အာလူး စားသုံးနည်းများ
Vol. 18 Ch. 374
"ပြီးတော့ နောက်ရာသီ အာလူးတွေ ထွက်လာတဲ့အခါ ကျွန်မတို့တွေ နောက်ပိုင်း တစ်ပေါင် ကို လေးပြားနှုန်းနဲ့ သွားကြတာပေါ့။ အဲ့ဒီအချိန်ကျရင် ကျွန်မဘက်က အရေအတွက် အကန့်အသတ်မရှိ ထောက်ပံ့ပေးနိုင်လောက်ပါတယ်"
အန်းယန်ဝမ်ဖေးသည် စိတ်ထဲ၌ တွက်ချက်နေပြီ ဖြစ်၏။ တစ်ပေါင် လျှင် ငါးပြား၊ ပေါင် တစ်သိန်းဆိုလျှင် ဘယ်လောက်ရှိမလဲ။ စိတ်ထဲ၌ တစ်ချက် တွက်ချက်လိုက်ပြီး အာလူး ပေါင် တစ်သိန်းသည် ငွေစ ၅၀၀အထိ ရောင်းချနိုင်သည်ကို သဘောပေါက်လိုက်သောအခါ အန်းယန်ဝမ်ဖေး စိတ်ထဲမှ လှုပ်ရှားမှုတို့သည် လျင်မြန်စွာ ငြိမ်သက်သွား၏။ စိတ်ထဲ၌ တွေးလိုက်သည်ကား 'အာလူး ပေါင် တစ်သိန်းတောင်၊ ငွေစ ၅၀၀က ဘာမှ မပြောပလောက်ဘူး'
သို့သော် သူမ၏မောင်တော်မှာမူ မျက်နှာ အနည်းငယ် ညှိုးငယ်သွားသည်ကို တွေ့လိုက်ရ၏။
မျက်နှာ မညှိုးငယ်ဘဲ နေနိုင်ပါ့မလား။ သူ လူလွှတ်၍ စုံစမ်းခိုင်းခဲ့သော သတင်းအရ သခင်မလေးလင်း၏ ခြံများပေါ်တွင် အာလူး တစ်ဧကအထွက်နှုန်းသည် ပေါင် သုံးထောင်မှ ငါးထောင်အထိ ရှိနိုင်၏။ တစ်ပေါင်လျှင် လေးပြားနှုန်းဖြင့် တွက်ချက်လျှင်ပင် မြေတစ်ဧက၏ ဝင်ငွေသည် အနည်းဆုံး ငွေတစ်ကျပ် နှစ်ပြားအထိ ရှိနိုင်၏။ တစ်နှစ်လျှင် အာလူး နှစ်ရာသီသာ စိုက်ပျိုးပြီး ကျန်အချိန်များတွင် မြေကို အလွတ်ထားလျှင်ပင်။ မြေတစ်ဧက၏ ဝင်ငွေသည် အနည်းဆုံး ငွေ၂စနှင့်၄ပြားအထိ ရှိနိုင်၏။
ဒီငွေရှာနည်းက အရမ်းလွယ်မနေဘူးလား။
သို့သော် စိတ်ထဲတွင် ဤအတွေးများ ရှိနေသော်လည်း လျန်ယွီသည် အပြင်သို့ ထုတ်ဖော် ပြသခြင်း မရှိခဲ့ပေ။
"ရတယ်လေ။ သခင်မလေးလင်း ပြောတဲ့အတိုင်းပဲ လုပ်ဆောင်ကြတာပေါ့"
ဟု ပွင့်လင်းစွာပင် ပြန်ဖြေလိုက်၏။
တစ်ပေါင်လျှင် ငါးပြားတန်သော ဟင်းသီးဟင်းရွက်သည် အမှန်တကယ် ဈေးနှုန်း မြင့်မားလွန်း၏။ သို့သော် အားသာချက်မှာ သူတို့ လျန်မိသားစုမှလွဲ၍ အခြား မည်သည့် စားသောက်ဆိုင်၊ ချက်ပြုတ်ရောင်းချသည့်ဆိုင်ကမျှ ဤသို့သော ဟင်းလျာမျိုးကို ထောက်ပံ့နိုင်မည် မဟုတ်ပေ။ ပစ္စည်း ရှားပါးလေ တန်ဖိုးကြီးလေ ဖြစ်ပြီး၊ ထို့အပြင် အာလူးဖြင့် ချက်ပြုတ်ထားသည်မှာ အမှန်တကယ် အရသာ ရှိလှ၏။ သူတို့ 'ရူယီစားသောက်ဆိုင်' သည် သူတို့၏ လုံလောက်သော အမြတ်အစွန်းကို အာမခံနိုင်လျှင် ပြီးမြောက်ပေပြီ။
တစ်စုံတစ်ခုကို တွေးမိသဖြင့် လျန်ယွီသည် လင်းရှောင်ယွဲ့ကို ထပ်မံ ကြည့်လိုက်၏။
"သခင်မလေးလင်း ပြောတဲ့ ဈေးနှုန်းကို လျန်မိသားစုဘက်က ကန့်ကွက်စရာ မရှိပါဘူး။ ဒါပေမဲ့ သခင်မလေးလင်းဘက်က..."
