ဝိညာဉ်နဲ့ လျှောက်သွားခြင်း
Vol. 19 Ch. 182
စက်တင်ဘာလဆန်းမှာ ထင်းဂန်မြို့ရဲ့ ရာသီဥတုက နေသာထိုင်သာရှိတဲ့ အေးမြမှုကနေ ခိုက်ခိုက်တုန်အောင် ချမ်းအေးသွားပါတယ်။ သို့ပေမဲ့ နေ့လည်းခင်းမှာ သုံးလေးနာရီ ရတဲ့ နေရောင်ခြည်က နွေးထွေးနေတုန်းပါ။
ကလိုင်းဟာ စိတ်ဝိညာဉ်တံတိုင်းနဲ့ ပြတင်းပေါက်ကို ဖြတ်ကျော်လိုက်ပါတယ်။ သူဟာ လေထဲမှာ ဝဲပျံပြီး ဒက်ဖဒိုလမ်းထဲမှာ ပျားပန်းခပ်မျှ သွားလာလှုပ်ရှားနေကြတဲ့ လူတွေနဲ့ မြင်းလှည်းတွေကို အပေါ်စီးကနေ ငုံ့ကြည့်လိုက်ပါတယ်။
အဲဒီအချိန်မှာပဲ မီးခိုးရောင် အလုပ်သမားဝတ်စုံနဲ့ လူတစ်ယောက်က ရုတ်တရက် ခေါင်းမော့ပြီး သူ့ကို လှမ်းကြည့်ပါတယ်။
ကလိုင်းဟာ လန့်သွားပြီး ပုန်းဖို့ ပြင်ပေမဲ့ အလွယ်တကူ ပုန်းလို့ရတဲ့နေရာ ရှာမတွေ့ပါဘူး။ အဲဒါကြောင့် သူဟာ အိမ်ထဲကို ပြန်ဝင်ဖို့ လုပ်ပါတယ်။ ဒါပေမဲ့ မျက်လုံးထောင့်ကနေ ခုနကလူက ပြတင်းပေါက်ကို တစ်ချက် လှမ်းကြည့်ရုံပဲဆိုတာ တွေ့လိုက်ရပါတယ်။ အဲဒီနောက် အဲဒီလူရဲ့အကြည့်ဟာ ပျံထွက်သွားတဲ့ စာကလေးငှက်ဆီ ရောက်သွားပါတယ်။
ထင်းဂန်မြို့မှာ ငှက်တွေကို ရံဖန်ရံခါ တွေ့ရလေ့ ရှိပါတယ်။
‘ဖူး... ငါ မေ့သွားတယ်... သာမန်လူတွေက ငါ့ကို ဘယ်လိုလုပ်ပြီး မြင်နိုင်မှာလဲ...’ ကလိုင်းဟာ လေပူတစ်ချက် မှုတ်ထုတ်လိုက်ပြီး ဒီအခြေအနေကို အသားမကျသေးဘူးလို့ ခံစားလိုက်ရပါတယ်။
သူ့ကိုယ်သူ ယုံကြည်မှု တိုးလာတဲ့အခါမှာတော့ သူဟာ တဖြည်းဖြည်းချင်း နိမ့်နိမ့်ပျံ့ပြီး အနီးအနားက ကျယ်ကျယ်ဝန်းဝန်းရှိတဲ့ လမ်းတစ်လမ်းဆီသွားကာ လူတွေရဲ့ ခေါင်းအထက်မှာ ရပ်လိုက်ပါတယ်။
လူတွေနဲ့ နီးသွားတဲ့အခါ သူ့အမြင်အာရုံက သူ့ရဲ့ စိတ်ဝိညာဉ်အာရုံနဲ့ အတူတူပဲဆိုတာ သိလိုက်ပါတယ်။ သူ့ဘက်က စိတ်ဝိညာဉ်အာရုံကို ဖွင့်နေစရာမလိုပါဘူး။ ဒါပေမဲ့ အကွာအဝေးက အကန့်အသတ် ရှိပါတယ်။
သူဟာ လူတွေရဲ့ ရောင်ဝါနဲ့ ခံစားချက် အရောင်တွေကလွဲရင် လူတိုင်းရဲ့ ဝိညာဉ်ကိုလည်း ခပ်ရေးရေး ခံစားနိုင်ပါတယ်။ အဲဒီဝိညာဉ်တွေက ဝေဝါးပြီး ဝိုးတိုးဝါးတား နိုင်လှပါတယ်။
‘ဒီအခြေအနေမှာ ငါ လူတစ်ယောက်ရဲ့ ရုပ်ခန္ဓာကိုယ်ကို ကျော်ပြီး သူတို့ရဲ့ ဝိညာဉ်ကို တိုက်ရိုက် တိုက်ခိုက်လို့ ရလောက်တယ်...’ ကလိုင်းဟာ ခေါင်းညိတ်လိုက်ပါတယ်။
သူဟာ ပတ်ချာလည် လျှောက်သွားပြီးနောက် သူ ဘယ်လောက်မြန်မြန် သွားနိုင်လဲ ဆိုတာ စမ်းသပ်ဖို့ လုပ်ပါတယ်။ အဲဒါကြောင့် သူဟာ အစွမ်းကုန်သုံးပြီး သံကြက်ခြေခတ်လမ်းဆီ ပျံသန်းပါတယ်။
သိပ်မကြာခင်မှာပဲ သူ အရင်ကနေခဲ့တဲ့ တိုက်ခန်းဆီ ရောက်သွားပါတယ်။
‘အမြန်လမ်းပေါ်မှာ ကားသွားနှုန်းလောက် ရှိတယ်... စိတ်ဝိညာဉ်လောကထဲ သွားလို့ မရတာ ဆိုးတာပဲ... မဟုတ်ရင် လုံးဝ မိုက်မှာ... ဒါပေမဲ့ ငါ စိတ်ဝိညာဉ်လောကထဲမှာ လမ်းပျောက်သွားရင် အကျိုးဆက်က မတွေးရဲစရာပဲ...’
ကလိုင်းဟာ သူ့ကိုယ်သူ ပြန်သုံးသပ်ပြီးတယ်ဆိုရင်ပဲ စိတ်အားငယ်မှုနဲ့ မှောင်မိုက်မှုကို ခံစားလိုက်ရပါတယ်။ ဒီနေရာမှာ မကောင်းတဲ့ ဖိအားတွေ ရှိနေပါတယ်။
သူဟာ ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်တဲ့အခါ နေရောင်ခြည်ရဲ့ တောက်ပမှုနဲ့ မဖယ်ရှားနိုင်တဲ့ သာမန်လူတွေတောင် မြင်နိုင်တဲ့ မှောင်မိုက်မှုက သံကြက်ခြေခတ်လမ်းကို လွှမ်းခြုံထားတယ်ဆိုတာ ခံစားမိလိုက်ပါတယ်။ ထုံထိုင်းမှု၊ မျှော်လင့်ချက် ကင်းမဲ့မှု၊ နာကျင်မှုနဲ့ တခြားခံစားချက်တွေဟာ ရုပ်လောကမှာ အလွှာလိုက် အထပ်လိုက် တည်ရှိနေပါတယ်။
‘ငါ အမြင်ဆရာ ဖြစ်စတုန်းက ဒီလမ်းမှာ စိတ်ဝိညာဉ်အမြင် သုံးတော့ ကြုံခဲ့ရသလိုပဲ... သံကြက်ခြေခတ်လမ်းနဲ့ အောက်လမ်းက ဒီနေ့ထိအောင် မပြောင်းလဲသေးဘူးဘဲ... ဒီလိုမျိုး ဖိစီးမှုနဲ့ မှောင်မိုက်မှုတွေ ဖြစ်တည်လာအောင် နှစ်ဘယ်လောက်ကြာအောင် စုပုံလာလဲမသိဘူး...’
