← Chapters

ချန်စီဂိတ်ရဲ့ နောက်ကွယ်

Vol. 19 Ch. 184

ချန်စီဂိတ်ရဲ့ နောက်ကွယ်

Vol. 19 Ch. 184

“ဝင်လာခဲ့ချည်” ဒန်းစမစ်ရဲ့ နူးညံ့ညင်သာ အေးချမ်းတဲ့ အသံက ရုံးခန်းထဲကနေ ထွက်လာပါတယ်။

ကလိုင်းဟာ တံခါးလက်ကိုင်ဘုကို လှည့်ပြီး ရုံးခန်းထဲ ဝင်လိုက်တဲ့အခါ မနက်စာ စားနေတဲ့ ကပ္ပတိန်ကို တွေ့လိုက်ရပါတယ်။ သူ့ရဲ့ ညာလက်ထဲမှာ အငွေတထောင်းထောင် ထနေတဲ့ ကော်ဖီတစ်ခွက်ကို ကိုင်ထားပြီး သူ့ရှေ့က ပန်းကန်ပြားပေါ်မှာတော့ ပေါင်မုန့်ကင်နဲ့ ဝက်ဆားနယ်ခြောက် ရှိနေပါတယ်။

ဒန်းစမစ်ဟာ ကျန်နေသေးတဲ့ ထောပတ်နဲ့ ပေါင်မုန့်ကင်ကို ပါးစပ်ထဲ ထည့်လိုက်ပါတယ်။ အဲဒီနောက် သူဟာ မျက်နှာချင်းဆိုင်က ကုလားထိုင်ကို ဘာမှမပြောဘဲ ညွှန်ပြပါတယ်။

ကလိုင်းဟာ ကပ္ပတိန် မနက်စာ စားနေတာကို မနှောင့်ယှက်ဘဲ ကုလားထိုင်မှာ အပြုံးနဲ့ ဝင်ထိုင်ကာ စိတ်ရှည်လက်ရှည် စောင့်ပါတယ်။

ဒန်းစမစ်ဟာ ကလိုင်းက အလျင်မလိုတာ တွေ့ရတဲ့အတွက် နောက်မှီထိုင်လိုက်ပြီး ကော်ဖီ တစ်ငုံသောက်ကာ ပါးစပ်ထဲက ပေါင်မုန့်ကင်ကို မျိုချလိုက်ပါတယ်။ အဲဒီနောက် လက်သုတ်ပဝါနဲ့ ပါးစပ်ကို သုတ်လိုက်ပါတယ်။

“ဘာကိစ္စရှိလို့လဲ”

ကလိုင်းဟာ လေးလေးနက်နက် ခေါင်းညိတ်ပြီး ပြောပါတယ်။

“ကျွန်တော် ဒက်တာ ဂျူဒေးရီယန်နဲ့ တွေ့ခဲ့တယ်... သူက စိတ္တဇဆေးရုံက ဆရာဝန်... စိတ်ပညာအဂ္ဂိရတ်သမား အဖွဲ့ဝင်လည်း ဟုတ်တယ်”

သူဟာ စကားပြောရင်းနဲ့ ကပ္ပတိန်ရှေ့က ဖြန့်ထားတဲ့ မဂ္ဂဇင်းကို ဖျတ်ခနဲ ကြည့်မိလိုက်ပါတယ်။

“သူက သတင်းတစ်ခုခု ပေးလို့လား” ဒန်းစမစ်က လက်ပိုက်ပြီး မေးပါတယ်။

ကလိုင်းဟာ လိုတိုရှင်း ပြန်ဖြေပါတယ်။

“ဟွတ်ယူဂျင် မရူးခင်က သူ့ဆီကို မကြာခဏ လာလည်တဲ့လူ ရှိတယ်လို့ ပြောတယ်... အဲဒီလူရဲ့ နာမည်က လာနယ်ဗို့စ်တဲ့”

“လာနယ်ဗို့စ်...” ဒန်းစမစ်ဟာ နားထင်ကို နှိပ်လိုက်ပါတယ် “ဒီနာမည်ကို ငါ ကြားဖူးသလိုပဲ...”

“သူက ပေါင်တစ်သောင်း လိမ်သွားတဲ့ လူလိမ်လေ...” ကလိုင်းက ထောက်ပေးပါတယ်။

ဒန်းစမစ်ဟာ လေးနက်တဲ့ မျက်နှာနဲ့ တစ်ခဏ တွေးပြီးနောက် ဘာမှ မမှတ်မိတဲ့အတွက် ခေါင်းခါပြပါတယ်။

‘ကပ္ပတိန်... ကပ္ပတိန်က ပိုက်ဆံနဲ့ ပတ်သက်လာရင် လုံးဝကို စိတ်မဝင်စားဘူးပဲ’ ကလိုင်းဟာ စိတ်ထဲမှာ သရော်လိုက်ပြီးနောက် လာနယ်ဗို့စ်ဇာတ်လမ်းကို ပြောပြပါတယ်။

