အခန်း (၁၅၅၅-၁၅၅၇)
Vol. 112 Ch. 1555-1557
အခန်း(၁၅၅၅)
ဟန်မူယဲ့ထံသို့ အရှေ့ဆုံးမှ ဦးဆောင်လာနေသော အုပ်ချုပ်သူနတ်သားရဲက ခွန်ပန်ဖြစ်သည်။
ခွန်ပန်၏ အနောက်တွင် တခြားအုပ်ချုပ်သူပုံရိပ်များက တစ်ယောက်ပြီးတစ်ယောက် ထွက်ပေါ်လာကြသည်။
မိုးပြာရောင်နဂါးတစ်ကောင်က ကြီးမြတ်သော အရှိန်အဝါကို ထုတ်လွှတ်နေသည်။ ၎င်း၏ ကိုယ်ပေါ်မှ နဂါးအကြေးခွံအားလုံးက ရွှေရောင်တောက်ပနေသည်။
ဖီးနစ်တစ်ကောင်က နတ်ဘုရားမီးတောက်များ၏ ဖုံးလွှမ်းခံထားရသည်။ ၎င်း၏ အနောက်တွင် ရွှေရောင်အမြှီးဆယ့်သုံးချောင်းက လေထဲမှာ အဆုံးမဲ့စွာ လွင့်မျောနေကြသည်။
ရက်စက်ကြမ်းကြုတ်သော မိုးခေါင်မိစ္ဆာသားရဲအပြင် မီးခိုးရောင်နှင့် အဖြူရောင်ခန္ဓာကိုယ်ရှိပြီး ကျောပေါ်မှာ အတောင်ပံတစ်စုံရှိသော ပီရှူးတစ်ကောင်လည်း ပါဝင်သည်။
…..
၎င်းတို့က ခွန်ပန်နှင့် မဟာမိတ်ဖွဲ့ထားကြသော နတ်သားရဲမျိုးနွယ်စုများ ဖြစ်ကြသည်။ ၎င်းတို့က ကမ္ဘာဦးလောကနှင့် ရှေးဦးအပျက်အစီးကုန်းမြေကို ကာကွယ်ရန် ကျိန်ဆိုထားကြသူများ ဖြစ်သည်။
ဆန့်ကျင်ဘက်အရပ်တွင် ပိုမိုများပြားသော နတ်သားရဲများက ထွက်ပေါ်လာကြသည်။ ၎င်းတို့ထဲမှ မည်သူမဆို အုပ်ချုပ်သူအဆင့်မှာ ရှိကြသည်။
ကန်လန်းတစ်ကောင်က ပုံရိပ်ယောင်အရှိန်အဝါကို ထုတ်လွှတ်နေပြီး အပုပ်နံ့က ၎င်း၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်နေသည်။
ခေါင်းသုံးလုံး၊ လက်သည်းငါးခုနှင့် ခေါင်းပေါ်မှာ ဦးချိုတစ်ချောင်းရှိသော နဂါးတစ်ကောင်က ရက်စက်ကြမ်းကြုတ်သော စွမ်းအားအရှိန်အဝါကို ထုတ်လွှတ်နေသည်။
မြွေခေါင်းကိုးလုံးရှိသော နတ်သားရဲတစ်ကောင်က နေလုံးကို ဖုံးကွယ်နိုင်သော အတောင်ပံကြီးများကို ဖြန့်ကားထားသည်။
ဧရာမမြွေတစ်ကောင်က ရစ်ခွေနေပြီး ၎င်း၏ ပါးစပ်မှ တရှဲရှဲမြည်သံကို ထုတ်လွှတ်နေသည်။ ၎င်း၏ အမြှီးကို လှုပ်ယမ်းလိုက်သည့်အခါ မိုးမြေက တုန်ယင်သွားသည်။
…..
မည်သည့်အချက်ပေးမှုမှမရှိဘဲ ထိုနတ်သားရဲမျိုးနွယ်စုများနှင့် အုပ်ချုပ်သူနတ်သားရဲများက အပြန်အလှန် ထိပ်တိုက် တိုက်ခိုက်လိုက်ကြသည်။
အစွမ်းထက် အုပ်ချုပ်သူနတ်သားရဲဖြစ်သော ခွန်ပန်သည်ပင် နတ်သားရဲသုံးကောင်၏ ဝိုင်းရံခံထားရသည်။
“ ဗုန်း ”
မူလစွမ်းအားများ၏ ထိပ်တိုက် တွေ့ဆုံမှုက မိုးမြေကို လှုပ်ခါသွားစေသည်။
ဟန်မူယဲ့က ကောင်းကင်ပေါ်သို့ ပျံတတ်သွားသည့်အခါ နတ်သားရဲပုံရိပ်အများအပြားက သူ့နောက်သို့ လိုက်လာကြသည်။
ဟန်မူယဲ့က ကောင်းကင်ပေါ်မှ အမြင့်တစ်နေရာထိ ပျံသန်းသွားပြီး ရုတ်တရက် ရပ်လိုက်သည်။ ထို့နောက် သူက သွမ့်ဟူရေကန်ဆီသို့ ခေါင်းငုံ့ကြည့်လိုက်သည်။
သူ့အနောက်သို့ လိုက်လာကြသော အုပ်ချုပ်သူနတ်သားရဲများသည်လည်း ရပ်တန့်လိုက်ကြသည်။
“ ဂါး ”
သွမ့်ဟူရေကန်ထဲမှ ကျယ်လောင်သော ဟိန်းသံတစ်သံ ထွက်ပေါ်လာသည်။
ပေတစ်ရာရှည်လျားသော ဧရာမနတ်သားရဲတစ်ကောင်က သွေးစိုရွှဲနေလျက် ရေကန်၏ မျက်နှာပြင်ပေါ်မှာ ပေါလောပေါ်လာသည်။
ထို့နောက် ၎င်း၏ ခန္ဓာကိုယ်က ပေါက်ကွဲသွားပြီး သွေးမျိုးဆက်ကျောက်တုံးများအဖြစ် ပြောင်းလဲသွားသည်။
“ အဲ့ဒါတစ္ဆေရထားလုံးကလန်ပဲ ”
“ တစ္ဆေရထားလုံးကလန်ရဲ့ အစွမ်းထက်ပုဂ္ဂိုလ်တစ်ယောက်က အမဲလိုက်ခံရတာလား ”
“ ဟုတ်တယ်… အဲ့ဒါ လူသားမျိုးနွယ်ရဲ့ တိုက်ပွဲဝင်္ကပါပဲ ”
အံ့ဩသော စကားသံများက ဟင်းလင်းပြင်ထဲမှာ ထွက်ပေါ်လာသည်။
ရေကန်အောက်တွင် အလွန်အားကောင်းသော တိုက်ပွဲဝင်္ကပါတစ်ခုကို မြင်တွေ့နိုင်ပေသည်။ ရေလှိုင်းလုံးများ တအိအိလှုပ်ခတ်နေစဉ် တိုက်ပွဲဝင်္ကပါက တစ္ဆေရထားလုံးကလန်မှ နတ်သားရဲတစ်ရာကျော်ကို ဝိုင်းရံထားသည်။
“ အညံ့ခံမလား ဒါမှမဟုတ် အသတ်ခံမလား ”
အမိန့်ပေးသံက ထွက်ပေါ်လာသည်။
တိုက်ပွဲဝင်္ကပါထဲတွင် ရွှေရောင်စစ်ဗိုလ်ချုပ်ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။ သူက ဓားမော့ရှည်ကို ဝှေ့ယမ်းလျက် အရှေ့သို့ ဖြည်းညင်းစွာ လျှောက်လာသည်။ သူဖြတ်သန်းသွားသည့်နေရာတိုင်း ရေက နှစ်ခြမ်းကွဲသွားပြီး တစ္ဆေရထားလုံးနတ်သားရဲများက သုတ်သင်ခံလိုက်ကြရသည်။
သွေးမျိုးဆက်ကျောက်တုံးများက ရေကန်ထဲမှာ ပြန့်ကျဲသွားသည့်အခါ ရေက အနီရောင်သို့ ပြောင်းလဲသွားသည်။
“ ဗုန်း ”
အဝေးတစ်နေရာတွင် ရေက ပေါက်ကွဲသွားသည်။ အတောင်ပံပါသော နတ်သားရဲခုနစ်ကောင် ရှစ်ကောင်က ရေကန်၏ မျက်နှာပြင်ဆီသို့ အမြန်ပျံတတ်သွားကြပြီး ထွက်ပြေးရန် ကြိုးစားလိုက်ကြသည်။
သို့သော်လည်း ထိုနတ်သားရဲများ မလွတ်မြောက်နိုင်မီ ရေကန်၏ မျက်နှာပြင်နှင့် ပေတစ်ရာသာ ဝေးကွာတော့သည့်အချိန် ဓားအလင်းတန်းနှစ်ခုက ပေါ်လျှိုးလာပြီး ၎င်းတို့ကို သတ်ဖြတ်လိုက်သည်။
“ သတ် ”
နတ်သားရဲများ၏ ခန္ဓာကိုယ်က အပိုင်းပိုင်း ဖြတ်တောက်ခံလိုက်ရပြီး သွေးမျိုးဆက်ကျောက်တုံးများအဖြစ် ပြောင်းလဲသွားသည်။
မျက်စိတစ်မှိတ်အတွင်းမှာ သွေးမျိုးဆက်ကျောက်တုံးများက ရေကန်၏ ကြမ်းပြင်ပေါ်သို့ မရပ်မနား ပြုတ်ကျလာကြသည်။ ယင်းက ရေကန်အတွင်း၌ လှိုင်းလုံးများကို ပေါ်လျှိုးလာစေပြီး ရေကို သွေးနီရောင်အဖြစ် ပြောင်းလဲသွားစေသည်။
“ အဲ့ဒါ မဲမုန်ကလန်ပဲ ”
“ မဲမုန်ကလန်က လေမူလစွမ်းအားကို ထိန်းချုပ်နိုင်တဲ့ အစွမ်းထက်ကလန်တစ်ခုပဲ… ဒါတောင် သူတို့က အဲ့ဒီဓားအလင်းကို မခုခံနိုင်ဘူးတဲ့လား ”
“ နောက်ထပ် တိုက်ပွဲဝင်္ကပါလား… လူသားတွေက နတ်သားရဲတွေကို အမဲလိုက်ဖို့ တကယ်ကြံစည်နေတာလား ”
မယုံကြည်နိုင်သော အာမေဋိတ်သံများက နေရာတိုင်းမှာ ပျံ့နှံ့သွားသည်။
ရှေးဦးအပျက်အစီးကုန်းမြေထဲမှာ အားအနည်းဆုံးဖြစ်သော လူသားမျိုးနွယ်က မည်သို့ကြောင့် ထိုမျှသန်မာလာရသနည်း။
လူသားမျိုးနွယ်က ဤအတောအတွင်းမှာ လျှင်မြန်စွာ မြင့်တတ်လာခဲ့ကြောင်း ထိုနတ်သားရဲများ သိထားကြသည်။
သို့တိုင် လူသားမျိုးနွယ်က ထိုမျှသန်မာလိမ့်မည်ဟု ၎င်းတို့မမျှော်လင့်ထားကြချေ။
ကြည့်ရသည်မှာ ယခင် သူတို့ထုတ်ဖော်ပြခဲ့သော စွမ်းအားက လူသားမျိုးနွယ်၏ အင်အားအကုန် မဟုတ်သေးပုံပေါ်သည်။
“ သူတို့က တကယ်ပဲ ခွန်အားကို ဖုံးကွယ်ထားခဲ့တာလား ”
“ အဲ့ဒီမိစ္ဆာသားရဲစစ်သည်တော်တွေကို ကြည့်ဦး… သူတို့တစ်ယောက်စီက နတ်သားရဲတွေနဲ့ ယှဉ်ပြိုင်တိုက်ခိုက်နိုင်ကြတယ် ”
