← Chapters

တော်ဝင်အမိန့်ဖြင့် မြို့တော်သို့ သွားရခြင်း

Vol. 18 Ch. 385

တော်ဝင်အမိန့်ဖြင့် မြို့တော်သို့ သွားရခြင်း

Vol. 18 Ch. 385

သို့သော် ယခုအခါတွင် သူ့ဖခင်နှင့် ချီဝူတပ်တို့သည် မရှိကြတော့ပေ။

သာ့ယန်နိုင်ငံတည်းဟူသော ဤအဆီတုံးကြီးအား ချူနိုင်ငံနှင့် ကျင်းနိုင်ငံတို့က မည်သို့ တပ်မက်ခြင်း မရှိဘဲ နေနိုင်ပါ့မလဲ။

သို့သော် ဒီလိုနေ့မျိုးဤမျှ လျင်မြန်စွာ ရောက်ရှိလာလိမ့်မည်ဟု မထင်မှတ်ထားခဲ့မိခြင်း ဖြစ်သည်။

လီရှောင်က ကြိုတင် ပြင်ဆင်ထားပြီးဖြစ်ကြောင်း ပြောသည်ကို ကြားသောအခါ လင်းရှောင်ယွဲ့သည် စိတ်အနည်းငယ် အေးသွား၏။

"သီးနှံ ဘယ်လောက် ပြင်ဆင်ထားလဲ။ ပြီးတော့၊ ငွေက ဘယ်ကရတာလဲ။" ရုတ်တရက် လင်းရှောင်ယွဲ့သည် လီရှောင်အား ထပ်မေးလိုက်သည်။

မဟုတ်သေးပါဘူး။ သူမ၏ ခြံနှင့် 'ကျင့်ခွိုက်'၏ စာရင်းများကို သူမ ကြည့်ရှုပြီးဖြစ်သော်လည်း ငွေ လျော့နည်းနေသည်ကို မတွေ့မိခဲ့ပေ။

သို့သော် ချီဝူတပ် ပြန်လည်ရောက်ရှိလာပြီးနောက်ပိုင်း လီရှောင်သည် သူမအား ငွေထပ်မံပေးအပ်ခြင်း မရှိတော့သည်မှာ အမှန်ပင်။

သို့ဆိုလျှင် သီးနှံ ဝယ်ယူသည့်ငွေမှာ လီရှောင်က သူ့ကိုယ်ပိုင်ငွေကို သုံးစွဲ၍ ဝယ်ယူခဲ့တာလား။

သို့သော် သူသည် သင်္ဘောဆိပ် သယ်ယူပို့ဆောင်ရေး အဖွဲ့တစ်ခုသာ ဖွဲ့စည်းထားသည်။ ဘယ်လောက်များများ ရှာနိုင်မှာမို့လို့လဲ။

လီရှောင်သည် မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာပြီး လက်နှစ်ဖက်ဖြင့် ဇနီးလေး၏ခါးကို သိုင်းဖက်လိုက်သည်။

"စိတ်မပူပါနဲ့၊ ခြံပေါ်က လူအားလုံး တစ်နှစ်စာ စားဖို့ လုံလောက်တယ်။ ဒါ့အပြင်၊ မင်းရဲ့ခြံမှာ အာလူးနဲ့ ကန်စွန်းဥတွေလည်း စိုက်ပျိုးနိုင်သေးတယ်။ ဒါတွေအားလုံးက ဗိုက်ဖြည့်နိုင်တာမို့လို့ ကိုယ်တို့ ဗိုက်ဆာမှာ မဟုတ်ပါဘူး။"

လင်းရှောင်ယွဲ့ အနည်းငယ် အံ့အားသင့်သွားသည်။

"ဒီလောက်များတဲ့ သီးနှံတွေ ရှင်ဝယ်ထားတာလား။" သူမက မေးလိုက်သည်။

လူငါးထောင်ကျော် တစ်နှစ်စာ စားသုံးရန် လိုအပ်သော သီးနှံမှာ မနည်းလှပေ။

"အင်း။" လီရှောင်က ထူးလိုက်သည်။

"ရှင် ဒီလောက်များတဲ့ငွေတွေ ဘယ်က ရတာလဲ။" လင်းရှောင်ယွဲ့က ဆက်လက် မေးလိုက်သည်။ အကြည့်မှာ အနည်းငယ် ခက်ထန်နေသေး၏။

တကယ်တော်တာပဲ။ လျှို့ဝှက်ငွေတောင် ထားရဲတယ်

လီရှောင်သည် ဇနီးဖြစ်သူ၏အမူအရာကို မြင်သောအခါ တစ်ခုခု မှားယွင်းနေသည်ကို ချက်ချင်း သဘောပေါက်လိုက်သည်။

ဇနီးဖြစ်သူအား ပို၍ တင်းကျပ်စွာ ပွေ့ဖက်လိုက်ပြီး အဓိကအားဖြင့် ဇနီးလေး၏ လက်နှစ်ဖက်ကို ချုပ်တည်းထားလိုက်သည်။

"ဟားဟား၊ လက်စွမ်းကောင်းတဲ့ ညီအစ်ကိုတချို့နဲ့ အစောင့်အရှောက်လုပ်ငန်းတစ်ခုမှာ ရှယ်ယာဝင်ထားတယ်။ ပြီးတော့၊ သင်္ဘောတစ်စီး စီစဉ်ပြီး လူတချို့ကို တာဝန်ပေးပြီး အနီးအနားက သင်္ဘောဆိပ်တွေရဲ့ လုပ်ငန်းတချို့ကို လက်ခံလုပ်ကိုင်နေတယ်။"

လင်းရှောင်ယွဲ့သည် တုန်လှုပ်သွားသည်။

"တော်လိုက်တာ။ လျှို့ဝှက်ထားတဲ့ အတတ်ပညာက တော်တော် ကောင်းနေတာပဲ။" ချက်ချင်းပင် သူမသည် လီရှောင်အား မကြည်မသာဖြင့် ကြည့်လိုက်သည်။

လီရှောင်၏ချုပ်နှောင်မှုမှ ကိုယ်တိုင် ရုန်းထွက်နိုင်မည် မဟုတ်သည်ကို သိသောကြောင့် သူမသည်လည်း ဤအချည်းနှီး ကြိုးပမ်းမှုကို မလုပ်လိုတော့ပေ။

လီရှောင်သည် ရှက်ရွံ့စွာ ပြုံးလိုက်သည်။

"တကယ်တော့၊ အောင်မြင်မှု တချို့ရလာမှ မင်းကို ပြောပြမလို့ စိတ်ကူးထားတာ။ ဒါပေမဲ့...