“အဲဒီလူလိမ်က သံတွင်း ဝယ်ထားတယ်လို့ ပြောပြီး ထင်းဂန်မြို့သူမြို့သားတွေဆီက ပေါင်တစ်သောင်းကျော် လိမ်သွားတယ်... ကျွန်တော် ဗေဒင်ကလပ်ကနေ သိရတဲ့ လူတစ်ယောက်လည်း အလိမ်ခံရတဲ့ထဲမှာ ပါတယ်... နောက်ပြီး အမျိုးသမီးငယ်လေး တစ်ယောက်က ဒီလူလိမ်နဲ့ စေ့စပ်ထားပြီး အခု သူ့ကလေးကို လွယ်ထားရတယ်”

“သူက ဟွတ်ယူဂျင် မရူးခင်တုန်းက လေးငါးခေါက် သွားလည်ခဲ့ဖူးတယ်”

ဒန်းစမစ်က တွေးပြီး ပြောပါတယ် “ဓားပြလမ်းကြောင်းက ဆုံမှတ် ၈ လူလိမ်လား...”

‘ကပ္ပတိန်... ကပ္ပတိန်က ဒီလိုနေရာမှာကျတော့ မှတ်ဉာဏ်ကောင်းသားပဲ...’

ကလိုင်းဟာ ရယ်စရာကောင်းတယ်လို့ ခံစားလိုက်ရပါတယ်။ အဲဒီနောက် သူဟာ ခေါင်းအသာညိတ်ပြီး...။

“ကျွန်တော်လည်း အဲဒီလို ထင်တာပဲ”

“လာနယ်ဗို့စ် ထောင်ထားတဲ့ ကုမ္ပဏီက တောင်ပိုင်းမှာရှိပြီး အလိမ်ခံရတဲ့သူတွေက ကိုးကွယ်ယုံကြည်မှု မတူတော့ ဒီအမှုက နောက်ဆုံးမှာ ကျွန်တော်တို့လက်ထဲ ရောက်မလာခဲ့ဘူး... သာလွန်သူ ပါဝင်ပတ်သက်မှု ရှိတယ်လို့ သက်သေရှိရင်တောင် နောက်ဆုံး ဒဏ်ခတ်သမားတွေဆီ ရောက်သွားမှာပဲ”

နောက်ဆုံးမှာတော့ ဒန်းစမစ်ဟာ အကျိုးအကြောင်း အကောင်းအဆိုးကို နားလည်သွားပါတယ်။ သူဟာ မီးခိုးရောင်မျက်လုံးတွေနဲ့ ကလိုင်းကို ကြည့်ပြီး...။

“မင်းက ဘာလုပ်ချင်လို့လဲ”

‘အဟွတ်... ကပ္ပတိန်... ဒီလို တဲ့တိုးကြီး မမေးလို့ မရဘူးလား...’

ကလိုင်းဟာ လေးနက်တဲ့ မျက်နှာနဲ့ ပြန်ဖြေပါတယ်။

“ကျွန်တော် ဝိညာဉ်ဆက်သွယ်တဲ့ အစီအရင်သုံးပြီး ဟွတ်ယူဂျင်နဲ့ စကားပြောချင်တယ်... သူ့ဆီကို လာနယ်ဗို့စ် ဘာလို့ လာလည်လဲဆိုတာ သိရအောင်လို့... နောက်ပြီး အဲဒီကိစ္စက သူရူးသွားတာနဲ့ တိုက်ရိုက်ပတ်သက်နေလား ဆိုတာလည်း သိချင်တယ်”

ဒန်းစမစ်ဟာ ခေါင်းအသာညိတ်လိုက်ပြီး...။

“မင်း မပြောရင်တောင် ဟွတ်ယူဂျင် ရူးသွားတာ သေချာရင် ငါတို့တွေ ဒီလိုမျိုး အလားတူ စမ်းသပ်မှုတစ်ခု လုပ်မှာပဲ”

“ဒါပေမဲ့ ဒီကိစ္စက အန္တရာယ်များတယ်လို့ ဒေလီက ပြောတယ်... မင်း ယုံကြည်ချက် ရှိရဲ့လား... ငါ ဘက်ကလင်ကနေ အကူအညီတောင်းလို့ ရတယ်... သုံးလေးရက်စောင့်လို့ ဘာမှမဖြစ်ပါဘူး”

ကလိုင်းရဲ့ သာလွန်သူ ဖြစ်လာရခြင်း အဓိက ရည်ရွယ်ချက်က ဂမ္ဘီရပညာကို လေ့လာပြီး အိမ်ပြန်နိုင်တဲ့ နည်းလမ်း ရှာဖို့ပါ။ ဒါက လက်တွေ့ လေ့ကျင့်ဖို့ အခွင့်အရေး ဖြစ်ပြီး သူ့မှာလည်း ယုံကြည်ချက် လုံလုံလောက်လောက် ရှိတဲ့အတွက် ကလိုင်းဟာ ဒီအခွင့်အရေးကို လက်မလွှတ်ချင်ပါဘူး။

