မတူညီတဲ့ အခြေအနေများ
Vol. 19 Ch. 181
ကလိုင်းဟာ အခန်းထဲ ပြန်ရောက်တဲ့အခါ စိတ်ဝိညာဉ်တံတိုင်းကို ချက်ချင်း မဖျက်ဘဲ စန္ဒကူးရနံ့ရှိတဲ့ ဖယောင်းတိုင် တစ်ချောင်းကို ထုတ်ယူကာ စားပွဲအလယ်မှာ ထားလိုက်ပါတယ်။
အဲဒီနောက် အစီအရင်လုပ်ရင် လုပ်ဆောင်ရတဲ့ အဆင့်တွေအတိုင်း သူ့စိတ်ဝိညာဉ်စွမ်းအားနဲ့ ဖယောင်းတိုင်ကို မီးထွန်းပြီး ပန်းဆီ အစက်ချကာ ကံကောင်းမှုနဲ့ လျှို့ဝှက် ဆန်းကြယ်မှုကို ရည်ညွှန်းတဲ့ ဆေးပင်တွေနဲ့ ပြုလုပ်ထားတဲ့ ပေါင်ဒါမှုန့်တွေကို ဖြန့်ကြဲလိုက်ပါတယ်။
အဲဒီနောက် ဖယောင်းတိုင် မီးတောက်ဟာ မှေးမှိန်လိုက် တောက်ပလိုက် ဖြစ်သွားပြီး တစ်ခန်းလုံး သင်းပျံ့တဲ့ ရနံ့တွေ ပြည့်နှက်သွားတဲ့အခါ ငြိမ်ချမ်းမှုနဲ့ သဟဇာတဖြစ်မှုကို သူ ခံစားလိုက်ရပါတယ်။
အဲဒီနောက် သူဟာ ခြေနှစ်လှမ်း နောက်ဆုတ်ပြီး စားပွဲပေါ်က ဖယောင်းတိုင်ကို ကြည့်ကာ ဘီလူးတွေရဲ့ ဘာသာစကားနဲ့...။
“ငါ...”
အဲဒီနောက် သူဟာ တစ်ခဏ ရပ်ပြီး ဟာမီးဘာသာစကား ပြောင်းကာ...။
“ငါ့နာမတော်နဲ့ ဆင့်ဆိုတယ်...”
“ဒီခေတ်က မပိုင်ဆိုင်တဲ့အရူး... မီးခိုးရောင် မြူခိုးထက်က လျှို့ဝှက်ဆန်းကြယ် စိုးမိုးသူ... ကံကောင်းမှုကို ပိုင်စိုးတဲ့ ဝါနက်ရောင်ဘုရင်...”
အဲဒီအချိန်မှာ မှိတ်တုတ်မှိတ်တုတ် ဖယောင်းတိုင် မီးတောက်ဟာ သင်းပျံ့မွှေးကြိုင်တဲ့ ရနံ့နဲ့ ပေါင်းစပ်သွားပြီး ဝိုးတိုးဝါးတား ဝဲကတော့တစ်ခု ဖြစ်တည်လာကာ စိတ်ဝိညာဉ်စွမ်းအားကို အရူးအမူး စုပ်ယူပါတော့တယ်။
ကလိုင်းဟာ မန္တန် ရွတ်ဆိုလို့ ပြီးတဲ့အခါ ဝဲကတော့က တည်ငြိမ်သွားပြီး လက်တဖဝါးစာ ဖြူမှိုင်းမှိုင်း မြူခိုး စက်ဝိုင်းတစ်ခု ဖြစ်သွားပါတယ်။
မြူခိုးကို သေချာကြည့်ပြီးနောက် ကလိုင်းဟာ နာရီလက်တံ ပြောင်းပြန်အတိုင်း ခြေလှမ်း လေးလှမ်းကို မဆိုင်းမတွ လှမ်းလိုက်ပါတယ်။ သူ မီးခိုးရောင် မြူခိုးထက်က လောကကို ပြန်ရောက်သွားတဲ့အခါ သူ ထင်ထားသလိုပဲ သူ့ထိုင်ခုံကနေ အလင်းရောင်ဂယက်တွေ ပြန့်ထွက်နေပြီး သူ့ထိုင်ခုံနောက်မှာရှိတဲ့ မျက်ဆံမဲ့ မျက်လုံးနဲ့ ကွေးကောက်နေတဲ့ မျဉ်းကြောင်းတွေ ရောထွေး ဖြစ်ပေါ်နေတဲ့ ထူးဆန်းတဲ့ သင်္ကေတရဲ့ လျှို့ဝှက်ဆန်းကြယ်ရောင်ဝါဟာ အထင်းသား ပေါ်ထွက်နေတာ တွေ့လိုက်ရပါတယ်။
သူဟာ အသက်အရှည်ကြီး ရှူသွင်းပြီး တွေးခေါ်မှုနဲ့ စိတ်တည်ငြိမ်အောင် လုပ်ပါတယ်။ ပြီးတဲ့အခါမှာတော့ လက်ဆန့်ပြီး ထိလိုက်ပါတယ်။
အဲဒီအချိန်မှာပဲ စောစောက သူ ရွတ်ဆိုခဲ့တဲ့ မန္တန်ကို သူ ပြန်ကြားလိုက်ရပါတယ်။ တလိမ့်လိမ့်တက်လာတဲ့ စိတ်ဝိညာဉ်စွမ်းအားနဲ့ အလင်းရောင် ဂယက်တို့ ပေါင်းစပ်ပြီး ဝိုးတိုးဝါးတား တံခါးပေါက် တစ်ပေါက် ဖြစ်သွားတာကိုလည်း တွေ့လိုက်ရပါတယ်။
ပြီးခဲ့တဲ့ တစ်ကြိမ်နဲ့ နှိုင်းယှဉ်ရင် ဒီတစ်ခါ တံခါးက တံခါးတစ်ပေါက်နဲ့ လုံးဝတူပြီး လျှို့ဝှက်ဆန်းကြယ် သင်္ကေတတွေ အပြည့် ရှိနေပါတယ်။
ဒီသင်္ကေတတွေက အရူးထိုင်ခုံနောက်မှာရှိတဲ့ သင်္ကေတနဲ့ အတူတူပါပဲ။ မျက်ဆံမဲ့ မျက်လုံးနဲ့ တစ်ဝက်တစ်ပျက် မျဉ်းကွေးတွေ ပေါင်စပ်ပြီး ဖြစ်ပေါ်နေတဲ့ သင်္ကေတပါ။
အဲဒီနောက် သူဟာ တံခါးကို ကြည့်လိုက်ပြီး အာရုံစူးစိုက်ကာ တံခါးပွင့်သွားအောင် စိတ်ညွှတ်လိုက်ပါတယ်။
ရုတ်တရက်ဆိုသလို ထာဝရ မပြောင်းလဲတဲ့ ဖြူမှိုင်းမှိုင်း မြူခိုးတွေနဲ့ ခမ်းနားထည်ဝါလှတဲ့ နန်းတော်ကြီးဟာ ရေကန်ထဲကို ခဲလုံး ပစ်ချလိုက်သလိုမျိုး ဂယက်ထသွားပါတယ်။ ဒီလှိုင်းဂယက်တွေဟာ ဆင့်ခေါ်တံခါးရှိရာကို ပြန့်ထွက်သွားပါတယ်။
ကျွီခနဲဆိုတဲ့အသံဟာ ရုတ်တရက်ဆိုသလို စူးစူးရှရှ ထွက်ပေါ်လာပြီး လျှို့ဝှက်ဆန်းကြယ်တဲ့ တံခါးဟာ အနည်းငယ် ဟသွားပါတယ်။ ဒီဟသွားတဲ့အပေါက်ကနေ တံခါးနောက်ကွယ်က စကားလုံးနဲ့ ဖော်ပြလို့မရတဲ့ မရေမတွက်နိုင်တဲ့ အကြည်သားရုပ်သွင်တွေ ပြည့်နှက်နေတဲ့ အမှောင်လောကကို သူ ခပ်ရေးရေး တွေ့လိုက်ရပါတယ်။ အဲဒီမှာ အနန္တအသိပညာတွေနဲ့ ပြည့်နှက်နေတဲ့ ရှုမငြီးအောင် တောက်ပတဲ့ အရောင်မျိုးစုံလည်း ရှိနေပါတယ်။
အဲဒီအချိန်မှာ ကလိုင်းဟာ တံခါးနောက်ကွယ်ကနေ တွန်းလှန်ဖို့မဖြစ်နိုင်တဲ့ ဆွဲငင်အားတစ်ခုကို ခံစားလိုက်ရပါတယ်။ ဒီဆွဲငင်အားက အားကောင်းလွန်းတာကြောင့် သူဟာ တံခါးဆီကို ပါသွားပါတယ်။
‘သေစမ်း... ငါ့ကို ရွေးချယ်ခွင့်တောင် မပေးတော့ဘူးလား...’ သူ အထိတ်တလန့် တွေးလိုက်တုန်းမှာပဲ သူ့ခန္ဓာကိုယ်ဟာ ဟနေတဲ့ အပေါက်ကို ဖြတ်ကျော်ပြီး တံခါးနောက်က အမှောင်ထုထဲမှာ ပျောက်ကွယ်သွားပါတယ်။
မူးနောက်ဖို့ကောင်းတဲ့ အော်ဟစ်သံတွေ တဖြည်းဖြည်း တိတ်ဆိတ်သွားတဲ့ နောက်မှာတော့ ကလိုင်းဟာ သတိပြန်ဝင်လာပါတယ်။
သူဟာ သူ့ရှေ့မှာ လူငယ်တစ်ယောက်ကို မြင်လိုက်ရပါတယ်။ အဲဒီလူငယ်လေးက ရှပ်အင်္ကျီဟောင်း တစ်ထည်ကို ဝတ်ဆင်ထားပြီး အနက်ရောင် ဆံပင်၊ အညိုရောင် မျက်လုံးနဲ့ သာမန်မျက်နှာ အသွင်အပြင် ရှိပါတယ်။ ခန္ဓာကိုယ် အချိုးအစားကလည်း သာမန်ပဲရှိပြီး နည်းနည်း ပိန်ပါတယ်။ ဒါပေမဲ့ သူ့ကိုယ်ထည်ကတော့ ခွန်းအားတချို့ကို ကွယ်ဝှက်ထားပုံ ရှိပါတယ်။ သူဟာ ပညာရှင်တစ်ယောက်ရဲ့ အမူအရာမျိုးလည်း ရှိပါတယ်။
‘ဒါက ငါ မဟုတ်ဘူးလား...’ ကလိုင်းဟာ ဒီမြင်ကွင်းကို မထူးဆန်းလှပါဘူး။ သူ မှန်ထဲကို ကြည့်တိုင်း ဒီလိုမြင်ကွင်းမျိုးကို မြင်နေကြပါ။
သူဟာ ခေါင်းညိတ်ပြီး ပတ်ဝန်းကျင်ကို ခြုံငုံကြည့်လိုက်ပါတယ်။ သူဟာ သူ အိပ်နေကျ ခုတင်နဲ့ အဖြူရောင် အိပ်ရာခင်းကို မြင်လိုက်ရပါတယ်။ အဲဒီနောက် သူဆောင်းနေကျ သက္ကလပ်ဦးထုပ်၊ သူဝတ်နေကျ ထက်စီဒိုနဲ့ အနက်ရောင် လေကာအင်္ကျီကိုလည်း အဝတ်စင်မှာ ချိတ်ထားတာ တွေ့လိုက်ရပါတယ်။ စာအုပ်စင်မှာလည်း စာအုပ် အတော်အတန် ရှိနေပြီး သူ့ရဲ့ စားပွဲပေါ်မှာတော့ ဖယောင်းတိုင်တစ်ချောင်းပဲ ရှိနေပါတယ်။ ဖယောင်းတိုင်ရဲ့ မီးလျှံဟာ ဖြူမှိုင်းမှိုင်း တောက်နေပါတယ်။
အခုအချိန်မှာ သူဟာ လက်တဖဝါးစာ မြူမှိုင်းမှိုင်း မြူခိုးစက်ဝိုင်းရှေ့မှာ လေထဲပျံပြီး တည်ရှိနေပါတယ်။
‘အဲဒီတော့ ငါက ငါ့ကိုယ်ငါ တကယ်ကြီး ဆင့်ခေါ်လိုက်တာလား... ဒီခံစားချက်က ဝိညာဉ်လွှင့်တဲ့ ခံစားချက်နဲ့ နည်းနည်း ဆင်တယ်... ဒါပေမဲ့ လုံးဝ တစ်ထပ်တည်းတော့ မဟုတ်ဘူး... နည်းနည်းကွဲတယ်...’ ကလိုင်းဟာ သူ့ရုပ်ခန္ဓာကိုယ်နဲ့ ငေးငိုင်နေတဲ့မျက်လုံးတွေကို ကြည့်ပြီး သေသေချာချာ တွေးတော စဉ်းစားပါတယ်။
ဒါပေမဲ့ နောက်ဆုံးမှာ သူ တစ်ခုကိုတော့ အတည်ပြုလိုက်နိုင်ပါတယ်။ အဲဒါက ဂမ္ဘီရလောကမှာ စိတ်ဝိညာဉ်ခန္ဓာကိုယ်လို့ ခေါ်တဲ့ သူ့ရဲ့ ဝိညာဉ်က မီးခိုးရောင်မြူခိုးလောကဆီ သွားတယ်ဆိုတာပါ။ ပြင်ပအသွင်အပြင်က လိပ်ပြာနဲ့ တူပါတယ်။
‘ငါ မီးခိုးရောင် မြူခိုးထက်က ဆန်းကြယ်လောကမှာ တရားမျှတမှု၊ လူဇောက်ထိုးနဲ့ နေမင်းရဲ့ လိပ်ပြာကို တိုက်ရိုက် မြင်နိုင်ပြီး သူတို့တွေ သာလွန်သူ ဟုတ်မဟုတ် ဆိုတာ အတည်ပြုနိုင်တာ အံ့ဩစရာ မရှိတော့ပါဘူး... ဒီလိုမြင်နိုင်မှတော့ ငါ သူတို့ရဲ့ ဆုံမှတ်ကို ခန့်မှန်းနိုင်တာပေါ့... ငါ့ရဲ့ ရုပ်ခန္ဓာက ကာကွယ်မှု တစ်ခုခုအောက်မှာ ရှိနေပုံပဲ... အစီအရင်ရဲ့ စွမ်းအားကြောင့်နဲ့ တူတယ်... အဲဒါကြောင့် ဒီလိုမျိုး ဟန်ချက်မပျက်ဘဲ တည်တည်ငြိမ်ငြိမ် ရပ်နေနိုင်တာ ဖြစ်မယ်... မစ္စတရားမျှတမှုနဲ့ တခြားလူတွေလည်း ဒီလိုပဲ ထင်တယ်...’
ကလိုင်းဟာ လက်ရှိအခြေအနေကို တဖြည်းဖြည်း ကျင့်သားရသွားပြီး သူ့ရုပ်ခန္ဓာကိုယ်နဲ့ ဝိညာဉ်ရဲ့ အခြေအနေကို စပြီးတော့ စိစစ်သုံးသပ်ပါတယ်။
သူဟာ အကြည့်ကို ပြန်ရုပ်သိမ်းပြီးနောက် အခုအချိန်မှာ ဆန်းကြယ်လောကရဲ့ စွမ်းအားနဲ့ ပေါင်းစပ်နေတဲ့ သူ့ဝိညာဉ်ကို လှုပ်ရှားကြည့်ပါတယ်။
“ဝှစ်...”
အေးစက်တဲ့ လေပြေ စတင် တိုက်ခိုက်လာပြီး အခန်းထဲမှာ လည်ပတ်သွားပါတယ်။ ကလိုင်းဟာ ပျံသန်းတဲ့ ခံစားချက်ကို အရသာခံပြီး အခန်းထဲမှာ ပျော်ပျော်ရွှင်ရွှင် လျှောက်ပျံပါတယ်။
‘ငါ အခု ဒီမြို့ထဲမှာ စာပို့တမန် လုပ်လို့ရတယ်... ရုပ်ဝတ္ထုပစ္စည်းတွေကို ငါ သယ်နိုင်မလား မသိဘူး...’
သူဟာ လျှောက်တွေးနေတာရပ်ပြီး လေထဲမှာ ဝဲပျံကာ သူ့ရဲ့ တခြားအစွမ်းအစတွေကို စပြီးတော့ စမ်းသပ်ပါတယ်။
သူဟာ စာအုပ်စင်က စာအုပ်တစ်အုပ်ကို ကိုင်ကြည့်ပါတယ်။ ဒါပေမဲ့ သူ့လက်က စာအုပ်ကို ဖြတ်သွားပါတယ်။
‘စေးကပ်စေးကပ်နဲ့... လေထဲမှာ လှုပ်ရှားသလိုမျိုး မဟုတ်ဘူး... ငါ စွမ်းအား ပိုကြီးလာပြီး မီးခိုးရောင် မြူခိုးထက်က ဆန်းကြယ်လောကရဲ့ စွမ်းအားကို ပိုပြီးတော့ အသုံးချနိုင်လာရင် ကိုင်နိုင်လောက်တယ်...’
ကလိုင်းဟာ စာရွက်တစ်ရွက်တည်းကို ကိုင်ကြည့်ဖို့ ထပ်ကြိုးစားပေမဲ့ အရာမရောက်ပါဘူး။
ဆယ်စက္ကန့်ကျော် စဉ်းစားချင့်ချိန်ပြီးတဲ့နောက်မှာတော့ သူဟာ အဝတ်စင်ဆီ ပျံသွားပြီး လေကာအင်္ကျီနက်ရဲ့ အိတ်ကပ်ထဲကို နှိုက်လိုက်တဲ့အခါ အိပ်မွေ့ချအဆောင်နဲ့ ဝိညာဉ်တေးအဆောင်ကို သွားထိမိပါတယ်။
ဒီပစ္စည်းတွေက သူ့ရဲ့ စိတ်ဝိညာဉ်စွမ်းအားနဲ့ ပေါင်းစပ်ထားတာမလို့ သာမန်ပစ္စည်းတွေနဲ့ မတူပါဘူး။ အဲဒါကြောင့် သူဟာ ဒီပစ္စည်းတွေကို ကိုင်လို့ရမရ စမ်းကြည့်ချင်ပါတယ်။
သူ့ရဲ့ လက်ဖဝါးဟာ အဆောင်တွေကို ထပ်ပြီးတော့ ဖြတ်ကျော်သွားပါတယ်။ ဒါပေမဲ့ ဒီတစ်ခါမှာတော့ သူဟာ ဒီပစ္စည်းတွေရဲ့ တည်ရှိမှုကို ရှင်းရှင်းလင်းလင်း ခံစားနိုင်ပါတယ်။ စိတ်ဝိညာဉ်စွမ်းအား ရောယှက်သွားတာကိုလည်း ခံစားလိုက်ရပါတယ်။ ဒါပေမဲ့ သူ့မှာ ဒီပစ္စည်းတွေကို ကောက်ယူဖို့ အင်အား မရှိပါဘူး။ သူ့ရဲ့ လက်ရှိအခြေအနေနဲ့ အဆောင်ထဲမှာရှိတဲ့ စိတ်ဝိညာဉ်စွမ်းအားက အားကောင်းတဲ့ လှုံ့ဆော်မှု ဖြစ်ဖို့ မလုံလောက်ပါဘူး။
‘စိတ်ဝိညာဉ်စွမ်းအား လိုသေးတယ်...’ ကလိုင်းဟာ တွေးရင်းနဲ့ တခြားအိတ်ကပ်ထဲ လက်နှိုက်လိုက်ပါတယ်။ ဒီအိတ်ကပ်ထဲမှာက နတ်ဘုရားသွေးဆီက ခိုးထားတဲ့ စွမ်းအားနဲ့ သူ့စိတ်ဝိညာဉ်စွမ်းအား ပေါင်းစပ် စီရင်ထားတဲ့ နေမီးတောက် အဆောင် ရှိနေပါတယ်။
နွေးထွေးတဲ့ ခံစားချက်ဟာ သူ့တစ်ကိုယ်လုံးကို ချက်ချင်း ပျံ့နှံ့သွားပြီး သူ့အသွင်ဟာ ပိုခိုင်မြဲကာ အတွေးတွေလည်း ပိုပြီးတော့ ရှင်းလင်းသွားပါတယ်။
သူဟာ ဒီရွှေထည်ကို အိတ်ကပ်ထဲကနေ ထုတ်ယူလိုက်ပါတယ်။ သူ့အခန်းထဲက မှန်ထဲမှာတော့ နေမီးတောက် အဆောင်ဟာ သရဲပုံပြင်တွေထဲကလို အိတ်ကပ်ထဲကနေ သူ့ဘာသာ ပျံထွက်လာတဲ့ပုံ ပေါ်ပါတယ်။
‘နေမီးတောက်အဆောင်ကို ငါ ကိုင်လို့ရတယ်... ငါ့ရဲ့ စိတ်ဝိညာဉ်စွမ်းအားကို သုံးပြီး အသံ ဖန်တီးလို့လည်း ရတယ်... အဲဒီတော့ ဒီလိုအခြေအနေမှာ... ငါ့ဆီမှာ အစွမ်းတချို့ ရှိသေးတာပဲ’
ကလိုင်းဟာ မှန်ဆီ ပျံသွားပြီး ရှေ့မှာ ရပ်လိုက်ပါတယ်။ သူဟာ မှန်ထဲမှာ ပါးလွှာတဲ့ ရွှေနဲ့လုပ်ထားတဲ့ နေမီးတောက်အဆောင်ကိုပဲ မြင်ရပါတယ်။ အဲဒါကလွဲရင် မှန်ထဲမှာ ပရိဘောဂတွေနဲ့ လိုက်ကာဆွဲထားလို့ မှောင်နေတာကိုပဲ မြင်နိုင်ပါတယ်။
လေးငါးဆယ်စက္ကန့် စဉ်းစားပြီးနောက် သူဟာ နေမီးတောက်အဆောင်ကို ခုတင်ပေါ်တင်ပြီး မှန်ရှေ့ ပြန်သွားပါတယ်။ သူဟာ မှန်ကို ဖြတ်သွားလို့ ရ မရ စမ်းကြည့်ချင်ပါတယ်။
သူ့မြင်ကွင်းတစ်ခုလုံး မည်းမှောင်သွားပါတယ်။ အဲဒီနောက် သူ့ရှုထောင့်တစ်ခုလုံး ရုတ်တရက် ပြောင်းလဲသွားပါတယ်။ သူဟာ အလင်းရောင် ဖျော့ဖျော့ကြောင့် မှန်ထဲမှာ ထင်ဟပ်နေတဲ့ အိပ်ခန်းနဲ့ ပရိဘောဂတွေကို တွေ့မြင်လိုက်ရပါတယ်။ မှောင်မိုက်တဲ့ ထောင့်တစ်နေရာမှာ ပုန်းအောင်းပြီး အခန်းရဲ့ တစ်စိတ်တစ်ပိုင်းကို ချောင်းကြည့်နေရသလိုပါပဲ။
‘ငါ မှန်ကို ဖြတ်သွားလို့ရတယ်... ဒါပေမဲ့ ဒါက လျှို့ဝှက်ဆန်းကြယ်ပြီး ထူးဆန်းတဲ့လောကဆီ ပို့မပေးနိုင်တဲ့ သာမန်ပစ္စည်းတစ်ခုပဲ...’
ကလိုင်းဟာ ခေါင်းညိတ်လိုက်ပြီး ရှေ့ကို ပျံထွက်လိုက်တဲ့အခါ သူ့အခန်းထဲ ပြန်ရောက်သွားပါတယ်။
နေမီးတောက်အဆောင်ကို ကိုင်နိုင်တာက သူ့ကို တော်တော်လေး ယုံကြည်ချက် ရှိသွားစေပါတယ်။ အဲဒါကြောင့် သူဟာ တခြားအရာကို ကိုင်ကြည့်ဖို့ ကြိုးစားပါတယ်။
မစ္စတာအက်ဇစ်ရဲ့ ကြေးခရာ။
သူ ဒီရှေးကျတဲ့ ပစ္စည်းကို ထိလိုက်တယ်ဆိုရင်ပဲ သူ့စိတ်ဝိညာဉ်စွမ်းအားဟာ ပြန့်ထွက်ပြီး အေးခဲသွာပါတယ်။ သူ့ရဲ့ ဝိုးတိုးဝါးတား မျက်လုံးတွေဟာ အနက်ရောင် မီးလျှံတောက်လောင်နေတဲ့ မျက်လုံးတွေ ဖြစ်သွားပါတယ်။
‘ငါ ပိုပြီးတော့ စွမ်းအားကြီးသွားသလိုပဲ... ငါ့ရဲ့ အခုပုံစံက အငြိုးအတေးမရှိတဲ့ တစ္ဆေလိုမျိုးပဲ...’
ကလိုင်းဟာ သူ့ရဲ့ လက်ရှိအသွင်အပြင်ကို စိတ်ထဲမှာ ပြန်ကြည့်လိုက်ပါတယ်။ ဒါက လူရွှင်ရဲ့ အစွမ်းတွေထဲက တစ်ခုပါ။
‘မစ္စတာအက်ဇစ်ရဲ့ ကြေးခရာက တကယ်ကို အံ့ဩဖို့ကောင်းတာပဲ’ သူဟာ ခေါင်းညိတ်လိုက်ပြီး အခုအချိန်မှာ သူက စာရွက်တချို့ကို မ,လို့ရတယ်ဆိုတာ သတိထားမိလိုက်ပါတယ်။ အိပ်မွေ့ချ အဆောင်ကိုလည်း ကိုင်နိုင်သွားပါတယ်။
‘ကံမကောင်းချင်တော့ အစီအရင် ငွေဓားမြှောင်ကိုပဲ ကိုင်နိုင်တယ်... ခြောက်လုံးပြူးက လေးလွန်းတယ်...’
ကလိုင်းဟာ တခြားပစ္စည်းတွေနဲ့ စမ်းသပ်ပြီးနောက် ကောက်ချက် ချလိုက်ပါတယ်။ အဲဒီနောက် သူဟာ လက်ရှိအခြေအနေနဲ့ မန္တန်သုံးလို့ ရလားဆိုတာ စမ်းကြည့်ပါတယ်။
သေသေချာချာ စမ်းသပ်ပြီးတဲ့နောက်မှာတော့ မန္တန်နှစ်ခုကို သုံးလို့ရတယ်ဆိုတာ ရှာတွေ့သွားပါတယ်။ ပထမတစ်ခုက ပစ်မှတ်ရဲ့ ဝိညာဉ်ကို တုန်လှုပ်စေနိုင်တဲ့ သဏ္ဌာန်မဲ့ အော်သံပါ။ ဒုတိယတစ်ခုကတော့ ပစ်မှတ်နဲ့ ထိတွေ့ရင် အေးခဲသလိုမျိုး ဖြစ်သွားစေပါတယ်။
ကလိုင်းဟာ ကျေကျေနပ်နပ်နဲ့ စမ်းသပ်တာ ရပ်လိုက်ပါတယ်။ အဲဒီနောက် သူဟာ ပြတင်းပေါက် အပြင်ဘက်က လိုက်ကာနဲ့ ကွယ်နေတဲ့ နေရောင်ခြည်ကို လှမ်းကြည့်လိုက်ပါတယ်။
‘ငါ ဒီအခြေအနေနဲ့ နေရောင်အောက်မှာ လှုပ်ရှားလို့ ရလား မသိဘူး...’
သူဟာ စိတ်ထဲမှာ ရေရွတ်ရင်း တံခါးဆီ ပျံသွားပါတယ်။
အဲဒီနောက် သူဟာ လိုက်ကာကို ဂရုတစိုက် မ,လိုက်တဲ့အခါ အနည်းငယ် ဟ,သွားပြီး နေရောင်ခြည် အနည်းငယ်ဟာ စိတ်ဝိညာဉ်တံတိုင်းကို ဖြတ်ကျော်ကာ အခန်းထဲ ဝင်လိုက်ပါတယ်။
တောက်ပတဲ့ နေရောင်ခြည်အောက်မှာ ကလိုင်းဟာ သူ့ဝိညာဉ်က အနက်ရောင် အခိုးအငွေ့တွေ ပျံသွားတယ်လို့ ခံစားလိုက်ရပါတယ်။ သူ့စွမ်းအားဟာလည်း ဖြည်းဖြည်းချင်း လျော့ပါးသွားပါတယ်။
အဲဒါကြောင့် သူဟာ လိုက်ကာကို လွှတ်ချပြီး နေရောင်ခြည်ကို ပြန်တားဆီးလိုက်ပါတယ်။
‘မရဘူးဘဲ...’
ကလိုင်းဟာ တစ်ခဏတွေးပြီးနောက် ခုတင်ပေါ်မှာ တင်ထားတဲ့ နေမီးတောက်အဆောင်ဆီ အကြည့်ရောက်သွားပါတယ်။
‘ငါ အနှိုင်းမဲ့တောက်ပတဲ့ နေမင်းရဲ့ သွေးစွမ်းအားနဲ့ ထိတွေ့မိရင်ရော ဒီလိုမျိုးပဲ ဖြစ်မလား မသိဘူး’
သူဟာ ခုတင်ဆီ ပျံသွားပြီး နေမီးတောက် အဆောင်ကို ကိုင်ကြည့်ဖို့ ကြိုးစားပါတယ်။
ဒါပေမဲ့ သူ နေမီးတောက် အဆောင်ကို ထိလိုက်တယ်ဆိုရင်ပဲ နွေးထွေး သန့်စင်တဲ့ ခံစားချက်က သူ့ရဲ့ အေးစက်တဲ့ စိတ်ဝိညာဉ်စွမ်းအားနဲ့ လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေပါတယ်။ မီးနဲ့ရေလိုပါပဲ။
“ရှဲ...”
အပူလောင်ခံရတာကြောင့် သူဟာ နေမီးတောက် အဆောင်ကို ချက်ချင်း လွှတ်ချလိုက်ပါတယ်။
‘ငါ့ဝိညာဉ်ထဲမှာ မစ္စတာအက်ဇစ်ရဲ့ ကြေးခရာ စွမ်းအားနဲ့ နေမီးတောက် အဆောင်စွမ်းအားက တစ်ချိန်တည်းမှာ တစ်ပြိုင်တည်း မတည်ရှိနိုင်ဘူးဘဲ’
ကလိုင်းဟာ အကျိုးအကြောင်းကို နားလည်သွားတာကြောင့် ကြေးခရာကို အောက်ချလိုက်ပါတယ်။ အဲဒီအခါမှာ သူ့စိတ်ဝိညာဉ်စွမ်းအားဟာ ကျုံ့သွားပြီး သူ့မျက်လုံးထဲက အနက်ရောင် မီးလျှံတွေလည်း ငြိမ်းသွားပါတယ်။
‘ဒီအခြေအနေမှာ ငါသုံးနိုင်တဲ့ မန္တန်နှစ်ခုစလုံး အားပျော့သွားတယ်...’ နောက်တစ်ကြိမ် စမ်းသပ်ပြီးတဲ့နောက် ကလိုင်းဟာ နေမီးတောက်အဆောင်ကို ကိုင်လိုက်ပါတယ်။ အဲဒီအခါမှာ သူ့စိတ်ဝိညာဉ် ခန္ဓာကိုယ်ဟာ ခိုင်မြဲပြီး နွေးထွေး သန့်စင်တဲ့ ခံစားချက်ကို ထပ်ရလိုက်ပါတယ်။
သူဟာ တံခါးဆီ ပြန်သွားပြီး သတိကြီးကြီးနဲ့ လိုက်ကာကို ဖြတ်ကျော်လိုက်ပါတယ်။
ဒီတစ်ခါမှာတော့ သူဟာ နေရောင်ခြည်ရဲ့ နွေးထွေးမှုကိုပဲ ခံစားရပြီး ဘာထိခိုက်မှုမှ မဖြစ်ပါဘူး။
‘မဆိုးဘူး...’ ကလိုင်းဟာ ပြုံးလိုက်ပါတယ်။ သူဟာ စမ်းသပ်မှုတွေ ထပ်လုပ်ချင်တဲ့အတွက် သတိကြီးကြီးနဲ့ စိတ်ဝိညာဉ်တံတိုင်းကို ဖြတ်ကျော်ပြီး အိမ်အပြင်ဘက် ပျံထွက်လိုက်ပါတယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။