← Chapters

( အကောင်းဆုံးရလဒ်ပဲ လိုချင်တယ်)

Vol. 15 Ch. 198

( အကောင်းဆုံးရလဒ်ပဲ လိုချင်တယ်)

Vol. 15 Ch. 198

လီယုဟန် ကြားထားတဲ့သတင်းကြောင့် ချက်ချင်းပဲ ရှကျိုးယွီရှိရာသို့ သွားလိုက်သည်။

"‌ခေါင်းဆောင်ဖူမဲ့၊ နှင်းနဂါးမြို့ကနေ တပ်သားတစ်သောင်း စေလွှတ်လိုက်ပါတယ်၊ ကျွန်မတို့ကို တိုက်ခိုက်လာမှာစိုးရတယ်"

"ဒါပေမယ့် ကျွန်မတို့ရဲ့ တောင်ခြေစခန်းမှာ စုပေါင်းတပ်သားက သုံးထောင်ပဲရှိတယ်၊ ဘယ်လိုလုပ်ရမလဲ”

လီယုဟန်သည် လောကကြီးနဲ့ ကင်းကွာနေခဲ့တဲ့ ဂိုဏ်းတပည့်တစ်ယောက်ဖြစ်၏။ အခုလိုကိစ္စမျိုးတွင် သူမ အတွေ့အကြုံမရှိပေ။ ထို့ကြောင့် မနေနိုင်စွာ ကြောက်ရွံ့နေခဲ့သည်။

ဒါပေမယ့် ရှကျိုးယွီကတော့ မတူညီဘူး၊ သူ့အနေနဲ့ မမြင်ဖူးတဲ့ အခြေအနေရှိလို့လား။

လူအယောက်တစ်သောင်းပဲလေ။

"ရောက်လာပြီဆိုမှတော့ ဘာလို့ကြောက်နေရမှာလဲ"

လီယုဟန် အံ့သြသွား၏။

"သူတို့တွေက တရှားတိုင်းပြည်ရဲ့ ပုံမှန်တပ်သားတွေပဲ၊ ငါတို့ အနိုင်ရနိုင်ခြေမရှိလို့လား"

အပြင်ဘက်က တပ်သားများရှေ့တွင် လီယုဟန် ကြောက်ရွံ့ပုံ တစ်စက်မျှ မပြခဲ့သော်ငြား ဖူမဲ့ရဲ့အရှေ့မှာတော့ သူမရဲ့အတွေးတွေကို မဖုံးကွယ်နိုင်ခဲ့ဘူး။

"လူအ‌ယောက်တစ်သောင်းဆိုတော့ရော ဘာဖြစ်သလဲ? တစ်သိန်းဆိုရင်တောင်မှ ငါ့အတွက်ပြဿနာမရှိဘူး”

ရှကျိုးယွီ စကားပြောပြီးပြီးချင်းမှာပဲ ဟွမ်ပထျန်း အလောတကြီး ၀င်ရောက်လာခဲ့သည်။ အစကတော့ ကြားခဲ့ရသောသတင်းတွေကြောင့် ဟွမ်ပထျန်းလည်း ကြောက်ရွံ့နေ၏။ ဒါပေမယ့် ဖူမဲ့ရဲ့ စကားလုံးတွေကို နားထောင်ပြီးနောက်မှာ သူ့ရဲ့ကြောက်ရွံမှုတွေက ချက်ချင်း ပျောက်ကွယ်သွားခဲ့ရသည်။

"ဟုတ်တယ်၊ ကျွန်တော်တို့ ညီအစ်ကိုတွေနဲ့ပူးပေါင်းပြီး သူတို့ကိုဖျက်ဆီးလိုက်ရအောင်။ ဘာလို့ကြောက်နေရမှာလဲ၊ မနိုင်ရင်တောင်မှ ထွက်ပြေးလို့ရတာပဲ။ ကျွန်တော်တို့က သာမန်တပ်တစ်ခုမဟုတ်ဘူး"

"ပုန်ကန်ဖို့လုပ်နေတယ်ဆိုမှတော့ ဒီလိုကိစ္စတွေကို သတိထားရမှာပေါ့။ ရန်သူဘက်က ရှေ့တိုးလာမယ်ဆိုရင် နောက်ဆုတ်မယ်၊ ရန်သူကနောက်ဆုတ်မယ်ဆိုရင် ရှေ့တိုးမယ်”

ဟွမ်ပထျန်းရဲ့ စကားလုံးတွေက လီယုဟန်ကိုပါ အံ့အားသင့်သွားစေခဲ့သည်။ သူမပင် လှည့်ကွက်ထဲ ကျတော့မလို ဖြစ်သွား၏။

