နတ်ဆိုးဧကရာဇ်ခြောက်ပါး....
Vol. 48 Ch. 719
ကန်ဝူအင်မော်တယ်မြို့တော်သို့ နတ်ဆိုးများ ဦးတည်လာနေခြင်းက ထိပ်တန်းလျို့ဝှက်ချက်တစ်ခုဖြစ်သည်။ အကယ်၍ သတင်းပေါက်ကြားသွားလျှင် မြို့တော်မှ အင်မော်တယ်ကျင့်ကြံသူများ ထွက်ပြေးတိမ်းရှောင်သွားနိုင်လေသည်။
ဖေးရှန်းခန်းမသခင်က လင်းယွမ်ကို လူကိုယ်တိုင်သာ အသိပေးချင်သည်။ သူ၏ ရှေ့မှ အစေခံကို ပြောလိုက်လျှင် သတင်းက ပေါက်ကြားသွားနိုင်လေသည်။
" သခင်ယွင်ကျန်းဇီထွက်လာရင် ငါ့ကို အသိပေးပါ။ " ဖေးရှန်းခန်းမသခင်က လှည့်ထွက်သွားသည်။
ကန်ဝူအင်မော်တယ်မြို့တော်မှ မိုင်ပေါင်းများစွာ ဝေးကွာသော နေရာတွင် မရေတွက်နိုင်သော နတ်ဆိုးများက စုစည်းနေကြပြီး ကြောက်စရာကောင်းသော နတ်ဆိုးချီများက ပြည့်နှက်လာသောကြောင့် နတ်ဆိုးချောက်နက်အဖြစ် ပြောင်းလဲလာသည်။
နတ်ဆိုးများကြားတွင် ကြီးမားသော ပုံရိပ်ခြောက်ခုက ထင်ရှားစွာ ရပ်နေကြပြီး မရေတွက်နိုင်သော နတ်ဆိုးများက ထိုပုံရိပ်ခြောက်ခုကို ကိုးကွယ်နေကြသည်။ နတ်ဆိုးအားလုံးနီးပါးက ဉာဏ်ရည်နိမ့်ကြပြီး အခြေခံအားဖြင့် ဗီဇအလျောက်သာ လှုပ်ရှားကြသည်။
သို့သော် မရေတွက်နိုင်သော နတ်ဆိုးများထဲတွင် နတ်ဆိုးဧကရာဇ်များ မွေးဖွားလာနိုင်ခြေရှိသည်။ နတ်ဆိုးဧကရာဇ်များက မရေတွက်နိုင်သော နတ်ဆိုးများကို ဝါးမျိုပြီး နတ်ဆိုးချောက်နက်၏ အနှစ်သာရ တစ်စိတ်တစ်ပိုင်းကို စုစည်းမိပြီး အသိဉာဏ်ကို ပိုင်ဆိုင်ကြသည်။
အချို့သော အကြောင်းရင်းများကြောင့် နတ်ဆိုးဧကရာဇ်များက နတ်ဆိုးဘိုးဘေး၏ ကိုယ်ပွားများနှင့် ဆင်တူပြီး သူတို့က အခြားနတ်ဆိုးများကို အမိန့်ပေးနိုင်စွမ်းနှင့် ထိန်းချုပ်နိုင်စွမ်းရှိကြသည်။ မရေတွက်နိုင်သော နတ်ဆိုးများမှ မွေးဖွားလာသော နတ်ဆိုးဧကရာဇ်များက အလွန်ကြောက်စရာကောင်းသော ခွန်အားရှိကြသည်။
အတိတ်မှ အင်မော်တယ်နှင့်နတ်ဆိုး စစ်ပွဲများတွင် နတ်ဆိုးဧကရာဇ်များက တစ်ပါးသာ ထွက်ပေါ်လာလေ့ရှိသည်။ သို့သော် ယခုတစ်ကြိမ် စစ်ပွဲတွင် နတ်ဆိုးဧကရာဇ်အရေအတွက်က ယခင်စစ်ပွဲများအားလုံးထက် ကျော်လွန်ခဲ့ပြီး ၎င်းက ဆယ်စုနှစ်အချို့အတွင်း အင်မော်တယ်မြို့တော် သုံးခု ချိုးဖောက်ခံလိုက်ရသည့် အကြောင်းရင်းလည်း ဖြစ်သည်။
