← Chapters

အာလူး ထွက်လာပြီ

Vol. 18 Ch. 373

အာလူး ထွက်လာပြီ

Vol. 18 Ch. 373

လင်းလောင်စစ်၏ ဇနီး အပြင်ထွက်လာသည့် ပန်းတိုင်မှာ ဝမ်မိသားစုပင် ဖြစ်၏။ သို့သော် ဤအချိန်သည် စောလွန်းသေးရာ အစ်ကိုကြီးဝမ်နှင့် အစ်မကြီးဝမ်တို့သည် အလုပ်ရုံတွင် အလုပ်ဆင်းနေကြဆဲဖြစ်ပြီး ပြန်မရောက်ကြသေးပေ။ ကံကောင်းစွာဖြင့် အစ်ကိုကြီးဝမ်တို့အိမ်မှ သားကြီး ဝမ်ချိုင်နိုင်သည် ယနေ့ အိမ်တွင် ရှိနေပြီး ယခင်ကတည်းက မိဘနှစ်ပါး၏မှာထားခြင်းကြောင့် လင်းလောင်စစ်၏ အိမ်အတွက် အိမ်ဆောက်အဖွဲ့ကို မိတ်ဆက်ပေးရန် ဖြစ်သည်။

"ဒေါ်လေးဘက်က သေချာသွားရင် ရပါပြီ။ ဒါဆို ကျွန်တော် မနက်ဖြန် မြို့ပေါ်တက်ရင်း သူတို့ဘက်ကို အကြောင်းကြားလိုက်ပါ့မယ်။ သူတို့ကို လူလွှတ်ပြီး အိမ်တိုင်ရာရောက် ဒေါ်လေးတို့နဲ့ လာဆွေးနွေးခိုင်းလိုက်ပါ့မယ်" ဟု ဝမ်ချိုင်နိုင်က ပြောလိုက်သည်။

လင်းလောင်စစ်၏ ဇနီးက ပြုံးရင်း ခေါင်းညိတ်လိုက်၏။

"ဒါဆို ချိုင်နိုင်ကိုပဲ ကျေးဇူးတင်ရတော့မယ်။ မင်းတို့အိမ်က ငါတို့တွေကို တကယ် အများကြီး ကူညီပေးတာပဲ"

ချိုင်နိုင်က သူမအား အိမ်ဆောက်အဖွဲ့ ကိစ္စ မေးမြန်းပေးသည်မှလွဲ၍ နောက်ဆက်တွဲတွင် ချိုင်နိုင်၏ဇနီးအား အလုပ်ရှုပ်စေကာ သူမ၏အိမ်အတွက် ထမင်း ပို့ပေးရမည့် ကိစ္စလည်း ရှိသေး၏။ သူမယောက်ျား၏ လက်သည် ယခုတိုင် ကြိုးဆွဲထားရတုန်းဖြစ်ပြီး ယာယီအားဖြင့် ထမင်း မချက်နိုင်သေးပေ။

သူမမှာမူ မနက်ဖြန်တွင် အလုပ်ရုံသို့ အလုပ်ပြန်ဆင်းရတော့မည် ဖြစ်ရာ ထိုအချိန်တွင် အိမ်အတွက် ထမင်းချက်ရန် အချိန် ရှိတော့မည် မဟုတ်ပေ။ အစ်မကြီးဝမ်က မိမိသဘောအလျောက် အဆိုပြုခဲ့သည်မှာ နောက်တွင် သူမ၏ ချွေးမအား ထမင်းဟင်းများ ပိုမို ချက်ပြုတ်စေပြီး သူတို့အိမ်သို့ အနည်းငယ် ပို့ဆောင်ပေးရန် ဖြစ်၏။ ဤသို့ဆိုလျှင် သူတို့အိမ်၏ မျက်မှောက်မှ အခက်အခဲကို ကျော်လွှားနိုင်ရန် ကူညီနိုင်ပေမည်။

သို့သော် လူကြီးနှစ်ယောက်အပြင် ကလေးနှစ်ယောက်၏ ထမင်းမှာ ပမာဏ အမှန်တကယ် မနည်းလှပေ။ ချိုင်နိုင်၏ဇနီးကို အလုပ်ဝန်ပိုသွားစေမည်။ ဤသို့ တွေးမိသော် လင်းလောင်စစ်ဇနီးသည်၏ စိတ်နှလုံးသည် လှုပ်ရှားသွား၏။

ပြီးနောက် အိတ်ထဲတွင် ကြိုတင် ပြင်ဆင်ထားသော သီထားသည့် ကြေးနီပြား တစ်ရာကို ထုတ်ယူလိုက်သည်။

"ဒါက မင်းမိန်းမအတွက်၊ နောက်လာမယ့် ဒီသုံးရက်စာပါ။ သူ့ကို ပင်ပန်းစေရတော့မယ်"

ဤသို့ပြောရင်း ဝမ်ချိုင်နိုင်၏ လက်ထဲသို့ ထိုးထည့်လိုက်၏။

ဝမ်ချိုင်နိုင်သည် မည်သို့မျှ လက်ခံရန် ဆန္ဒမရှိဘဲ အလျင်အမြန် ငြင်းဆန်၏။ လင်းလောင်စစ်၏ ဇနီးက အတင်းအကျပ် မပြုနိုင်သဖြင့် နောက်ဆုံးတွင် ကြေးနီပြားများကို မလှမ်းမကမ်းမှ စားပွဲပေါ်သို့ တင်ထားလိုက်ပြီးနောက် အလျင်စလို ပြေးထွက်သွားလေသည်။

"ဒါတွေကို ငါတို့ ဒီသုံးရက်စာ ထမင်းဖိုးလို့ပဲ သဘောထားလိုက်ပါ။ နည်းနည်းတော့ နည်းသွားတယ်။ ငါတို့အိမ် အိမ်ဆောက်ပြီးသွားရင် ငါနဲ့ မင်းရဲ့ ဦးလေးလင်းတို့က မင်းတို့ကို အစားကောင်းတွေ ပြန်ကျွေးမယ်"

