← Chapters

လင်းယွမ်ကို လုပ်ကြံခြင်း...

Vol. 48 Ch. 717

လင်းယွမ်ကို လုပ်ကြံခြင်း...

Vol. 48 Ch. 717

" နတ်ဆိုးချောက်နက်... " လင်းယွမ်က အနက်ရောင်လမ်းကြောင်းကို ကြည့်လိုက်သည်။ သူ၏ အတွေးတစ်ချက်နှင့် လမ်းကြောင်းပတ်လည်ရှိ အချိန်လေဟာနယ်က ပြိုကွဲသွားပြီး နတ်ဆိုးလမ်းကြောင်းကလည်း ပျောက်ကွယ်သွားသည်။

" ငါ အချိန်လေဟာနယ်ပေါင်းစပ်နိယာမရဲ့ သတ္တမအဆင့်ကို ရောက်ရင် နတ်ဆိုးချောက်နက်ကို သွားနိုင်လောက်တယ်။ " လင်းယွမ်က တွေးလိုက်သည်။

နတ်ဆိုးချောက်နက်တွင် နတ်ဆိုးဘိုးဘေး ရှိနေလျှင်တောင် အချိန်လေဟာနယ်ပေါင်းစပ်နိယာမ၏ သတ္တမအဆင့်တွင် လင်းယွမ်က သူ၏ အသက်ကိုကာကွယ်ရန် ယုံကြည်မှုရှိသည်။

ခဏကြာသောအခါ နတ်ဆိုးလမ်းကြောင်းက လုံးဝပျောက်ကွယ်သွားပြီး လင်းယွမ်ကလည်း ထွက်ခွာသွားသည်။ နတ်ဆိုးလမ်းကြောင်းပျောက်ကွယ်သွားခြင်းက တစ်ဖက်မှ နတ်ဆိုးများအတွက်ပင် ပုံမှန်သာဖြစ်သည်။ လမ်းကြောင်းတစ်ခု ပျောက်ကွယ်သွားလျှင် သူတို့က နောက်ထပ် လမ်းကြောင်းတစ်ခုမှ သွားမည်ဖြစ်သည်။

ဆယ်နှစ်ကြာပြီးနောက်....

သားရဲဝတ်ရုံနှင့်လူက ယခုအခါ ရွှေအင်မော်တယ်အဆင့်တစ်ယောက်ပုံစံ ဟန်ဆောင်ထားပြီး ဖေးရှန်းခန်းမရှေ့တွင် ပေါ်လာသည်။

" အဲ့ဒီနေရာက ယွင်ကျန်းဇီရဲ့ ကျင့်ကြံခြင်းနေရာဖြစ်လောက်တယ်။ " သူက ကျင့်ကြံခြင်းနေရာတစ်ခုကို ကြည့်လိုက်သည်။

အင်မော်တယ်နယ်မြေ ၃၃ခုက ကျယ်ပြန့်လှသည်။ ပိုင်ကျိုးအင်မော်တယ်နယ်မြေက ရွှမ်ထျန်းအင်မော်တယ်နယ်မြေနှင့် နယ်မြေချင်းထိစပ်နေသော်လည်း သားရဲဝတ်ရုံနှင့်လူက ကန်ဝူအင်မော်တယ်မြို့သို့ ရောက်ရှိရန် ဆယ်နှစ်အချိန်ယူခဲ့ရသည်။

" ဆယ်နှစ်တောင်ကြာသွားပြီ။ ယွင်ကျန်းဇီက သူ့ကိုကာကွယ်ဖို့ ကျောက်စိမ်းအင်မော်တယ်တွေ မငှားထားသေးဘူးလား။ " သားရဲဝတ်ရုံနှင့်လူ၏ မျက်လုံးများက လင်းလက်သွားသည်။

ဆယ်နှစ်အတွင်း သူက ယွင်ကျန်းဇီ၏ အချက်အလက်များကို စုံစမ်းခဲ့သော်လည်း ကျောက်စိမ်းအင်မော်တယ်များ ငှားရမ်းထားသည်ဟု တစ်ခုမှ မကြားခဲ့ပေ။