မင်းရဲ့ လုပ်ငန်းကပဲ ပိုကောင်းနေတုန်းပဲ။ နေ့စဥ် ဝင်ငွေက ရွှေတွေ ဝင်နေသလိုပဲ။ ကိုယ်ကတော့..." လီရှောင်သည် ဤသို့ပြောရင်း ရှက်ရွံ့စွာဖြင့် ခေါင်းကို ကုတ်လိုက်သည်။ တစ်ချိန်တည်းမှာပင် လင်းရှောင်ယွဲ့အား လွှတ်ပေးလိုက်သည်။

ဇနီးလေးသည် သူ့အပေါ် အမှန်တကယ် စိတ်ဆိုးနေခြင်း မဟုတ်ကြောင်း သူ ကြည့်၍ သိနိုင်သည်။ သို့သော် ဤကိစ္စများကို ဇနီးလေးအား မပြောပြခဲ့ခြင်းမှာ အမှန်ပင် သူ မှားယွင်းခဲ့ခြင်း ဖြစ်သည်။

ဟူး၊ တကယ်တော့ သူလည်း မလွယ်ကူလှပေ။

ဇနီးလေး၏ လုပ်ငန်းမှာ အလွန်အောင်မြင်နေသောကြောင့် သူသည် တစ်ခါတစ်ရံ ဇနီးဖြစ်သူ၏ ဘေးတွင် နေထိုင်ရသည်မှာ ဇနီးအား မှီခို စားသောက်နေရသကဲ့သို့ ခံစားမိသည်။

ဤအကြောင်းကြောင့်ပင် သူသည် ကိုယ့်ကိုယ်ကိုသက်သေပြရန် အောင်မြင်မှု အချို့ကို လုပ်ဆောင်လိုခဲ့ပြီး တစ်ချိန်တည်းမှာပင် ဇနီးလေး၏ ဝန်ထုပ်ဝန်ပိုး အချို့ကို လျှော့ချပေးလိုခဲ့သည်။

သူ လုပ်ဆောင် အောင်မြင်ခဲ့သော လုပ်ငန်းသည် ဇနီးလေး လုပ်ဆောင်သော လုပ်ငန်းနှင့် နှိုင်းယှဥ်လိုက်လျှင် နှိုင်းယှဥ်စရာပင် မရှိသေးသည်ကို မထင်မှတ်ထားခဲ့ပေ။

လင်းရှောင်ယွဲ့သည် လီရှောင်အား ကြည့်လိုက်သည်။

နောက်ဆုံးတွင် စိတ်မဆိုးတော့ပေ။

"ဘာကို ကျွန်မရဲ့ လုပ်ငန်းလဲ။ ကျွန်မတို့နှစ်ယောက်က လင်မယားတွေ။ ကျွန်မပိုင်ဆိုင်တာက ရှင်ပိုင်ဆိုင်တာပဲ။ ရှင် ဘာပဲလုပ်ချင်လုပ်ချင်၊ ကျွန်မနဲ့ တိုင်ပင်လို့ ရတယ်။ တစ်ဦးတည်းဥာဏ်တို၊ နှစ်ဦးပေါင်းဥာဏ်ရှည် ဆိုသလိုပဲ။ ကျွန်မ သိထားရင်၊ ရှင့်အတွက် အကြံဉာဏ်တချို့တောင် ပေးနိုင်သေးတယ်။

အစောင့်အရှောက်လုပ်ငန်းနဲ့ သင်္ဘောကိစ္စကို ဒီတစ်ခါတော့ ထားလိုက်တော့မယ်။ နောက်နောင် ကျွန်မကို ထပ်ပြီး မဖုံးကွယ်ထားရဘူး။" လင်းရှောင်ယွဲ့သည် မျက်လုံးများကို ခေတ္တ မှိတ်လိုက်ပြီး ဆက်ပြောသည်။

သူမ၏ခင်ပွန်းတွင် ဆိုးသော စိတ်ဆန္ဒများ မရှိသည်ကို သိသော်လည်း ဖုံးကွယ်ထားခြင်း ခံရသည့် ဤခံစားချက်မှာမူ မကောင်းမွန်လှပေ။

"ဟုတ်ကဲ့။ နောက်တစ်ခါ မဖြစ်စေရဘူးလို့ အာမခံတယ်။" လီရှောင်က အလျင်အမြန် ဆိုသည်။

ပြောပြီးသည်နှင့် သူသည် ခေါင်းကိုငုံ့ကာ လင်းရှောင်ယွဲ့၏နဖူးပေါ်သို့ အနမ်းတစ်ပွင့် ခြွေချလိုက်သည်။

လင်းရှောင်ယွဲ့မှာမူ လက်သီးဆုပ်လိုက်ပြီး ခင်ပွန်းဖြစ်သူ၏ကိုယ်ပေါ်သို့ ထုနှက်လိုက်လေသည်။

ခဏအကြာတွင် နှစ်ယောက်သား စစ်တိုက်ခြင်းကိစ္စကို ဆက်လက် ပြောဆိုကြသည်။

"နန်းတော်ဘက်က သတင်းထူးသေးလား။ ခုခံတိုက်ခိုက်မှာလား ဒါမှမဟုတ် ငြိမ်းချမ်းရေး တောင်းဆိုမှာလား။" လင်းရှောင်ယွဲ့က လီရှောင်အား မေးလိုက်သည်။

ဧကရာဇ်ယန်ကသာ ငြိမ်းချမ်းရေး မတောင်းဆိုဘဲ အချိန်ကြာလာလျှင် ချူကျင်းပူးပေါင်းတပ်များက တဟုန်ထိုး ဝင်ရောက်လာပြီး သာ့ယန်နိုင်ငံ၏ အတွင်းပိုင်းနယ်မြေများအထိ ရောက်ရှိလာနိုင်ခြေ ရှိပေသည်။