လျန်ယွီသည် ရုတ်တရက် စကားဆက်မပြောဘဲ ရပ်တန့်သွား၏။
လင်းရှောင်ယွဲ့က ပြုံးလိုက်ပြီး လျန်ယွီကို လှမ်းကြည့်လိုက်၏။
"သခင်လေးလျန်မှာ ပြောစရာ စကား ရှိရင် ပွင့်ပွင့်လင်းလင်း ပြောလို့ ရပါတယ်"
လျန်ယွီ၏ မျက်နှာထားသည် ထိုအခါမှ အနည်းငယ် တည်ကြည်သွားပြီး ပြောလိုက်သည်။ "ကျွန်တော်တို့ လျန်မိသားစုဘက်က သခင်မလေးလင်း အပြင်ကို အာလူး ရောင်းချတာကို ဝင်မစွက်ဖက်ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့မှာ တောင်းဆိုချက် တစ်ခု ရှိတယ်"
လင်းရှောင်ယွဲ့က ခေါင်းညိတ်ပြပြီး လျန်ယွီအား ဆက်လက် ပြောဆိုရန် ညွှန်ပြလိုက်၏။
"ကျွန်တော်တို့ မျှော်လင့်တာကတော့ သခင်မလေးလင်း အပြင်ကို အာလူး ရောင်းချမယ်ဆိုရင် ဈေးနှုန်း သတ်မှတ်တာ အနည်းဆုံး တို့ထက် တစ်ဆ ပိုမြင့်ရမယ်"
ဤသို့မှသာ အာလူးကို ပို၍ တန်ဖိုး ရှိသယောင် ဖြစ်စေပေမည်။
လင်းရှောင်ယွဲ့သည် ကြောင်သွား၏။ ပြီးနောက် ခေါင်းညိတ်လိုက်သည်။ "ရတယ်လေ"
သူမ အာလူး စိုက်ပျိုးထုတ်လုပ်ခြင်းမှာ သရေစာဆိုင်တွင် သရေစာ တစ်မျိုး တိုးစေရန်နှင့် တစ်ဆက်တည်း ချီဝူတပ်သားများ၏ စားသောက်ရေး ပြဿနာကို ဖြေရှင်းရန်အတွက်သာ ဖြစ်၏။ မထင်မှတ်ဘဲ ဤအာလူးသည် သူမထံသို့ ဤမျှ ကြီးမားသော စီးပွားရေး အခွင့်အလမ်းကြီးကို ယူဆောင်လာခဲ့ပေသည်။ နောက်ပြီးတော့ သူမသည် တစ်ပေါင် လျှင် လေးပြားနှုန်းဖြင့် လျန်မိသားစုအား အာလူး ရောင်းချပြီး အပြင်သို့ ရှစ်ပြားဖြင့် ရောင်းချပါက အမှန်ပင် အလွန်အကျွံ အမြတ်အစွန်းကြီး ဖြစ်ပေမည်။ သို့သော် အဓိက အချက်မှာ သူမ၏အာလူးကို လာဝယ်မည့် ထိုမျှ များပြားသော လူများ ရှိနေရန် ဖြစ်၏။
တစ်စုံတစ်ခုကို တွေးမိသဖြင့် လင်းရှောင်ယွဲ့၏စိတ်ထဲတွင် သတိပေး ခေါင်းလောင်းသံတစ်ခု ထပ်မံ ထွက်ပေါ်လာ၏။
ကြည့်ရသည်မှာ အိမ်တော်ထိန်းဖန်းအား ညီအစ်ကိုများကို မှာကြားခိုင်းရပေတော့မည်။ နောင်တွင် ခြံ အသီးသီးပေါ်၌ ငရုတ်သီး အလုပ်ရုံမှလွဲ၍ အပြင်လူများကို လွတ်လပ်စွာ သွားလာ၍ သတင်း စုံစမ်းခြင်းကို ခွင့်မပြုနိုင်တော့ပေ။ ကံကောင်းစွာဖြင့် အာလူး စိုက်ပျိုးနည်းမှာ အနည်းငယ် ထူးခြားလှ၏။ သို့မဟုတ်ပါက လျန်မိသားစုမှ လူများက သင်ယူသွားခဲ့ပါလျှင် နောက်ပိုင်းတွင် သူမတစ်ယောက်တည်း ပိုင်ဆိုင်နိုင်ပါတော့မလား။ အာလူး စိုက်ပျိုးနည်းသာမက ကန်စွန်းဥ စိုက်ပျိုးနည်းကိုလည်း လျှို့ဝှက်ထားမှ ဖြစ်ပေမည်။
လျန်ယွီသည် ထိုအခါမှ ကျေနပ်သွားပြီး ပြုံးရင်း လင်းရှောင်ယွဲ့အား လက်ဖက်ရည်ခွက်ကို မြှောက်ပြလိုက်၏။ လင်းရှောင်ယွဲ့သည် လက်ဖက်ရည်ခွက်ကို မြှောက်လိုက်ပြီး လျန်ယွီနှင့်အတူ အဝေးမှ သောက်သုံးလိုက်၏။
အန်းယန်ဝမ်ဖေးသည် တစ်ဝက်လောက်သာ နားလည်သော်လည်း အခြေအနေ တစ်ခုကိုမူ သေချာသွား၏၊ ထိုသည်မှာ သူမ၏ မောင်တော်သည် အာလူးကို အလွန်အမင်း အလေးထားခြင်း ဖြစ်သည်။ 'လန်ယားအာလူး' ၏ အရသာကို သတိရမိသဖြင့် အန်းယန်ဝမ်ဖေး၏ လျှာဖျားတွင် သွားရည်ယိုချင်စိတ် မထိန်းနိုင်ဘဲ ပေါ်ပေါက်လာ၏။
"ဒီအာလူးက ဟင်းချက်ဖို့လည်း သုံးလို့ ရသေးတာလား"
အန်းယန်ဝမ်ဖေးက ရုတ်တရက် မေးလိုက်၏။ သူမမောင်က အာလူး သွားဝယ်သည်မှာ စားသောက်ဆိုင်များနှင့် ချက်ပြုတ်ရောင်းချသည့် ဆိုင်များတွင် 'လန်ယားအာလူး' ရောင်းချရန်အတွက်ဟု သူမ လုံးဝ မထင်ပေ။
