားကြတာပဲ။" လီရှောင်က ဆိုသည်။
လင်းရှောင်ယွဲ့သည် မျက်မှောင်ကြုတ်လိုက်သည်။
"အခု စစ်ပွဲအခြေအနေက ယန်နိုင်ငံအတွက် အခြေအနေ မကောင်းဘူးလို့ ကြားတယ်။"
လီရှောင်သည် ခေါင်းညိတ်လိုက်သည်။
"စစ်ပွဲ စတင်ပြီး ဆယ်ရက်အတွင်းမှာ ယန်နိုင်ငံ စစ်တပ်က ရှုံးနိမ့်ဆုတ်ခွာခဲ့ရပြီး၊ ချူကျင်းပူးပေါင်းတပ်တွေက မြို့ သုံးမြို့ကို ဆက်တိုက် သိမ်းပိုက်ပြီးသွားပြီ။"
လင်းရှောင်ယွဲ့၏မျက်နှာသည် တည်ကြည် လေးနက်သွားသည်။
"နန်းတော်ရဲ့ စစ်တပ်က ဒီလောက်တောင် အားနည်းနေတာလား။" သူမသည် မျက်မှောင်ကြုတ်လျက် မေးလိုက်သည်။
လီရှောင်သည် လင်းရှောင်ယွဲ့အား တစ်ချက် ကြည့်လိုက်သည်။
"အားနည်းတာတော့ မဟုတ်ဘူး။ ချူနဲ့ကျင်းတို့က ရုတ်တရက် တိုက်ခိုက်လာပြီး အရှိန်အဟုန်က ပြင်းထန်လွန်းနေတာ။ ရှေ့တန်းက ကြိုတင် သတိမထားမိဘဲ အငိုက်မိ တိုက်ခိုက်ခံလိုက်ရတာ။ ဒါပေမဲ့၊ ဒီအတိုင်း ဆက်သွားနေမယ်ဆိုရင်၊ အခု ဆောင်းရာသီ ဝင်ဖို့ အချိန် နှစ်လနီးပါး လိုသေးတယ်။ အနိုင်အရှုံးက ပြောရခက်တယ်။"
ဆောင်းရာသီ ဝင်သွားရင် ရာသီဥတုက ဆိုးရွားပြီး ချူနဲ့ကျင်းတို့မှာ အဝတ်အစားနဲ့ စားနပ်ရိက္ခာ မလုံလောက်တော့ဘဲ မလွဲမသွေ ဆုတ်ခွာသွားကြလိမ့်မယ်။
ဒါပေမဲ့ ယန်နိုင်ငံက အဲ့ဒီအချိန်အထိ ကြံ့ကြံ့ခံနိုင်မှာကိုပဲ စိုးရိမ်ရတယ်။
ချူနဲ့ကျင်းတို့က အခု အကျပ်အတည်းနဲ့ ရင်ဆိုင်နေရပြီး ယန်နိုင်ငံကို ကယ်တင်ရှင်အဖြစ် သတ်မှတ်ထားကြတယ်။ ချူကျင်းစစ်တပ်က စိတ်ဓာတ် တစ်လုံးတစ်ဝတည်း ရှိနေကြတယ်။ ဒီလို စစ်တပ်မျိုးကို ယန်နိုင်ငံက ခုခံဖို့ ခက်ခဲလိမ့်မယ်။
နိုင်ငံ ပျက်သုဉ်းရမယ့် ဘေးအန္တရာယ်နဲ့ မြေယာ ပေးအပ်ပြီး လျော်ကြေးပေးရမယ့် အခြေအနေကြားမှာ၊ ဧကရာဇ်ယန် ဘယ်လို ရွေးချယ်မလဲဆိုတာကိုပဲ ကြည့်ရတော့မယ်။
"ဒါဆို ကျွန်မတို့ရဲ့ ဆိုင်တွေ ဆက်ဖွင့်လို့ ရသေးလား။ ပြီးတော့ ကျွန်မတို့ အမြန်ဆုံး သီးနှံတွေ စုဆောင်းထားရတော့မှာ မဟုတ်ဘူးလား။" လင်းရှောင်ယွဲ့သည် ရုတ်တရက် တစ်စုံတစ်ခုကို တွေးမိသွားပြီး စိုးရိမ်တကြီး ပြောလိုက်သည်။
တင်းပေါင်း ရှစ်သိန်းဆိုသည်မှာ ပမာဏ မနည်းလှပေ။ ဤမျှ များပြားသော သီးနှံများ ဆုံးရှုံးသွားပါက ယန်နိုင်ငံ အတွင်း၌ လူအများအပြား ငတ်မွတ်ခေါင်းပါးရမည်ကို စိုးရိမ်မိသည်။
လီရှောင်သည် ဇနီးလေး၏ပခုံးကို ပုတ်လိုက်သည်။
"'ကျင့်ခွိုက်' ဆိုင်ခွဲ တိုးချဲ့တဲ့ကိစ္စကို ကိုယ် အိမ်တော်ထိန်းဖန်းကို ခြေလှမ်း နှေးခိုင်းထားပြီးပြီ။ သီးနှံ စုဆောင်းတာက... ဒါကိုတော့ ကိုယ် အမြဲတမ်း စီစဉ်ထားပြီးသား။"
လင်းရှောင်ယွဲ့သည် လီရှောင်အား ကြည့်လိုက်သည်။
လီရှောင်၏နှုတ်ခမ်းထောင့်များ မြင့်တက်သွားသည်။
"ကိုယ်တို့မှာ မိသားစု တစ်စုတည်း ရှိတာ မဟုတ်ဘူးလေ။ ချီဝူတပ်သား ငါးထောင်ကျော် ရှိတယ်။ ကြိုတင် ပြင်ဆင်မထားလို့ ဘယ်ဖြစ်မလဲ။ ချီဝူတပ် ပြန်လာတဲ့ နေ့ကတည်းက ဒီနေ့ ဒီအချိန်က မကြာခင် ဒါမှမဟုတ် နောက်ကျ ရောက်လာရမယ်ဆိုတာ ကိုယ် သိပြီးသား။" လီရှောင်သည် ဤစကားကို ပြောသည့်အခါ သက်ပြင်းချသံ အနည်းငယ် ပါသွားသည်။
ယန်၊ ချူ၊ ကျင်း သုံးနိုင်ငံထဲတွင် ယန်နိုင်ငံ၏ မြေယာမှာ မြေဩဇာအကောင်းဆုံးဖြစ်ပြီး သယံဇာတ အပေါများဆုံး ဖြစ်သည်။
ယခင်က သူ့ဖခင်ကဲ့သို့ စစ်တိုက်လိုသောအမြင် ပြင်းထန်သူများနှင့် ချီဝူတပ်တို့ ရှိနေသောကြောင့် နယ်စပ်ကို ထိန်းချုပ်ထားနိုင်ပြီး နိုင်ငံနှစ်ခုအား အလွယ်တကူ ကျူးကျော်ခြင်း မပြုဝံ့စေရန် ဟန့်တားထားနိုင်ခဲ့ခြင်း ဖြစ်သည်။
***