ထိုအချိန်ကျလျှင် နယ်စပ်မှ ပြည်သူလူထုများ စစ်မီးဒဏ် ခံစားရမည်သာမက ချင်းရှီမြို့ရှိ သူတို့ပင်လျှင် အန္တရာယ်နှင့် ကြုံတွေ့ရနိုင်ခြေ ရှိသည်။

ထို့အပြင် စစ်ပွဲ မပြီးဆုံးသရွေ့ သူမ၏ စီးပွားရေးလုပ်ငန်းများလည်း ကြီးမားသော ထိခိုက်မှုများ ခံစားရမည် ဖြစ်သည်။

"ငြိမ်းချမ်းရေး တောင်းဆိုပြီးသွားပြီ။ ဧကရာဇ်ယန်က နယ်စပ်ကို သံတမန် လွှတ်ပြီးသွားပြီ။" လီရှောင်ကပြောရင်း မျက်လုံးထဲတွင် အကူအညီမဲ့သည့် အရိပ်အယောင်တစ်ချက် ပေါ်ထွက်လာသည်။

ဤ ငြိမ်းချမ်းရေး တောင်းဆိုသည့် အရှိန်မှာ လျင်မြန်လှသည်။ ယန်နိုင်ငံသည် ချူနိုင်ငံနှင့် ကျင်းနိုင်ငံတို့၏ ပြိုင်ဘက် မဟုတ်သည်ကို သိနေတာလား။

အစောပိုင်းက သူ့ဖခင်နှင့် ချီဝူတပ်တို့ ရှိနေစဥ်အခါက ယန်နိုင်ငံသည် ဤသို့သော နစ်နာမှုမျိုးကို ဘယ်တုန်းကများ ကြုံတွေ့ခဲ့ဖူးလို့လဲ။

မိမိဘက်မှ စတင်၍ ငြိမ်းချမ်းရေး တောင်းဆိုရခြင်း ဖြစ်ရာ နောက်ဆက်တွဲတွင် ချူနိုင်ငံနှင့် ကျင်းနိုင်ငံတို့သည် ခြင်္သေ့လို ပါးစပ်ကြီးဖြင့် ဟပ်ပေလိမ့်မည်။ ယန်နိုင်ငံသည် ဤတစ်ကြိမ်တွင် မြေယာနှင့် သီးနှံ ဘယ်လောက်တောင် ဆုံးရှုံးတော့မှာလဲ။

လင်းရှောင်ယွဲ့မှာမူ သက်ပြင်းတစ်ချက် ချလိုက်မိသည်။

"စစ်ရပ်စဲနိုင်ရင် ပြီးတာပါပဲ။ စစ်မီးက ရက်စက်တယ်။ ပြည်သူလူထုက ဘာများ အပြစ်ရှိလို့လဲ။"

လီရှောင်သည် ဇနီးလေးအား တစ်ချက် ကြည့်လိုက်ပြီး ခေါင်းညိတ်လိုက်သည်။

သူနှင့် ဇနီးဖြစ်သူတို့ ပြဿနာကို ရှုမြင်သည့် ရှုထောင့်မှာ မတူညီသော်လည်း ဇနီးလေး၏ ရှုထောင့်မှ အမြင်ကိုမူ သူ လက်ခံ သဘောတူသည်။

"သာ့ယန်နိုင်ငံက သီးနှံတွေ ထုတ်ပေးရမှာဆိုတော့ နောက်ပိုင်း ဈေးကွက်ထဲက သီးနှံတွေက မလွဲမသွေ နည်းသွားမှာပဲ။ ဒီအချိန်အတောအတွင်းမှာ ကျွန်မတို့ သီးနှံတချို့ ထပ်ပြီး ဝယ်လှောင်ထားသင့်လား။" လင်းရှောင်ယွဲ့က လီရှောင်အား မေးလိုက်သည်။

'ကျင့်ခွိုက်'၏ ကောက်ညှင်းအေးမုန့် လုပ်ငန်းမှာ အတော်လေး ကောင်းမွန်သဖြင့် ဤအတွက် အင်အားရှိသော ကုန်သည်အချို့နှင့် ပူးပေါင်းဆောင်ရွက်မှု ရှိသည်။

အခြားသူများတွင် ဤသို့သော နည်းလမ်းများ မရှိနိုင်သော်လည်း သူတို့ထံတွင်မူ ရှိနေသည်။

ဈေးနှုန်းမှာ အနည်းငယ် မြင့်တက်နိုင်သော်လည်း သီးနှံ အသုတ်တစ်သုတ် ထပ်မံ ရရှိရန်မှာ ပြဿနာ ကြီးကြီးမားမား ရှိမည် မဟုတ်ပေ။

"သင့်တင့်ရုံလောက်ဆို ရပါပြီ။ ကိုယ်တို့ရဲ့ သီးနှံလိုအပ်ချက်က သိပ်မကြီးမားပါဘူး။" လီရှောင်က ပြောလိုက်သည်။

"ကောင်းပြီလေ။"

လင်မယားနှစ်ယောက်တို့ ခဏတာ စကားစမြည် ပြောဆိုပြီးမှ စာကြည့်ခန်းထဲမှ အတူတကွ ထွက်လာခဲ့ကြသည်။

စာကြည့်ခန်း တံခါးမှ ထွက်လာမှ လင်းရှောင်ယွဲ့သည် ရှောင်ယန်နှင့် အိမ်တော်ထိန်းဖန်းတို့ နှစ်ဦးလုံး ထွက်ခွာသွားခြင်း မရှိသေးသည်ကို တွေ့ရှိလိုက်ရသည်။

"စာရင်းထဲက ငွေကို သုံးပြီး ကျွန်မတို့နဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ ကုန်သည်တချို့ဆီမှာ သီးနှံ ဘယ်လောက် ထပ်ဝယ်လို့ရနိုင်မလဲဆိုတာ ကြည့်လိုက်ပါ။" လင်းရှောင်ယွဲ့က အိမ်တော်ထိန်းဖန်းအား ကြည့်လိုက်သည်။

"ဟုတ်ကဲ့။" အိမ်တော်ထိန်းဖန်းက အလျင်အမြန် ဖြေလိုက်သည်။

"ဈေးနှုန်း နည်းနည်း ကြီးရင်လည်း ကိစ္စမရှိဘူး။ တတ်နိုင်သလောက် များများ ဝယ်လှောင်ထားလိုက်ပါ။" လင်းရှောင်ယွဲ့က ထပ်မံ ဖြည့်စွက် ပြောလိုက်သည်။

"ဟုတ်ကဲ့။" အိမ်တော်ထိန်းဖန်းက နောက်တစ်ကြိမ် အရိုအသေပြုလိုက်သည်။

လင်းရှောင်ယွဲ့သည် ထိုအခါမှ လီရှောင်နှင့်အတူ ထွက်ခွာသွားသည်။

အနားမယူရသည်မှာ ကြာပြီဖြစ်ရာ၊ ယနေ့ကို ခင်ပွန်းဖြစ်သူနှင့်အတူ အလုပ်စောစော ဆင်းသည့်နေ့အဖြစ် သတ်မှတ်လိုက်သည်။

.......