"သုံးလို့ ရတာပေါ့"
လင်းရှောင်ယွဲ့က ပြုံးရင်း အန်းယန်ဝမ်ဖေးကို လှမ်းကြည့်လိုက်၏။ ရုတ်တရက် မျက်လုံးများ လှုပ်ရှားသွားပြီး ထပ်မံ ပြောလိုက်သည်။ "မဟုတ်ရင်လေ မင်းသမီးနဲ့ သခင်လေးလျန် ခဏနေရင် လျိုအိမ်တော်မှာပဲ ထမင်းစားသွားပါလား။ မီးဖိုချောင်ကို အာလူးနဲ့ ပတ်သက်တဲ့ ဟင်းလျာ တချို့ ချက်ပြုတ်ခိုင်းပြီး နှစ်ယောက်လုံးကို မြည်းစမ်းကြည့်စေလို့ ရတာပေါ့"
လျန်ယွီ၏မျက်ဝန်းများ အရောင်တောက်သွား၏။ အန်းယန်ဝမ်ဖေးသည်လည်း မျက်နှာထက်တွင် ဝမ်းမြောက်မှု ပေါ်လာ၏။
"ဒီလိုဆို သိပ်ကောင်းတာပေါ့။ ဟဟ၊ မင်းတို့ ခုနက ပြောနေတာတွေ ကြားပြီးတော့ မမတောင် နည်းနည်း မစောင့်နိုင်တော့ဘူး"
သုံးဦးသား မျက်နှာထက်တွင် အပြုံးများ ရှိနေကြ၏။ အပိုစကား အနည်းငယ် ထပ်မံ ပြောဆိုကြပြီးမှ ဆိုင်ခွဲ ဖွင့်လှစ်ခွင့် ကိစ္စကို စတင် ဆွေးနွေးကြ၏။
"အခု 'ကျင့်ခွိုက်' ရဲ့ နာမည်ဂုဏ်သတင်းက တည်ဆောက်ပြီး ဖြစ်နေပါပြီ။ ပြီးတော့ လက်ရှိ ကြည့်ရသလောက်တော့ တုံ့ပြန်မှုကလည်း မဆိုးပါဘူး။ ဒီနေ့ 'ကျင့်ခွိုက်' ရဲ့ ကုန်အမှတ်တံဆိပ် တန်ဖိုးက အရင်ကနဲ့ ယှဉ်လို့ မရတော့ပါဘူး။ ဆိုင်ခွဲ ဖွင့်လှစ်ခွင့် ဝန်ဆောင်ခကလည်း သဘာဝအတိုင်း လိုက်တက်ရမှာပေါ့"
လင်းရှောင်ယွဲ့က ပြုံးရင်း ပြောလိုက်သည်။
"ပြီးတော့ ဆိုင်ခွဲ အသစ်တွေအပေါ်မှာ လုံလောက်တဲ့ ယုံကြည်မှု ရှိနေတဲ့ အခြေအနေအောက်မှာ ဆိုင်ခွဲတွေ ခေါ်ယူပြီး နောက်ပိုင်း အမြတ်အစွန်း လျှော့ချတာထက်၊ ရေရှည် ကြည့်မယ်ဆိုရင် ကိုယ်တိုင် ဆိုင်ခွဲ တည်ဆောက်တာက တကယ်တော့ ပိုပြီး တွက်ခြေကိုက်ပါတယ်"
အန်းယန်ဝမ်ဖေးနှင့် လျန်ယွီတို့၏ အမူအရာများ အနည်းငယ် တည်ကြည်သွားသော်လည်း ခေါင်းညိတ်လိုက်ကြပြီး လင်းရှောင်ယွဲ့၏ ပြောစကားကို သဘောတူကြ၏။
"ဒါကြောင့် ဒီတစ်ခေါက် ကျွန်မတို့ ဆိုင်ခွဲ ဖွင့်လှစ်ခွင့် ဝန်ဆောင်ခ သတ်မှတ်ချက်ကို မြှင့်တင်လိုက်တာက အမှန်တော့ ဆိုင်ခွဲ ဖွင့်လှစ်သူတွေကို သိသိသာသာ လျှော့ချပစ်တာပါပဲ"
လင်းရှောင်ယွဲ့က နှစ်ဦးသားကို ကြည့်လိုက်၏။ "အခု 'ကျင့်ခွိုက်' ဖွင့်လှစ်ပြီးသား ဆိုင်ခွဲတွေထဲမှာ ခုနစ်ဆယ် ရာခိုင်နှုန်းကျော်က ဆိုင်ခွဲ ဖွင့်လှစ်သူတွေချည်းပဲ။ တိုက်ရိုက် ရောင်းချတဲ့ ဆိုင်တွေရဲ့ အချိုးအစားက အရမ်း နည်းလွန်းနေတယ်။ နောက်ပြီး လီကျယ်တို့ရဲ့ စီမံကိန်း ပန်းတိုင်က အနည်းဆုံးတော့ ကျွန်မတို့ရဲ့ တိုက်ရိုက် ရောင်းချတဲ့ဆိုင်တွေရဲ့ အချိုးအစားကို ခြောက်ဆယ် ရာခိုင်နှုန်းအထက်ထိ မြှင့်တင်ရမယ်။ ပြီးတော့ နောက်ပိုင်းမှာ ဆက်လက် မြှင့်တင်သွားဦးမှာ ဖြစ်ပြီး နောက်ဆုံးမှာ ခုနစ်ဆယ်၊ ရှစ်ဆယ် ရာခိုင်နှုန်းအထက်ထိ ရောက်ရှိရမယ်။
ဒီလိုဆိုရင် ဆိုင်ခွဲ ခေါ်ယူတဲ့ အရှိန်အဟုန်ကို တို့တွေ ထပ်ပြီး နှေးကွေးချပစ်ရမယ်။ နောက်ပိုင်းမှာဆို ဆိုင်ခွဲ ထပ်မံ ခေါ်ယူတာကို ငြင်းဆန်တာမျိုးတောင် ဖြစ်နိုင်တယ်"
ဤစကား ထွက်လာသည်နှင့် အန်းယန်ဝမ်ဖေးနှင့် လျန်ယွီတို့ နှစ်ဦးစလုံး အံ့အားသင့်သွားကြ၏။
"ဒါ... ဒါဆို ငါတို့က ဆိုင်ခွဲ နည်းနည်းလောက်ထပ်ပြီး ဖွင့်လှစ်ချင်သေးတာ..."
