← Chapters

အခန်း (၁၅၆၁-၁၅၆၃)

Vol. 112 Ch. 1561-1563

အခန်း (၁၅၆၁-၁၅၆၃)

Vol. 112 Ch. 1561-1563

အခန်း(၁၅၆၁)

“ ဟန်မူယဲ့… မိုးမြေစွမ်းအားက ထိန်းချုပ်မရတော့ဘဲ မတည်မငြိမ်ဖြစ်နေတယ်… ကမ္ဘာဦးလောကရဲ့ အခြေခံအုတ်မြစ်က ဟန်ချက်မညီတော့တဲ့ပုံပဲ… အဲ့တော့ အခု ငါတို့ ဘာဆက်လုပ်ကြမလဲ ”

မူလအုပ်ချုပ်သူခန္ဓာကိုယ်ကို သန့်စင်ပြီးသော ခွန်ပန်က ဟန်မူယဲ့ဆီသို့ ပျံသန်းလာပြီး တည်ကြည်လေးနက်စွာ ပြောသည်။

မူလအုပ်ချုပ်သူခန္ဓာကိုယ်ကို သန့်စင်ပြီးကြသော တခြားအုပ်ချုပ်သူနတ်သားရဲများသည်လည်း ဟန်မူယဲ့ဆီသို့ ရောက်လာကြသည်။ ၎င်းတို့က စိုးရိမ်ကြောင့်ကြသော အမူအရာဖြင့် ဟန်မူယဲ့ကို ကြည့်လိုက်ကြသည်။

ကမ္ဘာဦးလောက၏ အခြေခံအုတ်မြစ်က ဟန်ချက်ပျက်သွားပြီး မူလစွမ်းအားကို နောက်ထပ် မထိန်းချုပ်နိုင်တော့ခြင်းက အရေးကြီးပြဿနာတစ်ခု ဖြစ်သည်။

အဘယ့်ကြောင့်ဆိုသော် ထိုအတိုင်း ဆက်သွားမည်ဆိုလျှင် ကမ္ဘာဦးလောကက မကြာခင် ပျက်စီးသွားလိမ့်မည်။

ကမ္ဘာဦးလောကနှင့် ရှေးဦးအပျက်အစီးကုန်းမြေ၏ ပေါင်းစည်းမှုက ဖြည်းဖြည်းချင်း လုပ်ဆောင်နေခြင်း မဟုတ်ပေ။ ယင်းက ဟန်မူယဲ့၏ ဓားချက်ကြောင့် အဆပေါင်းများစွာ အရှိန်တိုးမြှင့်သွားခဲ့သည်။ သို့တိုင် ယင်းက နတ်ဘုရားရင်းမြစ်ကောင်းကင်နန်းတော်၏ အကြံအစည်များနှင့် ကမ္ဘာဦးလောက၏ အကြံအစည်များကို ဖျက်ဆီးပစ်ခဲ့သည်။

ဟန်မူယဲ့က ခေါင်းမော့လိုက်ပြီး ကောင်းကင်ကို ကြည့်လိုက်သည်။ ထို့နောက် သူက သွမ့်ဟူရေကန်၏ အောက်ခြေကို ကြည့်လိုက်သည်။

ကျူးရုန်နှင့် ကုန်းကုန်းသည်လည်း ဟန်မူယဲ့၏ အကြည့်နောက်သို့လိုက်၍ သွမ့်ဟူရေကန်ကို ကြည့်လိုက်ကြသည်။ ထိုအခါ အံ့ဩမှုက သူတို့၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

“ အဲ့ဒါ… သွမ့်ဟူရေကန်ထဲက ရေက ဘယ်လိုလုပ် ရွှေနီရောင်ကို ပြောင်းလဲသွားတာလဲ ”

ဤအခိုက်အတန့်မှာ သွမ့်ဟူရေကန်ထဲမှ ရေက မည်သူမှ သတိမထားမိခင် ရွှေနီရောင်သို့ ပြောင်းလဲသွားသည်။

ရေက တအိအိလှိုင်းထသွားလေရာ အဆုံးမဲ့သော စွမ်းအားက ရေကန်ထဲမှ ပေါ်လျှိုးလာဟန် ရ၏။

ခွန်ပန်က မျက်မှောင်ကြုတ်လိုက်သည်။ ၎င်းက ကောင်းကင်ပေါ်သို့ ပျံတတ်သွားပြီး ရွှေရောင်ဂဠုန်အဖြစ် အသွင်ပြောင်းလဲလိုက်သည်။ ထို့နောက် ၎င်းက ဧရာမအတောင်ပံကြီးများကို ဖြန့်ထုတ်၍ အောက်သို့ ရိုက်ချလိုက်သည်။

“ ဗုန်း ”

သွမ့်ဟူရေကန်ထဲတွင် ရွှေရောင်အလင်းတန်းတချို့ ထွက်ပေါ်လာပြီး ခွန်ပန်၏ ဧရာမအတောင်ပံများကို တားဆီးလိုက်သည်။ တစ်ဆက်တည်းမှာ ရွှေရောင်အလင်းတန်းများက ၎င်း၏ ဧရာမခန္ဓာကိုယ်တစ်လျှောက် ပျံ့နှံ့သွားကြသည်။

ခွန်ပန်က ဟန်မူယဲ့၏ ဘေးသို့ အကြမ်းပတမ်း ပြုတ်ကျသွားသည်။ ၎င်း၏ မျက်နှာက တည်ကြည်သွားပြီး ကြောက်ရွံ့မှုအရိပ်အမြွက်က ၎င်း၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

ယခု ၎င်းက သွေးမျိုးဆက်တစ်ခုကို အမိန့်ပေးနိုင်သော မူလအုပ်ချုပ်သူစွမ်းအားကို ပိုင်ဆိုင်ထားလေရာ ကမ္ဘာဦးလောက၏ ကောင်းကင်ဘုံတာအိုသည်ပင် ၎င်းကို အလွယ်တကူ အနိုင်မယူနိုင်ပေ။

ရေကန်ထဲမှာ ဘယ်လိုအရာ တည်ရှိနေတာလဲ… ။

နောက်အခိုက်အတန့်မှာ ရေကန်ထဲမှ ရေက ပွက်ပွက်ဆူသွားပြီး ပိုမိုများပြားသော ရွှေရောင်နတ်ဘုရားအလင်းတန်းများက ရေကန်ထဲမှ ပေါ်လျှိုးလာကြသည်။

ရှေးဦးအပျက်အစီးကုန်းမြေ၏ စွမ်းအားနှင့် ပေါင်းစည်းနေသော ကမ္ဘာဦးလောက၏ မူလစွမ်းအားက ထိုရွှေရောင်အလင်းတန်းများနှင့် ရင်ဆိုင်ရသောအခါ ကြောက်လန့်သွားပြီး တုန်ယင်သွားသည်။

ယဇ်ပလ္လင်… ။

ရေကန်ထဲတွင် ယဇ်ပလ္လင်တစ်ခုက ဖြည်းဖြည်းချင်း ထွက်ပေါ်လာသည်။

ယဇ်ပလ္လင်က သာမန်ဖြစ်ဟန်ရသော်လည်း ထိုယဇ်ပလ္လင် ထွက်ပေါ်လာသည့်အခိုက် ကမ္ဘာဦးလောကတစ်ခုလုံး ပရမ်းပတာ တုန်ယင်သွားသည်။ ဤသည်မှာ မိုးမြေကို ဝါးမျိုဖျက်ဆီးနိုင်သော ရှေးဟောင်းသားရဲတစ်ကောင်က အိပ်မောကျနေရာမှ ပြန်နိုးထလာသည့်အလားပင်။

“ အဲ့ဒီယဇ်ပလ္လင်ရဲ့ ဇစ်မြစ်က ဘာလဲ… အကြည့်နဲ့တောင် ငါ့ရဲ့ ဝိညာဉ်က တုန်လှုပ်သွားတယ် ”

ဟန်မူယဲ့၏ ဘေးမှာ မတ်တတ်ရပ်နေသော ကုန်းကုန်းက အံ့ဩသော အကြည့်ဖြင့် ပြောသည်။

သွမ့်ဟူရေကန်အောက်တွင် လူသားမျိုးနွယ်၏ တိုက်ပွဲဝင်္ကပါများက အပြင်သို့ ပြန်ထွက်လာကြသည်။ ယခု လူတိုင်းက မတ်တတ်ရပ်ရန်ပင် မနည်းကြိုးစားနေရသည်။

အရပ်မျက်နှာအသီးသီး၌ ထွက်ပြေးနေကြသော နတ်သားရဲများက မလှုပ်ရှားနိုင်ကြတော့ချေ။

“ ဒဏ္ဍာရီတွေအရ သွမ့်ဟူရေကန်ထဲမှာ ချိပ်ပိတ်ထားတဲ့ ယဇ်ပလ္လင်တစ်ခုရှိတယ်လို့ ပြောကြတယ်… တကယ်လို့ အဲ့ဒီယဇ်ပလ္လင်ရဲ့ ချိပ်တံဆိပ် ပျက်စီးသွားတဲ့အခါကျရင် ကမ္ဘာဦးလောကရဲ့ အမွေအနှစ်တွေ ဖျက်ဆီးခံရလိမ့်မယ်တဲ့… ”

ခွန်ပန်၏ ဘေးတွင် မူလအုပ်ချုပ်သူခန္ဓာကိုယ်တစ်ခုကို သန့်စင်ထားသော မိုးပြာရောင်နဂါးက အရှေ့သို့ ထွက်လျှောက်လာရင်း ပြောသည်။ စကားပြောနေစဉ် ဝမ်းနည်းကြွေကွဲသော အမူအရာက ၎င်း၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။

၎င်း၏ စကားက ဘေးပတ်ဝန်းကျင်မှ နတ်သားရဲအများအပြားကို ဝမ်းနည်းကြေကွဲသွားစေသည်။

၎င်းတို့၏ မှတ်ဉာဏ်များထဲတွင် ထိုယဇ်ပလ္လင်နှင့်ပတ်သက်သော ဒဏ္ဍာရီများ ရှိသည်။

“ ဝူး ”

သွမ့်ဟူရေကန်ထဲတွင် အကြွင်းအကျန်နတ်သားရဲဝိညာဉ်များ စတင်ထွက်ပေါ်လာကြသည်။

မိုးပြာရောင်နဂါး၊ ရွှေရောင်ဖီးနစ်၊ ရွှမ်ဝူလိပ်၊ နဂါးမီကျောင်း၊ ခွေသားရဲ…

အစရှိသော နတ်သားရဲဝိညာဉ်များက ကျယ်လောင်စွာ ဟိန်းဟောက်လိုက်ကြပြီး ယဇ်ပလ္လင်ကို ဖျက်ဆီးရန် ကြိုးစားလိုက်ကြသည်။

သို့သော်လည်း ယခုအချိန်မှာ ကမ္ဘာဦးလောက၏ မူလစွမ်းအားက ထိန်းချုပ်မှုကင်းလွတ်နေလေရာ ၎င်းတို့၏ တိုက်ပွဲစွမ်းအားက ကြီးကြီးမားမား ယုတ်လျော့သွားသည်။

ကမ္ဘာဦးလောကထံမှ မူလစွမ်းအား၏ အထောက်အပံ့မရှိသည့်အခါ ထိုဝိညာဉ်များက ယဇ်ပလ္လင်နားသို့ ချဉ်းကပ်ရန်ပင် အခွင့်အရေးမရှိကြချေ။

ယဇ်ပလ္လင်၏ အပြင်ဘက်မှ ဝိညာဉ်အလင်းက ထိုအကြွင်းအကျန်ဝိညာဉ်များကို တိုက်ရိုက် တားဆီးပိတ်ဆို့လိုက်သည်။

“ မင်းတို့ ဘာကို စောင့်နေတာလဲ… ဒီမဟာပန်သွန်ယဇ်ပလ္လင် ပွင့်သွားတဲ့အခါကျရင် ကမ္ဘာဦးလောကရဲ့ အမွေအနှစ်တွေ ဖျက်ဆီးခံရလိမ့်မယ် ”

