← Chapters

စိတ်ဝိညာဉ် ဆက်သွယ်တဲ့ သင်ခန်းစာ

Vol. 19 Ch. 183

စိတ်ဝိညာဉ် ဆက်သွယ်တဲ့ သင်ခန်းစာ

Vol. 19 Ch. 183

ညစာ စားပြီးလို့ စကားစမြည် ပြောဆိုပြီးနောက် ကလိုင်းဟာ ဆိုဖာပေါ်မှာ ကျောခင်းလိုက်ပါတယ်။ သူဟာ မကြာသေးခင်က လာပို့ထားတဲ့ အာဝါ ညနေခင်း သတင်းစာကို ‌ကောက်ယူပြီး အေးအေးလူလူ သတင်းစာ ဖတ်ပါတယ်။

ဘန်ဆင်ကတော့ သူ့ညီမရဲ့ မျက်နှာချင်းဆိုင်မှာ ဆေးခါးသောက်ရတဲ့ မျက်နှာနဲ့ ထိုင်နေပါတယ်။ သူ့ရှေ့မှာတော့ ဗယ်လာ ပြောင်စင်အောင် သုတ်ထားတဲ့ ထမင်းစားပွဲရှိနေပြီး စားပွဲပေါ်မှာတော့ သဒ္ဒါစာအုပ်တွေ၊ ဂန္တဝင်စာပေတွေ၊ စာရင်းပညာ မှတ်စုတွေ၊ တခြားစာအုပ်တွေနဲ့ စာရွက်စာတမ်းတွေ ရှိနေပါတယ်။

မလီဆာရဲ့ ရှေ့မှာတော့ မှတ်စုစာအုပ်တွေနဲ့ ဖော့ပင်၊ ခဲဖျက်၊ ပေတံ၊ ကွန်ပါ အစရှိတဲ့ စာရေးကိရိယာတွေ ရှိနေပါတယ်။

“လွန်ခဲ့တဲ့ ၁၀ နှစ်ကို ပြန်ရောက်သွားသလိုပဲ... အဲဒီတုန်းက ငါ ဘုရားကျောင်းရဲ့ တနင်္ဂနွေကျောင်းမှာ ကျောင်းတက်နေတာ” ဘန်ဆင်ဟာ စောဒက တက်လိုက်ပေမဲ့ ခေါင်းမမော့ဘဲ စာဆက်လေ့လာပါတယ်။

‘မဆိုးဘူး... ဒီမြင်ကွင်းက ငါ့ကို မိဘတစ်ယောက်လိုမျိုး ခံစားရစေတယ်...’

ကလိုင်းဟာ အပြုံးနဲ့ စိတ်ထဲမှာ ပြောလိုက်ပါတယ်။

“အသိပညာက လူတစ်ယောက်ရဲ့ ကံကြမ္မာကို ပြောင်းလဲပေးနိုင်တယ်... လုံ့လဝီရိယရှိရင် ထင်ပေါ် ကျော်ကြားလိမ့်မယ်”

‘နောက်ဆုံးတစ်ပိုင်းက ငါ့ဘာသာ ဖြည့်ပြောတာ... ရစ်ဆဲလ်က ဒီစကားကို ပြောခဲ့ဖူးလား မသိဘူး...’ ကလိုင်းဟာ စိတ်ထဲမှာ သရော်လိုက်ပါတယ်။

အခန်းဟာ ခပ်မြန်မြန် တိတ်ဆိတ်သွားပြီး စာရွက်လှန်သံနဲ့ စာရေးသံပဲ ကြားရပါတော့တယ်။ ဗယ်လာဟာ ပန်းကန်တွေဆေးပြီး မီးဖိုချောင်ကို ရှင်းပြီးလို့ သူမရဲ့ အခန်းကို ပြန်သွားပါပြီ။ ဗယ်လာနေတဲ့အခန်းက မြေညီထပ်မှာရှိတဲ့ ဧည့်သည်ခန်းလေးပါ။ အရင်က ဧည့်သည်အခန်းဆိုပေမဲ့ အခုတော့ သူ့အခန်း ဖြစ်သွားပါပြီ။

ကလိုင်းဟာ သတင်းစာဖတ်လိုက် စီးဘလက် လက်ဖက်ရည်ကို တစ်ကျိုက်မော့လိုက် သူ့မောင်နှမတွေနဲ့ ရံဖန်ရံခါ စကားဝင်ပြောလိုက်နဲ့ အေးအေးလူလူ ဖြစ်နေပါတယ်။

ရုတ်တရက်ဆိုသလို ဧည့်ခန်းနဲ့ ထမင်းစားခန်းထဲက ဓာတ်ငွေ့မီးအိမ်တွေဟာ လောင်စာကုန်သွားသလိုမျိုး တစ်ပြိုင်တည်း မှိတ်သွားပါတယ်။

ဘန်ဆင်နဲ့ မလီဆာဟာ ဘာဖြစ်သွားတာလဲ သိချင်တာကြောင့် မီးအိမ်တွေကို လှမ်းကြည့်ပါတယ်။

ကလိုင်းလည်း မီးအိမ်တွေကို လှမ်းကြည့်ပါတယ်။ အဲဒီအချိန်မှာပဲ တစ်စုံတစ်ခုက သူ့လက်မောင်းကို လာထိတာ ခံစားလိုက်ရပါတယ်။

ဧည့်ခန်းထဲမှာက သူ တစ်ယောက်တည်း ရှိနေတာပါ။ ဒါပေမဲ့ တစ်စုံတစ်ခုက သူ့လက်မောင်းကို လာထိတာကြောင့် ကလိုင်းဟာ အမွေးအမျှင်တွေ ထောင်သွားပါတယ်။ ကလိုင်းဟာ လက်ရုပ်ပြီး ကြည့်လိုက်တဲ့အခါ လျှာထိပ်မှာ လက်ငါးချောင်းပေါက်နေတဲ့ အရာတစ်ခုကို တွေ့လိုက်ရပါတယ်။ ဒီအောက်မှာတော့ မူမမှန်တဲ့ စူးရှတဲ့သွားတွေ ရှိနေပါတယ်။

ကလိုင်းဟာ အိတ်ကပ်ထဲ လက်ရောက်သွားပါတယ်။ အိတ်ကပ်ထဲမှာ အိမ်မွေ့ချအဆောင်နဲ့ ဝိညာဉ်တေးအဆောင်တွေ ရှိနေပါတယ်။ ဒါပေမဲ့ ဒီလက်ချောင်းတွေက သပ်သပ်ရပ်ရပ် ခေါက်ထားတဲ့ စာအိတ်တစ်အိတ်ကို ကိုင်ထားတယ်ဆိုတာ သူ ရိပ်ခနဲ တွေ့လိုက်ပါတယ်။

‘စာပါလား...’

‘စာပို့တမန်ပဲ...’

ကလိုင်းဟာ သက်ပြင်းရှည်ကြီး ချလိုက်ပါတယ်။

အဲဒီအချိန်မှာ ဖြူဖတ်ဖြူရော် လက်ငါးချောင်းက သူ့လက်မောင်းကို ထပ်ပြီးတော့ လာတို့ပါတယ်။

ကလိုင်းဟာ မလီဆာက ဓာတ်ငွေ့မီးအိမ်ကို ထစစ်မလို့လုပ်တာ တွေ့လိုက်ရပါတယ်။ သူဟာ ဘယ်လက်ဆန့်ပြီး စာကို လှမ်းယူလိုက်ပါတယ်။ အဲဒီနောက် လက်ကို အမြန် ပြန်ရုပ်ပြီး စာကို စားပွဲပေါ်က သတင်းစာကြားထဲမှာ ညှပ်လိုက်ပါတယ်။

အဲဒီနောက် သူဟာ ပုံမှန်မဟုတ်တဲ့သွားတွေနဲ့ လက်ငါးချောင်းလျှာရှိတဲ့ စာပို့တမန် ပျောက်ကွယ်သွားတာကို မျက်လုံးထောင့်ကနေ မြင်လိုက်ရပါတယ်။