သုံးရက်ကြာသော်...

မြို့တော်မှ ရုတ်တရက် ခြေမြန်မြင်းသည်တော်တစ်ဦး ရောက်ရှိလာပြီး ချင်းရှီမြို့သို့ ဝင်ရောက်ပြီးနောက် သာ့ရှီရွာသို့ လျင်မြန်စွာ ထပ်မံ ရောက်ရှိလာကာ လျိုအိမ်တော် (သာ့ရှီရွာ) သို့ တည့်မတ်စွာ ဦးတည်လာသည်။

ချက်ချင်းပင် မကြာမီတွင် ခြေမြန်မြင်းသည်တော်သည် ချင်းရှီမြို့သို့ ပြန်လှည့်လာပြီး လျိုအိမ်တော် (ချင်းရှီမြို့) သို့ တက်ရောက်လာသည်။

လျိုအိမ်တော် တစ်ခုလုံး တုန်လှုပ်သွားသည်။

လင်းရှောင်ယွဲ့သည် မြို့တော်မှ လာသော အမိန့်တော်ပြန်တမ်းကို လက်ခံရရှိလိမ့်မည်ဟု မထင်ထားခဲ့ပေ။

စိတ်ထဲတွင် နားမလည်နိုင်သလို ထိတ်လန့်စွာဖြင့် ရှေ့ခြံဝင်းသို့ သွား၍ အမိန့်တော်ကို လက်ခံလိုက်ရသည်။

အမိန့်တော်ကို နားထောင်ပြီးနောက် အမိန့်တော် ကြေညာသူ ကုန်းကုန်းထံမှ အခြေအနေ အရပ်ရပ်ကို ကြားသိရမှသာ လင်းရှောင်ယွဲ့သည် အကြောင်းစုံကို သိရှိသွားသည်။

အကြောင်းမှာ လွန်ခဲ့သော တစ်နှစ်ကျော်က ရူယီစားသောက်ဆိုင်မှ စာရင်းကိုင်လျန်သည် မြို့တော်သို့ ပြန်သွားပြီးနောက် ဘဏ္ဍာရေးဝန်ကြီးဌာနသို့ ဝင်ရောက်ခဲ့သည်။

ချက်ချင်းပင် သူမ သင်ကြားပေးခဲ့သော တွက်ချက်နည်းဖြင့် ဘဏ္ဍာရေးဝန်ကြီးဌာနတွင် လျင်မြန်စွာ ထူးချွန် ထင်ရှားလာခဲ့သည်။

ထို့နောက် မင်းဆရာ၏လက်အောက်တွင် တပည့်ခံကာ မင်းဆရာ၏တပည့် ဖြစ်လာခဲ့သည်။

ထို့နောက် လျန်ချန်းချိုင်သည် ပို၍ပင် အဆင့်ဆင့် တိုးတက်လာပြီး ဧကရာဇ်ယန်၏ အလေးထားခြင်းကိုပင် ရရှိခဲ့သည်။

ဤတစ်ကြိမ် လင်းရှောင်ယွဲ့ အမိန့်တော်ပြန်တမ်း လက်ခံရရှိရခြင်းမှာ လျန်ချန်းချိုင်၏ ထောက်ခံ တင်သွင်းမှုကြောင့် ဖြစ်လေသည်။

အကြောင်းရင်းမှာ ယန်နိုင်ငံက ငြိမ်းချမ်းရေး တောင်းဆိုသည်ကို ချူနိုင်ငံနှင့် ကျင်းနိုင်ငံတို့က သဘောတူခဲ့သော်လည်း ငြိမ်းချမ်းရေး ဆွေးနွေးမှု အခြေအနေများမှာ အလွန်အမင်း တင်းကျပ် ခက်ထန်နေသောကြောင့် ဖြစ်သည်။

ချူနိုင်ငံနှင့် ကျင်းနိုင်ငံ နှစ်နိုင်ငံတို့သည် သူတို့၏ ရက်ရောမှုကို ပြသရန် သာ့ယန်နိုင်ငံ၏ မြို့တော်သို့ သင်္ချာပညာရှင်များ စေလွှတ်လာပြီး သာ့ယန်နိုင်ငံ၏ သင်္ချာပညာရှင်များနှင့် အပြန်အလှန် ယှဥ်ပြိုင်ရန် တောင်းဆိုခဲ့သည်။

ပြီးလျှင် သာ့ယန်နိုင်ငံကသာ သူတို့ နိုင်ငံနှစ်ခုမှ စေလွှတ်လိုက်သော သင်္ချာပညာရှင်များကို အနိုင်ယူနိုင်ပါက ငြိမ်းချမ်းရေး ဆွေးနွေးမှု အခြေအနေများကို သုံးဆယ်ရာခိုင်နှုန်း လျှော့ချပေးနိုင်သည်ဟု အဆိုပြုခဲ့သည်။

သို့သော် သာ့ယန်နိုင်ငံက ရှုံးနိမ့်ခဲ့ပါက အခြေအနေများကို သုံးဆယ်ရာခိုင်နှုန်း ထပ်မံ တိုးမြှင့်ရမည် ဖြစ်သည်။

