ဖရိုဖရဲနိယာမ၏ လမ်းစ....
Vol. 48 Ch. 714
" ဟားဟား သခင်ယွင်ကျန်းဇီက ကျုပ် ဒီဆေးလုံးတွေ ယူပြီး ထွက်သွားမှာကို မစိုးရိမ်တဲ့ပုံပဲ။ " ဖေးရှန်းခန်းမသခင်က ပြုံး၍ ပြောလိုက်သည်။
" ကျုပ်က ဖေးရှန်းခန်းမသခင်ကို ယုံကြည်ပါတယ်။ " လင်းယွမ်က အနည်းငယ် ပြုံး၍ ပြောလိုက်သည်။
အမှန်တော့ လင်းယွမ်က ဖေးရှန်းခန်းမသခင်ကို ယုံကြည်သောကြောင့်မဟုတ်ဘဲ သူ့ကိုသူ ယုံကြည်ခြင်းသာ ဖြစ်သည်။ ဖေးရှန်းခန်းမသခင်က ထိပ်တန်းကျောက်စိမ်းအင်မော်တယ်တစ်ယောက်ဖြစ်ပြီး ကန်ဝူအင်မော်တယ်မြို့တော်မှ သတ်ဖြတ်ခြင်းမှော်အင်းကွက်များကို ထိန်းချုပ်မှုနှင့်အတူ ကျောက်စိမ်းအင်မော်တယ်အများစုကို ချေမှုန်းနိုင်စည်။ သို့သော် ထိုထဲတွင် လင်းယွမ်မပါဝင်ပေ။
အင်မော်တယ်ကမ္ဘာတွင် လင်းယွမ်စိုးရိမ်သူမှာ နှစ်ယောက်တည်းသာ ရှိသည်။ သူတို့က အင်မော်တယ်လမ်းစဉ်၏ ဘိုးဘေးနှင့် နတ်ဆိုးချောက်နက်၏ ဘိုးဘေးတို့ဖြစ်ကြသည်။
" သခင်ယွင်ကျန်းဇီရဲ့ ယုံကြည်မှုအတွက် ကျေးဇူးတင်ပါတယ်။ " ဖေးရှန်းခန်းမသခင်က ကျေနပ်သွားသည်။ သို့သော် သူအမှန်တကယ် ထွက်သွားရဲလျှင် အင်မော်တယ်ဘိုးဘေးပင် မကယ်တင်နိုင်မည့် အခြေအနေဖြစ်လာမည်ကိုတော့ သတိမပြုမိခဲ့ပေ။
" ဒါက အင်မော်တယ်ရင်းမြစ် သုံးတုံးပါ။ " ဖေးရှန်းခန်းမသခင်က အနက်ရောင်သစ်သားသေတ္တာတစ်ခုကို ထုတ်လိုက်ပြီး ၎င်းက လင်းယွမ်ဆီသို့ ပျံသန်းသွာယသည်။
" ဒါက..." လင်းယွမ်က အနည်းငယ် စိတ်လှုပ်ရှားသွားသည်။
သစ်သားသေတ္တာပေါ်လာသည့်အချိန်တွင် လင်းယွမ်က ထူးခြားသော အော်ရာတစ်ခုကို ခံစားလိုက်ရသည်။ ၎င်းက အရာအားလုံး၏ မူလအစပင်ဖြစ်သည်။
လင်းယွမ်က သေတ္တာကို ဖမ်းပြီး ဖွင့်ကြည့်ရန် ပြင်လိုက်သည်။
" သခင်ယွင်ကျန်းဇီ သေတ္တာကို အခုမဖွင့်ပါနဲ့ဦး။ " ဖေးရှန်းခန်းမသခင်က အလျင်အမြန် တားလိုက်သည်။
" အင်မော်တယ်ရင်းမြစ်က ထွက်ပေါ်လာတာနဲ့ ချက်ချင်း ပျံ့လွင့်သွားပါလိမ့်မယ်။ ဒါကြောင့် သခင်ယွင်ကျန်းဇီက အင်မော်တယ်ရင်းမြစ်ကို တကယ်အသုံးပြုမယ့်အချိန်ကျမှ သေတ္တာကို ဖွင့်ပါ။ မဟုတ်ရင် အလကားဖြစ်သွားပါလိမ့်မယ်။ "
