(ချဥ်းကပ်လာတဲ့ စစ်တပ်)
Vol. 15 Ch. 197
ဘာကြောင့်ရယ်မသိဘူး။ ဒီလူတွေနဲ့ရင်ဆိုင်ရချိန်မှာ အနည်းငယ် မသက်မသာဖြစ်မှုကို ဝမ်လန်ခံစားနေရသည်။ ထောင်ချောက်တစ်ခုလိုမျိုးပဲ သူဝင်လာဖို့ စောင့်ဆိုင်းနေသလို ခံစားရ၏။
"ဒေါ်လေး ကျုပ်က ကလေးပဲ ရှိပါသေးတယ်။ ဒီနေရာနဲ့မသင့်တော်ပါဘူး။ ဂိုဏ်းခေါင်းဆောင်လည်း အဆင်ပြေတယ်ဆိုမှတော့ ကျုပ်စိတ်သက်သာရပြီ။ ဒါကြောင့်နောက်မှတွေ့မယ်နော်”
လီယုဟန်အစကတော့ ထိုကောင်လေးကို လေးစားခဲ့သည်။ အခုလိုမျိုး ဂိုဏ်းဆီကိုပြန်သွားပြီး ဂိုဏ်းခေါင်းဆောင်ကို ကယ်တင်ဖို့ သတ္တိလည်းရှိသည်။ ဒါ့အပြင် ငယ်ရွယ်တဲ့အသက်အရွယ်မှာ ကျင့်ကြံမှုက အဆင့်လေး ကို ရောက်နေခဲ့ပြီ။ သူ့ရဲ့အလားအလာက အလွန်ကောင်းမွန်၏။
ဒါပေမဲ့ ဒေါ်လေးဆိုတဲ့ စကားလုံးကို ကြားတဲ့အချိန်မှာ သူမရဲ့မျက်နှာက ချက်ချင်း ပြောင်းလဲသွားခဲ့သည်။
"မင်းဘယ်သူ့ကို ဒေါ်လေးလို့ ခေါ်နေတာလဲ”
ကာရံထားတဲ့ စိတ်ဝိဉာည်စွမ်းအင်ကျောက်တုံးတွေထဲက တစ်တုံးသည် ပျံဝဲနေတဲ့ဓားတစ်ခုလိုမျိုး ဝမ်လန်ရဲ့ဘေးက ကျောက်တုံးကြီးကို ရိုက်ခွဲသွားခဲ့သည်။
ဝမ်လန်ချက်ချင်းပဲ တုန်လှုပ်သွား၏။
"မင်းဘယ်သူ့ကို ဒေါ်လေးလို့ ခေါ်လိုက်တာလဲလို့ ငါမေးနေတယ်”
လီယုဟန်သည် ပထမအဆင့်ကျင့်ကြံသူတစ်ယောက်ရဲ့ အရှိန်အဝါကို အပြည့်အဝ ဖော်ကြူးလိုက်သည်။
ခါးအနားထိရောက်လုနီးပါဖြစ်တဲ့ သူမရဲ့အနက်ရောင်ဆံနွယ်တို့သည် လေမတိုက်ဘဲနဲ့ လှုပ်ယမ်းနေ၏။ သူမရဲ့အရှိန်အဝါက ကြောက်မက်ဖွယ် ထွက်ပေါ်လာသည်မို့ ပတ်ဝန်းကျင်ရှိ လေထုပင် တုန်ယင်လာခဲ့သည်။
"ကျွန်တော် ...ဒေါ်လေး...”
ဝမ်လန်ကြောက်ရွံ့စွာဖြင့် နေရာမှာပင် ရပ်တန့်နေခဲ့သည်။ အလွန်ကြောက်လန့်နေတာမို့ စကားမပြောနိုင်တော့ပေ။
"မင်းမသေချင်သေးဘူးဆိုရင် စကားမပြောခင် သေချာစဉ်းစား။ ဒီလိုမျိုးနောက်တစ်ကြိမ် ဖြစ်ခဲ့မယ်ဆိုရင် ငါ့ကိုရိုင်းစိုင်းတဲ့အတွက် အပြစ်မတင်နဲ့”
လီယုဟန်သည် အခုမှအသက် နှစ်ဆယ်သာ ရှိသေးသည်။ သူမရဲ့အသက်က အလွန်ငယ်ရွယ်သေးသည်ဟုပင် ပြောနိုင်၏။ အခုလိုမျိုး ကောင်းမွန်လှတဲ့အရွယ်မှာ ဒေါ်လေးလို့ ခေါ်ခံလိုက်ရခြင်းသည်...သေချာပေါက် စော်ကားတာပဲ။
ဝမ်လန်လည်း ထိုအချိန်မှာ ထွက်မပြေးရဲတော့ပေ။ ချန်ပန်ရဲ့အနောက်မှာ လိမ္မာတဲ့ကလေးတစ်ယောက်လိုမျိုး ပုန်းကွယ်လိုက်၏။
"ကျွန်တော်ကပဲ အစားတောင်းပန်ပါတယ်။ နှင်းတောင်တန်းဂိုဏ်းမှာ ဒီတပည့်တစ်ယောက်ပဲရှိတော့ အနည်းငယ် အလိုလိုက်မိထားတယ်။ ဒါကြာင့်သူက နည်းနည်းလေးပျက်စီးနေတာ။ အမကြီးလီ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ”
လီရှိချက်ချင်းပဲ တောင်းပန်လိုက်သည်။
ဒါပေမဲ့ အမကြီးဆိုတဲ့ စကားလုံးကြောင့် လီယုဟန်ထံမှ အေးစက်တဲ့အကြည့်ကို လက်ခံရရှိလိုက်၏။
"ငါ့ကိုဒီတိုင်း အမလို့ပဲခေါ်”
သူမက မေးကိုပင့်လိုက်ကာ အေးစက်တဲ့အသံနဲ့ ပြောလိုက်သည်။
"ကောင်းပါပြီအမ”
လီရှီချက်ချင်းပဲ အက်ကွဲနေတဲ့အသံနဲ့ ပြင်လိုက်သည်။ တကယ်တော့ သူ့အနေနဲ့ အကျိုးမယုတ်ပါချေ။
ဒီနှင်းတောင်တန်းဂိုဏ်းရဲ့ ဂိုဏ်းသားတွေအားလုံးက လီယုဟန်ထက် အသက်သုံးလေးနှစ်သာ ငယ်ကြသည်။ ထို့ကြောင့် သူမကို အစ်မလို့ခေါ်တာ မှန်ကန်တဲ့ကိစ္စတစ်ခုပဲ။ သူတို့အနေနဲ့ ငြင်းဆိုစရာမရှိပေ။
ထိုချိန်မှာပဲ လီယုဟန်ရဲ့နားကို လူယုံတစ်ယောက်က ကပ်လာခဲ့သည်။
"ခေါင်းဆောင်ကို တင်ပြပါတယ်”
"နှင်းနဂါးမြို့က တပ်သားတွေစုနေပါတယ်။ သူတို့ဒီကိုရောက်လာပြီး တိုက်ခိုက်မှာကို စိုးရွံ့ရတယ်”
ထိုအချိန်တွင် နှင်းနဂါးမြို့အတွင်း၌ တကယ်ပဲ တပ်သားများ စုဆောင်းနေခဲ့သည်။
မြို့ထဲက ပြည်သူတွေအားလုံးလည်း နောက်ဆုံးသတင်းကို လက်ခံရရှိထား၏။ မြို့ရဲ့ ယခင်အုပ်ချုပ်မှူးဖြစ်တဲ့ ချိလမ်ရှန်သည် ကျောက်ကောင်းကို ရန်စမိခဲ့သည်။ ထို့ကြောင့် အကြင်နာတရားမဲ့စွာဖြင့် သတ်ဖြတ်ခံရ၏။ မြင်ကွင်းတစ်ခုလုံးသည် ကြောက်မက်ဖွယ်ကောင်းလှပြီး ပင်လယ်တစ်စင်းလိုမျိုး သွေးနီများစီးဆင်းနေခဲ့သည် ဟုပြောကြသည်။
အုပ်ချုပ်ရေးမှူးရဲ့ အခန်းတစ်ခုလုံး သွေးရောင်လွှမ်းခံလိုက်ရသည်ဆိုပဲ။
အသစ်ခန့်လိုက်တဲ့ အုပ်ချုပ်ရေးမှူးအသစ်ကတော့ ချီလန်ရှန်ရဲ့ အရင်က လက်ထောက်ဟောင်း ချန်ယုယန်ပင်။
နှင်းနဂါးမြို့ရဲ့ အပြင်ဘက်တွင် တပ်သားများကို အလျင်စလို စုဆောင်းနေခဲ့သည်။
"တပ်သားတွေအားလုံး နားထောင်ကြ။ ဒီတစ်ကြိမ်မှာ ငါတို့ကဓားပြတွေကို အပြတ်အသတ် အနိုင်ယူရမယ်။ သခင်ကျောက် ပြောထားခဲ့တယ်။ ငါတို့ညီကိုတွေသာ ကောင်းကောင်းလုပ်မယ်ဆိုရင် ငါတို့အားလုံးကို ဆုချမယ်တဲ့။ ဒါပေမဲ့ အဲဒီဓါးပြတွေကို လွှတ်ပေးခဲ့လို့ကတော့ သေချာပေါက် အပြစ်ဒဏ်ကြီးခံရမယ်”
မြင်းဖြူကြီးပေါ်တွင် ချန်ယုယန်တစ်ယောက် သန်မာစွာ ထိုင်နေခဲ့သည်။ ငွေရောင်သံချပ်ကာဝတ်စုံကို ဝတ်ဆင်ထားပြီး အနီရောင်ပန်းပွားရှစ်ခုနှင့် အလှဆင်ထားတဲ့ လှံကိုကိုင်ဆောင်ထား၏။ သူ့ရဲ့မျက်နှာက ခက်ထန်နေပြီး တောက်ပသောမျက်လုံးတွေက အလွန်ထူးဆန်းသော အရှိန်အဝါကို ဖြစ်ပေါ်စေသည်။ အင်အားပြင်းတဲ့ စကားလုံးတွေက တပ်သားတွေရဲ့ နှလုံးသွေးကို ချက်ချင်းပဲ ပွက်ပွက်ဆူသွားစေခဲ့သည်။
တပ်သားအားလုံး ဓားပြတွေကို အပိုင်းပိုင်းခုတ်ထစ်ပစ်မည်ဟု အော်ဟစ်လိုက်ကြ၏။
ထိုချိန်မှသာ ချန်ယုယန်က ဘေးနားမှာရှိနေတဲ့ လက်ထောက်စစ်သူကြီးအသစ်ကို ခေါ်လိုက်၏။
"လင်ချွမ် ငါ့အတွက်မြေပုံယူခဲ့”
ငယ်ရွယ်တဲ့ လက်ထောက်စစ်သူကြီးအသစ် ကျန်းလင်ချွမ် ချက်ချင်းပဲ အံ့ဩသွားခဲ့သည်။
"စစ်သူကြီး သခင်ကျောက်က ကျွန်တော်တို့အတွက် လမ်းကြောင်းပေးထားပြီးသား မဟုတ်ဘူးလား”
ဒါပေမဲ့ ချန်ယုယန်ရဲ့ ပိတ်ရိုက်ခြင်းကိုသာ ခံလိုက်ရသည်။
"ချီးပဲ ငါယူခိုင်းရင် ယူခိုင်းလိုက်ပေါ့။ ဘာကိစ္စ စကားရှည်နေရတာလဲ။ ဘာလဲ။ မင်းကလည်း ငါ့လိုမျိုး အုပ်ချုပ်ရေးမှူး ဖြစ်လာချင်လို့လား”
ကျန်းလင်ချွမ် ချက်ချင်းပဲ တုန်ယင်နေတဲ့ ခြေထောက်များနဲ့ မြေပုံကို သွားယူလိုက်သည်။
"စစ်သူကြီး ဒီမှာပါ။ မြေပုံပေါ်မှာ အမှတ်အသား ပြုလုပ်ထားပြီးပါပြီ။ ကျေးဇူးပြုပြီး ကြည့်ရှုပေးပါ”
ချန်ယုယန်ရဲ့ မျက်နှာသည် ပိုမိုခက်ထန်လာခဲ့သည်။
"မြေပုံအသစ် ယူလာခဲ့။ လမ်းကြောင်းကို ငါပြင်ဆင်ရမယ်”
ကျန်းလင်ချွမ် ရှုပ်ထွေးသွားခဲ့သည်။
စစ်သူကြီးက တကယ်ပဲ ဘာလုပ်ဖို့ ကြံနေတာလဲ?
ဒါပေမဲ့ သူကနာခံစွာဖြင့် မြေပုံအသစ် ယူပေးလိုက်၏။
'လင်းချွမ် မင်းငါ့နောက်ကို လိုက်လာတာ လေးနှစ်လောက်ရှိပြီ။ ဒီနှစ်တွေအားလုံးမှာ ငါမင်းကိုကောင်းမွန်စွာ ဆက်ဆံခဲ့တယ်။ ဒါကြောင့် အခုချိန်မှာလည်း စစ်သူကြီး တစ်ယောက် ဖြစ်လာဖို့အတွက် အရေးကြီးဆုံးတစ်ချက်ကို ငါသင်ကြားပေးမယ်”
ကျန်းလင်ချွမ်က သူ့ရဲ့ခေါင်းကို ပွတ်သတ်လိုက်ကာ ပြောလိုက်၏။
"ဘာလို့ ကျွန်တော့်ကို သင်ပေးမှာလဲ။ ကျွန်တော်က ဒီတိုင်း တစ်ဘဝလုံး အကူပဲဖြစ်ချင်တယ်။ ကျန်တာတွေအားလုံးကို စစ်သူကြီးပဲ လုပ်လိုက်ပါ”
ချန်ယုယန် စိတ်ပျက်စွာ သက်ပြင်းချလိုက်တော့သည်။ သူ့ရဲ့မျက်နှာက အလွန် လေးလံလာ၏။
“ငါလည်းပဲ အဲ့လိုမျိုးထင်ခဲ့တာ။ ငါ့ရဲ့တစ်ဘဝလုံး လက်ထောက်စစ်သူကြီးပဲ လုပ်ရမယ်လို့ တွေးခဲ့မိတာပဲ။ ဒါပေမဲ့ အခုလိုမျိုး ဖြစ်လာမယ်လို့ ဘယ်သူထင်ခဲ့မိမှာလဲ”
ထိုစကားကြောင့် ကျန်းလင်ချွမ်ရဲ့မျက်နှာက ချက်ချင်းပဲ တုံ့ဆိုင်းသွားခဲ့သည်။ အလွန်တောင့်တင်းစွာဖြင့် ပြောလိုက်၏။
"စိတ်မပူပါနဲ့ စစ်သူကြီး။ ကျွန်တော်ငယ်ငယ်တုန်းက အမေပြောပြဖူးတယ်။ ကျွန်တော့်ရဲ့မွေးဇာတာကို ဖတ်ခဲ့တုန်းက ကျွန်တော်က ဘယ်လိုမှ အဆင့်မြင့်အရာရှိတစ်ယောက် ဖြစ်မလာနိုင်ဘူးတဲ့။ အလွန်ဆုံးဖြစ်လာမှ လက်ထောက်ရာထူး အနေနဲ့ပဲရနိုင်မှာလို့ ပြောခဲ့တယ်။ ဒါကြောင့် စစ်သူကြီးစိတ်ပူဖို့ မလိုပါဘူး။ စစ်သူကြီးက အရင်အုပ်ချုပ်ရေးမှူး ချိလန်ရှန်လို ခေါင်းဖြတ်ခံရမှာမဟုတ်ဘူး”
ချန်ယုယန် အလွန်ဆွံ့အသွားတော့သည်။ စိတ်တိုစွာဖြင့် ကျန်းလင်ချွမ်ရဲ့ခေါင်းကို ပိတ်ရိုက်တော့၏။
"မင်းငါ့ကို ကောင်းကောင်းမွန်မွန် ဆုတောင်းပေးလို့ မရဘူးလား။ ငါ့ကို သေခိုင်းနေတာလား။ မင်းကတကယ်ပဲ အုပ်ချုပ်ရေးမှူး ဖြစ်လာချင်နေတာလား။ ဟမ်”
ကျန်းလင်ချွမ်ရဲ့ ခန္တာကိုယ်က ချက်ချင်းပဲ တုန်ယင်သွားခဲ့သည်။ စကားတစ်ခွန်းမှ မပြောရဲတော့ပေ။
ချန်ယုယန်ကတော့ စူးရှစွာ စိုက်ကြည့်နေ၏။ ထို့နောက်မှာ မြေပုံကို ဆွဲလုလိုက်ပြီး လမ်းကြောင်းအသစ် စတင်စဉ်းစားတော့သည်။
ကျန်းလင်ချွမ်လည်း အနည်းငယ် တွန့်ဆုတ်နေပေမယ့် နောက်ဆုံးမှာတော့ လာရောက် ကြည့်ရှုလိုက်သည်။ စစ်သူကြီးက လေ့လာဖို့ ပြောထားမှတော့ လေ့လာလိုက်မည်လေ။
ဒါပေမဲ့ ထိုအချိန်မှာပဲ သတိထားမိသွားခဲ့သည်။
“စစ်သူကြီး ဒါက တောင်ပေါ်ကို တိုက်ရိုက်သွားတဲ့ လမ်းဟုတ်ရဲ့လား။ ဒီလမ်းအတိုင်း သွားမယ်ဆိုရင် ကျွန်တော်တို့ အိမ်နီးချင်းတိုင်းပြည်တွေနဲ့ နီးကပ်မသွားဘူးလား”
ချန်ယုယန်က အဓိပ္ပာယ်ပါပါဖြင့် လှည့်ကြည့်လာခဲ့သည်။
“ငါမင်းကို သင်ပေးချင်နေတာလည်း အဲဒါပဲ။ စစ်သူကြီးဖြစ်လာရတဲ့ ကောင်းကျိုးတွေထဲမှာ အရေးပါဆုံးအချက်က စစ်သူကြီးတစ်ယောက်က တိုက်ပွဲမှာ အမိန့်နာခံစရာ မလိုအပ်ဘူး”
ချန်ယုယန်က ချက်ချင်းပဲ သူ့ရဲ့အကြည့်ကို အဝေးမှာရှိနေသော တောင်တန်းတွေရှိရာသို့ ပြောင်းလွှဲလိုက်၏။ သူ့ရဲ့မျက်လုံးက နက်ရှိုင်းနေခဲ့သည်။
ကျန်းလင်ချွမ် လွန်စွာ ထိတ်လန့်သွားသည်။
“အရှင်မင်းကြီးရဲ့အမိန့်ကို လျစ်လျူရှုမလို့လား။ ဘာကိုဆိုလိုချင်တာလဲ စစ်သူကြီး”
ကျန်းလင်ချွမ်အများကြီး မတွေးတောရဲတော့ပေ။
“ဒါဆိုရင် မိန်းမစိုးကျောက်ကောင်း ကျွန်တော်တို့နောက်ကို လိုက်လာခဲ့ရင် ဘယ်လိုလုပ်မလဲ”
ချန်ယုယန်က အလွန်စိတ်လှုပ်ရှားစွာဖြင့် လှည့်ကြည့်လာခဲ့သည်။
“မင်းရူးနေလား။ ကျောက်ကောင်းသာ ငါတို့နောက်ကို လိုက်လာမယ်ဆိုရင် နဂါးနှင်းတောင်ဆီကို သွားရမှာပဲမလား”
“ဒီလိုဆိုမှတော့ တောင်ပေါ်မှာရှိတဲ့ ဓားပြတွေကို သူကိုယ်တိုင်နှိမ်နင်းလိုက်မှာပေါ့။ ငါတို့ကို ဘာလို့ သွားနေခိုင်းဦးမှာလဲ။ ဆိုလိုတာက သူတောင်ပေါ်ကို မသွားရဲဘူး။ တောင်ပေါ်မှာ သူကြောက်ရတဲ့ အရာတစ်ခု ရှိနေတာပဲ။ ငါလည်း အဲဒီအရာနဲ့ ပတ်သတ်ပြီး စုံစမ်းချင်နေတာ။ ငါစိတ်ပူနေတာလည်း အဲဒါပဲ”
ချန်းယုယန်က သက်ပြင်းချလိုက်သည်။ ထို့နောက်မှာ ဆက်ပြောလိုက်၏။
“ဒါ့အပြင် ငါကခုချိန်မှာ တပ်သားတွေအားလုံးကို ယူသွားရမှာ။ တပ်သားတစ်သောင်းလုံးက ငါနဲ့လိုက်ပါလာမှာ။ ဒါပေမဲ့ တပ်သားတွေ မရှိရင်တောင်မှ မြို့ထဲမှာ အဆင်ပြေနေမယ်လို့ မျှော်လင့်တယ်”
စစ်သူကြီးရဲ့မျက်နှာက ယုံကြည်မှုတို့ ပြည့်နေခဲ့သည်။ သူက ချိလန်ရှန် လိုမျိုး အတွေ့အကြုံမများဘူး။ ထို့ကြောင့် ဉာဏ်နီဉာဏ်နက်လည်း ထုတ်မသုံးတတ်ဘူး။ ဒါပေမဲ့ သူ့မှာ လျင်မြန်တဲ့ တုံ့ပြန်မှုရှိသည်။ ထို့ကြောင့် အခြေနေနဲ့ ပတ်သတ်ပြီး အရင်ဦးဆုံး နာလည်အောင်လုပ်ဖို့ရန် ဆုံးဖြစ်ထားသည်။
ဒါပေမဲ့ ကျန်းလွမ်ချန်ကတော့ စစ်သူကြီးရဲ့ ဆိုလိုရင်းကို နားမလည်သေးပါချေ။
ဒီလိုနဲ့ မကြာခင်မှာပဲ စစ်တပ်က စတင်ထွက်ခွာလာခဲ့သည်။ တပ်သားတစ်သောင်းကို ခေါ်ဆောင်လာပေမယ့် အလွန်လျင်မြန်တဲ့ အရှိန်နဲ့ သွားနေ၏။
စစ်ပွဲက မကြာခင် ကျရောက်လာမည့်ဟန်ရှိသည်။
…………