“ ကမ္ဘာဦးလောကရဲ့ အမွေအနှစ်တွေ ဖျက်ဆီးခံရတာကို မင်းတို့ မြင်ချင်နေတာလား… ကမ္ဘာဦးလောကရဲ့ အရင်းအမြစ်တွေ အချိန်မြစ်ထဲမှာ ထာဝရပျောက်ကွယ်သွားမှာကို မင်းတို့ လိုချင်တာလား ”

“ မြန်မြန် လုပ်ဆောင်ကြ… မူလစွမ်းအင်အားလုံးကို အသက်သွင်းပြီး ဒီယဇ်ပလ္လင်ကို ချိပ်ပိတ်ပစ်… ”

ဟင်းလင်းပြင်ထဲတွင် ထိုအကြွင်းအကျန်ဝိညာဉ်များက မလှုပ်မယှက်ရပ်နေကြသော နတ်သားရဲများကို ကြည့်လိုက်ပြီး အော်ပြောလိုက်သည်။

ထိုနတ်သားရဲများက ၎င်းတို့၏ နောင်သားမျိုးဆက်များဖြစ်ကြသည်။

“ ကမ္ဘာဦးလောကက ပျက်စီးတော့မှာလား ”

ခွန်ပန်က နူးညံ့စွာ တီးတိုးရေရွတ်လိုက်သည်။

ဤအခိုက်အတန့်မှာ ၎င်းက စိတ်ရှုပ်ထွေးသော အမူအရာဖြင့် ကောင်းကင်ကို မော့ကြည့်လိုက်သည်။

မိုးမြေကြားထဲတွင် မရေမတွက်နိုင်သော မူလစွမ်းအားများက အတူတကွ ယှက်ထွေသွားနေကြသည်။

အကယ်၍ ယခင်ကဆိုလျှင် ၎င်းက ကမ္ဘာဦးလောကအတွက် ကိုယ့်ကိုယ်ကိုယ် စတေးရန် တုံ့ဆိုင်းနေလိမ့်မည် မဟုတ်ချေ။

သို့သော် ယခုအချိန်မှာ ကမ္ဘာဦးလောကက သက်ရှိများအပေါ် မတရားစွာ ဆက်ဆံခဲ့ကြောင်း ၎င်းသိသွားသည်။

ကမ္ဘာဦးလောကက သက်ရှိအားလုံးကို နယ်ရုပ်များသဖွယ် တစ်ချိန်လုံး အသုံးချနေခဲ့ခြင်း ဖြစ်သည်။

သို့ဖြစ်လေရာ ကမ္ဘာဦးလောကက ၎င်းအသက်စွန့်၍ ကာကွယ်ရန် ထိုက်တန်ပါသလော။

ဤအခိုက်အတန့်မှာ နတ်သားရဲအားလုံးနှင့် အုပ်ချုပ်သူအားလုံးက တူညီသော အတွေးကို တွေးနေကြသည်။ မည်သို့ဖြစ်ပါစေ ၎င်းတို့က ကမ္ဘာဦးလောကကို ကာကွယ်ရန် ကြီးမားသော စတေးမှုကို ပြုလုပ်ခဲ့ပြီးပြီ ဖြစ်သည်။

“ ဆရာဟန်… ခင်ဗျားထွက်သွားသင့်တယ် ”

ထိုစဉ် အသံတစ်သံက ဟန်မူယဲ့၏ ဘေးမှ ထွက်ပေါ်လာသည်။

အနီရောင်မီးတောက်ချပ်ဝတ်ကို ဝတ်ဆင်ထားသော ကျူးရုန်က ဟန်မူယဲ့ကို ကြည့်လိုက်ပြီး တည်ကြည်လေးနက်စွာ ပြောသည်။

“ တခြားမျိုးနွယ်စုတွေ ဘယ်လိုစဉ်းစားကြပါစေ ကျုပ်တို့ရဲ့ လူသားမျိုးနွယ်က ကမ္ဘာဦးလောကမှာ မွေးဖွားလာခဲ့ပြီး ကမ္ဘာဦးလောကမှာ ရှင်သန်ခဲ့ကြတာပါ ”

“ ဒီနေ့… ကမ္ဘာဦးလောကအတွက် ကျုပ်တို့ရဲ့ အသက်ကို စတေးမယ် ”

ကျူးရုန်က လှံကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ပြီး ဟန်မူယဲ့ကို အရိုအသေပေးလိုက်သည်။ ထို့နောက် သူက ကျယ်လောင်စွာ အော်ပြောလိုက်ပြီး ပေတစ်သောင်းရှည်လျားသော မီးတောက်စစ်ဗိုလ်ချုပ်ပုံရိပ်ကို ဖွဲ့စည်းလိုက်သည်။

သူက အရှေ့သို့ ပြေးထွက်သွားပြီး မဟာပန်သွန်ယဇ်ပလ္လင်ဆီသို့ ဦးတည်သွားသည်။

သူ၏ အနောက်တွင် မရေမတွက်နိုင်သော လူသားကျင့်ကြံသူများက လိုက်ပါလာကြပြီး တိုက်ပွဲဝင်္ကပါများကို ဖွဲ့စည်းလိုက်ကြသည်။ သူတို့အားလုံးက ယဇ်ပလ္လင်ဆီသို့ ဦးတည်သွားကြသည်။

ယဇ်ပလ္လင်ပေါ်တွင် နတ်ဘုရားအလင်းက မရေမတွက်နိုင်သော သံကြိုးများကို ဖွဲ့စည်းလိုက်သည်။ ထို့နောက် နတ်ဘုရားသံကြိုးများက လူသားများကို ရစ်ပတ်ချုပ်နှောင်လိုက်ပြီး သူတို့ကို အတင်းအဓမ္မ ဆွဲခေါ်လိုက်သည်။

ယဇ်ပလ္လင်၏ စွမ်းအားနှင့် နှိုင်းယှဉ်လျှင် ကျူးရုန်ဖြစ်စေ သို့မဟုတ် တိုက်ပွဲဝင်္ကပါများဖြစ်စေ ယင်းတို့အားလုံးက အလွန်သေးနုတ်ကြသည်။ သူတို့က လုံးဝ မခုခံနိုင်ကြချေ။

“ အရှေ့ကို ချီတတ်ကြ ”

သို့သော်လည်း လူသားမျိုးနွယ်၏ တိုက်ပွဲဝင်္ကပါများက ယဇ်ပလ္လင်ဆီသို့ တစ်ဟုန်ထိုး ချီတတ်သွားနေကြသည်။

ဟင်းလင်းပြင်ထဲတွင် အဆုံးမဲ့သော သွေးချီစွမ်းအားက လှုံ့ဆော်ခံလိုက်ရပြီး အရေအတွက်များပြားသော ရွှေရောင်စစ်ဗိုလ်ချုပ်များက ယဇ်ပလ္လင်ဆီသို့ တန်းမတ်စွာ ပြေးသွားကြသည်။

ထိုမြင်ကွင်းက မရေမတွက်နိုင်သော နတ်သားရဲများကို အံ့ဩသွားစေသည်။

၎င်းတို့ထက် အရွယ်အစား အလွန်သေးငယ်သော ထိုလူသားများက အလွန်အံ့ဖွယ်ကောင်းသော စိတ်ဓာတ်ပြတ်သားမှုကို ပိုင်ဆိုင်ထားကြသည်။

အဲ့ဒါက တကယ်ထိုက်တန်လို့လား… ။

ဟန်မူယဲ့က လေထဲမှာ မတ်တတ်ရပ်နေစဉ် တုံ့ဆိုင်းသော အမူအရာက သူ၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။ ဟန်မူယဲ့ကဲ့သို့သော ပုဂ္ဂိုလ်က ထိုသို့အမူအရာကို ထုတ်ဖော်ခြင်းသည် အလွန်ရှားပါးသည်။

နောက်ဆုံးမှာတော့ သူက အစစ်အမှန်ဝိညာဉ်အရိုးမှ ဖွဲ့စည်းထားသော ဓားကို ဖြည်းဖြည်းချင်း မြှောက်လိုက်သည်။

ဤအခိုက်အတန့်မှာ သူ၏ ခန္ဓာကိုယ်ပေါ်တွင် နတ်ဘုရားအလင်းက အဆုံးစွန်ထိ ထွန်းလင်းတောက်ပသွားသည်။

“ ကမ္ဘာဦးလောက… ဒီနေ့ ငါမင်းကို ဘုံအဆင့်ကို ပြန်ရောက်စေမယ် ”

ဓားထိပ်ဖျား၏ လမ်းညွှန်မှုကြောင့် ကမ္ဘာဦးလောကထဲမှ မူလစွမ်းအားက တစ်နေရာတည်းမှာ သိပ်သည်းသွားပြီး စုဝေးသွားသည်။

ယင်းက ကမ္ဘာဦးလောက၏ မူလဇစ်မြစ်ဖြစ်သည်။

ယင်းက ဘုံကို ဖွဲ့စည်းပေးမည့် အစမှတ်လည်း ဖြစ်သည်။

ဘုံကို ဖွဲ့စည်းပေးမည့် ကမ္ဘာဦးလောက၏ မူလဇစ်မြစ်က မဟာပန်သွန်ဘုံ၏ စွမ်းအားစုပ်ယူမှုနှင့် ထိပ်တိုက် တွေ့ဆုံသွားပြီး အပြန်အလှန် ဆန့်ကျင်လိုက်သည်။ သို့ဖြစ်၍ ကမ္ဘာဦးလောကက အစောနကကဲ့သို့ ပရမ်းပတာ မဖြစ်သွားတော့ပေ။

သို့သော်လည်း ကမ္ဘာဦးလောက၏ မူလဇစ်မြစ်ထံမှ ထောက်ပံ့မှုက ကြာရှည်မတောင့်ခံနိုင်ကြောင်း လူတိုင်း မြင်နိုင်ကြသည်။

မဟာပန်သွန်ဘုံက အလွန်သန်မာလေရာ လက်ရှိ ကမ္ဘာဦးလောကက မဟာပန်သွန်ဘုံကို မယှဉ်နိုင်ပေ။

ယခုအချိန်မှာ ကမ္ဘာဦးလောက လိုအပ်နေသည်က အချိန်ဖြစ်သည်။

အကယ်၍ ကမ္ဘာဦးလောကက မိုးမြေစွမ်းအားကို ဆက်လက် စုဝေးနိုင်ပြီး ကမ္ဘာအများအပြားကို ဝါးမျိုနိုင်မည်ဆိုလျှင် စကြာဝဠာတစ်ခုအဖြစ် ဆင့်ကဲပြောင်းလဲသွားလိမ့်မည်။ ယင်းက ဘုံ၏ စွမ်းအားကို တည်ငြိမ်သွားစေလိမ့်မည်။

“ ဝီး ”

ကမ္ဘာဦးလောကထံမှ အပြောင်းအလဲများကို အာရုံခံမိသွားသည့်အလား မဟာပန်သွန်ဘုံ၏ စွမ်းအားစုပ်ယူမှုက ပိုပြီးအားကောင်းလာသည်။

မဟာပန်သွန်ဘုံက ကမ္ဘာဦးလောကကို အချိန်မပေးပေ။

ကမ္ဘာဦးလောကမှာ မူလဇစ်မြစ်ရှိသော်လည်း ယင်း၏ စွမ်းအားက မလုံလောက်ပေ။ ကမ္ဘာဦးလောကသည် မဟာပန်သွန်ဘုံ၏ စွမ်းအားစုပ်ယူခံရပြီး ၎င်းအတွက် အာဟာရဓာတ်ဖြစ်လာလိမ့်မည်။

ဟန်မူယဲ့က ဓားကို နောက်တစ်ကြိမ် မြှောက်လိုက်လေရာ နတ်ဘုရားအလင်းက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

သူက ဆုံးဖြတ်ချက်ချပြီးမှတော့ အဆုံးထိ လုပ်ဆောင်လိမ့်မည်။

ကမ္ဘာဦးလောကက ဘုံအဖြစ် ပြန်ရောက်သွားရမည်။

အတိတ်မှာ ကမ္ဘာဦးလောကက ပျက်စီးသွားခဲ့ပြီး အပျက်အစီးနယ်မြေများသာ ကျန်ရှိကြတော့သည်။ သို့ဖြစ်၍ ကမ္ဘာဦးလောကက စစ်မှန်သော ဘုံတစ်ခု မည်သို့ဖြစ်လာနိုင်မည်နည်း။

အကယ်၍ ဘုံတစ်ခု မဖြစ်လာဘဲ ဘုံ၏ စိတ်ဆန္ဒမရှိလျှင် ကမ္ဘာဦးလောကက ဤအခိုက်အတန့်မှာ မဟာပန်သွန်ဘုံ၏ စွမ်းအားစုပ်ယူမှုကို တွန်းလှန်နိုင်လိမ့်မည် မဟုတ်ချေ။

နောက်ဆုံးရလဒ်အနေဖြင့် ကမ္ဘာဦးလောက၏ မူလစွမ်းအားက လုံးဝ ခမ်းခြောက်သွားပြီး ပြိုကွဲပျက်စီးသွားလိမ့်မည်။ ထိုအခါကျလျှင် အသစ်ပြန်ဖွဲ့စည်းနေသော မိုးမြေက အပျက်အစီးနယ်မြေတစ်ခုအဖြစ် ပြောင်းလဲသွားလိမ့်မည်။

ဟန်မူယဲ့၏ လက်ရှိစွမ်းအားအရ သူက ကမ္ဘာဦးလောကထဲမှ ထွက်သွားနိုင်သည်။ ကမ္ဘာဦးလောက၏ မူလစွမ်းအားက သူ့ကို မတားဆီးနိုင်ပေ။

သို့သော်လည်း အကယ်၍ ယနေ့ သူထွက်သွားမည်ဆိုလျှင် ကမ္ဘာဦးလောကက သေချာပေါက် ပျက်စီးသွားလိမ့်မည်။ ထို့ပြင် ကမ္ဘာဦးလောကထဲမှ သက်ရှိများ၊ ကျူးရုန်၊ ကုန်းကုန်းနှင့် လူသားမျိုးနွယ်က သေချာပေါက် သေကြေပျက်စီးသွားကြလိမ့်မည်။ နတ်သားရဲများသည်လည်း အသက်ရှင်ရန် အခွင့်အရေးရကြလိမ့်မည် မဟုတ်ချေ။

ကမ္ဘာဦးလောက၏ ပျက်စီးမှုက အစသာ ဖြစ်၏။ ကမ္ဘာဦးလောက ပျက်စီးသွားလျှင် ကောင်းကင်ဘုံအသူရာချောက်နက်၏ အောက်ခြေမှ အပျက်အစီးနယ်မြေအားလုံးက ပြိုကွဲပျက်စီးသွားကြလိမ့်မည်။

အပျက်အစီးနယ်မြေများသည် မူလစကြာဝဠာ၏ အခြေခံအုတ်မြစ်ဖြစ်သည်။ ယင်းက အမွေအနှစ်အားလုံးကို ထိန်းသိမ်းထားသော နောက်ဆုံးနေရာလည်း ဖြစ်သည်။

အပျက်အစီးနယ်မြေမရှိလျှင် စကြာဝဠာတစ်ခုလုံး ပြာဖြစ်သွားလိမ့်မည်။

နောက်ဆုံးမှာ စကြာဝဠာကပ်ဘေးက ပေါ်လျှိုးလာပြီး မရေမတွက်နိုင်သော ကမ္ဘာများကို ဖျက်ဆီးပစ်လိမ့်မည်။

ထို့ပြင် မဟာပန်သွန်ဘုံက ကမ္ဘာဦးလောကထဲမှ မူလစွမ်းအားကို ခမ်းခြောက်အောင် စုပ်ယူပြီးလျှင် ရပ်တန့်သွားလိမ့်မည် မဟုတ်ချေ။ ၎င်းက စကြာဝဠာတစ်ခုလုံးကို ဝါးမျိုဖျက်ဆီးပစ်လိမ့်မည်။

ထို့ကြောင့် ဟန်မူယဲ့က ယခု ထွက်သွားနိုင်သော်လည်း မထွက်သွားနိုင်ပေ။ သူ၏ ထွက်ခွာမှုက အနာဂတ်ကို ပိုပြီးရှုပ်ထွေးစေလိမ့်မည်။

ထိုသို့ဆိုမှတော့ မည်သို့ကြောင့် သူက ရူးမိုက်သောအရာကို မလုပ်ဆောင်ကြည့်ရမည်နည်း။

ဘုံကို ပြန်ဖွဲ့စည်းမည်။

မဟာပန်သွန်ဘုံနှင့် ယှဉ်ပြိုင်နိုင်သည်အထိ ကမ္ဘာဦးလောကကို သန်မာလာစေမည်။

သူ၏ ဓားကို မြှောက်လိုက်သည့်အခါ ဓားအလင်းက မှိတ်တုတ်မှိတ်တုတ် လင်းလက်သွားသည်။

ထိုဓားအလင်းသည် အစောနက ရှေးဦးအပျက်အစီးကုန်းမြေ၏ မူလစွမ်းအားဇစ်မြစ်ကို ဖျက်ဆီးပစ်ခဲ့သော ဓားအလင်းထက် ပိုပြီးထက်ရှပြီး ပိုပြီးတောက်ပသည်။

ထိုဓားချက်ကို ထုတ်ဖော်လိုက်သော ပုဂ္ဂိုလ်၏ မျက်နှာသည် စောစောက ကမ္ဘာဦးမူလစွမ်းအားကို ဘုံ၏ အမြူတေအဖြစ် ပြောင်းလဲပစ်ခဲ့သော မျက်နှာထက် ပိုပြီးတည်ကြည်လေးနက်နေသည်။

ဓားကို ဆုပ်ကိုင်ထားသော လက်ထဲတွင် သွေးက ပွက်ပွက်ဆူနေသည်။

ဟန်မူယဲ့ ထိုသို့မခံစားရသည်မှာ အချိန်အတော်ကြာသွားခဲ့ပြီ ဖြစ်၏။

အခန်း(၁၅၆၂)

ကျင့်ကြံခြင်းဟူသည် အခက်အခဲများကြားမှ ရှင်သန်လွတ်မြောက်နိုင်သောအရာ ဖြစ်သည်။

“ ဘန်း ”

သူ၏ မဟာပန်သွန်ဘုံမှ ဘီလူးကိုယ်ပွားက အံ့မခန်း အရွယ်အစားထိ ကြီးထွားသွားပြီး အဆုံးမဲ့သော နတ်ဘုရားအလင်းက သူ၏ ခန္ဓာကိုယ်ပေါ်မှာ ထွက်ပေါ်လာသည်။ သူ၏ အရေပြားပေါ်တွင် ရှုပ်ထွေးနက်နဲသော မှော်သင်္ကေတများက ပြွတ်သိပ်စွာ ထွက်ပေါ်လာကြသည်။

သူ၏ လက်ထဲမှ မူလဝိညာဉ်ဓားသည်လည်း အရွယ်အစား ကြီးမားသွားသည်။ ထို့နောက် နတ်ဘုရားအင်းသင်္ကေတများ ထွက်ပေါ်လာကြသည်။ တဖြည်းဖြည်း အင်းသင်္ကေတများက ဓားကိုယ်ထည်မှတဆင့် အပြင်ဘက်မှာ စုဝေးသွားကြသည်။

“ ရွှီး ”

ဧရာမဓားက ကောင်းကင်ယံတွင် ဒေါင်လိုက် ဖြတ်သန်းသွားသည်။

ကောင်းကင်ပေါ်တွင် အဆုံးမဲ့သော အက်ကွဲကြောင်းများ ထွက်ပေါ်လာကြသည်။

အံ့မခန်း ဓားချက်နှင့်အတူ ကမ္ဘာဦးလောကတစ်ခုလုံး တိုက်ရိုက် အက်ကွဲသွားသည်။

ဟန်မူယဲ့က ကမ္ဘာဦးလောကကို အစိတ်စိတ်အမွှာမွှာ ဖြတ်တောက်ပစ်တော့မည်လား။

နတ်သားရဲအားလုံးက ထိုမြင်ကွင်းကို ခေါင်းမော့ကြည့်လိုက်ကြသည်။

ကမ္ဘာဦးလောကကို ချိုးဖြတ်ပြီး ထွက်သွားမှာလား… ။

အကယ်၍ ဟန်မူယဲ့က ကမ္ဘာဦးလောကကို ချိုးဖြတ်ပြီး ထွက်သွားမည်ဆိုလျှင် သူ၏ လုပ်ရပ်က အစောနက နတ်ဘုရားရင်းမြစ်ကောင်းကင်နန်းတော်မှ လူများနှင့် မည်သို့ကွာခြားတော့မည်နည်း။

“ ကမ္ဘာဦးလောကက ပြီးဆုံးသွားပြီ… ”

မျှော်လင့်ချက်ကုန်ဆုံးသွားသော အသံက ဟင်းလင်းပြင်ထဲမှာ ပဲ့တင်ထပ်သွားသည်။

ကောင်းကင်က အက်ကွဲသွားပြီး မူလစွမ်းအားက ဖရိုဖရဲ ပြန့်ကျဲနေသည်။ ထို့ပြင် အလွန်အားကောင်းသော ဘုံတစ်ခုက ကမ္ဘာဦးလောက၏ စွမ်းအားကို စုပ်ယူနေသည်။ မည်သူက ထိုသို့အခြေအနေကို ပြောင်းပြန်လှန်နိုင်မည်နည်း။

“ ဘာမှမလုပ်နိုင်တော့ဘူး ”

ဖီးနစ်က စိတ်ပျက်အားလျော့စွာ ခေါင်းငုံ့လိုက်သည်။

ယခုအချိန်မှာ မည်သည့်အင်အားစုက ကမ္ဘာဦးလောကကို ကယ်တင်နိုင်လိမ့်မည်နည်း။

ကမ္ဘာဦးလောကကိုယ်တိုင်ပင် ထိုသို့မလုပ်ဆောင်နိုင်ပေ။

နောက်အခိုက်အတန့်မှာ ကောင်းကင်အလွန်တွင် မိုးမြေစွမ်းအားက အထဲသို့ ဒလဟော စီးဝင်လာသည်။

ယင်းက ရှေးဦးအပျက်အစီးကုန်းမြေ၏ စွမ်းအားထက် ပိုပြီးသိပ်သည်းပြီး ပိုပြီးအားကောင်းသည်။

အလင်းရောင်တစ်ခုက မိုးမြေကို ဆုတ်ဖြဲလိုက်ပြီး ဟင်းလင်းပြင်ထဲမှာ တိုက်ရိုက် ထွက်ပေါ်လာသည်။

“ ဆရာဟန် ”

အသံတစ်သံက ဟင်းလင်းပြင်ထဲမှ ထွက်ပေါ်လာသည်။

“ တိမ်မြူဓားအင်မော်တယ် ”

“ စီနီယာအကိုကြီး ”

ပုံရိပ်တစ်ခုပြီးတစ်ခုက ဟင်းလင်းပြင်ထဲမှ ထွက်လာကြသည်။

နတ်သားရဲများ… ။

ကျင့်ကြံသူများ… ။

နတ်ဘုရားသတ်ဖြတ်ခြင်းရုပ်သေးရုပ်၊ ညီမမူဝမ်၊ ခေးအော့နတ်သားရဲ… ။

ရှေးဦးအပျက်အစီးကုန်းမြေမှတဆင့် ခွန်းဝူဆီသို့ ဝင်ရောက်သွားခဲ့ကြသော နတ်သားရဲများနှင့် ကျင့်ကြံသူများက ယခု ကမ္ဘာဦးလောကထဲမှာ ထွက်ပေါ်လာကြသည်။

“ ဒီတော့… ဒီနေရာက ကမ္ဘာဦးလောကကို… ”