" အင်မော်တယ်မြို့တော်ရဲ့ မှော်အင်းကွက်တွေကို ယုံကြည်တာလား။ ဒါမှမဟုတ် ငှားထားတာကို ငါမသိတာလား။ " သူက ဆက်လက်စဉ်းစားမနေတော့ပေ။

ယွင်ကျန်းဇီက ထိပ်တန်း ကျောက်စိမ်းအင်မော်တယ်ကို ငှားရမ်းထားလျှင်တောင် သူက လှုပ်ရှားမည်ဖြစ်သည်။

" အင်မော်တယ်မြို့တော်ရဲ့ မှော်အင်းကွက်..." သားရဲဝတ်ရုံနှင့်လူက ကျင့်ကြံခြင်းနေရာရှေ့သို့ ရောက်လာပြီး ပြုံးလိုက်သည်။

သူ၏ ပုံရိပ်က ကောင်းကင်နှင့် မြေကြီးသို့ ပေါင်းစပ်သွားပြီး ထိုဧရိယာထဲသို့ ထိုးဖောက်ဝင်ရောက်သွားသည်။ သားရဲဝတ်ရုံနှင့် လူက ကျင့်ကြံခြင်းနေရာတစ်ခုပြီးတစ်ခု ဖြတ်ကျော်ပြီးနောက် လင်းယွမ်နေထိုင်ရာ နေရာသို့ ရောက်လာခဲ့သည်။

" ဒီယွင်ကျန်းဇီက အင်မော်တယ်မြို့တော်ရဲ့ အဆင့်မြင့်သူတွေနဲ့ နီးစပ်တဲ့ ဆက်ဆံရေးရှိရမယ်။ ဒီနေရာက မှော်အင်းကွု်က ဖိအားပိုများနေတယ်။ " သားရဲဝတ်ရုံနှင့် လူက အနည်းငယ် လေးနက်သွား၏။ " ဒါပေမယ့် အဲ့ဒါက သိပ်အရေးမကြီးဘူး။ "

သူက အချိန်လေဟာနယ်တွင် ကျွမ်းကျင်ပြီး အင်မော်တယ်မြို့တော်၏ မှော်အင်းကွက်များကို လျစ်လျူရှုနိုင်လုနီးပါး ဖြစ်သည်။ အချိန်လေဟာနယ်ကို ကျွမ်းကျင်ခြင်းဖြင့် မှော်အင်းကွက်အများစုက အဓိပ္ပါယ်မရှိတော့ပေ။

" အချိန်လေဟာနယ်။ " သားရဲဝတ်ရုံနှင့်လူက ပျောက်ကွယ်သွားသည်။

" ယွင်ကျန်းဇီက ကျင့်ကြံခြင်းနယ်မြေမှာ ရှိလောက်တယ်။ " သူက ကျင့်ကြံခြင်းနယ်မြေရှိရာသို့ ချက်ချင်း ဦးတည်သွားသည်။

ဝှစ်.....

သားရဲဝတ်ရုံနှင့်လူက အဓိက နယ်မြေထဲသို့ ဝင်ရောက်လိုက်သည်နှင့် သူ၏ ရှေ့မှ ကမ္ဘာကြီးက ပြောင်းလဲသွားသည်ကို တွေ့လိုက်ရသည်။ ၎င်းက အဆုံးမရှိသော အချိန်လေဟာနယ်အလွှာများစွာရှိသည့် နယ်ပယ်တစ်ခုဖြစ်ပြီး ၎င်းက အဆုံးကို မမြင်နိုင်ရလောက်သည်အထိ ကြီးမားလှသည်။

" ဒါကဘာလဲ။ " သားရဲဝတ်ရုံနှင့်လူက ပတ်ဝန်းကျင်ကို အကြိမ်ကြိမ် ကြည့်ရှုနေသည်။

ထိုအခိုက်အတန့်တွင် သူကမဖြစ်နိုင်သော အတွေးတစ်ခုကို တွေးလိုက်မိသည်။ သူလမ်းပျောက်သွားတာလား။