သူဟာ ဘယ်အံသွားကို နှစ်ချက်ကိုက်ပြီး စိတ်ဝိညာဉ်အာရုံကို အသံတိတ် ဖွင့်လိုက်တဲ့အခါ ပုံမှန်မဟုတ်တဲ့ သေးသွယ်တဲ့ လက်ငါးချောင်းကို ထပ်တွေ့လိုက်ရပြီး ရှည်လျားတဲ့ အနီရောင်လျှာက ကြမ်းပြင်ပေါ်မှာရှိတဲ့ အကြည်သား မျက်နှာထဲ ပြန်ဆုတ်သွားတာ တွေ့လိုက်ရပါတယ်။

တစ်စက္ကန့်အကြာမှာတော့ အကြည်သား မျက်နှာဟာ လုံးဝ ပျောက်ကွယ်သွားပါတယ်။ ဧည့်ခန်းနဲ့ ထမင်းစားခန်းထဲက အလင်းရောင်ဟာလည်း နဂိုအတိုင်း ပြန်လင်းလာပါတယ်။

“ထူးဆန်းတယ်...” မလီဆာဟာ မီးအိမ်တွေကို သေသေချာချာ စစ်ဆေးကြည့်ပြီးနောက် ဘာမှမဖြစ်တာ တွေ့ရတဲ့အတွက် နှုတ်ခမ်းနည်းနည်း စူသွားပါတယ်။

‘ငါတို့အိမ်က မိန်းကလေးက ဘာလို့ ဒီလိုကိစ္စမျိုးတွေ လုပ်ပြီး ယောက်ျားလေးတွေက ဘာဖြစ်လို့ ဘေးကနေ ထိုင်ကြည့်နေရတာလဲ’ ကလိုင်းဟာ ခေါင်းခါလိုက်ပြီး စိတ်ဝိညာဉ်အာရုံကို ပြန်ပိတ်လိုက်ပါတယ်။

စိတ်ဝိညာဉ်တွေက အတွေ့ခံချင်တယ်၊ သူတို့မှာလည်း ဒါနဲ့ဆိုင်တဲ့ အစွမ်းရှိတယ်ဆိုရင် သာမန်လူတွေတောင် သူတို့ကို တွေ့နိုင်ပါတယ်။ ခုနက ဖြစ်ခဲ့တာက ဥပမာပါပဲ။

ဓာတ်ငွေ့မီးအိမ်တွေရဲ့ ပြဿနာကို တစ်အောင့်ကြာအောင် ဆွေးနွေးပြီးနောက် မိုရက်တီ မောင်နှမတစ်သိုက်ဟာ ပြန်ပြီးတော့ တိတ်ဆိတ်သွားပါတယ်။ ဘန်ဆင်နဲ့ မလီဆာဟာ အသိပညာ သမုဒ္ဒရာထဲမှာ ထပ်ပြီးတော့ ကူးခတ်ပါတယ်။

ကလိုင်းဟာ စာကို သတင်းစာနဲ့ကာပြီး လက်တစ်ဖက်နဲ့ ဖွင့်လိုက်ပါတယ်။ သူဟာ စာရွက်ကို သတင်းစာကြားမှာ ထားပြီး ဝိညာဉ်လမ်းပြဒေလီရဲ့ ပြန်စာကို စဖတ်ပါတယ်။

“... ပြောရရင် ငါ နတ်ဝင်သည်ဆိုတဲ့နာမည်ကို ပိုကြိုက်တယ်”

“နင်မေးတာနဲ့ ပတ်သက်ပြီး အဖြေပေးရရင်... ရတယ်... ဝိညာဉ်တွေနဲ့ ဆက်သွယ်တဲ့ အစီအရင်ကို သက်ရှိတွေမှာလည်း သုံးလို့ရတယ်... လူသားတွေတင် မဟုတ်ဘူး”

