လင်းယွမ်၏ ဒေါသ....
Vol. 48 Ch. 720
ကျင့်ကြံခြင်းနေရာတွင် ယွင်ကျန်းဇီက မှော်အင်းကွက်မှတစ်ဆင့် အင်မော်တယ်မြို့တော်၏ အခြေအနေကို လေ့လာနေခဲ့သည်။
" အင်မော်တယ်မြို့တော်က ပျက်ဆီးတော့မှာလား။ " ယွင်ကျန်းဇီက နတ်ဆိုးဧကရာဇ်ခြောက်ပါးနှင့် နတ်ဆိုးများရှိရာသို့ ကြည့်လိုက်သည်။
" သခင်ကို အမြန်သတိပေးရမယ်။ "
နတ်ဆိုးဧကရာဇ်ခြောက်ပါး ပေါ်မလာမီ ကန်ဝူအင်မော်တယ်မြို့တော်က ချဉ်းကပ်လာသော နတ်ဆိုးမှန်သမျှကို သတ်ဖြတ်ပြီး အသာစီးရနေခဲ့သည်။ နတ်ဆိုးဧကရာဇ်ခြောက်ပါး လှုပ်ရှားသည်နှင့် အခြေအနေက ပြောင်းပြန်ဖြစ်သွားပြီး ယွင်ကျန်းဇီကို ထိတ်လန့်သွားစေခဲ့သည်။
ကျင့်ကြံခြင်းနယ်မြေတွင် လင်းယွမ်က မျက်မှောင်ကြုတ်နေသည်။
" အင်မော်တယ်မြို့တော်က ချိုးဖောက်ခံရပြီလား။ " ယွင်ကျန်းဇီ၏ သတိပေးချက်ကို ရရှိပြီးနောက် လင်းယွမ်က မျက်လုံးများ ဖွင့်လိုက်သည်။ သူက အချိန်လေဟာနယ်ပေါင်းစပ်နိယာမ၏ သတ္တမအဆင့်နှင့် အလွန်နီးကပ်နေပြီကို ခံစားခဲ့ရပြီး အချိန်အနည်းငယ်ပေးပြီး လေ့လာရုံနှင့် အဆင့်တက်နိုင်တော့မည်ဖြစ်သည်။
" အခြေအနေက ဒီလောက်တောင် ဆိုးသွားပြီလား။ " လင်းယွမ်က ယွင်ကျန်းဇီဆီသို့ ရောက်လာပြီး မှော်အင်းကွက်မှတစ်ဆင့် အင်မော်တယ်မြို့တော်၏ အခြေအနေကို ကြည့်လိုက်သည်။
" အခု ကျွန်တော်တို့ ဘာလုပ်ကြမလဲ။ အပြင်မှာ နတ်ဆိုးဧကရာဇ်ခြောက်ပါး ရှိနေတယ်။ " ယွင်ကျန်းဇီ၏ အသံက တုန်ယင်နေသည်။ သူက အင်မော်တယ်နှင့် နတ်ဆိုးစစ်ပွဲကို တစ်ကြိမ်မကကြုံဖူးရုံသာမက နတ်ဆိုးဧကရာဇ်များက မည်မျှကြောက်စရာကောင်းသည်ကိုလည်း သိထားသည်။
" ဘာလုပ်ရမှာလဲ။ " လင်းယွမ်က စိတ်မကြည်မသာဖြစ်နေပြီး သူ၏ လက်ကို အထက်သို့ ဆန့်လိုက်သည်။
အဆုံးမရှိသော နတ်ဆိုးများအားလုံးက တည်ရှိမှုအားလုံး ဖျက်ဆီးခံလိုက်ရသကဲ့သို့ ခြေရာလက်ရာမရှိ ပျောက်ကွယ်သွားခဲ့သည်။ ကန်ဝူအင်မော်တယ်မြို့တော်၏ အပြင်ဘက်တွင် လုံးဝရှင်းလင်းသွားပြီး အရာအားလုံး တိတ်ဆိတ်သွားသည်။