အန်းယန်ဝမ်ဖေး မျက်နှာထက်တွင် ထိတ်လန့်မှု အရိပ်အယောင် ဖြတ်ပြေးသွားပြီး လင်းရှောင်ယွဲ့အား ပြောလိုက်သည်။ ဆိုင်ခွဲ စီးပွားရေး ဤမျှ ကောင်းမွန်လှရာ သူမသည် ယခုမှ အချိုဓာတ်ကို စတင် မြည်းစမ်းမိရုံ ရှိသေးပြီး ဆိုင်ခွဲအချို့ ထပ်မံဖွင့်လှစ်၍ ဝမ်ရယ်အိမ်တော်အတွက် ဝင်ငွေ ရှာဖွေရန် စဉ်းစားနေခဲ့သည်။ ဤ ဆိုင်ခွဲ ဖွင့်လှစ်ခွင့် ဝန်ဆောင်ခတက်သည်ကို ထားလိုက်ဦး၊ နောက်ဆက်တွဲတွင် ဆိုင်ခွဲများ လက်မခံတော့ခြင်းမျိုး ဖြစ်နိုင်သေးတာလား။ ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။
လျန်ယွီသည်လည်း မျက်မှောင်ကြုတ်သွား၏၊ သို့သော် ခဏအကြာတွင် မျက်မှောင်များ ပြန်လည် ဖြေလျော့သွား၏။ သူသည် ကုန်သည်တစ်ဦး ဖြစ်ရာ သခင်မလေးလင်း၏ အတွေးနှင့် အစီအစဉ်များကို နားလည်နိုင်၏။ 'ကျင့်ခွိုက်' သည် ဆက်လက်၍ လျင်မြန်စွာ ချဲ့ထွင်ရန် ပြင်ဆင်မထားမှတော့ သူသည် ဆက်လက် ဖွင့်လှစ်ခွင့် ရယူခြင်းကို လက်လျှော့လိုက်ရုံသာရှိ၏။ သရေစာဆိုင် ဖွင့်လှစ်ခွင့်ရယူခြင်းမှလွဲ၍ သူ လုပ်ကိုင်နိုင်သော စီးပွားရေးများ များစွာ ရှိသေး၏။ ဥပမာ၊ အပန်းဖြေစခန်း စီးပွားရေး...
လင်းရှောင်ယွဲ့က အန်းယန်ဝမ်ဖေးအား ပြုံးပြလိုက်၏။ "သရေစာဆိုင်က စီးပွားရေး ကောင်းတယ်ဆိုပေမဲ့ တကယ်တော့ စီးပွားရေး သေးသေးလေးပါပဲ။ ဆိုင်တစ်ဆိုင်က တစ်နှစ်ပတ်လုံးလည်း ပိုက်ဆံ အများကြီး မရှာနိုင်ပါဘူး"
ဤသို့ပြောရင်း လင်းရှောင်ယွဲ့က အကြည့်ကို လျန်ယွီထံသို့ ထပ်မံ ရွှေ့လိုက်၏။
"သခင်လေးလျန်က ဗဟုသုတ ကြွယ်ဝတယ်။ လျန်မိသားစု ကုန်သွယ်ရေးလုပ်ငန်း လက်အောက်မှာလည်း လုပ်ငန်းတွေ အများကြီး ရှိတယ်။ လက်အောက်မှာ လုပ်နိုင်တဲ့ စီမံကိန်းတွေလည်း မနည်းမနော ရှိမှာ သေချာတယ်။ မင်းသမီးကသာ တကယ် စီးပွားရေး လုပ်တာကို စိတ်ဝင်စားတယ်ဆိုရင် သခင်လေးလျန်ကို မေးကြည့်ပါလား"
ဤစကား ထွက်လာသည်နှင့် အန်းယန်ဝမ်ဖေးသည် အမှန်တကယ်ပင် လျန်ယွီကို လှမ်းကြည့်လိုက်၏။ လျန်ယွီကို ကြောင်အသွားစေ၏။
"ဒါ... အစ်မတော်၊ တကယ်လို့ စီးပွားရေး လုပ်တာကို စိတ်ဝင်စားတယ်ဆိုရင်..."
ဟု ခက်ခဲစွာ ပြောလိုက်သည်။
အန်းယန်ဝမ်ဖေးသည် သူမမောင်တော် မျက်နှာထက်တွင် ခက်ခဲသော အမူအရာ ပေါ်လာသည်ကို မြင်သော် မျက်နှာ အနည်းငယ် ပျက်သွား၏။
"တော်ပါပြီ။ ဘယ်သူက နင်နဲ့ အတူတူ စီးပွားရေး လုပ်ချင်လို့လဲ"
ဟု မကျေမနပ်ဖြင့် လျန်ယွီအား ပြောလိုက်သည်။
"ငါ့မှာ ကိုယ့်ကိုယ်ကိုယ် သိတဲ့ အသိ ရှိပါတယ်။ ကိုယ့်မှာ အဲ့ဒီ အရည်အချင်း မရှိမှန်း သိတယ်။ ညီမလေးရဲ့ ဆိုင်ခွဲ ဖွင့်လှစ်ခွင့်ကသာ သိပ်ပြီး စိတ်ပူစရာ မလိုဘဲ ထိုင်နေရင်းနဲ့ ပိုက်ဆံ ယူလို့ ရလောက်တော့၊ မမက လုပ်ရဲတာ။ နင့်ရဲ့ အဲ့ဒီ စီးပွားရေးတွေကတော့ ထားလိုက်ပါတော့..."
