စိတ်ဝိညာဉ်လောက
Vol. 19 Ch. 185
‘ကိတ်မုန့်ကို စောင့်နေတယ်... ဒါ ငါ မမျှော်လင့်ထားတဲ့ အဖြေပဲ... ဒါပေမဲ့ ငါက စိတ်ရောဂါသည် တစ်ယောက်ရဲ့ အဖြေကို မှန်းဆနိုင်ရင် ငါလည်း ရူးခါနီးနေပြီလို့ ဆိုလိုတာပဲ...’
ဒီအတွေးက ကလိုင်းရဲ့ စိတ်ထဲမှာ လျှပ်တစ်ပြက် ပေါ်လာပါတယ်။ သူဟာ သူငယ်ချင်းတစ်ယောက်နဲ့ စကားပြောနေသလိုမျိုး ပေါ့ပေါ့ပါးပါး ပြုံးလိုက်ပါတယ်။
“ဘယ်သူ့က မင်းကို ကိတ်မုန့် ပို့မှာလဲ”
ဟွတ်ယူဂျင်ဟာ မျက်နှာ ချက်ချင်း ပျက်ပြီး စိတ်ဓာတ် ကျသွားပါတယ်။
“မရှိတော့ဘူး... ကိတ်မုန့် မရှိတော့ဘူး... ကိတ်မုန့် မရှိတော့ဘူး...”
“ငါ့ကိတ်မုန့်ကို မင်း ခိုးသွားတယ်”
သူ့အသံဟာ ရုတ်တရက်ဆိုသလို စူးရှလာပြီး ကလိုင်းကို စိန်းစိန်းဝါးဝါး စိုက်ကြည့်ပါတယ်။ အဲဒီနောက် ကလိုင်းဆီက စကားပြန်ကို မစောင့်ဘဲ အော်ဟစ်ပြီး သွားဖြဲပြပါတယ်။
အဲဒီနောက်မှာတော့ သွားရည်တမြားမြားနဲ့ ထိုင်နေရာကနေ ထခုန်လိုက်ပါတယ်။ သူဟာ ကလိုင်းနားကို တစ်ချက်တည်း ရောက်သွားပြီး လက်ဆန့်ကာ ကလိုင်းရဲ့ ပခုံးနှစ်ဖက်ကို ဖမ်းဆုပ်ဖို့ ကြိုးစားပါတယ်။ သူဟာ ကလိုင်းကို သူ့ဆီ ဆွဲယူပြီး ကိုက်ချင်တဲ့ပုံပေါ်ပါတယ်။
ရုတ်တရက် တိုက်ခိုက်ခံလိုက်ရတာကြောင့် ကလိုင်းဟာ နည်းနည်း ပျာယာခတ်သွားပေမဲ့ လျင်လျင်မြန်မြန် တုံ့ပြန်နိုင်လိုက်ပါတယ်။ သူဟာ ရုတ်ခြည်း ဒူးကွေးပြီး ဆောင့်ကြောင့်ထိုင်လိုက်ပါတယ်။ တစ်ချိန်တည်းမှာ သူ့ခန္ဓာကိုယ်ကို ဘေးစောင်းပြီး ဘယ်လက်မောင်းကို မြှောက်လိုက်ပါတယ်။
“အွတ်...”