အင်မော်တယ်ရင်းမြစ်က အင်မော်တယ်ကမ္ဘာ၏ မူလရင်းမြစ်မှ ဆင်းသက်လာပြီး မူလနယ်မြေမှ ထွက်ခွာသွားသည်နှင့် လွင့်ပျယ်သွားမည်ဖြစ်သည်။ သစ်သားသေတ္တာက အင်မော်တယ်ရင်းမြစ်ကို ပြင်ပနှင့် ခွဲခြားထားပြီး လွင့်ပျယ်မှုကို တားဆီးထားသည်။
" အဲ့လိုကိုး။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။
ထို့နောက် ဖေးရှန်းခန်းမသခင်က လင်းယွမ်ကို အင်မော်တယ်ဆေးလုံးအများအပြားကို ထပ်မံဖော်စပ်ပေးရန် တောင်းဆိုခဲ့သည်။ လင်းယွမ်က သဘာဝအတိုင်း သဘောတူခဲ့သည်။ ကန်ဝူအင်မော်တယ်မြို့တော်က လင်းယွမ်ကို ကျေနပ်စေနိုင်သော အခကြေးငွေကို ပေးခဲ့သည်။
" အင်မော်တယ်နဲ့နတ်ဆိုး စစ်ပွဲကြောင့် အင်မော်တယ်မြို့တော်က အင်မော်တယ်ဆေးလုံးတွေ ဒီလောက်တောင် လိုအပ်နေတာလား။ " လင်းယွမ်က မေးလိုက်သည်။
ဖေးရှန်းခန်းမသခင်၏ စကားများမှတစ်ဆင့် ကန်ဝူအင်မော်တယ်မြို့တောင်က ထိုစစ်ပွဲအတွက် အထူးပြင်ဆင်နေသည်ကို လင်းယွမ်က နားလည်ခဲ့သည်။ ကန်ဝူအင်မော်တယ်မြို့တော်က အင်မော်တယ်နှင့်နတ်ဆိုး စစ်ပွဲများစွာကို ကြုံတွေ့ခဲ့ရသည်။
ကျောက်စိမ်းအင်မော်တယ်များအတွက် ထိုစစ်ပွဲက ကြီးမားသော ခြိမ်းခြောက်မှုဖြစ်ပြီး သူတို့က ထိုနတ်ဆိုးများ၏ လက်ထဲတွင် သေဆုံးနိုင်ခြေရှိသည်။ သို့သော် အင်မော်တယ်မြို့များကို နတ်ဆိုးများ ထိုးဖောက်ဝင်ရောက်နိုင်ခဲ့သည်ဟု တစ်ခုမှ မကြားဖူးပေ။
" ဒီအင်မော်တယ်နဲ့နတ်ဆိုး စစ်ပွဲကြီးက အရင်ထက် အများကြီး ပိုပြင်းထန်လိမ့်မယ်။ " ဖေးရှန်းခန်းမသခင်က ခဏတုန့်ဆိုင်းသွားပြီးနောက် ပြောလိုက်သည်။
ထိုသတင်းက လျို့ဝှက်ချက်တစ်ခုဖြစ်ပြီး ဖေးရှန်းခန်းမသခင်ကဲ့သို့ မြို့တော်မှ အဆင့်အတန်းမြင့်သူများသာ သိထားကြသည်။ လင်းယွမ်သာ မမေးခဲ့လျှင် သူက ပြောပြမည်မဟုတ်ပေ။ ပုံမှန် အင်မော်တယ်နှင့်နတ်ဆိုး စစ်ပွဲများကပင် ရွှေအင်မော်တယ်များနှင့် ကျောက်စိမ်းအင်မော်တယ်များကို စိုးရိမ်ကြောက်လန့်စေသည်။
" ပိုပြီး ပြင်းထန်တယ်။ " လင်းယွမ်က သေချာနားထောင်နေသည်။