"သခင်မလီ၊ ဒီတစ်ကြိမ် ချူနဲ့ကျင်း တို့က စေလွှတ်လိုက်တဲ့ သင်္ချာပညာရှင်ကြီးတွေက လောကမှာ ကျော်ကြားလှပါတယ်။ သခင်လေးလျန်က ဧကရာဇ်မင်းကြီးဆီကို သခင်မကို ကိုယ်တိုင် ထောက်ခံတင်သွင်းခဲ့တာပါ၊ နောက်ပြီး သာ့ယန်နိုင်ငံရဲ့ ဂုဏ်သိက္ခာ အားလုံးက သခင်မ တစ်ယောက်တည်းအပေါ်မှာပဲ မူတည်နေပါပြီ။" အမိန့်တော် ကြေညာသူ ကုန်းကုန်းသည် လင်းရှောင်ယွဲ့အား ကိုယ်ကိုကိုင်းညွှတ်၍ အရိုအသေပြုလိုက်သည်။

လင်းရှောင်ယွဲ့သည် အလျင်အမြန် ပြန်လည် အရိုအသေပြုလိုက်သည်။

"ကုန်းကုန်း အလေးအနက်တွေပြောနေပါပြီ။ နန်းတော်အတွက် အကျိုးဆောင်နိုင်တာဟာ ကျွန်မရဲ့ ဂုဏ်ယူစရာပါ။ ကျွန်မကိုယ်တိုင် အစွမ်းကုန် ကြိုးစားပါ့မယ်။"

အမိန့်တော်ပြန်တမ်းပင် ရောက်ရှိလာပြီလေ၊ အစွမ်းကုန် မကြိုးစားဘဲ နေလို့ရပါတော့မလား။

အမိန့်တော် ကြေညာသူ ကုန်းကုန်း၏ မျက်နှာထားမှာ အနည်းငယ် ကောင်းမွန်သွားသည်။

"ဒါဆို သခင်မ အမြန်ဆုံး ပြင်ဆင်ပြီးတော့ မနက်ဖြန် ကျွန်တော်မျိုးနဲ့အတူ မြို့တော်ကို ခရီးဆက်ကြတာပေါ့။" ချက်ချင်းပင် ပြောလိုက်သည်။

မြို့တော်ဘက်မှ အလွန် အလျင်လိုနေသည်။ လူကို အမြန်ဆုံး ပြန်ခေါ်သွားရမည်။ ထို့နောက် မြို့တော်ဘက်တွင် အခြားသော အစီအစဉ်များ ရှိသေးသည်။

လင်းရှောင်ယွဲ့၏မျက်နှာသည် တောင့်တင်းသွားသည်။

"ကောင်းပါပြီ၊ ဒါဆို ကုန်းကုန်းကို အိမ်တော်မှာ တစ်ညတာ အနားယူစေချင်ပါတယ်။ ကျွန်မ အိမ်ကိစ္စတွေ စီစဉ်ပြီးတာနဲ့ မနက်ဖြန် အစောကြီး ကုန်းကုန်းနဲ့အတူ ခရီးဆက်ပါ့မယ်။" ချက်ချင်းပင် ပြောလိုက်သည်။

ကိစ္စများမှာ အလွန် ရုတ်တရက်ဆန်လှသည်။ သူမတွင် စီစဉ်စရာ ကိစ္စများစွာ ရှိသေးသည်။ အခြားအရာများကို ထားလိုက်ဦး လီရှောင် ရှိရာသို့ ကောင်းမွန်စွာ နှစ်သိမ့် ပြောဆိုရဦးမည်။

ကံမကောင်းစွာဖြင့် စီစဉ်ရန် အချိန် တစ်ညတာမျှသာ ရှိတော့သည်...

ဟူး၊ ဒီနှစ်ရက်အတွင်း ဘာလို့များ မျက်ခွံတွေလှုပ်နေလဲလို့ တွေးနေတာ။ ဘယ်လိုကြောင့်များ ဒီလိုကြမ္မာဖန်လာရတာလဲ။

"သခင်မလီကို အနှောင့်အယှက် ပေးရပါပြီ။" အမိန့်တော်ကြေညာသူ ကုန်းကုန်းက ထူးလိုက်သည်။

"ကုန်းကုန်း အားနာနေစရာ မလိုပါဘူး။" လင်းရှောင်ယွဲ့က ဆိုသည်။

ချက်ချင်းပင် အစေခံတစ်ဦးကို ခေါ်လိုက်ပြီး အမိန့်တော် ကြေညာသူ ကုန်းကုန်းနှင့် လူအချို့ကို နောက်ခြံဝင်းသို့ အနားယူရန် ခေါ်ဆောင်သွားစေသည်။

အမိန့်တော် ကြေညာသူ ကုန်းကုန်း အစရှိသော လူများ ထွက်ခွာသွားမှ လင်းရှောင်ယွဲ့သည် သက်ပြင်းတစ်ချက် ချနိုင်တော့သည်။

ကံကောင်းထောက်မစွာပင် ယခု လျိုအိမ်တော်တွင် ချီဝူတပ်သားများ များများစားစား မရှိကြပေ။

မဟုတ်ပါက သူမသည် အခြေအနေများ ပေါ်သွားမည်ကို စိုးရိမ်ရဦးမည် ဖြစ်သည်။

"သခင်လေးကို သွားခေါ်..." လင်းရှောင်ယွဲ့က စကား စတင်လိုက်သော်လည်း နောက်မှ စကားများမှာ ရပ်တန့်သွားသည်။

"ထားလိုက်တော့၊ ငါကိုယ်တိုင်ပဲ သင်္ဘောဆိပ်ကိုသွားပြီး ရှာလိုက်မယ်။" ချက်ချင်းပင် ဤသို့ပြောရင်း အပြင်သို့ ထွက်သွားသည်။

အမိန့်တော် ကြေညာသူ ကုန်းကုန်းသည် မြို့တော်မှ လာခြင်းဖြစ်ရာ ယခင်က လီရှောင်ကို မြင်ဖူးခြင်း ရှိ၊ မရှိ မသိနိုင်ပေ။

အကယ်၍ လီရှောင်နှင့် တွေ့ဆုံမိပြီး မှတ်မိသွားခဲ့လျှင် ထိုအချိန်ကျလျှင် အပိုအလုပ်များ ရှုပ်ထွေးလာနိုင်ပေသည်။

"မင်း၊ အိမ်တော်ထိန်းဖန်းကို သွားရှာ။ သူ့ကို ဒီနေ့ လျိုအိမ်တော်ကို ပြန်မလာနဲ့တော့လို့ ပြောလိုက်။ ပြန်ရောက်ပြီးရင် သာ့ရှီရွာမှာ ငါ့ကို လာတွေ့ခိုင်းလိုက်။" အသံကို နှိမ့်လိုက်ပြီး လင်းရှောင်ယွဲ့က ဘေးမှ အစေခံတစ်ဦးအား ထပ်မံ ပြောလိုက်သည်။