လင်းလောင်စစ်၏ ဇနီးသည် ဤသို့ပြောရင်း လျင်မြန်စွာ လျှောက်သွား၏။ ဝမ်ချိုင်နိုင် လိုက်မီလာမည်ကို စိုးရိမ်နေသည့် အမူအရာပင်။

ဝမ်ချိုင်နိုင်သည် ခြေလှမ်းအနည်းငယ် လိုက်လာပြီးနောက် ခြေလှမ်းများကို ရပ်တန့်လိုက်၏။ လက်ထဲမှ ကြေးနီပြားများကို ကြည့်လိုက်ရာ လင်းမိသားစု စတုတ္ထအိမ်အပေါ် အထင်အမြင် ပို၍ ကောင်းမွန်သွား၏။ အဖေနှင့်အမေ ပြောသည်မှာ မှန်ပေသည်။ ဦးလေးလင်း၏ မိသားစုသည် မိတ်ဆွေဖွဲ့ထိုက်သူများပင်။

ဝမ်မိသားစုမှ ထွက်လာပြီးမှ လင်းလောင်စစ်၏ ဇနီးသည် အိမ်သို့ ပြန်လာခဲ့၏။ နေ့လယ်စာ ပြင်ဆင်ပြီး မိသားစုတစ်စုလုံးကို ထမင်းစားရန် ပြုစုစောင့်ရှောက်ကာ ပန်းကန်ခွက်ယောက်များ ဆေးကြောပြီးနောက် သားကြီးကို ခေါ်ဆောင်၍ လယ်ထဲသို့ သွားလေသည်။ ဘာပဲဖြစ်ဖြစ် အားနေတာကြောင့် မုန်ညင်းဖြူ အနည်းငယ် ခူး၍ ပြန်ရောင်းလျှင်လည်း ကောင်းပေ၏။

မဟုတ်ပါက ရက်အနည်းငယ် ကြာ၍ အိမ်တွင် အလုပ်များလာပါက သူမ၏ ယောက်ျားမှာ လယ်ထဲသို့ ဆင်းရန် အချိန် များများစားစား ရှိတော့မည် မဟုတ်ပေ။ ဤသို့ တွေးမိသော် လင်းလောင်စစ်၏ ဇနီးသည် သူမ၏သားကြီးကို မထိန်းနိုင်ဘဲ လှမ်းကြည့်လိုက်မိ၏။ နှမြောစရာ ကောင်းလှသည်။ သူတို့အိမ်တွင် အလုပ်လုပ်နိုင်သော လူငယ်အင်အား အလွန် နည်းပါးလှသည်။ သာ့နျိုသာ အသက် အနည်းငယ် ပိုကြီးမည် ဆိုပါက သူတို့ လင်မယားနှစ်ယောက်မှာ အနည်းငယ် ပေါ့ပါးသွားနိုင်ပေမည်။

......

အချိန်သည် လျင်မြန်စွာ ကုန်ဆုံးသွား၏။ မျက်စိတစ်မှိတ်အတွင်း နွေရာသီလယ်သို့ ရောက်ရှိလာပြီး ခြံများပေါ်တွင် အာလူးတူးသည့် ရာသီသို့ ကြိုဆိုလိုက်ရ၏။

လင်းရှောင်ယွဲ့၏ လမ်းညွှန်မှုအပြင် ချီဝူတပ်သားများ၏ ဂရုတစိုက် စောင့်ရှောက်မှုအောက်တွင် ခြံအသီးသီးမှ အာလူးများသည် အလွန် ကောင်းမွန်စွာ ကြီးထွားကြ၏။ တူးဖော် ထုတ်ယူလိုက်သော အာလူးများသည် အပင်တိုင်းတွင် အများကြီးသီးကြသည့်အပြင် အများစုမှာ ဥလုံးကြီးများ ဖြစ်ကြ၏။

အာလူးများ ထွက်ရှိလာသည်နှင့်အမျှ 'ကျင့်ခွိုက်' အသီးသီးတွင် အသစ်သော သရေစာ တစ်မျိုး လျင်မြန်စွာ ပေါ်ထွက်လာပြီး 'လန်ယားအာလူး' ဟု အမည်ပေးထား၏။

ဤ 'လန်ယားအာလူး' ၏ ပုံသဏ္ဌာန်မှာ လွှသွားပုံစံရှိပြီး အလွန် လှပ၏။ အရသာမှာမူ ပို၍ပင် မမျှော်လင့်ဘဲ ကောင်းမွန်လှရာ တစ်ပွဲမှာ အာသာပြေစေပြီး နှစ်ပွဲမှာ ကျေနပ်မှု အပြည့် ပေးနိုင်၏။

ထို့အပြင် လန်းဆန်းမှုအပြည့်ပေးသော ကောက်ညှင်းအေးမုန့်နှင့် ပေါင်းစပ်လိုက်လျှင် လူကို မရပ်တန့်နိုင်အောင် ဖြစ်စေ၏။

ချင်းရှီမြို့အတွက် ဆိုရလျှင် 'ကျင့်ခွိုက်' ၏ စီးပွားရေးသည် 'လန်ယားအာလူး' ပေါ်ထွက်လာပြီးနောက် နောက်ထပ် အဆင့်တစ်ဆင့်သို့ တက်လှမ်းသွားခဲ့၏။

အစီရင်ခံစာများအရ အန်းယန်ခရိုင်မှ အခြား ဆိုင်ခွဲများသည်လည်း ယခု စီးပွားရေး အလွန် ကောင်းမွန်လှ၏။