သူ့ပခုံးဟာ ဟွတ်ယူဂျင်ရဲ့ ဝမ်းဗိုက်နဲ့ တိုက်မိသွားပါတယ်။ အားနဲ့ဆောင့်မိတာကြောင့် ဟွတ်ယူဂျင်ရဲ့ မျက်လုံးဟာ အဖြူရောင် ပြောင်းသွားပြီး ပါးစပ်ကနေ သွားရည်တွေ ထွက်ကျလာပါတယ်။
ဒါပေမဲ့ ဟွတ်ယူဂျင်ဟာ လှုပ်ရှားတာ မရပ်ပါဘူး။ အရှိန်နဲ့ ရှေ့ကို ဆက်လှုပ်ရှားပြီး ကလိုင်းကို လက်နှစ်ဖက်နဲ့ ပွေ့ဖက်ဖို့ ကြိုးစားပါတယ်။
ကလိုင်းဟာ ခန္ဓာကိုယ်ကို ဘေးစောင်းပြီး လှိမ့်ချလိုက်ပါတယ်။ သူ့လှုပ်ရှားမှုတွေဟာ အကြိမ်ရာချီ လေ့ကျင့်ထားသလိုမျိုး ချောမွေ့လှပါတယ်။
သူဟာ ကြမ်းပြင်ကို ညာလက်နဲ့ထောက်ပြီး ကျွမ်းပစ်ကာ မတ်တတ်ရပ်လိုက်ပါတယ်။ သူဟာ တိုက်ခိုက်ဖို့ ဆုံးဖြတ်လိုက်ပြီး ရှေ့ကို တစ်ဟုန်ထိုးတက်ကာ ဟွတ်ယူဂျင်ကို ချုပ်ဖို့ ကြိုးစားပါတယ်။
ဒါပေမဲ့ အဲဒီအချိန်မှာ ဟွတ်ယူဂျင်ဟာ နေရာမှာ ရပ်ပြီး မျက်လုံးတွေက ကြောင်တောင်တောင် ဖြစ်သွားပါတယ်။
ကလိုင်းဟာ တစ်ခဏ အေးခဲသွားပြီး အခန်းထောင့်ကို လှမ်းကြည့်လိုက်တဲ့အခါ အနက်ရောင် လေကာအင်္ကျီ ဝတ်ထားတဲ့ ဒန်းစမစ်က လက်နှစ်ဖက်ကို တင်းတင်းဆုပ်ပြီး ငုံ့ကြည့်နေတာ တွေ့လိုက်ရပါတယ်။
‘ကပ္ပတိန်က ဟွတ်ယူဂျင်ကို အိပ်မက်ထဲ ဆွဲသွင်းလိုက်တာပဲ...’
ဒါကို သဘောပေါက်သွားတဲ့ ကလိုင်းဟာ တိုက်ခိုက်တာ ရပ်ပြီး အစီအရင် ငွေဓားမြှောင်ကို ထုတ်ယူလိုက်ပါတယ်။ အဲဒီနောက် စိတ်ဝိညာဉ်တံတိုင်း ဖန်တီးပြီး လူနာခန်းကို ချိပ်ပိတ်လိုက်ပါတယ်။
ပြီးတဲ့အခါမှာတော့ ပင်စိမ်းနံ့ရှိတဲ့ ဖယောင်းတိုင်သုံးတိုင်ကို ထုတ်ယူပြီး ပြတင်းပေါက်မှာ တြိဂံပုံစံ ထားလိုက်ပါတယ်။ ဖယောင်းတိုင်တစ်တိုင်က ထာဝရည နတ်ဘုရားမကို ကိုယ်စားပြုပြီး တစ်တိုင်က လျှို့ဝှက်ချက်မယ်တော်ကို ကိုယ်စားပြုပါတယ်။ နောက်တစ်တိုင်ကတော့ သူ့ကိုယ်တိုင်ကို ကိုယ်စားပြုပါတယ်။
မကြာခင်မှာပဲ ကလိုင်းဟာ ရိုးရှင်းတဲ့ ယဇ်ခုံကို ပြင်ဆင်ပြီးသွားပြီး စိတ်ဝိညာဉ်စွမ်းအားသုံးကာ ဖယောင်းတိုင်သုံးတိုင်ကို မီးညှိလိုက်ပါတယ်။
သူ ကပ္ပတိန်ကို သတိပေးဖို့ ပြင်လိုက်စဉ်မှာပဲ ဒန်းစမစ်က ခေါင်းမော့ပြီး သူ့ကို ပြုံးပြပါတယ်။
“ဟွတ်ယူဂျင်ရဲ့ အိပ်မက်တွေက ဝရုန်းသုန်းကား နိုင်လွန်းတယ်... လမ်းညွှန်ပေးဖို့ မဖြစ်နိုင်ဘူး”
သူ့စကား ဆုံးတယ်ဆိုရင်ပဲ ဟွတ်ယူဂျင်ရဲ့ မျက်လုံးတွေဟာ အရောင်နည်းနည်း လက်လာပါတယ်။ အရင်လိုမျိုး ငေးငိုင် မနေတော့ပါဘူး။ အဲဒီနောက် ရူးသွပ်နေတဲ့ စိတ်ရောဂါကု ဆရာဝန် ဟွတ်ယူဂျင်ဟာ ခါးလှုပ်ပြီး သမ်းဝေပါတယ်။
ကလိုင်းဟာ တဒင်္ဂ ကြောင်သွားပြီး တိတ်ဆိတ်သွားပါတယ်။ အဲဒီနောက် သူဟာ အမန်သာ ထည့်ထားတဲ့ သတ္တုပုလင်းကို ကောက်ယူလိုက်ပါတယ်။
သူဟာ ညသစ်ခွ၊ ညအိပ်ပန်းနဲ့ ကပ်မိုမိုင်ကနေ ထုတ်ယူထားတဲ့ အကြည်သား အရည်ကို သူ့ကိုယ်တိုင်ကို ကိုယ်စားပြုတဲ့ ဖယောင်းတိုင်ပေါ် အစက်ချလိုက်တဲ့အခါ ငြိမ်သက်အေးချမ်းတဲ့ ရနံ့တွေ ထွက်ပေါ်လာပြီး တစ်ခန်းလုံး ပျံ့နှံ့သွားပါတယ်။
ဟွတ်ယူဂျင်ရဲ့ ကြောက်ရွံ့မှု၊ စိတ်လှုပ်ရှားမှုနဲ့ ဒေါသတွေဟာ လုံးဝ ပျောက်ကွယ်သွားပါတယ်။ သူဟာ ခုတင်စွန်းမှာ နွမ်းနွမ်းလျလျ ထိုင်ရင်း ပြတင်းပေါက် အပြင်ဘက်က ကြက်သွေးရောင်လကို ငေးကြည့်ပါတယ်။ သူ့မျက်လုံးတွေဟာ စူးစိုက်မှု ထပ်ဆုံးရှုံးပြီး ပြန်အေးချမ်းသွားပါတယ်။
ကလိုင်းဟာလည်း ညရဲ့ အေးချမ်းမှုကို ခံစားလိုက်ရပါတယ်။ သူဟာ အမန်သာပုလင်းကို အောက်ချပြီး ဟွတ်ယူဂျင်ဘေးမှာ ဝင်ထိုင်ပါတယ်။ သူဟာ ဟွတ်ယူဂျင်ရဲ့ နောက်ဆုံးခံစစ်ကို ချိုးဖျက်ဖို့ တစ်စုံတစ်ရာကို ရှာဖွေချင်ပါတယ်။
ဒီနောက်ဆုံးခံစစ် ကျိုးပျက်သွားမှပဲ စိတ်ဝိညာဉ်မျက်လုံးဆေးကို သုံးပြီး ဟွတ်ယူဂျင်ရဲ့ဝိညာဉ်ကို တွေဝေသွားအောင် လုပ်နိုင်မှာပါ။
‘နောက်ဆုံးကျတော့ ငါက ပရော်ဖက်ရှင်နယ် နတ်ဝင်သည် မဟုတ်ဘူး...’
သူဟာ မလာခင်ကတည်းက အကြံအစည်တစ်ခု ရှိထားပြီးပါပြီ။ အဲဒါကြောင့် အိတ်ကပ်ထဲကနေ တဲရော့တစ်ထုပ်ကို ဆွဲထုတ်လိုက်ပါတယ်။
ဒီတဲရော့ထုပ်မှာ သာမညကဒ်တွေမပါဘဲ အဓိကကဒ် ၂၂ ကဒ်ပဲ ပါတဲ့အတွက် သယ်ရလွယ်ပါတယ်။ သူဟာ ဒီတဲရော့ထုပ်က လက်နက်အဖြစ် လက်တွေ့ အသုံးချပြီးပါပြီ။ တဲရော့ကဒ်တိုင်းကို ငွေမျှင်နဲ့ ကွပ်ထားပြီး ကဒ်တိုင်းက သေခြင်းအလွန်က သရဲ၊ တစ္ဆေတွေကို သုတ်သင်နိုင်စွမ်း ရှိပါတယ်။
ကဒ်တွေပေါ်မှာ ဆွဲထားတဲ့ သင်္ကေတတွေကလည်း ရှုပ်ထွေးပြီး ခမ်းနား ထည်ဝါတာကြောင့် ရန်သူကို ရင်ဆိုင်တဲ့နေရာမှာသုံးတဲ့ ပစ္စည်းနဲ့ မတူဘဲ စုဆောင်းသူတစ်ယောက်ရဲ့ ပစ္စည်းတစ်ခုနဲ့ ပိုတူပါတယ်။
ကလိုင်းဟာ တဲရော့ထုပ်ကို လက်တစ်ဖက်နဲ့ တစ်ဝက်ချိုးပြီး ဟွတ်ယူဂျင်ကို ပြုံးပြလိုက်ပါတယ်။
“ကဒ်ဂိမ်း ကစားကြရအောင်”
“ကဒ်တွေ”
ဟွတ်ယူဂျင်ဟာ ပြတင်းပေါက် အပြင်ဘက်ကို ကြည့်နေရာကနေ အကြည့်ပြန်ရုပ်ပြီး ငေးကြောင်ကြောင်နဲ့ ပြောပါတယ်။
ကလိုင်းဟာ အဖြေပြန်မပေးဘဲ တဲရော့ထုပ်ကို ဟွတ်ယူဂျင်လက်ထဲ ထည့်ပေးလိုက်ပါတယ်။
ဟွတ်ယူဂျင်ဟာ ကလိုင်းကို အတုခိုးပြီး မလုပ်တတ်လုပ်တတ်နဲ့ တဲရော့ထုပ်ကို လက်တစ်ဖက်နဲ့ ထက်ဝက်ချိုးပါတယ်။
စိတ်ရောဂါသည် ဟွတ်ယူဂျင်ရဲ့ အာရုံဟာ ချောမွေ့ပြီး မာကျောတဲ့ လှပတဲ့ကဒ်တွေဆီ တဖြည်းဖြည်းနဲ့ ရောက်သွားပါတယ်။ သူဟာ အပေါ်ဆုံးက ကဒ်ကို လှန်လိုက်ပါတယ်။
သူလှန်လိုက်တဲ့ကဒ်မှာ အဝတ်အစား စုတ်စုတ်ပြတ်ပြတ်နဲ့ လူတစ်ယောက်ရဲ့ လက်တွေကို ကြိုးနဲ့ ချည်နှောင်ထားပါတယ်။ အဲဒီလူကို ဇောက်ထိုးဆွဲထားပြီး သူ့ခေါင်းနောက်မှာ ခပ်ရေးရေး တောက်ပတဲ့ ရောင်ခြည် စက်ဝန်းတစ်ဝန်း ရှိနေပါတယ်။
‘လူဇောက်ထိုးပဲ...’ ကလိုင်းဟာ တွေးရင်းနဲ့ ခေါင်းညိတ်လိုက်ပါတယ်။ သူဟာ အခွင့်အရေးယူပြီး စိတ်ဝိညာဉ်မျက်လုံးဆေး ပယင်းရောင် အရည်ကို သူ့ကိုယ်တိုင်ကို ကိုယ်စားပြုတဲ့ ဖယောင်းတိုင်ပေါ် အစက်ချလိုက်တဲ့အခါ တစ်ချက်ရှိုက်မိတဲ့ လူတိုင်းကို ရီဝေဝေ ဖြစ်သွားစေနိုင်တဲ့ အရက်နံ့လိုမျိုး ရနံ့တစ်မျိုး ထွက်ပေါ်လာပါတယ်။
ဟွတ်ယူဂျင်ရဲ့ အမြင်အာရုံဟာ ဖြည်းဖြည်းချင်း အာရုံစူးစိုက်မှု ဆုံးရှုံးပြီး သူ့လက်ထဲက တဲရော့ထုပ်ဟာ ခုတင်ပေါ် ပြုတ်ကျသွားပါတယ်။ ဒါပေမဲ့ သူဟာ လဲကျမသွားဘဲ မတ်မတ်ထိုင်လျက်သား ရှိနေပါတယ်။
ကလိုင်းဟာ တွေးခေါ်မှုသုံးပြီး ဆေးစွမ်းကို တွန်းလှန်ကာ ခေါင်းကြည်လင်မှုနဲ့ စိတ်အေးချမ်းမှုကို ထိန်းသိမ်းပါတယ်။ အဲဒီနောက် သူဟာ အိတ်ကပ်ထဲကနေ နောက်ထပ် သတ္တုပုလင်းတစ်လုံးကို ထုတ်ယူပြီး အဖုံးဖွင့်ကာ သူ့ပါးစပ်ထဲ လောင်းထည့်လိုက်ပါတယ်။
ငြိမ်သက်ဆေး။
ရေခဲရောင် ဆေးရည်ဟာ လည်မျိုတစ်လျှောက် ဖြတ်သန်းပြီး ဝမ်းဗိုက်ထဲ စီးဝင်သွားပါတယ်။ သူဟာ ရုတ်ခြည်းဆိုသလို ငိုက်မျဉ်းခြင်း တစ်စက်မရှိဘဲ နိုးကြားသွားပါတယ်။
သူဟာ ညင်ညင်သာသာ အသက်ရှူထုတ်ပြီး တခြားပန်းဆီတွေနဲ့ ဆေးမှုန့်တွေကို ထုတ်ယူကာ ထာဝရည နတ်ဘုရားမကို ကိုယ်စားပြုတဲ့ ဖယောင်းတိုင်နှစ်တိုင်ပေါ် ချလိုက်ပါတယ်။
မြူခိုးရေးရေး ထွက်ပေါ်လာတဲ့အခါ သူဟာ ခြေနှစ်လှမ်း နောက်ဆုတ်ပြီး ဟာမီးဘာသာနဲ့ လေးလေးနက်နက် ရွတ်ဆိုပါတယ်။
“ညအမှောင်ထုရဲ့ စွမ်းအားကို ပေးသနားတော်မူပါ”
“လျှို့ဝှက်ဆန်းကြယ်မှုရဲ့ စွမ်းအားကို ပေးသနားတော်မူပါ”
“အရှင်မရဲ့ ချစ်ခြင်းမေတ္တာကို ပေးသနားတော်မူပါ”
“ကျွန်တော်ဘေးမှာရှိတဲ့ သာလွန်သူ ဟွတ်ယူဂျင်ရဲ့ စိတ်ဝိညာဉ်နဲ့ ဆက်သွယ်ခွင့် ပေးတော်မူပါ”
...
မန္တန်ဟာ အခန်းထဲမှာ ပဲ့တင်ထပ်သွားပြီး ဖယောင်းတိုင် မီးလျှံဟာ နက်မှောင်ကာ အပြင်ဘက်ကို ပြန့်ထွက်လာပါတယ်။
ကလိုင်းဟာ ဒီဟာကို ရှောင်ရှားခြင်းမရှိသလို ကာကွယ်ခြင်းလည်း မရှိပါဘူး။ သူဟာ ဒီညအမှောင်ထုကို သူ့ခန္ဓာကိုယ်ကို လွှမ်းမိုးခွင့် ပြုလိုက်ပါတယ်။
သာမန်နဲ့မတူအောင် စိတ်ကြည်လင် အေးချမ်းနေတဲ့ အခြေအနေမှာ ကလိုင်းဟာ သူ့စိတ်ဝိညာဉ်က သူ့ခန္ဓာကိုယ်ထဲကနေ ထွက်ပြီး မှောင်မိုက်တဲ့ လောကတစ်ခုထဲ ဝင်ရောက်သွားတာကို ခံစားလိုက်ရပါတယ်။ သူ့ဘေးပတ်လည်မှာ အဆုံးမရှိအောင် အပြောကျယ်လှတဲ့ တိတ်ဆိတ်ငြိမ်သက်တဲ့ အမှောင်ထုချည်းပါပဲ။ သူ့အထက်က ကောင်းကင်ယံမှာတော့ စကားလုံးနဲ့ ဖော်ပြလို့မရတဲ့ မရေမတွက်နိုင်တဲ့ အကြည်သား ရုပ်သွင်တွေနဲ့ ပြည့်နှက်နေပါတယ်။ အနန္တအသိဉာဏ်ကို သိုလှောင်ထားသလိုမျိုး ခမ်းနားထည်ဝါလှတဲ့ အရောင်အသွေးစုံလင်လှတဲ့ အစင်းအကျားတွေလည်း ရှိနေပါတယ်။
‘စိတ်ဝိညာဉ်လောက...’ ကလိုင်းဟာ ဒီလောကနဲ့ မစိမ်းတော့ပါဘူး။
သူ ဒီအတွေးကို တွေးလိုက်ရုံ ရှိပါသေးတယ်။ သူ့ရှေ့မှာ မြူဆိုင်းနေတဲ့ လောကတစ်ခု ပေါ်လာပါတယ်။ ဒီလောကကို အလင်းရောင် ခပ်မိန်မိန် လေဆင်နှာမောင်းက လွှမ်းခြုံထားပါတယ်။
ကလိုင်းဟာ ဒီဟာက ဟွတ်ယူဂျင်ရဲ့ စိတ်နှလုံးသား ခန္ဓာကိုယ်ကို ကိုယ်စားပြုတဲ့ စိတ်ဝိညာဉ် ဆိုတာ သိပါတယ်။ အဲဒါကြောင့် သူဟာ ရှေ့ဆက်လျှောက်ပြီး လေဆင်နှာမောင်းထဲ တိုးဝင်လိုက်ပါတယ်။
ရုတ်ခြည်းဆိုသလို သူဟာ မရေမတွက်နိုင်တဲ့ အလင်းရောင်အမှုန်တွေကို တွေ့လိုက်ရပါတယ်။ လူပေါင်းထောင်ချီ တီးတိုးတီးတိုးနဲ့ စကားပြောနေတဲ့ အသံတွေကိုလည်း ကြားလိုက်ရပါတယ်။
ဒီအသံတွေက တော်တော်လေး ဝရုန်းသုန်းကားဆန်ပြီး ယုတ္တိ လုံးဝ မရှိပါဘူး။ တချို့အသံတွေက မိန်းမပျို့တချို့ရဲ့ နူးညံ့သိမ်မွေ့မှုကို ချီးကျူးရာကနေ အိမ်သာတက်ပြီး သက်သာရာရတဲ့ ခံစားချက်ကို ပြောပြတဲ့ဆီ ရောက်သွားပါတယ်။ တချို့အသံတွေကျတော့ ငိုကြွေးရာကနေ ဝမ်းသာ ပျော်ရွှင်တဲ့အသံတွေ ဖြစ်သွားပါတယ်။
ဒီရူးချင်စရာကောင်းတဲ့ အတွေးတွေဟာ နည်းလမ်းမျိုးစုံနဲ့ ကလိုင်းရဲ့ စိတ်ဝိညာဉ်ထဲ တိုးဝင်ဖို့ ကြိုးစားပါတယ်။ ဒါပေမဲ့ ကလိုင်းဟာ စိတ်ကြည်လင် ပြတ်သားမှုနဲ့ ကျိုးကြောင်းကျကျ တွေးခေါ်နိုင်မှုကို ထိန်းသိမ်းပြီး ဟွတ်ယူဂျင်ဆီ စိတ်ဝိညာဉ်လောကဆီ ခပ်သွက်သွက် ပျံသန်းပါတယ်။
‘ဒါက ငါ မီးခိုးရောင်မြူခိုးထက်ကို ဝင်တော့ ကြားရတဲ့ ကျေနပ်စရာကောင်းတဲ့ အသံတွေနဲ့ ချောက်ချားစရာကောင်းတဲ့ ရေရွတ်သံတွေ အော်ဟစ်သံတွေလိုပဲ...’
ကလိုင်းဟာ တိတ်တဆိတ် ပြုံးပြီး အတွေး လေဆင်နှာမောင်းကို ဖြတ်ကျော်လိုက်တဲ့အခါ အားနည်းနေတဲ့ အကြည်သား ဟွတ်ယူဂျင်ကို တွေ့လိုက်ရပါတယ်။
ဒီဆုံမှတ် ၇ စိတ်ရောကု ဆရာဝန်ဟာ အပြင်လောကမှာလိုပါပဲ။ ငေးကြောင်ကြောင်နဲ့ ရှိနေပါတယ်။
ကလိုင်းဟာ သူ့ရှေ့မှာ ရပ်ပြီး ညင်ညင်သာသာ မေးပါတယ်။
“မင်း လာနယ်ဗို့စ်ကို သိလား”
ဟွတ်ယူဂျင်ဟာ ကြောင်တောင်တောင်နဲ့ ပြန်ဖြေပါတယ်။
“သိတယ်”
သူတို့ဘေးပတ်လည်က အလင်းရောင်ဟာ ဟွတ်ယူဂျင်က သူ့ရဲ့ စိတ်ဝိညာဉ်ပင်လယ်ကို ထုတ်ပြသလိုမျိုး အသွင်ပြောင်းလဲသွားပါတယ်။
ရောယှက်နေတဲ့ အလင်းရောင်တွေကနေ သာမန်ရုပ်ရည်ရှိတဲ့ ငေါ့ပြုံး ပြုံးနေတဲ့ အမျိုးသားတစ်ယောက်ရဲ့ ပုံရိပ် ပေါ်လာပါတယ်။ ဒီပုံရိပ်က ကလိုင်း ဝရမ်းထဲမှာ တွေ့ဖူးတဲ့ လာနယ်ဗို့စ်နဲ့ အတူတူပါပဲ။
ကလိုင်းဟာ ကျေနပ်စွာ ခေါင်းညိတ်ပြီး လမ်းညွှန်မေးခွန်း မေးပါတယ်။
“လာနယ်ဗို့စ်က မင်းဆီကို ဘာလာလုပ်တာလဲ”
“သူပြောတာက...” ဟွတ်ယူဂျင်ရဲ့ အသံဟာ တဖြည်းဖြည်း ပျော့ပျောင်းသွားပါတယ်။
အဲဒီနောက် ရုတ်တရက်ဆိုသလို သူ့အသံဟာ ဩဇာရှိပြီး ရူးသွပ်မှုပါတဲ့ အသံအဖြစ် ပြောင်းလဲသွားပါတယ်။
“ဟွတ်ယူဂျင်... ဒီခေတ်က အဆိုးဆုံးခေတ်လည်း ဟုတ်သလို အကောင်းဆုံးခေတ်လည်း ဟုတ်တယ်... အခွင့်အရေးကို အမိအရ ဖမ်းဆုပ်နိုင်တာနဲ့ ငါတို့တွေ ဒီလောကကို စိုးမိုးနိုင်လိမ့်မယ်... ငါတို့တွေ အင်မော်တယ်စစ်စစ်တွေ ဖြစ်လာလိမ့်မယ်”
“မင်းသာ ငါ့ကို ကူညီမယ်ဆိုရင် မင်းရဲ့ ဆေးရည်ကို ပိုင်နိုင်မဲ့ စိတ်လွတ်တာကို ရှောင်ရှားနိုင်မဲ့ နည်းလမ်းကို ပြောပြရုံတင် မဟုတ်ဘူး... နောက်ကျရင် နတ်ဘုရားဂုဏ်ရည် ရစေရမယ်လို့ ငါ အာမခံတယ်”
“ငါ့နောက်က တည်ရှိမှုကို မင်း မြင်မှာပါ... ငါ့ကတိက သူ့ကတိပဲ... ပြောရရင် စိတ်ပညာ အဂ္ဂိရတ်သမားတွေက သူနဲ့ ဆက်သွယ်မှု ရှိတယ်”
“ငါပြောတာကို သံသယမရှိနဲ့... ဒီအချိန်မှာ စိတ်ပညာအဂ္ဂိရတ်သမားတွေက အင်အား သိပ်ရှိတာ မဟုတ်ဘူး... သူတို့တွေက မင်းကို သိပ်ပြီးတော့ ကူညီနိုင်မှာ မဟုတ်ဘူး... မင်းက ဒီအဆင့်မှာပဲ တစ်သက်လုံး နေမယ်ဆိုရင်တော့ တစ်မျိုးပေါ့”
‘စိတ်မလွတ်ဘဲ ဆေးရည်ကို ပိုင်နိုင်မဲ့နည်းလမ်း... ဒီဟာက ငါ တခြားလူတွေကို သရုပ်ဆောင်တဲ့ နည်းလမ်းနဲ့ ဆွယ်သလိုပဲ... လာနယ်ဗို့စ်က ရည်မှန်းချက် ကြီးတာပဲ... သူက ဆုံမှတ် ၈ ပဲ ရှိသေးတာတောင် နတ်ဘုရားဂုဏ်ရည်အကြောင်း ပြောနေပြီ... သူ့နောက်မှာ ဘယ်လို တည်ရှိမှု ရှိနေလို့လဲ... ဒီကောင်က တစ်ခုခု ကြံနေသလိုပဲ... ပိုက်ဆံလိမ်သွားတာက သူ့ရဲ့ အဓိက ရည်ရွယ်ချက် မဟုတ်လောက်ဘူး... ဒါမှမဟုတ် လိမ်ညာတာက သူ့ရဲ့ ဝါသနာလား...’
ကလိုင်းဟာ နားထောင်ရင်းနဲ့ အများကြီး တွေးမိလိုက်ပါတယ်။
ဟွတ်ယူဂျင် စကားပြောတာ ရပ်သွားတဲ့အခါ သူဟာ ချက်ချင်း ထပ်မေးပါတယ်။
“လာနယ်ဗို့စ်က မင်းဆီကနေ ဘယ်လို ကူညီမှုမျိုးကို လိုချင်တာလဲ”
ဟွတ်ယူဂျင်ဟာ ချက်ချင်း ပြန်မဖြေပါဘူး။ သူ့စိတ်ဝိညာဉ်လောကဟာ တိတ်ဆိတ်သွားပါတယ်။ အဲဒီနောက် သူဟာ ဟားတိုက် ရယ်မောပြီး...။
“ကူညီတယ်... ကူညီတယ်... ကူညီတယ်...”
“ဟားဟား... ငါ ကူညီလိုက်တယ်... ငါ ကူညီလိုက်တယ်...”
“ငါ...”
သူ့ဝိညာဉ်ဟာ တွန့်လိမ်သွားပြီး စကားပြောတာလည်း ရုတ်ခြည်း ရပ်တန့်သွားပါတယ်။ ဘေးပတ်ဝန်းကျင်က စိတ်ဝိညာဉ်ပင်လယ်ကို ကိုယ်စားပြုတဲ့ အလင်းရောင်နဲ့ အမှောင်ထုဟာ ဒြပ်မဲ့အဖြစ် ပြောင်းလဲပြီး အန္တရာယ်ရှိတဲ့ ကြောက်စရာကောင်းတဲ့ မှောင်မိုက်တဲ့ ယဇ်ပလ္လင်အဖြစ် ပြောင်းလဲသွားပါတယ်။
ယဇ်ပလ္လင်ပေါ်မှာ ကြက်ခြေခတ်တစ်ခု ရှိနေပါတယ်။ ဒီကြက်ခြေခတ်မှာ တစ်စုံတစ်ရာကို ဇောက်ထိုးဆွဲထားပြီး အောက်မှာလည်း ဘာမှန်းမသိတဲ့အရာတွေ ပုံနေပါတယ်။
အလင်းရောင်နဲ့ အမှောင်ထုဟာ တစ်လှည့်စီ ပြောင်းလဲပြီး ဇောက်ထိုးဆွဲထားတဲ့အရာက ပြတ်သားလုနီး ဖြစ်လာပါတယ်။ စိတ်ဝိညာဉ်လောက တစ်ခုလုံးဟာလည်း စကေး ၁၀ ရှိတဲ့ ငလျင် လှုပ်ခတ်သလိုမျိုး တုန်လှုပ်သွားပါတယ်။
‘သေစမ်း...’
ကလိုင်းဟာ အန္တရာယ်ရှိတာ တစ်ခုခု ဖြစ်တော့မယ်လို့ ခံစားလိုက်ရပါတယ်။ အဲဒါကြောင့် တစ်စက္ကန့်တောင် မတုံ့ဆိုင်းဘဲ ဝရုန်းသုန်းကား အတွေးလေဆင်နှာမောင်းဆီ ပျံသန်းကာ ထွက်ပြေးဖို့ ကြိုးစားပါတယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။