“ ဟား ဟား… ကမ္ဘာဦးလောကဆီ ပြန်နိုင်ပြီ… ခွန်းဝူက နတ်သားရဲတွေဖြစ်တဲ့ ငါတို့တောင် ကမ္ဘာဦးလောကဆီ ပြန်နိုင်မယ်လို့ တစ်ခါမှ မမျှော်လင့်ထားခဲ့ဘူး ”

အော်ဟစ်ချီးမြှောက်သံများ ထွက်ပေါ်လာသည်။

ခွန်းဝူ… ။

ခွန်းဝူသည် ရှေးဦးအပျက်အစီးကုန်းမြေ၏ နောက်ဆုံးအမွေအနှစ်ထိန်းသိမ်းရာ နေရာဖြစ်သည်။ ကမ္ဘာဦးရှေးဟောင်းအပျက်အစီးနယ်မြေ၏ ဖျက်ဆီးခံရမှုကြောင့် ရှေးဦးအပျက်အစီးကုန်းမြေထဲမှ အစွမ်းထက်ပုဂ္ဂိုလ်များသည် ခွန်းဝူဆီသို့ ရွှေ့ပြောင်းသွားခဲ့ကြသည်။

ခွန်းဝူက ရှေးဦးအပျက်အစီးကုန်းမြေ၏ အစွန်အဖျားမှာ တည်ရှိပြီး အမေ့လျော့ခံကုန်းမြေတစ်ခု ဖြစ်သည်။

ယခု ခွန်းဝူက ကမ္ဘာဦးလောကဆီသို့ ပြန်ရောက်လာသည်။

ဟင်းလင်းပြင်ထဲတွင် ခွန်းဝူ၏ စွမ်းအားကြောင့် လေထဲမှာ ပြန့်ကျဲနေသော မူလစွမ်းအားက ဝဲကတော့များအဖြစ် ပြောင်းလဲသွားသည်။

ခွန်းဝူသည် ရှေးဦးအပျက်အစီးကုန်းမြေ၏ စစ်မှန်သော တည်ရှိမှုတစ်ခု ဖြစ်သည်။

ကမ္ဘာဦးအပျက်အစီးကုန်းမြေဖြစ်စေ သို့မဟုတ် ရှေးဦးအပျက်အစီးကုန်းမြေဖြစ်စေ ယင်းတို့က အချိန်မြစ်ထဲမှာ ပျောက်ကွယ်သွားပြီဖြစ်သော်လည်း ခွန်းဝူက အပြင်လောကမှာ တကယ်ရှိနေဆဲပင်။

ခွန်းဝူ၏ ပြန်ရောက်လာမှုက အချိန်မြစ်ကို ဖြတ်သန်း၍ ရှေးခေတ်ကာလနှင့် ပေါင်းစည်းခြင်းကို ရည်ရွယ်သည်။

မိုးမြေကြားမှ စွမ်းအားက ပုံရိပ်ယောင်မှ ဒြပ်ထည်ရှိလာသည်။

ဤအခိုက်အတန့်မှာ မိုးမြေက တုန်ယင်သွားပြီး ကမ္ဘာဦးလောကတစ်ခုလုံး လှုပ်ခါသွားသည်။

နတ်ဘုရားအလင်း၊ အင်မော်တယ်အလင်း၊ ဝိညာဉ်အလင်း သို့မဟုတ် မိစ္ဆာအလင်း အစရှိသောအရာများက ယခုအချိန်မှာ မှေးမှိန်သွားကြသည်။

ယခုအချိန်မှစ၍ မိုးမြေကြားထဲတွင် မူလစွမ်းအားတစ်မျိုးတည်းသာ တည်ရှိတော့လိမ့်မည်။

အပျက်အစီးနယ်မြေတစ်ခု၏ စွမ်းအားက အခြေခံအုတ်မြစ်ဖြစ်လာပြီး ကမ္ဘာဦးလောက၏ မူလစွမ်းအားက ဗဟိုချက်ဖြစ်လာကာ ရှေးဦးအပျက်အစီးကုန်းမြေ၏ မူလစွမ်းအားက ကြီးမားသော အထောက်အပံ့ဖြစ်လာသည်။ ထိုအချက်များ ပေါင်းစုံသွားသည့်အခါ ကမ္ဘာဦးလောကက ဘုံအဖြစ် ပြန်ပြောင်းလဲသွားသည်။

လက်ရှိ ကမ္ဘာဦးဘုံက အတိတ်မှ ကမ္ဘာဦးလောက၏ အစိတ်အပိုင်းတစ်ခုသာ ဖြစ်သော်လည်း ယင်းက ဘုံအမြူတေ၏ မူလအစလည်း ဖြစ်သည်။ အနာဂတ်မှာ မရေမတွက်နိုင်သော ကမ္ဘာများနှင့် စကြာဝဠာများက ကမ္ဘာဦးဘုံနှင့် တစ်သားတည်း ပေါင်းစပ်သွားသည့်အခါ ကမ္ဘာဦးဘုံက အစွမ်းထက်ဘုံတစ်ခုသို့ ဆင့်ကဲပြောင်းလဲသွားလိမ့်မည်။

ထိုဖြစ်စဉ်ကို မြင်တွေ့သွားသောအခါ မရေမတွက်နိုင်သော သက်ရှိများက ဆွံ့အသွားကြသည်။ စိတ်ရှုပ်ထွေးသော အမူအရာက သူတို့၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။

ခွန်းဝူကို ဖိတ်ခေါ်ပြီး မူလစွမ်းအားကို စုစည်းကာ ဘုံကို ပြန်ဖွဲ့စည်းခြင်း… ။

ထိုသို့အရာသည် ယခင်က မည်သူမှ မစဉ်းစားမိသောအရာ ဖြစ်သည်။

ထိုသို့ကိစ္စများက အမှန်တကယ် ဖြစ်ပျက်ခဲ့သည်လော။

ဘုံအဖြစ် ပြန်ဖွဲ့စည်းခြင်းဟူသော အဓိပ္ပာယ်မှာ ကမ္ဘာဦးလောကထဲမှ သက်ရှိအားလုံးက ပုံရိပ်ယောင်မှ အစစ်အမှန်သို့ ပြောင်းလဲသွားကြတော့မည်ဟု ဆိုလိုသည်။ ယခုအချိန်မှစ၍ ၎င်းတို့က အပျက်အစီးနယ်မြေမှ သက်ရှိများ မဟုတ်ကြတော့ဘဲ စစ်မှန်သော သက်ရှိများ ဖြစ်လာကြတော့မည်။

ယင်းက သက်ရှိအားလုံးအပေါ် အသက်ဓာတ် အပ်နှင်းပေးခြင်း ဖြစ်သည်။

“ ကမ္ဘာဦးဘုံ ”

မိုးပြာရောင်နဂါးက နူးညံ့စွာ တီးတိုးရေရွတ်လိုက်သည်။

ထိုသို့ကိစ္စသည် ယခင်က ၎င်းတစ်ခါမှ အိမ်မက်မမက်ဖူးသောအရာ ဖြစ်သည်။

“ ဆရာဟန်က ကမ္ဘာဦးဘုံကို ပြန်ဖွဲ့စည်းပေးလိုက်ပြီ ”

အစောနက စိတ်ဓာတ်ကျသွားခဲ့ကြသော နတ်သားရဲများက ဟန်မူယဲ့ကို ကြည့်လိုက်ကြသည်။ ခံစားချက်ရှုပ်ထွေးသော အကြည့်က ၎င်းတို့၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

“ ဘန်း ”

ကောင်းကင်နှင့် မြေပြင်ကြားတွင် မူလစွမ်းအားက ပြန်လည်ဖွဲ့စည်းသွားပြီး လေ၊ မီး၊ တိမ်တိုက်၊ မိုးကြိုးနှင့် ဒြပ်စင်ငါးမျိုးက ချင့်ချိန်ခံလိုက်ကြရသည်။

“ အားလုံးပဲ… မူလစွမ်းအားကို ထိန်းချုပ်မှ ဖြစ်မယ်… လောကက အစီအစဉ်တကျ လည်ပတ်ဖို့ လိုအပ်တယ်… ကမ္ဘာဦးလောကက မဟာပန်သွန်ဘုံရဲ့ ဝါးမျိုမှုကနေ လွတ်မြောက်နိုင်မလားဆိုတာ မင်းတို့ရဲ့ အကူအညီပေါ်မှာ မူတည်နေတယ် ”

ဟန်မူယဲ့က အရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သည်။ နတ်ဘုရားအလင်းက သူ၏ ခန္ဓာကိုယ်ပေါ်တွင် ထွန်းလင်းတောက်ပလာသည်။

သူက ဓားကို လက်ထဲမှာ ဆုပ်ကိုင်ထားရင်း သူ့အရှေ့မှ ယဇ်ပလ္လင်ဆီသို့ ပျံသန်းသွားသည်။

ယခုအချိန်မှာ မဟာပန်သွန်ယဇ်ပလ္လင်၏ ချိပ်တံဆိပ်က ပြေလျော့သွားလေရာ ဟန်မူယဲ့သည်ပင် ယင်းကို မဖိနှိပ်နိုင်တော့ပေ။

သူက ဓားကို လွှဲယမ်းလိုက်လေရာ သူ့ကိုယ်ပိုင်စွမ်းအားအလုံးစုံက ဓားထဲမှာ ပေါင်းစည်းသွားသည်။ တစ်ချိန်တည်းမှာ ကမ္ဘာဦးစွမ်းအားက သူ၏ ဘေးပတ်ဝန်းကျင်မှာ စုဝေးသွားပြီး မဟာပန်သွန်ယဇ်ပလ္လင်ကို တွန်းလှန်လိုက်သည်။

သို့သော်လည်း မလုံလောက်သေးပေ။

“ မီးတောက် ”

ကျူးရုန်က တိုးညင်းစွာ ဟိန်းအော်လိုက်သည်။ သူ၏ အနောက်မှ ရွှေရောင်စစ်ဗိုလ်ချုပ်က ရွှေရောင်မီးတောက်အစုအဝေးအဖြစ် ပြောင်းလဲသွားပြီး ကောင်းကင်တစ်ခွင်လုံးကို ဖုံးလွှမ်းသွားသည်။ ထို့နောက် မီးတောက်က မိုးမြေကြားထဲမှာ လွင့်ပြယ်သွားသည်။

မီးတောက်မူလစွမ်းအားက ကမ္ဘာဦးလောကဆီသို့ ပြန်ရောက်သွားသည်။

တစ်ချိန်တည်းမှာ ကမ္ဘာဦးလောက၏ မီးတောက်မူလဇစ်မြစ်က တုန်ယင်သွားပြီး သန့်စင်သော မီးစွမ်းအားကို ဟန်မူယဲ့၏ ဓားထဲသို့ ပေါင်းထည့်ပေးလိုက်သည်။

မီးတောက်သွေးမျိုးဆက်၏ မူလအုပ်ချုပ်သူဖြစ်သော ကျူးရုန်က သူ၏ မူလစွမ်းအင်အားလုံးကို ဟန်မူယဲ့၏ ဓားထဲသို့ ပေးလှူလိုက်သည်။ ထိုထဲမှာ သူ၏ မူလအုပ်ချုပ်သူခန္ဓာကိုယ်လည်း ပါဝင်၏။

မူလစွမ်းအားကင်းမဲ့သွားသောအခါ ကျူးရုန်က မျက်နှာဖြူဖျော့သွားပြီး ကောင်းကင်ပေါ်မှ ပြုတ်ကျသွားသည်။

“ ဆရာဟန်… ကျွန်တော်လည်း ကူညီပေးပါရစေ ”

ကုန်းကုန်းက ကျယ်လောင်စွာ အော်ပြောလိုက်လေရာ သူ၏ ရေနဂါးခန္ဓာကိုယ်က အဆုံးမဲ့သော ရေငွေ့အဖြစ် ပြောင်းလဲသွားသည်။ ထို့နောက် ရေငွေ့က ဟန်မူယဲ့၏ ဓားထဲသို့ တိုးဝင်သွားသည်။