" ဒါဘယ်နေရာလဲ။ " သားရဲဝတ်ရုံနှင့်လူက အနည်းငယ် စိတ်ရှုပ်ထွေးနေသည်။

သူက ယွင်ကျန်းဇီ၏ ကျင့်ကြံခြင်းနယ်မြေသို့ ဝင်ရောက်ခဲ့ခြင်းဖြစ်သော်လည်း ယခု ပတ်ပတ်လည်တွင် ကောင်းကင်နှင့် မြေကြီးသာဖြစ်သည်။ သူ၏ ပထမဆုံးအတွေးမှာ ပုံရိပ်ယောင်အစီအရင်ထဲသို့ ကျရောက်သွားခြင်းဖြစ်သည်။ သို့သော် သူက ထိုအတွေးကို ချက်ချင်း စွန့်လွှတ်လိုက်သည်။ ပုံရိပ်ယောင်အစီအရင်က လှည့်စားမှုတစ်ခုသာဖြစ်သည်။ သို့သော် သူက အချိန်လေဟာနယ်ကို ကျွမ်းကျင်သော သူ့အတွက် ၎င်းက လှည့်စားမှုတစ်ခု မဟုတ်သည်မှာ သေချာနေသည်။

" ကမ္ဘာငယ်.... ဒါက ထိပ်တန်း ကျောက်စိမ်းအင်မော်တယ်တစ်ပါး ဖန်တီးထားတဲ့ ကမ္ဘာငယ်ပဲ...." သားရဲဝတ်ရုံနှင့်လူက တစ်စုံတစ်ခုကို သတိရသွားသည်။

ထိပ်တန်းကျောက်စိမ်းအင်မော်တယ်များက အချိန်လေဟာနယ်ကို နက်ရှိုင်းစွာ နားလည်ပြီးသောအခါ သူတို့ကျင့်ကြံချိန်တွင် ပတ်ဝန်းကျင်ကို သက်ရောက်မှုရှိနိုင်သည်။ အချိန်လေဟာနယ်ဝင်္ကဘာနှင့် ဆင်တူသော ဖြစ်စဉ်များ ဖြစ်ပေါ်လာပြီး ၎င်းကို ကမ္ဘာငယ်ဟုခေါ်သည်။

သို့သော် သူ၏ အသိပညာများအရ အင်မော်တယ်ဘိုးဘေး၏ တိုက်ရိုက်တပည့်များ နှစ်ပေါင်းများစွာ ကျင့်ကြံနေချိန်တွင် ဖြစ်ပေါ်လာသော ကမ္ဘာငယ်များပင် မိုင်ထောင်ဂဏန်းမှ မိုင်သောဂဏန်းအတွင်းသာ ရှိသည်။ ယခုကမ္ဘာငယ်က ကျယ်ပြန့်ပြီး အဆုံးမရှိလှပေ။

" ဒီလိုကမ္ဘာငယ်မျိုးကို ဘယ်လိုတည်ရှိမှုမျိုးက ဖန်တီးနိုင်တာလဲ။ " သားရဲဝတ်ရုံနှင့် လူက စိတ်ထဲတွင် တုန်လှုပ်သွားသည်။

ကမ္ဘာ၏ အရွယ်အစားကို သတ်မှတ်ထားသော စံနှုန်းမထားမရှိသော်လည်း ၎င်းက ဖန်တီးသူ၏ အချိန်လေဟာနယ်အပေါ် နားလည်မှုကို ဖော်ပြနေသည်။

ဝုန်း....

သားရဲဝတ်ရုံနှင့်လူက မတုန်ပြန်နိုင်မီ သူ၏ ပတ်ဝန်းကျင်ရှိ အချိန်လေဟာနယ်က လှိုင်းထန်လာပြီး သူက ပင်လယ်အောက်သို့ နစ်မြှုပ်သွားသည်။

" ဒါက ဘယ်နှစ်ယောက်မြောက်လဲ။ " ကျင့်ကြံခြင်းနယ်မြေ၏ ဗဟိုတွင် လင်းယွမ်က မျက်လုံးများဖွင့်လိုက်ပြီး သာသရဲဝတ်ရုံနှင့်လူထံမှ ရရှိသော ပစ္စည်းများက သူ၏ ရှေ့တွင် ပေါ်လာသည်။

လွန်ခဲ့သော ဆယ်နှစ်မှ သူ၏ ဆေးပညာကို ထုတ်ဖော်ပြီးချိန်တွင် ကျောက်စိမ်းအင်မော်တယ်အချို့က သူ၏ နယ်မြေသို့ လျို့ဝှက်ဝင်ရောက်လာလေ့ရှိသည်။ သူတို့က ထိပ်တန်း ဆေးပညာရှင်တစ်ယောက်ကို သတ်ပြီး အရင်းအမြစ်များစွာကို ရရှိရန် ဖြစ်သည်။ သို့သော် သူတို့က လင်းယွမ်ကျင့်ကြံနေချိန်တွင် ဖြစ်ပေါ်လာသော အချိန်လေဟာနယ်ဝင်္ကဘာကို ခုခံနိုင်စွမ်းမရှိဘဲ သေဆုံးသွားကြသည်။ သူတို့က လင်းယွမ်အတွက် အကျိုးအမြတ်များ ဖြစ်လာကြသည်။

" ဒါက ဆေးဖော်စပ်တာထက်တောင် ပိုပြီး ထိရောက်တယ်။ " လင်းယွမ်က စိတ်ထဲမှ တွေးလိုက်သည်။

ကျောက်စိမ်းအင်မော်တယ်များက တစ်ယောက်ပြီးတစ်ယောက် လာနိုင်သော်လည်း အချိန်ကြာလာသည်နှင့်အမျှ လင်းယွမ်က မထိုက်ခိုက်ဘဲ ကျန်ရှိနေလျှင် လင်းယွမ်ကို လုပ်ကြံရန် ကြံစည်နေသော ကျောက်စိမ်းအင်မော်တယ်များက တစ်စုံတစ်ခုမှားယွင်းနေကြောင့် ရိပ်မိလာကြပေလိမ့်မည်။

ဖေးရှန်းခန်းမထဲတွင် ခန်းမသခင်၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားပြီး လင်းယွမ်နေထိုင်ရာ ကျင့်ကြံခြင်းနယ်မြေသို့ ကြည့်လိုက်သည်။

" သခင်ယွင်ကျန်းဇီရဲ့ နေရာကို နောက်ထပ် ကျောက်စိမ်းအင်မော်တယ်တစ်ယောက် ကျူးကျော်လာပြန်ပြီလား။ " ဖေးရှန်းခန်းမသခင်က ထိုအဖြစ်အပျက်နှင့် နေသားကျလုနီးပါးဖြစ်သည်။

ဖေးရှန်းခန်းမက ကန်ဝူအင်မော်တယ်မြို့တော်၏ အဓိကအဖွဲ့အစည်းတစ်ခုဖြစ်ပြီး ကျင့်ကြံခြင်းနေရာများ၏ မှော်အင်းကွက်များကို ထိန်းချုပ်ထားသည်။ ထို့အပြင် လင်းယွမ်နှင့် ပူးပေါင်းမှုကြောင့် ဖေးရှန်းခန်းမသခင်က လင်းယွမ်၏ ကျင့်ကြံခြင်းနေရာကို အာရုံစိုက်ထားခဲ့သည်မှာ ကြာပြီဖြစ်သည်။

လင်းယွမ်၏ ကျင့်ကြံခြင်းနေရာကို တိတ်တဆိတ်ဝင်ရောက်လာခဲ့သော ကျောက်စိမ်းအင်မော်များက သူတို့ကိုသူတို့ လျို့ဝှက်သည်ဟု ယုံကြည်ထားကြသော်လည်း အများစုကို ဖေးရှန်းခန်းမသခင်က ကြိုတင်သိရှိခဲ့သည်။

ကျောက်စိမ်းအင်မော်တယ်တစ်ပါးက လင်းယွမ်၏ နေရာသို့ ဝင်ရောက်လာချိန်တွင် သူက စိုးရိမ်သွားခဲ့ပြီး မှော်အင်းကွက်များကို အသက်သွင်းကာ လင်းယွမ်၏ ကျင့်ကြံခြင်းနေရာသို့ လူကိုယ်တိုင်သွားရောက် စစ်ဆေးခဲ့သည်။ သို့သော် လင်းယွမ်က ထိခိုက်မှုမရှိဘဲ ဝင်ပေါက်တွင် ပေါ်လာပြီး မည်သည့်ကျောက်စိမ်းအင်မော်တယ်မှ ဝင်ရောက်ခဲ့ခြင်းမရှိကြောင်း ပြောခဲ့သည်။

