( အားတန့်ရဲ့ အတိတ်)
Vol. 15 Ch. 202
ကျန်းလင်ချွမ်ရဲ့ ဟစ်ကြွေးသံက ဟွမ်ပထျန်းရဲ့ နှလုံးသားကို ပေါက်ကွဲသွားစေခဲ့သည်။ သူ့ရဲ့ ခန္ဓာကိုယ်အတွင်းမှ ကြောက်မက်ဖွယ် စွမ်းအားတို့ ထွက်ပေါ်လာပြီး နတ်ဘုရားတစ်ပါးလိုမျိုး စွမ်းအင်တွေ မြင့်တင်ပေးသွားသည်။
ဟွမ်ပထျန်းရဲ့ ထွက်ပေါ်လာတဲ့ စွမ်းအင်ကို ဖုံးကွယ်လို့ မရနိုင်တော့ပေ။
ထိုမြင်ကွင်းကြောင့် ချန်ယုယန် ချက်ချင်းပဲ နာကျင်သွား၏။ တိုက်ခိုက်ဖို့ရန် အပြေးသွားနေတဲ့ ကျန်းလင်ချွမ်ရဲ့ ခန္ဓာကိုယ်ကို ကြည့်နေရင်း သူ့ရဲ့မျက်လုံးတွေ နီရဲလာကာ အံကြိတ်လိုက်တော့သည်။
ထိုအချိန်မှာပဲ ကျန်းလင်ချွမ်ရဲ့ ဓားမက ကောင်းကင်ကို ထိုးဖောက်ကာ အလင်းသဖွယ် အရှေ့သို့ ပြေးသွားသည်။ ဟွမ်ပထျန်းရဲ့ နှလုံးသား တည့်တည့်ကို ချိန်ရွယ်ထားတာပင်။
ဒါပေမယ့် ဟွမ်ပထျန်းက ခုခံဖို့ပြင်လိုက်သည်။ ထိုအချိန်မှသာ ဟွမ်ပထျန်းရဲ့ ကျင့်ကြံမှုကို အကုန်လုံးသတိထားမိသွား၏။ ထို့ကြောင့် ချန်ယုယန် ထိတ်လန့်တကြား အော်ဟစ်လိုက်တော့သည်။
“အားတန့်၊ မင်းငယ်ငယ်တုန်းကလည်း ငါ့ကိုအနိုင်မယူနိုင်ခဲ့ဘူး၊ အခုအဆင့်တစ် ကျင့်ကြံမှု ရှိရင်တောင်မှ ဘာလုပ်နိုင်မှာ မလို့လဲ”
ချန်ယုယန် ချက်ချင်းပဲ လှောင်ရယ်လိုက်သည်။ ဟွမ်ပထျန်းက ပထမအဆင့် ကျင့်ကြံသူဖြစ်လာတာကို မြင်လိုက်တာနဲ့ သူ့ရဲ့ကံကြမ္မာကို နားလည်ပြီးသားပင်။
ဘယ်လောက်ပဲ အင်အားကြီးတဲ့စစ်တပ်ဖြစ်နေပါစေ ပထမအဆင့် ကျင့်ကြံသူတစ်ယောက်ကို အနိုင်မယူနိုင်ဘူး။
ပထမအဆင့် ကျင့်ကြံသူတစ်ယောက်က စစ်တပ်ရဲ့ ခေါင်းတွေအားလုံးကို ဖျက်စီးပစ်ဖို့ အလွယ်လေးပဲ။
သူတို့အသက်ရှင်ရမလား သေဆုံးရမလားဆိုတာ ဟွမ်ပထျန်း ပေါ်ပဲ မူတည်နေသည်။
ဒါပေမယ့် ဟွမ်ပထျန်းကတော့ အသက်တစ်ချက် ရှူသွင်းလိုက်သည်။ သူ့ရဲ့မျက်လုံးကို မှိတ်လိုက်ကာ အကာအကွယ် အစွမ်းကိုသုံးလိုက်၏။
တစ်ဖက်က ဝဲပျံလာတဲ့ ဓားပျံကိုသာ ကာဆီးလိုက်ပြီး ပြန်လည် မတိုက်ခဲ့ပေ။