“ဒါပေမဲ့ ဒီဟာက ကရိကထများပြီး အန္တရာယ်တချို့ ရှိတယ်... လူသေတွေ ချန်ထားခဲ့တဲ့ ဝိညာဉ်က သန့်စင်တယ်... ညစ်ညမ်းမှုတွေ ဝရုန်းသုန်းကား အတွေးတွေ နည်းနည်းပဲ ရှိတယ်... အဲဒီတော့ ငါတို့တွေ သူတို့နဲ့ အတားအဆီးမရှိ ဆက်သွယ်ပြီး အမေးအဖြေ လုပ်လို့ရတယ်... အိပ်မက်ဗေဒင် သုံးပြီးတော့ သူတို့ဆီက ပုံရိပ်တွေကို တိုက်ရိုက်လက်ခံလို့လည်း ရတယ်”

“ဒါပေမဲ့ သက်ရှိလူသားတွေမှာက ဒီလိုလုပ်လို့ မရဘူး... သူတို့မှာ စိတ်ဆန္ဒ ရှိနေသေးတဲ့အတွက် ဝိညာဉ်တွေကြားက အကာအကွယ်မဲ့ ဆက်သွယ်မှုကို ပြန်တိုက်လိမ့်မယ်”

ကလိုင်းဟာ စာကိုဖတ်ရင်း နှုတ်ခမ်းတွန့်သွားပါတယ်။ သူဟာ ဒီစာကို ရေးတဲ့လူက ဒေလီကိုယ်တိုင်ဆိုတာ အတည်ပြုလိုက်ပါတယ်။

‘အကာအကွယ်မဲ့ ဆက်သွယ်မှု... ဒါက သူ စကားပြောတဲ့အတိုင်းပဲ...’

ကလိုင်းဟာ သူ့မောင်နှမတွေကို တစ်ချက် လှမ်းကြည့်ပြီးနောက် စာကို ဆက်ဖတ်ပါတယ်။

“ဒီလိုအခြေအနေမျိုးနဲ့ ကြုံရရင် ငါတို့မှာ နည်းလမ်း နှစ်ခုပဲရှိတယ်... ပထမနည်းလမ်းက ငါတို့ရဲ့ အားကောင်းတဲ့ စိတ်ဝိညာဉ်စွမ်းအားကို သုံးပြီး ဆန်းကြယ်ရှုပ်ထွေးတဲ့ အစီအရင်နဲ့ တစ်ဖက်လူရဲ့ စိတ်ဆန္ဒကို အနိုင်ယူ လွှမ်းမိုးဖို့ပဲ... ဒီနည်းလမ်းက ကြမ်းတမ်းတဲ့ ဆက်သွယ်မှုပဲ... ဒုတိယနည်းလမ်းက ဆေးသုံးပြီး တစ်ဖက်လူကို စိတ်လျှော့သွားအောင်လုပ်တာပဲ... ငါ အသုံးဆုံးကတော့ အမန်သာနဲ့ စိတ်ဝိညာဉ်မျက်လုံးဆေးပဲ... ဟီးဟီး... ဒီဟာကို နင် ကြုံဖူးပါတယ်”

“ဝိညာဉ်ချင်း ချိတ်ဆက်မိတဲ့ အဆင့်ကို ရောက်သွားရင် လူသေတွေ ချန်ထားခဲ့တဲ့ ဝိညာဉ်တွေနဲ့ ဆက်သွယ်နေသလိုမျိုး မဟုတ်ဘဲ နင်ကလည်း စိတ်ဝိညာဉ် အခြေအနေမှာ ရှိနေတာကို သတိထားရမယ်... ရှင်းအောင် ပြောရရင် နင့်ရဲ့ စိတ်ဝိညာဉ်က တစ်ဖက်လူရဲ့ စိတ်ဝိညာဉ်လောကထဲကို ဝင်တာပဲ...”

“မှတ်ထားရမှာ တစ်ခုက... ပရော်ဖက်ရှင်နယ် နတ်ဝင်သည်တစ်ယောက်က ဒီလို အခြေအနေမျိုးမှာ သူတို့ကိုယ်သူတို့ ကာကွယ်နိုင်စွမ်း ရှိတယ်... ဒါပေမဲ့ နင့်မှာ အဲဒီလို ကာကွယ်နိုင်စွမ်း မရှိဘူး... ငါ နင့်ကို ရှင်းပြရင်တောင် ငါ သိတဲ့နည်းလမ်းတွေကို နင် သင်လို့လည်း တတ်မှာမဟုတ်သလို သုံးလည်း သုံးနိုင်မှာ မဟုတ်ဘူး”

“အဲဒါကြောင့် နင် ရှင်းရှင်းလင်းလင်းနဲ့ ကျိုးကြောင်းကျကျ တွေးခေါ်နိုင်တဲ့ အဆင့်တစ်ခုကို ထိန်းသိမ်းထားဖို့ လိုတယ်... ဒီနည်းလမ်းနဲ့ပဲ တစ်ဖက်လူရဲ့ စိတ်ဝိညာဉ်လောကထဲ ဝင်ပြီး သူနဲ့ ဆက်သွယ်မှု မတည်ဆောက်ခင် သူ့ရဲ့ ကျပမ်းအတွေးတွေနဲ့ ဝရုန်းသုန်းကား အတွေးတွေကို ပြန်တိုက်နိုင်လိမ့်မယ်... အဲဒီကို ရောက်သွားရင် နင်က စိတ်နှလုံးသားခန္ဓာကိုယ်နဲ့ ဆက်သွယ်တဲ့ အဆင့်ကို ရောက်သွားပြီ”

“အဲဒီအခြေအနေမှာ နင့်မှာ ရွေးချယ်စရာ နှစ်ခု ရှိတယ်... ပထမတစ်ခုက နည်းလမ်းတစ်ခုခု သုံးပြီး တစ်ဖက်လူရဲ့ မှတ်ဉာဏ်တွေကို အတင်းဖတ်ဖို့ပဲ... ဒါပေမဲ့ ဂရုစိုက်ဖို့တော့ လိုတယ်... ဘာဖြစ်လို့လဲဆိုတော့ နင် ဖတ်တဲ့ဟာတွေက နင် သိချင်တဲ့အရာတွေလားဆိုတာ မသေချာလို့ပဲ... လူတစ်ယောက်ဆီကနေ မှတ်ဉာဏ်အများကြီးကို အတားအဆီးမရှိ လက်ခံလိုက်ရင် နင့်ဝိညာဉ် ပြိုလဲသွားနိုင်တယ်... နောက်ပြီး အဲဒါက တစ်ဖက်လူရဲ့ ဝိညာဉ်ကိုလည်း ပြင်းပြင်းထန်ထန် ထိခိုက်စေလိမ့်မယ်... တစ်ခါတစ်လေမှာ လုံးဝတောင် ဖျက်ဆီးပစ်နိုင်တယ်... နင်က ပရော်ဖက်ရှင်နယ် နတ်ဝင်သည် မဟုတ်ဘူးဆိုရင် ဒီနည်းလမ်းကို သုံးဖို့ ငါ အားမပေးဘူး”

“ဒုတိယနည်းလမ်းက တစ်ဖက်လူရဲ့ စိတ်နှလုံးသား ခန္ဓာကိုယ်နဲ့ ညင်ညင်သာသာ ဆက်သွယ်ဖို့ပဲ... နင် ဘယ်နည်းလမ်းနဲ့ပဲဝင်ဝင် အတင်းပဲဝင်ဝင် ဆေးဝါးပဲသုံးသုံး တစ်ဖက်လူက သေချာပေါက် မိန်းမော တွေဝေနေလိမ့်မယ်... အဲဒီအခြေအနေမှာ သူတို့တွေ မလိမ်နိုင်ဘူး... နင့်လိုပဲ... မဟုတ်ဘူး... နင်က ဘာဖြစ်ခဲ့လဲဆိုတာကို မမှတ်မိတာ... နင် အဲဒါကို မေ့သွားတာ သေချာတယ်...”