အစပိုင်းတွင် ဖေးရှန်းခန်းမသခင်က လင်းယွမ်ကို ခြိမ်းခြောက်ခံနေရသည်ဟု ယူဆခဲ့သော်လည်း အကြိမ်ကြိမ် ဆွေးနွေးပြီးနောက် အခြေအနေက အတူတူပင် ဖြစ်သည်။ နောက်ဆုံးတွင် သူက အကူအညီမဲ့စွာ ထွက်သွားရပြီး မှော်အင်းကွက်များက အမှားအယွင်းဖြစ်သွားသည်ဟုသာ ယူဆခဲ့သည်။

သို့သော် ဒုတိယ၊ တတိယ၊ စတုတ္ထ စသည်ဖြင့် အ​ကြိမ်ကြိမ်ဖြစ်ခဲ့သည်။ ဖေးရှန်းခန်းမသခင်က စိုးရိမ်နေခဲ့သော်လည်း မည်သည့်ရှာဖွေမှုမှ မပြုလုပ်ရသေးမီ လင်းယွမ်က ထိခိုက်မှုမရှိသည်ကို တွေ့ခဲ့ရသည်။ ၎င်းက မကြာခဏ ဖြစ်လာသောအခါ သူက တစ်စုံတစ်ခုမှားယွင်းနေသည်ကို ခံစားခဲ့ရသည်။

" သခင်ယွင်ကျန်းဇီက ဒီလောက်သိုသိုသိပ်သိပ် နေတတ်မယ်လို့ မထင်ထားဘူး။ " ဒုခန်းမသခင်ကလည်း ပြောလိုက်သည်။

တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်ဖြစ်လျှင် မှော်အင်းကွက်များက ပြဿနာရှိနိုင်သော်လည်း အကြိမ်များစွာ ဖြစ်ပွားပြီးနောက် ဒုခန်းမသခင်ပင် တစ်စုံတစ်ခုကို သဘောပေါက်သွားခဲ့သည်။

မှော်အင်းကွက်များသာ မှန်လျှင် ကျောက်စိမ်းအင်မော်တယ်များက လင်းယွမ်၏ နေရာသို့ အမှန်တကယ် ဝင်ရောက်ခဲ့ကြသည်။ သို့သော် အဆုံးတွင် လင်းယွမ်က ထိခိုက်မှုမရှိဘဲ ကျန်နေခဲ့သည်။ အတိအကျဘာဖြစ်ခဲ့သည်ကို မသိသော်လည်း သူတို့က ရလဒ်မှ အခြေအနေကို ခန့်မှန်းနိုင်လေသည်။

ကျင့်ကြံခြင်းနေရာသို့ ဝင်ရောက်လာခဲ့သော ကျောက်စိမ်းအင်မော်တယ်အားလုံးက ခြွင်းချက်မရှိ လင်းယွမ်၏ လက်ထဲတွင် ကျဆုံးခဲ့သည်။ အစမှ ယခုအချိန်ထိ ကျောက်စိမ်းအင်မော်တယ်များက အဝင်သာရှိပြီး ထွက်သွားနိုင်ခြင်းမရှိကြပေ။

" ကျောက်စိမ်းအင်မော်တယ်တွေအများကြီး သခင်ယွင်ကျန်းဇီရဲ့ နေရာမှာ သေဆုံးသွားခဲ့ကြတယ်။ " ဖေးရှန်းခန်းမသခင်က တွေးလိုက်သည်။ " သခင်ယွင်ကျန်းဇီက တကယ်ခန့်မှန်းရခက်တဲ့သူပဲ။ "

ပုံမှန်အားဖြင့် ကျောက်စိမ်းအင်မော်တယ်များ၏ တိုက်ပွဲက ဖျက်ဆီးမှုများသာမက အနည်းဆုံး ကြီးမားသော သက်ရောက်မှုများကို ဖြစ်ပေါ်စေနိုင်သည်။ သို့သော် လင်းယွမ်၏ နေရာတွင် မည်သည့်လှုပ်ရှားမှုမှမရှိခဲ့ပေ။ ခိုးဝင်လာသော ကျောက်စိမ်းအင်မော်တယ်များက အစကတည်းက မပေါ်လာဖူးသကဲ့သို့ ခြေရာလက်ရာမကျန် ပျောက်ကွယ်သွားကြသည်။

All Chapters