“ချန်ယုယန် ငါအဲ့ဒီနေ့က ရွာကနေထွက်သွားခဲ့တယ်။ အဲ့ဒီတုန်းက မင်းငါ့ကို ကူညီခဲ့တယ်ဒါကြောင့် မင်းအသက်ကို ချမ်းသာပေးမယ်။ ဒီလိုမှ မဟုတ်ဘူးဆိုရင် ငါဟွမ်ပထျန်းကို ရက်စက်တယ်လို့ အပြစ်မတင်နဲ့”
ချန်ယုယန် အံ့သြသွားခဲ့သည်။
“ဟွမ်ပထျန်း ဟုတ်လား၊ ဒါမင်းကိုယ်တိုင် ပေးထားတဲ့ နာမည်အသစ်လား၊ အားတန့်ကနေ ဟွမ်ပထျန်းလို့ ပြောင်းလိုက်တာလား”
တိတ်ဆိတ်နေခဲ့သော စစ်ပွဲကွင်းပြင်ရဲ့ လေထုသည် ချန်ယုယန်ရဲ့စကားကြောင့် ချက်ချင်းပဲ ခက်ထန်သွား၏။ ဟွမ်ပထျန်းရဲ့ မျက်နှာသည် ဒေါသကြောင့် နီရဲနေခဲ့သည်။
ပထမအဆင့်ကျင့်ကြံသူအဖြစ် နေရာရလာခဲ့ပေမယ့် အတိတ်ဘဝရဲ့ ရှက်ရွှံ့ဖွယ် မှတ်ညဏ်တွေကို အခုလိုမျိူးဖော်ထုတ်ခံရမယ်လို့ တစ်ခါမှ မတွေးခဲ့ဖူးပေ…
ထို ရင်းနှီးခဲ့တဲ့ ခဲစားချက်က သူ့ရဲ့နှလုံးသားကို အချိန်နဲ့အမျှ တိုက်စားနေခဲ့သည်။ နောက်ဆုံးတော့ သူသဘောပေါက်သွားပြီ။
ကမ္ဘာပေါ်မှာ အနာကျင်ရဆုံးက စကားလုံးတွေပဲ…
“ ငါမင်းကို သတ်ပစ်မယ်။ ထွက်သွားဖို့မစဥ်းစားနဲ့ ချန်ယုယန်”
ဟွမ်ပထျန်း မြေပြင်ပေါ်ကို ခြေဆောင့်ချလိုက်သည်။ သူ့ရဲ့အင်အားကြီးတဲ့ အရှိန်အဝါက တဟုန်ထိုး ထွက်ပေါ်လာ၏။
ဒီရေတစ်ခုလိုမျိုး တိုက်စားသွားတဲ့ စွမ်းအားကြီး အရှိန်အဝါကြောင့် တပ်သားတွေအားလုံး ဆွံ့အသွားကြသည်။ သူတို့အားလုံး ကြောက်ရွံ့စွာနဲ့ မျက်စိရှေ့က လူကို ကြည့်နေကြသည်။
ချန်ယုယန်ကတော့ ဘာကိုမှ မကြောက်ရွံ့ပေ။ ဓားရှည်ကို ကိုင်ကာ ဟွမ်ပထျန်း ရှိရာသို့ ဒေါသတကြီး ပြေးဝင်သွား၏။
ဒီလိုနဲ့ လူနှစ်ယောက် တိုက်ခိုက်ကြတော့သည်။ တစ်ယောက်က ဓားရှည်ကိုကိုင်ဆောင်ထားပြီး တစ်ယောက်က လက်ဗလာနဲ့ တိုက်ခိုက်၏။
တိုက်ပွဲကွင်းပြင်တွင် ရက်စက်တဲ့အသံတို့ ထွက်ပေါ်နေခဲ့သည်။
ဒါပေမယ့် ဟွမ်ပထျန်းက ပထမအဆင့် ကျင့်ကြံသူတစ်ယောက်ရဲ့ အစွမ်းတွေကို အသုံးမပြုခဲ့ပေ။ သူက ရုပ်ပိုင်းဆိုင်ရာ သန်မာမှုနဲ့သာ တိုက်ခိုက်ခဲ့သည်။