မိစ္ဆာသားရဲစစ်သည်တော်များက နတ်သားရဲစွမ်းရည်များကို ထုတ်ဖော်ပြလိုက်ကြသည်။ သူတို့က ရောက်သည့်နေရာတိုင်းမှာ နတ်သားရဲများကို လွှမ်းမိုးဖိနှိပ်နိုင်ကြသည်။
အကယ်၍ မိစ္ဆာသားရဲစစ်သည်တော်သုံးလေးယောက်က တိုက်ပွဲဝင်္ကပါကို ဖွဲ့စည်းလိုက်မည်ဆိုလျှင် သူတို့က အဆင့်မြင့်နတ်သားရဲတစ်ကောင်၏ တိုက်ပွဲစွမ်းအားကို ထုတ်ဖော်နိုင်ကြလိမ့်မည်။
ထိုသို့တိုက်ပွဲစွမ်းအားက အလွန်ကြောက်စရာကောင်းသည်။
ထို့ပြင် သွမ့်ဟူရေကန်ထဲသို့ ဝင်ရောက်သွားကြသော လူသားစစ်သည်တော်များက အရေအတွက်သန်းရှစ်ဆယ် ရှိသည်။
“ မဖြစ်နိုင်တာ… သူတို့က အဲ့ဒီလိုစွမ်းအားကို မပိုင်ဆိုင်ထားသင့်ဘူးမလား ”
“ ဗုန်း ”
သွမ့်ဟူရေကန်ထဲတွင် ပိုမိုများပြားသော နတ်သားရဲများက ရေကန်၏ မျက်နှာပြင်ပေါ်သို့ တိုးထွက်လာကြပြီး ထွက်ပြေးလိုက်ကြသည်။
မရေမတွက်နိုင်သော နတ်သားရဲများက အမဲလိုက်ခံနေရသည်။ ရွှေရောင်စစ်ဗိုလ်ချုပ်ပုံရိပ်များ ထွက်ပေါ်လာသည့်အခါ ၎င်းတို့၏ နတ်သားရဲစွမ်းရည်များက အသုံးမဝင်တော့ပေ။ ရွှေရောင်စစ်ဗိုလ်ချုပ်ပုံရိပ်များက သူတို့၏ တိုက်ပွဲလက်နက်များကို သာမန်ကာလျှံကာ ဝှေ့ယမ်းနေကြသည်။
ဤအခိုက်အတန့်မှာ နတ်သားရဲများက သားကောင်ဖြစ်လာကြသည်။
အတိတ်မှာ ကျင်းပခဲ့သော ကောင်းကင်ရင်းမြစ်စုဝေးပွဲများက ထိုသို့မဟုတ်ခဲ့ပေ။ ယခု ရေကန်ထဲသို့ ဝင်ရောက်သွားကြသော နတ်သားရဲအားလုံးက လူသားများ၏ အမဲလိုက်ခံနေကြရသည်။
“ ဟန်မူယဲ့ကို ဖမ်းဆီးပြီး အဲ့ဒီလူသားတွေကို ပြန်ဆုတ်ခွာခိုင်းမယ် ”
အုပ်ချုပ်သူနတ်သားရဲများက ဒေါသတကြီး ဟိန်းဟောက်လိုက်ကြပြီး ဟန်မူယဲ့ထံသို့ လှည့်ကြည့်လိုက်ကြသည်။
နတ်သားရဲမျိုးနွယ်စုများ အေးအေးဆေးဆေး ယှဉ်ပြိုင်နိုင်ရန် လူသားမျိုးနွယ်က သွမ့်ဟူရေကန်ထဲမှ ဆုတ်ခွာသွားရန် လိုအပ်သည်။
“ ငါတို့ဝင်သွားပြီး အဲ့ဒီလူသားတွေကို အမြစ်ဖြတ်သုတ်သင်ကြမလား ”
အစိမ်းရောင်ဝတ်စုံ ဝတ်ဆင်ထားပြီး မျက်နှာပေါ်မှာ ရွှေရောင်အကြေးခွံများရှိသော အုပ်ချုပ်သူနတ်သားရဲတစ်ကောင်က သွမ့်ဟူရေကန်ဆီသို့ ငုံ့ကြည့်လိုက်ပြီး တင်းမာသော လေသံဖြင့် ပြောသည်။
အကယ်၍ အုပ်ချုပ်သူနတ်သားရဲများက ကြားဝင်စွက်ဖက်မည်ဆိုလျှင် ၎င်းတို့က တိုက်ပွဲဝင်္ကပါများနှင့် လူသားမျိုးနွယ်စစ်တပ်ကို အမြစ်ဖြတ်သုတ်သင်ပစ်နိုင်လိမ့်မည်။
ထိုသို့နည်းလမ်းက ထိရောက်မှုရှိပြီး ရက်စက်ကြမ်းကြုတ်သည်။
ဟန်မူယဲ့က နေရာမှာ မတ်တတ်ရပ်နေသည်။ သူ၏ အမူအရာက ပြောင်းလဲမသွားချေ။ သူက ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။
“ သွမ့်ဟူရေကန်က ကိစ္စကို သူတို့ဘာသာ ဖြေရှင်းပါစေ… ဒီနေရာက ကိစ္စကို ကျုပ်တို့ချင်း ဖြေရှင်းရအောင် ”
သူက ထိုသို့ပြောလိုက်သည့်အခါ စွမ်းအင်အရှိန်အဝါက သူ၏ ခန္ဓာကိုယ်ထဲမှ ပေါ်လျှိုးလာသည်။
သူ၏ သွေးအနှစ်သာရနတ်ဘုရားအလင်းက ပေါက်ကွဲသွားသည်။ ထိုအခါ သူ၏ ခန္ဓာကိုယ်က ပေသုံးဆယ်ရှည်လျားသွားသည်။ သူလက်မြှောက်လိုက်သည့်အခါ အနက်ရောင်ဓားရှည်တစ်လက်က သူ၏ လက်ဖဝါးထဲမှာ ထွက်ပေါ်လာသည်။
ပြိုင်ဘက်ကင်းရုပ်ခန္ဓာကိုယ်… မူလဝိညာဉ်ဓား… ။
အထွတ်အထိပ်စွမ်းအားနှစ်ခုက မိုးမြေစွမ်းအားကို ချက်ချင်း လှုံ့ဆော်လိုက်သည်။ အချင်းမိုင်တစ်ထောင်အတွင်းမှာ မိုးကြိုးတစ်စင်း ထွက်ပေါ်လာသည်။
ဟန်မူယဲ့၏ ခန္ဓာကိုယ်ပေါ်တွင် ရွှေရောင်မီးတောက်တိုက်ပွဲချပ်ဝတ်တစ်စုံ ထွက်ပေါ်လာသည်။
ထိုချပ်ဝတ်က မီးတောက်မူလစွမ်းအားမှ ဖွဲ့စည်းသွားသောအရာ ဖြစ်သည်။ ချပ်ဝတ်ပေါ်မှာ ရေးထွင်းထားသော မီးတောက်နတ်ဘုရားအင်းသင်္ကေတများက အလွန်တောက်ပလေရာ ယင်းကို တိုက်ရိုက် စိုက်ကြည့်ရန် မလွယ်ကူပေ။
မီးတောက်စွမ်းအား၊ လျှပ်စီးစွမ်းအား၊ သွေးချီစွမ်းအား… ။
အန္တိမမူလစွမ်းအားသုံးခုက လေထဲမှာ အတူတကွ ပေါင်းစည်းသွားသည့်အခါ ဓားကိုင်ထားသော စစ်ဗိုလ်ချုပ်ပုံရိပ်က ဟင်းလင်းပြင်ထဲမှာ ထွက်ပေါ်လာသည်။
“ မူလစွမ်းအားသုံးမျိုး… တကယ်လို့ ဒီလူမသေဘူးဆိုရင် ကမ္ဘာဦးလောကက သေချာပေါက် ဖရိုဖရဲဖြစ်သွားလိမ့်မယ်”
“ ဒီလောက်အားကောင်းတဲ့ မူလစွမ်းအားတွေကို အသုံးပြုနိုင်တဲ့လူက ဒီလောကမှာ မတည်ရှိသင့်ဘူး ”
တီးတိုးပြောသံများက လေထဲမှာ ထွက်ပေါ်လာသည်။ ထို့နောက် ပုံရိပ်အများအပြားက ဓားကိုင်ထားသော ရွှေရောင်စစ်ဗိုလ်ချုပ်ထံသို့ ပျံသန်းသွားကြသည်။
ခေါင်းကိုးလုံးအုပ်ချုပ်သူနတ်သားရဲက ၎င်း၏ ဦးခေါင်းကိုးခုစလုံးကို မြှောက်လိုက်သည်။ ထို့နောက် ၎င်း၏ ဦးခေါင်းများက ကိုးရောင်ခြယ်နတ်ဘုရားအလင်းကို ဟန်မူယဲ၏ ခန္ဓာကိုယ်ဆီသို့ မှုတ်ထုတ်လိုက်ကြသည်။
လက်လေးဖက်ရှိသော ဝက်ဝံအုပ်ချုပ်နတ်သားရဲတစ်ကောင်က ဟန်မူယဲ့ကို ဆုတ်ဖြဲရန် ၎င်း၏ ဧရာမလက်များကို ဆန့်တန်းလိုက်သည်။
တခြားအုပ်ချုပ်သူနတ်သားရဲများသည်လည်း ၎င်းတို့၏ မွေးရာပါသဘာလွန်စွမ်းအားများကို ထုတ်ဖော်လိုက်ကြပြီး ဟန်မူယဲ့ဆီသို့ ဦးတည်သွားကြသည်။
“ ဗုန်း ”
ဟင်းလင်းပြင်ထဲတွင် စွမ်းအင်လှုံ့ဆော်မှုက အလွန်အားကောင်းလေရာ မိုးမြေက ပုံရိပ်ယောင်လောကတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ဟန်မူယဲ့ကို ဖုံးလွှမ်းသွားသည်။
ထိုစွမ်းအားက အလွန်အားကောင်းလေရာ ဟန်မူယဲ့နှင့် သူ့ဘေးပတ်ဝန်းကျင်မှ လေဟာနယ်ကို တိုက်ရိုက် မောင်းထုတ်နိုင်ရန် လုံလောက်သည်။
ထိုစွမ်းအားက ဟန်မူယဲ့ကို အမည်မသိလောက၊ အမည်မသိအချိန်စီးကြောင်းဆီသို့ မောင်းထုတ်ချင်နေသည်။
ထိုအစွမ်းထက်ပုဂ္ဂိုလ်များ၏ အမြင်တွင် အကယ်၍ သူတို့က ဟန်မူယဲ့ကို အချိန်တိုလေးအတွင်း အနိုင်မယူနိုင်လျှင် သူ့ကို ဤနေရာမှ မောင်းထုတ်ခြင်းက အကောင်းဆုံး ရွေးချယ်မှုဖြစ်လိမ့်မည်။
အကယ်၍ ရှေးဦးအပျက်အစီးကုန်းမြေထဲမှ လူသားမျိုးနွယ်သာ ဖျက်ဆီးခံရမည်ဆိုလျှင် တစ်နေ့ ဟန်မူယဲ့ ပြန်ရောက်လာမည်ဆိုလျှင်ပင် သူ့မှာ လုံလောက်သော အင်အားအထောက်အပံ့ ရှိတော့မည်မဟုတ်ချေ။
ထိုနတ်သားရဲများသည် ဟန်မူယဲ့ကို တိုက်ရိုက် သတ်ပစ်နိုင်ရန် မမျှော်လင့်ထားကြချေ။ သူ့ကို အချိန်တစ်ခဏကြာ ဖိနှိပ်ထားနိုင်မည်ဆိုလျှင် ၎င်းတို့အတွက် လုံလောက်ပေသည်။
သူ၏ ဘေးပတ်ဝန်းကျင်မှ ဖရိုဖရဲလောကကို ကြည့်နေရင်း ဟန်မူယဲ့က သူ့လက်ထဲမှ ဓားကို ဖြည်းညင်းစွာ မြှောက်လိုက်သည်။
“ ရွှီး ”