တစ်ချိန်တည်းမှာပင် လင်းရှောင်ယွဲ့ဘက်တွင်လည်း လီကျယ်၊ ကျောက်ရှန်းရှန်းတို့နှင့် 'ကျင့်ခွိုက်' ၏ ဆိုင်ခွဲအသစ် ခေါ်ယူရေး သတ်မှတ်ချက်များကို နောက်ဆုံးတွင် သတ်မှတ်လိုက်နိုင်ပြီ ဖြစ်၏။

အသေးစိတ် အချက်အလက်များတွင် ပြောင်းလဲမှု များများစားစား မရှိဘဲ ဆိုင်ခွဲ ဖွင့်လှစ်ခွင့် ဝန်ဆောင်ခမှာမူ မြင့်တက်သွား၏။ ဆိုင်ခွဲ ဖွင့်လှစ်ခွင့် ဝန်ဆောင်ခမှာ ယခင် ငွေစ၂၀၀မှ ငွေစ ၁၀၀၀အထိ တိုက်ရိုက် မြင့်တက်သွားပြီး ငါးဆ တိတိ တက်သွားခြင်း ဖြစ်သည်။

ဤသတင်းကို အပြင်သို့ ကြေညာလိုက်သည်နှင့် 'ကျင့်ခွိုက်' အပေါ် စိတ်ဝင်စားသော ကုန်သည် အများအပြားသည် နောက်ဆုတ်သွားကြ၏။ ငွေစ ၁၀၀၀ က ဆိုင်ငယ်လေး တစ်ဆိုင် ဖွင့်လှစ်ခွင့် ရရန်အတွက်သာ ဖြစ်သည်။ စီးပွားရေး အလွန်ကောင်းမွန်ပြီး အလွန်အကျွံ စိတ်ပူပန်စရာ မလိုသော်လည်း ရင်းနှီးမြှုပ်နှံမှုနှင့် နှိုင်းယှဉ်ပါက ပြန်လည် ရရှိမှုမှာ ထိုမျှ လျင်မြန်တော့မည် မဟုတ်ပေ။

ဤအပေါ်တွင် လင်းရှောင်ယွဲ့က ဂရုမစိုက်ပေ။ ယခု 'ကျင့်ခွိုက်' ၏ ဖွံ့ဖြိုးတိုးတက်မှုသည် အလွန် လျင်မြန်လွန်းနေရာ ရေတိုအတွင်း ဈေးကွက်ကို တည်ငြိမ်အောင် ထိန်းသိမ်းခြင်းကိုသာ အဓိက ထားသင့်၏။ ဈေးကွက် ချဲ့ထွင်သည့် ကိစ္စမှာ ဆက်လက် လုပ်ဆောင်ရမည် ဖြစ်သော်လည်း အလွန် လျင်မြန်စွာ ချဲ့ထွင်ရန် မသင့်တော်ပေ။ လုပ်ဆောင်မှု မမှန်ကန်ပါက သူမတို့၏နာမည်ဂုဏ်သတင်းကို ပျက်စီးစေမည်ကို ရှောင်ရှားရမည် ဖြစ်၏။

သူမ၏ ယခု ဆိုင်ခွဲများ ကောင်းမွန်စွာ လည်ပတ်နေသရွေ့၊ ကုန်အမှတ်တံဆိပ် ကောင်းမွန်နေသရွေ့၊ နောင်တွင် စီးပွားရေး ချဲ့ထွင်ရမည့် ကိစ္စအတွက် သူမ စိတ်မပူပေ။ အခြေခံ ကောင်းမွန်စွာ ချမှတ်ထားပြီးလျှင် နောက်ပိုင်းတွင် လွယ်ကူသွားမည် မဟုတ်လား...

သို့သော် သူမ မလောသော်လည်း လောနေသူများ ရှိနေ၏။

ကြည့်ပါဦး၊ ယနေ့တွင် အန်းယန်ဝမ်ဖေးနှင့် လျန်ယွီတို့သည် အိမ်တိုင်ရာရောက် ရောက်ရှိလာကြ၏။

လင်းရှောင်ယွဲ့သည် သတင်းရရှိသဖြင့် စာကြည့်ခန်းထဲမှ အလျင်အမြန် ထွက်၍ ကြိုဆိုလိုက်သည်။ နောက်ဆုံးတွင် ခြံဝန်းထဲ၌ ဤမောင်နှမ နှစ်ယောက်ကို တွေ့ဆုံလိုက်ရ၏။

"ဝမ်ဖေးကို ဂါရဝပြုပါတယ်၊ သခင်လေးလျန်ကို ဂါရဝပြုပါတယ်"

လင်းရှောင်ယွဲ့က ပြုံးရင်း နှစ်ဦးသားကို အရိုအသေ ပေးလိုက်၏။

"အို... ညီမလေး အမြန်ထပါ၊ အားမနာပါနဲ့"

အန်းယန်ဝမ်ဖေးက ပြုံးရင်း ရှေ့သို့ တိုး၍ လင်းရှောင်ယွဲ့ကို တွဲထူလိုက်၏။

"ကိုယ့်လူတွေပဲ ဘာအားနာစရာ လိုလို့လဲ"

လင်းရှောင်ယွဲ့က အားနာဟန်ဖြင့် ပြုံးလိုက်၏။

"ကျေးဇူးတင်ပါတယ် ဝမ်ဖေး"

ပြီးနောက် လျန်ယွီအား ထပ်မံ ပြုံးပြလိုက်၏။

"သခင်မလေးလင်း၊ အနှောင့်အယှက် ပေးမိပါပြီ"

လျန်ယွီက လင်းရှောင်ယွဲ့အား လက်နှစ်ဖက်ယှက် အရိုအသေ ပေးလိုက်၏။

"သခင်လေးလျန် အားနာနေစရာ မလိုပါဘူး"

လင်းရှောင်ယွဲ့က တစ်ခွန်း ပြန်ဖြေပြီးမှ နှစ်ဦးသားကို စာကြည့်ခန်းထဲသို့ ဖိတ်ခေါ်လိုက်၏။