အိမ်တော်ထိန်းဖန်း၏ သရုပ်သည်လည်း အတော်လေး ထူးခြားသဖြင့် ရှောင်ရှားနေခြင်းက ပိုကောင်း၏။

"ဟုတ်ကဲ့။" အစေခံက အလျင်အမြန် ထူးလိုက်သည်။

လင်းရှောင်ယွဲ့သည် ထိုအခါမှ ထွက်ခွာသွားသည်။

လျိုအိမ်တော် အပြင်ဘက်တွင် မြင်းလှည်းတစ်စီး အသင့် စောင့်ဆိုင်းနေပြီး ဖြစ်သည်။

လင်းရှောင်ယွဲ့သည် မြင်းလှည်းပေါ်သို့ တက်လိုက်ပြီး မြင်းလှည်းမောင်းသမားအား သင်္ဘောဆိပ်သို့ တိုက်ရိုက် မောင်းနှင်စေသည်။

ချက်ချင်းပင် လီရှောင်ကို ရှာတွေ့သွားပြီးနောက် လင်မယားနှစ်ယောက် သာ့ရှီရွာသို့ ပြန်လှည့်လာခဲ့ကြသည်။

လမ်းတစ်လျှောက်လုံးတွင် လီရှောင်သည် မျက်နှာ တည်တင်းနေပြီး လမ်းမကြီးပေါ်မှ ဆင်းခါနီးမှသာ နောက်ဆုံးတွင် စကားစပြောလာခဲ့သည်။

"ကိုယ် မင်းနဲ့အတူ မြို့တော်ကို လိုက်ခဲ့မယ်။"

လင်းရှောင်ယွဲ့ တုန်လှုပ်သွားသည်။

"မဖြစ်ဘူး။" ချက်ချင်း ငြင်းဆန်လိုက်သည်။

သူမ၏ခင်ပွန်း မျက်မှောင်ကြုတ်သွားသည်ကို မြင်သောအခါ လင်းရှောင်ယွဲ့က ထပ်မံ ဖွင့်ဟ ပြောလိုက်သည်။ "ဒီလောက် ခက်ခက်ခဲခဲ အဲ့ဒီ ပြဿနာများတဲ့ နေရာကနေ ထွက်ပြေးလာနိုင်တာ ဘာကိစ္စနဲ့ ပြန်သွားရမှာလဲ။

ရှင့်မျက်နှာကို တစ်ယောက်ယောက်မှတ်မိသွားခဲ့ရင် အဲ့ဒီအချိန်ကျ ရှင်ပဲ အန္တရာယ်ရှိမှာ မဟုတ်ဘူး။ ကျွန်မတို့ အိမ်၊ ညီအစ်ကိုတွေ အပါအဝင် အားလုံး အန္တရာယ်ကျရောက်သွားလိမ့်မယ်။"

ဤခြောက်လကျော် ကာလအတွင်း လီရှောင်သည် သူမ ပေးသော အမာရွတ်ပျောက်ဆေးကို အမြဲ အသုံးပြုနေသဖြင့် ထို ကြောက်မက်ဖွယ် အမာရွတ်မှာ မှိန်ဖျော့သွားသော်လည်း ဖုံးကွယ်ထားခြင်း မရှိသည့်အခါ ထိုအမာရွတ်မှာမူ ထင်ရှားနေဆဲ ဖြစ်သည်။

လီရှောင်သည် မျက်မှောင်ကြုတ်လိုက်သည်။

"ကိုယ် ပုံစံပြောင်းပြီး၊ မင်းဘေးက ကိုယ်ရံတော်အဖြစ် ဟန်ဆောင်လိုက်မယ်။" သူက ဖွင့်ဟ ပြောလိုက်သည်။

ဇနီးလေး၏ ခင်ပွန်းအဖြစ် အတူတကွ သွားလာခြင်းသည် အမှန်ပင် အလွန် ထင်ပေါ်သိသာစေမည် ဖြစ်သည်။ သို့သော် ကိုယ်ရံတော်အဖြစ်သာ ဆိုလျှင်မူ ဤမျှ လူ အာရုံစိုက်ခြင်း ခံရတော့မည် မဟုတ်ပေ။

"မြို့တော်ရဲ့ အခြေအနေက ရှုပ်ထွေးတယ်။ မလိုက်သွားရင် မင်းအတွက် စိတ်မချဘူး။" လင်းရှောင်ယွဲ့ ငြင်းဆန်လိုသည်ကို မြင်သောအခါ လီရှောင်က ထပ်မံ ဖြည့်စွက် ပြောလိုက်သည်။

"နောက်ပြီးတော့... ဒီတစ်ခေါက် မြို့တော်ကို သွားတဲ့အခါ၊ အစ်မတော်ကို ကယ်တင်နိုင်မယ့် အခွင့်အရေး ရှိ၊ မရှိ ကိုယ်ကြည့်ချင်တယ်။"

လင်းရှောင်ယွဲ့ တောင့်တင်းသွားသည်။

"အန်းယန်ဝမ်ရယ်ဘက်က လှုပ်ရှားမှု တစ်စုံတရာ မရှိသေးဘူး။ ဒီကိစ္စက ကိုယ်တို့ ကိုယ့်အားကိုယ်ကိုးမှပဲ ဖြစ်နိုင်လောက်တယ်။" လီရှောင်က လေးနက်သော အသံဖြင့် ဆိုသည်။

လင်းရှောင်ယွဲ့သည် တိတ်ဆိတ်သွားသည်။

လီရှောင်သည် ရုတ်တရက် လင်းရှောင်ယွဲ့၏လက်ကို ထပ်မံ ဆုပ်ကိုင်လိုက်သည်။

"ကိုယ့်ကို မင်းနဲ့အတူ လိုက်ခွင့်ပြုပါ။ မဟုတ်ရင်၊ ကိုယ် နောက်ကနေ တိတ်တဆိတ် လိုက်ခဲ့မှာပဲ။"

လင်းရှောင်ယွဲ့သည် သက်ပြင်းတစ်ချက် ချလိုက်ပြီး မျက်ဝန်းထဲတွင် အကူအညီမဲ့သည့် အရိပ်အယောင်တစ်ချက် ဖြတ်ပြေးသွားသည်။

"ကောင်းပြီလေ။ ဒါပေမဲ့ ဟိုရောက်ပြီးရင် လှုပ်ရှားမှု အားလုံး ကျွန်မ ပြောတဲ့အတိုင်း နားထောင်ရမယ်။" နောက်ဆုံးတွင် ပြောလိုက်သည်။

နေရာချင်း လဲ၍ စဥ်းစားကြည့်လျှင် အကယ်၍ ယနေ့ သူမနှင့် လီရှောင်တို့ နေရာချင်း လဲလှယ်ကြပြီး အမိန့်တော်ဖြင့် မြို့တော်သို့ သွားရသူမှာ လီရှောင်ဖြစ်ကာ သူမအား ချင်းရှီမြို့တွင် တစ်ယောက်တည်း စောင့်ဆိုင်းစေပါက သူမလည်း စောင့်ဆိုင်းနိုင်မည် မဟုတ်ပေ။

အစောပိုင်းက နယ်စပ်သို့ ဤမျှ အန္တရာယ်များသော ကိစ္စကို သွားရောက် လုပ်ဆောင်ရာတွင် လီရှောင်သည် သူမကိုပင် ခေါ်ဆောင်သွားခဲ့သည်။

ဤတစ်ကြိမ်တွင် သူမသည်လည်း သူမ၏ခင်ပွန်းကို ပစ်ထား၍ မဖြစ်ပေ။

"အင်း။" လီရှောင်၏ မျက်နှာပေါ်တွင် အပြုံးတစ်ချက် ပေါ်ပေါက်လာပြီး ခေါင်းညိတ်လိုက်သည်။

လင်းရှောင်ယွဲ့သည် လီရှောင်၏လက်ကို ပြန်လည် ဆုပ်ကိုင်လိုက်သည်။

"မီးပင်လယ်ဖြစ်ဖြစ် ဓားတောင်ပဲ ဖြစ်ဖြစ်၊ ကျွန်မတို့ လင်မယား အတူတူ ရင်ဆိုင်ကြတာပေါ့။"

"ကောင်းပြီ။" လီရှောင်သည် လက်ဆန့်တန်းကာ လင်းရှောင်ယွဲ့အား ရင်ခွင်ထဲသို့ ပွေ့ဖက်လိုက်သည်။

ထိတ်လန့်နေသော နှလုံးသား နှစ်စုံသည် တည်ငြိမ် အေးချမ်းသွားကြပြန်သည်။

....

လျိုအိမ်တော် (သာ့ရှီရွာ) သို့ ပြန်ရောက်သော်။

လင်းရှောင်ယွဲ့သည် လူလွှတ်၍ ကျိုးရှီအား ခေါ်ခိုင်းလိုက်သည်။

ငရုတ်သီး အလုပ်ရုံ ကိစ္စများကို စီစဉ်ပြီးသည်နှင့် အိမ်တော်ထိန်းဖန်းသည် ရောက်ရှိလာသည်။

လူလွှတ်၍ ကျိုးရှီအား ပြန်ပို့စေပြီးနောက် လင်းရှောင်ယွဲ့သည် အိမ်တော်ထိန်းဖန်းနှင့် နောက်ဆက်တွဲ အစီအစဉ်များကို ထပ်မံ ပြောဆိုသည်။

"ရှန့်ကုန်းက ကျွန်မနဲ့အတူ မြို့တော်ကို လိုက်မှာ။ ကျွန်မတို့ သွားပြီးနောက် ခြံက ကိစ္စတွေ ပြီးတော့ ခြံပေါ်က အဲ့ဒီ အလုပ်ရုံတွေကို အားလုံး ရှင့်ကိုပဲ တာဝန်လွှဲခဲ့မယ်။" လင်းရှောင်ယွဲ့က ဆိုသည်။

အိမ်တော်ထိန်းဖန်းသည် ချက်ချင်း လီရှောင်အား ကြည့်လိုက်သည်။

လီရှောင်ထံတွင် ထူးခြားသည့် မျက်နှာအမူအရာ မရှိသည်ကို မြင်မှ အိမ်တော်ထိန်းဖန်းသည် ကိုယ်ကို ကိုင်းညွှတ်၍ အမိန့်ကို နာခံလိုက်သည်။

"ဟုတ်ကဲ့။"

လင်းရှောင်ယွဲ့သည် လီရှောင်အား တစ်ချက် လှမ်းကြည့်လိုက်သည်။

ချက်ချင်းပင် အိမ်တော်ထိန်းဖန်းထံသို့ ထပ်မံ ကြည့်လိုက်သည်။

"ဒီခရီးစဉ်မှာ ဖန်ထန်နဲ့ ရှန်းရှန်းကိုလည်း ကျွန်မတို့နဲ့အတူ မြို့တော်ကို လိုက်ခဲ့စေမယ်။ ရှောင်ယန်ဘက်ကိုတော့ ရှန့်ကုန်းက သီးသန့် အစီအစဉ် လုပ်လိမ့်မယ်။ နောက်ပြီးတော့၊ ကျွန်မတို့ သွားပြီးနောက်၊ တတ်နိုင်သလောက် အသံတိတ် နေထိုင်ပါ။ တကယ်လို့..." လင်းရှောင်ယွဲ့သည် ခေတ္တ ရပ်တန့်လိုက်သည်။

"ဆုတ်ခွာမယ့် အစီအစဉ်ကို ကြိုတင် ပြင်ဆင်ထားပါ။ အကယ်၍ ကျွန်မတို့ ပြန်မလာနိုင်ခဲ့ရင်၊ အမေ့ကို ကောင်းကောင်း ကာကွယ်ပေးပါ။"

ဤတစ်ကြိမ် မြို့တော်သို့ သွားရခြင်းမှာ အန္တရာယ် အလွန် များလှသည်။

အချိန်မှာ အလွန် ကပ်တိုက်နေသဖြင့် ကိစ္စများစွာကို စေ့စပ်သေချာစွာ စီစဉ်နိုင်ခြင်း မရှိပေ။

အကယ်၍ သူတို့ မြို့တော်တွင် အန္တရာယ် ကြုံတွေ့ခဲ့ပြီး သရုပ်မှန်များ ပေါ်ပေါက်သွားပါက ချင်းရှီမြို့ရှိလူများ အန္တရာယ် ကျရောက်ပေလိမ့်မည်။

ကိစ္စမှာ ရုတ်တရက် ဖြစ်ပွားခဲ့ပြီး မနက်ဖြန်တွင် ခရီးစတင်ရမည် ဖြစ်သည်။

အိမ်ကိစ္စများကို သူမသည် အိမ်တော်ထိန်းဖန်းထံသို့သာ အပ်နှံနိုင်တော့သည်။

အိမ်တော်ထိန်းဖန်း၏အမူအရာသည် လေးနက်သွားသည်။

"ဟုတ်ကဲ့။" သူသည် ကိုယ်ကို ကိုင်းညွှတ်၍ အမိန့်ကို နာခံလိုက်သည်။

ထို့နောက် လီရှောင်သည်လည်း အိမ်တော်ထိန်းဖန်းအား ကိစ္စအချို့ကို မှာကြားပြီးမှ အိမ်တော်ထိန်းဖန်းအား ထွက်ခွာစေသည်။

အိမ်တော်ထိန်းဖန်း ထွက်သွားပြီးနောက်မှ ဖန်ထန်နှင့် ကျောက်ရှန်းရှန်းတို့သည် လင်းရှောင်ယွဲ့နှင့် လီရှောင်တို့အား တွေ့ဆုံခွင့်ရကြသည်။

လင်းရှောင်ယွဲ့သည် အခြေအနေကို ရှင်းပြလိုက်ရာ နှစ်ယောက်သား မှာကြားချက်ကို နားထောင်ပြီးမှ အသီးသီး ခရီးဆောင်အိတ်များ ပြင်ဆင်ရန် ဆင်းသွားကြသည်။

"သွားကြစို့၊ အမေ့ကို သွားတွေ့ရအောင်။" လူနှစ်ယောက် ထွက်ခွာသွားမှ လင်းရှောင်ယွဲ့သည် ထိုင်ခုံပေါ်မှ ထရပ်လိုက်သည်။

ဤခရီးစဉ်သည် မည်မျှ ကြာမြင့်မည်ကို မသိရသေးရာ အမေ့ဘက်ကို နှစ်သိမ့်ထားမှ ဖြစ်မည်။

"အင်း။" လီရှောင်က အသံတစ်ချက် ပြုလိုက်သည်။

.......

လျိုအိမ်တော် နောက်ခြံဝင်း။

လျိုရှီသည် လင်းရှောင်ယွဲ့၏ စကားကို ကြားသောအခါ မျက်ရည်များကို အဆက်မပြတ် သုတ်နေမိသည်။

"ဒီလောက် ကြီးတဲ့ကိစ္စက ဘယ်လိုလုပ် မင်းလို မိန်းကလေးငယ် တစ်ယောက်အပေါ် ကျရောက်လာရတာလဲ။ မနက်ဖြန်ကျရင် ခရီးစထွက်ရမယ်ဆိုတော့ ဒီလောက်တောင် အလျင်စလို လုပ်ခိုင်းနေရလား။"

လျိုရှီသည် ဤသို့ပြောရင်း ထိုင်ခုံပေါ်မှ ထရပ်ရန် ပြင်လိုက်သည်။

"မဖြစ်ဘူး၊ ငါ မင်းတို့နဲ့ အတူတူ လိုက်ခဲ့ရမယ်။"

လင်းရှောင်ယွဲ့သည် အလျင်အမြန် ရှေ့တိုးလိုက်ပြီး လျိုရှီအား ထိုင်ခုံပေါ်သို့ ပြန်လည် ဖိထိုင်စေသည်။

"အမေ..." သူမသည် ချွဲနွဲ့သလို အော်ဟစ်လိုက်ပြီး လျိုရှီ၏ လက်မောင်းကို ဆွဲထားလိုက်သည်။

"သမီးက အမိန့်တော်အရ မြို့တော်ကို သွားပြီး နန်းတော်အတွက် ကိစ္စတွေ ကူညီလုပ်ဆောင်ပေးရုံပါ။ ကိစ္စတွေ ပြီးသွားရင် ပြန်လာမှာပဲ။ ဘာမှ ဖြစ်မှာ မဟုတ်ပါဘူး။ ပြီးတော့ ရှန့်ကုန်းက သမီးနဲ့အတူ လိုက်လာမှာပဲ။ သူရှိနေမှတော့ ဘယ်သူက သမီးကို အနိုင်ကျင့်နိုင်မှာလဲ။" ဤသို့ပြောရင်း လင်းရှောင်ယွဲ့သည် လီရှောင်အား ကြည့်လိုက်သည်။

လီရှောင်သည် အလျင်အမြန် လျိုရှီအား ခေါင်းညိတ်ပြလိုက်သည်။

"အမေ စိတ်ချပါ၊ ကျွန်တော် ရှိနေသရွေ့ ယွဲ့အာ ဘာမှ ဖြစ်မှာ မဟုတ်ပါဘူး။"

လျိုရှီ၏မျက်နှာထားသည် ထိုအခါမှ အနည်းငယ် ကောင်းမွန်သွားသည်။

"ဒါပေမဲ့..." သို့သော် သူမသည် စိုးရိမ်နေဆဲ ဖြစ်သည်။

မြို့တော်... ထိုနေရာသည် အေးချမ်းသာယာသော နေရာ မဟုတ်ပေ။

အစောပိုင်းက သူမသည် ထိုနေရာမှပင် ထွက်ပြေးလွတ်မြောက်လာခဲ့ခြင်း ဖြစ်သည်...

အတိတ်မှ အဖြစ်အပျက်များကို ပြန်လည် တွေးမိသောအခါ လျိုရှီ၏ မျက်လုံးထဲတွင် ကြောက်ရွံ့မှု အရိပ်အယောင်တစ်ချက် ဖြတ်ပြေးသွားပြီး ချက်ချင်းပင် ပြန်လည် တွေးတောခြင်းကို ရပ်တန့်လိုက်သည်။

လင်းရှောင်ယွဲ့သည် သတိပြုမိခြင်း မရှိခဲ့ပေ။

***

All Chapters