ဒါပေမယ့် ပထမအဆင့်ကျင့်ကြံသူ တစ်ယောက် ဖြစ်လာသည့်အတွက် သူ့ရဲ့ရုပ်ပိုင်းဆိုင်ရာ သန်မာမှုက လွန်စွာမြင့်တက်ခဲ့ပြီးဖြစ်သည်။ ချန်ယုယန်အတွက် ခုခံဖို့ မလွယ်ကူခဲ့ပေ။
ဟွမ်ပထျန်းရဲ့ အဆက်မပြတ်ကျရောက်နေတဲ့ လက်သီးနဲ့ ကန်ချက်တွေက ချန်ယုယန်ရဲ့ ခုခံမှုကို ပျက်စေသည်။ နောက်ဆုံးမှာတော့ ဟွမ်ပထျန်းရဲ့ လက်သီးတစ်ချက်က ချန်ယုယန်ရဲ့ မျက်နှာပေါ်ကို တိုက်ရိုက် သက်ရောက်သွားခဲ့သည်။
ထိုအချိန်မှာပဲ အနောက်က တပ်သားတွေဆီကနေ ကြောက်မယ်ဖွယ်ရာ စွမ်းအင်လှိုင်းတစ်ခု ထွက်ပေါ်လာခဲ့သည်။ ထိုစွမ်းအင်လှိုင်းက ချန်ယုယန်ကို ကာကွယ်ပေးသွားသည်။
အခုလိုမျိုး ထူးဆန်းတဲ့စိတ်ဝိညာဥ် စွမ်းအင်ဓာတ်ကို ဟွမ်ပထျန်း တစ်ခါမှ မခံစားဖူးခဲ့ပေ။ ထိုအစွမ်းက သူတို့ရဲ့ ဂိုဏ်းခေါင်းဆောင် ဖူမဲ့နဲ့ အနည်းငယ် ဆင်တူသည်။
ဒါပေမယ့် ဟွမ်ပထျန်း အများကြီး မစဥ်းစားခဲ့ဘူး။
ထိုအချိန်မှာ ချမ်ယုယန်ရဲ့ ကျင့်ကြံမှုက အဆမတန်မြင့်မားသွား၏။
တတိယပအဆင့် ကျင့်ကြံသူတစ်ယောက်ကနေ ပထမအဆင့် ကျင့်ကြံသူတစ်ယောက်အဖြစ် တိုက်ရိုက် တိုးတက်သွားသည်။
“ဘယ်လိုတောင် ကောင်းမွန်လှတဲ့ အစီအရင်လဲ…”
ဟွမ်ပထျန်း ကြောက်လန့်တကြီး ရေရွတ်လိုက်သည်။ သူ့ရဲ့ခြေလှမ်းတွေလည်း အနောက်ဆုတ်သွား၏။
ထိုအချိန်မှာ ချန်ယုယန်က အဆက်မပြတ်တိုက်ခိုက်လာတော့သည်။ အရိပ်တွေလိုမျိုး လျင်မြန်စွာ လှုပ်ရှားနေကြတဲ့ လူနှစ်ယောက်က အစီအရင်အတွင်းမှာ အစွမ်းကုန် တိုက်ခိုက်နေခဲ့ကြ၏။
“ဒီအစီအရင်ကို မိန်းမစိုးကျောက်ကိုယ်တိုင် ငါတို့စစ်တပ်အတွက် ပြုလုပ်ပေးခဲ့တာ…မင်း ငါတို့ကို အနိုင်ယူနိုင်မယ်လို့ထင်နေတာလား”
“တရှားတိုင်းပြည်ရဲ့ လုပ်နိုင်စွမ်းက မင်းတို့ ဓားပြတွေ တွေးထားတာထက် အများကြီးသာလွန်တယ်”
ချန်ယုယန် တက်ကြွစွာဖြင့် ရယ်မောလိုက်သည်။ သူ့ရဲ့ တိုက်ချက်တွေက ပိုမိုကြောက်မက်ဖွယ်ကောင်းလာ၏။
ဟွမ်ပထျန်းကို ဆက်တိုက် တိုက်ခိုက်နေတော့သည်။
“မင်းမှာ သုံးစရာ ဘာအကွက်ကျန်သေးလဲ။ အကုန်ထုတ်ခဲ့”
“ ငါတို့မတွေ့ရတာ နှစ်တစ်ချို့ကြာပြီပဲ အားတန့်လေးတောင် သန်မာလာပြီ!”