သုံးဦးသား ထိုင်ချလိုက်သည်နှင့် အစေခံက လက်ဖက်ရည် ယူဆောင်လာခဲ့၏။

"ဝမ်ဖေး၊ သခင်လေးလျန်၊ သုံးဆောင်ပါ" လင်းရှောင်ယွဲ့က ပြုံးရင်း ပြောလိုက်သည်။

နှစ်ဦးသားလည်း အားမနာကြဘဲ လက်ဖက်ရည်ခွက်ကို ကိုင်၍ သောက်သုံးလိုက်ကြ၏။ နွေလယ်သည် အလွန် လျင်မြန်စွာ ရောက်ရှိလာခဲ့ရာ သူတို့ တစ်လမ်းလုံး လာခဲ့ရသဖြင့် အမှန်တကယ် အနည်းငယ် ရေငတ်နေကြ၏။

"ဒါ ချင်းယွမ်ခြံက လက်ဖက်ခြောက်လား"

ရုတ်တရက် အန်းယန်ဝမ်ဖေးက လင်းရှောင်ယွဲ့အား မေးလိုက်၏။

ချင်းယွမ်ခြံ၊ ထိုသည်မှာ ယခင်က လျန်ယွီ စီစဉ် တည်ဆောက်ခဲ့သော အပန်းဖြေစခန်း ပြုပြင် ဆောက်လုပ်နေသည့် ထိုလက်ဖက်ခြံပင် ဖြစ်သည်။ တစ်လကျော်ကြာ ပြုပြင်မွမ်းမံပြီးနောက် ယခု အခြေခံအားဖြင့် ပြီးစီးသွားပြီ ဖြစ်၏။

"ဟုတ်ပါတယ်"

လင်းရှောင်ယွဲ့က ပြုံးရင်း ခေါင်းညိတ်လိုက်၏။

"သခင်လေးလျန်ကိုလည်း ကျေးဇူးတင်ရဦးမယ်၊ လက်ဖက်ခြောက်အသစ် ပို့ပေးဖို့ လူ လွှတ်ပေးခဲ့သေးတယ်"

"သခင်မလေးလင်း အားနာနေစရာ မလိုပါဘူး၊ ဒါတွေက လုပ်သင့်လုပ်ထိုက်တာတွေပါ"

လျန်ယွီက သဘာဝကျကျ ပြုံးလိုက်၏။

"အရင်တုန်းက သခင်မလေးလင်း နွေရာသီလယ် ရောက်တဲ့အခါ မိသားစုကို ခေါ်ပြီး ချင်းယွမ်ခြံကို အပူရှောင် လာမယ်လို့ ပြောခဲ့ဖူးတယ်နော်။ ဒီတစ်ခေါက် ကျွန်တော် လာတာက စိတ်ရင်းမှန်နဲ့ ဖိတ်ခေါ်တာပါ။ သခင်မလေးလင်း မျက်နှာသာ ပေးပြီး ကြွရောက် လမ်းညွှန်ပေးနိုင်ဖို့ မျှော်လင့်ပါတယ်" လျန်ယွီက ရယ်မောရင်း ပြောလေသည်။

လင်းရှောင်ယွဲ့သည် ကြောင်သွားပြီးနောက် "ဟားဟား" ဟု ရယ်မောလိုက်၏။

"သခင်လေးလျန်ရဲ့ ချင်းယွမ်ခြံက အခု ပြန်လည် ပြင်ဆင်ပြီးစီးသွားပြီပေါ့" ဟု ရယ်မောရင်း မေးလိုက်၏။

"မနေ့ကပဲ အဆုံးသတ်နေပါပြီ။ အလွန်ဆုံး မနက်ဖြန်ဆို ရှင်းလင်းပြီးစီးသွားပါပြီ။ ဒါကြောင့် ပထမဆုံး အချိန်ယူပြီး သခင်မလေးလင်းဆီ လာမေးမြန်းတာပါ"

လင်းရှောင်ယွဲ့၏ နှုတ်ခမ်းထောင့်များ ကွေးတက်သွား၏။

"ဒါဆို သခင်လေးလျန်ကို ဂုဏ်ပြုပါတယ်။ နွေရာသီလယ် အချိန်အခါမှာ လူတိုင်းက အေးမြတဲ့ နေရာကိုပဲ သွားချင်ကြတာ။ သခင်လေးလျန်ရဲ့ အပန်းဖြေစခန်းက ဒီအချိန်မှာ ပြီးစီးသွားတော့ နောက်ဆို ငွေအများကြီး ရှာနိုင်တော့မှာပဲ"

လျန်ယွီက ပြုံးရင်း လင်းရှောင်ယွဲ့အား လက်နှစ်ဖက်ယှက်ကာအရိုအသေ ပေးလိုက်၏။

"ဟားဟား၊ သခင်မလေးလင်းရဲ့ မင်္ဂလာစကားကြောင့်ပါပဲ"

ဟု ဆိုပြီးနောက် အကြည့်မှာမူ လင်းရှောင်ယွဲ့ကို ဆက်လက် စိုက်ကြည့်နေဆဲ ဖြစ်၏။

လင်းရှောင်ယွဲ့သည် နှုတ်ခမ်းထောင့်များကို နောက်တစ်ကြိမ် ကွေးညွှတ်လိုက်၏။

"သခင်လေးလျန်က စိတ်အားထက်သန်စွာ ဖိတ်ခေါ်မှတော့ ကျွန်မတို့က သွားရမှာပေါ့"

ခဏမျှ စဉ်းစားပြီးနောက် လင်းရှောင်ယွဲ့က ထပ်မံ ပြောလိုက်သည်။

"ဒီလို လုပ်ကြတာပေါ့။ ဒီနှစ်ရက်အတွင်း ကျွန်မ စီစဉ်လိုက်ပါ့မယ်။ နှစ်ရက်နေရင် ကျွန်မ မိသားစုကို ခေါ်ပြီး ချင်းယွမ်ခြံမှာ ခဏလောက် သွားနေလိုက်ပါ့မယ်"