“ကပ္ပတိန်... ကျွန်တော် ဒီနယ်ပယ်က အသိပညာတွေကို ပိုင်နေပြီ... ဒီကိစ္စကိုလည်း ယုံကြည်ချက် ရှိပါတယ်”

“ဒီလိုဆိုပေမဲ့ ကျွန်တော် ပစ္စည်းတချို့တော့ လိုတယ်... ဥပမာ အမန်သာ၊ စိတ်ဝိညာဉ်မျက်လုံးနဲ့ ငြိမ်သက်ဆေးတို့လိုမျိုးပေါ့”

“ငြိမ်သက်ဆေး...” ဒန်းစမစ်ဟာ ဒီနာမည်ကို ရေရွတ် စဉ်းစားရင်း ကလိုင်းရဲ့ ကျွမ်းကျင်မှုကို စိတ်ချသွားပါတယ်။

သူဟာ ငြိမ်သက်ဆေးက ဝိညာဉ်ဆက်သွယ်တဲ့ နေရာမှာ တော်တော်လေး အသုံးဝင်တဲ့ ဆေးရည်တစ်မျိုးလို့ ဒေလီ ပြောထားတာကို မှတ်မိနေပါသေးတယ်။

ဒန်းစမစ်ဟာ စက္ကန့်နှစ်ဆယ်နီးပါး ချင့်ချိန် စဉ်းစားပြီးနောက် ကုလားထိုင်မှာ မှီထိုင်လိုက်ပါတယ်။ အဲဒီနောက်...။

“တောင်းခံလွှာ သွားဖြည့်ချည်... ပြီးရင် မင်း လိုအပ်တာကို ချန်စီဂိတ်နောက်မှာ သွားယူချည်... အင်း... အဲဒီမှာ ဖော်စပ်ပြီးသားတောင် ရှိရဲ့လား မသိဘူး... မရှိရင် လိုအပ်တဲ့ ပါဝင်ပစ္စည်းတွေ ယူပြီး မင်းဘာသာ ဖော်စပ်ချည်”

“ဟုတ်ကဲ့” ကလိုင်းဟာ ပျော်ပျော်ရွှင်ရွှင် ပြန်ပြောလိုက်ပါတယ်။

ဒန်းစမစ်ဟာ နားထင်ကို နှိပ်ပြီး သေချာတွေးကာ ပြောပါတယ်။

“ဒီညနေက ငါ စိတ္တဇဆေးရုံကို စောင့်ကြည့်ရမဲ့အလှည့်... ငါတို့တွေ ဟွတ်ယူဂျင်ဆီကို တိုက်ရိုက်သွားလည်လို့ မရဘူး... စိတ်ပညာ အဂ္ဂိရတ်သမားတွေက ဆရာဝန်တွေ သူနာပြုတွေ အစောင့်တွေ ဒါမှမဟုတ် လူနာတွေလိုမျိုး ရုပ်ဖျက် မထားဘူးလို့ ဘယ်သူမှ မပြောနိုင်ဘူး... သူတို့တွေက ဟွတ်ယူဂျင်ကို စောင့်ကြည့်ကောင်း စောင့်ကြည့်နေနိုင်တယ်... အဲဒီတော့ ငါတို့တွေ လျှို့ဝှက် လှုပ်ရှားရလိမ့်မယ်... ဒက်တာဂျူဒေးရီယန်က ငါတို့ရဲ့ သတင်းပေးဆိုတာ ပေါ်သွားလို့ မဖြစ်ဘူး”

“...ငါတို့တွေ အရုဏ်တက်ခါနီးမှ ခိုးဝင်ကြတာပေါ့”

“မင်း အစီအရင်လုပ်နေတုန်းမှာ ဘာမတော်တဆမှုမှ မဖြစ်အောင် ငါ ဘေးကနေ စောင့်ပေးမယ်”

‘အဲဒါ အကောင်းဆုံးပဲ... ဟွတ်ယူဂျင်က ရူးချင်ယောင် ဆောင်နေတာဆိုရင် ငါ သူ့ကို ဝိညာဉ်နဲ့ ဆက်သွယ်တာက ကျားရှေ့မှောက်လျက်လဲသလိုပဲ..’ ကလိုင်းဟာ ရင်ထဲကနေ ကျေးဇူးတင်သွားပါတယ်။

“ဟုတ်ကဲ့ပါ ကပ္ပတိန်”

သူဟာ မတ်တတ်ရပ်ပြီး တံခါးဆီ လျှောက်သွားပါတယ်။

အဲဒီအချိန်မှာပဲ မျက်လုံးထောင့်ကနေ ကပ္ပတိန်ဖတ်နေတဲ့ ဆောင်းပါးခေါင်းစဉ်ကို မြင်သွားပါတယ်။