ချန်ယုယန်အနေနဲ့ အခုလိုမျိုး စိတ်တက်ကြွမှုကို မခံစားခဲ့ရတာ အတော်ကြာပြီပင်။ နောက်ဆုံးတစ်ခေါက် ခံစားခဲ့ရတာက လွန်ခဲ့တဲ့ ဆယ်စုနှစ်အကြာက ဖြစ်သည်။
သာမန်အဖွဲ့ခေါင်းဆောင်အနေနဲ့ တစ်ဖက်က လူတွေကို အားကုန်သုံးကာ တိုက်ခိုက်ခဲ့ပါသည်။ ထိုအချိန်တုန်းက ဆယ်ယောက်ကျော်တဲ့ ထောက်ပံ့သူတွေနဲ့တင် အားတက်ခဲ့ရသည်။ ဒါပေမယ့် အခုချိန်မှာ တပ်သားတစ်သောင်းတောင် ရှိနေခဲ့ပြီ။ ထို့ကြောင့် ဘာကိုကြောက်နေရမှာလဲ။
“ကောင်းပြီ မင်းပြောသလိုပဲ။ တွေ့ကြတာပေါ့”
ဟွမ်ပထျန်းရဲ့ မျက်လုံးတွေက မျောက်ဝံတစ်ကောင်လိုမျိုး အားပြင်းလာခဲ့သည်။ သူ့ရဲ့ ခန္ဓာကိုယ်ကနေ ရွှေရောင် အလင်းတန်းတစ်ချက် ထွက်ပေါ်လာ၏။
ချက်ချင်းပဲ ကြောက်မက်ဖွယ် ကောင်းတဲ့ အရှိန်အဝါတစ်ခု ထွက်ပေါ်လာသည်။ ထိုအရှိန်အဝါက ဟွမ်ပထျန်းရဲ့ ခြေတွေ လက်တွေကြားမှာ ဝန်းရံသွားသည်။
ချန်ယုယန်ကို ကာဆီးပေးတဲ့ စွမ်းအင်လှိုင်းနဲ့ ဟွမ်ပထျန်း၏ ရွှေရောင်အလင်းတန်းတို့ တိုက်ရိုက်ထိတွေ့သွားခဲ့သည်။ ဒါပေမယ့် မမျှော်လင့်ထားစွာပင် ဟွမ်ပထျန်းသည် မီတာပေါင်းများစွာ အဝေးသို့ ပျံသွား၏။
ထိုအချိန်တွင် လီယုဟန်သည် အစီရင်ပျက်ဆီးမှု၏ နောက်ဆက်တွဲဆိုးကျိုးတွေကို ပြင်ဆင်နေခဲ့သည်။
အားကုန်သုံးကာ အတင်းအကြပ် ဖိနှိပ်ဖို့ ကြိုးစားနေခဲ့တာပင်။ ထိုအချိန်မှာ ဟွမ်ပထျန်း ရှုံးနိမ့်သွားတာကို သူမမြင်လိုက်၏။ ထိုစွမ်းအင်က သူမဆီကိုပါ လာရောက်ရိုက်ခတ်လာခဲ့သည်။
လီလုယန် နောက်တစ်ကြိမ် သွေးအန်ထုတ်လိုက်သည်။ ဘေးမှာ ရှိနေတဲ့ ဝမ်လန်က သူမကို ကူတွဲပေးလိုက်၏။ ဝမ်လန်အလွန် စိတ်မကောင်းဖြစ်နေခဲ့သည်။
“မမ ငါတို့ထွက်ပြေးကြရအောင်”
“ကောင်းကင်က ကျယ်ပြောတယ်၊ဒါ့အပြင် အရှင်မင်းကြီးကလည်း အဝေးမှာရှိနေတယ်၊ ပင်လယ်က အကျယ်ကြီးဖြစ်သလို ငှက်တွေကလည်း လွတ်လပ်စွာ ပျံသန်းကြတယ်၊ စိမ်းလန်းတဲ့ တောတောင်တွေသာ ရှိနေသ၍ ထင်းကုန်မှာကို ဘာကြောင့် တွေးပူနေရမှာလဲ”
ဒါ့ပေမယ့် လီယုဟန် ချက်ချင်းပဲ ဝမ်လန်ကို ပိတ်ရိုက်လိုက်တော့သည်။
“ကလေး ပေါက်စကများ ငါ့ကိုဘယ်လိုတောင် ပြောရဲတာလဲ။ ငါဒီလူတွေကိုတောင် မရင်ဆိုင်ရဲရင် နောက်ကျ ခေါင်းဆောင်ဖူမဲ့ကို ဘယ်လိုရင်ဆိုင်ရမှာလဲ”
ဝမ်လန် ခပ်တိုးတိုး ရေရွတ်လိုက်ပါသေးသည်။
“ဒါကြောင့် ထွက်ပြေးကြရအောင်လို့ ပြောနေတာ မဟုတ်ဘူးလား”
“သေးငယ်တဲ့ တံငါရွာတစ်ရွာကို ရှာကြရအောင်၊ ကျွန်တော်က လယ်စိုက်မယ် မမက အဝတ်ချုပ်ပေါ့.. ကျွန်တော်တို့ဘဝလေးက သာယာဖွယ်မကောင်းဘူးလား”
လီယုဟန် ချက်ချင်းပဲ ဆွံ့အသွားတော့သည်။
“အမွေးတောင် မစုံသေးတဲ့ အကောင်ပေါက်က ဘယ်လိုတောင် တွေးရဲတာလဲ..။ ငါဘယ်လောက်ထိ အသက်ကြီးလဲဆိုတာ မင်းသိလား။ မင်းနဲ့ငါ့ရဲ့ အသက်ကွာခြားချက်ကို နားလည်လား။
ဒီလိုစကားမျိုး ထပ်ပြောရဲလို့ကတော့ ငါချက်ချင်း ကန်ထုတ်ပစ်မယ်”
လီယုဟန် ကြိမ်းမောင်းလိုက်တော့သည်။ ဝမ်လန်ရဲ့ နူးညံ့တဲ့ နှလုံးသားလေးကို အပ်ပေါင်းများစွာ ထိုးစိုက်သွားလေ၏။ ချက်ချင်းပဲ တိတ်ဆိတ်သွားခဲ့သည်။ ဝမ်လန်ရဲ့ မျက်နှာက လွန်စွာညိုးငယ်နေတော့၏။
ထိုအချိန်မှာ မြေပြင်အောက်ရှိ တိုက်ပွဲကတော့ လွန်စွာပြင်းထန်နေခဲ့သည်။ ဟွမ်ပထျန်း နားလည်သွား၏။
ချန်ယုယန်က အစီအရင်ရဲ့ စွမ်းအင်မြှင့်တင်ပေးမှုကြောင့်သာ အခုလို တုံ့ပြန်နေနိုင်တာ.. အစီအရင်က ဘယ်လောက်ပဲ အင်အားကြီးနေပါစေ အချိန်နဲ့ အမျှ အားနည်ပျက်စီးလာမှာပဲ။
ဒါကြောင့် ဟွမ်ပထျန်းသည် တိုက်ခိုက်နည်း ဗျူဟာကို ပြုပြင်လိုက်သည်။ အတတ်နိုင်ဆုံး အချိန်ဆွဲဖို့ ကြိုးစားလိုက်၏။
ချန်ယုယန်လည်း ဟွမ်ပထျန်းရဲ့ အစီအစဥ်ကို ရိပ်မိသွားဟန်ရှိ၏။ ဒါမှမဟုတ် အစီအရင်က ကြာရှည်မခံမှန်း ကိုယ်တိုင်သဘောပေါက်သွားတာလည်း ဖြစ်နိုင်၏။ သူ့ရဲ့ နည်းဗျူဟာကို ချက်ချင်းပဲ လိုက်ပါပြောင်းလဲလိုက်သည်။