ရာသီဥတုသည် အမှန်တကယ်ပင် တဖြည်းဖြည်း ပို၍ ပူပြင်းလာ၏။ သူမသည် ချင်းရှီမြို့ အနီးပတ်ဝန်းကျင်တွင် အပန်းဖြေစခန်း တည်ဆောက်မည့် ခြံကို အမှန်တကယ် နေရာ ရှာတွေ့ထားပြီး ဖြစ်၏။ သို့သော် ခြံကို ပြန်လည် ပြင်ဆင် တည်ဆောက်ခြင်းမှာမူ လွယ်ကူသော ကိစ္စတစ်ခု မဟုတ်ပေ။

မည်သို့ပင်ဖြစ်စေ ယခုနှစ်တွင် သူမ၏ ကိုယ်ပိုင် အပန်းဖြေစခန်းတစ်ခု ရှိရန်မှာ မျှော်လင့်ချက် မရှိတော့ပေ။

နန်အန်းခရိုင်သို့ ခဏ သွားရောက် နေထိုင်လျှင်လည်း ကောင်းပေ၏၊ ချင်းယွမ်ခြံဘက်တွင် ပတ်ဝန်းကျင် ကောင်းမွန်ပြီး နေထိုင်ရသည်မှာ ပို၍ သက်သောင့်သက်သာ ရှိပေမည်။

လျန်ယွီ၏ မျက်နှာ ဝင်းပသွား၏။

"ဒီလိုဆိုရင် အဲ့ဒီအချိန်ကျရင် ကျွန်တော် ချင်းယွမ်ခြံမှာ သခင်မလေးလင်းကို ရိုသေစွာ ကြိုဆိုနေပါ့မယ်"

သူမသာ သူ့နယ်မြေထဲသို့ ရောက်ရှိသွားပါက ထပ်မံ တွေ့ဆုံရန် များစွာ လွယ်ကူသွားပေပြီ။ သူသည် ဒီမိန်းကလေးထံမှ သင်ယူ ဆွေးနွေးလိုသော ကိစ္စများ များစွာ ရှိနေသေးသည်။

အန်းယန်ဝမ်ဖေးသည် ဤစကားကို ကြားသော် စိတ်ထဲတွင်လည်း အတွေးများ ပေါ်လာ၏။

"ဒီလိုဆို သိပ်ကောင်းတာပေါ့။ မကြာသေးခင်က ရာသီဥတု အရမ်း ပူပြင်းတော့ ဝမ်ရယ်ကလည်း ချင်းယွမ်ခြံမှာ ခဏလောက် သွားနေဖို့ ပြင်ဆင်နေတာ။ အဲ့ဒီအချိန်ကျရင် ညီမလေး ရှိနေတော့ ပိုပြီး စည်ကားတာပေါ့"

လင်းရှောင်ယွဲ့က ပြုံးရင်း အန်းယန်ဝမ်ဖေးကို ခေါင်းညိတ်ပြလိုက်၏။

"ဟားဟား၊ ဝမ်ဖေးက အဲ့ဒီအချိန်ကျရင် ကျွန်မတို့ကို စိတ်ရှုပ်စရာလို့ မထင်ရင် ပြီးတာပါပဲ"

"ညီမလေးက ဘာစကားတွေ ပြောနေတာလဲ။ မမက ဝမ်းသာလို့တောင် မဆုံးသေးဘူး"

အခန်းထဲတွင် လျင်မြန်စွာ ရယ်မောသံများ ပျံ့နှံ့သွား၏။

ခဏအကြာတွင် အန်းယန်ဝမ်ဖေးသည် နောက်ဆုံးတွင် အဓိက အကြောင်းအရာသို့ ဝင်ရောက်လိုက်လေသည်။

"ညီမလေး၊ အခု မမ လက်အောက်က အဲ့ဒီ ဆိုင်ခွဲတွေလေ။ 'လန်ယားအာလူး' နဲ့ ကောက်ညှင်းအေးမုန့် ဈေးကွက်တင်ပြီးကတည်းက စီးပွားရေးက အရင်ကထက် တစ်ဆမက ပိုကောင်းလာတယ်။

အထူးသဖြင့် နန်အန်းခရိုင်က ဆိုင်တချို့ဆို ဒီကုန်ပစ္စည်း နှစ်မျိုးက ရောင်းမလောက်ဘူး ဖြစ်နေတယ်။ သရေစာ အလုပ်ရုံဘက်က ကုန်ပစ္စည်း ဖြန့်ဝေတာက နည်းနည်း နှေးတယ်။ ကုန်ပစ္စည်း ပြတ်သွားပြီးနောက် အစားထိုး ဖြည့်တင်းတာက မမီဘူး။ ဒါကြောင့် တချို့ ဧည့်သည်တွေက ဝယ်ချင်ပေမဲ့ ဝယ်လို့ မရဘူး ဖြစ်နေတယ်"

အန်းယန်ဝမ်ဖေးက အနည်းငယ် ညည်းတွားသော လေသံဖြင့် ပြောလေသည်။

"ဒီကိစ္စအတွက် မမ ကိုယ်တိုင် သရေစာ အလုပ်ရုံကို အကြိမ်ပေါင်းမနည်း သွားတိုက်တွန်းခဲ့သေးတယ်။ ဒါပေမဲ့ ဟိုဘက်မှာ လူအင်အားက ကန့်သတ်ချက် ရှိတယ်။ တကယ်ကို အလုပ်များပြီး မနိုင်ဝန် ထမ်းနေရတာ။ အခု နန်အန်းခရိုင်က ဆိုင်ခွဲ အသီးသီးမှာ မမရဲ့ ဆိုင်ခွဲတွေကလွဲလို့ ညီမလေးရဲ့ အဲ့ဒီ တိုက်ရိုက်ရောင်းချတဲ့ ဆိုင်တောင်မှ အတူတူ ပြဿနာ ကြုံနေရတယ်"

အန်းယန်ဝမ်ဖေးသည် လင်းရှောင်ယွဲ့ကို လှမ်းကြည့်လိုက်၏။

"ဒါကြောင့် ဒီတစ်ခေါက် လာတာက ညီမလေးနဲ့ ကိုယ်တိုင်ကိုယ်ကျ လာတိုင်ပင်ကြည့်တာ။ ကိစ္စကို ဖြေရှင်းလို့ ရမလားလို့။ နောက်ပြီးတော့..."

ဤသို့ပြောရင်း အန်းယန်ဝမ်ဖေးသည် ခဏ ရပ်တန့်လိုက်၏။

"ကြားရတာ အခု 'ကျင့်ခွိုက်' ရဲ့ ဆိုင်ခွဲ မူဝါဒတွေ နည်းနည်း ပြောင်းလဲသွားတယ်ဆို ဒီကိစ္စကိုလည်း ညီမလေးကို လာမေးချင်တာ"

ဤစကားကို ကြားသော် လျန်ယွီသည်လည်း လိုက်၍ လင်းရှောင်ယွဲ့ကို လှမ်းကြည့်လိုက်၏။ သူ လာရောက်ရခြင်း၏ ရည်ရွယ်ချက်များထဲမှ တစ်ခုမှာလည်း သူ့ အစ်မတော်နှင့် အတူတူပင်။ ဆိုင်ခွဲ ကိစ္စကို လာရောက် မေးမြန်းလိုခြင်း ဖြစ်၏။

ယခု ဖွင့်လှစ်ထားသမျှသော 'ကျင့်ခွိုက်' ဆိုင်ခွဲ အသီးသီး၏ စီးပွားရေးမှာ အလွန် ကောင်းမွန်လှ၏။ ဤသို့သော ဆိုင်မျိုးမှာ သဘာဝအတိုင်း ဆိုင်ခွဲ များများ ဖွင့်လှစ်နိုင်လေ အကောင်းဆုံး ဖြစ်လေပင်။ သို့သော် ဆိုင်ခွဲ ဖွင့်လှစ်ခွင့် ဝန်ဆောင်ခမှာ အလွန်အမင်း မြင့်တက်သွားရာ သူတို့သည် အိမ်တိုင်ရာရောက် လာရောက်၍ လင်းရှောင်ယွဲ့နှင့် ကိုယ်တိုင်ကိုယ်ကျ ဆွေးနွေးရုံသာ တတ်နိုင်တော့၏။

ဤအချိန်တွင် လျန်မောင်နှမ နှစ်ယောက်၏ စိတ်ထဲတွင် အမှန်တကယ် အနည်းငယ် နောင်တရနေကြ၏။ ဆိုင်ခွဲ စီးပွားရေး ဤမျှ ကောင်းမွန်လာမည်မှန်းသာ ကြိုသိခဲ့လျှင် အစပိုင်းကတည်းက သူတို့သည် ဆိုင်ခွဲများ ပိုမို ဖွင့်လှစ်ခဲ့သင့်ပေသည်။

ယခု ဆိုင်ခွဲ ဖွင့်လှစ်ခွင့် ဝန်ဆောင်ခနှင့် နှိုင်းယှဉ်ကြည့်ပါက သူတို့ ကြိုတင် ဖွင့်လှစ်ခဲ့ပါလျှင် ပိုက်ဆံ မည်မျှ ချွေတာနိုင်မည်နည်း။

လင်းရှောင်ယွဲ့က ပြုံးလိုက်ပြီး အကြည့်ကို အန်းယန်ဝမ်ဖေး၏ မျက်နှာထက်မှ ရွှေ့လိုက်၏။

"သရေစာ အလုပ်ရုံရဲ့ အခြေအနေကို ကျွန်မဘက်ကလည်း သတင်း ရထားပြီးပါပြီ။ အဓိကက ကောက်ညှင်းအေးမုန့် လုပ်တာက မီးမွှေးရတယ်။ လုပ်ငန်းစဉ်က နည်းနည်း ရှုပ်ထွေးတယ်။ ပြီးတော့ ကောက်ညှင်းအေးမုန့် လုပ်ပြီးရင် အအေးခံဖို့ လိုအပ်တယ်။ နေရာလည်း တော်တော် ယူတယ်"

ဤသို့ပြောရင်း လင်းရှောင်ယွဲ့၏ မျက်မှောင်များ အနည်းငယ် ကြုတ်သွား၏။

"ဒီကိစ္စကို ကျွန်မ လီကျယ်ကို စပြီးဖြေရှင်းခိုင်းထားပြီးပါပြီ။ လူအင်အား မလုံလောက်ရင် လူအင်အား ဖြည့်တင်းမယ်။ နေရာ သေးလွန်းရင် နေရာ ချဲ့ထွင်ဖို့ နည်းလမ်း ရှာမယ်။ မကြာခင်မှာ ပြဿနာကို ဖြေရှင်းနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်"

ယခင်က အမှန်တကယ်ပင် သူတို့ တွေးခေါ်မှု လိုအပ်ခဲ့၏၊ နွေရာသီ ရောက်ရှိလာချိန်တွင် ကောက်ညှင်းအေးမုန့်၏ ရောင်းအား ကောင်းမွန်မှုကို လျှော့တွက်ခဲ့မိသည်။ ယခုအခါ သရေစာ အလုပ်ရုံ အသီးသီးတွင် လူအင်အား လိုအပ်နေစေခဲ့သည်။

သို့သော် ဤပြဿနာသည် ပြင်းထန်ခြင်း မရှိပေ။ ခြံများထဲတွင် ချီဝူတပ်သားများ များစွာ ရှိနေရာ လူအင်အား အနည်းငယ် ခေါ်ယူ၍ ကူညီခိုင်းလျှင် ပြဿနာ မရှိပေ။

"အာလူး ကိစ္စကတော့..."

