← Chapters

အခန်း (၁၅၆၇+၁၅၆၈)

Vol. 112 Ch. 1567+1568

အခန်း (၁၅၆၇+၁၅၆၈)

Vol. 112 Ch. 1567+1568

အခန်း(၁၅၆၇)

နဂါးမီကျောင်း၏ စွမ်းအားက မရှိပေ။

ဓားဝိညာဉ်သည်လည်း မရှိပေ။

အံ့ဖွယ်ကိုးပါးတောင်သခင် သန့်စင်ခဲ့သော ရတနာခုနစ်ပါးသည်လည်း မရှိပေ။

အဲ့ဒါတွေက ဘယ်ရောက်သွားတာလဲ… ။

ထိုစွမ်းအားများမရှိလျှင် ဟန်မူယဲ့နှင့် မည်သို့ သူပေါင်းစပ်နိုင်မည်နည်း။

ယခု ပေါင်းစပ်ထားသော စွမ်းအားသည်ပင် ကမ္ဘာဦးလောကကို ထိန်းချုပ်ရန် မလုံလောက်လေရာ သူက ကမ္ဘာဦးလောကကို ဘုံအဆင့်သို့ ပြန်ရောက်အောင် မည်သို့ပြုလုပ်ပေးနိုင်မည်နည်း။

အကျဉ်းချုပ်ပြောရသော် သူ၏ အစီအစဉ်အားလုံးက ရေပူဖောင်းများသဖွယ် ပျောက်ကွယ်သွားသည်။

နှစ်ပေါင်းမရေမတွက်နိုင်အောင် ပြင်ဆင်ထားခဲ့သော သူ၏ အစီအစဉ်၊ အချိန်နှင့် လေဟာနယ်ကို ထပ်ခါထပ်ခါ ဖြတ်သန်း၍ တွက်ချက်ထားခဲ့သော သူ၏ အစီအစဉ်က ယခု သူ၏ မျက်စိရှေ့မှာတင် ပျက်စီးသွားသည်။

ယနေ့သည် သူ၏ အိမ်မက်ကို ရရှိရန် အနီးစပ်ဆုံး အချိန်အခါဖြစ်သည်။

ဤအခိုက်အတန့်မှာ ဟန်မူယဲ့၏ ပုံရိပ်ယောင်ခန္ဓာကိုယ်က အဆက်မပြတ် တုန်ယင်လာပြီး တုံထျန်းအင်မော်တယ်ဘုရင်၏ ခန္ဓာကိုယ်က ထွက်ပေါ်လာသည်။

ထိုသူက တုံထျန်းအင်မော်တယ်ဘုရင် မဟုတ်ပေ။ ယင်းအစား ၎င်းက အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားသော ခန္ဓာကိုယ်တစ်ခုဖြစ်ပြီး သူ၏ နဖူးပေါ်တွင် နဂါးဦးချိုများ ရှိသည်။ ၎င်း၏ မျက်နှာပေါ်တွင် နတ်ဘုရားအင်းသင်္ကေတများဖြင့် ပြည့်နှက်နေသည်။

၎င်းက တုံထျန်းအင်မော်တယ်ဘုရင်၏ အစစ်အမှန်အသွင်သဏ္ဍာန် ဖြစ်သည်။ ၎င်းက ကမ္ဘာဦးခေတ်မတိုင်ခင် တည်ရှိခဲ့သော ခန္ဓာကိုယ်တစ်ခု ဖြစ်သည်။ တစ်ခုသေချာသည်မှာ ၎င်းက လူသားမျိုးနွယ် လုံးဝ မဟုတ်ပေ။

“ ဟန်မူယဲ့… အပြင်ထွက်လာစမ်း ”

တုံထျန်းအင်မော်တယ်ဘုရင်က ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး ယဇ်ပလ္လင်ပေါ်၌ တလိပ်လိပ် မြှောက်တတ်နေသော တိမ်မြူအလင်းကို ကြည့်လိုက်သည်။

၎င်း၏ ဟိန်းသံက ကျယ်လောင်စွာ ပဲ့တင်ထပ်သွားသည့်အခါ ပုံရိပ်တစ်ခုက ယဇ်ပလ္လင်ပေါ်မှာ ထွက်ပေါ်လာသည်။

ဟန်မူယဲ့… ။

၎င်းက ဟန်မူယဲ့ကို ဖိနှိပ်ပြီး ဝါးမျိုပစ်ခဲ့သည်ဟု တွေးခဲ့သည်။ သို့သော်လည်း ယခု ဟန်မူယဲ့က ၎င်း၏ အရှေ့မှာ မတ်တတ်ရပ်နေသည်။

“ ငါ့ကို ပြောစမ်း… မင်းဘယ်လိုလုပ်ခဲ့တာလဲ ”

“ နဂါးမီကျောင်းစွမ်းအားက ဘယ်မှာလဲ ”

“ ကမ္ဘာဦးလောကရဲ့ စွမ်းအားက ဘယ်မှာလဲ”

“ ကောင်းကင်စက်ဝန်းဓားဝင်္ကပါ… ပြီးတော့ မင်းရဲ့ ဓားဝိညာဉ်… အဲ့ဒါတွေအားလုံး ဘယ်ရောက်သွားတာလဲ ”

တုံထျန်းအင်မော်တယ်ဘုရင်က ဟန်မူယဲ့ကို စူးစိုက်ကြည့်လိုက်ပြီး အံတင်းတင်းကြိတ်၍ ကျယ်လောင်စွာ အော်ပြောသည်။

နှစ်ပေါင်းမရေမတွက်နိုင်အောင် သူပြင်ဆင်ထားခဲ့သော အစီအစဉ်က ပျက်စီးသွားခဲ့သည်။

သို့ဖြစ်လေရာ ၎င်းက ယခုအချိန်မှာ မည်သို့ကြောင့် စိတ်အေးအေးထားနိုင်မည်နည်း။

၎င်းက ရှင်းလင်းသော အဖြေကို သိချင်သည်။

ဟန်မူယဲ့က နေရာမှာ စိတ်ခံစားချက်ကင်းမဲ့စွာ မတ်တတ်ရပ်နေသည်။

သူက ရူးသွပ်လုနီးပါး ဒေါသထွက်နေသော တုံထျန်းအင်မော်တယ်ဘုရင်ကို ကြည့်လိုက်ပြီး ညင်သာစွာ ခေါင်းယမ်းလိုက်သည်။

“ မဟာတာအိုမှာ တစ်ခုလွတ်မြောက်နေတယ် ”

“ အဲ့ဒါကြောင့် ဒီလောကမှာ အမြဲတမ်း လွတ်လမ်းတစ်ခု ရှိတယ် ”

“ တုံထျန်းအင်မော်တယ်ဘုရင်… အဲ့ဒါကို ခင်ဗျားနားမလည်ဘူးလား ”

“ ခင်ဗျားနဲ့ ကျုပ်က အဲ့ဒီလွတ်မြောက်နေတဲ့ အရာပဲ ”

ကမ္ဘာဦးလောကက အက်ကွဲသွားခဲ့စဉ် လွတ်မြောက်သွားခဲ့သော မိုးမြေက တုံထျန်းအင်မော်တယ်ဘုရင်အဖြစ် ပြောင်းလဲသွားခဲ့သည်။

ဟန်မူယဲ့သည်တော့ သူက ကမ္ဘာဦးလောက၏ အပြင်ဘက်မှာ မွေးဖွားလာခဲ့သော အခွင့်အရေးဖြစ်သည်။

“ မ… မဖြစ်နိုင်တာ ”

တုံထျန်းအင်မော်တယ်ဘုရင်က ပျက်စီးသွားနေသော မိုးကောင်းကင်ကို ကြည့်လိုက်လေရာ ၎င်း၏ မျက်နှာက ဖြူဖျော့သွားသည်။

အသူရာကောင်းကင်ဘုံမှ စစ်တပ်၏ ကျူးကျော်ဝင်ရောက်လာမှုကို မတည်ငြိမ်သေးသော ကမ္ဘာဦးဘုံက မည်သို့ခုခံတားဆီးနိုင်လိမ့်မည်နည်း။

ဤတစ်ကြိမ်တွင် ကမ္ဘာဦးလောကက သေချာပေါက် ပြိုကွဲသွားပြီး ပျောက်ကွယ်သွားတော့မည်။

“ ဟန်မူယဲ့… ဟန်မူယဲ့… ဒီဟာကို နှစ်တွေအကြာကြီး ငါစီစဉ်လာခဲ့တာ… ငါ့အစီအစဉ် အောင်မြင်မယ်ဆိုရင် ကမ္ဘာဦးလောကက ဘုံအဖြစ် ပြန်ဖွဲ့စည်းသွားလိမ့်မယ်… အဲ့ဒီမှာ သက်ရှိအားလုံးက စကြာဝဠာကပ်ဘေးကို ကြောက်စရာမလိုဘဲ ထာဝရ နေထိုင်နိုင်ကြလိမ့်မယ်… ”

တုံထျန်းအင်မော်တယ်ဘုရင်၏ မျက်နှာပေါ်မှာ ရှုံးနိမ့်သွားသော အမူအရာ ထွက်ပေါ်လာသည်။

ဟင်းလင်းပြင်က တုန်ယင်သွားပြီး မိုးမြေက အက်ကွဲပျက်စီးသွားသည်။ ကမ္ဘာဦးလောကကို ဘုံအဖြစ် တိုးမြှင့်မည့် ၎င်း၏ ရည်မှန်းချက်က အိမ်မက်တစ်ခုသာ ဖြစ်လာသည်။

အားလုံး ပြီးဆုံးသွားပြီ… ။

“ ကမ္ဘာဦးဘုံကို ပြန်ဖွဲ့စည်းတာက ခက်ခဲလို့လား ”

ဟန်မူယဲ့က ကောင်းကင်ကို ကြည့်လိုက်ပြီး နူးညံ့စွာ ပြောသည်။

ခက်ခဲလို့လား… ။

အဲ့ဒါက ခက်ခဲတဲ့အရာ မဟုတ်ဘူးလား… ။

တုံထျန်းအင်မော်တယ်ဘုရင်က ခေါင်းခါလိုက်သည်။ စိတ်ပျက်အားလျော့သော အကြည့်က သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

“ မူလစွမ်းအားကို နောက်ထပ် မထောက်ပံ့နိုင်တော့သလို မစုဝေးနိုင်တော့ဘူး… ကမ္ဘာဦးလောကက ပျက်စီးသွားနေပြီ… နောက်ဆုံးမှာ အရာအားလုံးက အမှောင်ထုအဖြစ် ပြောင်းလဲသွားလိမ့်မယ်… အမှောင်ထုက ဗလာနတ္ထိဖြစ်လာလိမ့်မယ် ”

ကောင်းကင်က အက်ကွဲပျက်စီးသွားသည်။

မူလစွမ်းအားက လွင့်ပြယ်သွားနေသည်။

ဟန်မူယဲ့က မိုးကောင်းကင်ကို မော့ကြည့်လိုက်သည်။ သူ၏ အမူအရာက တည်ငြိမ်နေဆဲပင်။

သူက အရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်ပြီး ပြောသည်။

“ ဘုံတစ်ခုကို ထောက်ပံ့ရတာ… ”

“ ခက်ခဲလို့လား ”

ဟန်မူယဲ့၏ အသံက မိုးခြိမ်းသံသဖွယ် ပဲ့တင်ထပ်သွားပြီး အဆုံးမဲ့သော ဟင်းလင်းပြင်ထဲမှာ ပျံ့လွင့်သွားသည်။

သူက ပေတစ်သိန်းရှည်လျားသော ဘီလူးတစ်ကောင်အဖြစ် တိုက်ရိုက် အသွင်ပြောင်းလဲသွားသည်။

သူက ခြေတစ်လှမ်းနှင့်အတူ ကောင်းကင်ပေါ်သို့ ပျံသန်းသွားသည်။ မိုးကောင်းကင်ဆီသို့ ရောက်ရှိသွားသည့်အခိုက် သူ၏ အရွယ်အစားက ပေတစ်သန်းအထိ ကြီးမားသွားသည်။

ဧရာမဘီလူးတစ်ကောင်က ကောင်းကင်နှင့် မြေပြင်ကြားမှာ ထင်ရှားစွာ ထွက်ပေါ်လာသည်။

ဘီလူးက လက်မြှောက်လိုက်ပြီး ပြိုကျလာနေသော ကောင်းကင်ကို မလိုက်သည်။

သူက လက်နှစ်ဖက်ဖြင့် ကောင်းကင်ကို မမြှောက်လိုက်ပြီး သူ၏ လက်နှစ်ဖက်ကို အတူတကွ စုဝေးလိုက်သည်။

“ ဗုန်း ”

ကျယ်လောင်သော ပေါက်ကွဲသံက ပဲ့တင်ထပ်သွားသည်။

မူလက အက်ကွဲနေသော မိုးကောင်းကင်က ပြန်ဆက်သွားသည်။

အက်ကွဲကြောင်းထဲမှ ခုန်ဆင်းလာနေကြသော အသူရာကောင်းကင်ဘုံမှ ကျင့်ကြံသူများက မိုးကောင်းကင်ဖြင့် ဖိညှပ်ခံလိုက်ကြရသည်။ တခြားလူများသည်တော့ သူတို့က အကန့်အသတ်မဲ့စွာ ကျယ်ပြောသော ဟင်းလင်းပြင်ထဲသို့ ပြုတ်ကျသွားကြသည်။

မိုးနှင့် မြေက ပြန်ပေါင်းစည်းသွားသည့်အခါ ကမ္ဘာဦးလောက၏ မူလစွမ်းအားက ပြန်သိပ်သည်းသွားသည်။ ထို့နောက် ကမ္ဘာဦးလောက၏ မူလစွမ်းအားက အသူရာကောင်းကင်ဘုံမှ မူလစွမ်းအားကို ချက်ချင်း ဖိနှိပ်လိုက်သည်။

အသူရာကောင်းကင်ဘုံမှ ဆင်းသက်လာကြသော အစွမ်းထက်ပုဂ္ဂိုလ်များက ကမ္ဘာဦးလောက၏ မူလစွမ်းအားဖြင့် ဖိနှိပ်ခံလိုက်ကြရသည်။ မျက်စိတစ်မှိတ်အတွင်းမှာ အခြေအနေက လုံးဝ ပြောင်းပြန်ဖြစ်သွားသည်။

အသူရာကောင်းကင်ဘုံမှ မူလစွမ်းအား၏ ထောက်ပံ့ပေးမှုမရှိသည့်အခါ အကယ်၍ သူတို့က ပြီးပြည့်စုံသော မူလစွမ်းအားကို ပိုင်ဆိုင်ထားကြသော အုပ်ချုပ်သူများဆိုလျှင်ပင် အချိန်ကြာကြာ တောင့်ခံနိုင်ကြလိမ့်မည် မဟုတ်ချေ။

ဤနေရာက ကမ္ဘာဦးလောက ဖြစ်သည်။

ကမ္ဘာဦးလောကထဲတွင် မိုးမြေကြားထဲမှ မရေမတွက်နိုင်သော မူလစွမ်းအားများက နတ်ဘုရားအလင်းတန်းများအဖြစ် ပြောင်းလဲသွားကြပြီး ဟန်မူယဲ့၏ ဘီလူးခန္ဓာကိုယ်ပေါ်မှာ စုဝေးသွားကြသည်။ ထို့နောက် သူ၏ ခန္ဓာကိုယ်တစ်ဝိုက်တွင် စွမ်းအင်ဝဲကတော့များ ထွက်ပေါ်လာကြသည်။

“ ဆရာဟန် ”

ကျူးရုန်က ဝမ်းသာပျော်ရွှင်သွားပြီး သူ၏ လက်နှစ်ဖက်ကို မြှောက်၍ အော်ခေါ်လိုက်သည်။

ကမ္ဘာဦးလောကထဲမှ နတ်သားရဲအများအပြားနှင့် လူသားမျိုးနွယ်က ဟန်မူယဲ့၏ နာမည်ကို အော်ခေါ်လိုက်ကြပြီး ချီးမြှောက်လိုက်ကြသည်။

သူတို့၏ သွေးအနှစ်သာရနှင့် နတ်ဘုရားအလင်းက အတူတကွ ယှက်ထွေသွားသည်။

အစောနက လွင့်ပြယ်သွားနေသော မူလစွမ်းအားက ယခု တဖန် ပြန်စုဝေးသွားသည်။

ဟွမ်ကျစ်ဟူက နေရာမှာ ရပ်နေသော်လည်း သူ၏ ခန္ဓာကိုယ်ထဲမှ ဓားအလင်းက သူ့အနောက်မှ ဓားဝင်္ကပါများ၏ စွမ်းအားကို ဆင့်ခေါ်လိုက်သည်။ ဓားစွမ်းအားက မိုးမြေကြားထဲမှာ စုဝေးသွားပြီး အနီးနားမှ ကြယ်များနှင့် ကမ္ဘာများကို ဆွဲငင်လိုက်သည်။

ဘေးပတ်ဝန်းကျင်မှ ကြယ်များက ဖြည်းညင်းစွာ လှည့်ပတ်သွားကြသည်။

ကြယ်တာရာဟင်းလင်းပြင်က ပရမ်းပတာဖြစ်သွားသည်။

ကမ္ဘာဦးလောကထဲတွင် အဆုံးမဲ့သော မူလစွမ်းအားက ဟန်မူယဲ့၏ ခန္ဓာကိုယ်ထဲသို့ စီးဆင်းသွားသည်။

ကမ္ဘာဦးဘုံက ဤအခိုက်အတန့်မှာ စတင်မြင့်တတ်သွားသည်။

“ ကမ္ဘာဦးလောကကို ထောက်ပံ့ဖို့လား ”

တုံထျန်းအင်မော်တယ်ဘုရင်က သူ့အရှေ့မှ အဖြစ်အပျက်ကို ကြည့်လိုက်သည့်အခါ စိတ်ရှုပ်ထွေးသော အမူအရာက သူ၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။

သူက အချိန်ကို ထပ်ခါတလဲလဲ နောက်ပြန်ဆုတ်ပြီး ကမ္ဘာဦးလောကကို ပြန်ဖွဲ့စည်းရန် ကြိုးစားခဲ့သည်။ သို့သော်လည်း သူ၏ အန္တိမရည်မှန်းချက်က ကမ္ဘာဦးလောကကို ထိန်းချုပ်ရန် ဖြစ်သည်။ သူက ကမ္ဘာဦးလောကကို ထောက်ပံ့ပေးရန် တစ်ခါမှ မစဉ်းစားကြည့်ခဲ့ဖူးပေ။

အဲ့ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ… ။

ဘုံတစ်ခုလုံးကို ထောက်ပံ့ပေးနိုင်တဲ့ သက်ရှိတစ်ကောင်က တကယ်ရှိနိုင်လို့လား… ။

“ မဖြစ်နိုင်တာ ”

သူက ဟန်မူယဲ့ကို ကြည့်လိုက်ပြီး သူ့ဘာသာ တီးတိုးရေရွတ်လိုက်သည်။

“ ဗုန်း ”

ကောင်းကင်အပြင်ဘက်တွင် မရေမတွက်နိုင်သော နတ်ဘုရားအလင်းတန်းများက ကြမ်းတမ်းသော လေပြင်းနှင့် ကြောက်မက်ဖွယ်ကောင်းသော မိုးကြိုးသွားများအဖြစ် ပြောင်းလဲသွားပြီး ဟန်မူယဲ့ထံသို့ ဦးတည်သွားကြသည်။

အသူရာကောင်းကင်ဘုံမှ အစွမ်းထက်ပုဂ္ဂိုလ်များသည် ကမ္ဘာဦးလောကထဲမှာ ပိတ်မိနေရန် ဆန္ဒမရှိကြပေ။ ထို့ကြောင့် သူတို့အားလုံးက အရှေ့သို့ ချီတတ်သွားကြသည်။

သို့တိုင် သူတို့၏ တိုက်ခိုက်မှုများက ဘီလူး၏ ဘေးပတ်ဝန်းကျင်မှ စွမ်းအင်ဝဲကတော့များကိုပင် မနှောင့်ယှက်နိုင်ပေ။

ဤအခိုက်အတန့်မှာ ဟန်မူယဲ့က သူ့ကိုယ်ပိုင်စွမ်းအားကိုသာ ထုတ်လွှတ်နေခြင်း မဟုတ်ပေ။ ယင်းအစား သူက ကမ္ဘာဦးလောက၏ မူလစွမ်းအားကိုလည်း အသုံးပြုနေသည်။

ဘုံတစ်ခုလုံး၏ မူလစွမ်းအားကို ထိန်းချုပ်ထားသော ဟန်မူယဲ့ကို မည်သူက ယှဉ်ပြိုင်နိုင်မည်နည်း။

ဟန်မူယဲ့က ကောင်းကင်ကို မမြှောက်ထားရင်း အရှေ့သို့ လျှောက်သွားသည်။

ကမ္ဘာဦးဘုံတစ်ခုလုံးက သူ့အား ဗဟိုပြု၍ သိပ်သည်းသွားနေသည်။ မူလစွမ်းအားက ကမ္ဘာဦးဘုံထဲမှာ အဆက်မပြတ် စုဝေးသွားနေသည်။

အတိတ်မှာ ပြိုကွဲပျက်စီးသွားခဲ့သော ကမ္ဘာများက ဟင်းလင်းပြင်ထဲမှာ ပြန်ဖွဲ့စည်းသွားကြသည်။

တခြားဘုံများဖြစ်စေ သို့မဟုတ် အတိတ်မှာ ကမ္ဘာဦးဘုံ၏ တစ်စိတ်တစ်ပိုင်းဖြစ်ခဲ့ဖူးသော ကမ္ဘာများဖြစ်စေ ယင်းတို့အားလုံးက ဤအခိုက်အတန့်မှာ ပြန်ဆင့်ခေါ်ခံလိုက်ကြရပြီး ကမ္ဘာဦးဘုံနှင့် ပြန်ပေါင်းစည်းသွားကြသည်။

ဟန်မူယဲ့က ကမ္ဘာဦးဘုံကို ထောက်ပံ့ထားရင်း အဆုံးမဲ့သော ဟင်းလင်းပြင်ထဲမှာ လမ်းလျှောက်နေသည်။

သူခြေတစ်လှမ်း လှမ်းလိုက်တိုင်း မိုင်ပေါင်းဘီလီယံတစ်သန်း အကွာအဝေးကို ဖြတ်ကျော်သွားသည်။