“တောင်ပိုင်းတိုက် မိုးသစ်တောထဲက ဒေါ့နင်စမန် သစ်ပင်အစေးက ဆံပင် ပြန်ပေါက်စေတဲ့နေရာမှာ အများကြီး ကူညီပေးနိုင်တယ်”

ကလိုင်းဟာ အကြည့်ကို ပြန်ရုပ်ပြီး တံခါးဖွင့်ကာ ကပ္ပတိန်ရဲ့ ရုံးခန်းထဲကနေ ထွက်လိုက်ပါတယ်။

ရုတ်တရက်ဆိုသလို သူ့ခေါင်းထဲကို ရယ်စရာ အတွေးတစ်ခု လျှပ်တစ်ပြက် ဝင်လာပါတယ်။

‘တကယ်တော့ သာလွန်သူတွေက ဒီလောက်ထိ အလုပ်ရှုပ်ခံစရာ မလိုပါဘူး... လူအိုကြီးနီးလ်သာ ရှိနေသေးရင် ဆံပင် ပြန်ပေါက်စေနိုင်တဲ့ အစီအရင်တစ်ခုကို ဒီဇိုင်းဆွဲနိုင်တယ်... ပြီးရင် သူက အရှင်မဆီမှာ ဆုတောင်းလိမ့်မယ်... ဆံပင်ပဲ ပြန်ပေါက်မလား... အမွှေးထူမျောက်ပဲ ဖြစ်သွားမလားတော့ မပြောတက်ဘူး... အရှင်မက ဘယ်လို့ တုံ့ပြန်မလဲတော့ မသိဘူး... ငါသာဆိုရင်တော့ ခွေးမသားလို့ ဆဲမိမှာပဲ...’

ဒီအတွေးက ရုတ်တရက်ဆိုသလို ကလိုင်းရဲ့ ပျော်ရွှင်မှုကို ဝမ်းနည်းမှု စွန်းထင်းသွားစေပါတယ်။ ဒါပေမဲ့ ဒီဝမ်းနည်းမှုထဲမှာ ပျော်ရွှင်မြူးထူးမှု အငွေ့အသက်လည်း ပါဝင်နေပါတယ်။

သူဟာ စာရေးရုံးခန်းထဲဝင်ပြီး အက်ကာဆင် မော်ဒယ် ၁၃၄၆ စာရိုက်စက်ရှေ့မှာ ထိုင်ကာ သူ့လျှောက်လွှာကို စာစီပါတယ်။

ဒန်းစမစ်က လျှောက်လွှာကို တံဆိပ်ရိုက် လက်မှတ်ထိုးပြီးတဲ့နောက်မှာတော့ သူဟာ ဓာတ်ငွေ့မီးအိမ်တွေရဲ့ အလင်းရောင်နဲ့ လင်းနေတဲ့ ဥမင်လှေကားကနေ မြေအောက်ထပ်ဆင်းပြီး ချန်စီဂိတ်ဆီ လျှောက်သွားပါတယ်။

အဲဒီအချိန်ကျမှပဲ ကလိုင်းဟာ တစ်စုံတစ်ခုကို တွေးမိလိုက်ပါတယ်။ အဲဒါက သူ လျှို့ဝှက်ဆန်းကြယ်တဲ့ ချန်စီဂိတ်ရဲ့ နောက်ကွယ်ကို သွားတာ ပထမဆုံးအကြိမ် ဆိုတာကိုပါ။

‘ဘယ်လိုပုံစံမျိုးရှိမလဲ မသိဘူး...’ သူဟာ မျှော်လင့်ချက်နဲ့ ခြေလှမ်း ခပ်သွက်သွက်လျှောက်ပြီး အနက်ရောင်ဂိတ်တံခါးရှေ့ကို ရောက်သွားပါတယ်။

သူဟာ ပထမဆုံး တာဝန်ကျနေတဲ့ စီကာထရွန်ဆီမှာ မှတ်တမ်းတင်ပါတယ်။ ပြီးတဲ့အခါမှာတော့ သူ့လက်မှတ်ပါ ရေးထိုးထားတဲ့ လျှောက်လွှာကို ပြန်ယူပြီး ချန်စီဂိတ်တံခါးကို ခေါက်ကာ ဘယ်လောက် ဟာလာဟင်းလင်းဖြစ်ပြီး ပဲ့တင်သံက ဘယ်လောက်ဝေးလဲ ဆိုတာကို အာရုံခံကြည့်ပါတယ်။

သူဟာ တံခါးနောက်ကွယ်ကနေ ခြေသံတစ်စက်မှ မကြားရပါဘူး။ ဒါပေမဲ့ မိနစ်ဝက်အတွင်းမှာပဲ အမှောင်ထုတံဆိပ်တော် ခုနစ်ပါးနဲ့ ဂိတ်တံခါးဟာ ကျွီခနဲ ပွင့်သွားပါတယ်။