" မှန်တယ်။ သခင်ယွင်ကျန်းဇီ သိထားတာက အင်မော်တယ်နဲ့နတ်ဆိုး စစ်ပွဲဆိုတာ နတ်ဆိုးချောက်နက်ကနေ ကျူးကျော်လာတဲ့ နတ်ဆိုးတွေကြောင့် ဖြစ်ရတာပဲ။ " ဖေးရှန်းခန်းမသခင်က ပြောလိုက်သည်။ " နတ်ဆိုးတွေ ကျူးကျော်လာတဲ့အကြောင်းရင်းက နတ်ဆိုးချောက်နက်ရဲ့ ဘိုးဘေး စိတ်အသိတစ်စိတ်တစ်ပိုင်းက နိုးထလာလို့ပဲ။ "
" အရင်က နတ်ဆိုးချောက်နက်ရဲ့ ဘိုးဘေး စိတ်အသိနိုးထလာရင်တောင် အများဆုံး ဆယ်ရာခိုင်နှုန်းလောက်ပဲ ရှိခဲ့တာ။ ဒါပေမယ့် အခုစစ်ပွဲမှာ နတ်ဆိုးချောက်နက် ဘိုးဘေးရဲ့ စိတ်အသိက ငါးဆယ်ရာခိုင်းနှုန်ကနေ ခြောက်ဆယ်ရာခိုင်နှုန်ူအထိ နိုးထလာနိုင်တယ်။ " ဖေးရှန်းခန်းမသခင်က ပြောလိုက်သည်။
" စိတ်အသိ ငါးဆယ်ရာခိုင်နှုန်းကနေ ခြောက်ဆယ်ရာခိုင်နှုန်း..." လင်းယွမ်၏ အမူအရာက လေးနက်သွားသည်။
ထိုကဲ့သို့ စိတ်အသိနိုးထလာမှုနှင့်ဆိုလျှင် နတ်ဆိုးချောက်နက်၏ ဘိုးဘေးက အင်မော်တယ်ကမ္ဘာကို ဝင်ရောက်စွက်ဖက်နိုင်သည်။ ထိုအခါ အင်မော်တယ်ကမ္ဘာမှ ကျင့်ကြံသူများက အဆုံးမရှိသော နတ်ဆိုးများနှင့် ရင်ဆိုင်ရမည့်အပြင် အလွှာဆယ့်နှစ် ကြီးမြတ်သူနှင့် ညီမျှသော နတ်ဆိုးချောက်တက်၏ ဘိုးဘေးကိုပင် ရင်ဆိုင်ရနိုင်သည်။
သို့သော် နတ်ဆိုးချောက်နက်၏ ဘိုးဘေး ဝင်ရောက်လာလျှင် အင်မော်တယ်လမ်းစဉ်၏ ဘိုးဘေးကလည်း လက်ပိုက်ကြည့်နေမည်မဟုတ်ပေ။ အလွှာဆယ့်နှစ် ကြီးမြတ်သူနှစ်ယောက်၏ ထိပ်တိုက် တွေ့ဆုံမှုက စစ်ပွဲကို ပြင်းထန်သွားစေပေလိမ့်မည်။
" အဲ့ဒီစစ်ပွဲကို ဖြတ်ကျော်နိုင်ဖို့ မျှော်လင့်ရမှာပဲ။ " ဖေးရှန်းခန်းမသခင်က သက်ပြင်းချပြီး ထွက်ခွာသွားသည်။
" အင်မော်တယ်နဲ့ နတ်ဆိုး စစ်ပွဲလား။ " လင်းယွမ်က ခဏစဉ်းစားလိုက်သည်။
အင်မော်တယ်နှင့်နတ်ဆိုး စစ်ပွဲက သူ့ကို သိပ်မထိခိုက်စေနိုင်ပေ။ အခြေအနေဆိုးလာလျှင် သူက ရှောင်ရှားနေရုံသာဖြစ်သည်။
" အင်မော်တယ်ရင်းမြစ်က ဘာလဲဆိုတာ ကြည့်ရအောင်။ " လင်းယွမ်က ခြေချိတ်ထိုင်နေပြီး သူ၏ ရှေ့တွင် အနက်ရောင်သေတ္တာက လွင့်မျောနေသည်။
" ဘယ်လောက်တောင် ထူးဆန်းတဲ့ ခံစားချက်လဲ။ " သစ်သားသေတ္တာက အတွင်းနှင့်အပြင်ကို ပိုင်းခြားထားသော်လည်း လင်းယွမ်က ထူးခြားသော ခံစားမှုတစ်ခုကို ရရှိနေဆဲဖြစ်သည်။ သူက သစ်သားသေတ္တာကို ဖြည်းညင်းစွာ ဖွင့်လိုက်သည်။
ဝုန်း...