လင်းရှောင်ယွဲ့က ခဏ ရပ်တန့်လိုက်၏။ အန်းယန်ဝမ်ဖေးနှင့် လျန်ယွီတို့ တစ်ပြိုင်နက်တည်း သူမကို လှမ်းကြည့်လာစေ၏။

ထိုအခြေအနေကို မြင်သော် လင်းရှောင်ယွဲ့က ထပ်မံ ပြုံးလိုက်၏။

"အာလူး ကိစ္စကိုလည်း ဝမ်ဖေးတို့ စိတ်ချလက်ချ နေလို့ ရပါတယ်။ အရင်တုန်းက ဈေးကွက်ကို စမ်းသပ်ဖို့ ပြီးတော့ အာလူးကလည်း ခုမှ စတူးတာ ဖြစ်လို့ သူတို့က သရေစာ အလုပ်ရုံ အသီးသီးကို အာလူး အများကြီး မပို့သေးတာပါ။ အခု ဈေးကွက် တုံ့ပြန်မှုက ကောင်းမွန်မှတော့ နောက်ပိုင်း ခြံ အသီးသီးက သဘာဝအတိုင်း သရေစာ အလုပ်ရုံ အသီးသီးကို အာလူး ပိုပို့ပေးကြမှာပါ။ ဒီနှစ် အာလူး စိုက်ပျိုးတဲ့ ခြံတွေက အထွက်နှုန်း မဆိုးကြဘူး။ ဒီ ဆိုင်ခွဲ အနည်းငယ်ကို ထောက်ပံ့ဖို့လောက်တော့ အရေအတွက် ပမာဏက ပြဿနာ မရှိပါဘူး"

ယခု ခြံ အသီးသီးတွင် အာလူးများသည် အများအပြား စတင် ထွက်ရှိနေပြီဖြစ်ပြီး အပြင်သို့ သယ်ပို့လိုက်သည်များမှာ လက်ရှိတွင် အနည်းငယ်သော အစိတ်အပိုင်းမျှသာ ရှိသေးသည်။ အများစုမှာ ခြံ အသီးသီး၏ ဂိုဒေါင်များထဲသို့ ဝင်ရောက်သွားကြ၏။

သို့သော် သူမ၏ စကား ထွက်ရှိပြီးနောက် ခြံ အသီးသီးတွင် ယခု အာလူးများ စတင်စားသုံးနေကြပြီ ဖြစ်သည်။

အာလူး အသားမျှင်ကြော်၊ အာလူး အသားလုံးနှပ်၊ အာလူးနှပ် အစရှိသဖြင့်... ဟင်းလျာများမှာ အလွန် မျိုးစုံလှ၏။ ယခု ခြံအသီးသီးမှ ချီဝူတပ်သားများသည်လည်း အာလူးကို အရူးအမူး နှစ်သက်သွားကြပြီ ဖြစ်သည်။ စားပွဲပေါ်မှ ဟင်းလျာများတွင် ထမင်းစားတိုင်းနီးပါး အာလူး၏ ပုံရိပ်ကို တွေ့မြင်နိုင်၏။

အိမ်တော်ထိန်းဖန်းနှင့် လူကြီးမင်းရွှီတို့သည်လည်း အာလူးကို ချီးကျူးမဆုံး ဖြစ်နေကြ၏။ အာလူး၏ အရသာကို မြည်းစမ်းပြီးနောက် အာလူး၏ အထွက်နှုန်း မြင့်မားမှုကို မျက်မြင်တွေ့ရှိပြီးနောက် နှစ်ဦးသားသည် အာလူး၏အစွမ်းထက်မှုကို အံ့ဩချီးကျူးနေကြ၏။ အကယ်၍ အာလူးကို တစ်နိုင်ငံလုံးသို့ ဖြန့်ဝေနိုင်မည် ဆိုပါက သာ့ယန်ပြည်သူများ၏ ကောင်းချီး မင်္ဂလာ ဖြစ်ပေလိမ့်မည်ဟုပင် ဆိုကြသေး၏။

သို့သော် ဤစကားမှာ ပြောရုံသက်သက်သာ ဖြစ်၏။

ချီဝူတပ်၏ အရေးပါသော အဖွဲ့ဝင်များ ဖြစ်သည့်အပြင် လင်းရှောင်ယွဲ့နှင့် ဆက်ဆံရေး မနီးစပ်ဘဲ မရှိကြရာ သူတို့သည်လည်း အာလူးသည် 'ကျင့်ခွိုက်' အတွက် မည်မျှ အရေးကြီးသည်ကို သိရှိကြ၏။

ထို့ကြောင့် အပြင်သို့ ဖြန့်ဝေပြီး သာ့ယန်ပြည်သူများကို အကျိုးပြုစေမည် ဆိုသည်မှာ တွေးရုံသာ တွေးပြီး ထားလိုက်ကြ၏။ ကမ္ဘာလောကကြီးနှင့် နှိုင်းယှဉ်ပါက သူတို့ ချီဝူတပ်က ပို၍ အရေးကြီးပေသည်။

ချီဝူတပ်သည် နယ်စပ်မှ ဆုတ်ခွာလာခဲ့သည့် ထိုအချိန်အခါကတည်းက သူတို့တွင် အများအကျိုး မရှိတော့ဘဲ မိမိတို့ အကျိုးသာ ရှိတော့၏။

အန်းယန်ဝမ်ဖေးနှင့် လျန်ယွီတို့သည် အချင်းချင်း အကြည့်ချင်း ဖလှယ်လိုက်ကြ၏။ ပြီးနောက် လျန်ယွီက စကားစလိုက်၏။