ယွင်ကျန်းဇီ၏ ပါးစပ်က ပွင့်ဟသွားသည်။ ထိုအခိုက်အတန့်တွင် သူက လင်းယွမ်၏ လက်ထဲတွင် နတ်ဆိုးဧကရာဇ်ခြောက်ပါးကို ရှင်းလင်းစွာ မြင်တွေ့လိုက်ရသည်။ နတ်ဆိုးဧကရာဇ် ခြောက်ပါးက လင်းယွမ်လက်၏ ဆယ်ပုံတစ်ပုံပင်မရှိဘဲ လက်ချောင်းများကြားတွင် ပိတ်မိနေခဲ့သည်။
နတ်ဆိုးဧကရာဇ်များက အလွန်ထူးခြားပြီး သူတို့၏ စွမ်းအားက ကျောက်စိမ်းဧကရာဇ်များထက်ပင် ကျော်လွန်နေသည်။ သူတို့က နတ်ဆိုးဘိုးဘေး၏ နတ်ဆိုးချီများမှ ဖြစ်ပေါ်လာခြင်းဖြစ်ပြီး နတ်ဆိုးဘိုးဘေး၏ ကိုယ်ပွားများဟု ပြောနိုင်လေသည်။
ထို့ကြောင့် အင်မော်တယ်နှင့်နတ်ဆိုး စစ်ပွဲများတွင် အင်မော်တယ်ကျင့်ကြံသူများ အကြောက်ဆုံးမှာ နတ်ဆိုးဧကရာဇ်များ ဖြစ်ကြသည်။ သာမန်နတ်ဆိုးများက အဆုံးမရှိသော အရေအတွက်ဖြစ်လျှင်တောင် အင်မော်တယ်မြို့တော်၏ ကာကွယ်မှုကို ချိုးဖောက်နိုင်မည်မဟုတ်ပေ။ နတ်ဆိုးချောက်နက်သို့ သွားရာလမ်းကြောင်း ပျောက်ကွယ်သည်အထိ ခံနိုင်ရည်ရှိရုံသာဖြစ်သည်။
နတ်ဆိုးဧကရာဇ်များကို အင်မော်တယ်မြို့တော်နှင့် တိုက်ခိုက်လျှင်တောင် အများဆုံး ဒဏ်ရာအပြင်းအထန် ရရှိစေရုံသာဖြစ်ပြီး သတ်ဖြတ်နိုင်ရန် မျှော်လင့်ချက်မရှိသလောက်ဖြစ်သည်။ သို့သော် ယခု ထိုမျှကြောက်စရာကောင်းသော နတ်ဆိုးဧကရာဇ်များက လင်းယွမ်၏ လက်ချောင်းများကြားတွင် ရုန်းကန်နေကြသည်။
" သခင်..." ယွင်ကျန်းဇီက စိတ်ရှုပ်ထွေးနေပုံရသည်။
သူက လင်းယွမ်၏ စိတ်ဝိညာဉ်ကမ္ဘာထဲသို့ ဝင်ရောက်ခဲ့ချိန်တွင် စိတ်စွမ်းအားကို ကိုယ်စားပြုသော ကြီးမားသည့် ပုံရိပ်ကို မြင်တွေ့ပြီးနောက် လင်းယွမ်ကို တာအိုဘိုးဘေးဖြစ်နိုင်သည်ဟု ယုံကြည်ခဲ့သည်။ သို့သော် သူက ထိုအတွေးကို လျင်မြန်စွာ ပယ်ချခဲ့သည်။
နှစ်များတစ်လျှောက် လင်းယွမ်က ကြောက်စရာကောင်းသော ဆေးပညာနှင့် ထိပ်တန်းကျောက်စိမ်းအင်မော်တယ်များပင်မယှဉ်နိုင်သော နည်းလမ်းများကို ပြသခဲ့သော်လည်း သူ၏ အင်မော်တယ်ဘိုးဘေးကြားတွင် ကြီးမားသော ကွာဟမှု ရှိနေဆဲ ဖြစ်သည်။