လျို့ဝှက်ဆန်းကြယ်သော အော်ရာတစ်ခုက စတင်ထွက်ပေါ်လာသည်။ လင်းယွမ်က သစ်သားသေတ္တာ အတွင်းကို ကြည့်ပြီး သူ၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။
" ဒါက.."
အနက်ရောင်သစ်သားသေတ္တာ၏ အတွင်းတွင် ချိပ်ပိတ်ခြင်းနည်းစနစ်များဖြင့် အထပ်ထပ် ခတ်နှိပ်ထားသည်။ သေတ္တာ၏ အတွင်းနှင့်အပြင်ကို အချိန်လေဟာနယ်အပြင် ကြောင်းကျိုးဆက်နွယ်မှုများကိုပါ ပိုင်းခြားထားသည်။ သို့မှသာ အင်မော်တယ်ရင်းမြစ်၏ ပျံ့လွင့်မှုကို အနိမ့်ဆုံးအထိ လျှော့ချနိုင်ပေလိမ့်မည်။
သေတ္တာ၏ အတွင်း၌ လက်သီးဆုပ်အရွယ်ရှိသော သလင်းကျောက်တစ်ခု ရှိနေပြီး ၎င်းအတွင်း အဆုံးမရှိသော ကြယ်များနှင့် ဆင်တူသည့် အလင်းစက်များ လည်ပတ်နေသည်။
သေတ္တာပေါ်ရှိ ချိပ်စည်းကို ဖွင့်လိုက်သည်နှင့် သလင်းကျောက်မှ အော်ရာများ ထုတ်လွှတ်လာပြီး စကြာဝဠာတစ်ခုက လင်းယွမ်ကို မှိတ်ဖျော့စွာ ဝန်းရံသွားသည်။ ၎င်းအတွင်း မဟာနိယာမများ၏ အတက်အကျများက လှိုင်းလုံးများသဖွယ် သူ့ကို ရိုက်ခတ်လာသည်။
" ဟင်..." လင်းယွမ်၏ စိတ်က တုန်လှုပ်သွားသည်။
[ သင်က ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် လျို့ဝှက်ဆန်းကြယ်သော မူလရင်းမြစ်ကို လေ့လာပြီး အခြေခံနိယာမများအပေါ် သင်၏ နားလည်မှုက ပိုမိုနက်ရှိုင်းသွားပါပြီ။ ]
လင်းယွမ်က ချက်ချင်း ဉာဏ်အလင်းပွင့်သွားပြီး အချိန်လေဟာနယ်ပေါင်းစပ်နိယာမအပြင် အခြားအဓိကပေါင်းစပ်နိယာမများအပေါ် နားလည်မှုများက အရှိန်အဟုန်ဖြင့် တိုးတက်လာသည်။
နေ့တစ်ဝက်ကြာပြီးသောအခါ လင်းယွမ်က သူ၏ ရှေ့မှ သေးငယ်သွားသော အင်မော်တယ်ရင်းမြစ်ကို ကြည့်ပြီး သစ်သားသေတ္တာကို လျင်မြန်စွာ ပိတ်လိုက်သည်။ သေတ္တာ၏ အတွင်းနှင့်အပြင်က ချက်ချင်း ပိုင်းခြားသွားပြီး အင်မော်တယ်ရင်းမြစ်၏ ပျံ့လွင့်မှုက ရပ်တန့်သွားသည်။
" ဒီအင်မော်တယ်ရင်းမြစ်က အင်မော်တယ်ကမ္ဘာရဲ့ မူလရင်းမြစ်ကနေ ဆင်းသက်လာပြီး မူလနယ်မြေရဲ့ အော်ရာတွေကနေ သိပ်သည်းသွားခဲ့တယ်။ ပြင်ပကမ္ဘာကို ရောက်တဲ့အခါ သိပ်သည်းမှုက ပျံ့လွင့်သွားလိမ့်မယ်။ ပြီးတော့ ပျံ့လွင့်သွားတဲ့ အငွေ့အသက်တွေက အင်မော်တယ်ကမ္ဘာ မူလရင်းမြစ်ရဲ့ ပတ်ဝန်းကျင်ကို ခဏအတုယူဖန်တီးပေးတယ်။ " လင်းယွမ်၏ မျက်လုံးများက တောက်ပသွားသည်။