ထိုအခိုက်အတန့်မှာ သွေးချီအလင်းတန်းတစ်ခုက သူ၏ ခန္ဓာကိုယ်ထဲမှ မြှောက်တတ်လာသည်။
မိုးမြေ၏ အရောင်ကို မှေးမှိန်သွားစေမည့် ဓားအလင်းက ပေါက်ကွဲထွက်လာသည်။ လျှပ်တစ်ပြက်အတွင်းမှာ အချင်းမိုင်တစ်ထောင်အတွင်းမှ လောကက မည်းမှောင်သွားသည်။
“ ဓား ”
“ အဲ့ဒါ ဘာလိုဓားလဲ ”
“ ဓားစွမ်းအားကို ဒီလိုအသုံးပြုနိုင်တာလား ”
မရေမတွက်နိုင်သော အာမေဋိတ်သံများကြားတွင် ဟန်မူယဲ့က သူ၏ လက်ထဲမှ ဓားဖြင့် ခုတ်ပိုင်းလိုက်သည်။
ဓားအလင်း အလွှာအထပ်ထပ်က ပုံရိပ်ယောင်လောကကို ဖျက်ဆီးပစ်လိုက်ပြီး သူ့အရှေ့မှ အုပ်ချုပ်သူနတ်သားရဲများဆီသို့ ဦးတည်သွားသည်။
ယင်းက မိုးမြေကို ဖျက်ဆီးပစ်နိုင်စွမ်းရှိသော ဓားချက်ဖြစ်သည်။
ဓားအလင်းက ဥက္ကာပျံတစ်စင်းနှယ် ကျဆင်းလာပြီး လေကြမ်းများနှင့် လျှပ်စီးများကို သယ်ဆောင်လာသည်။
အဆုံးမဲ့သော လေကြမ်းက အလင်းနှင့် အမှောင်ထုကို အပိုင်းပိုင်း ဆုတ်ဖြဲပစ်လိုက်သည်။ ဤသည်မှာ ထိုဓားချက်က ရှေးခေတ်မှ ထွက်ပေါ်လာသည့်အလားပင်။
ထိုဓားအလင်းထဲမှ ထွက်ပေါ်လာသော ဝိညာဉ်စွမ်းအားက ရှေးဦးအပျက်အစီးကုန်းမြေ၏ မိုးမြေစွမ်းအား ဖြစ်သည်။ ယင်းက ကမ္ဘာဦးလောက၏ အနှစ်သာရဖြစ်သလို ရှေးဦးအပျက်အစီးကုန်းမြေထဲမှ သက်ရှိများ၏ အခြေခံအုတ်မြစ်လည်း ဖြစ်သည်။
ဟန်မူယဲ့၏ မူလဝိညာဉ်ဓားကို ရှေးခေတ်မှ အုပ်ချုပ်သူနတ်သားရဲအများကြီး၏ ဝိညာဉ်စွမ်းအားဖြင့် ပေါင်းစည်းထားလေရာ သူ၏ ဓားအလင်းက ရှေးဦးအပျက်အစီးကုန်းမြေ၏ ကောင်းချီးပေးမှုကို ရရှိခြင်းက မထူးဆန်းပေ။
အဘယ့်ကြောင့်ဆိုသော် ရှေးခေတ်မှ အုပ်ချုပ်သူနတ်သားရဲများက ရှေးဦးအပျက်အစီးကုန်းမြေအတွက် ၎င်းတို့၏ အသက်ကို စတေးခဲ့ကြသောကြောင့် ဖြစ်၏။
ဤအခိုက်အတန့်မှာ မိုးမြေစွမ်းအား ကိန်းဝပ်နေသော ထိုဓားအလင်းက ထွန်းလင်းတောက်ပစွာ ပျံသန်းသွားပြီး အုပ်ချုပ်သူနတ်သားရဲဆယ်ကောင်၏ ခန္ဓာကိုယ်ကို ဖျက်ဆီးပစ်လိုက်သည်။
မရေမတွက်နိုင်သော သွေးမျိုးဆက်ကျောက်တုံးများက အက်ကွဲသွားပြီး မြေပြင်ပေါ်သို့ ပြန့်ကျဲသွားကြသည်။ ယင်းတို့က အနည်းဆုံး အရေအတွက်ဆယ်သန်းခန့် ရှိသည်။
ထိုသွေးမျိုးဆက်ကျောက်တုံးများက အုပ်ချုပ်သူနတ်သားရဲများ၏ ခန္ဓာကိုယ်မှ ဖွဲ့စည်းသွားသောအရာဖြစ်လေရာ ယင်းတို့ထဲမှ မူလစွမ်းအားက အလွန်ပေါများလှသည်။ သွေးမျိုးဆက်ကျောက်တုံးတစ်တုံးက နတ်သားရဲတစ်သန်းကို ဖန်တီးပေးနိုင်သည်။
ယင်းက အဆင့်နိမ့်နတ်သားရဲဆိုလျှင်ပင် နတ်သားရဲတစ်ကောင်ဖြစ်နေဆဲ မဟုတ်ပါလော။
“ မြန်မြန် ပြေးကြ ”
“ သူရူးသွားပြီ… ဘာလို့ သူက အဲ့လောက်တောင် သန်မာနေတာလဲ ”
“ ငါသိပြီ… အဲ့ဒါ ကမ္ဘာဦးကောင်းကင်ဘုံတာအိုပဲ… ကမ္ဘာဦးကောင်းကင်ဘုံတာအိုက ငါတို့ကို ရှင်းပစ်ဖို့ သူ့ကို ထောက်ပံ့ပေးနေတာ… ”
ထိုအုပ်ချုပ်သူနတ်သားရဲများသည် ငတုံးများမဟုတ်ကြချေ။ မည်သို့ကြောင့် ၎င်းတို့က ဟန်မူယဲ့၏ လုပ်ဆောင်မှုများ၏ နောက်ကွယ်မှ အကြောင်းအရင်းကို မမြင်နိုင်ဘဲနေမည်နည်း။
ဟန်မူယဲ့က ထိုအုပ်ချုပ်သူနတ်သားရဲများကို ရိတ်သိမ်းရန် မိုးမြေစွမ်းအားကို အသုံးပြုနေကြောင်း အလွန်ရှင်းလင်းပေသည်။
“ ဗုန်း ”
ဟန်မူယဲ့က ဓားကို နောက်တစ်ကြိမ် ဝှေ့ယမ်းလိုက်ပြီး မိုးမြေစွမ်းအားကို ဝဲကတော့တစ်ခုနှယ် စုဝေးသွားစေသည်။ ယင်းက အောက်ဘက်မှ သွမ့်ဟူရေကန်ကို ပရမ်းပတာ လှိုင်းထသွားစေသည်။
နောက်အခိုက်အတန့်မှာ မိုင်တစ်ထောင်ရှည်လျားသော ရေနဂါးတစ်ကောင်က သွမ့်ဟူရေကန်ထဲမှ ပေါ်လျှိုးလာပြီး ဟိန်းဟောက်လိုက်သည်။ ရေနဂါးက လေထဲသို့ ပျံတတ်သွားပြီး အုပ်ချုပ်သူနတ်သားရဲအများကြီးကို တစ်လုပ်တည်း ဝါးမျိုပစ်လိုက်သည်။
ဤအခိုက်အတန့်မှာ ဟန်မူယဲ့က သူ၏ စွမ်းအားကို မဖုံးကွယ်ထားတော့ပေ။ သူ၏ ဓားချက်တိုင်းက ရိတ်သိမ်းရန် ဖြစ်သည်။
မြေပြင်ပေါ်မှ နတ်သားရဲတစ်သိန်းက တုန်ယင်သွားကြပြီး အပေါ်သို့ ကြောက်ရွံ့စွာ မော့ကြည့်လိုက်ကြသည်။
ဟန်မူယဲ့၏ အနောက်တွင် နဂါးမီကျောင်းပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။
အခန်း(၁၅၅၆)
နဂါးမီကျောင်းသည် အစွမ်းထက်သွေးမျိုးဆက်ဖြင့် မွေးဖွားလာသော ကမ္ဘာဦးအုပ်ချုပ်သူတစ်ပါး ဖြစ်သည်။
သို့ဖြစ်၍ ၎င်း၏ သွေးစွမ်းအားက မြေပြင်ပေါ်မှ နတ်သားရဲတစ်သိန်းကို ကြောက်ရွံ့တုန်လှုပ်သွားစေသည်။
သွမ့်ဟူရေကန်က ပွက်ပွက်ဆူလာပြီး ရေကန်ထဲမှ ရေက သွေးနီရောင်အဖြစ် ပြောင်းလဲသွားသည်။
“ ဂရား ”
ပေတစ်သောင်းရှည်လျားသော နဂါးမီကျောင်းခန္ဓာကိုယ်က ရေကန်ထဲမှ ပေါ်လျှိုးလာပြီး အရှေ့သို့ ပျံသန်းသွားသည်။
ဟန်မူယဲ့က လက်ဝှေ့ယမ်းလိုက်လေရာ သူ့အနောက်မှ နဂါးမီကျောင်းစွမ်းအားက အရှေ့သို့ ပျံသန်းသွားပြီး သွမ့်ဟူရေကန်ထဲမှ ထွက်ပေါ်လာသော နဂါးမီကျောင်းနှင့် ထိပ်တိုက် တိုက်ခိုက်လိုက်သည်။
နဂါးမီကျောင်းအချင်းချင်း တိုက်ခိုက်ခြင်း… ။
ဇစ်မြစ်တူညီသော စွမ်းအားနှစ်ခု ထိပ်တိုက် တွေ့ဆုံသွားသည့်အခါ အချင်းမိုင်တစ်ထောင်အတွင်းရှိ မိုးမြေကြားမှ သွေးမျိုးဆက်စွမ်းအင်အားလုံးက ပရမ်းပတာ လှုပ်ခတ်သွားကြသည်။
သွမ့်ဟူရေကန်သည် မိုးမြေစွမ်းအား အဆုံးစွန်ထိ တည်ငြိမ်နေသောနေရာ ဖြစ်သည်။ သို့ဖြစ်၍ ကောင်းကင်ရင်းမြစ်စုဝေးပွဲက သွမ့်ဟူရေကန်မှာ ထွက်ပေါ်လာခြင်း ဖြစ်သည်။ ဤနေရာတွင် ကမ္ဘာဦးလောက၏ စွမ်းအားဖိနှိပ်မှုက အလွန်ကြီးမားလေရာ ပေါက်ကွဲမှုအသေးစားတစ်ခု ဖန်တီးရန်ပင် မလွယ်ကူပေ။
သို့သော်လည်း နဂါးမီကျောင်းနှစ်ကောင်၏ အားပြိုင်မှုက အချင်းမိုင်တစ်ထောင်အတွင်းမှ မိုးမြေကို တုန်လှုပ်သွားစေသည်။ ယင်းကို ကြည့်ခြင်းအားဖြင့် နဂါးမီကျောင်းက မည်မျှသန်မာကြောင်း တွေးကြည့်နိုင်သည်။
“ ဟန်မူယဲ့ရဲ့ နဂါးမီကျောင်းသွေးမျိုးဆက်က နဂါးမီကျောင်းကလန်က အစွမ်းထက်ပုဂ္ဂိုလ်နဲ့တောင် ရင်ဆိုင်နိုင်တယ်လား ”
“ သူ့ရဲ့ နဂါးမီကျောင်းစွမ်းအားက အတိတ်မှာ ရှေးဦးအပျက်အစီးကုန်းမြေကို ကာကွယ်စောင့်ရှောက်ပေးခဲ့တဲ့ ကမ္ဘာဦးနဂါးမီကျောင်းနဲ့ ဆင်တူတယ်လို့ ဘာလို့ ငါခံစားမိတာလဲ ”
“ မဖြစ်နိုင်တာ… ကမ္ဘာဦးနဂါးမီကျောင်းက ရက်စက်ကြမ်းကြုတ်မှုနဲ့ သွေးဆာမှုကြောင့် နာမည်ဆိုးနဲ့ ကျော်ကြားတယ်… ဟန်မူယဲ့က ကမ္ဘာဦးနဂါးမီကျောင်းထက် အများကြီး ပိုတည်ငြိမ်တယ် ”