ချန်စီဂိတ်ဟာ လူတစ်ယောက် ဝင်နိုင်ရုံ ပွင့်သွားပြီး ရပ်သွားပါတယ်။ ကလိုင်းလည်း စင်္ကြံရဲ့ တစ်ဖက်တစ်ချပ်မှာ ထွန်းထားတဲ့ ဓာတ်ငွေ့မီးအိမ်တွေရဲ့ အလင်းရောင် အကူအညီနဲ့ အထဲကို ဝင်လိုက်ပါတယ်။

ချန်စီဂိတ်ရဲ့နောက်မှာ ပါးရေတွေ တွန့်ပြီး ဆံပင်ပါးပါးရှိတဲ့ အဘိုးအိုတစ်ယောက် ရှိနေပါတယ်။ သူဟာ ဂန္တဝင် ဝက်ရုံနက်ကို ဝင်ဆင်ထားပြီး မီးအိမ်တစ်လုံးကို ကိုင်ထားပါတယ်။

ခပ်ဖျော့ဖျော့ ဖယောင်းတိုင် အလင်းရောင်ဟာ မှန်သားကို ဖြတ်သန်းပြီး အဘိုးအိုရဲ့ ခံစားချက်ကင်းမဲ့တဲ့ မျက်နှာကို ထင်ဟပ်နေပါတယ်။ အဘိုးအိုရဲ့ အပြာရောင်ဖျော့ဖျော့ မျက်လုံးတွေဟာ နှစ်ပေါင်းတစ်ထောင်ကျော် အေးခဲနေတဲ့ ရေခဲကျောက်ဆောင်တွေလိုပါပဲ။

“စာရွက်” အဘိုးအိုက အက်ကွဲသံနဲ့ ပြောပါတယ်။

ကလိုင်းဟာ ဒီအဘိုးအိုက အရင်က မြင်ဖူးပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီအဘိုးအိုက နေဝင်ရီတရော အချိန်ရောက်ရင် ချန်စီဂိတ်နောက်ကနေ သူ့လုပ်ဖော်ကိုင်ဖက်တွေနဲ့ ထွက်လာပြီး အစောင့်ခန်းကို ဖြတ်ကာ စင်္ကြံလမ်းကနေ သူတောင်စင် ဆယ်လီနာ ဘုရားရှိခိုးကျောင်းဆီ ပြန်လို့ပါပဲ။

သူတို့တွေက အသက်အရွယ် ကြီးရင့်လာလို့ ချန်စီဂိတ်နောက်မှာ စောင့်ကြပ်ဖို့ ကိုယ့်ဆန္ဒအရ ရွေးချယ်ခဲ့ကြတဲ့ စေတနာ့ဝန်ထမ်းတွေပါ။

ကလိုင်း သိသလောက်ဆိုရင် ချန်စီဂိတ်နောက်မှာ စောင့်ကြပ်တဲ့လူ ငါးယောက် ရှိပါတယ်။

“ဒါက ကျွန်တော်ရဲ့ လျှောက်လွှာပါ” ကလိုင်းဟာ သူ့လက်ထဲက စာရွက်ကို သူ့ရှေ့က အဘိုးအိုဆီ ကမ်းလိုက်ပါတယ်။

အပြာရောင်ဖျော့ဖျော့ မျက်လုံးရှိတဲ့ အဘိုးအိုဟာ မီးအိမ်ကိုမြှောက်ပြီး တောင်းဆိုလွှာကို သေချာကြည့်ပါတယ်။ အမှားမရှိဘူးဆိုတာ သေချာမှ သူဟာ ကလိုင်း ဖြတ်သွားနိုင်အောင် လမ်းဖယ်ပေးပါတယ်။

ကလိုင်းဟာ ချန်စီဂိတ်အတွင်းကို တစ်လှမ်းချင်း ဝင်သွားပါတယ်။ သူဟာ ဘေးဘီဝန်းကျင်ကို သေချာ မကြည့်ရသေးခင်မှာဘဲ စကားလုံးနဲ့ ဖော်ပြလို့မရတဲ့ အေးစက်မှုတစ်မျိုးကို ခံစားလိုက်ရပါတယ်။

ဒီအေးစက်မှုက ဆောင်းရာသီရဲ့ အေးစက်မှုမျိုး မဟုတ်ပါဘူး။ လူသားတစ်ယောက်ရဲ့ စိတ်ဝိညာဉ်ကို ခိုက်ခိုက်တုန်စေတဲ့ အေးစက်မှုမျိုးပါ။

ကလိုင်းဟာ ခေါင်းမော့ပြီး အဝေးကို လှမ်းကြည့်လိုက်တဲ့အခါ နံရံပေါ်မှာ ဖယောင်းတိုင်တွေ စီတန်း ထွန်းထားတာ တွေ့လိုက်ရပါတယ်။ ဒီဖယောင်းတိုင်တွေဟာ ငွေဖယောင်းတိုင်တွေဖြစ်ပြီး သူတို့ပေါ်မှာ တစ်စုံတစ်ရာကို ထွင်းထားပါတယ်။ ဒီဖယောင်းတိုင်တွေက တောက်လောင်နေတဲ့ မီးလျှံဟာ အပြာရောင်လဲ့နေပြီး မှိတ်တုတ်မှိတ်တုတ် ဖြစ်မနေပါဘူး။

“ကျွီ...”

အစောင့်ဟာ ချန်စီဂိတ်ကို ပြန်ပိတ်လိုက်တဲ့အတွက် ပတ်ဝန်းကျင်ဟာ အလွန်တရာကိုမှ တိတ်ဆိတ် ငြိမ်သက်သွားပါတယ်။

ကလိုင်းရဲ့ ရှေ့မှာ ရှေးဟောင်း ကျောက်ပြားတွေ ခင်းထားတဲ့ စင်္ကြံလမ်းကျယ်တစ်ခု ရှိနေပါတယ်။ စင်္ကြံလမ်းရဲ့ ဘေးနှစ်ဖက်မှာတော့ ပါဝင်ပစ္စည်း၊ ဆေးဝါး၊ သတင်းအချက်အလက် အစရှိတဲ့ နာမည်တွေ တပ်ထားတဲ့ ကျောက်တံခါးတွေ ရှိနေပါတယ်။

စင်္ကြံလမ်းရဲ့ အဆုံးသတ်မှာတော့ အောက်ထပ်နဲ့ ဆက်သွယ်ထားတဲ့ လှေကားထစ်တွေ ရှိနေပါတယ်။ ဒီလှေကားထစ်တွေဟာ အသူရာချောက်နက်နဲ့ သွယ်တန်းနေသလိုမျိုး အမှောင်ထုထဲကို ဝင်ရောက် ပျောက်ကွယ်သွားပါတယ်။

‘ဒီလှေကားက ချိပ်ပိတ်လက်နက်တွေကို ချိပ်ပိတ်ထားတဲ့ နေရာတွေနဲ့ ဆက်သွယ်ထားတာ ဖြစ်ရမယ်... ဒီအောက်မှာ လေးငါးထပ် ရှိတယ်လို့ ပြောကြတယ်... သူတော်စင် ဆယ်လီနာရဲ့ပြာက ဘယ်နှထပ်မှာ ရှိတာလဲ မသိဘူး...’

ကလိုင်းဟာ ချန်စီဂိတ်နောက်က အလင်းရောင်ကို အသားကျသွားတဲ့အခါ တစ်စုံတစ်ခုက သူ့အရေပြားကို ပွတ်တိုက်နေသလိုမျိုး ရုတ်တရက် ခံစားလိုက်ရပါတယ်။ ပါးလွှာတဲ့အမျှင်တွေနဲ့ သူ့ခန္ဓာကိုယ်ကို ပွတ်တိုက်နေသလိုပါပဲ။ ဒီခံစားချက်က သူ့ကို ကျောရိုးထဲ စိမ့်တက်သွားစေပါတယ်။

သူဟာ တဆတ်ဆတ် တုန်တက်သွားပြီး စိတ်ဝိညာဉ် အမြင်အာရုံကို ဖွင့်လိုက်ပါတယ်။

အဲဒီနောက် ချန်စီဂိတ်နောက်က ဧရိယာတစ်ခုလုံးကို ကြည့်လိုက်တဲ့အခါ အနက်ရောင်မျဉ်းတွေနဲ့ ပြည့်နေတာ တွေ့လိုက်ရပါတယ်။ ဒီမျဉ်းနက်တွေဟာ အသာလှုပ်ယမ်းနေပြီး ရံဖန်ရံခါမှာ စုဝေးကာ ရံဖန်ရံခါမှာ ပြန့်ထွက်သွားပါတယ်။ ဒီမျဉ်းနက်တွေဟာ အကြားအလပ်မရှိအောင် တင်းတင်းကျပ်ကျပ် ကာရံထားပါတယ်။

‘ဒါ... ဒါက ချန်စီဂိတ်နောက်မှာရှိတဲ့ ချိပ်ပိတ်စွမ်းအားလား...’ ကလိုင်းဟာ ခေါင်းညိတ်လိုက်ပါတယ်။ သူဟာ လျှောက်တွေးနေတာ ရပ်ပြီး အဘိုးအိုနောက်ကနေ လိုက်ပါတယ်။ သူတို့နှစ်ယောက်ဟာ ဆေးဝါးခန်းလို့ နာမည်တပ်ထားတဲ့ ကျောက်တံခါးကို ဖြတ်ဝင်လိုက်ပါတယ်။

မကြာခင်မှာပဲ ကလိုင်းဟာ အက္ခရာစဉ်အတိုင်း လိုက်ရှာပြီး အမန်သာ၊ စိတ်ဝိညာဉ်မျက်လုံးနဲ့ ငြိမ်သက်ဆေးတွေကို ရှာတွေ့သွားပါတယ်။

သူဟာ ပထမနှစ်မျိုးကို မြင်ဖူးပါတယ်။ ငြိမ်သက်ဆေးကိုတော့ အခုမှ ပထမဆုံးအကြိမ် မြင်ဖူးတာပါ။ သူဟာ ဖန်ပုလင်းအကြည်ထဲက အပြာရောင်ဆေးရည်ကို မြင်လိုက်ရတဲ့အခါ အကြောင်းရင်း တချို့ကြောင့် မိခင်ရဲ့ ပွေ့ဖက်မှုကို ခံရသလိုမျိုး အေးချမ်းမှုကို ခံစားလိုက်ရပါတယ်။

ဖန်ပုလင်းပေါ်မှာ ထုတ်လုပ်တဲ့ရက်စွဲနဲ့ သိပ်မလိုတော့တဲ့ သက်တမ်းကုန်ဆုံးမဲ့ရက်ကို ရေးထားပါတယ်။

‘ကံကောင်းတယ်... သုံးလို့ရသေးလို့...’ ကလိုင်းဟာ ဆေးထည့်ထားတဲ့ ဖန်ပုလင်းသေးသေးလေး သုံးပုလင်းကို ယူပြီး ချန်စီဂိတ်ဆီ ပြန်လျှောက်သွားပါတယ်။ တစ်ချိန်လုံးမှာ အစောင့် အဘိုးအိုက သူ့နဲ့ အတူ ရှိနေပါတယ်။

သူဟာ ဝိညာဉ်ရဲ့ အနက်ရှိုင်းဆုံးထိ ရောက်တဲ့ အေးစက်မှုနဲ့ အနက်ရောင်မျဉ်းတွေ လွှမ်းမိုးခံရတဲ့ ကြက်သီးမွေးညင်း ထစရာကောင်းတဲ့ အတွေ့အကြုံကနေ လွတ်မြောက်ပြီး ချန်စီဂိတ် အပြင်ဘက်ကို ပြန်ရောက်သွားပါတယ်။

ချန်စီဂိတ်တံခါး ပိတ်သွားတဲ့အခါ သူဟာ နောက်လှည့်မကြည့်ဘဲ မနေနိုင်ပါဘူး။

“ဒီထဲမှာ အကြာကြီးနေတာက ခန္ဓာကိုယ်နဲ့ ဝိညာဉ်နှစ်ခုစလုံးကို သက်ရောက်နိုင်တယ်... စေတနာ့ဝန်ထမ်းတွေပဲ စောင့်ကြပ်တာ အံ့ဩစရာ မရှိတော့ပါဘူး...”

...

အရုဏ်တက်ခါနီးမှာ ကလိုင်းဟာ အထူးနည်းလမ်းတစ်ခု သုံးပြီး သူ့အိပ်ခန်းကို သော့ခတ်လိုက်ပါတယ်။ အဲဒီနောက် ပြတင်းပေါက် တံခါးကို တွန်းဖွင့်ပြီး ခုန်ချလိုက်ပါတယ်။

လောလောဆယ် သူ့အတွက် နှစ်ထပ်အမြင့်က ဘာမှ မဟုတ်တဲ့အတွက် မြေကြီးပေါ်ကို ဒယီးဒယိုင်မဖြစ်ဘဲ တည်တည်ငြိမ်ငြိမ်နဲ့ ကျသွားပါတယ်။

ညသိမ်းငှက် မြင်းလှည်းဟာ မျက်နှာချင်းဆိုင်မှာ ရပ်ထားပြီး သူ့ကို စောင့်ဆိုင်းနေပါတယ်။

ဘာစကားမှ ပြောဆိုခြင်းမရှိဘဲ ကလိုင်းဟာ မြောက်ပိုင်းမြို့နယ်မှာရှိတဲ့ ထင်းဂန် စိတ္တဇဆေးရုံကို ခပ်သွက်သွက်ပဲ ရောက်သွားပါတယ်။ ကပ္ပတိန်ရဲ့ စကားအတိုင်း လမ်းမီးတိုင်မရှိတဲ့ ထောင့်တစ်နေရာကို သူ ကွေ့လိုက်တဲ့အခါမှာ‌တော့ ကြိုရောက်နှင့်နေတဲ့ ဒန်းစမစ်ကို တွေ့လိုက်ရပါတယ်။

“ဝင်ကြရအောင်...” ဒန်းစမစ်ဟာ ခေါင်းအသာညိတ်လိုက်ပြီး “ဘယ်သူမှ မရှိတာ သေချာအောင် ငါ စစ်ထားတယ်”

“ဟုတ်ကဲ့” ကလိုင်းဟာ အနားကို ကပ်သွားပါတယ်။

‘အင်း... လူရွှင်အနေနဲ့ စိတ္တဇဆေးရုံထဲ ဝင်ရတာက အိမ်ပြန်ရသလိုပဲ...’ ကလိုင်းဟာ စိတ်ထဲမှာ ရေရွတ်မိလိုက်ပါတယ်။

သူဟာ ဒန်းစမစ်နောက်ကနေ ထပ်ကြပ်မကွာ လိုက်ပါတယ်။ မညီညာတဲ့ မျက်နှာပြင်ရဲ့ အကူအညီ၊ လျင်မြန်လွန်းတဲ့ သွက်လက်မှုနဲ့ ကျွမ်းကျင်လှတဲ့ ဟန်ချက်ထိန်းမှုကို သုံးပြီး သူတို့နှစ်ယောက်ဟာ စိတ္တဇဆေးရုံထဲ ခုန်ပျံကျော်လွှားကာ ဝင်ပါတယ်။

ဒန်းစမစ်ဟာ ဘေးဘီဝန်းကျင်ကို ကြည့်ပြီးနောက် ခေါင်းအသာညိတ်ကာ အချက်ပြပါတယ်။

သူတို့နှစ်ယောက်ဟာ ကုန်းကုန်းကွကွနဲ့ ဆေးရုံရဲ့ ပန်းခြံလေးနဲ့ ရင်ပြင်ကို အသံတိတ် ဖြတ်ကျော်ပါတယ်။ အဲဒီနောက် သူတို့နှစ်ယောက်ဟာ စိတ္တဇဆေးရုံထဲက သုံးထပ် အဆောက်အဦးတစ်ခုထဲ ဝင်ပြီး ဟွတ်ယူဂျင်နေတဲ့ အပေါ်ထပ်ကို ရောက်သွားပါတယ်။

ဟွတ်ယူဂျင်က အခုအချိန်မှာ ရူးနေတာ ဖြစ်တဲ့အတွက် သောင်းကျန်းနိုင်ခြေ ရှိပါတယ်။ အဲဒါကြောင့် သူ့ကို တစ်ယောက်တည်း အခန်းမှာ ထားပါတယ်။ ကံကောင်းထောက်မစွာပဲ သူ့ကို စောင့်ကြည့်ဖို့ တာဝန်ကျတဲ့ ညသိမ်းငှက်တွေက ဒီအတောအတွင်းမှာ သော့တုတစ်ချောင်း လုပ်ထားပါတယ်။

“ကလစ်...”

အခန်းတံခါး ပွင့်သွားတဲ့အခါ ဒန်းစမစ်က ပထမဆုံး ဝင်ပါတယ်။ ကလိုင်းဟာ နောက်ကနေ လှမ်းကြည့်လိုက်တဲ့အခါ ခုတင်ပေါ်မှာ ထိုင်နေတဲ့ ဟွတ်ယူဂျင်ကို တွေ့လိုက်ရပါတယ်။

ဟွတ်ယူဂျင်ရဲ့ မျက်နှာဟာ ရှည်ပြီး သွယ်လျပါတယ်။ သူ့မျက်လုံးအိမ်တွေဟာ တော်တော်လေးကို ချိုင့်ဝင်နေပြီး သူ့ရဲ့ ရွှေရောင်ဆံပင်တွေကလည်း ဖရိုဖရဲ ဖြစ်နေပါတယ်။

သူဟာ သတ္တုချောင်းတွေနဲ့ ကာထားတဲ့ ပြတင်းပေါက်ကို ပြာမှိုင်းမှိုင်း မျက်လုံးတွေနဲ့ ကြည့်ပါတယ်။ သူဟာ အပြင်ဘက်က ကြက်သွေးရောင်လကို ကြည့်နေတာပါ။

ကလိုင်းဟာ အခန်းတံခါး ပိတ်လိုက်ပြီးနောက် သာမန်ကာလျှံကာ မေးလိုက်ပါတယ်။

“ဘာလို့ မအိပ်တာလဲ”

ဒန်းစမစ်ဟာ အံ့အားသင့်သွားပေမဲ့ ကလိုင်းက ဆုံမှတ် ၈ လူရွှင်ဆိုတာကို ရုတ်တရက် သတိရလိုက်ပါတယ်။ အဲဒါကြောင့် ဆိတ်ဆိတ်နေပြီး အခန်းထောင့်တစ်နေရာကို ဆုတ်သွားပါတယ်။

ဟွတ်ယူဂျင်ဟာ ခေါင်းလှည့်လာပြီး ကလိုင်းကို ကြည့်ကာ အရူးလို အပြုံးနဲ့ ပြန်ဖြေပါတယ်။

“ငါ ငါ့ရဲ့ ကိတ်မုန့်ကို စောင့်နေတာ”

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters