(ထွီ)
Vol. 15 Ch. 203
ဟွမ်ပထျန်းရဲ့ ထိန်းချုပ်မှုတွေအားလုံး ချက်ချင်းပဲ ပျက်ယွင်းသွားခဲ့သည်။ ဒေါသကြောင့် သူ့ရဲ့မျက်နှာက နီရဲလာ၏။
“ချန်ယုယန် မင်းသူတောင်းစား။ ငါမင်းကို သတ်ပစ်မယ်”
ဟွမ်ပထျန်း အံကြိတ်ကာ ဒေါသတကြီး ရေရွတ်လိုက်သည်။ စိတ်ဝိညာဉ်စွမ်းအင်တွေ လျှံထွက်လာသည်နှင့်အမျှ သူ့ရဲ့ခုခံမှုက တိုက်ခိုက်မှုအဖြစ် ပြောင်းလဲသွားသည်။
သူ့ရဲ့လုပ်ရက်က ချန်ယုယန်ရဲ့ လှည့်ကွက်ထဲသို့ တိုက်ရိုက် ကျရောက်သွားပြီပင်။ ချန်ယုယန် နက်ရှိုင်းစွာ ရယ်မောလိုက်၏။
ထို့နောက်မှာ သူ့ရဲ့ ဓားရှည်ကို လေပြေနဲ့အတူ ညှင်သာစွာ ဝေ့ယမ်းလိုက်သည်။ ချက်ချင်းပဲ ဟွမ်ပထျန်း ရှိရာသို့ ဦးတည်လိုက်၏။
သူတို့နှစ်ယောက်လုံးက ပထမအဆင့် ကျင့်ကြံသူတွေ ဖြစ်ကြပေမယ့် လက်ရှိမှာ ချန်ယုယန်ကို ထောက်ပံ့ထားတဲ့ တပ်သားတစ်သောင်း ရှိသည်။ ထို့ကြောင့် သူတို့နှစ်ယောက်ရဲ့ သန်မာမှုက နှိုင်းယှဉ်လို့မရပေ။ ချန်ယုယန်ရဲ့ သန်မာမှုသည် ပထမအဆင့် ကျင့်ကြံသူရဲ့ အလယ်အလတ်အနေအထားသို့ ရောက်နေပြီပင်။ ထို့ကြောင့် ဟွမ်ပထျန်းရဲ့ ကျင့်ကြံမှုထက် အဆပေါင်းများစွာ သာလွန်၏။
တိုက်ပွဲစတင်ပြီး မကြာခင်မှာပဲ ဟွမ်ပထျန်း စတင်အရေးနိမ့်လာခဲ့သည်။
“ချန်ယုယန် မင်းမှာလူသားတစ်ယောက်ရဲ့ အသိစိတ် မရှိဘူးလား”
တိုက်ပွဲတစ်ခုမှာ ရန်သူကို အနိုင်ရချင်ရင် နည်းလမ်းမျိုးစုံရှိ၏။ စိတ်ဓာတ်ပိုင်းဆိုင်ရာ ချိုးဖောက် တိုက်ခိုက်ခြင်းသည်လည်း တိုက်ခိုက်မှုတစ်ခုလို့ ဆိုလို့ရသည်။
ချန်ယုယန်က အဖတ်မလုပ်စွာ ပြုံးလိုက်သည်။
“ဘာဖြစ်သလဲ အဲ့ဒီတော့ကော”
“မင်းငယ်ငယ်တုန်းကရော ငါ့ကိုနိုင်ခဲ့လို့လား။ အခု ကြီးလာတော့ရော ငါ့ကိုနိုင်မယ်ထင်လား။ မင်း ငါ့ရဲ့စကားလုံးတွေမှာပဲ မျောပါသွားရမှာပါကွာ”
ဓားသည် မျက်လုံးမရှိဘူး။ ဟွမ်ပထျန်းရဲ့ ခန္ဓာကိုယ်ပေါ်သို့ ထိုဓားရှည်က တိုက်ရိုက်ပဲ ကျရောက်လာခဲ့သည်။ လျှံထွက်သွားတဲ့ သွေးတွေက မြေပြင်ပေါ်ကို ကြေးနီရောင် ပက်ဖြန်းလိုက်၏။
ကောင်းကင်ကို ပေါက်ကွဲတော့မတတ် ပြင်းထန်သည့် တိုက်ချက်က ဟွမ်ပထျန်းရဲ့ ခန္ဓာကိုယ်ကို ဖောက်ထွက်သွားခဲ့သည်။
တောက်ပတဲ့ လမင်းရဲ့အနားမှာ အဆက်မပြတ် ဝန်းရံနေတဲ့ ကြယ်စဉ်တွေလိုမျိုး အင်အားကြီးစွာဖြင့် ဓားရှည်ရဲ့ နောက်ထပ် ဓားချက်တစ်ခုက ဟွမ်ပထျန်းရဲ့ သေစေနိုင်လောက်တဲ့ နေရာကို ကျရောက်သွားခဲ့သည်။
ချန်ယုယန်ရဲ့ မျက်လုံးတွေက ရဲတောက်နေ၏။ ဖော်ပြလို့မရတဲ့ နက်ရှိုင်းမှုတွေ ရှိနေခဲ့သည်။
ဒါကသူ့ဘဝရဲ့ အသန်မာဆုံးသော တိုက်ချက်ပဲ… ဒီတိုက်ချက်မှာ သူ့ရဲ့ အရာအားလုံးကို မြှုပ်နှံထားရတာ။ သူ့ရဲ့ အနာဂတ်ပါ အပါအဝင်ပဲ..
“မင်း သေပေတော့”
ဘန်း..
ကျယ်လောင်တဲ့ အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ ကွင်းပြင်တစ်ခုလုံးကို မီးခိုးငွေ့များ ဖုံးလွှမ်းသွား၏။ တပ်သားတစ်သောင်းလုံး ချက်ချင်းပဲ သွေးအန်ထွက်လိုက်သည်။
ချန်ယုယန်ကို ထောက်ပံ့ဖို့ရန်အတွက် သူတို့ရဲ့ စိတ်ဝိညာဉ်စွမ်းအင် အားလုံးကို အသုံးပြုထားသည်။ သူတို့မှာ စွမ်းအင်တွေ မကျန်ရှိတော့ဘူး။
သူတို့ရဲ့တိုက်ပွဲ အောင်မြင်မလား ဆိုတာကတော့ ချန်ယုယန်ရဲ့ နောက်ဆုံးတိုက်ချက် အပေါ်မှာပဲ မူတည်သည်။
ဒါပေမဲ့ မီးခိုးငွေ့တွေ တစ်ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားချိန်မှာ ထူးဆန်းတဲ့ အရိပ်တစ်ခုကို မြင်လိုက်ရ၏။ ထိုအရိပ်က ဟွမ်ပထျန်းရဲ့ အရှေ့မှာ ရပ်နေခဲ့သည်။
“သူများရဲ့ အကူအညီကို အသုံးပြုပြီး အနိုင်ရဖို့ ကြိုးစားတာက ဂုဏ်သိက္ခာမရှိတဲ့ လုပ်ရပ်ပဲ”
ထိုအသံက တိုးဖျော့သည်။ ဒါပေမဲ့ ကျောချမ်းဖွယ်ကောင်းတဲ့ အရှိန်အဝါများ ပါဝင်နေ၏။ အကုန်လုံး ထိုသူ့ကို လှည့်ကြည့် လိုက်ကြသည်။
ထိုအချိန်မှာ မီးခိုးငွေ့တွေ လုံးဝ ပျောက်ကွယ်သွားခဲ့ပြီပင်။ သာမန်ရုပ်ရည်နဲ့ လူတစ်ယောက် ထွက်ပေါ်လာ၏။ ချန်ယုယန် ချက်ချင်းပဲ ထူးဆန်းတဲ့ ခံစားချက်ကို ခံစားလိုက်ရသည်။
ထိုသူက သာမန်ရုပ်ရည်ကို ပိုင်ဆိုင်ထားပေမယ့် ကြီးမြတ်တဲ့ ရှင်ဘုရင်တစ်ယောက်လိုမျိုး တားမြစ်လို့မရနိုင်တဲ့ အရှိန်အဝါကို ပိုင်ဆိုင်ထားသည်။ နတ်ဘုရားနဲ့ နတ်ဆိုး ရောနှောနေသလိုမျိုး ထူးဆန်းတဲ့ ခံစားချက်ကို ပေးစွမ်းနိုင်၏…
“မင်း…မင်းဘယ်သူလဲ”
ချန်ယုယန်ရဲ့ ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်သွားကာ ခြေလှမ်းများစွာ အနောက်ဆုတ်လိုက်သည်။ သူသဘောပေါက်သွားသည်။ အခုချိန်မှာ တပ်သားတစ်သောင်းရဲ့ ထောက်ပံ့မှုလည်း မရှိတော့ဘူး။ သူ့ရဲ့ ခန္ဓာကိုယ်တစ်ခုလုံးက မထိန်းနိုင်အောင် တုန်ယင်နေ၏။
“ငါလား မင်းကိုသတ်မယ့်သူလေ”
ရောက်လာတဲ့သူက သေချာပေါက် ရှကျိုးယွီပင်။
လီယုဟန်ရဲ့ တင်ပြချက်ကို ကြားတာနဲ့ ရှကျိုးယွီ ချက်ချင်းပဲ တိုက်ပွဲကွင်းပြင်ကို ရောက်လာခဲ့သည်။ နှင်းနဂါးမြို့ရဲ့ တပ်သားတွေကို ခေါ်ဆောင်ဖို့ရန်က သေးငယ်တဲ့ ကိစ္စတစ်ခုပဲဖြစ်သည်။ ထို့ကြောင့် သူ့အနေနဲ့ စိတ်ပူစရာမရှိဘူးလို့ ထင်မှတ်ထားခဲ့သည်။ ဒါပေမဲ့ အခုလိုမျိုး မထင်ထားတဲ့ ပြသနာတွေ ပေါ်ပေါက်လာတဲ့အတွက် ချက်ချင်းပဲ လိုက်လာခဲ့တာပင်။
လက်ရှိတွင် ချန်ယုယန်ရဲ့ နှလုံးသားက လွန်စွာနာကျင်နေ၏။ သူဘယ်လိုမှ ဒီတိုက်ပွဲကို ဆက်လက်ပြီးမတိုက်ခိုက် နိုင်တော့ဘူး။ ထိုသူပေါ်လာတာနဲ့ သူ့ရဲ့ရင်ထဲမှာ တိုက်ခိုက်ချင်စိတ် နည်းနည်းလေးမှ မရှိတော့ဘူး…။
မျက်စိရှေ့က ပုဂ္ဂိုလ်သည် သူ့ရဲ့တစ်ဘဝလုံး အနိုင်မယူနိုင်မယ့် လူတစ်ယောက်လိုမျိုး ခံစားနေရ၏။
ရှကျိုးယွီ ခပ်ဖွဖွပြုံးလိုက်ပြီး လက်တစ်ဖက် ယမ်းလိုက်သည်။ ချက်ချင်းပဲ ရွှေရောင်အလင်းတွေက ကောင်းကင်တစ်ခွင်လုံးကို ပျံ့နှံ့သွား၏။ ထိုအလင်းတွေက ကျယ်ပြန့်လာကာ တိုက်ပွဲကွင်းပြင်တစ်ခုလုံးကို လွှမ်းခြုံလိုက်သည်။
“ဒါဘာလဲ”
“ကြောက်စရာကြီး…”
“ပြေးကြ”
ထိုရွှေရောင်အလင်းသည် နတ်ဘုရားစာရင်း စာချုပ်မှ အရင်းခံလာတာဖြစ်သည်။ ထိုအလင်းတန်းက အကာကွယ်တစ်ခုလိုမျိုး ကျယ်ပြန့်လာကာ အတွင်းထဲမှာရှိနေတဲ့ လူတွေအားလုံးကို ထိန်းချုပ်ပစ်လိုက်၏။ နှင်းနဂါးမြို့ရဲ့ တပ်သားတွေအားလုံး မလွတ်မြောက်နိုင်တဲ့ ခံစားချက်ကို ခံစားလိုက်ရသည်။ သူတို့ရဲ့ ရင်ထဲမှာ လွန်စွာထိတ်လန့်နေကြ၏။ ခရားထဲပိတ်မိနေတဲ့ လိပ်တစ်ကောင်လိုမျိုး သူတို့မှာ လွတ်လမ်းမရှိတော့ဘူး။
ချန်ယုယန် သူ့ရဲ့ကိုယ်တွင်းက ကြောက်ရွံ့မှုကို အတင်းအကြပ် ရုန်းကန်လိုက်သည်။
“ဒီအရှေ့က ပုဂ္ဂိုလ်က ဘယ်သူများလဲ။ ကျွန်တော်မေးလို့ရမလား”
“ငါက ချန်ယုယန်။ နှင်းနဂါးမြို့ရဲ့ အသစ်ခန့်ထားတဲ့ မြို့အရှင်ပဲ။ တရှားတိုင်းပြည်ရဲ့ကိုယ်စား ဒီနေရာကို ရောက်လာခဲ့တာ။ တရှားကို ရန်သူလုပ်မယ်ဆိုရင် ရလာနိုင်တဲ့ အကျိုးဆက်တွေကို စဉ်းစားဖူးလား”
ချန်ယုယန်က တရှားတိုင်းပြည်ကို ထုတ်ဖော်ပြောဆိုလိုက်ရင်း နူတ်ခမ်းထောင့်မှာ ရှိနေတဲ့ သွေးစက်တစ်ချို့ကို သုတ်လိုက်၏။ ထို့နောက်မှာ ရှကျိုးယွီကို လှမ်းကြည့်လိုက်သည်။
သူ့ရဲ့မျက်လုံးထဲမှာ ရူးမိုက်တဲ့ ခံစားချက်တစ်ချို့ ဝင်ရောက်လာသည်။
လက်ရှိမှာသူက တရှားတိုင်းပြည်ရဲ့ မြို့အရှင်တစ်ယောက်ပဲ။ တရှားတိုင်းပြည်ကို ဘယ်သူကမှ ရန်သူမလုပ်ရဲဘူး။ မြို့အရှင်တစ်ယောက်ကို သတ်လိုက်တာက သေချာပေါက် သာမန်လူသားတစ်ယောက်အနေနဲ့ ကိုင်တွယ်နိုင်တဲ့ ကိစ္စတစ်ခုမဟုတ်ဘူး။
ထို့ကြောင့် ချန်ယုယန်ရဲ့ မျက်နှာပေါ်မှာ ညစ်ကျယ်ကျယ်အပြုံးကြီးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
ရှကျိုးယွီ မျက်လုံးများ ကျဉ်းမြောင်းသွား၏။
“ချိလန်ရှန် ဘယ်ရောက်သွားလဲ၊ သေပြီလား”
ချန်ယုယန် အံ့သြသွားခဲ့သည်။
“အရင် အုပ်ချုပ်ရေးမှူးဟောင်းချိက သခင်ကျောက်ကောင်းကို ရန်စခဲ့မိတယ်။ သူက သေဖို့တန်တဲ့သူပဲ”
“ဘယ်လိုပဲဆိုဆို ငါက လက်ရှိမှာ မြို့အရှင်အသစ်ပဲ။ ဒါကြောင့် ငါ့ကို သတ်ရဲသလား”
ချန်ယုယန်က ကျယ်လောင်စွာ ရယ်မောလိုက်သည်။ သူ့ရဲ့ စကားလုံးတွေကပါ အကြောက်အလန့်မရှိ ဖြစ်လာတော့၏။ ထို့နောက်မှာ သူ့ရဲ့ဓားရှည်ကို မြေပြင်နဲ့ ရိုက်ချလိုက်ကာ ဒေါသတို့ကို ဖော်ကြူးလိုက်သည်။
ရှကျိုးယွီ ရှုပ်ထွေးသွား၏။
'ဘာကိစ္စ ငါ့ကိုမသတ်ရဲဘူး ဆိုတဲ့မေးခွန်းမျိုး မေးရတာလဲ။ မင်းမပြောနဲ့ ကျောက်ကောင်း ရောက်လာရင်တောင်မှ ငါမသတ်ရဲစရာ အကြောင်းမရှိဘူး’
ဒီလိုနဲ့ပဲ ရှကျိုးယွီ လက်တစ်ဖက်ကို လှုပ်ယမ်းလိုက်သည်။ စိတ်ဝိညာဉ်စွမ်းအင်တွေက ပျံဝဲနေတဲ့ ဓားတစ်ချောင်းအသွင် ပြောင်းသွားကာ ချန်ယုယန်ရဲ့ လည်ပင်းကို ဖြတ်သွား၏။
“ငါ့ကို ဒုက္ခပေးနေတဲ့ကောင် မင်းက သေဖို့ထိုက်တန်တယ်”
ဟွမ်ပထျန်း ချက်ချင်းပဲ ထရပ်ကာ ပျော်ရွှင်စွာဖြင့် အော်ဟစ်လိုက်သည်။ တိတ်ဆိတ်နေတဲ့ တိုက်ပွဲကွင်းပြင်ထဲမှာ ဟွမ်ပထျန်းရဲ့ ကြိမ်းမောင်းသံက ပျံ့နှံ့သွား၏။
“ထွီ”
ဟွမ်ပထျန်းသည် ချန်ယုယန်ရဲ့ အလောင်းပေါ်ကို မကျေနပ်စွာဖြင့် တံတွေးလှန်းထွေးလိုက်သေးသည်။
အချိန်တစ်ခု ကြာသည်အထိ တိုက်ပွဲကွင်းပြင်သည် တိတ်ဆိတ်နေခဲ့သည်။ ဘယ်သူကမှ အသံမထွက်ရဲပေ။
ဘယ်လိုလုပ် အသံထွက်ရဲမှာလဲ။ ဒီအချိန်မှာ အသံထွက်လိုက်တဲ့သူက ဒီသက်ရှိနတ်ဆိုးကောင်ကို ရန်စလိုက်တာပဲ။ မဟုတ်ဘူးလား။
ထိုအချိန်မှာ ရှကျိုးယွီက တိုက်ပွဲကွင်းပြင်တစ်ခုလုံးကို ဝေ့ကြည့်လိုက်သည်။ လူဦးရေ တစ်သောင်းခန့်ရှိတဲ့ တပ်သားတွေကို သတိထားမိသွား၏။
ဒီတပ်သားတွေကိုသာ ခေါ်ဆောင်နိုင်ခဲ့မယ်ဆိုရင် ကိစ္စကောင်းတစ်ခုပဲ။
ထို့ကြောင့် ရှကျိုးယွီသည် ဟွမ်ပထျန်းကို ညွှန်ကြားပြီးတာနဲ့ တိုက်ပွဲကွင်းပြင်ကနေ ထွက်သွားခဲ့သည်။
ဟွမ်ပထျန်း ပထမတော့ အံ့သြသွား၏။ သူ့ရဲ့မျက်နှာထားက အလွန်ရူပ်ထွေးနေခဲ့သည်။ ထို့နောက်မှာ တစ်ဖြည်းဖြည်းချင်း နားလည်သွားသည်နှင့်အမျှ လေးစားမှုတွေအဖြစ် ပြောင်းလဲသွားပြီး ရှကျိုးယွီ ထွက်သွားတဲ့ နောက်ကျောပြင်ကို လေးစားစွာ စိုက်ကြည့်နေခဲ့သည်။
“ဒီနေရာမှာ လက်ထောက်စစ်သူကြီးက ဘယ်ကောင်လဲ။ နာမည်ပြောစမ်း”
လက်ရှိမှာ ဟွမ်ပထျန်းရဲ့ အရှိန်အဝါသည်လည်း ချက်ချင်း ပြောင်းလဲသွားခဲ့သည်။ ကြောက်မက်ဖွယ်ကောင်းတဲ့ သားရဲတစ်ကောင်လိုမျိုး ကျောချမ်းဖွယ် အရှိန်အဝါကို ဆက်တိုက်ထုတ်လွှတ်နေ၏။ သက်ရှိနတ်ဆိုးကောင်စီကနေ တိုက်ရိုက်စံနမူနာ ယူလိုက်တာပင်ဖြစ်သည်။
ကျန်းလင်ချွမ် တုန်ယင်သွားသည်။ သူ့ရဲ့ခြေထောက်တွေက အလုပ်မလုပ်တော့ပေ။ ဘေးမှ တပ်သားလေးနှစ်ယောက်ရဲ့ အကူအညီဖြင့် ဟွမ်ပထျန်း ရှိရာသို့ တိုးသွားလိုက်သည်။
“အဲ့တာ ကျွန်တော်ပါ”
ကျန်းလင်ချွမ်က အရည်ချင်းမပြည့်ဝတာတော့ မဟုတ်ပေ။ ဒါပေမဲ့ သူက ဆယ်ကျော်သက်အရွယ် ကလေးတစ်ယောက်ပဲ ရှိသေးသည်။ စစ်မှန်တဲ့ တိုက်ပွဲတွေကို မကြုံတွေ့ဘူးပေ။
ချန်ယုယန်ရဲ့ မျက်နှာသာပေးမှုကြောင့်သာ မဟုတ်ဘူးဆိုရင် လက်ထောက်စစ်သူကြီး ရာထူးကို ဘယ်တော့မှ ရလာလိမ့်မှာ မဟုတ်ဘူး။
“ကောင်းတယ်။ မင်းက လက်ထောက်စစ်သူကြီးလား။ ဒီကိုလာစမ်း”
“ငါတို့ခေါင်းဆောင်ဖူမဲ့ရဲ့ သတင်းစကားကို မင်းတို့ရဲ့ နှင်းနဂါးမြို့က ကျောက်ကောင်းကို ပြောပြလိုက်။ ငါတို့လို တိုက်ပွဲ အတွေ့ကြုံရထားပြီးတဲ့ တပ်သားတွေကို အနိုင်ယူချင်တယ်ဆိုရင် အခုလိုမျိုး တပ်သားတစ်သောင်းလောက် လာမပို့နဲ့။ အဲ့တာက စိတ်ကူးယဉ်နေတာပဲ”
“ငါတို့ကို အနိုင်ယူချင်ရင် အနည်းဆုံး တပ်သားတစ်သိန်း စေလွှတ်လိုက်။ အဲ့လိုမှ မဟုတ်ဘူးဆိုရင် ငါတို့ကို လုံးဝကိုင်တွယ်နိုင်မှာ မဟုတ်ဘူး”
ကျန်းလင်ချွမ် နေရာမှာတင် အံ့သြဆွံ့အသွားခဲ့သည်။ သူ့ရဲ့မျက်လုံးတွေက ပြူးကျယ်လာ၏။ ပွင့်ဟနေတဲ့ ပါးစပ်နဲ့ အသိစိတ်မကပ်စွာ ရေရွတ်လိုက်သည်။
“တပ်သားတစ်သိန်း…”
နှင်းနဂါးမြို့တစ်ခုလုံး ပေါင်းလိုက်ရင်တောင် လူဦးရေက တစ်သိန်းမပြည့်ဘူး။ သူတို့က ဘာလို့ဒီလောက်တောင် မောက်မာနေရတာလဲ။
ဟွမ်ပထျန်းက အထင်သေးစွာပဲ ခေါင်းညိမ့်ပြလိုက်သည်။
“ဘာလဲ မင်းကမယုံဘူးလား။ ဒီဘိုးဘေးက ကိုယ်တိုင် သက်သေပြပေးရအုံးမှာလား”
ချက်ချင်းပဲ ဟွမ်ပထျန်းရဲ့ လက်ဖဝါးထက်မှာ ရွှေရောင်အလင်းများ ဝန်းရံသွားခဲ့သည်။
ကျန်းလင်ချွမ် ဆက်တိုက်ခေါင်းယမ်းပြီး တောင်းပန်ရတော့၏။
“မဟုတ်ပါဘူး၊ မဟုတ်ပါဘူး ဆရာကြီးရယ်။ ကျွန်တော်နားလည်ပါပြီ။ ချက်ချင်းပဲ မြို့ကိုပြန်သွားပြီး အကြောင်းကြားလိုက်ပါ့မယ်”
ဟွမ်ပထျန်း ထိုအချိန်မှသာ ကျေနပ်စွာဖြင့် ခေါင်းညိမ့်ပြလိုက်သည်။
“ကောင်းပြီ။ စစ်သားတွေနေခဲ့။ မင်းသွားလို့ရပြီ”
ကျန်းလင်းချွမ်ရဲ့ ရင်ထဲမှာ လွန်စွာငိုချင်နေခဲ့သည်။ ဒါပေမဲ့ သူ့ရဲ့မျက်လုံးက မျက်ရည်တွေ ထွက်ကျမလာခဲ့ဘူး။
နှင်းနဂါးမြို့ကို ပြန်ရောက်သွားရင်တောင်မှ သူအသက်ရှင်ရပါ့မလာဆိုတာ မသေချာတော့ပေ။
………