ဤသို့ပြောရင်း အန်းယန်ဝမ်ဖေး မျက်နှာထက်တွင် စိတ်ပျက်သော အရိပ်အယောင် ထပ်မံ ပေါ်လာ၏။ ပြီးနောက် ရုတ်တရက် မော့ကြည့်ကာ လင်းရှောင်ယွဲ့ကို လှမ်းကြည့်လိုက်၏။
"ညီမလေး၊ အမှန်တော့ မမက ဆိုင်ခွဲ ဖွင့်လှစ်ခွင့် ဝန်ဆောင်ခ နည်းနည်း ပိုထွက်တာကို ဂရုမစိုက်ပါဘူး။ ပိုက်ဆံ ရင်းနှီးလိုက်ရင် လစဉ် လတိုင်း ပိုက်ဆံ နည်းနည်း ဝင်နေဖို့ပဲ မျှော်လင့်တာ။ တွေးကြည့်လိုက်တော့ ညီမလေးရဲ့ ဒီဆိုင်ခွဲ ဖွင့်လှစ်ခွင့်ကပဲ မမနဲ့ ပိုပြီး သင့်တော်တယ်။ မဟုတ်ရင်လေ၊ ညီမလေး မမကို ဆယ်ဆိုင်၊ အိုး မဟုတ်ဘူး။ ဆိုင်ခွဲ နှစ်ဆယ်စာနေရာ ပေးပါလား။ နောက်ဆို မမ ညီမလေးဆီက နေရာ ထပ်တောင်းတော့မှာ မဟုတ်ဘူး"
ဟု အန်းယန်ဝမ်ဖေးက ပြောလေသည်။ ဝမ်ရယ်အိမ်တော်ထဲမှ ငွေများကို ယခု သူမက အားလုံး စီမံခန့်ခွဲနေရ၏။ ပိုက်ဆံကို ငွေတိုက်ထဲတွင်ထားပါက ဝင်ငွေမရှိသည့်အပြင် ငွေတိုက်ကို ထိန်းသိမ်းခပင် ပေးရသေး၏။ တစ်စုံတစ်ယောက်က သူမအား အကြံဉာဏ် ပေးခဲ့ဖူးသည်မှာ ငွေတိုက်မှတစ်ဆင့် အတိုးဖြင့် ငွေထုတ်ချေးရန် ဖြစ်၏။ သို့သော် အတိုးဖြင့် ငွေထုတ်ချေးခြင်းမှာ စွန့်စားရမှု ကြီးမားသည့်အပြင် မတော်တဆ ကိစ္စပေါ်ပေါက်သွားပါက ဝမ်ရယ်အိမ်တော်၏ ဂုဏ်သတင်းကိုပါ ထိခိုက်စေပေမည်။ တွေးကြည့်လိုက်လျှင် ညီမလေးလင်း၏ဆိုင်ခွဲများတွင် ရင်းနှီးမြှုပ်နှံခြင်းကသာ တွက်ခြေကိုက်ပေသည်။
လျန်ယွီသည် သူ့အစ်မတော်ကို တစ်ချက် ကြည့်လိုက်ပြီး စကားဝင်မပြောခဲ့ပေ။ သူ့အစ်မတော်၏ အခြေအနေအရ သခင်မလေးလင်း၏ ဆိုင်ခွဲများတွင် ရင်းနှီးမြှုပ်နှံခြင်းသည် အမှန်တကယ်ပင် အခြားအရာများ လုပ်ဆောင်ခြင်းထက် သာလွန်၏၊ အနည်းဆုံးတော့ လစဉ် လတိုင်း ဝင်ငွေ အနည်းငယ် ရရှိနိုင်သေး၏။ အမှန်တကယ် အခြားအရာများ သွားလုပ်ပါက အရှုံးပေါ်လျှင် ပို၍ တွက်ခြေမကိုက်ပေ။ သူ့အစ်မတော်တွင် ကိုယ့်ကိုယ်ကိုယ်သိသော အသိ အနည်းငယ် ရှိနေသေး၏။ အစ်မတော်အား လျန်မိသားစုနှင့် ပူးပေါင်းခိုင်းရန်မှာမူ ထားလိုက်ခြင်းက ပိုကောင်းပေမည်။ သူတို့ လျန်မိသားစုသည် ဝမ်ရယ်အတွက် ငွေကြေး ထုတ်ပေးနိုင်သော်လည်း စီးပွားရေး ကိစ္စများတွင်မူ ဝမ်ရယ်အိမ်တော်ကို အနည်းငယ်သာ ပါဝင်စေခြင်းက ပို၍ ကောင်းမွန်ပေသည်။
လင်းရှောင်ယွဲ့မှာမူ အနည်းငယ် စိတ်ဝင်စားဟန်ဖြင့် အန်းယန်ဝမ်ဖေးကို လှမ်းကြည့်လိုက်၏။ သူမ၏ စကားတစ်ခွန်းကို ကြားပြီးနောက် အန်းယန်ဝမ်ဖေးသည် အမှန်တကယ်ပင် 'ကျင့်ခွိုက်' ၏ ယခု ရည်ရွယ်ထားသော ဆိုင်ခွဲ ဖွင့်လှစ်သူ စံနှုန်းများနှင့် ကိုက်ညီနေသည်ကို တွေ့ရှိလိုက်ရ၏။ ထိုသူမှာ အလွန်အကျွံ အမြတ်အစွန်းကြီးသော ပြန်လည် ရရှိမှုကို မမျှော်မှန်းဘဲ တည်ငြိမ်သော ဝင်ငွေ ပြန်လည် ရရှိမှုကိုသာ မျှော်လင့်သော ရင်းနှီးမြှုပ်နှံသူမျိုး ဖြစ်၏။
သို့သော် ဤသို့ ဖြစ်သည့်တိုင် လင်းရှောင်ယွဲ့သည် မျက်နှာထက်တွင် ခက်ခဲသော အမူအရာကို ပြသလိုက်၏။ ပြီးနောက် အန်းယန်ဝမ်ဖေး၏ တောင်းပန်သော အကြည့် အနည်းငယ်အောက်တွင် အန်းယန်ဝမ်ဖေးကို ခေါင်းညိတ်ပြလိုက်၏။
အန်းယန်ဝမ်ဖေး မျက်နှာ ချက်ချင်း အတိုင်းမသိ ဝမ်းသာသွား၏။
"ဒါဆို ငွေစ၂သောင်း ဆိုင်ခွဲ ဖွင့်လှစ်ခွင့် ဝန်ဆောင်ခကို မမ ပြန်ရောက်တာနဲ့ ချက်ချင်း လူ စီစဉ်ပြီး ညီမလေးဆီ ပို့လာခိုင်းလိုက်မယ်" ဟု စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
လင်းရှောင်ယွဲ့မှာမူ လက်ဝှေ့ယမ်းလိုက်၏။ "မလောပါဘူး" ဟု ပြုံးရင်း ပြောလိုက်သည်။ "နောက်နှစ်ရက်ဆို ကျွန်မတို့ ချင်းယွမ်ခြံကို သွားကြတော့မှာ။ အဲ့ဒီအချိန်ကျမှ ကျွန်မတို့တွေ ချင်းယွမ်ခြံပေါ်မှာ စာချုပ်ချုပ်လည်း နောက်မကျပါဘူး"
အန်းယန်ဝမ်ဖေးက အကြိမ်ကြိမ် ခေါင်းညိတ်၍ သဘောတူကြောင်း ပြသ၏။
"နောက်ပြီးတော့..."