ထိုအချိန်မှာပဲ ရှကျိုးယွီ အေးစက်စွာပြောလိုက်သည်။

"အေး၊ မင်း တပ်ဖွဲ့တွေကိုရှုံးလို့ကတော့ မင်းရဲ့ခေါင်းကိုလည်း ဆုံးရှုံးရမယ်မှတ်"

ဟွမ်ပထျန်း ချက်ချင်းပဲ တုန်လှုပ်သွားသည်။

"ဟုတ်တယ်။ ဒါက ကျွန်တော်တို့ရဲ့ အခြေစိုက်စခန်းပဲ။ ဒီနေရာကိုသာ ကျရှုံးမယ်ဆိုရင် သေရမှာပေါ့။ ကျွန်တော်ဟွမ်ပထျန်း အဲဒီတပ်သားတွေအားလုံးကို သေတဲ့အထိတိုက်ခိုက်မယ်"

ဟွမ်ပထျန်း ချက်ချင်းပဲ သူ့ရဲ့လေသံကို ပြင်လိုက်သည်။ အလွန်စစ်မှန်သော စကားလုံးများကိုသာ ရွေးချယ်ပြီးပြောလိုက်၏။

ဟွမ်ပထျန်းရဲ့ အစောပိုင်းက စကားလုံးတွေကြောင့် တပ်ဖွဲ့ရဲ့စိတ်ဓာတ် ပျက်ပြားသွားနိုင်သည်လေ။

ရှကျိုးယွီကတော့ ထိုသူကိုလျစ်လျူရှုလိုက်ပြီး ဆက်ပြောလိုက်သည်။

"နှင်းနဂါးမြို့ရဲ့ အုပ်ချုပ်ရေးမှူး ချိလန်ရှန်က ငကြောက်တစ်ယောက်ပဲ။ ကျောက်ကောင်းက သူ့ကို တိုက်ခိုက်ဖို့အမိန့်ပေးတယ်ဆိုရင်တောင်မှ အဲဒီအဘိုးကြီးက တကယ်တိုက်ခိုက်ရဲမှာ မဟုတ်ဘူး။ သူက သူ့ရဲ့ဂုဏ်သတင်းနဲ့ပတ်သက်ပြီး အမြဲတမ်းသတိထားတယ်။ ဒါကြောင့် ဒါမျိုးကိစ္စကို မတွေးဘဲနဲ့ လုပ်မှာမဟုတ်ဘူး"

ရှကျိုးယွီသည် မြို့တော်မှာရှိစဉ်ကတည်းက လက်အောက်ခံအမတ်တွေအားလုံးနဲ့ ပတ်သက်ပြီး ကောင်းမွန်စွာနားလည်ထားသည်။ ချိလန်ရှန်နဲ့ပတ်သက်ပြီး အရင်က ဘာမှမဖြေရှင်းခဲ့တာကလည်း လိုအပ်တဲ့အချိန်ကျရင် အသုံးဝင်နိုင်အောင်လို့ပင်။ အခုချိန်မှာ တကယ်ပဲ လိုအပ်လာခဲ့ပြီ။ သူတို့ရဲ့အားနည်းချက်တွေကို အသုံးချရမည်။

"ခေါင်းဆောင်ဖူမဲ့က အများကြီးသိတာပဲ၊ တကယ်ကို ခေါင်းဆောင်ဖြစ်ဖို့ ထိုက်တန်ပါတယ်။ ခေါင်းဆောင်ဖူမဲ့ကြောင့်သာ မဟုတ်ဘူးဆိုရင် မိန်းကလေးလီ ကြောက်ရွံ့နေတော့မှာပဲ"

ဟွမ်ပထျန်းက လီယုဟန်ကို ရန်စရင်း တစ်ဆက်တည်းမှာပဲ ဖူမဲ့ကို မြှောက်ပင့်လိုက်သေး၏။

လီယုဟန် ဒေါသထွက်စွာဖြင့် သူမရဲ့ယပ်တောင်ကို တဖျတ်ဖျတ်ခတ်လိုက်သည်။ စူးရှနေတဲ့မျက်လုံးများကလည်း ဟွမ်ပထျန်းကို စိုက်ကြည့်နေ၏။

