ကပွဲ
Vol. 19 Ch. 188
‘နှာတံစင်းတယ်... မျက်ခုံးပါးတယ်... ပါးက နည်းနည်း ဖောင်းတယ်... မျက်လုံးက အပြာရောင် သန်းတယ်...’
ခီးလုံဂို့စ်ဟာ သူ့ကိုယ်သူ မှန်သေချာကြည့်ပါတယ်။ သူဟာ သတိမေ့နေတဲ့လူနဲ့ ချွတ်စွပ်တူတယ်ဆိုတာ သေချာအောင် အတည်ပြုပါတယ်။
အဲဒီနောက် သတိမေ့နေတဲ့လူရဲ့ ကိုယ်ဟန်အမူအရာတွေကို စမ်းလုပ်ကြည့်ပါတယ်။ ပြီးတဲ့အခါမှာတော့ ခါးကုန်းပြီး ကြမ်းပြင်ပေါ်မှာ သတိမေ့နေတဲ့လူကို တရွတ်တိုက်ဆွဲကာ အဝတ်ဗီရိုထဲ ထိုးထည့်လိုက်ပါတယ်။
ပြီးတဲ့အခါမှာတော့ ညာလက်ဆန့်ပြီး သတိမေ့နေတဲ့လူရဲ့ လည်ပင်းကို ဂျွတ်ခနဲ ချိုးလိုက်ပါတယ်။
အဲဒီနောက် ခီးလုံဂို့စ်ဟာ လက်ကိုင်ပဝါထုပ်ပြီး လက်သုတ်ကာ အဝတ်ဗီရိုကို ပိတ်လိုက်ပါတယ်။
သူဟာ မှန်ရှေ့ကို ပြန်လျှောက်သွားပြီး အနက်ရောင် နှစ်ထပ်ရင်ကွဲဝတ်စုံကို ဝတ်ဆင်ကာ နက်ကတိုင် ချည်လိုက်ပါတယ်။ အဲဒီနောက် ပယင်းရောင် အမွှေးရည် ပုလင်းကို မြှောက်ပြီး လက်ကောက်ဝက်ပေါ် တစ်စက်နှစ် ချလိုက်ပါတယ်။ ပြီးတဲ့အခါမှာတော့ တစ်ကိုယ်လုံးအနှံ့ ဖြန်းပါတယ်။
သူဟာ ဆံပင်ကို သပ်ရပ်အောင် ပြုပြင်ပြီးတာနဲ့ အခန်းထဲက ထွက်လိုက်ပါတယ်။ သူဟာ လက်နှစ်ဖက်ဆုပ်ပြီး အပြင်ဘက်မှာ စောင့်နေတဲ့ အိမ်ထိန်းကို...။
“ငါ့အခန်းထဲ ဘယ်သူမှ မဝင်စေနဲ့... အရေးကြီးပစ္စည်းတစ်ခု သိမ်းထားတယ်”
“ဟုတ်ကဲ့ပါ မြို့စား”
ခေါင်းပြောင်နေတဲ့ အိမ်ထိန်းဟာ ရင်ဘက်ပေါ် လက်တင်ပြီး ဦးညွှတ်လိုက်ပါတယ်။
“မြင်းလှည်းနဲ့ ကိုယ်ပိုင်အစေခံက အောက်မှာ စောင့်နေပါတယ်... နယ်စားကြီး နီဂန်ရဲ့ ဖိတ်စာလည်း အဲဒီမှာပါ”
ခီးလုံဂို့စ်ဟာ မြို့စားတစ်ယောက်ရဲ့ အမူအရာအတိုင်း ခေါင်းညိတ်လိုက်ပါတယ်။ အဲဒီနောက် အိမ်ထိန်းနဲ့အတူ လှေကားဆီကို မာနကြီးတဲ့ မျက်နှာနဲ့ လျှောက်သွားပါတယ်။
‘ဟီးဟီး... အကြွေးတွေ ပတ်လည် ဝိုင်းနေလို့ သာမန် လုံခြုံရေးအစောင့်တောင် မငှားနိုင်တဲ့ မြို့စားတစ်ယောက်က အိမ်ထိန်း၊ ကိုယ်ပိုင်အစေခံ၊ နောက်လိုက်နှစ်ယောက်၊ ပထမအဆင့် အိမ်ဖော်နှစ်ယောက်၊ ဒုတိယအဆင့် အိမ်ဖော် လေးယောက်၊ အဝတ်လျှော် အလုပ်သမ နှစ်ယောက်၊ မြင်းလှည်းမောင်းသမား တစ်ယောက်၊ မြင်းထိန်းတစ်ယောက်၊ ဥယျာဉ်မှူးတစ်ယောက်၊ စားဖိုမှူးတစ်ယောက်၊ အကြီးတန်း စားဖိုမှူးတစ်ယောက် ငှားထားတယ်... ဒီအထက်တန်းလွှာ ငတုံးတွေအတွက် ဂုဏ်သိက္ခာက အရာရာပဲ... သူတို့ရဲ့ အထက်တန်းလွှာ လေယူလေသိမ်းကို ရဖို့ ငါ အချိန်ကုန်ခံပြီးတော့တောင် လေ့လိုက်ရတယ်...’