ကုန်းကုန်းသည် ကီရင်နတ်သားရဲမျိုးနွယ်၏ ရေမူလစွမ်းအားဖြင့် သန့်စင်ခံထားရသော မူလအုပ်ချုပ်သူတစ်ပါးဖြစ်သည်။ ယခု သူက ရေမူလစွမ်းအားကို ပေးလှူလိုက်သည့်အခါ သူ၏ အသွင်သဏ္ဍာန်က မိုးမြေကြားထဲမှာ ပျောက်ကွယ်သွားသည်။

ရေနှင့် မီး၏ အားဖြည့်ပေးမှုအောက်မှာ ဟန်မူယဲ့၏ လက်ထဲမှ ဓားက ပိုပြီးလေးလံလာသည်။

“ ဟား ဟား… ကမ္ဘာဦးလောကက အခု ငါတို့ရဲ့ အုပ်ချုပ်မှုအောက်ကို ရောက်သွားပြီဆိုမှတော့ ကမ္ဘာဦးလောကအတွက် စတေးရတာ ထိုက်တန်ပါတယ် ”

ခွန်ပန်က ဟက်ဟက်ပက်ပက် ရယ်လိုက်သည်။ ၎င်း၏ ငှက်ခန္ဓာကိုယ်က မိုင်တစ်သောင်းရှည်လျားသွားပြီး ယဇ်ပလ္လင်ဆီသို့ ဦးတည်သွားသည်။ နောက်အခိုက်အတန့်မှာ ၎င်းက လေနှင့် မိုးကြိုး၏ မူလစွမ်းအားအဖြစ် ပြောင်းလဲသွားပြီး ဟန်မူယဲ့၏ လက်ထဲမှ ဓားနှင့် ပေါင်းစပ်သွားသည်။

ဤအခိုက်အတန့်မှာ သွမ့်ဟူရေကန်ထဲမှ နတ်သားရဲဝိညာဉ်များသည် အရှေ့ထွက်လာရန် တုံ့ဆိုင်းမနေကြတော့ချေ။ ၎င်းတို့က ကိုယ်ပိုင်မူလစွမ်းအားကို ပေးလှူလိုက်ကြသည်။

မူလအုပ်ချုပ်သူအဖြစ် အဆင့်မြှင့်တတ်သွားကြသော မိုးပြာရောင်နဂါးနှင့် ရွှေရောင်ဖီးနစ်က အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ ထို့နောက် ၎င်းတို့က ဟန်မူယဲ့၏ လက်ထဲမှ ဓားဆီသို့ ပျံသန်းသွားကြသည်။

ဤအခိုက်အတန့်မှာ ဟန်မူယဲ့၏ မူလဝိညာဉ်ဓားက ကမ္ဘာဦးလောကထဲမှ မူလစွမ်းအင်အားလုံးအတွက် သိုလှောင်ပစ္စည်းတစ်ခုသဖွယ် ဖြစ်လာသည်။ မူလစွမ်းအားပိုများပြားလာသည်နှင့်အမျှ ဓားက ပိုပြီးလေးလံလာသည်။

နောက်အခိုက်အတန့်မှာ ဧရာမဓားက ယဇ်ပလ္လင်ပေါ်သို့ ကျဆင်းသွားသည်။

ယဇ်ပလ္လင်က တုန်ယင်သွားသည်။ နတ်ဘုရားအလင်းတန်းများက ယဇ်ပလ္လင်မှ ထွက်ပေါ်လာပြီး ခုခံတားဆီးရန် ကြိုးစားလိုက်သည်။

ဟန်မူယဲ့၏ လက်ထဲမှ ဓားက အောက်သို့ ဖြည်းဖြည်းချင်း ကျဆင်းသွားပြီး ယင်း၏ အရှေ့မှ အတားအဆီးအားလုံးကို ချိုးဖြတ်လိုက်သည်။

ဓားအလင်းက မည်သည့်အဟန့်အတားကိုမှ ဂရုမစိုက်ဘဲ အရှေ့သို့ ဆက်လက် ချီတတ်လာသည်။

ဤအခိုက်အတန့်မှာ ဟန်မူယဲ့၏ လက်ထဲမှ မူလဝိညာဉ်ဓားက သူ့တစ်ယောက်တည်းကို ကိုယ်စားပြုနေခြင်း မဟုတ်တော့ပေ။

ထိုဓားက ကမ္ဘာဦးလောကထဲမှ သက်ရှိအားလုံး၏ စိတ်ဓာတ်ပြတ်သားမှုကိုလည်း ကိုယ်စားပြုသည်။

“ ဘန်း ”

ဓားသွားက အတားအဆီးအားလုံးကို ချိုးဖြတ်သွားပြီး ယဇ်ပလ္လင်ပေါ်သို့ ကျဆင်းသွားသည်။

ယဇ်ပလ္လင်ပေါ်မှ နတ်ဘုရားအလင်းသည် ထိုဓားသွားကို မခုခံနိုင်ပေ။ ပေတစ်သောင်းရှည်လျားသော ဓားသွား၏ ခုတ်ပိုင်းမှုကြောင့် နတ်ဘုရားအလင်းက ပြိုကွဲပျက်စီးသွားသည်။

သို့သော်လည်း ယဇ်ပလ္လင်ပေါ်မှာ ပြိုကွဲသွားသော နတ်ဘုရားအလင်းက သံကြိုးများအဖြစ် ပြောင်းလဲသွားပြီး ဓားကို ချုပ်နှောင်လိုက်သည်။

ဓားက မဟာပန်သွန်ယဇ်ပလ္လင်ကို ဖိနှိပ်လိုက်သည်နှင့် ယဇ်ပလ္လင်၏ စွမ်းအားက ဓားကို ချိပ်ပိတ်လိုက်သည်။

မဟာပန်သွန်ဘုံမှ စွမ်းအားစုပ်ယူမှုက တဖြည်းဖြည်း အားနည်းသွားသည်။ သို့သော် နောက်ဆုံးအခိုက်အတန့်မှာ စွမ်းအားစုပ်ယူမှုက ရုတ်တရက် အလွန်အားကောင်းလာပြီး ဟန်မူယဲ့လက်ထဲမှ ဓားကို ဆွဲငင်လိုက်သည်။ သို့ဖြစ်၍ ဓားက ဗလာလေဟာနယ်ထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားသည်။

ထို့နောက် ယဇ်ပလ္လင်က အရောင်မှေးမှိန်သွားပြီး အက်ကွဲကြောင်းများက ယဇ်ပလ္လင်ပေါ်မှာ ထွက်ပေါ်လာကြသည်။

ဟန်မူယဲ့၏ ပေတစ်သောင်းခန္ဓာကိုယ်က ပေတစ်ထောင်အရွယ်အစားသို့ အမြန်ကျုံ့သွားသည်။ ထိုမှတဖန် ပေတစ်ရာအရွယ်အစား၊ ထို့နောက် ကိုးပေထိ ကျုံ့သွားသည်။

ဟန်မူယဲ့က ယဇ်ပလ္လင်ပေါ်သို့ ဆင်းသက်လိုက်လေရာ စိတ်ရှုပ်ထွေးသော အမူအရာက သူ၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။

ယဇ်ပလ္လင်၏ တန်ပြန်စွမ်းအားက သူ၏ မူလခန္ဓာကိုယ်ကို ချိပ်ပိတ်လိုက်သည့်အချိန်မှာ သူက နတ်ဝိညာဉ်ကို အမြန်ခွဲထုတ်လိုက်သည်။ သူက နတ်ဝိညာဉ်အမျှင်တန်းတစ်ခုကို သူ၏ မူလခန္ဓာကိုယ်ထဲမှာ ချန်ထားခဲ့ပြီး ကျန်နတ်ဝိညာဉ်ကို သူ၏ ဘီလူးကိုယ်ပွားဆီသို့ လွှဲပြောင်းလိုက်သည်။

သူ့ကိုယ်ပိုင်ကျင့်ကြံခြင်းစွမ်းအားနှင့် ကမ္ဘာဦးလောကထဲမှ နတ်သားရဲအမြောက်အများ၏ မူလစွမ်းအားကောင်းချီးကို ပိုင်ဆိုင်ထားသော သူ၏ မူလခန္ဓာကိုယ်က မဟာပန်သွန်ယဇ်ပလ္လင်၏ အစွမ်းကြောင့် သာမန်ဓားတစ်လက်အဖြစ် ချိပ်ပိတ်ခံလိုက်ပြီး မဟာပန်သွန်ဘုံဆီသို့ ပြုတ်ကျသွားသည်။

သူ၏ ဘီလူးကိုယ်ပွားသည်တော့ ၎င်းက ကမ္ဘာဦးဘုံ၏ မူလစွမ်းအားကို ပိုင်ဆိုင်ထားလေရာ ကမ္ဘာဦးစွမ်းအားနှင့် တစ်သားတည်း ပေါင်းစည်းသွားသည်။

အကယ်၍ ယခု သူက ကမ္ဘာဦးစွမ်းအားကို အပြည့်အဝ သန့်စင်လိုက်မည်ဆိုလျှင် ဤခန္ဓာကိုယ်က အထွတ်အထိပ်သို့ ပြန်ရောက်သွားလိမ့်မည်။

မဟာပန်သွန်ယဇ်ပလ္လင်က နောက်ဆုံးအခြေအနေထိ ပျက်စီးသွားပြီဖြစ်သော်လည်း သေးငယ်သော စွမ်းအင်စုပ်ယူမှုက ယဇ်ပလ္လင်ပေါ်မှ ထွက်ပေါ်နေဆဲပင်။

ဟန်မူယဲ့က ယဇ်ပလ္လင်ပေါ်မှာ တင်ပျဉ်ခွေထိုင်ချလိုက်ပြီး သူ့ကိုယ်ပိုင်မူလစွမ်းအားကို ထုတ်လွှတ်လိုက်ကာ ယဇ်ပလ္လင်တစ်ခုလုံးကို ဖိနှိပ်လိုက်သည်။

“ ဆရာဟန် ”

“ အကိုဟန် ”

“ နတ်ဘုရားအင်းသင်္ကေတပညာရှင် ဆရာဟန် ”

“ စီနီယာအကိုကြီး ”

ပုံရိပ်တစ်ခုပြီးတစ်ခုက ယဇ်ပလ္လင်ပေါ်သို့ ဆင်းသက်လာကြပြီး ဟန်မူယဲ့ကို ကြည့်လိုက်ကြသည်။

ဟန်မူယဲ့၏ အရှိန်အဝါက ဖြည်းညင်းစွာ တုန်ယင်သွားသည်။ သူက လူတိုင်းကို လှည့်ပတ်ကြည့်လိုက်သည်။

“ ဟွမ်ခြောက်… ကန်အန်းစကြာဝဠာက ဟွမ်ကျစ်ဟူကို ပြန်ခေါ်လိုက်ပါ… ပြီးသွားရင် မဟာစစ်တပ်တစ်တပ် ဖွဲ့စည်းပြီး ကမ္ဘာဦးဘုံကို သိမ်းပိုက်ပါ ”

ဟန်မူယဲ့၏ လေသံထဲမှာ မည်သူမှ မငြင်းနိုင်သော ဩဇာအာဏာက ပါဝင်နေသည်။

မိုးမြေစွမ်းအား၏ ကောင်းချီးပေးမှုနှင့် သူ့ကိုယ်ပိုင်မူလစွမ်းအား၏ သိပ်သည်းမှုကြောင့် ယခု သူက ကမ္ဘာဦးလောကထဲမှာ အသန်မာဆုံး မူလစွမ်းအားကို ပိုင်ဆိုင်သွားသည်။

“ ကျူးရုန်… မင်းက မီးတောက်နတ်ဘုရားရုံးတော်ကို တည်ဆောက်ပါ… ကမ္ဘာဦးလောကရဲ့ မူလစွမ်းအားကို တိုတမ်အဖြစ် အသုံးပြုပြီး နတ်သားရဲအားလုံးနဲ့ မိစ္ဆာသားရဲအားလုံးကို နတ်ဘုရားရုံးတော်မှာ အမှုထမ်းစေပါ ”

“ ဒီနေ့ကစပြီး ကမ္ဘာဦးဘုံက စည်းလုံးညီညွတ်ရမယ်… ကမ္ဘာဦးဘုံ ပိုပြီးသန်မာလာဖို့ တခြားလောကတွေကို ဝါးမျိုပစ်မယ်… ငါ့ရဲ့ အမိန့်ကို ဆန့်ကျင်တဲ့ ဘယ်သူမဆို ချွင်းချက်မရှိ သေရမယ် ”

အမိန့်တော်များကို ဆက်တိုက် ထုတ်ပြန်လိုက်သည့်အခါ အသက်ဓာတ်စွမ်းအားက ဟန်မူယဲ့၏ ဘေးပတ်ဝန်းကျင်မှာ ထွက်ပေါ်လာသည်။

ယင်းက သွေးအနှစ်သာရနှင့် မူလစွမ်းအား ဆက်တိုက် သန့်စင်ခံနေရသောကြောင့် ဖြစ်ပေါ်လာသော သဘာဝလွန်မြင်ကွင်းတစ်ခု ဖြစ်သည်။

ကောင်းချီးမင်္ဂလာနိမိတ်က လောကတစ်ခွင် ဖြန့်ကြက်သွားသည်။

သွမ့်ဟူရေကန်တွင် ရေပြင်က တအိအိလှုပ်ခတ်သွားပြီး မဟာပန်သွန်ယဇ်ပလ္လင်က ရေကန်အောက်ခြေသို့ တဖြည်းဖြည်း ပြန်နစ်မြုပ်သွားသည်။

ကမ္ဘာဦးလောကထဲတွင် အသက်ရှင်ကျန်ရစ်ကြသော နတ်သားရဲများက တဖြည်းဖြည်း ပျောက်ကွယ်သွားကြသည်။ ထို့နောက် လူသားမျိုးနွယ်စစ်တပ်က နေရာမှာ စုဝေးသွားသည်။

အခန်း(၁၅၆၃)

နှစ်တစ်ရာကြာပြီးနောက်… ။

အစွမ်းထက်ပုဂ္ဂိုလ်အသီးသီး၏ ဝိုင်းဝန်းကူညီပေးမှုအောက်မှာ လူသားမျိုးနွယ်၏ နတ်ဘုရားရုံးတော်က ကမ္ဘာဦးလောကတစ်ခုလုံးကို လွှမ်းမိုးခြယ်လှယ်နိုင်သွားသည်။

နတ်ဘုရားသုတ်သင်ခြင်းလှံထဲမှ လွတ်မြောက်သွားကြသော နတ်သားရဲဝိညာဉ်များက လူသားမျိုးနွယ်ထဲတွင် အစွမ်းထက်စစ်သည်တော်များအဖြစ် ပြန်မွေးဖွားလာကြသည်။ သူတို့က အစွမ်းထက် စစ်တပ်များကို ဦးဆောင်၍ နယ်မြေများကို စောင့်ကြပ်ကြသည်။

မူလစွမ်းအား၏ သိပ်သည်းမှုကြောင့် ပိုမိုများပြားသော နတ်သားရဲများက ထွက်ပေါ်လာကြသည်။ သို့ဖြစ်၍ နတ်ဘုရားရုံးတော်က မိစ္ဆာသားရဲစစ်တပ် (၁၈)တပ်ကို ဖွဲ့စည်းနိုင်သွားသည်။

စစ်တပ်တစ်တပ်တွင် မိစ္ဆာသားရဲစစ်သည်တော်တစ်သိန်း ပါဝင်ကြသည်။

ထိုစစ်တပ်များတွင် နတ်သားရဲများက လူသားစစ်သည်တော်များ၏ စီးတော်သားရဲများ ဖြစ်ကြသည်။ သို့ဖြစ်၍ မူလအုပ်ချုပ်သူများသည်ပင် ထိုမိစ္ဆာသားရဲစစ်တပ်ကို ထိပ်တိုက် မရင်ဆိုင်ဝံ့ကြချေ။

ထိုမိစ္ဆာသားရဲစစ်တပ် (၁၈)တပ်ကို ထိန်းချုပ်အမိန့်ပေးသူသည် ကန်အန်းစကြာဝဠာမှ ပြန်ရောက်လာသော ဟွမ်ကျစ်ဟူမှလွဲ၍ တခြားလူမဟုတ်ချေ။

ဟွမ်ကျစ်ဟူသည် ကန်အန်းစကြာဝဠာမှ ပြန်ရောက်လာပြီးနောက် ဟန်မူယဲ့ထောက်ပံ့ပေးသော စစ်ပွဲရုပ်သေးရုပ်များကို အသုံးပြု၍ တပ်မတော်သုံးခုကို တည်ဆောက်ခဲ့သည်။

ပထမတပ်မတော်က အံ့ဖွယ်ကိုးပါးဓားဂိုဏ်းမှ ဓားကျင့်ကြံသူသုံးသန်း ဖြစ်သည်။ ထိုဓားကျင့်ကြံသူများထဲတွင် အားအနည်းဆုံးလူက အင်မော်တယ်အရှင်သခင်အဆင့်မှာဖြစ်ပြီး အများစုက အင်မော်တယ်ဘုရင်အဆင့်မှာ ဖြစ်ကြသည်။

သူတို့က ကမ္ဘာဦးလောကထဲတွင် သန့်စင်ထားသော မူလဓားများကို ပြောင်းလဲအသုံးပြုလိုက်ကြလေရာ ထိုဓားကျင့်ကြံသူများက ဟွမ်ကျစ်ဟူ၏ လက်အောက်တွင် အစွမ်းထက်ဆုံး တပ်မတော်ဖြစ်လာသည်။

ဒုတိယတပ်မတော်က စစ်ပွဲရုပ်သေးသခင်ငါးသန်းဖြင့် တည်ဆောက်ထားသော အင်အားစုဖြစ်သည်။ သူတို့ထဲမှ အများစုက စကြာဝဠာအဆင့် ရုပ်သေးသခင်များနှင့် ချပ်ဝတ်သခင်များ ဖြစ်ကြသည်။ ထိုရုပ်သေးတပ်မတော်က အလွန်အားကောင်းလေရာ ကမ္ဘာဦးလောကထဲမှ အုပ်ချုပ်သူနတ်သားရဲများသည်ပင် သူတို့ကို ထိပ်တိုက် မတိုက်ခိုက်ဝံ့ကြချေ။

တတိယတပ်မတော်က ကမ္ဘာဦးလောကထဲမှ မိစ္ဆာသားရဲစစ်တပ် ဖြစ်သည်။

မီးတောက်နတ်ဘုရားရုံးတော်ကို ထိုတပ်မတော်သုံးခုပေါ်မှာ အခြေခံ၍ တည်ဆောက်ခဲ့ခြင်းဖြစ်လေရာ နတ်ဘုရားရုံးတော်က ကမ္ဘာဦးလောကတစ်ခုလုံးကို အလွယ်တကူ ဖိနှိပ်နိုင်သွားသည်။

နှစ်သုံးရာကြာပြီးနောက် ကမ္ဘာဦးလောကက တခြားကမ္ဘာအသီးသီးကို ဆက်လက် ဝါးမျိုပြီး နယ်မြေချဲ့ထွင်ခဲ့သည်။ တစ်ချိန်တည်းမှာ ကမ္ဘာဦးလောက၏ မူလစွမ်းအားက အဆက်မပြတ် ပိုသန်မာလာသည်။

ကမ္ဘာဦးလောက၏ ဝါးမျိုခံလိုက်ရသော ကမ္ဘာများထဲတွင် ဒေသခံအင်မော်တယ်ကျင့်ကြံသူများ၏ တိုက်ပွဲစွမ်းအားက ကမ္ဘာဦးလောက၏ ကောင်းကင်ဘုံတာအိုကြောင့် အကြီးအကျယ် ဖိနှိပ်ခံလိုက်ကြရသည်။

အင်မော်တယ်တစ်ပါးသည် ဓားပျံ၏ အကူအညီဖြင့်သာ လေပေါ် ပျံသန်းနိုင်တော့သည်။

မူလစွမ်းအား အုတ်မြစ်ခိုင်မာသော ကမ္ဘာဦးလောကကဲ့သို့ နေရာမျိုးတွင် တခြားကမ္ဘာများမှ ကျင့်ကြံသူများ၏ ကျင့်ကြံခြင်းစွမ်းအားက အလွန်သေးနုတ်ပေသည်။

သို့သော်လည်း အကယ်၍ ထိုကျင့်ကြံသူများက အညံ့ခံမည်ဆိုလျှင် သူတို့က ကမ္ဘာဦးလောကထဲမှာ ကျင့်ကြံနိုင်ကြလိမ့်မည်။ ထို့နောက် သူတို့က မိုးမြေမူလစွမ်းအား၏ စစ်မှန်သော အနှစ်သာရကို အာရုံခံနိုင်ပြီး မူလစွမ်းအား၏ ကောင်းချီးပေးမှုကို ရရှိနိုင်ကြလိမ့်မည်။ ယင်းက ယခင် သူတို့ရရှိခဲ့သော ပုံရိပ်ယောင်ဝိညာဉ်စွမ်းအားထက် အဆပေါင်းများစွာ ပိုသန့်စင်ပြီး ပိုသိပ်သည်းသည်။

သို့ဖြစ်လေရာ မူလစွမ်းအား အုတ်မြစ်ခိုင်မာသော ကမ္ဘာဦးလောကတွင် မကျင့်ကြံချင်သောလူဟူ၍ မရှိပေ။

မှန်ပေ၏။ ထုံးစံအားဖြင့် ထိုစာရင်းထဲမှာ နတ်ဘုရားကမ္ဘာ မပါဝင်ပေ။

၎င်း၏ အနောက်မှာ ကောင်းကင်စက်ဝန်းနတ်ဘုရားကမ္ဘာနှင့် ကောင်းကင်စက်ဝန်းစစ်မြေပြင် ရှိသည်။

ကမ္ဘာဦးလောကနှင့် ခပ်ကင်းကင်းနေခဲ့သော နတ်ဘုရားကမ္ဘာသည် ကမ္ဘာဦးလောကက ဘုံတစ်ခုအဖြစ် ပြန်ဖွဲ့စည်းသွားလိမ့်မည်ဟု လုံးဝ မမျှော်လင့်ထားခဲ့ပေ။

ယခု သူတို့က ကမ္ဘာဦးလောကနှင့် ရန်သူများဖြစ်လာကြသည်။

ကမ္ဘာဦးလောက၏ မူလစွမ်းအားက သူတို့ကို လက်မခံတော့ပေ။ ထို့ပြင် ကမ္ဘာဦးလောကကို သစ္စာဖောက်ခဲ့ကြသော နတ်သားရဲများက အာဟာရဓာတ်များအဖြစ် သန့်စင်ခံလိုက်ကြရပြီး ကမ္ဘာဦးလောက၏ ဝါးမျိုခံလိုက်ကြရသည်။

ကမ္ဘာဦးလောက၏ စစ်တပ်များက တခြားကမ္ဘာများကို လိုက်လံသိမ်းပိုက်နေစဉ် ကောင်းကင်စက်ဝန်းနတ်ဘုရားကမ္ဘာနှင့် ကောင်းကင်စက်ဝန်းစစ်မြေပြင်က သူတို့ကိုယ်ပိုင် စစ်တပ်များကို တိတ်တဆိတ် ဖွဲ့စည်းလိုက်ကြပြီး တစ်လှမ်းချင်း အနောက်ဆုတ်သွားကြသည်။

ဟန်မူယဲ့သည်တော့ သူက ထိုကိစ္စများကို ဂရုမစိုက်ချေ။

သူက ဤအနှစ်သုံးရာအတွင်း မဟာပန်သွန်ယဇ်ပလ္လင်ပေါ်မှာ တင်ပျဉ်ခွေထိုင်နေပြီး သူ၏ ဘီလူးကိုယ်ပွားကို ထိန်းချုပ်နေသည်။