လင်းယွမ်က ပြီးခဲ့သည့်ခဏက အင်မော်တယ်ကမ္ဘာ၏ မူလရင်းမြစ်၌ ခဏကျင့်ကြံခဲ့သည်ဟု ပြောနိုင်သည်။ မဟာနိယာမများ၏ အတက်အကျများက လင်းယွမ်ကို များစွာ အထောက်အကူ ပြုခဲ့သည်။ ထို့အပြင် လင်းယွမ်၏ ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းက အခြားကျောက်စိမ်းအင်မော်တယ်များထက် သာလွန်နေခဲ့သည်။
အင်မော်တယ်ရင်းမြစ် ပျံ့လွင့်မှုကြောင့် ဖြစ်ပေါ်လာသော ပတ်ဝန်းကျင်က လင်းယွမ်ကို မယုံကြည်နိုင်သော အကျိုးကျေးဇူးများ ရရှိစေခဲ့သည်။ ထိုနေ့တစ်ဝက်အတွက် အချိန်လေဟာနယ်ပေါင်းစပ်နိယာမအပေါ် လင်းယွမ်၏ နားလည်မှုက တိုးတက်လာပြီး အခြားအဓိကပေါင်းစပ်နိယာမများလည်း ထို့အတူပင်ဖြစ်သည်။
၎င်းက နိယာမများအပေါ် နားလည်မှုအရှိန်ကို မြှင့်တင်ပေးခြင်းသက်သက်ဆိုလျှင် လင်းယွမ်ကို တုန်လှုပ်စေမည်မဟုတ်ပေ။ သူ၏ ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် အင်မော်တယ်ရင်းမြစ်မရှိလျှင်တောင် သူက နိယာမများကို နားလည်နိုင်ပြီး နောက်ဆုံး အချိန်ပိုပေးရုံသာ ဖြစ်သည်။
သို့သော် လင်းယွမ်က အင်မော်တယ်ရင်းမြစ်ကို ခဏလေ့လာချိန်တွင် အချိန်လေဟာနယ်ပေါင်းစပ်နိယာမအပါအဝင် နိယာမအားလုံးကို တစ်ပြိုင်နက် တိုးတက်စေခဲ့ပြီး နိယာမများစွာက တစ်ခုတည်းအဖြစ် ပေါင်းစည်းနေသည်ကို ခံစားခဲ့ရသည်။ ၎င်းက ဖရိုဖရဲနိယာမဖြစ်နိုင်သည်။
" ဖရိုဖရဲနိယာမလား။ " လင်းယွမ်က စိတ်အားတက်ကြွလာသည်။
ယခုအချိန်ထိ လင်းယွမ်က အလွှာဆယ့်တစ်တွင် ဖရိုဖရဲနိယာမကို နားလည်ရန် မသေချာခဲ့ပေ။ အကြောင်းမှာ ဖရိုဖရဲနိယာမကို နားလည်ရန် ဦးတည်ချက်ပင် မရှိခဲ့ပေ။ လင်းယွမ်လုပ်ဆောင်နိုင်သည်မှာ နိယာမများကို တတ်နိုင်သမျှ နားလည်ရန်ဖြစ်သည်။
သို့သော် ပြီးခဲ့သော ခဏလေးတွင် လင်းယွမ်က အရာအားလုံး ဖရိုဖရဲသို့ ပြန်လည်ရောက်ရှိသွားသည်ကို ခံစားမိခဲ့သည်။