ခီးလုံဂို့စ်ဟာ စိတ်ထဲမှာ မဲ့ပြုံးပြုံးလိုက်ပါတယ်။
...
ဘက်ကလင်၊ ချာဝတ်မြို့နယ်၊ အခန်းကျဉ်းတစ်ခုအတွင်း။
ဇီယိုဒါရက်ချာဟာ ခုတင်ပေါ်မှာ တင်ပျဉ်ခွေထိုင်ပြီး ပြတင်းပေါက်က အလင်းရောင်နဲ့ ဝတ္ထုဖတ်နေတဲ့ ဖာ့စ်ဝေါလ်ကို ကြည့်လိုက်ပါတယ်။
“စိတ်ပျက်ဖို့ ကောင်းလိုက်တာ... ခီးလုံဂို့စ်က ဘာသဲလွန်စမှ ချန်မထားခဲ့ဘူး... ငါတို့တွေ အခုထက်ထိ သူ ဘက်ကလင်မှာ ဘာလုပ်ချင်လဲ ဆိုတာကို မသိသေးဘူး”
သူတို့နှစ်ယောက်ဟာ အစီအစဉ် ဆွဲထားတဲ့အတိုင်း တိုင်စာရေးကာ ရဲဌာနဆီ လျှို့ဝှက် ပို့လိုက်ပါတယ်။ တိုင်စာထဲမှာ အမှုဖြစ်တဲ့နေရာရဲ့ ထူးဆန်းတဲ့ အခြေအနေတွေကို အသေးစိတ် ဖော်ပြထားပြီး လက်သည်တရားခံက ခီးလုံဂို့စ် ဖြစ်နိုင်တယ်လို့လည်း ထည့်ရေးထားပါတယ်။
ရဲစခန်းကလည်း သူတို့ တွက်ထားတဲ့အတိုင်း တုံ့ပြန်ပါတယ်။ ရဲတွေဟာ တော်တော် ဂရုစိုက်ပါတယ်။ ဒီအမှုကို တစ်ခါတည်း ဒဏ်ခတ်သမားတွေဆီ လွှဲလိုက်ပါတယ်။
တစ်နေ့အတွင်းမှာပဲ နောက်တန်း ဗိုလ်ချုပ်ကြီး ဟာရီကိန်း ဘက်ကလင်ထဲ ခိုးဝင်လာတယ်ဆိုတဲ့ သတင်းက ဥပဒေဘက်တော်သားတွေကြားထဲမှာ ပျံ့နှံ့သွားပါတယ်။ ဇီယိုနဲ့ ဖာ့စ်လည်း သူတို့ နဂို ငှားထားတဲ့ နေရာက ထွက်ပြီး ပုန်းအောင်းကာ တိတ်တဆိတ် စုံစမ်းပါတယ်။
သူတို့နှစ်ယောက်ဟာ စုံစမ်းမှုမှာ အကူအညီပေးဖို့ ရဲဌာနဆီ အခေါ်မခံချင်ပါဘူး။ ဒဏ်ခတ်သမားတွေ၊ ညသိမ်းငှက်တွေနဲ့ မက္ကန်းနစ်ဟိုက်မိုင်းတွေ အကုန်လုံးက သူတို့လို့ အပြင်က သာလွန်သူတွေဆို သိပ်ပြီးတော့ အမြင်ကြည်တာ မဟုတ်ပါဘူး။ ဘုရားကျောင်းတွေဆိုရင် သူတို့ကို လူဆိုးလောင်းတွေလို့တောင် မြင်ပါတယ်။
အဲဒါကြောင့် ဇီယိုနဲ့ ဖာ့စ်ဟာ ခီးလုံဂို့စ်ရန်အပြင် ဥပဒေဘက်တော်သားတွေရဲ့ လက်ကနေလည်း လွတ်အောင် ပုန်းနေတာပါ။
“ငါတို့တွေသာ သူ့ရည်ရွယ်ချက်ကို လွယ်လွယ် သိနိုင်ရင် ခီးလုံဂို့စ်က သေတာကြာပြီ... သူ့အုတ်ဂူကိုလည်း မြက်တွေ ဖုံးနေလောက်ပြီ”
ဖာ့စ်က ပေါ့ပါ့ပါးပါး ပြန်ပြောပါတယ်။
“ငါတို့တွေ စိတ်ရှည်လက်ရှည် စောင့်ဖို့လိုတယ်... အစိုးရကသာ သူ့နောက်ကို ဆက်လိုက်ရင် ခီးလုံဂို့စ် သေချာပေါက် အမှားလုပ်မိမှာပဲ... ပြောရရင် ရုပ်ပြောင်းရုပ်လွှဲ လုပ်နိုင်တဲ့ ဆန်းကြယ်ရတနာကို ငါ တကယ်လိုချင်မိတယ်”
ဇီယိုဟာ ဒူးနှစ်ဖက်ကို ဖက်ပြီး ပြတင်းပေါက် အပြင်ဘက်ကို ကြည့်လိုက်ပါတယ်။
“ငါက ခီးလုံဂို့စ် မကြာခင် လှုပ်ရှားပြီး ဘယ်သူမှ ဘာမှ မလုပ်နိုင်ခင် ဘက်လင်ကနေ ထွက်ပြေးသွားမှာကို စိုးရိမ်တာ”
“အဲဒီလိုသာဆိုရင် ငါ ဆုံမှတ် ၈ ကို ဘယ်တော့မှ တက်နိုင်မလဲ မသိဘူး... ဆုံမှတ် ၆ နဲ့ ဆုံမှတ် ၅ ကတော့ ဝေးလာဝေးပေါ့...”
သူမဟာ ခဏရပ်ပြီး စိတ်ထဲမှာ ရှိတာကို ထုတ်ပြောပါတယ်။
“ငါ့မိသားစု ပိုင်ဆိုင်တဲ့ ပစ္စည်းတွေကို ငါ ဘယ်တော့မှ ပြန်ယူနိုင်မလဲ မသိဘူး... ငါ့မောင်လေးကို နောက်ဆုံး တွေ့ခဲ့တာ တစ်နှစ်နီးပါးတောင် ရှိသွားပြီ”
ဖာ့စ်ဟာ ဇီယိုကို နွေးနွေးထွေးထွေး ပြုံးပြပါတယ်။
“နင့်ဆန္ဒပြည့်ရင် နင့်အတွေ့အကြုံကို ငါ ဝတ္ထုတစ်ပုဒ် ရေးချင်တယ်... သေချာပေါက် စိတ်ဝင်စားစရာကောင်းပြီး စိတ်လှုပ်ရှားဖို့ ကောင်းမှာ”
“အင်း... မစ္စအော်ဒရီက တော်တော် သဘောကောင်းတယ်... ခီးလုံဂို့စ် လွတ်သွားရင်တောင် သူက ငါတို့ကို ဆုကောင်းကောင်း ချလောက်တယ်... ငါတို့တွေ ဒီလောက်တောင် အလုပ်ရှုပ်ထားတာ... နောက်ပြီး ငါတို့ကြောင့် ခီးလုံဂို့စ်လည်း ပေါ်လာတယ်လေ”
“အဲဒီလိုဖြစ်ဖို့ မျှော်လင့်ရတာပဲ... ဟင်း... ငါ ဘာလို့ ကံကောင်းတဲ့ အခွင့်အရေးတွေ မကြုံရတာလဲ မသိဘူး”
ဇီယိုဟာ သူမရဲ့ ပခုံးပေါ်ကျနေတဲ့ ရွှေရောင်ဆံနွယ်ကို ကိုင်လိုက်ပါတယ်။
ဖာ့စ်ဟာ မျက်မှောင်ကြုတ်ပြီး ပြောပါတယ်။
“သာလွန်သူလောကမှာ ကံကောင်းတဲ့ အခွင့်အရေးတွေက အမြဲတမ်း အန္တရာယ်တွေ ကပ်ပါလာတတ်တယ်... ငါတို့တွေ လပြည့်နေတိုင်း ဘာဖြစ်လို့ ရေရွတ်သံတွေကို ကြားရတာလဲ... အဲဒါက မကောင်းတဲ့ အကျိုးသက်ရောက်မှု ရှိလား ဆိုတာတောင် ငါတို့တွေ အခုထက်ထိ အဖြေရှာမရသေးဘူး... ဟီးဟီး... အန္တရာယ်မရှိတဲ့ အခွင့်အရေးဆိုတာ ရှိတော့ ရှိလိမ့်မယ်... ဒါပေမဲ့ အရမ်း အရမ်းကို ရှားတယ်... ငါတို့တွေ ဝါဒမှန် နတ်ဘုရား တစ်ပါးပါး ဒါမှမဟုတ် သဘောကောင်းတဲ့ လျှို့ဝှက် တည်ရှိမှုတစ်ခုခုရဲ့ အာရုံစိုက်မှုကို ရမှာပဲ နင့်ဆန္ဒ ပြည့်လိမ့်မယ်... သို့ပေမဲ့ အဲဒါက မကောင်းဆိုးဝါး နတ်ဘုရားနဲ့ နတ်ဆိုးတွေ ရုပ်ဖျက်ထားတာလည်း ဖြစ်နိုင်သေးတာပဲ”
ဇီယိုဟာ မတ်မတ်ထိုင်ပြီး ရင်ဘက်မှာ ကြက်သွေးလပုံ ထိလိုက်ပါတယ်။
“အရှင်မက ငါ့ကို စောင့်ရှောက်ပါစေ”
...
နယ်စားနီဂန်ဟာ ဘက်ကလင်မြို့၊ ဧကရီမြို့နယ်က စံအိမ်တော်မှာ ရှိနေပြီး ကပွဲကြီးတစ်ပွဲ ကျင်းပနေပါတယ်။ စံအိမ်မှာ နှစ်ပိုင်း ရှိပါတယ်။
တစ်ပိုင်းက ရှုပ်ယှက်ခတ်တဲ့ ပုံစံကွက်တွေနဲ့ ကြည့်လို့ကောင်းတဲ့ ကျောက်ပြားတွေ ခင်းထားတဲ့ မြေညီထပ်မှာ တည်ရှိတဲ့ ကခန်းပါ။ နယ်စားရဲ့ တေးဂီတအဖွဲ့ဟာ ထောင့်တစ်နေရာမှာ ရှိနေပြီး ကြွရောက်လာတဲ့ ဧည့်သည်တော်တွေကို တီးမှုတ်ဖျော်ဖြေနေပါတယ်။
လှေကားကနေ တက်လိုက်ရင် ဒုတိယထပ်မှာ တည်ရှိတဲ့ ခန်းမကို ဝိုင်းပတ်ထားတဲ့ စင်္ကြံရှိပါတယ်။ ဖန်ခွက်တွေ ကိုင်ထားတဲ့ ဧည့်သည်တွေဟာ လက်ရန်းကို မှီပြီး မြေညီထပ်မှာ ကနေတဲ့ လူတွေကို အပေါ်စီးကနေ ကြည့်နေပါတယ်။ ရံဖန်ရံခါဆိုသလို အမျိုးကောင်းသားတွေဟာ အမျိုးကောင်းသမီး တစ်ယောက် ဒါမှမဟုတ် သူတို့ရဲ့ ဇနီးသည်တွေဆီ လျှောက်သွားပြီး ကဖို့ ဖိတ်ခေါ်ကြပါတယ်။ အမျိုးသမီးဘက်က လက်ခံရင် သူတို့နှစ်ယောက်ဟာ လက်ချင်းကိုင်ပြီး လှေကားကနေ အောက်ဆင်းကာ ကပွဲခန်းမထဲ ဝင်ကြပါတယ်။
စင်္ကြံရဲ့တစ်ဖက်မှာတော့ အခန်းတံခါးတွေ တန်းစီပြီး ရှိနေပါတယ်။ ဧည့်သည်တွေဟာ ဒီအခန်းတွေမှာ အနားယူလို့ရပါတယ်။
ဒါပေမဲ့ ပြင်သစ်တံခါးတစ်ခုရဲ့ နောက်မှာတော့ စင်္ကြံတစ်လမ်း ရှိနေပြီး စင်္ကြံရဲ့ ဘေးနှစ်ဖက်မှာ ကျောက်ဖြူရုပ်တုတွေ ရှိနေပါတယ်။ ဒီရုပ်တုတွေ အကုန်လုံးက နီဂန်မိသားစုရဲ့ ဘိုးဘေးတွေပါ။
စင်္ကြံရဲ့ အဆုံးမှာတော့ ကပွဲကို မြင်နိုင်တဲ့ နောက်ထပ် ခန်းမတစ်ခု ရှိနေပါတယ်။ စားပွဲရှည်တွေပေါ်မှာ စားကောင်းသောက်ဖွယ်မျိုးစုံကို တည့်ခင်းထားပြီး နယ်စားရဲ့ နောက်ထပ် တေးဂီတတစ်ဖွဲ့က ဧည့်သည်တွေ စိတ်အပန်းပြေစေမဲ့ သာယာနာပျော်ဖွယ်သံစဉ်ကို တီးမှုတ်နေပါတယ်။
ခန်းမထဲမှာ ဧည့်သည်တွေဟာ အုပ်စုလိုက် စုရုံးနေကြပါတယ်။ တချို့တွေက ထိုင်နေပြီး တချို့တွေက မတ်တတ်ရပ်ကာ အကြောင်းအရာမျိုးစုံကို ပြောဆိုနေကြပါတယ်။ နားငြီးမခံချင်တဲ့ လူတချို့ကတော့ ခန်းမနဲ့ ဆက်နေတဲ့ လသာဆောင်တွေဆီ သွားပြီး အောက်မှာရှိတဲ့ ဥယျာဉ်နဲ့ ကောင်းကင်ယံက ကြက်သွေးရောင်လရဲ့ အလှတရားကို ခံစားကြပါတယ်။
အဖွင့်အကမှာ ကပြီးနောက် အော်ဒရီဟောလ်ဟာ ဒုတိယထပ်မှာ မတ်တတ်ရပ်ပြီး မျက်နှာကြက်မှာ ဆွဲထားတဲ့ မီးပန်းဆိုင်းပေါ်က ဖယောင်းတိုင်တွေကို ငေးကြည့်နေပါတယ်။ သို့ပေမဲ့ လူငယ်တော်တော်များများက သူမဆီ ရောက်လာပြီး ကဖို့ ဖိတ်ခေါ်တဲ့အတွက် အော်ဒရီဟာ အဲဒီနေရာမှာ ကြာကြာ ဆက်မနေဘဲ ထမင်းစားခန်းနဲ့ ဆက်နေတဲ့ စင်္ကြံရှိရာကို ထွက်လာခဲ့ပါတယ်။
‘ပျင်းဖို့ ကောင်းလိုက်တာ... မတက်လို့လည်း မရဘူး... ဟင်း... သူတို့တွေက ငါ့ကို တစ်ယောက်တည်း နေခွင့်ပေးတော့ ဘာဖြစ်မှာမလို့လဲ... တချို့ကတဲ့လူတွေရဲ့ မျက်နှာတွေက မိတ်လိုက်ဖို့ အဖော်ရှာနေတဲ့ တိရစ္ဆာန်တွေလိုပဲ...’
အော်ဒရီဟာ ခေါင်းငုံ့ပြီး ခြေဖျားတွေကို ကြည့်ရင်း ပျင်းပျင်းနဲ့ လမ်းလျှောက် ထွက်လာခဲ့ပါတယ်။
အဲဒီအချိန်မှာပဲ သူမဆီ လူတစ်ယောက် လာနေတာကို သတိထားမိလိုက်ပါတယ်။ သူမဟာ လမ်းလျှောက်တာ နှေးလိုက်ပြီး ခါးဆန့်ကာ ချက်ချင်းဆိုသလို နူးညံ့သိမ်မွေ့ တိတ်ဆိတ်တဲ့ သခင်မလေးဟောလ် ဖြစ်သွားပါတယ်။
“မင်္ဂလာပါ မြို့စားဂရပ်မီယာ”
အော်ဒရီဟာ ပြစ်မှဲ့မျိုးမထင် အပြုံးနဲ့ ယဉ်ယဉ်ကျေးကျေး နှုတ်ဆက်ပါတယ်။
မြို့စားဂရပ်မီယာဟာ မျက်ခုံးပါးပြီး အပြာရောင်ဖျော့ဖျော့ မျက်လုံးတွေ ရှိပါတယ်။ သူဟာ ပြုံးပြီး ဦးညွှတ်လိုက်ပါတယ်။
“မင်္ဂလာပါ မစ္စဟောလ်... မစ္စဟောလ်က ဒီကပွဲမှာ အလှပဆုံးနဲ့ အတောက်ပဆုံး ရတနာပဲ”
စကားနည်းနည်းပါးပါး ပြောပြီးတဲ့နောက် မြို့စားဂရပ်မီယာဟာ ကပွဲဆီ ဆက်သွားပြီး အော်ဒရီဟာလည်း ထမင်းစားဆောင်ဆီ ဆက်လျှောက်ပါတယ်။
ခြေလှမ်း သုံးလေးလှမ်း လှမ်းပြီးနောက် သူမဟာ ရုတ်တရက် မျက်မှောင်ကြုတ်သွားပြီး မျက်လုံးထဲမှာ ဝေခွဲမရမှုတွေ ပေါ်လာပါတယ်။
‘မြို့စားဂရပ်မီယာက အရင်လို မဟုတ်ဘူး... အရင်တုန်းကဆိုရင် သူ့ထက်အဆင့်မြင့်ပြီး ချောမောလှပတဲ့ အမျိုးသမီးနဲ့ တွေ့ရင် မိန်းမပျိုပဲဖြစ်ဖြစ် မဒမ်ပဲဖြစ်ဖြစ် ဘယ်တော့မှ တိုက်ရိုက် မကြည့်ရဲဘူး... ဘေးကိုပဲကြည့်နေပြီးမှ တစ်ချက်တစ်ချက် ခိုးကြည့်တာ... ဒါပေမဲ့ ဒီနေ့ သူက တော်တော် ယုံကြည်ချက် ရှိနေတယ်...’
‘နောက်ပြီး သူ့ရေမွှေးနံ့ကလည်း တစ်ခုခု မဟုတ်ဘူး... အရင်တုန်းက ပါတီပွဲတွေမှာ သူ့ကိုယ်ကနေရတဲ့ ရေမွှေးနံ့က ပယင်းရေမွှေးနံ့ရဲ့ နောက်ဆုံးအလွှာပဲ... တခြားစကားနဲ့ ပြောရရင် သူက ရေမွှေးကို သုံးလေးနာရီ ကြိုဖြန်းထားပြီး ပထမအလွှာနဲ့ အလယ်လွှာကို ပြယ်သွားစေတယ်... ဒါပေမဲ့ အခု သူ့ရေမွှေးနံ့က အလယ်လွှာ ဖြစ်နေတယ်...’
အော်ဒရီဟာ ခြေလှမ်းတွေကို နှေးလိုက်ပါတယ်။ ဆေးရည်ကို ကုန်စင်အောင် ချေဖျက်ပြီးတဲ့ ပွဲကြည့်သမား တစ်ယောက်အနေနဲ့ သူမရဲ့ အသေးစိတ် မြင်နိုင်စွမ်းက တခြားသာလွန်သူတွေ ယှဉ်လို့ရတဲ့အရာ မဟုတ်ပါဘူး။
ရုတ်တရက်ဆိုသလို သူမဟာ ဖြစ်နိုင်ခြေတစ်ခုကို တွေးမိပြီး တန့်သွားပါတယ်။
‘ခီးလုံဂို့စ်များ ဖြစ်နေမလား...’
‘ငဆာမွတ်က လူတစ်ယောက်ရဲ့ အသွင်အပြင်က ပြောင်းလဲနိုင်တဲ့ အစွမ်း ရှိတယ်’
...
အော်ဒရီဟာ တွေးလေလေ ဖြစ်ဖို့များတယ်လို့ ခံစားရလေလေပါပဲ။ အဲဒါကြောင့် သူမဟာ ထိတ်လန့်ပြီး ရင်ထဲမှာ ယောင်ယက်ခတ်သွားပါတယ်။
‘သူသာ နောက်တန်း ဗိုလ်ချုပ်ကြီး ဟာရီကိန်းဆိုရင် သူက ဘာလုပ်ချင်တာလဲ... ဆူဇီကို ကပွဲထဲခေါ်လို့မရတာ နှမြောဖို့ကောင်းလိုက်တာ... မဟုတ်ရင် မြို့စားဂရပ်မီယာကို စောင့်ကြည့်ခိုင်းလို့ရတယ်... မဖြစ်သေးဘူး... ငါ အဖေ့ကို သတိပေးရမယ်’
ဒီအတွေးကြောင့် အော်ဒရီဟာ ခပ်မြန်မြန် လမ်းလျှောက်ပြီး ထမင်းစားဆောင်ထဲ ဝင်လိုက်တဲ့အခါ ဝန်ကြီးအဖွဲ့ အတွင်းရေးမှူးချုပ်တို့နဲ့ စကားပြောနေတဲ့ ခရိုင်မြို့စားဟောလ်ကို တွေ့လိုက်ရပါတယ်။
သူမဟာ အပြစ်ကင်းစင်တဲ့ အပြုံးနဲ့ သူမအဖေဆီ လျှောက်သွားပါတယ်။ သူမဟာ ခရိုင်မြို့စားဟောလ်ရဲ့ လက်မောင်းကို ကိုင်လိုက်ပြီး...။
“လူကြီးလူကောင်းတို့... ကျွန်မ ခရိုင်မြို့စားဟောလ်ကို သုံးလေးမိနစ်လောက် ငှားလို့ရမလား”
“ရပါတယ် မိန်းမလှလေး”
လူကြီးလူကောင်းတချို့က အပြုံးနဲ့ ပြန်ပြောပါတယ်။
အော်ဒရီဟာ ခရိုင်မြို့စားရဲ့ လက်မောင်းကို ကိုင်ပြီး လသာဆောင်နား ကပ်သွားပါတယ်။ သူတို့နှစ်ယောက်ဟာ တိတ်ဆိတ်ပြီး လူရှင်းတဲ့ ထောင့်တစ်နေရာကို ရှာကာ...။
“အဖေ... သမီး ပြောစရာရှိတယ်”
ခရိုင်မြို့စားဟောလ်ဟာ တယုတယ အပြုံးနဲ့ သူ့သမီးကို ကြည့်လိုက်ပါတယ်။ ဒါပေမဲ့ သူ့သမီးရဲ့ လေးနက်တဲ့ မျက်နှာကို တွေ့လိုက်ရတဲ့အခါ သူလည်း လေးလေးနက်နက် ဖြစ်သွားပါတယ်။
“ဘာဖြစ်လို့လဲ”
“သမီး ခုနက မြို့စားဂရပ်မီယာနဲ့ တွေ့တယ်... ဒါပေမဲ့ သူက အရင်ကနဲ့ မတူဘူး... အရင်ကဆို သူ့ရဲ့ ရေမွှေးနံ့က နောက်ဆုံးအလွှာမှာ ရှိတာ... အခု အလယ်အလွှာ ဖြစ်နေတယ်...”
သူမဟာ သူမ သတိထားမိတာတွေကို ပြောပြီးနောက်...။
“သမီး မြို့နယ်စားဂလင့်ဆီကနေ ကြားတာ... နောက်တန်းဗိုလ်ချုပ်ကြီး ဟာရီကိန်း ခီလုံဂို့စ်က တခြားလူတစ်ယောက်ရဲ့ အသွင်ကို ယူနိုင်တယ်ဆို... သူက ဘက်ကလင်ထဲ ခိုးဝင်လာတယ်လို့ သတင်းတွေ ပျံ့နေတယ်မလား”
ခရိုင်မြို့စားဟောလ်ဟာ သူ့သမီးစကားကို နားထောင်ပြီးနောက် တော်တော်လေးကိုမှ မျက်နှာတည်သွားပါတယ်။ ဒါပေမဲ့ မကြာခင်မှာပဲ ပြန်ပြုံးသွားပြီး ဗျာများနေတဲ့ သူ့သမီးကို နှစ်သိမ့်ပါတယ်။
“အဖေ ဒီကိစ္စကို ဂရုစိုက်လိမ့်မယ်... သမီးအမေနဲ့ အတူသွားနေချည်... သမီးအမေက စင်္ကြံအစွန်းက အခန်းထဲမှာ နားနေတယ်”
“ဟုတ်ကဲ့”
အော်ဒရီဟာ လိမ်လိမ်မာမာ ခေါင်းညိတ်ပါတယ်။
အော်ဒရီဟာ အခန်းထဲကအထွက်မှာ ပြန်လှည့်ကြည့်လိုက်တဲ့အခါ သူမအဖေက တခြား အထက်တန်းလွှာတစ်ယောက်နဲ့ တီးတိုးပြောနေတာ တွေ့လိုက်ရပါတယ်။ သူ့မျက်နှာကလည်း လေးနက်နေပါတယ်။
အော်ဒရီဟာ မစိုးရိမ်ဘဲ မနေနိုင်ပါဘူး။ သူမဟာ သူ့မိသားစုဝင်တွေ မထိခိုက်အောင် တစ်ခုခုလုပ်ဖို့ လိုတယ်လို့ ခံစားလိုက်ရပါတယ်။
သူမဟာ ပတ်ဝန်းကျင်ကို အကဲခတ်ပြီးနောက် လမ်းကြောင်း ပြောင်းလိုက်ပါတယ်။ သူမဟာ ထမင်းစားဆောင်ကနေ ထွက်ပြီးနောက် နယ်စားနီဂန်ရဲ့ ဆုတောင်းခန်းကို တွေ့သွားပါတယ်။
သူမဟာ တံခါးကို တွန်းဖွင့်ပြီး ဆုတောင်းခန်းထဲဝင်လိုက်ပါတယ်။ အဲဒီနောက် တံခါးကို လော့ချလိုက်ပါတယ်။ သူမဟာ မုန်တိုင်းအရှင်ရဲ့ သင်္ကေတကို ဆုတောင်းခန်းထဲမှာ တွေ့လိုက်ရပါတယ်။ အဲဒီနောက် သူမဟာ နည်းနည်းမှောင်တဲ့ ထောင့်တစ်နေရာကို တွေ့သွားပါတယ်။
အော်ဒရီဟာ အဲဒီမှာထိုင်ပြီး ကိုယ်ကို ရှေ့နည်းနည်းကိုင်းလိုက်ပါတယ်။ အဲဒီနောက် လက်နှစ်ဖက်ကို ဆုပ်ပြီး နဖူးနားကပ်ကာ ဆုတောင်းတဲ့ ပုံစံလုပ်လိုက်ပါတယ်။
အဲဒီနောက် ဟာမီးဘာသာစကားနဲ့ မတိုးမကျယ် ရေရွတ်လိုက်ပါတယ်။
“ဒီခေတ်က မပိုင်ဆိုင်တဲ့အရူး... သင်က မီးခိုးရောင်မြူခိုးထက်က လျှို့ဝှက်ဆန်းကြယ် စိုးမိုသူပါ... သင်က ကံကောင်းမှုကို ပိုင်စိုးတဲ့ ဝါနက်ရောင်ဘုရင်ပါ”
မြန်မာပြည် ငြိမ်းချမ်းပါစေ။