နတ်ဆိုးဧကရာဇ်တစ်ပါးက နတ်ဆိုးများစွာကို ဦးဆောင်ပြီး မြို့တော်၏ အပြင်ဘက်တွင်သာ ဖျက်ဆီးနိုင်ပြီး မြို့တော်ကို မထိုးဖောက်နိုင်ပေ။ သို့သော် နတ်ဆိုးဧကရာဇ် သုံးပါး သို့မဟုတ် ငါးပါး ဖြစ်လျှင် အင်မော်တယ်မြို့တော်ကို ချိုးဖောက်နိုင်ရန် အခွင့်အရေးများလှသည်။
" ကန်ဝူအင်မော်တယ်မြို့တော်.... ဒီလိုအရသာရှိတဲ့အစားအစာတွေ...." နတ်ဆိုးဧကရာဇ်များက ကန်ဝူအင်မော်တယ်မြို့တော်၏ တည်နေရာကို ကြည့်လိုက်ကြသည်။
သာမန်နတ်ဆိုးများအတွက် ကပ်ဘေးကျော်လွှားခြင်းအဆင့် သို့မဟုတ် မဟာယနအဆင့် ကျင့်ကြံသူများက အရသာရှိလှသော်လည်း နတ်ဆိုးဧကရာဇ်များက ရွှေအင်မော်တယ်များကိုပင် အလေးအနက်မထားကြပေ။
နတ်ဆိုးဧကရာဇ်များက ကျောက်စိမ်းအင်မော်တယ်များကို စားသောက်ရန် အလိုရှိဆုံးဖြစ်ပြီး ကျောက်စိမ်းအင်မော်တယ်များ ပို၍ သန်မာလေ နတ်ဆိုးဧကရာတ်များအတွက် ပို၍ အကျိုးရှိလေဖြစ်သည်။
သို့သော် ကံမကောင်းစွာဖြင့် ကျောက်စိမ်းအင်မော်တယ်များက ရှားပါးလှသည်။ ကျောက်စိမ်းအင်မော်တယ်အများစုက အင်မော်တယ်မြို့တော်များတွင် စုစည်းနေကြသောကြောင့် နတ်ဆိုးဧကရာဇ်များက အင်မော်တယ်မြို့တော်များကို ချိုးဖောက်ရန် ပူးပေါင်းခဲ့ကြသည်။
" ငါတို့ အခုစုဆောင်းထားတဲ့အင်အားက လုံလောက်လုနီးပါးဖြစ်နေပြီ။ ငါတို့အင်မော်တယ်မြို့တော်ကို တိုက်ခိုက်ကြစို့။ " ဦးဆောင်သူ နတ်ဆိုးဧကရာဇ်က ပြောလိုက်သည်။
နတ်ဆိုးဧကရာဇ်များက အသိဉာဏ်ရှိကြပြီး ကန်ဝူအင်မော်တယ်မြို့တော်ကို ချိုးဖောက်ရန် မသေချာမီ လှုပ်ရှားကြခြင်းမရှိဘဲ စုစည်းထားသော အင်အားက ကန်ဝူအင်မော်တယ်မြို့တော်ကို ပြတ်သားစွာ ချိုးဖောက်နိုင်သည်အထိ စိတ်ရှည်စွာ စောင့်ဆိုင်းနေခဲ့ကြသည်။
" ဒီတစ်ကြိမ် ကန်ဝူအင်မော်တယ်မြို့တော်ကို ချိုးဖောက်နိုင်ရင် ငါ ကျောက်စိမ်းအင်မော်တယ် အနည်းဆုံး နှစ်ဆယ်ကို စားချင်တယ်။ " ညာဘက်မှ နတ်ဆိုးဧကရာဇ်က နတ်ဆိုးများကို စားသောက်နေရင်း ပြောလိုက်သည်။