ယခုမူ ယွင်ကျန်းဇီက တဖန်စိတ်ရှုပ်ထွေးသွားရပြန်သည်။ လက်တစ်ဖက်တည်းဖြင့် နတ်ဆိုးများစွာ ပြည့်နှက်နေသော ကောင်းကင်ကို ဖမ်းဆုပ်ခဲ့ပြီး ထိုထဲတွင် နတ်ဆိုးဧကရာဇ်များလည်း အပါအဝင်ဖြစ်သည်။ တာအိုဘိုးဘေးအဆင့်မှလွဲ၍ ဘယ်သူက ထိုသို့လုပ်နိုင်မည်နည်း။
ကျောက်စိမ်းအင်မော်တယ်များကလည်း အင်မော်တယ်မြို့တော်သာမရှိလျှင် နတ်ဆိုးဧကရာဇ်များ၏ အမြင်တွင် အရသာရှိသော အစားအစာများသာ ဖြစ်သည်။ နတ်ဆိုးချောက်နက် ထွက်ပေါ်လာသည့်အချိန်မှစ၍ ကျောက်စိမ်းအင်မော်တယ်တစ်ပါးတည်းနှင့် နတ်ဆိုးဧကရာဇ်တစ်ပါးကို အချိန်ကြာအောင် ယှဉ်ပြိုင်နိုင်ခြင်းမျိုးမရှိခဲ့ပေ။
" နတ်ဆိုးဧကရာဇ်တွေလား။ " လင်းယွမ်က သူ၏ ညာလက်ထဲမှ နတ်ဆိုးဧကရာဇ်ခြောက်ပါးကို ကြည့်လိုက်သည်။
အချိန်လေဟာနယ်ပေါင်းစပ်နိယာမ၏ သတ္တမအဆင့်သို့ ဝင်ရောက်တော့မည့်အခြေအနေတွင် ထိုနတ်ဆိုးဧကရာဇ်များ၏ နှောက်ယှက်ခြင်းကို ခံခဲ့ရသည့်အတွက် လင်းယွမ်က အနည်းငယ် ဒေါသထွက်သွားစေခဲ့သည်။ ထို့ကြောင့် သူက တိုက်ရိုက်လှုပ်ရှားခဲ့ခြင်းဖြစ်သည်။
လင်းယွမ်က အင်မော်တယ်ကမ္ဘာသို့ ပထမဆုံး ရောက်ရှိလာစဉ် အင်မော်တယ်ဘိုးဘေး သို့မဟုတ် နတ်ဆိုးဘိုးဘေးတို့၏ အာရုံစိုက်ခံရမည်ကို စိုးရိမ်သောကြောင့် အတတ်နိုင်ဆုံး လျို့ဝှက်နေထိုင်ခဲ့သည်။ သို့သော် ယခုအချိန်တွင် လင်းယွမ်က သည်းခံနိုင်ခြင်းမရှိတော့ပေ။
ယခုပင်လျှင် သူက အချိန်လေဟာနယ်ပေါင်းစပ်နိယာမ သတ္တမအဆင့်၏ အချို့ကဏ္ဍများကို ကျွမ်းကျင်ထားပြီဖြစ်သည်။ ဥပမာ နတ်ဆိုးဧကရာဇ်များကို လက်ဝါးတစ်ချက်တည်းဖြင့် ဖိနှိပ်ခြင်းက အကြွင်းမဲ့စွမ်းအားကြောင့်မဟုတ်ပေ။
လက်ရှိတွင် လင်းယွမ်၏ စိတ်စွမ်းအားမှလွဲ၍ ကဏ္ဍအားလုံးတွင် နတ်ဆိုးဧကရာဇ်များထက် ပို၍ သန်မာသည်ဟု မပြောနိုင်ပေ။ အဆုံးမရှိသော နတ်ဆိုးများနှင့် နတ်ဆိုးဧကရာဇ်များ လင်းယွမ်၏ လက်ဖဝါးထဲတွင် ရုန်းကန်နေရသည့် အကြောင်းရင်းမှာ အချိန်လေဟာနယ်ဖိနှိပ်မှုသာ ဖြစ်သည်။
လင်းယွမ်၏ အချိန်လေဟာနယ်ပေါင်းစပ်နိယာမအပေါ် နားလည်မှုနှင့် သူက အင်မော်တယ်ဘိုးဘေး သို့မဟုတ် နတ်ဆိုးဘိုးဘေးတို့ကို ရင်ဆိုင်ရလျှင်တောင် အလွယ်တကူ ကိုင်တွယ်နိုင်ပေလိမ့်မည်။ နောက်ဆုံးအခြေအနေတွင် ထိုက်ယန်မူလစိတ်ဝိညာဉ်ကို စွန့်လွှတ်ရုံသာရှိသည်။
မူလခန္ဓာကိုယ်က အချိန်လေဟာနယ်နှင့် ကြောင်းကျိုးနိယာမကို ခွဲခြားထားသော နေရာတွင် ရှိနေပြီး အလွှာဆယ့်နှစ် ကြီးမြတ်သူတစ်ယောက်ပင် ရှာဖွေနိုင်မည်မဟုတ်ပေ။
" ဒီနတ်ဆိုးဧကရာဇ်တွေက...." လင်းယွမ်က နတ်ဆိုးဧကရာဇ်ခြောက်ပါးကို စစ်ဆေးနေသည်။ သူက နတ်ဆိုးဧကရာဇ်များကို နိယာမနှင့် ဖိနှိပ်ထားသော်လည်း သူတို့ကို လျှော့မတွက်ပေ။
" ဒီခံစားချက်က...." လင်းယွမ်က မျက်မှောင်ကြုတ်သွား၏။ ထိုနတ်ဆိုးဧကရာဇ်များက အင်မော်တယ်ကျင့်ကြံခြင်းစနစ်ကို ကျင့်ကြံသူများနှင့် လုံးဝဆန့်ကျင်ဘက်ဖြစ်နေသည်။
" ဒါဘယ်နေရာလဲ။ "
" ဒီနေရာက ဘာလဲ။ " နတ်ဆိုးဧကရာဇ်ခြောက်ပါးက မတူညီသော ကမ္ဘာတစ်ခုသို့ ရုတ်တရက် ရောက်သွားချိန်တွင် အလွန်ထိတ်လန့်သွားကြသည်။ သူတို့က နတ်ဆိုးချောက်နက်တွင် မွေးဖွားလာကြပြီး နတ်ဆိုးဘိုးဘေးမှလွဲ၍ ထိုကဲ့သို့ ကြောက်ရွံ့မှုမျိုးကို တစ်ခါမှမကြုံဖူးပေ။
" ငါ နတ်ဆိုးချောက်နက်ကို ဘာလို့မခံစားရတော့တာလဲ။ "
" ဟုတ်တယ်။ ငါလည်း မခံစားရတော့ဘူး။ "
နတ်ဆိုးအင်မော်တယ်များက ဦးရေပြားများ ထုံကျဉ်သွားကြသည်။ အကြောင်းမှာ သူတို့က နတ်ဆိုးချောက်နက်ကို မခံစားရတော့ပေ။ နတ်ဆိုးဧကရာဇ်များက နတ်ဆိုးချောက်နက်၏ တည်ရှိမှုကို အမြဲတမ်း ခံစားနိုင်ပြီး အလိုရှိလျှင် နတ်ဆိုးချောက်နက်သို့ ချက်ချင်း ပြန်နိုင်ကြသည်။
သို့သော် ယခု သူတို့ရောက်နေသော နေရာက အင်မော်တယ်ကမ္ဘာကဲ့သို့ ကျယ်ပြောလှပြီး နတ်ဆိုးချောက်နက်ကလည်း ပျောက်ကွယ်သွားခဲ့သည်။ အမှန်တော့ နတ်ဆိုးချောက်နက်က ပျောက်ကွယ်သွားခြင်းမဟုတ်ဘဲ နတ်ဆိုးချောက်နက်၏ ဆည်ရှိမှုကို မခံစားနိုင်တော့ခြင်းဖြစ်သည်။
" သူတို့က အခု ငါ့အတွက် အသုံးမဝင်ဘူး။ " လင်းယွမ်က ခေါင်းခါပြီး သက်ပြင်းချလိုက်သည်။
ချက်ချင်းပင် လင်းယွမ်၏ လက်ဖဝါးထဲမှ အချိန်လေဟာနယ်က ပြိုကျလာပြီး နတ်ဆိုးများအားလုံးက ဖုန်မှုန့်များအဖြစ် ပျောက်ကွယ်သွားကြသည်။ နတ်ဆိုးဧကရာဇ်ခြောက်ပါးကလည်း ခဏသာ ခံနိုင်ရည်ရှိပြီး ပျောက်ကွယ်သွားကြသည်။
နတ်ဆိုးများအားလုံး ပျောက်ကွယ်သွားပြီး မူလစွမ်းအားကြောင့် နတ်ဆိုးချီအဖြစ် ပြောင်းလဲသွားသည်။ လင်းယွမ်က နတ်ဆိုးဘိုးဘေး၏ နတ်ဆိုးချီကို တစ်ခါတစ်ရံ လေ့လာမှုများ ပြုလုပ်နေခဲ့သည်။
နတ်ဆိုးဧကရာဇ်ခြောက်ပါး သေဆုံးသွားသောအခါ ကန်ဝူအင်မော်တယ်မြို့တော်မှ မိုင်သန်းပေါင်းများစွာ ဝေးကွာသောနေရာတွင် နတ်ဆိုးချီများစုစည်းပြီး ပုံရိပ်တစ်ခု ပေါ်လာသည်။ သို့သော် ပုံမှန်နတ်ဆိုးဧကရာဇ်တစ်ပါးနှင့်ယှဉ်လျှင် ထိုနတ်ဆိုးဧကရာဇ်က ပို၍ သေးငယ်သွားပြီး ၎င်း၏ အော်ရာက သာမန်ကျောက်စိမ်းအင်မော်တယ်အဆင့်သို့ ကျဆင်းသွားခဲ့သည်။
" ငါအသက်ရှင်ခဲ့တာလား။ " နတ်ဆိုးဧကရာဇ်က အလွန်ဝမ်းသာသွားသည်။
နတ်ဆိုးဧကရာဇ်များက အလွန်စွမ်းအားကြီးသူများဖြစ်ပြီး အသက်ရှင်ရန် နည်းလမ်းများကို ပြင်ဆင်ထားခြင်းမရှိခဲ့ပေ။ သို့သော် ထိုနတ်ဆိုးဧကရာဇ်က အလွန်သတိကြပြီး ကန်ဝူအင်မော်တယ်မြို့တော်ကို မတိုက်ခိုက်မီ သူ၏ စိတ်အသိတစ်ခုကို အခြားတစ်နေရာ၌ ဖုံးကွယ်ထားခဲ့သည်။ ယခု သူ၏ ရုပ်ခန္ဓာက ပျက်ဆီးသွားခဲ့သော်လည်း စိတ်အသိက ရှင်သန်နိုင်ခဲ့သည်။
" နတ်ဆိုးချောက်နက်..." နတ်ဆိုးဧကရာဇ်က တုန့်ဆိုင်းခြင်းမရှိဘဲ နတ်ဆိုးချောက်နက်သို့ ထွက်ပြေးရန် ကြိုးစားလိုက်သည်။ သူက အစမှအဆုံးထိ ဘယ်လိုသေဆုံးသွားလဲ၊ သူ့ကို ဘယ်သူက သတ်လိုက်လဲ မသိခဲ့ပေ။
သို့သော် နတ်ဆိုးဧကရာဇ်က အလွန်ကြောက်လန့်နေခဲ့သည်။ အကယ်၍ သူက ချက်ချင်း ထွက်မပြေးလျှင် အခွင့်အရေးလုံးဝ ရှိတော့မည်မဟုတ်ပေ။
နတ်ဆိုးချောက်နက်၏ ပုံရိပ်က ဆင်းသက်လာပြီး နတ်ဆိုးဧကရာဇ်ကို ဝါးမျိုရန် ကြိုးစားနေသော ပါးစပ်ကြီးတစ်ခုကဲ့သို့ ဖြစ်လာသည်။ သို့သော် ထိုခဏတွင် အချိန်လေဟာနယ်ဖြင့် ဖွဲ့စည်းထားသော လက်ကြီးတစ်ဖက် နတ်ဆိုးချောက်နက်၏ ရှေ့တွင် ထိုနတ်ဆိုးဧကရာဇ်ကို အတင်းအကျပ် ဆွဲယူသွားခဲ့သည်။ နတ်ဆိုးချောက်နက်၏ စွမ်းအားက လျင်မြန်စွာ ပျောက််ကွယ်သွားသည်။