ကလိုင်းဟာ ဘေးနားပတ်ဝန်းကျင်က အဆောက်အဦးတွေရဲ့ တတိယထပ်အမြင့်ကို ပျံသန်းရင်း အတိတ်ကို ပြန်တွေးကာ သက်ပြင်းချလိုက်ပါတယ်။
နောက်ဆုံးမှာတော့ သူဟာ နေရောင်ခြည်ကို ပြန်မြင်ရပြီး စိတ်အားငယ်မှုတွေ လွှင့်ပါး ပျောက်ကွယ်သွားပါတယ်။
ကလိုင်းဟာ အောက်လမ်းတစ်လျှောက် ပျံသန်းရင်း စုတ်စုတ်ပြတ်ပြတ် အဝတ်အစားတွေနဲ့ ခံစားချက်ကင်းမဲ့တဲ့ အာဟာရချို့တဲ့နေတဲ့ ဆင်းရဲသားတွေကို တွေ့မြင်လိုက်ရပါတယ်။ အစာငတ်ပြတ်တာနဲ့ အာဟာရချို့တဲ့ပြီး ရုတ်တရက် နေမကောင်းထဖြစ်လို့ သဘာဝအတိုင်း သေဆုံးသွားတဲ့ အလောင်းနှစ်လောင်းကိုလည်း မြင်လိုက်ရပါသေးတယ်။
ဒီနေရာမှာ မချိတင်ကဲ ဝေဒနာ ခံစားရပြီး သေဆုံးသွားတဲ့ လူတွေက လတိုင်းလတိုင်း နည်းနည်းနောနော မဟုတ်ပါဘူး။ သို့ပေမဲ့ လူမွဲဖြစ်သွားတဲ့ လယ်သမားတွေနဲ့ တောင်ပိုင်းတိုက်ကလာတဲ့ ကျွန်တွေက သူတို့ရဲ့နေရာကို ခပ်မြန်မြန်ပဲ အစားထိုးသွားပါတယ်။
ကလိုင်းဟာ တိတ်တဆိတ် သက်ပြင်းချရင်း ဦးတည်ရာ ပြောင်းကာ တောင်ဘက်ကို ပျံသန်းပါတယ်။
ဒီနေရာက ထင်းဂန်မြို့ရဲ့ စက်မှုဇုန်ပါ။ သံမဏိလုပ်ငန်းတွေ၊ ခဲစက်ရုံတွေ၊ ကြွေထည်စက်ရုံတွေ၊ ပုံနှိပ်စက်ရုံတွေ၊ သတ္တုစက်ရုံတွေ၊ စက်ပစ္စည်းထုတ်လုပ်တဲ့ စက်ရုံတွေနဲ့ တခြားစက်ရုံမျိုးစုံ တည်ရှိပါတယ်။
ကလိုင်းဟာ ပျံသန်းရင်းနဲ့ မိုးထိအောင် မြင့်မားတဲ့ မီးခိုးခေါင်းတိုင်တွေကို တွေ့လိုက်ရပါတယ်။ လေထဲမှာ ဖုန်မှုန့်တွေ ပြည့်နေပြီး ထူထဲတဲ့ မှောင်မိုက်မှုက အောက်လမ်းထက် နည်းနည်း ပိုကောင်းတဲ့ အခြေအနေမှာပဲ ရှိပါတယ်။
ပင်ပန်းနွမ်းနယ်မှု၊ နာကျင်မှု၊ အဆိုးမြင်မှု၊ ထုံထိုင်းမှု... စတဲ့ ခံစားချက်တွေ စုပြုံနေပါတယ်။ ဒီစက်မှုဇုန်မှာ အသက် ၃၀ အရွယ် အလုပ်သမားက လူနည်းစုလို့ ပြောလို့ရပါတယ်။
ကလိုင်းဟာ အောက်နိမ့်ဆင်းပြီး နီးနီးကပ်ကပ် ကြည့်မလို့ လုပ်တဲ့အခါ ရုတ်တရက် အားနည်းသွားတာကို ခံစားမိလိုက်ပါတယ်။ ဒီအားနည်းမှုက သူ့ကိုယ်တွင်းထဲက လာတာပါ။
‘ငါ့စိတ်ဝိညာဉ်က မခံနိုင်တော့ဘူး...’ ကလိုင်းဟာ နိုးနိုးကြားကြား ဖြစ်သွားပြီး အိမ်ပြန်ဖို့ အလျင်စလို ဖြစ်သွားပါတယ်။ ဒါပေမဲ့ သူဟာ ရုတ်တရက်ဆိုသလို ဖြစ်နိုင်ခြေတစ်ခုကို တွေးမိလိုက်ပါတယ်။
‘ငါက ဆင့်ခေါ်လို့ ထွက်လာတာ... ဒီတော့ ဆင့်ခေါ်တာကို အဆုံးသတ်လိုက်ရင် ပုံမှန်အတိုင်း ပြန်သွားမှာပဲ’
သူဟာ စိတ်ငြိမ်အောင်လုပ်ပြီး ဘေးပတ်ဝန်းကျင်နဲ့ သူ့အခြေအနေကို သေချာ အာရုံခံစားပါတယ်။ အဲဒီအခါမှာ သူနဲ့ ဆက်သွယ်နေတဲ့ အလွန်တရာ အလှမ်းဝေးသလို အလွန်တရာလည်း နီးကပ်လှတဲ့ တစ်စုံတစ်ခုကို ရှာတွေ့သွားပါတယ်။ ဒီဟာက သူနဲ့ အနုစိတ် ချည်နှောင်နေပါတယ်။
ကလိုင်းဟာ နေမီးတောက်အဆောင်ကို သေသေချာချာ ဆုပ်ကိုင်ပြီး ဒီဆက်သွယ်မှုကနေ ဆင့်ခေါ်မှုကို အဆုံးသတ်ဖို့ စိတ်ညွှတ်လိုက်ပါတယ်။
အလွန်တရာကြီးမားပြီး ကြောက်မက်ဖွယ်ကောင်းတဲ့ စုပ်အားတစ်ခုဟာ သူ့ခန္ဓာကိုယ်ကို လွှမ်းခြုံသွားပြီး သူ့ဝိညာဉ်ဟာ အကြည်သား ဖြစ်နေရာကနေ လုံးဝ ပျောက်ကွယ်လုနီး ဖြစ်သွားပါတယ်။ အဲဒီနောက် လျှပ်တစ်ပြက်ဆိုသလို သူ့ဝိညာဉ်ဟာ ရုပ်လောကကနေ ကွယ်ပျောက်သွားပါတယ်။
...
အပြောကျယ်လှတဲ့ မီးခိုးရောင်မြူခိုးလောကမှာ တိတ်ဆိတ်မှုက ထာဝစဉ် ကြီးစိုးနေပါတယ်။ ဝိုးတိုးဝါးတား ကြက်သွေးရောင် ကြယ်ကလေးတွေကလည်း မှိတ်တုတ်မှိတ်တုတ် လင်းလက်နေပါတယ်။
ကလိုင်းဟာ ဘီလူးတွေရဲ့ နေအိမ်နဲ့ တူတဲ့ ခမ်းနားထည်ဝါတဲ့ နန်းတော်ကြီးထဲက ကြေးစားပွဲရှည်ရဲ့ ထိပ်ဆုံးကုလားထိုင်မှာ ထိုင်လျက်သား ပေါ်လာပါတယ်။
‘အကုန်လုံး အဆင်ပြေတယ်... နောက်ပြီး...’ ကလိုင်းဟာ သူ့စိတ်ဝိညာဉ် ခန္ဓာကိုယ်ကို ကြည့်လိုက်တဲ့အခါ နွေးထွေးပြီး ရွှေရောင်နည်းနည်း လက်နေတာကို တွေ့လိုက်ရတဲ့အတွက် ကျေနပ်အံ့အားသင့်သွားပါတယ်။
နေမီးတောက်အဆောင်။
‘ငါ ရုပ်လောကမှာရှိတဲ့ ပစ္စည်းတစ်ခုကို မီးခိုးရောင်မြူခိုးထက်က လောကဆီ တကယ်ကြီး ယူလာနိုင်တာပဲ...’
သူဟာ နေမီးတောက် အဆောင်ကို အပြုံးနဲ့ကိုင်ရင်း ပုံရိပ်ယောင် မဟုတ်ဘူးဆိုတာ အတည်ပြုဖို့အတွက် ကစားကြည့်ပါတယ်။
ကလိုင်းဟာ အားရကျေနပ်တဲ့ ခံစားချက်နဲ့ မတ်တတ်ရပ်လိုက်ပြီး ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်ကာ တစ်ကိုယ်တည်း တွေးတောပါတယ်။
‘ငါ ထင်ထားသလိုပဲ... ဒီဆန်းကြယ်လောကထဲကို ပစ္စည်းတွေ သယ်လို့ရတယ်...’
‘ငါ ဘယ်လို သယ်ရမလဲဆိုတာ နည်းလမ်းရှာဖို့ပဲ လိုတယ်’
‘ဒါပေမဲ့ ဒီနည်းလမ်းက အလုပ် တော်တော် ရှုပ်တယ်... လိုတဲ့နေရာကိုရောက်ဖို့ ငါ အလုပ် တော်တော် လုပ်ဖို့လိုတယ်... နောက်ပြီး အဖွဲ့ဝင်တွေက ငါ့ကို တစ်ချိန်လုံး ဆင့်ခေါ်နိုင်နေရင် ငါ့ရဲ့ အရူးပုံရိပ်ကို ထိခိုက်စေလိမ့်မယ်... အဲဒီတော့ ငါ တစ်ခါတစ်လေမှပဲ ဖြစ်ဖြစ် ငါ ဒီဟာကို ပိုပြီးတော့ နားလည်လာမှာပဲဖြစ်ဖြစ် လုပ်တာ ကောင်းလိမ့်မယ်... အရူးရဲ့ ယုံကြည်လေးစားသူကို ဆင့်ခေါ်တဲ့ မန္တန်ဆိုပြီး လုပ်ရင်လည်း ရတာပဲ... ဒါပေမဲ့ အဲဒီလိုလုပ်ရင် ငါ့ဆီကိုပဲ ဦးတည်လိမ့်မယ်...’
‘ငါက အလုပ်သမား မဟုတ်ဘူး... ဘာဖြစ်လို့ မန္တန်က ငါ့ကိုပဲ ရည်ညွှန်းရမှာလဲ... အဲဒီအချိန်ကျရင် ငါ တမန်ပဲဖြစ်ဖြစ် ဒါမှမဟုတ် ပိုပြီးတော့ ထူးခြားတဲ့ ယုံကြည်လေးစားသူကိုပဲ ဖြစ်ဖြစ် တွေးယူ ဖန်တီးပြီး ဒီပစ္စည်းတွေ ပေးပို့တာ သိမ်းတာကို ကိုင်တွယ်ခိုင်းရမယ်'
ကလိုင်းရဲ့ ခေါင်းထဲမှာ အကြံဉာဏ်သစ်တွေ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာပါတယ်။ ဒါပေမဲ့ သူ့ရဲ့ အကန့်အသတ်ရှိတဲ့ လုပ်နိုင်စွမ်းအားနဲ့ အသိပညာကြောင့် လောလောဆယ်မှာ အကြံဉာဏ်တစ်ခုကိုမှ လက်တွေ့ အကောင်အထည် မဖော်နိုင်ပါဘူး။
သူဟာ ပိုပိုပြီးတော့ အားနည်းလာတဲ့အတွက် မီးခိုးရောင် မြူခိုးထက်က ဆန်းကြယ်လောကမှာ ကြာကြာဆက်မနေရဲပါဘူး။ စိတ်ဝိညာဉ်စွမ်းအားနဲ့ သူ့တစ်ကိုယ်လုံးကို လွှမ်းခြုံပြီး ဆင်းသက်တဲ့ ခံစားချက်ကို လှုံ့ဆော်လိုက်ပါတယ်။
မျက်တောင်တစ်ခတ်အတွင်းမှာပဲ သူဟာ သူ့အိပ်ခန်းဆီ ပြန်ရောက်သွားပါတယ်။ တောက်ပနေတဲ့ နေရောင်ခြည်ဟာ ဟနေတဲ့ လိုက်ကာကြားထဲကနေ အခန်းထဲကို ဖြာကျနေပါတယ်။
သူဟာ သူ့ခန္ဓာကိုယ်ကို စစ်ဆေးပြီး နေမီးတောက်အဆောင်က မီးခိုးရောင် မြူခိုးထက်မှာ ကျန်ခဲ့တယ်ဆိုတာ သေချာအောင် အတည်ပြုပါတယ်။
‘ငါ အနားယူပြီးရင် ညကျမှ ဆင့်ခေါ်တဲ့ အစီအရင်ကို ထပ်လုပ်ရမယ်... နေမီးတောက် အဆောင်ကို လက်တွေ့လောကဆီ ပြန်ယူရမယ်... ဟင်း... ငါ အဲဒီအခြေအနေကို နည်းနည်း ကြာကြာ ထိန်းထားနိုင်ရင် ပိုကောင်းမယ်... အဲဒီလိုဆို ငါ မီးခိုးခေါင်းတိုင်နီနဲ့အိမ်ကို စုံစမ်းလို့ရပြီ... ငါ အဲဒီလို မလုပ်နိုင်သေးတာ နှမြောဖို့ကောင်းလိုက်တာ... အခုအခြေအနေနဲ့ဆို လေးငါးဆယ်အိမ် စုံစမ်းပြီးတာနဲ့ မြူခိုးထက်က ဆန်းကြယ်လောကဆီ ပြန်သွားပြီး နေ့ဝက်လောက် အနားယူရမှာ... ဒီဟာက နှေးလွန်းတယ်’
ကလိုင်းဟာ စားပွဲဆီ လျှောက်သွားပြီး အသံတိတ် လောင်ကျွမ်းနေတဲ့ ဖယောင်းတိုင်ကို ငြှိမ်းသတ်လိုက်ပါတယ်။
ကလိုင်းဟာ သူ့ပစ္စည်းတွေကို ရှင်းလင်းပြီးတာနဲ့ စိတ်ဝိညာဉ်တံတိုင်းကို ချက်ချင်း မဖျက်သေးဘဲ ကုလားထိုင်မှာ ထိုင်ပြီး ဖော့ပင်တစ်ချောင်းနဲ့ စာရွက်တစ်ရွက် ထုတ်ကာ မစ္စတာအက်ဇစ်ဆီ စာတစ်စောင် ရေးပါတယ်။
သူဟာ “လေးစားရပါသော မစ္စတာအက်ဇစ်...” ဆိုတာကို ချရေးပြီးနောက် သုံးလေးမိနစ် စဉ်းစားပြီးမှ စာဆက်ရေးပါတယ်။
“... ကျွန်တော် သတင်းတစ်ခု ရထားတယ်... ပင်လယ်ဓားပြ ဗိုလ်ချုပ်ကြီး ၇ ဦးထဲက နောက်တန်း ဗိုလ်ချုပ်ကြီး ဟာရီကိန်း ခီးလုံဂို့စ်က ဘက်ကလင်ထဲ ဝင်လာတယ်တဲ့... သူ့ဆီမှာ ငဆာမွတ်လို့ခေါ်တဲ့ ဆန်းကြယ်ပစ္စည်းတစ်ခု ရှိတယ်... အဲဒီမှော်ပစ္စည်းက ဆုံမှတ် ၅ သိုးထိန်းလိုမျိုး ဝိညာဉ်တွေကို ဝါးမျိုပြီး သူတို့ရဲ့အစွမ်းကို ရယူနိုင်တယ်... ထိန်းကျောင်းနိုင်တဲ့ ဝိညာဉ်အရေအတွက်က အကန့်အသတ်ရှိပေမဲ့ ဝိညာဉ်တွေကို လဲလို့ရတယ်လို့ ပြောတယ်...”
“... အဲဒီတော့ ခီးလုံဂို့စ်မှာ သာလွန်စွမ်းအားတွေ အများကြီးရှိမဲ့ပုံပဲ... သူ ဘက်ကလင်မှာ ဘာလုပ်ချင်လဲ ဆိုတာကိုတော့ ကျွန်တော် မသိဘူး... ကျွန်တော် ရထားတဲ့ သတင်းအရတော့ သူက တော်တော်လေး အရေးကြီးတဲ့ ပစ္စည်းတစ်ခုနောက်ကို လိုက်နေတာတဲ့... အဲဒီပစ္စည်းက သူ့ကို အဆင့်မြင့် သာလွန်သူတစ်ယောက် ဒါမှမဟုတ် အဆင့်မြင့် သာလွန်သူလိုမျိုး စွမ်းအားကြီးလာအောင် လုပ်ပေးနိုင်တယ်တဲ့...”
ကလိုင်းဟာ သူ့ရဲ့ သတင်းရင်းမြစ်ကို လုပ်ကြံပြောဆိုပြီး ခီးလုံဂို့စ်ရဲ့ အခြေအနေကို ယေဘုယျ ပြောပြာလိုက်ပါတယ်။ ဘာပဲဖြစ်ဖြစ် မစ္စတာအက်ဇစ်က ညသိမ်းငှက် ကပ္ပတိန်ကို ရှာပြီး အတည်ပြုနိုင်တာမှ မဟုတ်တာ။
ကလိုင်းဟာ မစ္စတာအက်ဇစ်ဆီက အကူအညီကို တိုက်ရိုက်ကြီး မတောင်းခံပါဘူး။ အဲဒီအစား အက်ဇစ်ကိုပဲ ပိုပြီးတော့ ဂရုစိုက်ဖို့ ပြောပါတယ်။
မစ္စတာအက်ဇစ်က ကူညီရင်ပဲဖြစ်ဖြစ် မကူညီရင်ပဲဖြစ်ဖြစ် အရင်ဆုံး လမ်းခင်းထားတာက မမှားပါဘူး။ နောက်ကျလို့ သူ အကူအညီတောင်းရင် ဗြုန်းစားကြီး မဖြစ်တော့ဘူးပေါ့။ ကလိုင်းဟာ အသက်ကို ဖြည်းဖြည်းချင်း ရှူထုတ်ပြီး အဓိက အကြောင်းအရာကို ဆက်ရေးပါတယ်။
“ဖြစ်ပျက်ခဲ့သမျှ ကိစ္စတွေရဲ့ နောက်ကွယ်မှာရှိတဲ့ လက်သည် တရားခံက ထပ်ပြီးတော့ မလှုပ်ရှားသေဘူး... အဲဒီတော့ ကျွန်တော်လည်း ဘာသဲလွန်စမှ ရှာမတွေ့သေးဘူး”
“ကျွန်တော် မစ္စတာအက်ဇစ်ဆီ ရုတ်တရက်ကြီး စာရေးလိုက်ရတာက ယဇ်ပူဇော်တဲ့ အစီအရင်တွေနဲ့ ပတ်သက်ပြီး အကူအညီ တောင်းခံချင်လို့ပဲ... ကျွန်တော် လက်တလော တာဝန်ဆောင်ရွက်နေတုန်း အဲဒီလိုဟာမျိုးနဲ့ ကြုံခဲ့ရလို့...”
‘နေမင်း ပြောပြတာနဲ့ မစ္စတာအက်ဇစ်ရဲ့ အဖြေကို ပေါင်းလိုက်ရင် ငါ ယဇ်ပူဇော်တဲ့ အစီအရင်ကို ဖန်တီးနိုင်လောက်တယ်... ဒီအစီအရင်ကို ပြောင်းပြန်လုပ်လိုက်ရင် ငါ ပစ္စည်းတွေ ပေးသနားလို့ ရလောက်တယ်... ဒီလိုဆို ငါ့ကို ဆင့်ခေါ်ပြီး ပစ္စည်းတွေ လဲလှယ်တာထက် ပိုပြီးတော့ အဆင်ပြေလိမ့်မယ်... အင်း... မစ္စတာအက်ဇစ်က ဒါနဲ့ ပတ်သက်တဲ့ အသိပညာတွေကို အမှတ်ရဖို့ မျှော်လင့်ရတာပဲ...’
ကလိုင်းဟာ ခေါင်းအသာညိတ်ပြီးနောက် လက်မှတ်မထိုးဘဲ ဖော့ပင်ကို ချလိုက်ပါတယ်။
‘ကြေးခရာက တစ်ခုပဲ ရှိတာဆိုတော့ မစ္စတာအက်ဇစ်က ဘယ်သူပို့လဲဆိုတာ မမှားလောက်ပါဘူး...’
အဲဒါကြောင့် ကလိုင်းဟာ ဂရုစိုက်တဲ့အနေနဲ့ စာမှာ သူ့နာမည်ကို မရေးတာပါ။
စာရွက်ကို ခေါက်ပြီးနောက် သူဟာ သုံးမီးတာမြင့်တဲ့ မျက်နှာကြက်ကို ကြည့်လိုက်ပါတယ်။ အဲဒီနောက် သူဟာ အိပ်ရာပေါ်က ကြေးခရာကို ကောက်ယူပြီး နည်းနည်း ချီတုံချတုံ ဖြစ်သွားပါတယ်။
‘အင်း... ဒီကောင်ကို ဆောင့်ကြောင့်ထိုင်ပြီး ယူခိုင်းရမှာပဲ...’
ကလိုင်းဟာ စိတ်ထဲမှာ သူ့ဘာသာ ပြောလိုက်ပြီးနောက် ညာလက်ကို မြှောက်ပြီး ကြေးခရာကို ပါးစပ်နား တေ့လိုက်ပါတယ်။ အဲဒီနောက် ပါးကိုဖောင်းပြီး အားကုန် မှုတ်လိုက်ပါတယ်။
ကြေးခရာဆီကနေ ဘာအသံမှ ထွက်မလာပါဘူး။ ဒါပေမဲ့ ကလိုင်းရဲ့ စူးရှတဲ့ အာရုံထဲမှာ ဘေးပတ်ဝန်းကျင်က ရုတ်ခြည်း အေးစက်သွားတာကို သတိထားမိလိုက်ပါတယ်။
သူ စိတ်ဝိညာဉ်အာရုံကို ဖွင့်လိုက်တဲ့အခါ ဝိုးတိုးဝါးတားနိုင်ပေမဲ့ ရွှန်းရွှန်းစိုနေတဲ့ အရိုးဖြူတွေက သူ့စားပွဲကနေ ရေပန်းလိုမျိုး ထိုးထွက်လာတာ တွေ့လိုက်ရပါတယ်။
အရိုးဖြူတွေဟာ ချက်ချင်းစုစည်းပြီး ဝိုးတိုးဝါးတား ဧရာမ မွန်းစတားတစ်ကောင် ဖြစ်သွားပါတယ်။ မွန်းစတားရဲ့ခေါင်းဟာ စိတ်ဝိညာဉ်တံတိုင်းကို ထိုးထွက်ပြီး ဟိုးအပေါ်ကို ရောက်နေပါတယ်။
ကလိုင်းဟာ အရိုးစုရဲ့ ပေါင်နှစ်ချောင်းနဲ့ တွဲလောင်းကျနေတဲ့ လက်တွေကို ကြည့်လိုက်ပါတယ်။ အရိုးစုရဲ့လက်က ဖြန့်ထားတာ တွေ့လိုက်ရတဲ့အတွက် ကလိုင်းဟာ နှုတ်ခမ်းတွန့်သွားပြီး ခေါက်ထားတဲ့ စာကို ပစ်ပေးလိုက်ပါတယ်။
ကြီးမားလှတဲ့ အရိုးလက်ဖဝါးဟာ စာကို အမိဖမ်းလိုက်ပါတယ်။
အဲဒီနောက် ကလိုင်းဟာ ကြေးခရာကို မဆိုင်းမတွ ထပ်မှုတ်လိုက်ပါတယ်။
မွန်းစတားဟာ ရုတ်ခြည်း ပြိုကျသွားပြီး အရိုးတွေအဖြစ် ပြောင်းလဲကာ သူ့စားပွဲပေါ် ကျသွားပါတယ်။ အဲဒီနောက် အောက်ကို နစ်ဝင်ပြီး အစအန ရှာမရအောင် ပျောက်ကွယ်သွားပါတယ်။
လုပ်စရာရှိတာ အကုန်လုံး လုပ်ပြီးသွားတဲ့အခါမှာတော့ ကလိုင်းဟာ စိတ်ဝိညာဉ်တံတိုင်းကို ဖျက်လိုက်ပါတယ်။ ရုတ်တရက် တိုက်ခိုက်လာတဲ့ လေပြေကြားမှာ ကလိုင်းဟာ အဝတ်စင်ဆီသွားပြီး ကြေးခရာကို အရင်နေရာ ပြန်ထားလိုက်ပါတယ်။
အဲဒီနောက် သူဟာ ခုတင်ဆီ ခပ်သွက်သွက် လျှောက်သွားပြီး ခြေပစ်လက်ပစ် လဲလျောင်းလိုက်ပါတယ်။
သူ့ခန္ဓာကိုယ်နဲ့ အိပ်ရာခင်း ထိမိတယ်ဆိုရင်ပဲ ကလိုင်းဟာ ချက်ချင်းကို အိပ်မောကျသွားပါတယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။