နတ်ဆိုးများကို စားသုံးခြင်းနှင့် အင်မော်တယ်ကျင့်ကြံသူများကို စားသုံးခြင်းက မတူပေ။ နတ်ဆိုးဧကရာဇ်များအတွက် နတ်ဆိုးများကို စားသုံးခြင်းက ကုသခြင်းတစ်မျိုးသာဖြစ်သည်။ သို့သော် အင်မော်တယ်ကျင့်ကြံသူများကို စားသုံးခြင်းက သူတို့၏ ခွန်အားများအပြင် ကဏ္ဍအများစုကို တိုးတက်စေသည်။
" အင်မော်တယ်အယောက်နှစ်ဆယ်လား။ " ဘယ်ဘက်မှ နတ်ဆိုးဧကရာဇ်က ပြောလိုက်သည်။ " ငါလည်း ကျောက်စိမ်းအင်မော်တယ်အယောက်နှစ်ဆယ်ကို လိုချင်တယ်။ "
" သာမန်ကျောက်စိမ်းအင်မော်တယ်တွေအားလုံးက မင်းတို့အတွက်ပဲ။ ဒါပေမယ့် ထိပ်တန်းကျောက်စိမ်းအင်မော်တယ်တွေကတော့ ငါ့အတွက်ပဲ။ " ခေါင်းဆောင် နတ်ဆိုးဧကရာဇ်က ပြောလိုက်သည်။
နတ်ဆိုးဧကရာဇ်ခြောက်ပါး၏ ဦးဆောင်မှုအောက်တွင် အဆုံးမရှိလုနီးပါးဖြစ်နေသော နတ်ဆိုးများက ကန်ဝူအင်မော်တယ်မြို့တော်၏ အပြင်ဘက်သို့ ရောက်ရှိလာသည်။ ဆိုးယုတ်သော နတ်ဆိုးချီများက လေထုထဲတွင် ပြည့်နှက်နေပြီး ကန်ဝူအင်မော်တယ်မြို့တော်မှ အင်မော်တယ်ကျင့်ကြံသူများက ဆိုးရွားသော အခြေအနေကို ရင်ဆိုင်ရတော့မည်ဖြစ်သည်။
" နတ်ဆိုးတွေ ရောက်လာပြီလား။ "
" ငါတို့ ဘာလုပ်ကြမလဲ။ အဲ့ဒီနတ်ဆိုးတွေက အင်မော်တယ်မြို့တော် သုံခုကို ချိုးဖောက်ပြီးပြီလို့ ငါကြားတယ်။ "
" အပြင်ထွက်ပြီး ထွက်ပြေးကြမယ်။ "
" အပြင်ထွက်မယ်။ အင်မော်တယ်မြို့တော်ရဲ့ အကာအကွယ်နဲ့က အသက်ရှင်နိုင်ခြေရှိသေးတယ်။ ဒါပေမယ့် ထွက်ပြေးလို့ကတော့ အဲ့ဒီနတ်ဆိုးတွေက မင်းကို တစ်ခါတည်း စားပစ်လိမ့်မယ်။ "
အတွေ့အကြံကရှိသော အင်မော်တယ်ကျင့်ကြံသူများက အင်မော်တယ်မြို့တော်တွင် ပုန်းအောင်နေခြင်းက အသက်ရှင်ရန် တစ်ခုတည်းသော အခွင့်အရေးဖြစ်ကြောင်း နားလည်ကြလေသည်။
" တာအိုရောင်းရင်းတို့ နတ်ဆိုးတွေက မြို့အပြင်ဘက်မှာ ရောက်နေပြီ။ အဲ့ဒီနတ်ဆိုးတွေကို ခုခံကာကွယ်ဖို့အတွက် တာအိုရောင်းရင်းတို့အားလုံးရဲ့ စွမ်းအားကို လိုအပ်ပါတယ်။ " မြို့သခင်၏ အသံက အင်မော်တယ်ကျင့်ကြံသူများ၏ နားထဲသို့ ဝင်ရောက်လာသည်။ " အခုတာအိုရောင်းရင်းတို့ရဲ့ စွမ်းအားကို မြို့တော်ရဲ့ မြေပြင်ထဲကို ပို့လွှတ်ပေးကြပါ။ "
ကျောက်စိမ်းအင်မော်တယ်များစွာ တည်ဆောက်ခဲ့သော ကြီးများသည့် ကန်ဝူအင်မော်တယ်မြို့တော်က ကြီးမားသည့် အင်မော်တယ်လက်နက်တစ်ခုဖြစ်သည်။ ထိုအင်မော်တယ်လက်နက်ကို အသက်သွင်းရန် အင်မော်တယ်ကျင့်ကြံသူများစွာ၏ စွမ်းအားကို လိုအပ်ပြီး ထိုနည်းဖြင့်သာ ကန်ဝူအင်မော်တယ်မြို့တော်၏ စွမ်းအားကို အပြည့်အဝ ထုတ်လွှတ်နိုင်မည်ဖြစ်သည်။
နတ်ဆိုးဧကရာဇ်နျား၏ စွမ်းအားက ထိပ်တန်းကျောက်စိမ်းအင်မော်တယ်များထက် ကျော်လွန်ပြီး အဆုံးမရှိသော နတ်ဆိုးများနှင့် ပေါင်းစပ်ထားသည်။ သူတို့ကို ကိုင်တွယ်ရန် ကန်ဝူအင်မော်တယ်မြို့တော်၏ စွမ်းအားကို မှီခိုရမည်ဖြစ်သည်။
မြို့တော်ထဲမှ အင်မော်တယ်ကျင့်ကြံသူများက အခြေအနေကို နားလည်ပြီး သူတို့၏ စွမ်းအားများကို မြို့တော်၏ မြေကြီးထဲသို့ ပို့လွှတ်လိုက်ကြသည်။
ဝုန်း ဝုန်း ဝုန်း....
ကြီးမားသည့် ကန်ဝူအင်မော်တယ်မြို့တော်က အသက်ဝင်လာသကဲ့သို့ ကြောက်စရာကောင်းသော အလင်းတန်းများက အရပ်မျက်နှာအနှံ့ ပေါက်ကွဲထွက်လာသည်။ မြို့တော်အနီးမှ နတ်ဆိုးများက တုန့်ပြန်နိုင်ခြင်းမရှိဘဲ ချက်ချင်း ဖုန်မှုန့်များအဖြစ် ပြောင်းလဲသွားကြသည်။
" ဟမ့် အင်မော်တယ်မြို့တော်ရဲ့ စွမ်းအားကို ထပ်ပြီး အားကိုးနေပြန်ပြီ။ အရင်နည်းလမ်းဟောင်းကြီးပဲ။ "
အဆုံးမရှိသော နတ်ဆိုးများ၏ ကြားတွင် နတ်ဆိုးဧကရာဇ်ခြောက်ပါးက အေးစက်စွာကြည့်နေကြသည်။ သူတို့ပေါင်းစပ်ထားသော စွမ်းအားက ကန်ဝူအင်မော်တယ်မြို့တော်ကို ရင်ဆိုင်နိုင်ပြီး နှိမ်နင်းနိုင်သည့် အခြေအနေမျိုးဖြစ်သည်။
သို့သော် သူတို့၏ ဘေးကင်းမှုကို သေချာစေရန်အတွက် နတ်ဆိုးများကို အင်မော်တယ်မြို့တော်အနီးသို့ ချဉ်းကပ်စေခဲ့ခြင်းဖြစ်သည်။ သန်းပေါင်းများစွာသော နတ်ဆိုးများက သေဆုံးခဲ့သော်လည်း ကန်ဝူအင်မော်တယ်မြို့တော်၏ အခြေခံအုတ်မြစ် တစ်စိတ်တစ်ပိုင်းကို လျော့ကျစေခဲ့သည်။
" နတ်ဆိုးဧကရာဇ်တွေ ဘယ်မှာလဲ။ " မြို့အတွင်း၌ မြို့သခင်နှင့် အခြားခေါင်းဆောင်များက အနည်းငယ် စိုးရိမ်နေကြသည်။
မြို့တော်၏ အပြင်ဘက်တွင် နတ်ဆိုးများ စုစည်းနေခြင်းကြောင့် သူတို့ကို အမိန့်ပေးနေသော နတ်ဆိုးဧကရာဇ် ရှိပေလိမ့်မည်။ အင်မော်တယ်မြို့တော်၏ အမြင့်ဆုံးတိုက်ခိုက်မှုကို ထိုနတ်ဆိုးဧကရာဇ်အတွက် ချန်ထားခြင်းဖြစ်သည်။
နတ်ဆိုးဧကရာဇ်ကို သတ်ဖြတ်ခြင်း သို့မဟုတ် ဒဏ်ရာရရှိအောင် လုပ်နိုင်မှသာ နတ်ဆိုးများကို ခုခံနိုင်မည်ဖြစ်သည်။ မဟုတ်လျှင် နတ်ဆိုးဧကရာဇ်များက နတ်ဆိုးများကို အဆက်မပြတ် ဆင့်ခေါ်နေပေလိမ့်မည်။
အချိန်များကုန်လွန်လာသည်။ အဆုံးမရှိသော နတ်ဆိုးများ၏ တိုက်ခိုက်မှုများက ရပ်တန့်သွားခြင်းမရှိပေ။ အင်မော်တယ်မြို့တော်၏ မြို့သခင်နှင့် အခြားခေါင်းဆောင်များက စိတ်ပျက်လာကြသည်။
ထိုအချိန်တွင် နတ်ဆိုးချီများက အင်မော်တယ်မြို့တော်အနီးသို့ ချဉ်းကပ်လာပြီး နတ်ဆိုးဧကရာဇ်ခြောက်ပါး ပေါ်ဘာသည်။ သူတို့က ရုတ်တရက် ရပ်ပြီး သူ၏ ညာလက်များကို မြှောက်၍ ဖိချလိုက်သည်။
" မကောင်းတော့ဘူး။ " မြို့သခင်နှင့် အခြားသူများ၏ အမူအရာများက ပြောင်းလဲသွားကြသည်။
" နတ်ဆိုးဧကရာဇ် ခြောက်ပါး... တကယ်နတ်ဆိုးဧကရာဇ်ခြောက်ပါးတောင်ရှိတာပဲ။ "
နတ်ဆိုးဧကရာဇ် ခြောက်ပါးက အမှောင်ထဲတွင် ပုန်းအောင်းနေခဲ့ကြပြီး အဆုံးမရှိသော နတ်ဆိုးများကို အသုံးပြု၍ အင်မော်တယ်မြို့တော်၏ စွမ်းအားကို လျော့နည်းစေခဲ့သည်။ နောက်ဆုံးအချိန်မှသာ သူတို့က ဝင်ရောက်တိုက်ခိုက်ခဲ့ကြသည်။
" ပြီးသွားပြီ။ " အင်မော်တယ်မြို့တော်၏ မြို့သခင်က အလွန်စိတ်ပျက်သွားသည်။
နတ်ဆိုးဧကရာဇ် ခြောက်ပါးက ကန်ဝူအင်မော်တယ်မြို့တော်ကို ထိခိုက်မှုမရှိဘဲ ရယူလိုခြင်းကြောင့် သူတို့၏ စွမ်းအားအကုန်ထုတ်မသုံးခဲ့ခြင်းဖြစ်နိုင်ပြီး မဟုတ်လျှင် ကန်ဝူအင်မော်တယ်မြို့တော်က ချိုးဖောက်ခံရသည်မှာ ကြာပြီဖြစ်သည်။
" နတ်ဆိုးတွေ မြို့ထဲဝင်လာပြီ။ " မြို့သခင်က အောက်သို့ ငုံ့ကြည့်လိုက်ပြီး နတ်ဆိုးချီများ မြို့ရိုးတစ်လျှေက်ပျံ့နှံ့လာသည်ကို မြင်လိုက်ရသည်။
" နတ်ဆိုးတွေ ဝင်လာပြီ ပြေးကြ။ "
" ပြေးရမယ်။ ဘယ်ကို ပြေးမှာလဲ။ အပြင်ဘက်မှ နတ်ဆိုးတွေရှိတယ်။ အုခသူတို့က အထဲကို ဝင်လာတာ ငါတို့ဘယ်ကို ပြေးနိုင်မှာလဲ။ "
" မပြေးနိုင်မှတော့ အဲ့ဒီနတ်ဆိုးတွေကို တိုက်ခိုက်ရအောင်။ "
အင်မော်တယ်မြို့တော်အတွင်း လုံးဝရှုပ်ထွေးလာပြီး အင်မော်တယ်ကျင့်ကြံသူအချို့က ထိတ်လန့်စွာ ထွက်ပြေးနေကြသည်။