ဟွမ်ပထျန်းကို တိုက်ခိုက်ရုံသာမကဘဲ စကားလုံးများနဲ့ အဆက်မပြတ် ရန်စလေတော့သည်။
“အားတန့်၊ အားတန့်... မင်းထွက်သွားတော့ ရွာသားတွေ ဘာပြောကြလဲသိလား။ သူတို့တွေက မင်းရှိတဲ့ရက်တွေကို လွမ်းကြတယ်တဲ့၊ မင်းရှိတုန်းက အကျန်တွေစားဖို့ လူလည်းရှိတယ်၊ အပြစ်တင်စရာလူလည်း ရှိတယ်။
မင်းမရှိတော့ ရွာသားတွေအားလုံး ပျင်းနေကြတာကွာ”
“ ပုံပြင်ပြောတဲ့သူတွေဆိုရင် ပြောကြသေးတယ်…ယပ်တောင်မရှိတဲ့ နွေရာသီက ပိုပူပြင်းတယ်တဲ့”
ချန်ယုယန်သည် တစ်ဆင့်ချင်း ကူညီရင်း ဟွမ်ပထျန်းရဲ့ ငယ်ဘဝမှတ်ဘဏ်တွေ ပြန်လည်ရောက်ရှိလာစေရန် အားတက်သရော ထောက်ပံ့နေ၏။
အနီးအနားမှာရှိနေတဲ့ တပ်သားတွေအားလုံး လွန်စွာ အံ့သြသွားခဲ့သည်။ သူတို့ရဲ့ အုပ်ချုပ်ရေးမှူးက ဘာလို့အဲ့လောက်တောင် ရိုင်းစိုင်းတာလဲ…၊ ဘယ်လိုတောင် ပြောရက်တာလဲ..။
“အားတန့် မင်းရဲ့နာမည်အသစ်ကို ဟွမ်ပထျန်းလို့ ပြောင်းလိုက်တယ်ဆို။ မင်းရဲ့အမေကိုကော ပြောပြီးပြီလား။ မပြောရသေးရင် ငါပြောပေးမယ်နော်။ မင်းသေသွားပြီးတဲ့နောက်မှာ မင်းရဲအုတ်ဂူကို ငါကိုယ်တိုင် ဆောက် ပေးမယ်၊ အဲ့ဒီကျရင် အုတ်ဂူပေါ်မှာ ‘ဟွမ်ပထျန်း’ ဆိုပြီး စကားလုံးအကြီးကြီးနဲ့ ရေးပေးမယ်သိလား”
“ဒါမှ ရွာသားတွေအားလုံး မင်းရဲ့နာမည်ကို သိသွားကြမှာ”
“အကယ်လို့ မင်းမသေသေးဘူးဆိုရင်လည်း မင်းရဲ့ သိုင်းပညာတွေအားလုံးကို ဖျက်ဆီးပြီးတော့ မင်းကိုဖမ်းဆီးထားမယ်၊ အဲ့ဒီအချိန်ကျရင် အပြင်ထွက်လာပြီး ငါ့ကိုသတ်ရဲလားဆိုတာ စောင့်ကြည့်မယ်”
ချန်ယုယန်က ပြောပြီးတာနဲ့ အလွန်စိတ်ပါလက်ပါ ရယ်မောလိုက်၏။
ဟွမ်ပထျန်း ဒေါသထွက်လွန်းလို့ တုန်ယင်နေပြီပင်။ နောက်ဆု မနေနိုင်စွာ အော်ဟစ်လိုက်တော့သည်။
“ချန်ယုယန် မင်းအမေကိုသာ သွားပြောလိုက်စမ်း.. မအေပေး”
……….