အဆုံးမဲ့သော ဟင်းလင်းပြင်ထဲမှာ အကွာအဝေးနှင့် အချိန်မရှိပေ။ ဟန်မူယဲ့က ဟင်းလင်းပြင်ထဲမှာ တစ်လှမ်းချင်း တစ်လှမ်းချင်း လျှောက်နေစဉ် သူ၏ လက်ထဲမှ ကမ္ဘာဦးဘုံက တခြားကမ္ဘာများနှင့် ပေါင်းစပ်သွားပြီး ပိုပြီးကြီးမားလာသည်။

သူက ဟင်းလင်းပြင်ထဲမှာ လမ်းလျှောက်နေရင်း ခန္ဓာကိုယ်ကြီးမားသော ဧရာမပုံရိပ်တချို့ကို တိုက်ရိုက် ဝင်ဆောင့်လိုက်သည်။

သူ၏ လမ်းကြောင်းကို ပိတ်ဆို့ထားကြသော အသူရာကောင်းကင်ဘုံမှ အစွမ်းထက်ပုဂ္ဂိုလ်များက တိုက်ရိုက် အက်ကွဲသွားကြသည်။ တစ်ဆက်တည်းမှာ သူတို့၏ ခန္ဓာကိုယ်က မူလစွမ်းအားအဖြစ် အရည်ပျော်သွားပြီး ကမ္ဘာဦးလောက၏ စုပ်ယူခံလိုက်ရသည်။

ကမ္ဘာဦးလောကနှင့် ပေါင်းစည်းသွားသော ကမ္ဘာများက ကမ္ဘာဦးဘုံ၏ အစိတ်အပိုင်းများ ဖြစ်လာကြသည်။

အမည်မသိအချိန်ကာလတစ်ခုကြာအောင် လမ်းလျှောက်ပြီးနောက် ထွန်းလင်းတောက်ပသော အလင်းရောင်က အရှေ့မှ ပေါ်လျှိုးလာသည်။

မရေမတွက်နိုင်သော ပုံရိပ်များက ထွန်းလင်းတောက်ပသော ထိုနေရာမှ ထွက်ပေါ်လာကြပြီး ဟင်းလင်းပြင်ထဲမှာ ရပ်လိုက်ကြသည်။

နတ်ဘုရားအလင်းတန်းများက အပြန်အလှန် ချိတ်ဆက်သွားကြပြီး ကွန်ရက်တစ်ခုကို ဖွဲ့စည်းသွားသည်။

ထို့နောက် ဟန်မူယဲ့၏ အရွယ်အစားနှင့် နှိုင်းယှဉ်နိုင်သော ဧရာမဘီလူးတစ်ကောင် ထွက်ပေါ်လာသည်။

သို့သော်လည်း ထိုဘီလူးက ဒြပ်ထည်မရှိဘဲ ပုံရိပ်ယောင်တစ်ခုသာ ဖြစ်သည်။ ထို့ကြောင့် ၎င်းမှာ မည်သည့်အသွင်သဏ္ဍာန်မှ မရှိပေ။ ၎င်း၏ တစ်ကိုယ်လုံးက ဗလာဖြစ်နေသည်။

သို့သော်လည်း မူလစွမ်းအားက ၎င်း၏ ပုံရိပ်ယောင်ခန္ဓာကိုယ်ထဲမှ အဆုံးမဲ့စွာ ပေါ်လျှိုးလာပြီး အဆက်မပြတ် လှည့်ပတ်နေသည်။

ယင်းက ဘုံစွမ်းအား၏ ဒြပ်ထည်ပုံစံဖြစ်ပြီး အဆင့်မြင့်ဘုံတစ်ခု၏ အသန်မာဆုံးအသွင်သဏ္ဍာန် ဖြစ်သည်။

“ အသူရာကောင်းကင်ဘုံလား ”

“ ဘုံစွမ်းအားရဲ့ ဒြပ်ထည်ပုံစံလား ”

ဟန်မူယဲ့က ကမ္ဘာဦးဘုံကို လက်တစ်ဖက်ဖြင့် မမြှောက်ထားရင်း အခြားလက်တစ်ဖက်ဖြင့် လက်သီးဆုပ်လိုက်ကာ ပေသန်းပေါင်းများစွာ ရှည်လျားသော ဧရာမဘီလူး၏ ပုံရိပ်ယောင်မျက်နှာပေါ်သို့ ထိုးချလိုက်သည်။

သူ၏ လှုပ်ရှားမှုက မမြန်ဆန်ပေ။

သို့သော်လည်း သူ့အရှေ့မှ ဧရာမဘီလူး၏ မျက်လုံးထဲမှာတော့ သူ၏ လှုပ်ရှားမှုများက ခန့်မှန်းမရအောင် မြန်ဆန်လွန်းလှသည်။ ထို့ကြောင့် လက်သီးက ၎င်း၏ မျက်နှာတည့်တည့်ပေါ်သို့ ကျရောက်လာနေသည်ကို ၎င်းက အကူအညီမဲ့စွာသာ ကြည့်နေနိုင်သည်။

“ ဘန်း ”

လက်သီးဖြင့် အထိုးခံလိုက်ရသောအခါ ဘီလူး၏ တစ်ကိုယ်လုံးက အပြင်းအထန် တုန်ယင်သွားပြီး အနောက်သို့ လဲကျသွားသည်။

ထိုဘီလူးက အစစ်အမှန် ဘီလူးတစ်ကောင်မဟုတ်ပေ။ ယင်းအစား ၎င်းက ဘုံတစ်ခု၏ မူလစွမ်းအားမှ ဖွဲ့စည်းသွားသော ဒြပ်ထည်ပုံစံတစ်ခုမျှသာ ဖြစ်၏။

သို့ဖြစ်၍ ဘီလူးက အထိုးခံလိုက်ရသည့်အခါ ၎င်းတစ်ကောင်တည်း ဒဏ်ရာရသွားခြင်းမဟုတ်ပေ။

တူညီသော သက်ရောက်မှုအောက်မှာ အသူရာကောင်းကင်ဘုံထဲမှ မရေမတွက်နိုင်သော ဝိညာဉ်များက အက်ကွဲသွားကြသည်။

မိုးမြေကြားတွင် မရေမတွက်နိုင်သော စွမ်းအားများက လှုံ့ဆော်ခံလိုက်ရပြီး ပြိုကွဲသွားကြသည်။

အသူရာကောင်းကင်ဘုံထဲမှ ထွက်လာကြသော အစွမ်းထက်ပုဂ္ဂိုလ်များသည်လည်း အပြင်းအထန် တုန်ယင်သွားကြသည်။ ထို့ပြင် သူတို့၏ ခန္ဓာကိုယ်ပေါ်မှ နတ်ဘုရားအင်းသင်္ကေတများက အက်ကွဲသွားကြသည်။

ဘုံစွမ်းအားချင်း ထိပ်တိုက် တွေ့ဆုံသည့်အခါ ယင်းတို့ထံမှ ပျံ့လွင့်သွားသော စွမ်းအားအနည်းငယ်သည်ပင် မရေမတွက်နိုင်သော သက်ရှိသတ္တဝါများကို ဖျက်ဆီးပစ်နိုင်သည်။

အကယ်၍ ဟန်မူယဲ့သာ ကမ္ဘာဦးလောကကို မထောက်ပံ့ထားလျှင် ၎င်းက အသူရာကောင်းကင်ဘုံကဲ့သို့ တူညီသော ကံကြမ္မာကို တွေ့ကြုံခံစားရလိမ့်မည်။

အခန်း(၁၅၆၈)

ဟန်မူယဲ့က လက်တစ်ဖက်ဖြင့် ကမ္ဘာဦးဘုံကို ထောက်ပံ့ထားရင်း အရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သည်။ ထို့နောက် သူက အခြားလက်တစ်ဖက်ကို ဆန့်တန်းလိုက်ပြီး ဘီလူး၏ လည်ပင်းကို ဖမ်းဆုပ်လိုက်သည်။

အသူရောကောင်းကင်ဘုံမှ မူလစွမ်းအား၏ ဒြပ်ထည်ပုံစံဖြစ်သော ဘီလူးက ဟန်မူယဲ့ကြောင့် တရွတ်တိုက် ဆွဲခေါ်ခံသွားရသည်။

တစ်ချိန်တည်းမှာ အသူရာကောင်းကင်ဘုံက အပြင်းအထန် တုန်ယင်သွားသည်။

အသူရာကောင်းကင်ဘုံထဲတွင် မရေမတွက်နိုင်သော မူလစွမ်းအားများက ပရမ်းပတာ လှုပ်ခတ်သွားကြပြီး ထိန်းချုပ်မရအောင် လှည့်ပတ်သွားကြသည်။

“ ဗုန်း ”

ဟန်မူယဲ့၏ ဘီလူးခန္ဓာကိုယ်က အသူရာကောင်းကင်ဘုံနှင့် ထိပ်တိုက် ဝင်ဆောင့်သွားသည်။ ထိုအခါ ထွန်းလင်းတောက်ပသော ဘုံက အစိတ်စိတ်အမွှာမွှာ အက်ကွဲသွားသည်။

သက်ရှိတစ်ယောက်၏ ခွန်အားက ဘုံတစ်ခုလုံးကို ဖျက်ဆီးပစ်နိုင်သည်။

အတိတ်တွင် မဟာပန်သွန်ဘုံမှ ဘီလူးက ကမ္ဘာဦးလောကကို ထိုအတိုင်း ဖျက်ဆီးပစ်ခဲ့ခြင်း ဖြစ်သည်။

ဤအခိုက်အတန့်မှာ ဟန်မူယဲ့က အနည်းငယ် မောပန်းလာဟန် ရ၏။ ထို့ကြောင့် သူက လက်မြှောက်လိုက်ပြီး ကမ္ဘာဦးဘုံကို အစိတ်စိတ်အမွှာမွှာ အက်ကွဲသွားသော အသူရာကောင်းကင်ဘုံပေါ်သို့ ဖိချလိုက်ကာ သူ၏ ဝန်ကို ဝေမျှလိုက်သည်။

ဘုံတစ်ခု၏ စွမ်းအားက တိုက်ရိုက် ဖိနှိပ်ခံလိုက်ရသည်။

ထိုသို့လုပ်ဆောင်ပြီးနောက် ဟန်မူယဲ့က ဟင်းလင်းပြင်ထဲမှာ ဟက်ဟက်ပက်ပက် ရယ်လိုက်သည်။

“ ကမ္ဘာဦးလောကကို ပြန်ဖွဲ့စည်းပြီး မူလစွမ်းအားကို ထောက်ပံ့ပေးရတာ တကယ်ခက်ခဲလို့လား ”

ပေသန်းပေါင်းများစွာ ရှည်လျားသော သူ၏ ဧရာမခန္ဓာကိုယ်ပေါ်မှာ အက်ကွဲကြောင်းများ ထွက်ပေါ်လာကြသည်။

သို့သော်လည်း သူက ယင်းတို့ကို ဂရုမစိုက်ပေ။ သူက လက်ဖဝါးပေါ်မှ ကမ္ဘာဦးဘုံကို အသူရာကောင်းကင်ဘုံပေါ်သို့ ဆက်လက် ဖိချလိုက်သည်။

သူ၏ ခွန်အားတစ်ခုတည်းက ကမ္ဘာဦးလောကတစ်ခုလုံးကို ဖိနှိပ်နိုင်ပေသည်။

သူ၏ ခန္ဓာကိုယ်က တဖြည်းဖြည်း ဝေဝါးလာသည်။

“ ဟန်မူယဲ့… ငါက မင်းနဲ့ ဘယ်လိုမှ မနှိုင်းယှဉ်နိုင်ဘူး ”

ကမ္ဘာဦးလောကထဲမှ တုံထျန်းအင်မော်တယ်ဘုရင်က သူ့ဘာသာ တီးတိုးရေရွတ်လိုက်သည်။

ကမ္ဘာဦးဘုံကို လက်တစ်ဖက်ဖြင့် ထောက်ပံ့ထားပြီး အသူရာကောင်းကင်ဘုံကို အခြားလက်တစ်ဖက်ဖြင့် ဖျက်ဆီးပစ်နိုင်ရန် မည်မျှအားကောင်းသော ခွန်အားကို လိုအပ်ကြောင်း သူစိတ်မကူးကြည့်နိုင်ပေ။

သူက ထိုသို့မလုပ်နိုင်ပေ။

ဟန်မူယဲ့က နေရာမှာ မတ်တတ်ရပ်နေစဉ် သူ၏ ခန္ဓာကိုယ်က ဗလာနတ္ထိအဖြစ် ပျောက်ကွယ်သွားသည်။

အမှန်တကယ်ပင် ဤတစ်ကြိမ်မှာ သူ၏ ခွန်အားက ခမ်းခြောက်သွားသည်။

သို့သော်လည်း ဤခန္ဓာကိုယ်က သူ၏ ကိုယ်ပွားများအနက် တစ်ခုသာ ဖြစ်သည်။

သူက ဖြည်းညင်းစွာ မျက်လုံးမှိတ်လိုက်လေရာ မိုးခြိမ်းသံသဖွယ် အော်သံက အဆုံးမဲ့သော ဟင်းလင်းပြင်ထဲမှာ ပဲ့တင်ထပ်သွားသည်။

“ ကမ္ဘာဦးလောက… ငါ့ရဲ့ မူလခန္ဓာကိုယ် ပြန်ရောက်လာတဲ့အချိန်ဟာ ငါပြန်နိုးထလာမယ့် အချိန်ပဲ ”

သူ၏ အသံက ကျယ်လောင်စွာ ပဲ့တင်ထပ်သွားပြီးနောက် သူ၏ ပုံရိပ်က ဟင်းလင်းပြင်ထဲမှာ ပျောက်ကွယ်သွားသည်။

ကမ္ဘာဦးဘုံသည်တော့ ၎င်းက ဤအခိုက်အတန့်မှာ အသူရာကောင်းကင်ဘုံ၏ အပေါ်တွင် တည်ရှိသွားသည်။ ၎င်းက အသူရာကောင်းကင်ဘုံထံမှ ဘုံစွမ်းအားကို စုပ်ယူ၍ ကိုယ့်ကိုယ်ကိုယ် အားဖြည့်လိုက်သည်။

မိုးမြေစွမ်းအားနှင့်အတူ ကမ္ဘာဦးဘုံက တည်ငြိမ်သွားပြီး မူလစွမ်းအားက ထပ်ခါတလဲလဲ သိပ်သည်းသွားသည်။

မကုန်ဆုံးနိုင်သော မူလစွမ်းအားကြောင့် ထာဝရရှင်သန်မှုက အိမ်မက်တစ်ခုမျှသာ မဟုတ်တော့ပေ။ ယင်းက လက်တွေ့ရရှိနိုင်သောအရာ ဖြစ်လာသည်။

ဘုံတစ်ခုကို လက်ထဲမှာ ကိုင်ထားရင်း အခြားဘုံတစ်ခုကို လက်တစ်ဖက်ဖြင့် ဖျက်ဆီးပစ်နိုင်သော ခွန်အား… ။

ဟန်မူယဲ့သည်သာလျှင် ထိုသို့ခွန်အားကို ပိုင်ဆိုင်နိုင်ပေသည်။

ဟန်မူယဲ့သည်သာလျှင် ကမ္ဘာဦးလောကကို ပြန်ဖွဲ့စည်းနိုင်ပြီး ဘုံအဆင့်ထိ တိုးမြှင့်သွားအောင် လုပ်ဆောင်နိုင်ပေသည်။

“ ဂျူနီယာညီလေး… အဲ့ဒါက မင်းလိုချင်တဲ့အရာလား ”

ခန်းဆောင်ထဲတွင် အသံတစ်သံက နူးညံ့စွာ ပဲ့တင်ထပ်သွားသည်။

“ မွေးစားအဖေ… ကောင်းကောင်း အနားယူပါ… ကမ္ဘာဦးလောကကို သမီး ကာကွယ်စောင့်ရှောက်ပေးပါ့မယ် ”

ဟွမ်ကျစ်ဟူက ဓားတစ်လက်ကို ကိုင်ထားရင်း နူးညံ့စွာ ပြောသည်။

ကမ္ဘာဦးလောကထဲမှ မရေမတွက်နိုင်သော သက်ရှိများက ဟင်းလင်းပြင်ထဲမှာ ဖြည်းညင်းစွာ ပျောက်ကွယ်သွားသော ပုံရိပ်ကို မော့ကြည့်လိုက်ကြသည်။

သူတကယ် ပြန်ရောက်လာနိုင်မှာလား… ။

…..

အကန့်အသတ်မဲ့စွာ ကျယ်ပြောသော ဟင်းလင်းပြင်၏ အခြားတစ်ဖက်၊ ကမ္ဘာဦးဘုံနှင့် အသူရာကောင်းကင်ဘုံ၏ ပေါင်းစပ်မှုထက် အဆပေါင်းများစွာ ပိုပြီးထွန်းလင်းတောက်ပသော လောကထဲတွင် ဓားတစ်လက်က မသိမသာ တုန်ယင်သွားသည်။

“ ဖူး ”

သွေးတစ်ပွက်က ဓားပေါ်သို့ ကျဆင်းသွားသည်။

“ လုယွဲ့… အို လုယွဲ့… နောက်ဆုံးတော့ ငါသေတော့မယ်… ”

သုံးပေရှည်လျားသော ဓားက တုန်ယင်သွားသည်။

သွေးအန်ထုတ်လိုက်သော သက်လတ်ပိုင်းအမျိုးသား၏ အကြည့်အောက်မှာ ဓားက ပုံရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားသည်။

ထိုသူက အစိမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ချောမောခန့်ညားသော မျက်နှာကို ပိုင်ဆိုင်ထားသည်။ သူက နေရာမှာ ဓားတစ်ချောင်းသဖွယ် မတ်မတ် ရပ်နေသည်။

“ လုယွဲ့ဓား… လုယွဲ့ဓား… တကယ်လို့ မင်းမှာ စိတ်ဝိညာဉ်ရှိတယ်ဆိုရင် အခုကစပြီး ငါ့ရဲ့ အမွေအနှစ်ကို မင်းသယ်ဆောင်သွားပါ… ”

သက်လတ်ပိုင်းအမျိုးသားက အစိမ်းရောင်ဝတ်စုံ၏ အစွန်းကို ဖမ်းဆုပ်လိုက်သည်။ ထို့နောက် သူက အားမရှိတော့သည့်အလား အဝတ်စကို ပြန်လွှတ်လိုက်သည်။

သူ၏ နှလုံးက အက်ကွဲသွားပြီး သူ၏ ဝိညာဉ်က ပျက်စီးသွားသည်။

ထို့နောက် သူက သေဆုံးသွားသည်။

ဓားမှ အသွင်ပြောင်းလဲသွားသော အစိမ်းရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် လူငယ်သည် မြေပြင်ပေါ်မှာ ဆောင့်ကြောင့်ထိုင်လိုက်သည်။ ဇဝေဇဝါဖြစ်မှုက သူ၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။

“ ငါက လုယွဲ့လား ”

“ မဟုတ်ဘူး ငါက ဟန်မူယဲ့ ”

“ ငါက တိမ်မြူဓားအင်မော်တယ်… အံ့ဖွယ်ကိုးပါးဓားဂိုဏ်းက ဓားထိန်းတစ်ယောက် ”

ဟန်မူယဲ့… ။

အတိတ်မှာ သူက မဟာပန်သွန်ဘုံမှ စွမ်းအားစုပ်ယူမှုကို တားဆီးရန် သူ၏ မူလဝိညာဉ်ဓားခန္ဓာကိုယ်ကို ကမ္ဘာဦးလောက၏ မူလစွမ်းအားများဖြင့် ပေါင်းစည်းခဲ့သည်။ သူက မဟာပန်သွန်ယဇ်ပလ္လင်ကို တားဆီးနိုင်ခဲ့သော်လည်း တန်ပြန်သက်ရောက်မှုအနေဖြင့် ချိပ်ပိတ်ခံလိုက်ရပြီး အဆုံးမဲ့သော ဟင်းလင်းပြင်ထဲသို့ ပြုတ်ကျသွားခဲ့သည်။

ဟန်မူယဲ့၏ မူလဝိညာဉ်ဓားခန္ဓာကိုယ်ထဲမှာ သူ၏ ကျင့်ကြံခြင်းအားလုံး စုစည်းရှိနေရုံသာမက ကမ္ဘာဦးလောကထဲမှ မရေမတွက်နိုင်သော နတ်သားရဲများ၏ မူလစွမ်းအားကောင်းချီးပေးမှုများလည်း ကိန်းအောင်းနေသည်။ ထို့ကြောင့်သာ သူက မဟာပန်သွန်ဘုံမှ ဘုံစွမ်းအားကို ဆန့်ကျင်နိုင်မည့် စွမ်းအားကို ထုတ်လွှတ်နိုင်ခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း သူ၏ မူလဝိညာဉ်ဓားခန္ဓာကိုယ်က မဟာပန်သွန်ဘုံမှ ဘုံစွမ်းအားကြောင့် ချိပ်ပိတ်ခံလိုက်ရပြီး အဆုံးမဲ့သော ဟင်းလင်းပြင်ထဲမှာ လွင့်မျောသွားသည်။

နောက်ဆုံးမှာ ဓားက မဟာပန်သွန်ဘုံထဲသို့ ပြုတ်ကျသွားပြီး ထိုနေရာမှ ကျင့်ကြံသူများ၏ လက်ထဲသို့ ကျရောက်သွားခဲ့သည်။ ထိုမှတဖန် ဓားက ဂိုဏ်းတစ်ခု၏ ဓားပျိုးထောင်ခြင်းတဲအိမ်ဆီသို့ ပို့ဆောင်ခံလိုက်ရသည်။

ထိုဂိုဏ်းကို အသင်္ချေကောင်းကင်ဓားဂိုဏ်းဟု ခေါ်သည်။ အသင်္ချေကောင်းကင်ဓားဂိုဏ်းက မဟာပန်သွန်ဘုံထဲတွင် အင်အားကြီးဂိုဏ်းတစ်ဂိုဏ်း မဟုတ်ပေ။ ယင်းအစား ၎င်းက မဟာပန်သွန်ဘုံ၏ နယ်စွန်နယ်ဖျားမှ ဓားဂိုဏ်းငယ်တစ်ခုသာ ဖြစ်၏။