လင်းရှောင်ယွဲ့သည် နောက်တစ်ကြိမ် ခက်ခဲသော အမူအရာ ပြလိုက်ပြီး ရုတ်တရက် ထပ်မံ ပြောလိုက်သည်။
"ညီမလေးမှာ ပြောစရာ စကား ရှိရင် ပွင့်ပွင့်လင်းလင်း ပြောပါ၊ ကိစ္စမရှိဘူး"
အန်းယန်ဝမ်ဖေးက အလျင်အမြန် ပြောလိုက်သည်။
"အင်း... မျက်စိရှေ့က အခြေအနေက ဒီလိုပါ... 'ကျင့်ခွိုက်' က အခု တိုက်ရိုက် ရောင်းချတဲ့ ဆိုင်တွေ ဆောက်ဖို့ အလုပ်များနေတယ်။ လီကျယ်တို့က တိုက်ရိုက် ရောင်းချတဲ့ဆိုင်တွေရဲ့ အချိုးအစားကို မြှင့်တင်ဖို့ပဲ တစ်သမှတ်တည်း တွေးနေကြတယ်။ တိုက်ရိုက် ရောင်းချတဲ့ ဆိုင်တွေရဲ့ အချိုးအစား ခြောက်ဆယ် ရာခိုင်နှုန်းအထက် ပန်းတိုင်ကို အမြန်ဆုံး ပြီးမြောက်ဖို့အတွက် ဝမ်ဖေးဘက်က ဆိုင်ခွဲတွေက ယာယီအားဖြင့်..."
အန်းယန်ဝမ်ဖေးသည် ကြောင်သွားပြီးနောက် မျက်နှာထက်မှ အပြုံးသည် ရုပ်သိမ်းသွား၏။ ခဏမျှ စဉ်းစားပြီးမှ ပြောလိုက်သည်။ "နည်းနည်း နောက်ကျလည်း ကိစ္စမရှိပါဘူး။ ဒါပေမဲ့ ညီမလေး သူတို့ကို မှာထားပေးလို့ ရမလား၊ မမရဲ့ဆိုင်ခွဲတွေကို စုစည်းပေးပြီး သူတို့ကို တတ်နိုင်သလောက် နန်အန်းခရိုင်နဲ့ နီးကပ်အောင် ထားခိုင်းပါ"
ဆိုင်ခွဲ ကိစ္စသည် သူမ အလွန်အမင်း စိတ်ပူပန်စရာ မလိုသော်လည်း ဝမ်ရယ်အိမ်တော်၏ လုပ်ငန်းဖြစ်ရာ အချိန်မှန် လူလွှတ်၍ သွားရောက် စစ်ဆေးရပေမည်။ ထို့အပြင် စာရင်းစစ်ဆေးခြင်း၊ ငွေသိမ်းခြင်း အစရှိသည်တို့လည်း ရှိရာ ဆိုင်များ နီးကပ်ကာစုစည်းနေပါက အားအင် အနည်းငယ် ချွေတာနိုင်ပေမည်။
"ဒါတော့ ပြဿနာ မရှိပါဘူး"
လင်းရှောင်ယွဲ့က ပွင့်လင်းစွာ ပြန်ဖြေလိုက်၏။ စီးပွားရေး ဖြန့်ကျက်ပြီးနောက် သူမ၏ ဆိုင်ခွဲများမှာ နေရာတိုင်းတွင် ရှိနေ၏။ ကုန်ပစ္စည်း ပို့ဆောင်ခြင်း၊ စာရင်းစစ်ဆေးခြင်း၊ ငွေသိမ်းခြင်း အစရှိသည်တို့မှာ မူလကတည်းက နေရာအနှံ့ ပြေးလွှားနေရ၏။ ဆိုင်များ လုံလောက်စွာ များပြားသည့် အခြေအနေအောက်တွင် အနည်းငယ် ဝေးခြင်း၊ နီးခြင်းမှာ သက်ရောက်မှု ကြီးကြီးမားမား မရှိတော့ပေ။
အန်းယန်ဝမ်ဖေး မျက်နှာ ဝင်းပသွား၏။
"ဒါဆို ညီမလေးကို တကယ် ကျေးဇူးတင်ပါတယ်" ဟု အလျင်အမြန် ကျေးဇူးတင်စကား ပြောလိုက်သည်။
"ဟားဟား၊ ဝမ်ဖေး အားနာနေစရာ မလိုပါဘူး"
......
သုံးဦးသား အလွန် ပျော်ရွှင်စွာ စကားစမြည် ပြောဆိုကြရာ လျင်မြန်စွာ နေ့လယ်ချိန်သို့ ရောက်ရှိသွား၏။
လင်းရှောင်ယွဲ့၏ ကြိုတင် မှာကြားမှုအောက်တွင် မီးဖိုချောင်သည် အမှန်ပင် အာလူးကို အဓိက ကုန်ကြမ်းအဖြစ် အသုံးပြုထားသော ဟင်းလျာ အများအပြားကို ချက်ပြုတ်ခဲ့၏။ ငရုတ်ပွ အာလူးမျှင်ကြော်၊ အာလူး အမဲသားနှပ်၊ အားလူမျှင်ကြော်၊ အာလူးချောင်းကြော်၊ အာလူးဒယ်အိုးမီးကင်...
လျန်ယွီသည် ဤမျှ များပြားသော အာလူးဖြင့် ချက်ပြုတ်ထားသည့် ဟင်းလျာများကို မြင်သော် စိတ်ထဲတွင် တုန်လှုပ်သွား၏။ ထိုအထဲမှ ဟင်းလျာ အချို့ကို သူ မြည်းစမ်းဖူး၏။ သို့သော် အချို့ကိုမူ သူ မမြင်ဖူးခဲ့ပေ။ ဥပမာ၊ အားလူမျှင်ကြော်၊ အာလူးချောင်းကြော် နှင့် အာလူးဒယ်အိုးမီးကင်။
အန်းယန်ဝမ်ဖေးသည်လည်း ကြည့်ရင်း သွားရည်ယိုလာ၏၊ အထူးသဖြင့် ထို အာလူးချောင်းကြော်မှာ 'ကျင့်ခွိုက်' တွင် ရောင်းချသော 'လန်ယားအာလူး' နှင့် ပုံသဏ္ဌာန် တူညီသောကြောင့် သူမ၏ စိတ်နှလုံးကို အထိမိဆုံး ဖြစ်၏။
"အားလုံးပဲ စားသုံးကြပါဦး၊ တို့ လျိုအိမ်တော်က စားဖိုမှူးကြီးရဲ့ လက်ရာကို မြည်းစမ်းကြည့်ကြပါ"
လင်းရှောင်ယွဲ့က ပြုံးရင်း ဧည့်ခံလိုက်၏။ လျိုအိမ်တော်၏ စားဖိုမှူးကြီး စွန်းထောင်သည် ယခင် ချီဝူတပ်၏ စားဖိုမှူး ဖြစ်ပြီး ဟင်းချက်သည့် လက်ရာမှာ မဆိုးလှပေ။ လျိုအိမ်တော်သို့ ရောက်ရှိလာပြီးနောက် သူမသည် သူမ၏ စားချင်စိတ်ကို ဖြည့်ဆည်းရန်အတွက် သူ့အား ၂၁ ရာစု၏ ချက်ပြုတ်နည်း ပညာ အချို့ကို မနည်းမနော မျှဝေ သင်ကြားပေးခဲ့၏။ ပြောရမည်ဆိုလျှင် စွန်းထောင်၏ ယခု လက်ရာသည် သူမ ၂၁ ရာစု ကမ္ဘာပျက်ကပ် မတိုင်မီက အဆင့်မြင့် စားသောက်ဆိုင် အချို့တွင် စားသုံးခဲ့သည်ထက်ပင် ပို၍ ကောင်းမွန်နေသေး၏။
"ကောင်းပြီ"
အန်းယန်ဝမ်ဖေးက တစ်ခွန်း ပြန်ဖြေပြီး လျင်မြန်စွာ တူကို လှုပ်ရှားလိုက်၏။ ထမင်းစားရန် ပြန်ရောက်လာသော လီရှောင်၊ ရှောင်ယန် နှင့် လျန်ယွီတို့သည်လည်း အသီးသီး တူကို လှုပ်ရှားလိုက်ကြ၏။ အထူးသဖြင့် ရှောင်ယန်မှာ တူကို အလျင်မြန်ဆုံး လှုပ်ရှား၏။
"မင်းသမီး၊ သခင်လေးလျန်၊ ခင်ဗျားတို့ ဒီ 'မားရီရှန့်ရှူး' (ပုရွက်ဆိတ်သစ်ပင်တက်) နဲ့ အာလူးချောင်းကြော်ကို အဓိက မြည်းစမ်းကြည့်လို့ ရတယ်။ အရသာက တကယ် အံ့မခန်းပဲ"
ရှောင်ယန်သည် တူကို အားလူမျှင်ကြော်ထံသို့ လှမ်းယူလိုက်ရင်း တစ်ချိန်တည်းမှာပင် နှစ်ဦးသားကို ပြောလိုက်သည်။
"မရီး၊ ဒီနေ့ မီးဖိုချောင်ကို ဒီဟင်းနှစ်မျိုး နည်းနည်း ပိုလုပ်ခိုင်းထားတာ မဟုတ်ဘူးလား။ ဒီလောက် နည်းနည်းလေး၊ ကျွန်တော် တစ်ယောက်တည်း စားတာတောင် မလောက်ဘူး"
ဟင်းကို ညှပ်ယူပြီးနောက် ရှောင်ယန်က အနည်းငယ် ညည်းတွားဟန်ဖြင့် လင်းရှောင်ယွဲ့ကို လှမ်းကြည့်လိုက်၏။ လူတိုင်းကလည်း လင်းရှောင်ယွဲ့ကို လှမ်းကြည့်လိုက်ကြ၏။
"ဒီဟင်းလျာကို 'မားရီရှန့်ရှူး' လို့ ခေါ်တာလား။ နာမည်ပေးထားတာက တကယ် ပုံဖော်နိုင်လွန်းတယ်"
အန်းယန်ဝမ်ဖေးက ရုတ်တရက် ပြောလိုက်သည်။ သေးမျှင်သော အာလူးမျှင်များကို ဆီဖြင့် ကြော်ထားလောက်ပြီး သစ်ပင်၏ အကိုင်းအခက်များနှင့် တူလှ၏။ အပေါ်မှ ထို ဟင်းခတ်အမွှေးအကြိုင်များမှာမူ အမှန်တကယ်ပင် သစ်ကိုင်းပေါ်မှ ပုရွက်ဆိတ်များနှင့် တူလှ၏။
စကားပြောနေရင်း အန်းယန်ဝမ်ဖေးသည် တူ၏ လားရာကို ပြောင်းလဲလိုက်ပြီး ပထမဆုံး ညှပ်ယူလိုက်သော ဟင်းကို အာလူးချောင်းကြော်မှ အားလူမျှင်ကြော်သို့ ပြောင်းလဲလိုက်၏။ ဟင်းသည် ပါးစပ်ထဲသို့ ဝင်ရောက်သွားသည်နှင့် ထိုထူးခြားသော အရသာသည် ချက်ချင်းပင် အန်းယန်ဝမ်ဖေး၏ အရသာခံ အာရုံများပေါ်တွင် ပေါက်ကွဲသွား၏။
"ဒါ... တကယ်ပဲ အာလူးနဲ့ လုပ်ထားတာလား"
အနည်းငယ် မယုံနိုင်ဟန်ဖြင့် အန်းယန်ဝမ်ဖေးက လင်းရှောင်ယွဲ့အား မေးလိုက်၏။ တစ်ချိန်တည်းမှာပင် တူကို ထပ်မံ ဆန့်ထုတ်၍ ဒုတိယ တစ်လုတ်ကို ညှပ်ယူလိုက်၏။
လျန်ယွီသည် ထိုအခြေအနေကို မြင်သော် အမူအရာ လှုပ်ရှားသွားပြီး အားလူမျှင်ကြော်ထံသို့ တူကို လှမ်းလိုက်၏။
လင်းရှောင်ယွဲ့မှာမူ ပြုံးလိုက်၏။ "သေချာပေါက် အာလူးနဲ့ လုပ်ထားတာပေါ့၊ အာလူးက အမှန်တော့ ဟင်းချက်ရုံတင် မကဘူး၊ သရေစာအဖြစ်လည်း လုပ်လို့ ရသေးတယ်"
"အာလူးကို အပြားလေးတွေ လှီး၊ လုံလုံလောက်လောက် ပါးသွားတဲ့အထိ လှီးပြီးရင် ဆီပူထဲ ထည့်ကြော်၊ အရသာရှိတဲ့ အာလူးပြားကြော်တွေတောင် လုပ်လို့ ရသေးတယ်"
အာလူးပြားကြော်၊ ထိုသည်မှာ ၂၁ ရာစု ကမ္ဘာပျက်ကပ် မတိုင်မီက လူကြိုက်အများဆုံး သရေစာများထဲမှ တစ်မျိုး ဖြစ်၏။
"ဒီ 'မားရီရှန့်ရှူး' ကလည်း ဆီကြော်ပဲ၊ အာလူးပြားကြော် လို့တော့ မဆိုနိုင်ပေမဲ့ အာလူးပြားကြော်ရဲ့ အရသာ နည်းနည်းတော့ ပါနေပြီ"
စကားဆုံးသော် လင်းရှောင်ယွဲ့သည် လူအများ၏ စူးစမ်းမှုကို ဂရုမစိုက်တော့ဘဲ ရှောင်ယန်ထံသို့ လှည့်ကြည့်လိုက်၏။
"မင်း ကြိုက်တတ်မှန်း သိလို့ ဆရာစွန်းက ခုနက လူလွှတ်ပြီး စကား ပါးလိုက်တယ်။ ခဏနေရင် နည်းနည်း ထပ်ပို့လာပေးဦးမယ်တဲ့"
ရှောင်ယန် မျက်နှာ ချက်ချင်း အလွန် ဝမ်းသာသွား၏။
"ကျေးဇူးတင်ပါတယ် မရီး"
ပြီးနောက် အန်းယန်ဝမ်ဖေးနှင့် လျန်ယွီတို့သည် အားလူမျှင်ကြော်ကို အဆက်မပြတ် လက်လှမ်းနေသည်ကို မြင်သဖြင့် အလျင်အမြန် တူကို ထပ်မံ လှမ်းယူလိုက်၏။
အန်းယန်ဝမ်ဖေးနှင့် လျန်ယွီတို့သည် အမှန်တကယ်ပင် အားလူမျှင်ကြော်၏ အရသာကြောင့် စွဲမက်သွားကြ၏။ သို့သော် ရှောင်ယန်၏ အပြုအမူကို မြင်ပြီးနောက် ရှောင်ယန်နှင့် ဆက်လက် လုယက်ရန် အားနာသွားကြ၏။ ပြီးနောက် အခြား ဟင်းလျာများကို ထပ်မံ မြည်းစမ်းကြည့်ကြ၏။
ပြီးနောက် နှစ်ဦးသားသည် အာလူးချောင်းကြော်သည်လည်း အလွန် အရသာ ရှိလှပြီး ၎င်းနောက်တွင် အာလူးဒယ်အိုးမီးကင် ဖြစ်သည်ကို တွေ့ရှိသွားကြ၏။
အချုပ်အားဖြင့် ဆိုရလျှင် ဤထမင်းတစ်နပ်သည် အန်းယန်ဝမ်ဖေးကို အံ့ဩမှင်သက်စေခဲ့ပြီး လျန်ယွီကို အံ့အားသင့်စေခဲ့၏။ မီးဖိုချောင်မှ အားလူမျှင်ကြော်နှင့် အာလူးချောင်းကြော်ကို ထပ်မံ ပို့ဆောင်လာသော အခါတွင် နှစ်ဦးသားမှာ လုံးဝ မထိန်းနိုင်တော့ဘဲ ဤဟင်းလျာ နှစ်မျိုးဆီသို့ တူများကို အဆက်မပြတ် လှမ်းယူကြလေတော့သည်။
တူများကို ချလိုက်သည့် အချိန်တွင် အန်းယန်ဝမ်ဖေးနှင့် လျန်ယွီတို့ နှစ်ဦးစလုံးသည် အနည်းငယ် ပြည့်တင်းအောင်စားမိသွားသည်ကို သတိပြုမိလိုက်ကြ၏။
***