ဖူမဲ့သာ နေရာမှာရှိမနေရင် သူတို့နှစ်ယောက်ချက်ချင်းပဲ တိုက်ခိုက်ကြလောက်သည်။

ရှကျိုးယွီကတော့ ခဏလောက်စဉ်းစားပြီးနောက်မှသာ ဆက်ပြောလိုက်သည်။

"ငါကြားဖူးတာ ထျန်းလင်ဂိုဏ်းက သူတို့ရဲ့ထူးခြားတဲ့သိုင်းပညာတွေကြောင့် နာမည်ကြီးတယ်၊ သူတို့မှာ စိတ်ဝင်စားစရာကောင်းတဲ့ ပုံရိပ်ယောင်နည်းပညာတွေရှိတယ်။ လီယုဟန်၊ မင်းတတ်ကျွမ်းသလား"

လီယုဟန် အနည်းငယ်အရှက်ရစွာဖြင့် ပြန်ဖြေကြားလိုက်သည်။

"ကျွန်မက တစ်ကယ်တော့ ပုံရိပ်ယောင်သိုင်းပညာတွေမှာ မကျွမ်းကျင်ပါဘူး၊ ဒါပေမယ့် သေးငယ်တဲ့ပုံရိပ်ယောင်တစ်ခု ဖန်တီးဖို့ကတော့ အခက်အခဲမရှိနိုင်ဘူး။ ခေါင်းဆောင်ဖူမဲ့၊ ကျွန်မကို ဘာလုပ်စေချင်တာလဲ”

ရှကျိုးယွီ ခေါင်းညိတ်လိုက်သည်။

"သူတို့တွေက တစ်ကယ်မတိုက်ခိုက်ရဲလောက်ဘူး၊ တောင်ကိုပတ်သွားပြီး သူတို့ရှိကြောင်းကိုပဲ ပြဖို့ကြိုးစားကြလောက်မှာ။ ငါတို့လုပ်ဖို့လိုတာက သူတို့တွေကို ငါတို့ရဲ့တပ်စခန်းရှိရာကို မျှားခေါ်ရမယ်၊ အဲဒီအချိန်ကျရင် ငါတို့ဖမ်းဆီးလို့ရပြီ။ ဖမ်းဆီးလို့ရပြီဆိုတာနဲ့ သူတို့တွေကို ငါတို့ရဲ့လက်အောက်မှာ သိမ်းသွင်းရမယ်”

'ခေါင်းဆောင်ဖူမဲ့က အံ့သြဖို့ကောင်းလိုက်တာ၊ လူသုံးထောင်က အယောက်တစ်သောင်းကို ဖမ်းဆီးမယ်၊ ဘယ်သူမှအဲ့ဒီစကားကို ယုံကြည်ကြမှာမဟုတ်ဘူး’

'ဒါပေမယ့် ခေါင်းဆောင်ဖူမဲ့က ပြောလာပြီဆိုမှတော့ မဖြစ်နိုင်တဲ့ကိစ္စလည်း သေချာပေါက်ဖြစ်လာရမယ်’

လီယုဟန် တိတ်တဆိတ် တွေးတောလိုက်၏။ သူမရဲ့ယုံကြည်ချက်တွေ မြင့်မားလာရသည်။

"ဟွမ်ပထျန်း၊ မင်းက အဲဒီလူတွေအားလုံးကို ငါတို့စခန်းထဲ ခေါ်လာဖို့အတွက် လမ်းကြောင်းရှင်းရမယ်၊ အဲဒါ မင်းရဲ့တာဝန်ပဲ။ ငါမင်းကို အချိန်နှစ်ရက်ပေးမယ်၊ ငါ့ကို ကောင်းမွန်တဲ့ရလဒ်ပြန်ပေးတာပဲ လိုချင်တယ်"

"လီယုဟန်၊ မင်းကတော့ ပုံရိပ်ယောင်ကို ဖန်တီးရမယ်။ လိုအပ်တာအားလုံးပြော၊ ဘာမှဖုံးကွယ်နေစရာမလိုအပ်ဘူး။ ငါမင်းကို အချိန်တစ်ရက်ပေးမယ်။ မင်းဆီကနေလည်း အဖြေစောင့်နေမယ်၊ အဆင်ပြေလား”

ရှကျိုးယွီရဲ့ အေးစက်တဲ့အသံသည် တဲအတွင်းမှာ ပဲ့တင်ထပ်သွားခဲ့သည်။

သူမတို့နှစ်ယောက်လုံး အနည်းငယ် မှင်သက်သွား၏။ ဖူမဲ့ရဲ့အရည်အချင်းကို မနေနိုင်စွာလေးစားသွားရသည်။

ကြည့်လိုက်မယ်ဆိုရင် မဖြစ်နိုင်တဲ့အရာတစ်ခုဆိုပေမယ့် အနီးကပ် ကြည့်ရှုပါက အောင်မြင်နိုင်ခြေရှိသည်။ တိကျတဲ့စီစဉ်မှုတွေသာ ပြုလုပ်မယ်ဆိုရင် သူမတို့ရဲ့အစီအစဉ်က အောင်မြင်နိုင်၏။

"ဒါဆိုရင်ခေါင်းဆောင်ဖူမဲ့၊ သူတို့ကို မျှားခေါ်ပြီးသွားပြီဆိုရင် ဘာလုပ်မလဲ"

လီယုဟန် စိတ်ပူစွာမေးလိုက်သည်။

"ဒါ မင်း စိတ်ပူရမယ့် အရာတစ်ခုမဟုတ်ဘူး၊ ငါညွှန်ကြားတဲ့အတိုင်းပဲလုပ်"

ရှကျိုးယွီရဲ့ ခံစားချက်မပါသောလေသံက သူတို့နှစ်ယောက်လုံးကို ကြောက်လန့်စေခဲ့သည်။ ထို့ကြောင့် ဘာမေးခွန်းမှမမေးရဲကြတော့ပေ။ ချက်ချင်းပဲ တဲထဲမှနှစ်ယောက်လုံး ထွက်သွားလိုက်ကြသည်။

နှစ်ရက်ကြာပြီးနောက်မှာ ဖူမဲ့ရဲ့ အဆက်မပြတ် ထောက်ပံ့ပေးမှုတွေကြောင့် လီယုဟန် ပုံရိပ်ယောင်ကို အောင်မြင်စွာဖြင့် ဖန်တီးနိုင်ခဲ့သည်။

ဒါပေမယ့် လမ်းအသစ်တစ်ခု ဖန်တီးရတဲ့ကိစ္စက လွယ်ကူတဲ့ကိစ္စတစ်ခုမဟုတ်ဘူး။ ဟွမ်ပထျန်းအနေနဲ့ ပထမအဆင့်ကျင့်ကြံမှုကို ရရှိထားတဲ့အပြင် သူ့ရဲ့လက်အောက်မှာ တပ်သားတစ်ထောင်ကိုခေါ်ပြီး နေ့မအားညမအား အလုပ်လုပ်နေကြသော်ငြား လမ်းကြောင်းသစ်ဖန်တီးတာက မပြီးဆုံးသေးပေ။ သူ့ရဲ့တာဝန်က လီယုဟန်ရဲ့ ပုံရိပ်ယောင်ဖန်တီးရသလိုမျိုး မလွယ်ကူဘူး။

အနောက်ကဝင်ရောက်လာတဲ့ မြို့တပ်သားတွေကို အခြေအနေကြည့်ရှုရင်း အရှေ့ကနေ အလျင်အမြန် လမ်းဖော်ရသည်။ ထို့ကြောင့် အနောက်ကတပ်သားတွေကို အဆက်မပြတ် စောင့်ကြည့်နေရ၏။

နှင်းနဂါးမြို့ရဲ့တပ်ဖွဲ့ထဲက တပ်သားအများစုသည်လည်း လမ်းကြောင်းပြောင်းလဲမှုကို အာရုံခံမိကြသည်။ သူတို့တွေက နယ်ခံတွေဖြစ်တဲ့အတွက် တောင်ရဲ့လမ်းကြောင်းနဲ့ ရင်းနှီးကြသည်။ ဒါပေမယ့် ဘယ်သူကမှ ဘာမှမပြောကြပေ။

"အဘိုးကြီး၊ ဒီလမ်းကဘာလို့ ရင်းနှီးနေသလိုမျိုး ဖြစ်နေရတာလဲ။ ဒီလမ်းကနေ တပ်စခန်းကို တိုက်ရိုက်ရောက်နိုင်တယ်မလား”

"အေး၊ ဟုတ်တယ်နော်။ ငါတို့ရဲ့ခေါင်းဆောင်အသစ်က တကယ်ပဲ အံ့သြဖို့ကောင်းလိုက်တာ။ အခုလို တပ်သားတွေအားလုံးကို ခေါ်သွားပြီး သောင်းကြမ်းနေတဲ့ ဓားပြတွေကို တိုက်ရိုက် တိုက်ခိုက်ဖို့ စဉ်းစားရဲတယ်”

"ဒါတွေအားလုံးက သခင်ကျောက်ကောင်းရဲ့ အမိန့်တွေပဲ။ ဖြစ်နိုင်တာ… အရှင်မင်းကြီးရဲ့ ညွှန်ကြားချက်တောင် ဖြစ်နေနိုင်တယ်။ ငါတို့ရဲ့ အရင်အုပ်ချုပ်ရေးမှူးချိလန်ရှန်က မကောင်းတဲ့လူဆိုတာသိတော့ အခု ချိလန်ရှန်ကို ဖယ်ရှားပြီး ငါတို့အတွက် အုပ်ချုပ်ရေးမှူးအသစ်ပေးခဲ့တာ”

"အေး၊ ဟုတ်တယ်၊ အဲဒါအမှန်ပဲ”

ဒါပေမယ့် ချန်ယုယန်ကတော့ ပြောင်းလဲမှုတွေအားလုံးကို သတိမထားမိပါချေ။ မြို့ခံတွေအနေနဲ့ လမ်းကြောင်းကိုမှတ်မိသော်ငြား သူက မြို့ပြင်ထွက်တာ နည်းပါး၏။ ထို့ကြောင့် ချန်ယုယန်သည် ပြောင်းလဲမှုကို သတိမထားမိဘဲ မြေပုံထဲက လမ်းကြောင်းအသစ်အတိုင်း သွားရောက်နေသည်ဟုသာ ထင်မှတ်နေခဲ့သည်။

"လင်ချွမ်၊ ရက်တစ်ချို့ကြာပြီးရင် ငါတို့တွေ အိမ်နီးချင်းတိုင်းပြည်တွေရဲ့ နယ်စပ်ကို ရောက်တော့မယ်။ အဲဒီအချိန်ကျရင် တရှားတိုင်းပြည်က လာရောက်တဲ့ သံတမန်တွေအဖြစ် ဖုံးကွယ်ထားကြ၊ အခုကစပြီး လူကြားထဲထွက်တာကို ရှောင်ကြဥ်ရမယ်။ ငါတို့အချိန်ကျလာတာနဲ့ နှင်းနဂါးမြို့ကို ပြန်ကြမယ်"

ချန်ယုယန်က ယုံကြည်ချက်ရှိစွာဖြင့် ညွှန်ကြားလိုက်သည်။

ဒါပေမယ့် အနည်းငယ်လမ်းလျှောက်ပြီးနောက်မှာ ပြောင်းလဲမှုတစ်ချို့ကို ကျန်းလင်ချွမ် သတိထားမိသွား၏။

"စစ်သူကြီး၊ ဒီလမ်းနဲ့ ပတ်သတ်ပြီး ကျွန်တော် ခံစားနေရတယ်။ ဒီလမ်းက ဘာလို့ အခုမှအသစ်ဖောက်ထားတာနဲ့ တူနေတာလဲ? ဒီအမှတ်အသားတွေကို ကြည့်လိုက်၊ လွန်ခဲ့တဲ့ရက်ပိုင်းကမှ လမ်းဖော်ထားတဲ့ပုံပဲ"

ချန်ယုယန်ကတော့ ဂရုမစိုက်စွာ မျက်နှာမဲ့လိုက်သည်။

"ဖြစ်နိုင်တာ ဒီလမ်းကို အဲဒီပုန်ကန်တဲ့သူတွေက လွယ်ကူတဲ့ဖြတ်လမ်းအဖြစ် အသုံးပြုနိုင်အောင် ဖောက်ထားတာပဲဖြစ်ရမယ်။ အတွေးများမနေနဲ့၊ ငါတို့ရဲ့အချိန်ကောင်းတွေ ရောက်လာတော့မယ်။ အုပ်ချုပ်ရေးမှူးတစ်ယောက်ဖြစ်လာရတဲ့ အရသာကို ငါမင်းကို ခံစားခိုင်းမယ်။ ငါတို့ နယ်စပ်အပြင်ကို ကျော်လွန်ပြီး အိမ်နီးချင်းတိုင်းပြည်တွေဆီ ရောက်တာနဲ့ ငါမင်းကို အပျော်စံအိမ်ဆီ ခေါ်သွားမယ်၊ အဲဒီအချိန်ကျရင် ငါတို့ တေးသီချင်းတွေ နားထောင်လို့ရပြီ။ ကောင်ငယ်လေး၊ မင်း အပျော်စံအိမ်ကို ရောက်ဖူးလား”

ကျန်းလင်ချွမ် ချက်ချင်းပဲ စိတ်လှုပ်ရှားသွားရ၏။

"တကယ်ပြောနေတာလား”

"ဒါဆိုရင် စစ်သူကြီး၊ ကျွန်တော် အကောင်းဆုံးလုပ်ဆောင်ပါ့မယ်”

………

All Chapters