ဟန်မူယဲ့၏ မူလဝိညာဉ်ဓားခန္ဓာကိုယ်က အသင်္ချေကောင်းကင်ဓားဂိုဏ်း၏ ဓားပျိုးထောင်ခြင်းတဲအိမ်ထဲမှာ နှစ်ထောင်ပေါင်းများစွာ ပျိုးထောင်ခံခဲ့ရသည်။ နောက်ပိုင်းတွင် ဂိုဏ်းထဲမှ လစန္ဒာတောင်ထွတ်၏ တောင်အရှင်သခင်ကော့ဟွားက ဓားကို သူ့ကိုယ်ပိုင်ဓားအဖြစ် သတ်မှတ်ခဲ့သည်။

ဓားရိုးပေါ်မှာ ရေးထွင်းထားသော ‘ လုယွဲ့ ’စာလုံးနှစ်လုံးကြောင့် ထိုဓားကို လုယွဲ့ဓားဟု ခေါ်ဆိုခဲ့ကြသည်။

ကော့ဟွားနောက်သို့ လိုက်သွားပြီးနောက် လုယွဲ့ဓားသည် မဟာပန်သွန်ဘုံမှ ကျင့်ကြံခြင်းအဖြစ်အပျက်များစွာကို မျက်မြင်တွေ့ခဲ့ရသည်။ ထို့နောက် ဓားထဲမှ ဟန်မူယဲ့၏ ဝိညာဉ်က တိတ်တဆိတ် နိုးထလာသည်။

လွန်ခဲ့သော ရက်အနည်းငယ်ခန့်တွင် ဓားပျိုးထောင်ခြင်းတဲအိမ်ထဲမှ အကြီးအကဲတစ်ယောက်က ကော့ဟွားကို ဖိတ်ကြားခဲ့သည်။

ကော့ဟွားက ဓားပျိုးထောင်ခြင်းတဲအိမ်ထဲမှ ပြန်ထွက်လာသည့်အခါ သူ၏ သွေးကြောအားလုံးက ဖြတ်တောက်ခံထားရသည်။ သူက ဂိုဏ်းထဲမှ လွတ်မြောက်နိုင်ရုံသာ ထွက်ပြေးနိုင်ခဲ့သည်။

“ လစန္ဒာတောင်ထွတ်ရဲ့ ဓားတာအိုက ဂိုဏ်းရဲ့ ပင်မတောင်ထွတ်အပေါ် ခြိမ်းခြောက်လာနိုင်လို့ သူတို့က လစန္ဒာတောင်ထွတ်ရဲ့ အသန်မာဆုံးလူဖြစ်တဲ့ ကော့ဟွားကို လုပ်ကြံသတ်ဖြတ်ဖို့ ဆုံးဖြတ်လိုက်ကြတာပဲ ”

“ ဒီလိုအကျင့်ယုတ်တဲ့ ဂိုဏ်းက ဘယ်လိုလုပ် တိုးတတ်နိုင်မှာလဲ ”

ဟန်မူယဲ့က သူ၏ မှတ်ဉာဏ်အားလုံးကို ပြန်ရရှိသွားပြီးနောက် သူ့အရှေ့မှာ သေဆုံးနေသော ကော့ဟွားကို ကြည့်လိုက်သည်။

အသင်္ချေကောင်းကင်ဓားဂိုဏ်းထဲတွင် အရွယ်အစားမတူညီသော တောင်ထွတ်ဒါဇင်ခန့် ရှိသည်။ ထိုတောင်ထွတ်များထဲတွင် ပင်မတောင်ထွတ်ဖြစ်သော အသင်္ချေကောင်းကင်တောင်ထွတ်က အကြီးမြတ်ဆုံး တောင်ထွတ်ဖြစ်သည်။ ဂိုဏ်း၏ အသန်မာဆုံး အမွေအနှစ်များက ထိုတောင်ထွတ်ပေါ်မှာ တည်ရှိသည်။

သို့သော်လည်း ကော့ဟွားက ဓားတာအိုတွင် တမူထူးခြားသော ပါရမီကို ပိုင်ဆိုင်ထားသည်။ သို့ဖြစ်၍ သူ့ကိုယ်ပိုင်စွမ်းအား၏ ထောက်ပံ့မှုအောက်မှာ လစန္ဒာတောင်ထွတ်၏ အမွေအနှစ်များက ပင်မတောင်ထွတ်ထက် သာလွန်သွားသည်။

အသင်္ချေကောင်းကင်ဓားဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင်အသစ် ရွေးချယ်ခြင်းအခမ်းအနားက မကြာခင် စတင်တော့မည်ဖြစ်သော်လည်း ပင်မတောင်ထွတ်မှ မည်သူမှ ကော့ဟွားကို အနိုင်မယူနိုင်ကြပေ။ သို့ဖြစ်၍ နောက်ဆုံးမှာ သူတို့က ရွေးချယ်စရာမရှိတော့သည့်အဆုံး ကော့ဟွားကို ဓားပျိုးထောင်ခြင်းတဲအိမ်မှ အကြီးအကဲ၏ အကူအညီဖြင့် ရှင်းထုတ်လိုက်သည်။

အန္တရာယ်က ကိုယ့်အိမ်ထဲမှာ ထွက်ပေါ်လာမည်ဖြစ်ကြောင်း မည်သူက ထင်မှတ်ထားမည်နည်း။

ဂိုဏ်းသားအချင်းချင်းက မနာလိုမှုကြောင့် အပြန်အလှန် တိုက်ခိုက်နေကြသည်။

နောက်ဆုံးသေခါနီးအချိန်တွင် ကော့ဟွား၏ တစ်ခုတည်းသော ဆန္ဒက လက်စားချေရန် မဟုတ်ပေ။ ယင်းအစား သူ၏ အမွေအနှစ်ကို နောက်ထပ် လက်ဆင့်ကမ်းပေးသွားရန် ဖြစ်သည်။

ဟန်မူယဲ့က လက်မြှောက်လိုက်ပြီး သွေးစွန်းနေသော သူ၏ အင်္ကျီစကို ကြည့်လိုက်သည်။

ပြင်းပြသော လိုအင်ဆန္ဒ ကိန်းအောင်းနေသည့် ထိုသွေးကြောင့်မဟုတ်လျှင် သူက ယခုကဲ့သို့ မြန်မြန်ဆန်ဆန် နိုးထလာနိုင်လိမ့်မည် မဟုတ်ချေ။ ထို့ပြင် ယင်းက သူ့အား မဟာပန်သွန်ဘုံမှ ငြင်းဆန်မှုကို ကင်းလွတ်သွားစေခဲ့သည်။

“ တကယ်လို့ အခွင့်အရေးရလာမယ်ဆိုရင် လစန္ဒာတောင်ထွတ်ရဲ့ အမွေအနှစ်ကို ဆက်လက် ထွန်းလင်းတောက်ပနိုင်အောင် ကျူပ်ကူညီပေးမယ် ”

ဟန်မူယဲ့က နူးညံ့စွာ တီးတိုးရေရွတ်လိုက်လေရာ စူးရှသော အလင်းက သူ၏ မျက်လုံးထဲမှာ ဖြတ်ပြေးသွားသည်။

အကယ်၍ တခြားအမွေအနှစ်ဆိုလျှင် သူက ယခုကဲ့သို့ ယုံကြည်ချက်ရှိစွာ ပြောဝံ့လိမ့်မည် မဟုတ်ချေ။ သို့သော်လည်း ဓားတာအိုတွင် မည်သူကများ ဟန်မူယဲ့ကို ယှဉ်ပြိုင်နိုင်မည်နည်း။

မဟာပန်သွန်ဘုံမှ ပြီးပြည့်စုံသော မူလစွမ်းအားကြောင့် ဤနေရာတွင် ကျင့်ကြံခြင်းနည်းစနစ်များက ဖော်မပြနိုင်အောင် အလွန်အုတ်မြစ်ခိုင်မာသည်။ သို့ဖြစ်၍ ပြင်ပစွမ်းအားများကို အမှီအခိုပြုခြင်းက မဖြစ်နိုင်ပေ။ ဤနေရာမှာ တစ်စုံတစ်ယောက်က ကိုယ်ပိုင်စွမ်းအားကိုသာ အမှီပြုနိုင်သည်။

ဓားတာအိုဖြစ်စေ သို့မဟုတ် ရုပ်ခန္ဓာကိုယ်သန့်စင်ခြင်းဖြစ်စေ ဟန်မူယဲ့၏ အမြင်တွင် ယင်းတို့အားလုံးက ကျင့်ကြံခြင်း၏ အခြေခံသာ ဖြစ်သည်။

သို့သော်လည်း မဟာပန်သွန်ဘုံမှ တစ်စုံတစ်ယောက်က အဆင့်နိမ့်ဘုံဆီသို့ သွားရောက်မည်ဆိုလျှင် သူတို့၏ ခန္ဓာကိုယ်က မဟာပန်သွန်ဘုံ၏ ဖိနှိပ်မှုအောက်မှ ကင်းလွတ်သွားပြီး ဘီလူးအဖြစ်သို့ အသွင်ပြောင်းလဲသွားလိမ့်မည်။

ထို့ပြင် သူတို့ထံမှ လှုပ်ရှားမှုတိုင်းက မိုးမြေကို ဖျက်ဆီးပစ်နိုင်စွမ်းရှိသည်။ မည်သည့်အရာမှ သူတို့ကို မရပ်တန့်နိုင်ပေ။

မဟာပန်သွန်ဘုံထဲတွင် တခြားဘုံများနှင့် တိုက်ခိုက်သော စစ်ပွဲများနှင့်ပတ်သက်၍ တာဝန်တချို့ကို ထုတ်ပြန်ထားသည်။ သို့သော်လည်း တစ်စုံတစ်ယောက်က ထိုတာဝန်ကို ထမ်းဆောင်ချင်သည်ဆိုလျှင် အင်အားကြီးဂိုဏ်းတစ်ခုကို ဝင်ရောက်ရလိမ့်မည်။ ထို့ပြင် သူက စစ်ပွဲမှာ ပါဝင်နိုင်ရန် လုံလောက်သော ခွန်အားကို ပိုင်ဆိုင်ထားရလိမ့်မည်။

ကောင်းကင်အသင်္ချေဓားဂိုဏ်းကဲ့သို့ ဂိုဏ်းငယ်လေးများက တခြားဘုံများနှင့် တိုက်ခိုက်သော စစ်ပွဲတွင် ပါဝင်ရန် အရည်အချင်းမပြည့်မီပေ။

ကော့ဟွား၏ အလောင်းကို မြေမြှုပ်ပြီးနောက် ဟန်မူယဲ့က အဝေးသို့ ထွက်မသွားပေ။ ယင်းအစား သူက အနီးနားမှ ချိုင့်ဝှမ်းတစ်ခုထဲမှာ တံခါးပိတ်ကျင့်ကြံခြင်းကို လုပ်ဆောင်လိုက်သည်။

ဤနေရာနှင့် သိပ်မဝေးသော အသင်္ချေကောင်းကင်ဓားဂိုဏ်းက မကြာခင်မှာ ကော့ဟွားကို လူလွှတ်၍ လိုက်ရှာခိုင်းလိမ့်မည်။

…..

အလွန်နက်ရှိုင်းသော လှိုဏ်ဂူတစ်ခုထဲတွင်… ။

ဟန်မူယဲ့က တင်ပျဉ်ခွေထိုင်နေသည်။

သူ၏ ခန္ဓာကိုယ်ပေါ်တွင် ရွှေရောင်အလင်းတန်းများက လွင့်မျောနေကြပြီး ရွှေရောင်သံကြိုးများအဖြစ် ဖွဲ့စည်းသွားကြသည်။

ယင်းတို့က မဟာပန်သွန်ဘုံမှ မဟာတာအို၏ စွမ်းအားဖြစ်ပြီး ယဇ်ပလ္လင်ထဲမှာ ချိပ်ပိတ်ထားသော စွမ်းအားလည်း ဖြစ်သည်။ သံကြိုးတစ်ချောင်းစီက အလွန်လေးလံပြီး သူ၏ ခန္ဓာကိုယ်ကို တင်းကျပ်စွာ ချုပ်နှောင်ထားသည်။

ဤအခိုက်အတန့်မှာ ဟန်မူယဲ့က မဟာပန်သွန်ဘုံမှ ခန္ဓာကိုယ်သန့်စင်ခြင်းအတတ်ပညာကို အသုံးပြု၍ သူ၏ ခန္ဓာကိုယ်အား ချုပ်နှောင်ထားသော ချိပ်ပိတ်စွမ်းအားကို ဆင့်ခေါ်လိုက်သည်။

ယင်းက သူ့အား ပိုပြီးအချိန်ကုန်သက်သာစေသည်။ ထိုချိပ်ပိတ်စွမ်းအားကြောင့် သူက ဤဘုံမှ မိုးမြေစွမ်းအားကို စုပ်ယူရန် မလိုအပ်တော့ပေ။

အတိတ်မှာ ကမ္ဘာဦးဘုံကို ဖိနှိပ်ထားခဲ့သော ထိုချိပ်ပိတ်စွမ်းအားထက် သာလွန်သောစွမ်းအား ရှိပါဦးမည်လော။

တစ်နေ့မှာ သူက သူ၏ ခန္ဓာကိုယ်ကို ချုပ်နှောင်ထားသော ထိုသံကြိုးအားလုံးကို သန့်စင်နိုင်သွားမည်ဆိုလျှင် သူ၏ စွမ်းအားက ဘုံတစ်ခုလုံးကို ယှဉ်ပြိုင်နိုင်သည်အထိ အားကောင်းသွားလိမ့်မည်။

“ ဝီး ”

ပဲ့တင်သံတစ်သံက သူ့အရှေ့မှ ဓားထံမှ ထွက်ပေါ်လာသည်။

ထိုဓားက သူ၏ မူလဝိညာဉ်ဓားခန္ဓာကိုယ်ကို ကြားခံနယ်အဖြစ် သဘောထား၍ မရေမတွက်နိုင်သော နတ်သားရဲများ၏ မူလစွမ်းအားများကို သိမ်းဆည်းထားသည်။ ထို့ပြင် ဓား၏ စိတ်ဝိညာဉ်က သူ၏ ဓားဝိညာဉ် ဖြစ်သည်။

သို့ဖြစ်၍ ထိုဓား၏ စွမ်းအားကို အလုံးစုံ ထုတ်လွှတ်လိုက်မည်ဆိုလျှင် ဓားတစ်ချက်က စကြာဝဠာကို ဖျက်ဆီးပစ်နိုင်စွမ်းရှိသည်။

သူက ဓားဝိညာဉ်ကို အပြင်သို့ ခွဲထုတ်လိုက်လေရာ သူ၏ ရုပ်ခန္ဓာကိုယ်က သီးသန့်တည်ရှိမှုဖြစ်သွားပြီး မဟာပန်သွန်ဘုံ၏ စွမ်းအားဖြင့် သန့်စင်ခံလိုက်ရသည်။

ဓားကို ညင်သာစွာ ထိတွေ့လိုက်လေရာ နတ်ဘုရားအလင်းက ဟန်မူယဲ့၏ ဘေးပတ်ဝန်းကျင်မှာ ထွက်ပေါ်လာသည်။

All Chapters