မဟာပန်သွန်ဘုံမှ ဘီလူးကိုယ်ပွားက အလွန်သန်မာလေရာ သူ၏ လက်ရှိဝိညာဉ်က ၎င်းကို ထောက်ပံ့နိုင်ရန် မလုံလောက်ပေ။ သို့ဖြစ်၍ ဘီလူးကိုယ်ပွားကို ကျွမ်းကျင်စွာ ထိန်းချုပ်နိုင်ရန် သူ့အတွက် အချိန်တစ်ခု လိုအပ်သည်။

ကံကောင်းစွာဖြင့် ယခင်အဖြစ်အပျက်များကြောင့် သူ၏ မူလစွမ်းအားက မြန်ဆန်စွာ သိပ်သည်းသွားပြီး ဖြည်းဖြည်းချင်း သန့်စင်ခံလိုက်ရသည်။ ထို့ကြောင့် ဘီလူးကိုယ်ပွားအပေါ် သူ၏ ထိန်းချုပ်မှုက တဖြည်းဖြည်း ပိုအားကောင်းလာသည်။

အာခီမီပညာ၊ လက်နက်သန့်စင်ခြင်းပညာ၊ ဓားပညာ… ။

မဟာပန်သွန်ဘုံမှ ဘီလူးကိုယ်ပွားသည် သူ့အတွက်တော့ ပုံမသွင်းရသေးသော ကျောက်စိမ်းရိုင်းတုံးဖြစ်သည်။ ၎င်းက အံ့ဖွယ်ကောင်းသော ရုပ်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသော်လည်း မည်သည့်အတတ်ပညာမှ မတတ်မြောက်ထားပေ။ ထို့ကြောင့် ဤအနှစ်သုံးရာအတွင်းမှာ ဟန်မူယဲ့က သူ၏ မူလခန္ဓာကိုယ် တတ်ကျွမ်းထားခဲ့သော အာခီမီပညာ၊ လက်နက်သန့်စင်ခြင်းပညာနှင့် ဓားပညာကို အစမှ ပြန်လေ့ကျင့်ခဲ့သည်။

ထိုသို့လေ့ကျင့်မှုက ဘီလူးတစ်ကောင်က အပ်ကို ကိုင်ထားခြင်းနှင့် တူညီသည်။ သူက ခန္ဓာကိုယ်၏ ကြွက်သားလှုပ်ရှားမှုတိုင်းကို အထူးအာရုံစိုက်ရသည်။ ထို့ပြင် မူလစွမ်းအားထိန်းချုပ်မှုနှင့် ဝိညာဉ်၏ လည်ပတ်မှုကလည်း သူ့အတွက် အလွန်အရေးကြီးသည်။

ထိုသို့လေ့ကျင့်သည့်အခါ သူက မဟာပန်သွန်ဘုံမှ စွမ်းအားကို အတိုင်းအတာတစ်ခုထိ ဆင်ခြင်နားလည်သွားပြီး ထိန်းချုပ်နိုင်သွားသည်။ တစ်ချိန်တည်းမှာ မူလစွမ်းအားအပေါ် သူ၏ ထိန်းချုပ်နိုင်မှုက အံ့မခန်းအဆင့်ထိ မြင့်တတ်သွားသည်။

အကယ်၍ သူသာ ဤဘီလူးကိုယ်ပွားဖြင့် အတိတ်မှ ကမ္ဘာဦးလောကဆီသို့ ကျူးကျော်ဝင်ရောက်မည်ဆိုလျှင် ကမ္ဘာဦးလောကက သေချာပေါက် ပြိုကွဲပျက်စီးသွားလိမ့်မည်ဟု ဟန်မူယဲ့ ခံစားမိသည်။

အနှစ်ငါးရာ ကုန်ဆုံးသွားပြန်သည်။

ယခုအချိန်တွင် ယဇ်ပလ္လင်ပေါ်မှာ တင်ပျဉ်ခွေထိုင်နေသော ဟန်မူယဲ့က မျက်လုံးပြန်ဖွင့်လိုက်သည်။

သူက ခန္ဓာကိုယ်ကို တစ်ချက်လှုပ်ရှားလိုက်ပြီး သွမ့်ဟူရေကန်ထဲမှ ထွက်လာသည်။

“ ဆရာဟန်… အရှင်ကျစ်ဟူရဲ့ အင်အားစုတွေက နတ်ဘုရားရင်းမြစ်ကောင်းကင်နန်းတော်ကို ဝိုင်းရံတိုက်ခိုက်နေပါတယ်… သူတို့က ဆရာဟန် ထွက်လာဖို့ တောင်းဆိုနေပါတယ် ”

သွမ့်ဟူရေကန်ဘေးမှာ မတ်တတ်ရပ်နေသော ရွှေရောင်စစ်ချပ်ဝတ် ဝတ်ဆင်ထားသည့် အမျိုးသားတစ်ဦးက လေးနက်စွာ ပြောသည်။

“ နတ်ဘုရားရင်းမြစ်ကောင်းကင်နန်းတော်… စာရင်းရှင်းဖို့ အချိန်ကျပြီ ”

ဟန်မူယဲ့၏ မျက်လုံးထဲမှာ ရွှေရောင်အလင်းတန်း ပေါ်လျှိုးလာသည်။ ထို့နောက် သူက အရှေ့သို့ လက်ညှိုးညွှန်လိုက်သည်။

“ ဝုန်း ”

ရွှေရောင်လျှောက်လမ်းတစ်ခုက သူ၏ အရှေ့မှာ ဘွားခနဲ ထွက်ပေါ်လာသည်။

လေဟာနယ်လျှောက်လမ်း… ။

မူလစွမ်းအား အုတ်မြစ်ခိုင်မာသော ကမ္ဘာဦးလောကတွင် အင်မော်တယ်များသည်ပင် လေပေါ် မပျံသန်းနိုင်ကြချေ။ သို့သော်လည်း ဟန်မူယဲ့က လက်ညှိုးညွှန်လိုက်သည်နှင့် လေဟာနယ်လျှောက်လမ်းတစ်ခုက သူ့၏ အရှေ့မှာ တိုက်ရိုက် ဖွင့်လှစ်သွားသည်။

လေဟာနယ်လျှောက်လမ်းတစ်ခု ဖွင့်လှစ်ခြင်း… ။

ကမ္ဘာဦးလောက၏ အပြင်ဘက်မှာပင် လေဟာနယ်လျှောက်လမ်းတစ်ခုကို လက်ညှိုးတစ်ချောင်းဖြင့် ဖွင့်လှစ်ရန် တစ်စုံတစ်ယောက်က မူလလေဟာနယ်ကို ဖိနှိပ်ရလိမ့်မည်။ ထိုသို့ပုဂ္ဂိုလ်များသည် အနိမ့်ဆုံး ဒေသကြီးတစ်ခုကို ဝိညာဉ်ဖြင့် ဖုံးလွှမ်းနိုင်ကြသော အစွမ်းထက်ကျင့်ကြံသူများ သို့မဟုတ် မိုင်သန်းပေါင်းများစွာ အကွာအဝေးကို ရုပ်ခန္ဓာကိုယ်ဖြင့် ဖြတ်သန်းနိုင်ကြသော အစွမ်းထက်ပညာရှင်များ ဖြစ်ကြသည်။

သို့တိုင် ထိုပုဂ္ဂိုလ်များက ကမ္ဘာဦးလောကထဲမှာ ဟန်မူယဲ့ကဲ့သို့ မလုပ်ဆောင်နိုင်ကြချေ။

မူလစွမ်းအား အုတ်မြစ်ခိုင်မာသော ကမ္ဘာဦးလောကတွင် လေဟာနယ်လျှောက်လမ်းတစ်ခုကို ဖွင့်လှစ်ခြင်းက လုံးဝ မဖြစ်နိုင်သောအရာ ဖြစ်သည်။

လေဟာနယ်စွမ်းအားကို ထိန်းချုပ်နိုင်ပြီး အချိန်လည်ပတ်မှုကို ပြောင်းပြန်လုပ်နိုင်သော နတ်သားရဲများသည်ပင် ထိုသို့မလုပ်ဆောင်နိုင်ကြချေ။

ဤအခိုက်အတန့်မှာ ဟန်မူယဲ့က ကမ္ဘာဦးလောကထဲတွင် သူ၏ လက်ညှိုးတစ်ချောင်းဖြင့် လေဟာနယ်လျှောက်လမ်းတစ်ခုကို တိုက်ရိုက် ဖွင့်လှစ်လိုက်သည်။ ယင်းက လုံးဝ မယုံကြည်နိုင်စရာကောင်းလှ၏။

လေဟာနယ်လျှောက်လမ်းက ဘေးပတ်ဝန်းကျင်မှ မိုးမြေကို တုန်ယင်သွားစေသည်။ ဤသည်မှာ မိုးမြေက ပြိုကျသွားတော့မည့်အလားပင်။

ဟန်မူယဲ့က အရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်ပြီး လေဟာနယ်လျှောက်လမ်းကို ဖြတ်သန်းသွားသည်။

သူပြန်ပေါ်လာသည့်အခါ အင်မော်တယ်အလင်းရောင် ထွန်းလင်းနေသော လောကတစ်ခုထဲသို့ ရောက်ရှိသွားသည်။

“ နတ်ဘုရားကမ္ဘာ ”

ဟန်မူယဲ့က နူးညံ့စွာ တီးတိုးရေရွတ်လိုက်သည်။ ထို့နောက် သူက မိုင်သန်းပေါင်းများစွာ ဝေးကွာသော နေရာမှ ခမ်းနားထည်ဝါသော နန်းတော်များကို လှမ်းကြည့်လိုက်သည်။

ထိုနေရာတွင် နတ်ဘုရားအလင်း၏ လွှမ်းခြုံခံထားရသော ခန်းဆောင်ကြီးတစ်ခု တည်ရှိသည်။ မရေမတွက်နိုင်သော နတ်သားရဲများနှင့် စစ်သည်တော်များက ခန်းဆောင်ကို အမြဲတစေ စောင့်ကြပ်နေကြသည်။

သွေးချီအနှစ်သာရနှင့် နတ်ဘုရားအလင်းက အဆက်မပြတ် ပေါ်လျှိုးနေသည်။ ဤသည်မှာ ယင်းတို့က ဘေးပတ်ဝန်းကျင်မှ မိုးမြေကို ဝါးမျိုချင်နေသည့်အလားပင်။

မူလစွမ်းအားများ၏ အပြန်အလှန် ဆန့်ကျင်မှုကို နေရာတိုင်းမှာ မြင်တွေ့နိုင်သည်။

ကမ္ဘာဦးဘုံ၏ မူလစွမ်းအားက အရှေ့မှ ကုန်းမြေတစ်ခု၏ မူလစွမ်းအားနှင့် ထိပ်တိုက် တွေ့ဆုံနေသည်။

ထိုကုန်းမြေက နတ်ဘုရားကမ္ဘာ၏ ကောင်းကင်စက်ဝန်းစစ်မြေပြင် ဖြစ်သည်။

ထိုနေရာက ကမ္ဘာဦးလောက၏ အစိတ်အပိုင်းတစ်ခု ဖြစ်ခဲ့သင့်သည်။ သို့သော်လည်း ယခု ကောင်းကင်စက်ဝန်းစစ်မြေပြင်က ကမ္ဘာဦးလောက၏ ရန်သူဖြစ်လာသည်။

အတိတ်မှာ ထိုနှစ်ခုက ဇစ်မြစ်တစ်ခုတည်း ဖြစ်ခဲ့သော်လည်း ယခု ၎င်းတို့က အပြန်အလှန် တိုက်ခိုက်နေကြသည်။

ဟန်မူယဲ့က လက်ဆန့်ထုတ်လိုက်ပြီး သူ့အရှေ့မှ မိုးမြေမူလစွမ်းအား၏ ဆန့်ကျင်မှုကို အာရုံခံလိုက်သည်။

ကောင်းကင်စက်ဝန်းစစ်မြေပြင်နှင့် နတ်ဘုရားကမ္ဘာက ကမ္ဘာဦးလောကကို အဆုံးထိ ဆန့်ကျင်သွားရန် ပြင်ဆင်နေကြောင်း ထင်ရှားသည်။

“ ဗုန်း ”

ဟင်းလင်းပြင်ထဲတွင် ကြီးမြတ်သော နန်းတော်က ကျယ်လောင်သော မြည်သံကို ထုတ်လွှတ်လိုက်သည်။

ဓားဝင်္ကပါက အသက်ဝင်လာပြီး ဓားအလင်းတစ်သောင်းက အရှေ့သို့ ပျံသန်းထွက်သွားကာ ထူးဆန်းသော နတ်သားရဲများကို အပိုင်းပိုင်း ခုတ်ပိုင်းလိုက်သည်။ ထူးဆန်းသော ထိုနတ်သားရဲများဆီမှာ အတောင်ပံနှစ်စုံ၊ လက်လေးဖက်နှင့် မျက်လုံးသုံးလုံး ရှိကြသည်။

ကန်အန်းမျိုးနွယ်စု… ။

သူတို့က ကမ္ဘာဦးလောကကို ဆန့်ကျင်ရန် ကန်အန်းမျိုးနွယ်စုကို အမှီပြုလိုက်ကြသည်။

နတ်ဘုရားကမ္ဘာနှင့် ကောင်းကင်စက်ဝန်းစစ်မြေပြင်မှ အစွမ်းထက်ပုဂ္ဂိုလ်များ၏ မျက်လုံးထဲတွင် ကန်အန်းမျိုးနွယ်စုက မိုးမြေကြားထဲမှ အရာအားလုံးကို လွှမ်းမိုးဖိနှိပ်နိုင်သော ပြိုင်ဘက်ကင်းတည်ရှိမှုဖြစ်သည်။

နတ်ဘုရားရင်းမြစ်ကောင်းကင်နန်းတော်က ကန်အန်းမျိုးနွယ်စုကို အမြဲတမ်း ဆန့်ကျင်ခဲ့သော်လည်း သူတို့၏ အမြင်မှာ အကယ်၍ သူတို့က မဟာမိတ်ရှာဖွေမည်ဆိုလျှင် ကန်အန်းမျိုးနွယ်စုသည်သာ သူတို့နှင့် အသင့်တော်ဆုံး ဖြစ်လိမ့်မည်။

ယခု ကမ္ဘာဦးလောကက သူတို့ကို တိုက်ရိုက် ဆန့်ကျင်လာလေရာ သူတို့က ကန်အန်မျိုးနွယ်စုနှင့် မဟာမိတ်ဖွဲရန် မည်သည့်အရာကိုမှ ထည့်မစဉ်းစားနိုင်ကြတော့ချေ။

ကံကောင်းစွာဖြင့် ကန်အန်းမျိုးနွယ်စုက အံ့ဖွယ်ကိုးပါးဓားဂိုဏ်းမှ ဓားကျင့်ကြံသူများနှင့် ကြယ်စင်စုစကြာဝဠာထံမှ ရုပ်သေးသခင်များ၏ ပူးပေါင်းတိုက်ခိုက်မှုကြောင့် ကြီးမားသော ဆုံးရှုံးနစ်နာမှုများကို ခံစားနေရသည်။

သို့ဖြစ်၍ ထိုအင်အားစုနှစ်ခုက မဟာမိတ်ဖွဲ့လိုက်ကြပြီး ဘုံရန်သူကို ပစ်မှတ်ထားလိုက်ကြသည်။

သူတို့၏ ဘုံရန်သူက အံ့ဖွယ်ကိုးပါးဓားဂိုဏ်းနှင့် ကမ္ဘာဦးလောက ဖြစ်သည်။

ခန်းဆောင်၏ အပေါ်တွင် ဓားဝင်္ကပါက ပြောင်းလဲသွားပြီး ဓားအလင်းတန်းတစ်သောင်းက တဖန်ပြန်စုဝေးသွားသည်။ ထို့နောက် ဓားအလင်းတန်းတစ်သောင်းက အောက်သို့ တန်းမတ်စွာ ကျဆင်းလာကြသည်။

ခန်းဆောင်၏ အပေါ်မှ အလင်းအကာအကွယ်များက အက်ကွဲသွားကြသည်။ ထို့နောက် အလင်းအကာအကွယ်များက တဖန် ပြန်ဖွဲ့စည်းသွားကြသည်။

ထိုဓားဝင်္ကပါတစ်ခုတည်းက နတ်ဘုရားရင်းမြစ်ကောင်းကင်နန်းတော်၏ ခုခံကာကွယ်မှုကို ချိုးဖြတ်ရန် မလွယ်ကူပေ။

သို့သော်လည်း ဤအခိုက်အတန့်တွင် ကောင်းကင်ပေါ်မှာ ဓားဝင်္ကပါတစ်ခုတည်း တည်ရှိနေခြင်းမဟုတ်ပေ။

အရေအတွက်ထောင်သောင်းချီသော ဓားဝင်္ကပါများက ကောင်းကင်တစ်ခွင် ဖုံးလွှမ်းသွားမည့် ဓားအလင်းများကို ထုတ်လွှတ်လိုက်ပြီး မြေပြင်ပေါ်မှ နန်းတော်များကို တိုက်ခိုက်လိုက်သည်။

ဟန်မူယဲ့ ရောက်လာသည့်အခါ မရေမတွက်နိုင်သော နတ်သားရဲများက နန်းတော်များထဲမှ တစ်ဟုန်ထိုး ပြေးထွက်လာကြပြီး ကောင်းကင်ပေါ်မှ ဓားဝင်္ကပါများကို တိုက်ခိုက်နေကြောင်း သူမြင်တွေ့သွားသည်။

“ မွေးစားအဖေ ”

“ ဆရာဟန် ”

အော်သံအများအပြားနှင့်အတူ ပုံရိပ်များစွာက ဟန်မူယဲ့ဆီသို့ ပျံသန်းလာကြသည်။

ဟွမ်ကျစ်ဟူက စစ်ချပ်ဝတ်ကို ခန္ဓာကိုယ်အပြည့် ဝတ်ဆင်ထားပြီး ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်ခြင်းအရှိန်အဝါကို ထုတ်လွှတ်နေသည်။

သူ၏ အံ့ဖွယ်ကောင်းသော တိုက်ပွဲအောင်မြင်မှုမှတ်တမ်းများက စကြာဝဠာတစ်ခုလုံးမှ သက်ရှိအားလုံးကို တုန်လှုပ်ချောက်ချားသွားစေရန် လုံလောက်သည်။ သူ့ထံမှ ထုတ်လွှတ်နေသော လူသတ်အရှိန်အဝါက အလွန်အားကောင်းလေရာ သာမန်ကျင့်ကြံသူများက သူ့ကို တိုက်ရိုက် မကြည့်ဝံ့ကြချေ။

ဟွမ်ကျစ်ဟူ၏ အနောက်တွင် ရှုကျီ၊ နတ်ဘုရားသတ်ဖြတ်ခြင်းရုပ်သေးရုပ်၊ လော့ခွန်း၊ ရှုကျွယ်နှင့် ဟွင်းသွမ်းတို့က လိုက်ပါလာကြသည်။

ဟန်မူယဲ့၏ အကြည့်က လူသားအသွင်ပြောင်းလဲထားသော နတ်သားရဲများထံသို့ ကျရောက်သွားသည်။

နတ်သားရဲများဖြစ်စေ၊ လော့ခွန်းဖြစ်စေ သို့မဟုတ် ရှုကျွယ်ဖြစ်စေ သူတို့အားလုံးက အုပ်ချုပ်သူအဆင့်သို့ တတ်လှမ်းပြီးကြပြီ ဖြစ်သည်။

အုပ်ချုပ်သူများ သို့မဟုတ် မူလအုပ်ချုပ်သူများက ကမ္ဘာဦးလောက၏ မူလစွမ်းအားကို စုဝေးပြီး တိုက်ခိုက်မည်ဆိုလျှင် နတ်ဘုရားရင်းမြစ်ကောင်းကင်နန်းတော်တစ်ခုလုံးက ချက်ချင်း ဖုန်မှုန့်ဖြစ်သွားလိမ့်မည်။

သို့တိုင် ဤအခိုက်အတန့်မှာ ကမ္ဘာဦးလောက၏ မဟာစစ်တပ်က ဤနေရာမှာ တားဆီးခံနေရသည်။

“ ဘယ်ဘုံက နတ်ဘုရားရင်းမြစ်ကောင်းကင်နန်းတော်ကို အနောက်ကနေ ထောက်ပံ့နေတာလဲ ”

ဟန်မူယဲ့က ဟွမ်ကျစ်ဟူကို ကြည့်လိုက်သည်။

အထက်ဘုံများမှ အစွမ်းထက်ပုဂ္ဂိုလ်များသာလျှင် ကမ္ဘာဦးဘုံမှ စစ်တပ်ကို ဟန့်တားနိုင်လိမ့်မည်။

ဟန်မူယဲ့၏ စကားကို ကြားသောအခါ ခါးသီးသော အမူအရာက ဟွမ်ကျစ်ဟူ၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။

“ မွေးစားအဖေ… အဲ့ဒါ အသူရာကောင်းကင်ဘုံပါ ”

အသူရာကောင်းကင်ဘုံက လူတွေ… ။

အသူရာကောင်းကင်ဘုံသည် လွန်ခဲ့သောနှစ်များတွင် ကမ္ဘာဦးလောကကို ဝါးမျိုရန် ကြိုးစားခဲ့ကြသော ကန်အန်းစကြာဝဠာနှင့် ကြယ်စင်စုစကြာဝဠာကို ဖိနှိပ်ခဲ့သည်။

ထိုဘုံက ပြီးပြည့်စုံသော မူလစွမ်းအားကို ပိုင်ဆိုင်ထားလေရာ ၎င်း၏ အလုံးစုံအင်အားက အလွန်သန်မာသည်။

အတိတ်မှာ ဟန်မူယဲ့က လောကတစ်သောင်းယှဉ်ပြိုင်ပွဲအတွင်းမှာ လောကတစ်သောင်းယှဉ်ပြိုင်ပွဲကုန်းမြေမှ အစွမ်းထက်ပုဂ္ဂိုလ်များကို ဦးဆောင်၍ အသူရာကောင်းကင်ဘုံဆီသို့ ဝင်ရောက်သွားခဲ့သည်။

နေရာအသီးသီးမှ အစွမ်းထက်ကျင့်ကြံသူထောင်သောင်းချီသည် အသူရာကောင်းကင်ဘုံထဲမှာ ကျင့်ကြံခဲ့ကြပြီး သူတို့၏ မူလစွမ်းအားကို အားဖြည့်ခဲ့ကြသည်။ ထို့ပြင် သူတို့က အသူရာကောင်းကင်ဘုံထဲမှာ အရင်းအမြစ်အများအပြားကို စုဆောင်းခဲ့ကြသည်။

“ အသူရာကောင်းကင်ဘုံဆီမှာ ကန်အန်းစကြာဝဠာဆီ ဦးတည်နေတဲ့ လမ်းကြောင်းတစ်ခု ရှိတယ်… ကျုပ်တို့ရဲ့ စစ်တပ်က ကန်အန်းစကြာဝဠာကို တိုက်ခိုက်သိမ်းပိုက်နေတဲ့အချိန် ကန်အန်းစကြာဝဠာရဲ့ အစွမ်းထက်ပုဂ္ဂိုလ်တွေက ယဇ်ပလ္လင်ကို ဖွင့်လှစ်လိုက်ကြပြီး အသူရာကောင်းကင်ဘုံက စစ်တပ်ကို ဆင့်ခေါ်ခဲ့ကြတယ် ”

ဟွမ်ကျစ်ဟူက ပြောသည်။

All Chapters