သွေးချီစွမ်းအားနှင့်ပတ်သက်လျှင် နဂါးမီကျောင်းကလန်က အထွတ်အထိပ်တည်ရှိမှု ဖြစ်သည်။
နဂါးမီကျောင်းကလန်မှ ထိပ်တန်းပုဂ္ဂိုလ်တစ်ဦးကို ဖိနှိပ်မည်ဆိုလျှင် မရေမတွက်နိုင်သော အုပ်ချုပ်သူနတ်သားရဲများက အတူတကွ ပူးပေါင်းကြရလိမ့်မည်။
“ မင်း… မင်းမှာ ဘယ်လိုလုပ် ကမ္ဘာဦးနဂါးမီကျောင်းရဲ့ စွမ်းအား ရှိနေတာလဲ ”
“ မင်းက သူ့ရဲ့ အမွေဆက်ခံသူလား ”
ဟန်မူယဲ့၏ နဂါးမီကျောင်းဝိညာဉ်ကြောင့် ရေကန်ထဲသို့ ပြုတ်ကျသွားသော နဂါးမီကျောင်းက ဟန်မူယဲ့ထံ မော့ကြည့်လိုက်ပြီး တုန်ယင်စွာ ပြောသည်။ ၎င်း၏ မျက်လုံးထဲမှာ အကြောက်တရားဖြင့် ပြည့်နှက်နေသည်။
ဟန်မူယဲ့က အောက်သို့ ငုံ့ကြည့်လိုက်လေရာ သူ၏ မျက်လုံးက အနီရောင်သို့ ပြောင်းသွားသည်။
“ သွေးနဲ့ ဝိညာဉ် ဝါးမျိုစမ်း ”
“ မင်း… မင်းက ကမ္ဘာဦးနဂါးမီကျောင်းရဲ့ အမွေဆက်ခံသူအစစ်ပဲ ”
“ ရှေးခေတ်က ကမ္ဘာဦးနဂါးမီကျောင်းက သွေးချီစွမ်းအားနဲ့ ဝိညာဉ်စွမ်းအားကို ဝါးမျိုနိုင်တဲ့ သဘာဝလွန်စွမ်းအားကို ပိုင်ဆိုင်ထားတယ် ”
ရေကန်ထဲမှာ ပေါလောပေါ်နေသော နဂါးမီကျောင်းက အနောက်လှည့်၍ ထွက်ပြေးရန် ကြိုးစားသည်။ သို့သော်လည်း ဟန်မူယဲ့၏ မျက်လုံးထဲမှ သွေးရောင်ခြည်အလင်းက ၎င်း၏ ခန္ဓာကိုယ်ကို တိုက်ရိုက် ပစ်မှတ်ထားလိုက်ပြီ ဖြစ်သည်။
သွေးနီရောင်အလင်းက ပိုက်ကွန်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး နဂါးမီကျောင်းကို ဖမ်းချုပ်လိုက်သည်။ ထို့နောက် ၎င်း၏ ဧရာမခန္ဓာကိုယ်က အရည်ပျော်သွားပြီး သွေးချီအလင်းစီးကြောင်းများနှင့် တောက်ပသော ဝိညာဉ်သာလျှင် ကျန်ရစ်ခဲ့သည်။
ဝါးမျိုခြင်း… ။
ယင်းက ရှေးခေတ်မှ ကမ္ဘာဦးနဂါးမီကျောင်း၏ အစွမ်းထက်ဆုံး နတ်သားရဲစွမ်းရည်ဖြစ်သည်။
ရှေးခေတ်တွင် ကမ္ဘာဦးနဂါးမီကျောင်းကို အသန်မာဆုံး တည်ရှိမှုအဖြစ် သတ်မှတ်ကြသည်မှာ အံ့ဩစရာမဟုတ်တော့ပေ။
ထို့အတူ ကမ္ဘာဦးနဂါးမီကျောင်း ဖိနှိပ်ခံထားရစဉ် မည်သူမှ ၎င်းကို လာမကယ်ကြခြင်းက မထူးဆန်းတော့ပေ။
၎င်းက တခြားနတ်သားရဲများနှင့် ကိုယ့်အမျိုးအနွယ်များ၏ သွေးစွမ်းအားနှင့် ဝိညာဉ်စွမ်းအားကိုပင် ဝါးမျိုခဲ့လေရာ မည်သူက ၎င်းကို လာရောက်ကယ်တင်မည်နည်း။
အုပ်ချုပ်သူနဂါးမီကျောင်း၏ သွေးစွမ်းအားနှင့် ဝိညာဉ်ကို ဝါးမျိုပြီးနောက် ဟန်မူယဲ့၏ အနောက်မှ နဂါးမီကျောင်းပုံရိပ်က ပိုပြီးအားကောင်းလာသည်။
“ နတ်ဘုရားကမ္ဘာမှာ ဖိနှိပ်ထားတဲ့ ကမ္ဘာဦးနဂါးမီကျောင်းရဲ့ ဦးခေါင်းကို ရှာတွေ့မယ်ဆိုရင် နောက်ဆုံးအဆင့်ကို တိုက်ရိုက် တတ်လှမ်းပြီး မူလအုပ်ချုပ်သူတစ်ပါး ဖြစ်လာလိမ့်မယ် ”
ဟန်မူယဲ့က သူ့ဘာသာ တီးတိုးရေရွတ်လိုက်လေရာ သူ၏ မျက်လုံးထဲမှ သွေးနီရောင်အလင်းက မှိန်ဖျော့သွားသည်။
အတိတ်၌ ကမ္ဘာဦးနဂါးမီကျောင်း၏ ခွန်အားက အလွန်သန်မာသော်လည်း ၎င်းက ကိုယ်ပိုင်သွေးမျိုးဆက်စွမ်းအားကို အပြည့်အဝ မထိန်းချုပ်နိုင်ခဲ့ပေ။ ထိုအကြောင်းအရင်းကြောင့် ၎င်းက မူလအုပ်ချုပ်သူတစ်ပါး ဖြစ်မလာနိုင်ခဲ့ပေ။
ဟန်မူယဲ့၏ အနောက်မှ နဂါးမီကျောင်းပုံရိပ်က မာန်ဖီဟိန်းဟောက်လိုက်လေရာ ရေကန်ထဲမှ နဂါးမီကျောင်းအားလုံးက ရေမျက်နှာပြင်ပေါ်မှာ ထွက်ပေါ်လာကြပြီး ဦးညွတ်လိုက်ကြသည်။ ၎င်းတို့က ဟန်မူယဲ့အပေါ် အညံ့ခံလိုက်ကြသည်။
၎င်းတို့၏ နဂါးမီကျောင်းကလန်တွင် အုပ်ချုပ်သူတစ်ပါးသာ ရှိသည်။ ယခု ထိုအုပ်ချုပ်သူနဂါးမီကျောင်းက ဟန်မူယဲ့၏ ဝါးမျိုခံလိုက်ရလေရာ နဂါးမီကျောင်းကလန်တွင် အသန်မာဆုံးပုဂ္ဂိုလ်က ဟန်မူယဲ့၏ အနောက်မှ နဂါးမီကျောင်းပုံရိပ် ဖြစ်လာ၏။
သို့ဖြစ်၍ ဤအခိုက်အတန့်မှာ နဂါးမီကျောင်းကလန်က ဟန်မူယဲ့ထံ အညံ့ခံရန် ဆုံးဖြတ်လိုက်သည်။
ဟန်မူယဲ့က ရေကန်ထဲမှ နဂါးမီကျောင်းများကို ငုံ့ကြည့်လိုက်သည်။ နောက်အခိုက်အတန့်မှာ သူ၏ အနောက်မှ နဂါးမီကျောင်းပုံရိပ်က ကျယ်လောင်စွာ ပါးစပ်ဟလိုက်လေရာ မရေမတွက်နိုင်သော ရွှေကျောက်တုံးများနှင့် သွေးနီရောင်ကျောက်တုံးများက အပြင်သို့ ထွက်ကျလာကြသည်။
ယင်းတို့က မဟာပန်သွန်ကျောက်တုံးများနှင့် သွေးမျိုးဆက်ကျောက်တုံးများ ဖြစ်ကြသည်။
ထိုမဟာပန်သွန်ကျောက်တုံးများက သေးငယ်သော အပိုင်းအစများသာဖြစ်ပြီး သွေးမျိုးဆက်ကျောက်တုံးများက အဆင့်မြင့်နတ်သားရဲများထံမှ ကျောက်တုံးများသာ ဖြစ်ကြသည်။ သို့တိုင် ယင်းတို့က သွေးစွမ်းအား အလွန်သန်မာသော ထိုနဂါးမီကျောင်းများအတွက် အဖိုးမဖြတ်နိုင်သော ရတနာများ ဖြစ်ကြသည်။
ထိုမဟာပန်သွန်ကျောက်တုံးများနှင့် သွေးမျိုးဆက်ကျောက်တုံးများကို သန့်စင်လိုက်မည်ဆိုလျှင် အုပ်ချုပ်သူတစ်ပါးက နဂါးမီကျောင်းကလန်ထဲမှာ ထွက်ပေါ်လာလိမ့်မည်။
“ ဝုန်း ”
အတောင်ပံလေးခုရှိပြီး နုတ်သီးရှည်သော ရုပ်ဆိုးဆိုးငှက်ဒါဇင်ခန့်က ရေကန်အောက်ထဲမှ ပျံသန်းထွက်လာကြသည်။
ထိုငှက်များ ထွက်လာကြသည့်အခါ ဘေးပတ်ဝန်းကျင်မှ မိုးမြေတွင် လျှပ်စီးများ တဝင်းဝင်း လင်းလက်သွားသည်။
“ မိုးကြိုးငှက်ကလန် ”
“ သူတို့က ဟန်မူယဲ့ရဲ့ လျှပ်စီးစွမ်းအားကြောင့် ဆွဲဆောင်ခံလိုက်ရတာ ဖြစ်မယ် ”
“ လျှပ်စီးရဲ့ ဂုဏ်သတ္တိတွေထဲမှာ စုဝေးခြင်းနဲ့ ဆွဲဆောင်ခြင်း ပါဝင်တယ်… ဟန်မူယဲ့ရဲ့ လျှပ်စီးစွမ်းအားက မိုးကြိုးငှက်တွေရဲ့ သွေးမျိုးဆက်စွမ်းအားကို ယှဉ်ပြိုင်နိုင်မလား ကြည့်ကြည့်ရအောင် ”
မိုးကြိုးငှက်များက ဟန်မူယဲ့ထံသို့ ပျံသန်းသွားနေကြောင်း မြင်သောအခါ အရပ်မျက်နှာအဘက်ဘက်တွင် အာမေဋိတ်သံများ ထွက်ပေါ်လာသည်။
ထိုငှက်များက မိုးကြိုးသွေးမျိုးဆက်မှ အစွမ်းထက်ငှက်များဖြစ်ကြပြီး ကမ္ဘာဦးမိုးကြိုးကို ထိန်းချုပ်နိုင်ကြသည်။ ၎င်းတို့က ခွေသားရဲများနှင့် အမြဲယှဉ်ပြိုင်ခဲ့သော ငှက်များ ဖြစ်ကြသည်။
အတိတ်မှာ ကမ္ဘာဦးလောက၏ မိုးကြိုးကပ်ဘေးတစ်ဝက်ခန့်ကို ထိုမိုးကြိုးငှက်များက ထိန်းချုပ်ခဲ့ကြသည်။
“ မူး ”
ဟန်မူယဲ့၏ အနောက်တွင် ဧရာမနွားသိုးတစ်ကောင် ထွက်ပေါ်လာပြီး ကောင်းကင်ထံသို့ ဟိန်းဟောက်လိုက်သည်။
ယင်းက ဇစ်မြစ်တူညီသော အစွမ်းနှစ်မျိုး၏ မိုးကြိုးဆင့်ခေါ်မှုဖြစ်သည်။
မူလစွမ်းအားနှစ်ခုက အပြန်အလှန် ဆန့်ကျင်လိုက်ကြသည်။
“ ဂျိန်း ”
မိုးကြိုးသွားတစ်ထောင် ဆက်တိုက် ကျဆင်းလာသည့်အခါ ဘေးပတ်ဝန်းကျင်မှ မိုးမြေက အပြင်းအထန် တုန်ယင်သွားသည်။
နတ်သားရဲအားလုံး၊ အဆင့်မြင့်နတ်သားရဲများဖြစ်စေ အုပ်ချုပ်သူနတ်သားရဲများဖြစ်စေ ၎င်းတို့အားလုံးက စတင်အနောက်ဆုတ်သွားကြသည်။
သွမ့်ဟူရေကန်ထဲမှ ရေသည်ပင် ဘောင်ဘင်ခတ်သွားသည်။
ယင်းက လျှပ်စီးစွမ်းအား ဖြစ်သည်။ လျှပ်စီးသည် မူလစွမ်းအားများအနက် အကြမ်းတမ်းဆုံးနှင့် အလွှမ်းမိုးနိုင်ဆုံး စွမ်းအားဖြစ်သည်။
ဟန်မူယဲ့က သူ့အရှေ့မှ မိုးကြိုးငှက်များကို ကြည့်လိုက်သည်။
သူ၏ ခွေသားရဲစွမ်းအားက မမြင့်ပေ။ သူက လျှပ်စီးစွမ်းအားကို လျှပ်စီးပင်လယ်အဖြစ် မပြောင်းလဲလျှင်ပင် သူ့ရန်သူများကို လျှပ်စီးဖြင့် တိုက်ခိုက်နိုင်ပေသည်။
သို့သော်လည်း ယခု လျှပ်စီးချင်း အားပြိုင်မှုတွင် သူက ရှုံးနိမ့်သွားတော့မည်။
သို့သော် မည်သို့ကြောင့် သူက လျှပ်စီးစွမ်းအားတစ်ခုတည်းဖြင့် ရင်ဆိုင်တိုက်ခိုက်လိမ့်မည်နည်း။
ဟန်မူယဲ့သည် လျှပ်စီးစွမ်းအားကို သူ၏ ဝှက်ဖဲတစ်ခုအဖြစ် မည်သည့်အခါမှ မသတ်မှတ်ခဲ့ပေ။
“ မိုးကြိုးငှက်ကလန်… မင်းတို့တွေ သေချာပေါက် အညံ့ခံရမယ် ”
ဟန်မူယဲ့က တီးတိုးရေရွတ်လိုက်သည့်အခါ သူ့အနောက်မှ ခွေသားရဲပုံရိပ်က ပျောက်ကွယ်သွားပြီး သူ၏ အနက်ရောင်ချပ်ဝတ်ထဲသို့ ပေါင်းစပ်သွားသည်။
နဂါးမီကျောင်း၏ သွေးချီစွမ်းအားသည်လည်း ချပ်ဝတ်ထဲသို့ ပေါင်းစပ်သွားသည်။
သွေးချီစွမ်းအားနှင့် လျှပ်စီးစွမ်းအား၏ ပေါင်းစပ်မှုအောက်မှာ ကမ္ဘာဦးလောက၏ ကန့်သတ်ချက်ထက် ကျော်လွန်ပြီးသားဖြစ်သော စစ်ချပ်ဝတ်က ပေတစ်သောင်းရှည်လျားသော စစ်ဗိုလ်ချုပ်တစ်ဦးအဖြစ် အသွင်ပြောင်းလဲသွားသည်။
ဟန်မူယဲ့၏ ခန္ဓာကိုယ်က ဓားတစ်လက်အသွင် ပြောင်းလဲသွားသည်။
မူလဝိညာဉ်ဓား… ။
ဓား၏ ကိုယ်ထည်ပေါ်တွင် မီးတောက်များ ပေါ်လျှိုးလာကြသည်။
ယင်းက မဟာနေမင်းရွှေကျီးကန်း၏ နတ်သားရဲစွမ်းရည် ဖြစ်သည်။
သူ၏ လက်မောင်းပေါ်မှာရှိသော ခွန်ပန်နတ်ဘုရားအင်းသင်္ကေတက အသက်ဝင်လာပြီး ဓားသွားပေါ်သို့ စီးဆင်းသွားသည်။
ထို့နောက် ဓားက အပေါ်သို့ မြှောက်တတ်သွားသည်။
“ အညံ့ခံမလား… ဒါမှမဟုတ် အသတ်ခံမလား ”
ကျယ်လောင်သော အော်သံက ကမ္ဘာဦးလောကတစ်ခုလုံးကို တုန်ယင်သွားစေသည်။
လျှပ်စီးစွမ်းအား၊ သွေးချီစွမ်းအား၊ အနက်ရောင်ချပ်ဝတ်စွမ်းအား၊ ဓားစွမ်းအား…
အစရှိသော အထွတ်အထိပ်စွမ်းအားများကို အတူတကွ စုပေါင်းလိုက်သည့်အခါ ကမ္ဘာဦးလောကထဲမှ မည်သည့်အုပ်ချုပ်သူနတ်သားရဲမှ ခေါင်းမထောင်နိုင်ကြတော့ချေ။
အကယ်၍ တခြားနတ်သားရဲကလန်သာဆိုလျှင် ဟန်မူယဲ့က ၎င်းတို့ကို လုံးလုံးလျားလျား ဖိနှိပ်နိုင်လိမ့်မည် မဟုတ်ချေ။
သို့သော်လည်း ထိုမိုးကြိုးငှက်များသည် သူ၏ သွေးမျိုးဆက်စွမ်းအားဖြင့် ဖိနှိပ်ခံခဲ့ရသော အစောနက နဂါးမီကျောင်းကလန်နှင့် သိပ်မကွာခြားပေ။ ၎င်းတို့ကို သူ၏ လျှပ်စီးသွေးမျိုးဆက်ဖြင့် ဖိနှိပ်နိုင်သည်။
မှန်ပေသည်။ သူ၏ လျှပ်စီးသွေးမျိုးဆက်တစ်ခုတည်းက ထိုမိုးကြိုးငှက်များကို ဖိနှိပ်ရန် မလုံလောက်ချေ။ ကံကောင်းစွာဖြင့် သူ့ဆီမှာ ငှက်သားရဲအားလုံးကို ဖိနှိပ်နိုင်သော ခွန်ပန်ကလန်၏ နတ်ဘုရားအင်းသင်္ကေတ ရှိနေသည်။
သူက ဓားရှည်ကို လက်ထဲမှာ ကိုင်ထားရင်း အရှေ့သို့ ချိန်ရွယ်လိုက်သည်။
ထိုမိုးကြိုးငှက်များက တုန်ယင်သွားကြပြီး အတောင်ပံ မဖြန့်နိုင်ကြတော့ချေ။
၎င်းတို့၏ ခန္ဓာကိုယ်က နေရာမှာ အကျဉ်းချခံလိုက်ကြရသည်။
ဤအခိုက်အတန့်မှာ မိုးကြိုးမူလစွမ်းအားကို ထိန်းချုပ်ထားသော ထိုငှက်များက ကူကယ်ရာမဲ့သွားကြသည်။ အကယ်၍ ၎င်းတို့က အညံ့မခံလျှင် နေရာမှာတင် အသတ်ခံကြရလိမ့်မည်။
“ ငါတို့ကတော့ အညံ့မခံနိုင်ဘူး ”
အဝေးတွင် ကျယ်လောင်သော ဟိန်းသံက ပဲ့တင်ထပ်သွားပြီး ဦးချိုတစ်ချောင်းရှိသော ဧရာမကြံ့တစ်ကောင်က ဟန်မူယဲ့ဆီသို့ ပြေးလာသည်။
၎င်းထံမှ ထုတ်လွှတ်နေသော ဝိညာဉ်အလင်းအရ ၎င်းက အုပ်ချုပ်သူတစ်ပါးဖြစ်ကြောင်း ထင်ရှားသည်။
ကမ္ဘာဦးမူလစွမ်းအားက ပြန်စုဝေးသွားသည့်အခါ ရှေးဦးအပျက်အစီးကုန်းမြေအပြင်ဘက်၌ လှည့်လည်သွားလာနေကြသော ကမ္ဘာဦးအုပ်ချုပ်သူနတ်သားရဲများက ယခု ပြန်ရောက်လာကြသည်။
လက်ရှိ ရှေးဦးအပျက်အစီးကုန်းမြေထဲတွင် အုပ်ချုပ်သူနတ်သားရဲများက အလွန်ပေါများသည်။
၎င်းတို့ထဲမှ အများစုက ဟန်မူယဲ့ သန့်စင်ပေးခဲ့သော မူလအုပ်ချုပ်သူခန္ဓာကိုယ်များအတွက် ရောက်လာကြခြင်း ဖြစ်သည်။
ယခု လူသားမျိုးနွယ်စုက သွမ့်ဟူရေကန်ထဲမှာ နတ်သားရဲမျိုးနွယ်စုများကို အမဲလိုက်နေပြီး သုတ်သင်ရှင်းလင်းနေသည်။ ထုံးစံအားဖြင့် အုပ်ချုပ်သူနတ်သားရဲများသည် ယင်းကို ထိုင်ကြည့်မနေနိုင်သောကြောင့် ဟန်မူယဲ့ကို သတ်ဖြတ်ရန် ဆုံးဖြတ်လိုက်ကြသည်။
မည်သို့ဖြစ်ပါစေ ဟန်မူယဲ့က မူလအုပ်ချုပ်သူခန္ဓာကိုယ်ကိုးခုကို သန့်စင်ပြီးပြီ မဟုတ်ပါလော။
ကမ္ဘာဦးလောက၏ မိုးမြေစွမ်းအားမှာ အကန့်အသတ်ရှိသောကြောင့် ရှေးဦးအပျက်အစီးကုန်းမြေထဲမှာ မူလအုပ်ချုပ်သူခန္ဓာကိုယ်အများကြီး မတည်ရှိနိုင်ပေ။
မူလအုပ်ချုပ်သူခန္ဓာကိုယ်များ ပိုပြီးရှိမည်ဆိုလျှင်ပင် ၎င်းတို့က ကမ္ဘာဦးစွမ်းအားကို ရရှိပြီး သွေးမျိုးဆက်တစ်ခုကို ဖိနှိပ်နိုင်ကြလိမ့်မည် မဟုတ်ချေ။
ရှေးဦးအပျက်အစီးကုန်းမြေက အထွတ်အထိပ်အခြေအနေသို့ ပြန်ရောက်သွားမည်ဆိုလျှင် ဖြစ်နိုင်လောက်၏။
သို့သော်လည်း ယင်းက မဖြစ်နိုင်ပေ။
ကမ္ဘာဦးလောကကို သစ္စာဖောက်ခဲ့ကြသော ထိုနတ်သားရဲများ၏ အမြင်တွင် ရှေးဦးအပျက်အစီးကုန်းမြေက ပုပ်ပွနေသော သစ်သီးတစ်လုံး ဖြစ်သည်။
ဦးချိုတစ်ချောင်း ဧရာမကြံ့က ဟန်မူယဲ့ဆီသို့ တစ်ဟုန်းထိုး ပြေးလာနေသည်။
ထိုစဉ် ဟန်မူယဲ့က သူ၏ ဓားကို စိတ်ဓာတ်ပြတ်သားစွာ ပိုင်းချလိုက်သည်။
ဓားအလင်းတန်းတစ်ခုက လုံးဝ တုံ့ဆိုင်းမှုမရှိဘဲ ပျံသန်းထွက်သွားသည်။
ထိုဓားအလင်းတန်းထဲမှာ ရှေးဦးအပျက်အစီးကုန်းမြေ၏ မိုးမြေစွမ်းအားနှင့် ဓားတာအို၏ ပြိုင်ဘက်ကင်းထက်ရှမှုတို့ ကိန်းဝပ်နေသည်။
ရှေးဦးအပျက်အစီးကုန်းမြေထဲတွင် ထိုဓားအလင်းက အထွတ်အမြတ်ဩဇာအာဏာကို ကိုယ်စားပြုသည်။
ဓားအလင်းတန်း ဖြတ်သန်းသွားသည့်နေရာတိုင်း အချင်းမိုင်တစ်သောင်းအတွင်းမှ လေဟာနယ်က တစ်လက်မချင်းစီ အက်ကွဲသွားသည်။
ဟန်မူယဲ့ထံသို့ တစ်ဟုန်ထိုး ပြေးလာနေသော ဦးချိုတစ်ချောင်း ဧရာမကြံ့က ထိုဓားအလင်းအောက်မှာ သွေးမျိုးဆက်ကျောက်တုံးများအဖြစ် အစိတ်စိတ်အမွှာမွှာ ကွဲထွက်သွားသည်။
အုပ်ချုပ်သူနတ်သားရဲတစ်ပါးက ဓားတစ်ချက်ကိုပင် မတောင့်ခံနိုင်ပေ။
ထိုဓားချက်က ကောင်းကင်၏ အရောင်ကို မှေးမှိန်သွားစေပြီး သွမ့်ဟူရေကန်ကို တိတ်ဆိတ်သွားစေသည်။
ဟန်မူယဲ့က ဓားကိုင်ထားလျက် လေထဲမှာ မတ်တတ်ရပ်နေသည်။ သူ၏ ဓားသွားပေါ်မှ အအေးဓာတ်က ယခုထိ မပျောက်ကွယ်သေးပေ။
အကယ်၍ သူက မဟာပန်သွန်ဘုံမှ အပြင်ကိုယ်ပွားတစ်ခုကို မပိုင်ဆိုင်ထားလျှင်၊ သို့မဟုတ် သူက မဟာပန်သွန်ဘုံမှ ကျင့်ကြံခြင်းနည်းစနစ်များကို နားမလည်ထားလျှင် ဟန်မူယဲ့က ယခုကဲ့သို့ ဓားတစ်ချက်တည်းဖြင့် အုပ်ချုပ်သူတစ်ပါးကို သတ်ပစ်နိုင်လိမ့်မည် မဟုတ်ချေ။
ဤအခိုက်အတန့်မှာ သူက မဟာပန်သွန်ဘုံမှ ကျင့်ကြံခြင်းနည်းစနစ်များကို အသူရာကောင်းကင်ဘုံထဲမှာ ဖြည့်စွက်ခဲ့သော သူ၏ ကျင့်ကြံခြင်းအခြေခံဖြင့် ပေါင်းစပ်လိုက်သည့်အခါ သူ့ကိုယ်ပိုင်စွမ်းအားက ရှေးဦးအပျက်အစီးကုန်းမြေတစ်ခုလုံးကို တုန်လှုပ်သွားစေရန် လုံလောက်သွားသည်။
သူ၏ ဓားချက်အောက်မှာ အုပ်ချုပ်သူများသည်ပင် အသတ်ခံရလိမ့်မည်။
ထိုသို့စွမ်းအားက မဟာပန်သွန်ဘုံမှ ဘီလူးကိုယ်ပွားများနှင့် သိပ်မကွာခြားပေ။
“ ဗုန်း ”
အုပ်ချုပ်သူတစ်ပါး ကျဆုံးသွားသည့်အခါ ၎င်း၏ ဝိညာဉ်က မိုးမြေ၏ ဝါးမျိုခံလိုက်ရပြီး ၎င်း၏ မူလစွမ်းအားအများစုက ရှေးဦးအပျက်အစီးကုန်းမြေဆီသို့ ပြန်ရောက်သွားသည်။ သို့ဖြစ်၍ ဤအခိုက်အတန့်မှာ မူလစွမ်းအားက ဘေးပတ်ဝန်းကျင်တွင် ဒီရေသဖွယ် မြင့်တတ်လာသည်။
အစက ဝေဝါးနေပြီး မထင်မရှားဖြစ်နေသော ကမ္ဘာဦးလောကက ယခု ကြည်လင်ထင်ရှားလာသည်။
“ ရှေးဦးအပျက်အစီးကုန်းမြေက ငါတို့ကို ဆန့်ကျင်လိုက်ပြီ ”
ဟင်းလင်းပြင်ထဲတွင် တိုးညင်းသော အော်သံက ပဲ့တင်ထပ်သွားသည်။
ရှေးဦးအပျက်အစီးကုန်းမြေက ၎င်းတို့ထံမှ မူလစွမ်းအားကို ဝါးမျိုနေကြောင်း ထင်ရှားသည်။
အခန်း(၁၅၅၇)
ဤအခိုက်အတန့်မှာ အသတ်ခံလိုက်ရသော နတ်သားရဲများထံမှ ဝိညာဉ်များနှင့် မူလစွမ်းအားက သွမ့်ဟူရေကန်အောက်တွင် စုဝေးသွားကြပြီး ဝဲကတော့တစ်ခုအဖြစ် ပြောင်းလဲသွားသည်။
ဟန်မူယဲ့က တခြားအုပ်ချုပ်သူနတ်သားရဲများ၏ အံ့ဩမှုနှင့် ကြောက်လန့်မှုကို ဂရုမစိုက်ချေ။ သူက လက်မြှောက်လိုက်ပြီး ဓားဖျားကို အောက်ဘက်သို့ နောက်တစ်ကြိမ် ချိန်ရွယ်လိုက်သည်။
သူ့အရှေ့မှာ အကျဉ်းချခံထားရသော မိုးကြိုးငှက်များက ထိန်းချုပ်မရအောင် တုန်ယင်သွားကြသည်။ ၎င်းတို့ထဲမှ တချို့က ဦးညွတ်လိုက်ကြပြီး တချို့က ရေကန်ထဲသို့ ပြုတ်ကျသွားကြသည်။
အညံ့ခံခြင်း… ။
မိုးကြိုးငှက်သားရဲကလန်၏ ခေါင်းဆောင်များဖြစ်သော ခြေလှမ်းဝက်အုပ်ချုပ်သူအဆင့် ငှက်နှစ်ကောင်သည်ပင် ယခုအချိန်မှာ ခေါင်းငုံ့ထားကြရသည်။
အကယ်၍ ၎င်းတို့သာ ခေါင်းမငုံ့ထားလျှင် အစောနက ဦးချိုတစ်ချောင်း ဧရာမကြံ့ကဲ့သို့ ဓားတစ်ချက်တည်းဖြင့် အသတ်ခံရလိမ့်မည် မဟုတ်ပါလော။
ထိုမိုးကြိုးငှက်များ ဖိနှိပ်ခံလိုက်ရသည်နှင့်ချက်ချင်း အောက်ဘက်မှ သွမ့်ဟူရေကန်ထဲတွင် တိုက်ပွဲဝင်္ကပါများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာကြသည်။ ထိုတိုက်ပွဲဝင်္ကပါများက အညံ့ခံလိုက်ကြသော နဂါးမီကျောင်းများနှင့် မိုးကြိုးငှက်များကို ချုပ်နှောင်လိုက်ကြသည်။
နောက်အခိုက်အတန့်မှာ ထိုနတ်သားရဲများက စီးတော်သားရဲများအဖြစ် ထိန်းကျောင်းခံလိုက်ကြရသည်။
၎င်းတို့က ဟန်မူယဲ့ထံ အညံ့ခံလိုက်ပြီဆိုမှတော့ လူသားမျိုးနွယ်၏ ထိန်းကျောင်းခံရရန် ကံတရား၏ သတ်မှတ်ခံထားရပြီးပြီ ဖြစ်သည်။
အကယ်၍ အညံ့မခံဘူးဆိုလျှင် ၎င်းတို့က ဟန်မူယဲ့၏ ဓားချက်ဖြင့် အသတ်ခံရလိမ့်မည်။ ထို့ပြင် ၎င်းတို့၏ မူလစွမ်းအားက ရှေးဦးအပျက်အစီးကုန်းမြေထံ ပြန်ရောက်သွားလိမ့်မည်။
နဂါးမီကျောင်းများနှင့် မိုးကြိုးငှက်များ အညံ့ခံသွားကြသည့်အခါ ဟန်မူယဲ့၏ ခန္ဓာကိုယ်ပေါ်မှ သွေးချီစွမ်းအားနှင့် လျှပ်စီးစွမ်းအားက နောက်တစ်ကြိမ် ထပ်တိုးမြှင့်သွားသည်။
သူ၏ မျက်လုံးထဲမှာပင် ရွှေရောင်ထွန်းလင်းတောက်ပသော မိုးကြိုးနတ်ဘုရားအင်းသင်္ကေတများ ထွက်ပေါ်လာပြီး သွေးချီမှော်သင်္ကေတများက သူ၏ ခန္ဓာကိုယ်ပေါ်မှာ ထွက်ပေါ်လာကြသည်။
ယင်းမှာ ကမ္ဘာဦးလောက၏ ကောင်းချီးပေးမှုကြောင့် သူ၏ စွမ်းအားက မူလအုပ်ချုပ်သူအထိ တိုးမြှင့်သွားခြင်း မဟုတ်ပေ။ ယင်းအစား သူ့ကိုယ်ပိုင်မူလစွမ်းအားက အဆုံးစွန်ထိ သိပ်သည်းသွားပြီး သွေးမျိုးဆက်တစ်ခုကို လွှမ်းမိုးဖိနှိပ်နိုင်သော စွမ်းအားအဖြစ် ပြောင်းလဲသွားခြင်းသာ ဖြစ်သည်။
“ ကျီး ”
မိုးမြေကြားတွင် လျှပ်စီးက ရွှေရောင်အလင်းနှင့် ရောယှက်သွားသည်။ ထိုအခါ အမျိုးအစားမတူညီသော မူလစွမ်းအားအများအပြားက အချင်းချင်း တွေ့ဆုံသွားကြပြီး ဟန်မူယဲ့၏ ခန္ဓာကိုယ်ထဲမှ ထုတ်လွှတ်နေသော စွမ်းအားဖြင့် ပေါင်းစပ်သွားသည်။
“ ကိုယ်ပိုင်စွမ်းအားကို အသုံးပြုပြီး သွေးမျိုးဆက်တစ်ခုရဲ့ မူလအုပ်ချုပ်သူဖြစ်လာဖို့ဆိုရင် ဘယ်လောက်ကြီးမားတဲ့ စွမ်းအားကို လိုအပ်လိမ့်မလဲ… ”
ဟင်းလင်းပြင်ထဲတွင် အသံတစ်သံက ပဲ့တင်ထပ်သွားသည်။
“ ပြီးတော့… သွေးမျိုးဆက်တစ်ခုတည်း မဟုတ်ဘူး… အနည်းဆုံး သူက သွေးမျိုးဆက်နှစ်ခုရဲ့ မူလအုပ်ချုပ်သူပဲ ”
သွေးမျိုးဆက်နှစ်ခု၏ မူလအုပ်ချုပ်သူစွမ်းအားက ပုဂ္ဂိုလ်တစ်ဦးတည်းပေါ်မှာ မွေးဖွားလာသည်။ ယင်း၏ အဓိပ္ပာယ်က တစ်နှင့်တစ်ပေါင်းလျှင် နှစ်ရသည်ဟု မဆိုလိုပေ။
ထိုသို့စွမ်းအားသည် အဆင့်တူသော တခြားတည်ရှိမှုများထက် အနည်းဆုံး သုံးလေးဆ ပိုပြီးသန်မာသည်။
အရေးကြီးသည့်အချက်မှာ လက်ရှိ ရှေးဦးအပျက်အစီးကုန်းမြေထဲတွင် သွေးမျိုးဆက်တစ်ခု၏ မူလအုပ်ချုပ်သူတစ်ပါးက အလွန်ရှားပါးသော တည်ရှိမှုဖြစ်သည်။ ၎င်းက ဖီးနစ်ငှက်မွှေးနှင့် နဂါးဦးချိုထက်ပင် ပိုပြီးရှားပါးသည်။
သို့ဖြစ်လေရာ ဟန်မူယဲ့ကဲ့သို့ သွေးမျိုးဆက်နှစ်ခု၏ မူလအုပ်ချုပ်သူကို မည်သူက ယှဉ်ပြိုင်နိုင်လိမ့်မည်နည်း။
တစ်နည်းဆိုရလျှင် ဟန်မူယဲ့က ဤကမ္ဘာဦးလောကထဲမှာ ပြိုင်ဘက်ကင်းသွားသည်။
အစောနက ဟန်မူယဲ့ကို ဝိုင်းရံသတ်ဖြတ်ရန် ကြံရွယ်ခဲ့ကြသော အုပ်ချုပ်သူနတ်သားရဲများက ယခု တိတ်တဆိတ် အနောက်ဆုတ်သွားကြသည်။
၎င်းတို့က ကမ္ဘာဦးအုပ်ချုပ်သူများဖြစ်သည့်အလျောက် မောက်မာထောင်လွှားကြသော်လည်း အကြောင်းမဲ့သက်သက် အသက်အသေမခံချင်ကြပေ။
သို့မဟုတ်လျှင် မည်သို့ကြောင့် ၎င်းတို့က ရှေးဦးအပျက်အစီးကုန်းမြေကို သစ္စာဖောက်ခဲ့ကြမည်နည်း။ ၎င်းတို့အတွက် အရေးကြီးဆုံးအရာက ၎င်းတို့၏ အသက်ရှင်သန်မှုသာ ဖြစ်သည်။
“ ရှေးဦးအပျက်အစီးကုန်းမြေက ငါတို့ကို ဖျက်ဆီးချင်နေတယ် ”
ဟန်မူယဲ့ထံမှ မူလစွမ်းအားက တစ်ဟုန်ထိုး မြင့်တတ်နေကြောင်း မြင်သွားသောအခါ ယင်းလုံနဂါးက ကြောက်ရွံ့စွာ ပြောသည်။
ဟန်မူယဲ့ကဲ့သို့ အစွမ်းထက်ပုဂ္ဂိုလ်တစ်ဦးက ရှေးဦးအပျက်အစီးကုန်းမြေထဲမှာ မတည်ရှိသင့်သောအရာ ဖြစ်သည်။ အကယ်၍ ရှိလာမည်ဆိုလျှင် ယင်းက ကမ္ဘာဦးစွမ်းအားနှင့် မိုးမြေစွမ်းအား၏ ပေါင်းစပ်မှုကြောင့်သာ ဖြစ်လိမ့်မည်။
ရှင်းလင်းစွာပင် ရှေးဦးအပျက်အစီးကုန်းမြေက ဟန်မူယဲ့ကို လက်ငှား၍ ၎င်းတို့အားလုံးကို အပြတ်ရှင်းပစ်ချင်နေသည်။
“ ပြေးကြ ”
သွမ့်ဟူရေကန်ထဲတွင် အော်သံက နတ်သားရဲအများအပြားထံမှ ထွက်ပေါ်လာသည်။ ၎င်းတို့က အရပ်ရှစ်မျက်နှာဆီသို့ ကြောက်လန့်တကြား ထွက်ပြေးသွားကြသည်။
အုပ်ချုပ်သူအဆင့်သို့ မြင့်တတ်သွားနိုင်မည့် အခွင့်အရေးနှင့် နှိုင်းယှဉ်လျှင် ၎င်းတို့၏ အသက်က ပိုပြီးတန်ဖိုးကြီးမားသည်။
သွမ့်ဟူရေကန်ထဲမှ ပုံရိပ်ယောင်လောကထဲသို့ ဝင်ရောက်ပြီးကြသော နတ်သားရဲများအတွက်တော့ ၎င်းတို့မှာ တခြားရွေးချယ်စရာမရှိပေ။ သို့သော် မဝင်ရောက်ရသေးသော နတ်သားရဲများက လုံးဝတုံ့ဆိုင်းမနေဘဲ အပြင်သို့ ပြေးထွက်လာကြသည်။
မကြာမီ ၎င်းတို့၏ ခန္ဓာကိုယ်က ရေကန်ထဲမှ ထွက်ပေါ်လာသည့်အခါ မရေမတွက်နိုင်သော နတ်ဘုရားအလင်းသံကြိုးများက ၎င်းတို့ကို ရစ်ပတ်ချုပ်နှောင်လိုက်ကြသည်။
ရေကန်ထဲတွင် နတ်သားရဲဝိညာဉ်များက အပြင်သို့ တစ်ကောင်ပြီးတစ်ကောင် ထွက်လျှောက်လာကြသည်။
ထိုအကြွင်းအကျန်ဝိညာဉ်များ၏ အနောက်တွင် ရွှေရောင်လှံတစ်ချောင်း ရှိသည်။
နတ်ဘုရားသုတ်သင်ခြင်းလှံ… ။
နတ်ဘုရားသုတ်သင်ခြင်းလှံထဲတွင် မှတ်ဉာဏ်တချို့ ပြန်ရလာကြသော နတ်သားရဲဝိညာဉ်များက ထိုနတ်သားရဲများဆီသို့ ပြေးသွားကြသည်။
“ ငါတို့က ကမ္ဘာဦးလောကကို ကာကွယ်ဖို့ အသက်စတေးခဲ့ကြတာ… ”
“ ဒါပေမဲ့ မင်းတို့က ကမ္ဘာဦးလောကကို သစ္စာဖောက်ဖို့ ရွေးချယ်ခဲ့ကြတယ်… ”
“ သစ္စာဖောက်တွေ… ”
“ သစ္စာဖောက်တွေ… ”
“ သစ္စာဖောက်တွေ… ”
ကျယ်လောင်သော အော်သံက ကမ္ဘာဦးလောက၏ မိုးမြေကြားထဲမှာ ပဲ့တင်ထပ်သွားသည်။
ကမ္ဘာဦးလောကတစ်ခုလုံး အပြာရောင်မိုးတိမ်သဖွယ် ကျယ်ပြန့်သွားသည်။
ကောင်းကင်နှင့် မြေပြင်ကြားတွင် ဝမ်းနည်းဖွယ်ကောင်းသော စိတ်ဆန္ဒက ပေါ်လျှိုးလာသည်။
မရေမတွက်နိုင်သော အပြာရောင်မိုးတိမ်များက ထိုအကြွင်းအကျန်ဝိညာဉ်များပေါ်သို့ ကျဆင်းသွားကြပြီး ၎င်းတို့၏ ခန္ဓာကိုယ်ကို ဖုံးအုပ်လိုက်ကြသည်။ ထိုမိုးတိမ်များက ၎င်းတို့၏ ယိုယွင်းပျက်စီးနေသော ဝိညာဉ်ခန္ဓာကိုယ်ကို ပြန်ဖွဲ့စည်းပေးရန် ကြိုးစားလိုက်သည်။
“ ဝမ်းမနည်းနဲ့… ငါတို့က ကမ္ဘာဦးလောကရဲ့ သက်ရှိတွေ… ကမ္ဘာဦးလောကမရှိရင် ငါတို့က ဘယ်လိုလုပ် မွေးဖွားလာမှာလဲ ”
“ ငါတို့က သေဆုံးဖို့ ကံပါလာပြီးသား… ကမ္ဘာဦးလောကသာ ဆက်ပြီး တည်ရှိနိုင်မယ်ဆိုရင် ငါတို့တွေ ပြန်မွေးဖွားနိုင်လိမ့်မယ် ”
သွမ့်ဟူရေကန်ထဲမှ ပြေးထွက်လာကြသော အကြွင်းအကျန်ဝိညာဉ်များက ထွက်ပြေးနေကြသော နတ်သားရဲများကို လိုက်ဖမ်းကြသည်။
နောက်အခိုက်အတန့်မှာ ထိုဝိညာဉ်များက မူလစွမ်းအားအဖြစ် အရည်ပျော်သွားကြပြီး ကမ္ဘာဦးလောကကို အားဖြည့်ပေးလိုက်သည်။
ပမာဏများပြားသော မူလစွမ်းအားကို ပြန်ရရှိသွားသည့်အခါ ကမ္ဘာဦးလောက၏ မိုးမြေစွမ်းအားက တစ်ဟုန်ထိုး တိုးမြှင့်သွားသည်။
မည်သို့ဖြစ်ပါစေ ရှေးခေတ်မှာ ထိုနတ်သားရဲဝိညာဉ်များက ကမ္ဘာဦးလောက၏ အထွတ်အထိပ်နတ်သားရဲများ ဖြစ်ခဲ့ကြသည်။ ၎င်းတို့ထဲမှာ ကမ္ဘာဦးအုပ်ချုပ်သူများနှင့် မူလအုပ်ချုပ်သူများပင် ပါရှိကြသည်။
အပြာရောင်အလင်းတန်းက သွမ့်ဟူရေကန်ထဲမှ မြှောက်တတ်လာပြီး လောကတစ်ခွင် ပျံ့နှံ့သွားသည်။
သွမ့်ဟူရေကန်ထဲမှ ပြေးထွက်လာကြသော နတ်သားရဲများက အကျဉ်းချခံလိုက်ကြရပြီး အက်ကွဲသွားကြသည်။
“ ပြေးကြဟေ့ ”
စောစောက ဟန်မူယဲ့ကို ဝိုင်းရံထားကြသော အုပ်ချုပ်သူနတ်သားရဲများက နောက်ထပ် ဆက်မနေဝံ့ကြတော့ဘဲ အမြန်ထွက်ပြေးသွားကြသည်။
ထိုအခိုက်အတန့်မှာ ဓားကိုင်ထားသော ဟန်မူယဲ့က လှုပ်ရှားလိုက်သည်။ သူ၏ ပုံရိပ်က အုပ်ချုပ်သူနတ်သားရဲတစ်ကောင်၏ အရှေ့မှာ ထွက်ပေါ်လာသည်။
၎င်းက ခေါင်းကိုးလုံးမြွေ ဖြစ်သည်။
“ ရှဲ ရှဲ ”
ခေါင်းကိုးလုံးမြွေက နှာမှုတ်လိုက်ပြီး ဟန်မူယဲ့ကို ဆုတ်ဖြဲပစ်ရန် ကြိုးစားလိုက်သည်။
၎င်း၏ ခေါင်းကိုးလုံးက လေ၊ မိုးကြိုး၊ ရေ၊ မီး၊ မြေကြီး၊ သတ္ထု၊ သစ်သား အစရှိသော မူလဒြပ်စင်တစ်မျိုးစီကို ကိုယ်စားပြုသည်။ ဤအခိုက်အတန့်မှာ ၎င်းက နှာမှုတ်လိုက်လေရာ ဒြပ်စင်လေပွေကိုးခုက ဟင်းလင်းပြင်ထဲမှာ တစ်ပြိုင်နက် ထွက်ပေါ်လာကြသည်။
မူလစွမ်းအားကိုးမျိုးက အချင်းချင်း ယှက်ထွေသွားကြသည့်အခါ ဟန်မူယဲ့၏ ဘေးပတ်ဝန်းကျင်မှ လေဟာနယ်က အကျဉ်းချခံလိုက်ရသည်။
သို့သော်လည်း ခေါင်းကိုးလုံးမြွေက ဆက်လက် မတိုက်ခိုက်ဘဲ အနောက်လှည့်ပြီး ထွက်ပြေးသွားသည်။
ဟန်မူယဲ့က သွေးမျိုးဆက်နှစ်ခု၏ မူလအုပ်ချုပ်သူဖြစ်လေရာ ၎င်းရင်ဆိုင်နိုင်သောလူ မဟုတ်ပေ။
မူလစွမ်းအားကိုးမျိုးဖြင့် ချုပ်နှောင်ခံထားရစဉ် ဟန်မူယဲ့၏ ဓားက အေးစက်စက်အလင်း တောက်ပလာသည်။
ဓားအလင်းရောင် ဝင်းလက်သွားသည့်အခိုက် သူ့အရှေ့မှ မိုးမြေက အစိတ်စိတ်အမွှာမွှာ အက်ကွဲသွားသည်။
ဤအခိုက်အတန့်မှာ သူ၏ ဓားတာအိုစွမ်းအားက ကမ္ဘာဦးလောကထက် သာလွန်သွားသည်။ သို့ဖြစ်၍ ကမ္ဘာဦးလောကထဲမှ မည်သည့်စွမ်းအားမှ သူကို မချုပ်နှောင်တော့ပေ။
“ ဝီး ”
ခေါင်းကိုးလုံးမြွေ ထုတ်လွှတ်ခဲ့သော မူလစွမ်းအားကိုးမျိုးက ဓားအလင်းအောက်မှာ အစိတ်စိတ်အမွှာမွှာ အက်ကွဲသွားသည်။ ထိုမျှသာ မဟုတ်ပေ။ အေးစက်မှုကိန်းဝပ်နေသော ဓားအလင်းက အသည်းအသန် ထွက်ပြေးနေသော အဝေးမှ ခေါင်းကိုးလုံးမြွေနောက်သို့ လိုက်သွားသည်။
ဓားအလင်းမရောက်လာမီ ခေါင်းကိုးလုံးမြွေ၏ အကြေးခွံများက ပေါက်ကွဲသွားပြီး ၎င်း၏ ခန္ဓာကိုယ်က စတင်အရည်ပျော်သွားသည်။
ခေါင်းကိုးလုံးမြွေက ကြောက်လန့်သွားသည်။ ၎င်းက ဆွဲငင်စွာ အော်မြည်လိုက်လေရာ ၎င်း၏ ဦးခေါင်းလေးလုံးက ပေါက်ကွဲသွားပြီး မူလစွမ်းအားက အလင်းအကာအကွယ်အဖြစ် ပြောင်းလဲသွားကာ ဓားအလင်းကို ခုခံတားဆီးလိုက်သည်။
“ ရွှီး ”
အလင်းအကာအကွယ်က ဓားအလင်းကြောင့် မဖျက်ဆီးခံရမီ တစ်စက္ကန့်မျှသာ တောင့်ခံနိုင်ခဲ့သည်။
အနည်းငယ် အားနည်းသွားသော ဓားအလင်းက အရှေ့သို့ ဆက်လက် ပျံသန်းသွားပြီး ခေါင်းကိုးလုံးမြွေ၏ ခန္ဓာကိုယ်ကို နှစ်ခြမ်းခွဲလိုက်သည်။
ခေါင်းကိုးလုံးမြွေက အပြင်းအထန် တုန်ယင်သွားသည်။ ၎င်း၏ ခန္ဓာကိုယ်တစ်ခြမ်းက သွေးမျိုးဆက်ကျောက်တုံးများအဖြစ် ပြောင်းလဲသွားစဉ် တခြားခန္ဓာကိုယ်တစ်ခြမ်းက ထွက်ပြေးရန် ကြိုးစားလိုက်သည်။
သို့သော်လည်း ထိုခန္ဓာကိုယ်တစ်ခြမ်းက ပေတစ်ထောင်အကွာအဝေးသို့ ထွက်ပြေးသွားပြီးနောက် အပိုင်းပိုင်းအစစ အက်ကွဲသွားသည်။
မရေမတွက်နိုင်သော သွေးမျိုးဆက်ကျောက်တုံးများက ကောင်းကင်ပေါ်မှ ကျဆင်းလာလေရာ လေထဲမှ သွေးမြူခိုးက ပိုပြီးသိပ်သည်းသွားသည်။
နတ်သားရဲများ ဆက်တိုက် သေကြေပျက်စီးသွားကြသည့်အခါ အော်ဟစ်သံများနှင့် ငိုကြွေးသံများက လေထဲမှာ ပြည့်နှက်သွားသည်။
“ တကယ်လို့ သူသာ စိတ်ဓာတ်ပြတ်သားပြီး ခေါင်းကိုးလုံးစလုံးကို ဖောက်ခွဲခဲ့မယ်ဆိုရင် သူ့ရဲ့ ခန္ဓာကိုယ်နဲ့ လွတ်မြောက်နိုင်လောက်တယ် ”
“ မူလအုပ်ချုပ်သူတစ်ပါးရဲ့ ဓားအလင်းကို ဦးခေါင်းလေးလုံးနဲ့ တားဆီးဖို့ ကြိုးစားရဲတယ်… အဲ့ဒီကောင်က အရမ်းမာနကြီးလွန်းတယ် ”
အနီးနားမှ အုပ်ချုပ်သူနတ်သားရဲများက နူးညံ့စွာ သက်ပြင်းချလိုက်ကြပြီး အနောက်ဆုတ်သွားကြသည်။
မည်သူမှ ဟန်မူယဲ့နှင့် ထိပ်တိုက် မရင်ဆိုင်ဝံ့ကြချေ။
အရပ်မျက်နှာပေါင်းစုံတွင် အုပ်ချုပ်သူနတ်သားရဲများက ပရမ်းပတာ ထွက်ပြေးသွားကြသည်။ ခွန်ပန်နှင့် တခြားအုပ်ချုပ်သူနတ်သားရဲများက ၎င်းတို့ကို ဝိုင်းရံပိတ်ဆို့ထားကြသော်လည်း အပြည့်အဝ မဟန့်တားနိုင်ခဲ့ကြပေ။
အုပ်ချုပ်သူနတ်သားရဲများကြားတွင် ခွန်အားကွာခြားမှုက သိပ်မကွာခြားပေ။ သို့ဖြစ်၍ အုပ်ချုပ်သူနတ်သားရဲတစ်ကောင်၏ ထွက်ပြေးမှုကို ဟန့်တားရန် မလွယ်ကူပေ။
၎င်းတို့ကို ဟန်မူယဲ့ကဲ့သို့ အစွမ်းထက်ပုဂ္ဂိုလ်ကသာ တားဆီးနိုင်လိမ့်မည်။
“ သူတို့က ကမ္ဘာဦးလောကကနေ ထွက်ပြေးချင်နေတယ် ”
ကောင်းကင်ယံတွင် ရွှေရောင်ဖီးနစ်က အော်ပြောသည်။
တခြားအုပ်ချုပ်သူနတ်သားရဲများနှင့် အစွမ်းထက်နတ်သားရဲမျိုးနွယ်စုများ အတူတကွ စုဝေးလိုက်ကြသည့်အခါ ၎င်းတို့၏ အရှိန်အဝါက ပိုပြီးကြီးမားလာပြီး ပိုပြီးသိမ်မွေ့နက်နဲလာသည်။
အုပ်ချုပ်သူနတ်သားရဲများ ထွက်ခွာသွားကြသည်နှင့် ကမ္ဘာဦးလောက၏ မူလစွမ်းအားက လျော့နည်းသွားလိမ့်မည်။
အကယ်၍ မူလစွမ်းအား ဆုံးရှုံးမှုက အလွန်ကြီးမားမည်ဆိုလျှင် ကမ္ဘာဦးလောက၏ အဆင့်အတန်းက နိမ့်ကျသွားလိမ့်မည်။
လက်ရှိအချိန်မှာ ကမ္ဘာဦးလောက၏ စွမ်းအားက အဆက်မပြတ် မြင့်တတ်နေသော်လည်း အခြားတစ်ဖက်တွင် ကမ္ဘာဦးလောက၏ စွမ်းအားဆုံးရှုံးမှုက အတော်လေး ကြီးမားနေဆဲပင်။
ဟန်မူယဲ့က အောက်ဘက်မှ သွမ့်ဟူရေကန်ကို ကြည့်လိုက်သည်။
သူက လက်ထဲမှ ဓားကို ဖြည်းဖြည်းချင်း မြှောက်လိုက်သည်။
“ ဝှီး ”
ဓားအလင်းက မိုင်တစ်သန်းအကွာအဝေးဆီသို့ အလျားလိုက် ဖြတ်သန်းသွားသည်။
ထို့နောက် သွမ့်ဟူရေကန်က နှစ်ခြမ်းကွဲထွက်သွားလေရာ မရေမတွက်နိုင်သော အဖြူရောင်အရိုးများက ထင်ရှားစွာ ထွက်ပေါ်လာကြသည်။
ရေကန်ထဲမှာ နှစ်ထောင်ပေါင်းများစွာ နေထိုင်ခဲ့ကြသော နတ်သားရဲဝိညာဉ်များက မရေမတွက်နိုင်သော သွေးမျိုးဆက်ကျောက်တုံးများ၊ မဟာပန်သွန်ကျောက်တုံးများနှင့်အတူ အပြင်မှာ ပေါ်ထွက်လာကြသည်။
ပုံရိပ်ယောင်လောက အက်ကွဲသွားသည့်အခါ နတ်သားရဲများနှင့် လူသားမျိုးနွယ်စစ်တပ်က အပြင်သို့ ပြန်ထွက်လာကြသည်။
သွေးမျိုးဆက်ကျောက်တုံးများနှင့် မဟာပန်သွန်ကျောက်တုံးများကို သွမ့်ဟူရေကန်ထဲမှာ ရှာဖွေရန် အလွန်ခဲယဉ်းသည်။ သို့ဆိုလျှင် မည်သို့ကြောင့် ကောင်းကင်ရင်းမြစ်စုဝေးပွဲကို သွေးမျိုးဆက်ကျောက်တုံးများနှင့် မဟာပန်သွန်ကျောက်တုံးများအား ရှာဖွေပွဲအဖြစ် တိုက်ရိုက် မပြောင်းလဲပစ်ရမည်နည်း။
ဤအခိုက်အတန့်မှာ သွေးမျိုးဆက်ကျောက်တုံးများနှင့် မဟာပန်သွန်ကျောက်တုံးများက ကောင်းကင်တစ်ခွင် ပြန့်ကျဲသွားကြလေရာ မရေမတွက်နိုင်သော နတ်သားရဲဝိညာဉ်များနှင့် သက်ရှိများက ပါးစပ်အဟောင်းသားဖြစ်သွားကြသည်။
အတိတ်မှာ ကောင်းကင်ရင်းမြစ်စုဝေးပွဲ ကျင်းပသည့်အခါတိုင်း ၎င်းတို့က သွေးမျိုးဆက်ကျောက်တုံးအနည်းငယ်နှင့် မဟာပန်သွန်ကျောက်တုံးအနည်းငယ်ကိုသာ ရိတ်သိမ်းနိုင်ခဲ့ကြသည်။ ယင်းက ယခုထွက်ပေါ်လာသော အရေအတွက်၏ အပုံတစ်ထောင်ပုံတစ်ပုံပင် မရှိပေ။
သို့ဖြစ်၍ ဤအခိုက်အတန့်မှာ ကောင်းကင်တစ်ခွင် ပြည့်နှက်နေသော သွေးမျိုးဆက်ကျောက်တုံးများကို မြင်သွားသောအခါ လူတိုင်း၏ မျက်လုံးထဲမှာ လောဘအရိပ်အယောင် ထွက်ပေါ်လာသည်။
လေထဲမှာ လွင့်မျောနေကြသော ဝိညာဉ်နတ်သားရဲများက အန္တရာယ်ရှိသည်ဆိုလျှင်ပင် ၎င်းတို့က သွေးမျိုးဆက်ကျောက်တုံးများနှင့် မဟာပန်သွန်ကျောက်တုံးများအတွက် အသက်ကို စွန့်စားရန် ဆန္ဒရှိကြပေသည်။
ကမ္ဘာဦးနတ်သားရဲများက အသိဉာဏ်ပိုင်ဆိုင်ထားကြသော်လည်း သွေးမျိုးဆက်နှင့် စွမ်းအား၏ သွေးဆောင်မှုနှင့် ရင်ဆိုင်ရသောအခါ ၎င်းတို့၏ နှလုံးသားထဲမှ လိုအင်ဆန္ဒကို မထိန်းချုပ်နိုင်ကြတော့ချေ။
လူသားမျိုးနွယ်နှင့် မဟာမိတ်ဖွဲ့ရန် သဘောတူထားကြသော မျိုးနွယ်စုများဖြစ်စေ သို့မဟုတ် ကမ္ဘာဦးလောကကို သစ္စာဖောက်ရန် ကြံရွယ်ထားကြသော နတ်သားရဲမျိုးနွယ်စုများဖြစ်စေ ဤအခိုက်အတန့်မှာ ၎င်းတို့အားလုံးက မဟာပန်သွန်ကျောက်တုံးများနှင့် သွေးမျိုးဆက်ကျောက်တုံးများဆီသို့ စတင်ပြေးသွားကြသည်။
အစောနက ကမ္ဘာဦးလောကထဲမှ ထွက်ပြေးရန် ကြိုးစားခဲ့ကြသော အုပ်ချုပ်သူနတ်သားရဲများသည်ပင် ဖြည်းဖြည်းချင်း ရပ်တန့်လိုက်ကြသည်။
ဟန်မူယဲ့၏ အနောက်တွင် မူလအုပ်ချုပ်သူခန္ဓာကိုယ်ကိုးခု ထွက်ပေါ်လာကြသည်။
တစ်စုံတစ်ယောက်က ထိုထဲမှ မူလအုပ်ချုပ်သူခန္ဓာကိုယ်တစ်ခုကို သိမ်းပိုက်နိုင်မည်ဆိုလျှင် သွေးမျိုးဆက်တစ်ခု၏ မူလအုပ်ချုပ်သူတစ်ပါး ဖြစ်လာလိမ့်မည်။
မဟာအခွင့်အရေးကို လက်လွှတ်မည်လော သို့မဟုတ် သိမ်းပိုက်မည်လော။