"'ကျင့်ခွိုက်' ရဲ့ 'လန်ယားအာလူး' က ရောင်းအား ကောင်းတယ် ဆိုပေမဲ့ ဆိုင်တစ်ဆိုင်က တစ်နေ့တာ ပေါင်းလိုက်ရင် အဲ့ဒီလောက်ပဲ ရောင်းရတာ။ ခြံတွေပေါ်က အာလူး အထွက်နှုန်းက အဲ့လောက် ကြီးမားတာ၊ 'ကျင့်ခွိုက်' ကိုပဲ ထောက်ပံ့ပေးနေရုံနဲ့ သုံးလို့ ကုန်မှာ မဟုတ်ဘူး။ သခင်မလေးလင်းဘက်က အာလူးတချို့ကို ကျွန်တော်တို့ 'ရူယီစားသောက်ဆိုင်' ကို ရောင်းချပေးဖို့ စဉ်းစားလို့ ရနိုင်မလား"

လင်းရှောင်ယွဲ့သည် ကြောင်သွားပြီး လျန်ယွီကို လှမ်းကြည့်လိုက်၏။ ပြီးနောက် လျင်မြန်စွာ နားလည်သွား၏။

ယခင်က သူမသည် ကျိုးရှီနှင့် တိုင်ပင်ပြီး သူမ၏ ခြံအချို့တွင် ငရုတ်သီး အလုပ်ရုံများ တည်ဆောက်ခဲ့၏။ ငရုတ်သီး အလုပ်ရုံများ တည်ဆောက်ပြီးစီးသော် 'ရူယီစားသောက်ဆိုင်' နှင့် 'ကျိုးကုန်သွယ်ရေးလုပ်ငန်း' မှ လူများသည် သဘာဝအတိုင်း ကုန်ပစ္စည်းများ လာရောက် သယ်ယူရပေမည်။ တမင်တကာ ဖုံးကွယ်ထားခြင်း မရှိသည့် အခြေအနေအောက်တွင် ဤသို့ဆိုလျှင် ဤလူများသည် သဘာဝအတိုင်း ခြံများပေါ်မှ အာလူးအထွက်နှုန်း အခြေအနေအချို့ကို သိရှိသွားကြပေမည်။ ထို့အပြင် ခြံများပေါ်တွင် ချက်ပြုတ်သော အာလူးနှင့် သက်ဆိုင်သည့် ဟင်းလျာများကိုပင် မြည်းစမ်းဖူးကြပေလိမ့်မည်။

'ကျိုးကုန်သွယ်ရေးလုပ်ငန်း' မှ လူများသည် ဤမျှ ကြီးမားသော စိတ်ဝင်စားမှု ရှိချင်မှ ရှိပေမည်။ သို့သော် 'ရူယီစားသောက်ဆိုင်' မှာ စားသောက်ဆိုင်ဖြစ်ရာ ဤသို့သော ကောင်းမွန်သည့် အရာကို ဘယ်လိုလုပ်လက်လွတ်ခံရန် ဆန္ဒရှိပါ့မလဲ။

"ဒါက..."

လင်းရှောင်ယွဲ့၏ မျက်ဝန်းထဲတွင် တုံ့ဆိုင်းမှု အရိပ်အယောင် ပေါ်လာ၏။

"ဪ၊ ဈေးနှုန်းဘက်ကတော့ သခင်မလေးလင်း စိတ်ချပါ"

ဟု လျန်ယွီက အလျင်အမြန် ပြောလိုက်သည်။ ဤမျှ အလျင်စလို တစ်ခေါက် ပြေးလာရခြင်းမှာ ဆိုင်ခွဲများ၏ ကိစ္စကြောင့်မှလွဲ၍ ဤသည်မှာလည်း အဓိက အချက်များထဲမှ တစ်ခု ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် သူသည် အာလူးဖြင့် ပြုလုပ်ထားသော ဟင်းလျာများ၏ အရသာကို မြည်းစမ်းပြီး ဖြစ်ရာ ဤအရာသည် လျန်မိသားစုအတွက် မည်မျှ အရေးကြီးသည်ကို သိရှိသောကြောင့် ဖြစ်သည်။ ဤမျှ နှစ်ပေါင်းများစွာ ကြာမြင့်လာသည်အထိ သူသည် ဟင်းလျာ တစ်မျိုးသည် ဤမျှလောက် အရသာ ရှိနိုင်သည်ကို ပထမဆုံးအကြိမ် ခံစားမိခြင်း ဖြစ်၏။

လင်းရှောင်ယွဲ့၏ မျက်လုံးထဲတွင် ထိုအခါမှ အပြုံးတစ်ခု ပေါ်လာ၏။

"ဒီအာလူးက အရင်တုန်းက မျိုးစေ့ချတဲ့ အချိန်မှာ မျိုးစေ့ မလုံလောက်လို့ အများကြီး မစိုက်ပျိုးနိုင်ခဲ့ဘူး။ အခု အာလူး ထွက်ရှိလာတော့ ပမာဏက တော်တော်လေး များလာပေမဲ့ သရေစာ အလုပ်ရုံ အကြီးအသေး အသီးသီးမှာ သုံးမယ့်ဟာတွေ၊ ပြီးတော့ နောက်ရာသီအတွက် မျိုးစေ့အဖြစ် သုံးမယ့်ဟာတွေကို ဖယ်လိုက်ရင် အပို သိပ်ကျန်မှာ မဟုတ်ဘူး"

လင်းရှောင်ယွဲ့သည် အနည်းငယ် စဉ်းစားလိုက်၏။

"ဒီလို လုပ်ကြတာပေါ့၊ သခင်လေးလျန် တကယ် လိုချင်တယ်ဆိုရင် ကျွန်မဘက်က ရှင့်ကို ပေါင် တစ်သိန်း ပေးမယ်။ တစ်ပေါင် ကို ၅ပြားနဲ့ တွက်"

***

All Chapters