‘ဝမ်းနည်းစရာပဲ မဒမ်ဒေလီ... အဲဒီတုန်းက ကျွန်တော် နိုးနေခဲ့တာ...’ ကလိုင်းဟာ စိတ်ထဲမှာ ရယ်လိုက်ပြီး စာလက်ကျန်ကို ဆက်ဖတ်ပါတယ်။

“ဒီလိုဆက်သွယ်မှုမျိုးက အဖြေမှန် ရနိုင်တယ်ဆိုပေမဲ့ အဲဒါတွေ အကုန်လုံးက အမှန်လို့ တထစ်ချ ယူဆလို့ မရဘူး... ငါ ဘာပြောချင်လဲဆိုတာကို နင် နားလည်မှာပဲ... နင် သတင်းစာ ဖတ်ဖူးရင် ဧကရာဇ်ရစ်ဆဲလ်ရဲ့ နာမည်ကျော် ဆိုရိုးစကားတစ်ခုကို ကြားဖူးမှာပါ... ဆိုရိုးစကား အတိအကျကိုတော့ ငါ မမှတ်မိတော့ဘူး... ဆိုလိုရင်းကတော့ လူတစ်ယောက်က အမှန်ပြောရင် ပြောလိမ့်မယ်... ဒါပေမဲ့ သူပြောတဲ့ အမှန်တရားက တကယ့်အမှန်တရားနဲ့ ဘာမှ မသက်ဆိုင်တာလည်း ဖြစ်နိုင်တယ်တဲ့... အတိုချုပ်ပြောရရင် စိတ်ဝိညာဉ်က အကုန်လုံးကို မှတ်မိချင်မှ မှတ်မိလိမ့်မယ်... ဘာဖြစ်လို့လဲဆိုတော့ မှတ်ဉာဏ်အများစုက မသိစိတ်နဲ့ စုပေါင်းသိစိတ်ထဲမှာ ရှိနေတတ်လို့ပဲ... အင်း... ငါ ဒီအကြောင်းကို မပြောသင့်ဘူး... ဒန်းက ဒီဟာတွေကို စိတ်ပညာအဂ္ဂိရတ်သမားတွေရဲ့ မိစ္ဆာသီအိုရီလို့ ခေါ်တယ်”

“အဲဒါကြောင့် နင် ဝိညာဉ်ကို လမ်းညွှန်ပေးနိုင်ပြီး မေးခွန်းမေးတဲ့ နေရာမှာ ကျွမ်းကျင်ဖို့ လိုတယ်... ငါ ပြောတာကို နားလည်တယ်မလား... ဒါနဲ့ သက်ဆိုင်တဲ့ နည်းလမ်းကတော့...”

“ဒါတွေ အကုန်လုံးက သာမန် အခြေအနေအောက်မှာပဲ... ငါတို့တွေ ဂရုစိုက်သင့်တာက ရူးသွားတဲ့ သာလွန်သူရဲ့ ဝိညာဉ်နဲ့ ဆက်သွယ်ဖို့ ကြိုးစားရင်ပဲ...”

“သူနဲ့ ဝိညာဉ်ချင်း ဆက်သွယ်ရင်လည်း အရင်လိုပဲ... စိတ်ကြည်လင်ပြီး ကျိုးကြောင်းကျကျ တွေးခေါ်နိုင်တဲ့ အခြေအနေကို ထိန်းသိမ်းထားဖို့လိုတယ်... လုံးဝ မိန်းမောသွားလို့ မဖြစ်ဘူး... ဘာဖြစ်လို့လဲဆိုတော့ သာလွန်သူတစ်ယောက်က စိတ်ဝိညာဉ်စွမ်းအား သန်မာပြီး သူတို့ရဲ့ စိတ်ဝိညာဉ်က ဝရုန်းသုန်းကား အတွေးတွေနဲ့ ပြည့်နှက်နေလို့ပဲ... ဥပမာတစ်ခုနဲ့ ပြောပြမယ်”

“သာမန်လူတစ်ယောက်ရဲ့ သိစိတ်က ကျွန်းတစ်ကျွန်းဆိုရင် မသိစိတ်က ကျွန်းအောက်မှာရှိတဲ့ ပင်လယ်ပဲ... စုပေါင်းသိစိတ်က ကျွန်းကိုဝိုင်းနေတဲ့ ပင်လယ်ပဲ... ကောင်းကင်ပြင်က စိတ်ဝိညာဉ်လောကပဲ... သာလွန်သူတစ်ယောက်ဆိုရင် သူ့ရဲ့ ကျွန်းမှာ ထိန်းချုပ်မှုအောက်မှာရှိတဲ့ မီးတောက်ရှင် ရှိနေနိုင်တယ်... ရူးနေတဲ့ သာလွန်သူရဲ့ ကျွန်းဆိုရင် အချိန်မရွေး ပေါက်ကွဲထွက်နိုင်တဲ့ မီးတောင် ရှိနေနိုင်တယ်... အဲဒါက အခြေကို ကိုင်လုပ်ပြီး ပင်လယ်ကို ညစ်ညမ်းစေနိုင်တယ်”

“ရူးနေတဲ့လူတစ်ယောက်ရဲ့ စိတ်ဝိညာဉ်နဲ့ အကာအကွယ်မဲ့ ထိတွေ့မိရင် သူ့ရဲ့ ဝရုန်းသုန်းကား အတွေးတွေက နင့်ကိုလည်း ကူးစက်လာနိုင်တယ်... ပင်လယ်ထဲက ညစ်ညမ်းတဲ့ရေတွေ အပြင်ဘက်ကိုစီးပြီး အဝေးကို ပျံ့နှံ့သွားသလိုပေါ့”

“အဲဒီလိုအခြေအနေမျိုးမှာ သူ့ရဲ့ စိတ်ဝိညာဉ်နဲ့ ဆက်သွယ်တာက နင့်ရဲ့ ပင်လယ်ကို သူ့ရဲ့ ပင်လယ်နဲ့ ချိတ်လိုက်တာပဲ... အဲဒါကြောင့် အဲဒီညစ်ညမ်းမှုကို နင် သေချာလေး သတိထားဖို့လိုတယ်”

“ဥပမာတချို့ပြောရရင် နတ်ဝင်သည်တချို့က ဒီလိုကိစ္စမျိုးကို သတိလက်လွတ်နဲ့ အကာအကွယ်မဲ့ လုပ်ခဲ့ဖူးတယ်... အဲဒီနောက်ပိုင်း သူတို့မှာ သူတို့ဆက်သွယ်ခဲ့တဲ့လူရဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ သူတို့ဆီမှာ ပေါ်လာခဲ့တယ်”

“ပုံမှန်အခြေအနေမှာ စိတ်ရောဂါတွေက ကူးစက်မှုမရှိဘူး... ဒါပေမဲ့ ဂမ္ဘီရနယ်ပယ်မှာတော့... စိတ်ဝိညာဉ်ချင်း ဆက်သွယ်မှုကနေ ကူးစက်နိုင်တယ်”

“စိတ်ကြည်လင်ပြီး ကျိုးကြောင်းကျကျ တွေးခေါ်နိုင်စွမ်းကို ထိမ်းသိမ်းတာ... တစ်ဖက်လူရဲ့ ဝရုန်းသုန်းကား အတွေးတွေရဲ့ လွှမ်းမိုးမှုကို မခံတာ... ဒါတွေက နင် သေချာပေါက် ဂရုစိုက်သင့်တဲ့အရာတွေပဲ... အဲဒါတွေပြီးရင်တော့ ရူးနေတဲ့လူနဲ့ ထိထိရောက်ရောက် ဆက်သွယ်နိုင်အောင် ကူညီပေးတဲ့ လမ်းညွှန်မေးခွန်းတွေပဲ...”

“နင် ဒါကို စမ်းကြည့်ချင်ရင် ငြိမ်သက်ဆေးဝါးကို အရင်သုံးဖို့ အကြံပေးချင်တယ်... ဒီဆေးဖော်မြူလာက ထင်းဂန်မြို့ ချန်စီဂိတ်နောက်မှာရှိတယ်... ဖော်စပ်ပြီးသား ဆေးလည်းရှိတယ်... ဒီဆေးက ဖြစ်စဉ်တစ်ခုလုံးမှာ နင့်ကို ကျိုးကြောင်းကျကျ တွေးခေါ်နိုင်အောင် ထိထိရောက်ရောက် ကူညီပေးနိုင်တယ်”

“နင် ဒန်းစမစ်ကို ဘက်ကလင်ကနေ အကူအညီ လှမ်းတောင်းခိုင်းရင်လည်း ရတယ်... ငါလည်း ရူးနေတဲ့ ဆုံမှတ် ၇ စိတ်ရောဂါကု ဆရာဝန်ရဲ့ စိတ်ဝိညာဉ်အခြေအနေကို တော်တော်လေး မြင်ချင်တယ်”

‘စိတ်ကြည်လင်ပြီး ကျိုးကြောင်းကျကျ တွေးခေါ်နိုင်ရမယ်... ဒါ ငါ ကြုံခဲ့ရတာပဲ... ဝိညာဉ် ဆက်သွယ်ခံရတဲ့အချိန်မှာ ငါက စိတ်ကြည်လင်ပြီး ကျိုးကြောင်းကျကျ တွေးခေါ်နိုင်စွမ်းကို ထိန်းသိမ်းထားနိုင်ခဲ့တယ်... ဒီလိုဆိုပေမဲ့ ငါက ယုံကြည်ချက် လွန်ကဲတဲ့လူ မဟုတ်ဘူး... အဲဒီတော့ ငြိမ်သက်ဆေး၊ အမန်သာနဲ့ စိတ်ဝိညာဉ်မျက်လုံး ဆေးတွေကို လျှောက်လွှာတင်ဦးမှာပဲ...’

ကလိုင်းဟာ သက်ပြင်းရှည်ကြီး ချလိုက်ပြီး စမ်းကြည့်ဖို့ စိတ်အား ထက်သန်သွားပါတယ်။

သူဟာ သတင်းစာကိုချပြီး မတ်တတ်ရပ်လိုက်ပါတယ်။ အဲဒီနောက် ရေချိုးခန်းထဲဝင်ပြီး စိတ်ဝိညာဉ်စွမ်းအားနဲ့ စာကို မီးရှို့လိုက်ပါတယ်။ အဲဒီနောက် အိမ်သာခွက်ထဲ ပစ်ချပြီး ရေဆွဲချလိုက်ပါတယ်။

အဲဒီညမှာ ကလိုင်းဟာ သူ့ကိုယ်သူ ဆင့်ခေါ်တဲ့ အစီအရင်ကို ထပ်လုပ်ပြီး နေမီးတောက်အဆောင်ကို မီးခိုးရောင်မြူခိုးထက်ကနေ ရုပ်လောကဆီ ပြန်ယူပါတယ်။

သူဟာ မစ္စတာအက်ဇစ်ဆီကနေ စာမြန်မြန်ပြန်ရဖို့ မျှော်လင့်ထားပေမဲ့ ပြန်စာမရပါဘူး။

‘ကြည့်ရတာ သူ ပြန်တွေးဖို့ အချိန်လိုတယ် ထင်တယ်... ဒါမှမဟုတ် စာပြန်ရေးဖို့ မအားတာလည်း ဖြစ်နိုင်တယ်... ဒါမှမဟုတ် ငါ အိပ်နေတာကို နှောင့်ယှက်မိမှာ စိုးလို့နဲ့တူတယ်...’

ကလိုင်းဟာ တွေးရင်းနဲ့ စိတ်ဝိညာဉ်တံတိုင်းကို ဖျက်ပြီး ခုတင်ဆီ လျှောက်သွားပါတယ်။

နောက်တစ်နေ့၊ အင်္ဂါနေ့၊ မနက်ခင်း။

ကလိုင်းဟာ ဆူးနက် လုံခြုံရေးကုမ္ပဏီထဲဝင်ပြီး ကပ္ပတိန်ရဲ့ ရုံးခန်းတံခါးကို ခေါက်လိုက်ပါတယ်။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters