← Chapters

ချင်းယွမ်ခြံသို့ သွားခြင်း

Vol. 18 Ch. 375

ချင်းယွမ်ခြံသို့ သွားခြင်း

Vol. 18 Ch. 375

ထမင်းစားပြီးနောက် အန်းယန်ဝမ်ဖေးသည် အာလူး၏အရသာကို ချီးကျူးနေဆဲ ဖြစ်၏။ ထို့အပြင် အာလူးအစိမ်း မည်သို့သော ပုံသဏ္ဌာန် ရှိသည်ကို တွေ့မြင်လိုကြောင်း အခွင့်ကောင်းယူ၍ ထပ်မံ အဆိုပြုလိုက်၏။

လင်းရှောင်ယွဲ့သည် သဘောတူလိုက်ပြီး နှစ်ဦးသားကို မီးဖိုချောင်သို့ ခေါ်ဆောင်သွားလေသည်။

အာလူး၏ ပုံသဏ္ဌာန်ကို မြင်တွေ့ရသောအခါ အန်းယန်ဝမ်ဖေးသည် အနည်းငယ် လက်မလွှတ်နိုင် ဖြစ်သွား၏။

"အရွယ်အစားက ဒီလောက်တောင် ကြီးတာပဲ"

အန်းယန်ဝမ်ဖေးက အာလူးဥတစ်လုံးကို ကိုင်မြှောက်၍ သဘောကျစွာ ပြောလိုက်သည်။

ဤ မြေကြီးအတုံးအခဲနှင့်တူသော အရာက ဟင်းလျာအဖြစ် ချက်ပြုတ်လိုက်လျှင် တကယ်ကြီးဒီလောက်တောင် အရသာရှိသွားတာလား။

စွန်းထောင်သည် ဘေးမှနေ၍ အန်းယန်ဝမ်ဖေးနှင့် လျန်ယွီတို့အား ရှင်းလင်း ပြောကြားပေးနေပြီး ထိုအခြေအနေကို မြင်သော် မျက်နှာထက်တွင် အပြုံးတစ်ခု ပေါ်လာ၏။

"ဟားဟား ဝမ်ဖေး၊ ဒါက အရွယ်အစား အကြီးဆုံးလို့တောင် မသတ်မှတ်သေးဘူး။ တချို့ အရွယ်အစားကြီးတဲ့ အလုံးတွေဆို တစ်လုံးတည်းနဲ့ တစ်ပေါင် ကျော်တောင် ရှိတယ်။ လှီးလိုက်ရင် ဟင်းတစ်ပွဲစာ လုံလောက်တယ်"

အန်းယန်ဝမ်ဖေး၏ မျက်ဝန်းများ အံ့အားသင့်သွား၏။

"အဲ့လောက် ကြီးတဲ့ အရွယ်အစားတွေတောင် ရှိသေးတာလား"

အကြည့်သည် ဦးစွာ စွန်းထောင်နှင့် လင်းရှောင်ယွဲ့ထံသို့ ရောက်ရှိသွားပြီးနောက် လျန်ယွီထံသို့ ထပ်မံ ကြည့်လိုက်၏။

တစ်လုံးတည်းဖြင့် တစ်ပေါင်ကျော် ရှိပြီး တစ်ပေါင် လျှင် လေးပြား၊ ငါးပြား ဆိုလျှင် ဤအာလူး၏ အထွက်နှုန်းသာ မြင့်မားပါက သခင်မလေးလင်း ငွေကို ရှာဖွေရသည်မှာ အလွန် လွယ်ကူလွန်းမနေဘူးလား။

လျန်ယွီမှာမူ မည်သည့် တုံ့ပြန်မှုမျှ မရှိပေ။ အာလူးကို သူ ကြိုမြင်ဖူးပြီးဖြစ်သည့်အပြင် အကြမ်းဖျင်း အထွက်နှုန်း အခြေအနေကိုလည်း သိရှိပြီး ဖြစ်၏။

လင်းရှောင်ယွဲ့၏ မျက်ဝန်းများ လှုပ်ရှားသွား၏။

"ဝမ်ဖေး ဒီအာလူးကို သဘောကျတယ်ဆိုရင် ခဏနေရင် ဝမ်ရယ်အိမ်တော်ကို နည်းနည်း ယူသွားလို့ ရပါတယ်"

အန်းယန်ဝမ်ဖေး မျက်နှာ ဝင်းပသွား၏။ သဘောတူရန် ပြင်လိုက်စဉ် မျက်ဝန်းများ လှုပ်ရှားသွားပြီး ရုတ်တရက် တစ်စုံတစ်ခုကို ထပ်မံ တွေးမိလိုက်၏။

"လက်ဆောင်ပေးတာတော့ ထားလိုက်ပါတော့။ မဟုတ်ရင် မမ ပိုက်ဆံနဲ့ပဲ ဝယ်လိုက်ပါ့မယ်။ ဒီအာလူးက အကြာကြီး သိုလှောင်ထားလို့ ရလား"

လင်းရှောင်ယွဲ့က ပြုံးလိုက်၏။ "ပြန်ယူလာတဲ့ အာလူးတွေက အားလုံး မြေကြီးတွေနဲ့ပဲ။ သူတို့ကို ခြောက်သွေ့တဲ့ မြေအောက်ခန်းထဲ ထည့်ထားမယ်။ ကောင်းကောင်းမွန်မွန် ထိန်းသိမ်းထားမယ်ဆိုရင် တစ်နှစ်လောက် သိုလှောင်ထားလည်း ဘာပြဿနာမှ မရှိဘူး"

တစ်စုံတစ်ခုကို တွေးမိသဖြင့် လင်းရှောင်ယွဲ့က ထပ်မံ ပြောလိုက်သည်။ "ဟုတ်သားပဲ၊ ဝမ်ဖေးတို့ သတိထားရမှာက အညှောက်ပေါက်သွားတဲ့ အာလူးတွေက အဆိပ်အတောက်တွေ ပါလာတတ်တယ်။ ထပ်ပြီး မသုံးသင့်တော့ဘူး"

အန်းယန်ဝမ်ဖေးနှင့် လျန်ယွီတို့ နှစ်ဦးစလုံး အံ့အားသင့်သွားကြ၏။ ဤကိစ္စကို အလျင်အမြန် မှတ်သားထားလိုက်ကြ၏။

ပြီးနောက် အန်းယန်ဝမ်ဖေးက စွန်းထောင်အား အာလူးဖြင့် ဟင်းချက်နည်းများကို ထပ်မံ မေးမြန်း သင်ယူလိုက်၏။

စွန်းထောင်မှာမူ ပြန်မဖြေဘဲ ခက်ခဲသော အမူအရာဖြင့် လင်းရှောင်ယွဲ့ကို လှမ်းကြည့်လိုက်၏။

အန်းယန်ဝမ်ဖေးသည် ထိုအခြေအနေကို မြင်သော် အခြေအနေကို သဘောပေါက်သွားပြီး မျက်နှာထက်တွင် အနည်းငယ် အားနာသော အရိပ်အယောင် ဖြတ်ပြေးသွား၏။

"ညီမလေး၊ မမက... တကယ်ပဲ အာလူး စားရတာကို အရမ်း သဘောကျလို့ပါ။ ဒီလို လုပ်ပါလား၊ မမ ပိုက်ဆံ ပေးမယ်။ ညီမလေး ဆရာစွန်းကို မမတို့ ဝမ်ရယ်အိမ်တော်က စားဖိုမှူးတွေကို သင်ပေးခိုင်းပါလား၊ ဘယ်လိုလဲ"

အန်းယန်ဝမ်ဖေးက မျက်နှာအပြည့် မျှော်လင့်တကြီးဖြင့် ပြောလေသည်။

လျန်ယွီသည်လည်း အသံမထွက်ဘဲ လင်းရှောင်ယွဲ့ကို လှမ်းကြည့်လိုက်၏။

လင်းရှောင်ယွဲ့မှာမူ ပြုံးလိုက်ပြီး လျန်ယွီထံသို့ လှည့်ကြည့်လိုက်၏။

"သခင်လေးလျန်ဘက်ကရော ဟင်းချက်နည်းတွေကို စိတ်ဝင်စားလား"

ပစ္စည်းများကို အန်းယန်ဝမ်ရယ်အိမ်တော်သို့ ရောင်းချလျှင် ဘယ်လိုလုပ် ငွေရနိုင်ပါ့မလဲ။ လျန်မိသားစု ကုန်သွယ်ရေးလုပ်ငန်းသို့ ရောင်းချမှသာ အဓိပ္ပာယ်မှာ ကွဲပြားသွားပေမည်။ အန်းယန်ဝမ်ရယ်အိမ်တော်နှင့် လျန်မိသားစု ကုန်သွယ်ရေးလုပ်ငန်းတို့၏ ဆက်ဆံရေးအရ သူမ မည်သည့် အိမ်ထောင်စုကို ရောင်းချသည် ဖြစ်စေ၊ အရင်းအမြစ်များကို အတူတကွ မျှဝေ သုံးစွဲကြပေမည်။ ဤသို့ဆိုလျှင် သဘာဝအတိုင်း ဈေးနှုန်း ပိုမြင့်သော အိမ်ထောင်စုကိုသာ ရောင်းချရပေမည်။

လျန်ယွီ၏မျက်နှာရိပ် အနည်းငယ် ပြောင်းသွားပြီး သူ့အတွေးကို လင်းရှောင်ယွဲ့က ဖတ်မိသွားမှန်း သိလိုက်၏။ အနေရခက်စွာ ပြုံးလိုက်ပြီးနောက် ခေါင်းညိတ်လိုက်၏။

"သေချာပေါက် စိတ်ဝင်စားတာပေါ့။ ဒါနဲ့ သခင်မလေးလင်း ဘယ်လောက် ဈေးနှုန်း သတ်မှတ်ထားလဲ"

အကြိမ်ကြိမ် ဆက်ဆံဖူးရာ သူသည် သခင်မလေးလင်းထံမှ အလကား အကျိုးအမြတ် ရရှိရန် ထိုမျှ မလွယ်ကူမှန်း မသိဘဲ နေပါ့မလား။ ထို့ကြောင့် သင့်လျော်သော ဈေးနှုန်း ဘောင်အတွင်း၌ ပေးသင့်သော ငွေကိုမူ ပေးရပေမည်။

လင်းရှောင်ယွဲ့၏ မျက်ဝန်းများ လှုပ်ရှားသွား၏။

"ငွေစ ၁၀၀၀ပေါ့။ ဒီနေ့ ထမင်းစားပွဲပေါ်က အာလူးဟင်းလျာ ချက်ပြုတ်နည်း အားလုံး ပါဝင်တယ်။ လျန်မိသားစုကို စားဖိုမှူးကြီးတစ်ယောက် လွှတ်ပြီး လျိုအိမ်တော်မှာ ဆရာစွန်းနဲ့ လာရောက် သင်ယူခွင့် ပြုမယ်။ အဲ့ဒီနောက် လျန်မိသားစုက အပြင်ကို သင်ကြားပေးမလား၊ မပေးဘူးလား ဆိုတာကို ကျွန်မဘက်က ဝင်မစွက်ဖက်ဘူး"

ဤသို့ပြောရင်း လင်းရှောင်ယွဲ့က အန်းယန်ဝမ်ဖေးကို လှမ်းကြည့်လိုက်သေး၏။

အန်းယန်ဝမ်ဖေးသည် ချက်ချင်း သဘောပေါက်သွားပြီး ပြုံးရင်း သူမ၏မောင်တော်ကို လှမ်းကြည့်လိုက်၏။

ဟားဟား၊ သခင်မလေးလင်း၏အဓိပ္ပာယ်မှာ သူတို့ အန်းယန်ဝမ်ရယ်အိမ်တော်အား အလကား ယူခိုင်းခြင်းလား။ မဆိုးဘူး မဆိုးဘူး...

ဤအချိန်တွင် လျန်ယွီမှာမူ အနည်းငယ် ဆွံ့အသွား၏။ သူ့အစ်မတော်၏ သဘောထားကို မျက်နှာပေါ်တွင် ရေးထားသော လုပ်ရပ်သည် သူ့ကို စိတ်ထိခိုက်စေမှာ မကြောက်ဘူးလား။

"ကောင်းပြီလေ။ ဒါဆို မနက်ဖြန် ကျွန်တော် စားဖိုမှူးကို လာဖို့ စီစဉ်လိုက်မယ်"

စိတ်ထဲမှ စိတ်ခံစားချက်များကို ဖိနှိပ်လိုက်ပြီး လျန်ယွီက လင်းရှောင်ယွဲ့အား ပြန်ဖြေလိုက်၏။

ငွေစ ၁၀၀၀၊ ဈေးနှုန်းမှာ မနိမ့်လှပေ။ သို့သော် အာလူး ချက်ပြုတ်နည်းမှာ မျိုးစုံလှသည့်အပြင် အချို့ ချက်ပြုတ်နည်းများသည် အခြား ဟင်းလျာများပေါ်တွင်လည်း နည်းယူ အသုံးပြုနိုင်ဖွယ် ရှိ၏။ ဤသို့ တွက်ချက်ကြည့်လျှင် အမှန်တော့ တွက်ခြေကိုက်သည်ဟု ဆိုနိုင်၏။

လင်းရှောင်ယွဲ့က ပြုံးရင်း ခေါင်းညိတ်လိုက်၏။

ဘေးမှ စွန်းထောင်မှာမူ အံ့အားသင့်လွန်း၍ မေးစေ့ပင် ပြုတ်ကျသွားမတတ် ဖြစ်သွား၏။ လူတစ်ယောက်ကို ဟင်းချက်နည်း သင်ပေးတာ၊ ငွေစ ၁၀၀၀။ သူတို့ သခင်မသည် စီးပွားရေးတွင် ရှားပါးသော ပါရမီရှင်တစ်ဦး ဖြစ်ပြီး သူတို့ ချီဝူတပ်မှ ဤမျှ များပြားသော ညီအစ်ကိုများကို ကျွေးမွေးထားနိုင်ရုံသာမက လူတိုင်းကိုပါ ကောင်းမွန်သော ဘဝ ဖြတ်သန်းစေနိုင်သည်ဟု ပြောဆိုနေကြ၏။ သူ ယခု ထင်သည်မှာ သခင်မက ဘာကို ရှားပါးတဲ့ပါရမီရှင်လဲ။ တကယ့်ကို ဉာဏ်ကြီးရှင်တစ်ယောက်ပဲ။

ငွေစ ၁၀၀၀လေ၊ ဒါကို လွယ်လွယ်လေးရသွားတယ်ဆိုတာက မလွန်လွန်းဘူးလား။

လင်းရှောင်ယွဲ့သည် စွန်းထောင်၏ တုံ့ပြန်မှုကို သတိပြုမိလိုက်ပြီး သူ့အား မာနထောင်လွှားသော အကြည့်တစ်ချက် ပေးလိုက်၏။

စွန်းထောင်သည် အလျင်အမြန် ခေါင်းငုံ့လိုက်ပြီး လင်းရှောင်ယွဲ့အား အရိုအသေ ပေးလိုက်၏။

"သခင်မ စိတ်ချပါ။ ကျွန်တော်မျိုး စွန်းထောင် သေချာပေါက် အလေးအနက် သင်ကြားပေးပြီး သခင်လေးလျန်ရဲ့ လူကို အာလူးရဲ့ ချက်ပြုတ်နည်း မျိုးစုံကို ချောချောမွေ့မွေ့ သင်ယူတတ်မြောက်စေရပါမယ်"

အသံသည် ကျယ်လောင်ပြီး တာဝန်ကို မဖြစ်မနေ ပြီးမြောက်အောင်မြင်စေရမည်ဟူသော ခိုင်မာမှုလည်း ပါဝင်နေ၏။ ရှိနေသူအားလုံး အနည်းငယ် အံ့အားသင့်သွားကြ၏။

လင်းရှောင်ယွဲ့မှာမူ ဤသည်ကို ကျင့်သားရနေပြီ ဖြစ်သော အမူအရာဖြင့် စွန်းထောင်အား ချီးကျူးဟန်ဖြင့် ခေါင်းညိတ်ပြလိုက်၏။

"သွားစို့၊ ကျွန်မ နှစ်ယောက်လုံးကို အိမ်တော်ထိန်းဖန်းနဲ့ တွေ့ပေးမယ်။ သူ့ကို ရှင်တို့အတွက် အာလူး ဝယ်မယ့် ကိစ္စ စီစဉ်ခိုင်းလိုက်မယ်"

လင်းရှောင်ယွဲ့က အန်းယန်ဝမ်ဖေးနှင့် လျန်ယွီတို့အား ပြောလိုက်သည်။

"အင်း"

နှစ်ဦးသား ခေါင်းညိတ်လိုက်ကြ၏။

....

မီးဖိုချောင်မှ ထွက်လာပြီးနောက် လင်းရှောင်ယွဲ့သည် နှစ်ဦးသားကို ခေါ်ဆောင်၍ အိမ်တော်ထိန်းဖန်းနှင့် သွားရောက် တွေ့ဆုံပြီးနောက် ကိစ္စကို စီစဉ် ချထားလိုက်၏။

ထို့အပြင် အန်းယန်ဝမ်ဖေးနှင့် လျန်ယွီတို့အား ကုန်ပစ္စည်းများ သွားရောက် ထုတ်ယူရန် လူ စီစဉ်ပေးပြီးနောက် လင်းရှောင်ယွဲ့သည် အိမ်တော်ထိန်းဖန်းကို သီးသန့် ချန်ထားခဲ့ပြီး သူနှင့်အတူ ခြံများထဲတွင် သတိပေးကာကွယ်မှုများ အားကောင်းစေရန် လိုအပ်သည့်ကိစ္စကို ထည့်သွင်း ပြောကြားလိုက်၏။

"လျန်မိသားစု ကုန်သွယ်ရေးလုပ်ငန်းနဲ့ ကျိုးကုန်သွယ်ရေးလုပ်ငန်းက လူတွေက ကျွန်မတို့တွေနဲ့ ပူးပေါင်းဆောင်ရွက်မှု ရှိတယ် ဆိုပေမဲ့ ကာကွယ်သင့်တာကိုတော့ မဖြစ်မနေ ကာကွယ်ရမယ်။ ဒီတစ်ခေါက် အာလူး ကိစ္စက အကောင်းဆုံး ဥပမာပဲ။ ကံကောင်းတာက သူတို့ အခု သိထားတာတွေက သိပ်မများသေးဘူး"

လင်းရှောင်ယွဲ့က အိမ်တော်ထိန်းဖန်းကို ကြည့်လိုက်၏။ "နောက်ပြီးတော့ ရှင်တို့ညီအစ်ကိုတွေကို မှာကြားလိုက်ပါ။ အပြင်က လူတွေအပေါ် ဘယ်သူပဲ ဖြစ်ဖြစ်၊ သတိထားတဲ့ စိတ် ရှိရမယ်။ ခြံတွေထဲက အလုပ်ရုံရဲ့ လျှို့ဝှက်ချက်တွေ၊ သီးနှံတွေရဲ့ လျှို့ဝှက်ချက်တွေ အားလုံးကို အပြင်ကို ပေါက်ကြားလို့ လုံးဝ မဖြစ်ဘူး"

လင်းရှောင်ယွဲ့က လေးနက်စွာ ပြောလိုက်သည်။

"အထူးသဖြင့် သီးနှံတွေရဲ့ လျှို့ဝှက်ချက်၊ ပေါက်ကြားသွားတာနဲ့ လျန်မိသားစု ကုန်သွယ်ရေးလုပ်ငန်းနဲ့ ကျိုးကုန်သွယ်ရေးလုပ်ငန်းရဲ့ အင်အားအရ ကျွန်မတို့တွေကို ပစ်ပယ်ပြီး သူတို့ဘာသာသူတို့ လုပ်ဆောင်နိုင်တဲ့ အရည်အချင်း အပြည့်အဝ ရှိတယ်။ အဲ့ဒီအချိန်ကျရင် ကျွန်မတို့တွေနဲ့ ဘာဆိုင်တော့မှာလဲ"

အိမ်တော်ထိန်းဖန်းသည် မျက်နှာထား တည်ကြည်စွာဖြင့် ခေါင်းညိတ်လိုက်၏။

"ဒီကိစ္စ၊ ကျွန်တော့်မှာ ပေါ့ဆတဲ့ နေရာတွေ ရှိခဲ့ပါတယ်။ သခင်မ စိတ်ချပါ။ ကျွန်တော် အခုပဲ လူလွှတ်ပြီး အမိန့် သွားပေးလိုက်ပါ့မယ်။ ညီအစ်ကိုတွေ အားလုံးက တစ်စိတ်တစ်ဝမ်းတည်းပါ၊ လျှို့ဝှက်ချက်ကို ထိန်းသိမ်းထားနိုင်ကြမှာပါ" ဟု အိမ်တော်ထိန်းဖန်းက ဖြည့်စွက် ပြောလိုက်သည်။

လင်းရှောင်ယွဲ့က ခေါင်းညိတ်လိုက်၏။ ချီဝူတပ်သားများ၏ သစ္စာစောင့်သိမှုအပေါ် သူမ ယုံကြည်၏။

"အန်းယန်ဝမ်ဖေးနဲ့ သခင်လေးလျန် လိုချင်တဲ့ အာလူးကို ရှင်ပဲ နေရာတကျ စီစဉ်ပေးလိုက်ပါ။ နောက်ပိုင်း သူတို့ ထပ်ပြီး အာလူး လာဝယ်မယ်ဆိုရင် ရှင်က တကယ့်အခြေအနေအရ စီစဉ်ရမယ်။ အရင်ဆုံး တို့တွေ နောက်ရာသီ သုံးမယ့် အာလူးမျိုးတွေကို ကြိုတင် ချန်ထားလိုက်။ ပြီးမှ နောက်ခြောက်လအတွင်း သရေစာ အလုပ်ရုံ အကြီးအသေး အသီးသီးမှာ သုံးမယ့် အာလူးတွေကို စီစဉ် ပို့ဆောင်ခိုင်း။ ပြီးတော့ အပိုအနေနဲ့ ကျွန်မတို့တွေ ကိုယ်တိုင် စားသုံးမယ့် ဟာတွေကို နှုတ်လိုက်။ ကျန်တာ ပိုလျှံမှ အပြင်ကို ရောင်း"

အိမ်တော်ထိန်းဖန်းသည် ကြားပြီးသော် မျက်မှောင်ကြုတ်လိုက်၏။

"တစ်ပေါင်ကို ငါးပြား၊ ဒီဈေးက မနိမ့်ဘူး။ ဒီလောက် တန်ဖိုးကြီးတဲ့ ပစ္စည်းကို ညီအစ်ကိုတွေကို စားဖို့ ချန်ထားတာက တွက်ခြေမကိုက်ဘူး။ မဟုတ်ရင်..."

'မဟုတ်ရင် ညီအစ်ကိုတွေကို စားဖို့ ချန်ထားတဲ့ အဲ့ဒီ အာလူးတွေကို အပြင် ထုတ်ရောင်းပြီး ငွေလဲလိုက်တာပေါ့။ ငွေ ရှိလာရင် တခြား ဟင်းသီးဟင်းရွက်တွေ ဝယ်လည်း ဖြစ်တာပဲ မဟုတ်လား'

အိမ်တော်ထိန်းဖန်း စကားမဆုံးသေးမီတွင် လင်းရှောင်ယွဲ့၏ ဖြတ်တောက်ခြင်းကို ခံလိုက်ရ၏။

"ဘာကို တွက်ခြေမကိုက်တာလဲ။ အရင်တုန်းက အာလူး စိုက်ပျိုးဖို့ ဆုံးဖြတ်ခဲ့တာက 'ကျင့်ခွိုက်' အတွက် သရေစာ အမျိုးအစား တိုးပေးဖို့ကလွဲရင် အကြီးမားဆုံး ရည်ရွယ်ချက် တစ်ခုက ညီအစ်ကိုတွေရဲ့ စားသောက်ရေး ပြဿနာကို ဖြေရှင်းဖို့ပဲ။ အခု အာလူးတွေ အများကြီး ထွက်လာတယ်။ ပြီးတော့ ညီအစ်ကိုတွေကလည်း သဘောကျကြတယ်။ အခု ပိုက်ဆံ နည်းနည်းပါးပါး အတွက်နဲ့ ညီအစ်ကိုတွေကို အာလူး စားတာကို လက်လွှတ်ခိုင်းလိုက်ရမယ်ဆိုရင် ကျွန်မက ဘယ်လို လူ ဖြစ်သွားမှာလဲ"

လင်းရှောင်ယွဲ့က မကျေမနပ် ပြောလိုက်သည်။ အဓိက အချက်မှာ သူမ ယခု လက်ထဲတွင် ချောင်လည်နေပြီ ဖြစ်ရာ ဤငွေ အနည်းငယ်ကို အမှန်တကယ် ဂရုမစိုက်ခြင်း ဖြစ်၏။

ထို့အပြင် ဤအချိန်ကာလအတွင်း အလုပ်ရုံနှင့် 'ကျင့်ခွိုက်' တို့ ဤသို့သော အောင်မြင်မှု ရရှိနိုင်ခြင်းမှာ အမှန်တကယ်ပင် ချီဝူတပ်သားများ၏ ကျေးဇူးကြောင့် ဖြစ်၏။

ချီဝူတပ်သားများ၏ အာလူးအပေါ် နှစ်သက်မှု အတိုင်းအတာကို သူမ မျက်မြင် တွေ့ရှိထား၏။ ငွေပိုမို ရှာဖွေရန်အတွက် သူမအပေါ် တစ်စိတ်တစ်ဝမ်းတည်းရှိသော ချီဝူတပ်သားများကို စတေးခိုင်းမည် ဆိုပါက သူမ မလုပ်ဆောင်နိုင်ပေ။

အိမ်တော်ထိန်းဖန်း၏ မျက်လုံးထဲတွင် လှိုက်လှဲမှု အရိပ်အယောင် ဖြတ်ပြေးသွား၏။

"သခင်မ ပြောတာ မှန်ပါတယ်၊ ကျွန်တော် အတွေးမှားသွားတာပါ" ဟု လင်းရှောင်ယွဲ့အား အရိုအသေ ပေးလိုက်၏။ တစ်ချိန်တည်းမှာပင် စိတ်ထဲတွင် သူတို့ သခင်မ၏ လူကောင်းပီသမှုကို နောက်တစ်ကြိမ် အံ့ဩ ချီးကျူးလိုက်မိ၏။

လင်းရှောင်ယွဲ့သည် ထိုအခြေအနေကို မြင်သော် မျက်နှာထား တော်တော်လေး ကောင်းမွန်သွား၏။

"ရှင်ကလည်း အများ အကျိုးအတွက် ကြည့်ရှု စဉ်းစားတာပါ"

သက်ပြင်းတစ်ချက် ချလိုက်ပြီး လင်းရှောင်ယွဲ့က အိမ်တော်ထိန်းဖန်းကို ထပ်မံ ကြည့်လိုက်၏။

"စိတ်ချပါ၊ အခု 'ကျင့်ခွိုက်' နဲ့ အလုပ်ရုံက တဖြည်းဖြည်း လမ်းကြောင်းမှန်ပေါ် ရောက်နေပါပြီ၊ တို့တွေရဲ့ ဘဝတွေက ပိုပိုပြီး ကောင်းမွန်လာမှာပါ။ အရင်တုန်းက ပြောခဲ့ဖူးတယ်၊ နှစ်လယ်ပိုင်း အချိန်ကျရင် လူတိုင်းကို လုပ်ခလစာ ထုတ်ပေးမယ်လို့။ ပြောထားမှတော့ ကျွန်မတို့တွေ လုပ်ဆောင်ရမှာပေါ့"

အိမ်တော်ထိန်းဖန်း၏ စိတ်နှလုံးသည် ပို၍ပင် လှိုက်လှဲသွား၏။

"ဟုတ်ကဲ့၊ သခင်မ"

လင်းရှောင်ယွဲ့က ပြုံးလိုက်၏။ "ဒီလောက်ပဲ ရှင် သွားအလုပ်လုပ်တော့" ဟု ဆိုပြီးနောက် ထွက်ခွာရန် ပြင်လိုက်၏။ သို့သော် ခြေလှမ်း နှစ်လှမ်း လှမ်းပြီးနောက် လင်းရှောင်ယွဲ့သည် ရုတ်တရက် ခြေလှမ်းများကို ရပ်တန့်လိုက်၏။

"ဟုတ်သားပဲ၊ ဒီဘက်မှာ ကိစ္စတွေ သိပ်မများဘူးဆိုရင် ပြင်ဆင်လိုက်။ သဘက်ခါ ကျွန်မတို့တွေနဲ့ အတူတူ ချင်းယွမ်ခြံကို အပူရှောင် လိုက်ခဲ့။ အဲ့ဒီအချိန်ကျရင် ကိစ္စတွေကို ချင်းယွမ်ခြံမှာပဲ ဖြေရှင်းလို့ ရတယ်"

အိမ်တော်ထိန်းဖန်းသည် မျက်နှာထက်တွင် လှိုက်လှဲမှု ပေါ်လာသော်လည်း လျင်မြန်စွာ ရုပ်သိမ်းလိုက်၏။ လင်းရှောင်ယွဲ့အား နောက်တစ်ကြိမ် အရိုအသေ ပေးလိုက်၏။

"သခင်မကို ကျေးဇူးတင်ပါတယ်၊ ဒါပေမဲ့ ကျွန်တော် မလိုက်တော့ပါဘူး။ ခြံတွေထဲမှာ စီစဉ်စရာကိစ္စတွေမနည်းမနော ရှိပါသေးတယ်"

လင်းရှောင်ယွဲ့က ခေါင်းညိတ်လိုက်၏။

"ကောင်းပြီလေ။ ရာသီဥတု ပူပြင်းတယ်။ ရှင်တို့ အပူဒဏ် သတိထားကြပါ။ နောက်ပြီးတော့ ခြံ အသီးသီးကို လူလွှတ်ပြီး လျိုအိမ်တော်မှာ ကောက်ညှင်းအေးမုန့် လုပ်နည်း လာသင်ခိုင်းလို့ ရတယ်။ သင်လို့ တတ်မြောက်သွားရင် ခြံတွေထဲ ပြန်ပြီး နေ့တိုင်း နည်းနည်းစီ လုပ်၊ ညီအစ်ကိုတွေကို စားခိုင်းပြီး အပူ ဖြေဖျောက်ခိုင်းလိုက်ပါ။"

"ဟုတ်ကဲ့"

အိမ်တော်ထိန်းဖန်းက အလျင်အမြန် ပြန်ဖြေလိုက်၏။

ထိုအခါမှ လင်းရှောင်ယွဲ့သည် ထွက်ခွာသွား၏။

.......

မျက်စိတစ်မှိတ်အတွင်း နှစ်ရက် ထပ်မံ ကုန်ဆုံးသွား၏။

ယနေ့ နံနက်စောစောတွင် လျိုအိမ်တော်မှ မြင်းလှည်း သုံးစီး ထွက်ခွာလာပြီး နန်အန်းခရိုင်သို့ ဦးတည် ထွက်ခွာသွားကာ ပြီးနောက် တစ်လမ်းလုံး ချင်းယွမ်ခြံသို့ ရောက်ရှိလာခဲ့၏။

ချင်းယွမ်ခြံ၏ နယ်နိမိတ်ထဲသို့ ဝင်ရောက်သည်နှင့် လင်းရှောင်ယွဲ့တို့ လူတစ်စုသည် အေးမြသော ခံစားမှုကို ခံစားလိုက်ကြရ၏။

"သခင်မလေး၊ ဒီနေရာက မြေအနေအထား ကောင်းတယ်။ တောင်တန်းတွေက ဆိတ်ငြိမ်ပြီး ငှက်ကလေးတွေက တေးဆိုနေကြတယ်။ ဒီလောက် အေးမြနေတာ မဆန်းပါဘူး"

ကျောက်ရှန်းရှန်းက လျင်မြန်စွာ ပြောလိုက်သည်။

ပြီးခဲ့တစ်ခေါက်က သူမ ချင်းယွမ်ခြံသို့ မလိုက်ပါလာနိုင်ခဲ့ပေ။ သခင်မကြီး (လျိုရှီ) နှင့် သူမ၏ အမေ ပြောပြသည်ကို ကြားရပြီး စိတ်ထဲတွင် အမြဲတစေ မျှော်လင့်တကြီး ဖြစ်နေခဲ့၏။ ဤတစ်ကြိမ်တွင် သခင်မကြီးနှင့် သခင်မလေးတို့နောက်သို့ လိုက်၍ ချင်းယွမ်ခြံသို့ အပူရှောင် လာနိုင်ခဲ့ရာ စိတ်ထဲတွင် ပြောမပြတတ်အောင် ပျော်ရွှင်နေ၏။

လင်းရှောင်ယွဲ့က ခေါင်းညိတ်လိုက်၏။

"တကယ်ကို နေရာကောင်းတစ်ခုပဲ။ ငါတို့ ချင်းရှီမြို့မှာ ရှာထားတဲ့ အဲ့ဒီ ခြံက အခြေအနေ မဆိုးဘူးဆိုပေမဲ့ ဒီနေရာနဲ့ ယှဉ်လိုက်ရင်တော့ နည်းနည်း ကွာခြားသွားသေးတယ်..."

လင်းရှောင်ယွဲ့က အံ့ဩ ချီးကျူးလိုက်၏။

ချင်းယွမ်ခြံ၏ အေးမြမှုသည် အဓိကအားဖြင့် မြေအနေအထား၏ အကြောင်းကြောင့် ဖြစ်၏။ သူမ ဝယ်ယူထားသော ထိုခြံမှာမူ ပြုပြင်မွမ်းမံမှု အချို့ ပြုလုပ်ပြီးပါက အပူရှောင်သည့် ရည်ရွယ်ချက်ကို ရရှိနိုင်လောက်သော်လည်း ဤနေရာမှ သဘာဝအတိုင်း ဖြစ်တည်နေမှုနှင့်မူ ယှဉ်၍ မရနိုင်ပေ။

"နေရာကောင်းက နေရာကောင်းပါပဲ။ ဒါပေမဲ့ တို့ ချင်းရှီမြို့နဲ့ အရမ်း ဝေးလွန်းတယ်။ ကျွန်မကတော့ သခင်မလေး ဝယ်ထားတဲ့ အဲ့ဒီ ခြံကိုပဲ သဘောကျတယ်"

ကျောက်ရှန်းရှန်းက လင်းရှောင်ယွဲ့ကို တစ်ချက် ကြည့်လိုက်ပြီး ချစ်စဖွယ် ပြောလိုက်သည်။

ဤစကား ထွက်လာသည်နှင့် လျိုမိသားစုဝင်များ၏ တညီတညွတ်တည်း ထောက်ခံမှုကို ရရှိလိုက်၏။ လင်းရှောင်ယွဲ့ကိုလည်း ရယ်မောသွားစေ၏။

"ဒါဆို ရှန်းရှန်းရဲ့ သဘောကျမှုကို အလဟဿ မဖြစ်စေဖို့အတွက် ယောက်ျား၊ ရှင်နဲ့ ဖန်ထန်တို့က ခြံကို ပိုပြီး ကောင်းမွန်အောင် ဆောက်လုပ်မှ ဖြစ်တော့မယ်"

လင်းရှောင်ယွဲ့သည် ဤသို့ပြောရင်း လီရှောင်နှင့် ဖန်ထန်တို့အား လှမ်းကြည့်လိုက်၏။

ခြံအသစ်၏ တည်ဆောက်ပုံ ဒီဇိုင်းပုံစံမှာ သူမ ရေးဆွဲခဲ့ခြင်း ဖြစ်ပြီး နောက်ဆက်တွဲ ဆောက်လုပ်ရေး ကိစ္စများကိုမူ သူမသည် လီရှောင်နှင့် ဖန်ထန်တို့အား တာဝန်ပေးအပ်ထား၏။ ဤလူနှစ်ယောက်သည် ဤတစ်ကြိမ်တွင် သူတို့ကို လိုက်ပါ ပို့ဆောင်ပေးခြင်းဖြစ်ပြီး ရက်အနည်းငယ်သာ နေထိုင်ကြပေမည်။ ချင်းယွမ်ခြံ၏ ဆောက်လုပ်ရေး အတွေ့အကြုံများကို နည်းယူ လေ့လာပြီးနောက် ထွက်ခွာသွားကြပေမည်။

လီရှောင်သည် လင်းရှောင်ယွဲ့၏စကားကို ကြားပြီးနောက် မည်သည့် တုံ့ပြန်မှုမျှ မရှိပေ။

ဖန်ထန်မှာမူ အမည် တပ်ခေါ်ခြင်း ခံလိုက်ရသဖြင့် ချက်ချင်း တက်ကြွသွား၏။

"သခင်မလေး စိတ်ချပါ။ ဖန်ထန် သေချာပေါက် သခင်မလေးနဲ့ ရှန်းရှန်းကို စိတ်ပျက်စေမှာ မဟုတ်ပါဘူး" ဟု အသံကျယ်ကြီးဖြင့် ပြောလိုက်သည်။ စကားပြောနေစဉ်တွင် အကြည့်မှာ ကျောက်ရှန်းရှန်းထံသို့ တည့်တည့်မတ်မတ် ကြည့်နေပြီး မိမိ၏ စိတ်ရင်းစေတနာကို အခြားသူများ မသိရှိမည်ကို စိုးရိမ်နေသည့်အလားပင်။

ထင်သည့်အတိုင်းပင် လူအများ၏အကြည့်တို့သည် ချက်ချင်း လိုက်ပါ၍ ကျောက်ရှန်းရှန်းထံသို့ ရောက်ရှိသွားကြ၏။ ကျောက်ရှန်းရှန်း၏ ချစ်စဖွယ် မျက်နှာလေးသည် ချက်ချင်း နီမြန်းသွား၏။

"သခင်မလေး"

လင်းရှောင်ယွဲ့က အပျော်ရွှင်ဆုံး ရယ်မောနေသည်ကို မြင်သော် ကျောက်ရှန်းရှန်းသည် ရှက်သွေးဖြာသွားပြီး လင်းရှောင်ယွဲ့ကို တစ်ချက် ဆွဲလိုက်၏။

ထိုအခါမှ လင်းရှောင်ယွဲ့သည် အနည်းငယ် ထိန်းချုပ်လိုက်၏။

"ဟားဟား... တော်ပါပြီ၊ အမြန် သွားစို့။ ဗိုက်တွေတောင် ဆာနေပြီ"

.....

မကြာမီပင် လူတစ်စုသည် နောက်ဆုံးတွင် ခြံပေါ်သို့ ရောက်ရှိလာကြ၏။

ထူးခြား ဆန်းသစ်သော အပြင်အဆင်သည် လူကို မျက်စိ ပသာဒ ဖြစ်သွားစေ၏။ လီရှောင်၊ ဖန်ထန်တို့ အံ့အားသင့်သွားရုံသာမက လင်းရှောင်ယွဲ့ပင်လျှင် အနည်းငယ် တုန်လှုပ်သွား၏။ သူမ အစပိုင်းတွင် ပေးခဲ့သော ပုံကြမ်းသည် ထိုမျှ မကောင်းမွန်ခဲ့ပေ။ မထင်မှတ်ဘဲ လျန်ယွီဘက်မှ ဆောက်လုပ်ပြီးနောက် ထွက်ပေါ်လာသော အကျိုးသက်ရောက်မှုသည် ဤမျှ အံ့ဩဖွယ် ကောင်းလိမ့်မည်ဟု မထင်မှတ်ခဲ့ပေ။

ရှေးကျသော်လည်း ခေတ်မီသော သိမ်မွေ့မှု မဆုံးရှုံးပေ။ ၂၁ ရာစု ကမ္ဘာပျက်ကပ် မတိုင်မီတွင် ထားရှိပါက ရှေးဟောင်းပုံစံတူဟု ခေါ်ဆိုနိုင်လောက်၏။

"အစ်ကိုလီ၊ သခင်မလေးလင်း၊ ကြိုဆိုမှု မပြုနိုင်တာကို ခွင့်လွှတ်ပါ"

လျန်ယွီသည် နောက်ဆုံးတွင် ပေါ်ထွက်လာပြီး တံခါးဝတွင် လူအများကို ကြိုဆိုလေသည်။

"ခြံထဲမှာ အရေးပေါ် ကိစ္စတချို့ ကြုံနေလို့ နှောင့်နှေးသွားတာပါ။ ဒါကြောင့် အစေခံကိုပဲ ခြံအပြင်ကို လွှတ်ပြီး ခင်ဗျားတို့ကို ကြိုဆိုခိုင်းလိုက်ရတယ်၊ စိတ်မဆိုးကြပါနဲ့"

လီရှောင်သည် လျန်ယွီကို တစ်ချက် ကြည့်လိုက်ပြီးနောက် သူ့ဇနီးလေးကို လှမ်းကြည့်လိုက်၏။ သူသည် အမြဲတစေ လူများနှင့် ယဉ်ကျေးဖော်ရွေစွာ ပြောဆို ဆက်ဆံရခြင်းကို မနှစ်သက်ပေ။ ဤကိစ္စများကို ဇနီးလေးကသာ ကိုင်တွယ် ဖြေရှင်းခြင်းက ပို၍ ကောင်းမွန်၏။

လင်းရှောင်ယွဲ့က ပြုံးလိုက်ပြီး လျန်ယွီကို လှမ်းကြည့်လိုက်၏။

"သခင်လေးလျန် အားနာနေစရာ မလိုပါဘူး။ ကျွန်မတို့ ဒီလောက် လူအများကြီး လာပြီး အနှောင့်အယှက် ပေးတာ၊ သခင်လေးလျန်ကို အနှောင့်အယှက် မဖြစ်ရင် ပြီးတာပါပဲ"

"ဘယ်ကလာ၊ သခင်မလေးလင်းနဲ့ အစ်ကိုလီတို့ လာနိုင်တာ ချင်းယွမ်ခြံ ဂုဏ်ယူဝင့်ကြွားရပါတယ်။ စားသောက်ခန်းထဲမှာ ထမင်းဟင်းတွေ ပြင်ဆင်ပြီးပါပြီ။ အမြန် အတွင်းကို ကြွပါ"

လျန်ယွီက စိတ်အားထက်သန်စွာ ပြောလိုက်သည်။

လင်းရှောင်ယွဲ့က ပြန်ဖြေလိုက်ပြီးနောက် အားလုံးကို ခေါ်ဆောင်၍ တံခါးမှ ဝင်သွား၏။

တစ်လမ်းလုံး လျန်ယွီနောက်သို့ လိုက်ပါသွားရင်း ခြံ၏ အခြေအနေကို တစ်လမ်းလုံး လေ့လာသွားကြ၏။ လင်းရှောင်ယွဲ့သည် လျန်ယွီနှင့် တန်းတူနီးပါး လျှောက်လှမ်းရင်း မကြာမကြာ ခြံ၏ တည်ဆောက်ပုံကို မေးမြန်းနေ၏။ သူမကိုယ်တိုင် အခြေအနေကို နားလည်စေသည့် တစ်ချိန်တည်းမှာပင် သူမနောက်မှ လျိုမိသားစုဝင်များကိုလည်း ခြံ၏ အကြမ်းဖျင်း တည်ဆောက်ပုံ အခြေအနေကို သိရှိစေ၏။

ယခု ချင်းယွမ်ခြံသည် အမှန်တကယ်ပင် အပန်းဖြေစခန်း ဟိုတယ်၏ ပုံစံအတိုင်း ပြုပြင်မွမ်းမံထားခြင်း ဖြစ်၏။ ခြံထဲမှ တည်းခိုသည့် နေရာသည် တစ်နေရာတွင် ရှိပြီး၊ အပန်းဖြေခြင်းနှင့် စားသောက်သည့် နေရာသည် တစ်နေရာတွင် ရှိ၏။ ပြီးနောက် ရှုခင်း ကောင်းမွန်သော နေရာတွင်လည်း လူအင်အား အနည်းငယ် စီစဉ်ထားပြီး ဧည့်သည်များကို ကြည့်ရှုစောင့်ရှောက်နိုင်၏။

ခြံပေါ်မှ အစေခံများသည်လည်း အခြား နေရာများနှင့် မတူညီပေ။ ချင်းယွမ်ခြံ ဟူသော စာတန်း ထိုးထားသည့် တူညီသော ဝတ်စုံများကို ဝတ်ဆင်ထားကြပြီး ဟိုတယ် ဝန်ထမ်းများကဲ့သို့ပင် အပြောအဆို အမူအကျင့်များမှာ အလွန် စံနှုန်းမီလှ၏။

လျိုမိသားစုဝင်များအတွက် ဤနေရာမှ အရာအားလုံးသည် အလွန် ဆန်းသစ်နေ၏။

လင်းရှောင်ယွဲ့မှာမူ ရင်းနှီး ကျွမ်းဝင်မှုနှင့် နွေးထွေးမှုကို ခံစားလိုက်ရ၏။

ဟုတ်သည်၊ ဤသည်မှာ သူမ စိတ်ကူးထားသော အပန်းဖြေစခန်း၏ ပုံစံပင်။ မထင်မှတ်ဘဲ လျန်ယွီသည် သူမ၏ စိတ်အာရုံထဲမှ အပန်းဖြေစခန်းကို ဤမျှ ကောင်းမွန်အောင် ပြန်လည် ဖန်တီးနိုင်လိမ့်မည်ဟု မထင်မှတ်ခဲ့ပေ။

....

နောက်ဆုံးတွင် စားသောက်ခန်းသို့ ရောက်ရှိလာ၏။

ဤနေရာသည် အမှန်တကယ်တော့ ကျယ်ဝန်းသော အိမ်တစ်လုံး ဖြစ်ပြီး ဘူဖေးပုံစံကို အသုံးပြုထား၏။

ဟင်းလျာ မျိုးစုံကို အိုးငယ်လေးများထဲတွင် တစ်ခုချင်းစီ ခွဲ၍ ထည့်ထားပြီး ဘေးတွင် စားပွဲတင် ပန်းကန်များကို ချထား၏။

***

All Chapters