← Chapters

ဆုတောင်းမှုနဲ့ တုံ့ပြန်မှု

Vol. 19 Ch. 189

ဆုတောင်းမှုနဲ့ တုံ့ပြန်မှု

Vol. 19 Ch. 189

ထင်းဂန်မြို့၊ ဒက်ဖဒိုလမ်း။

ကလိုင်းဟာ နောက်ဆုံးပေါ် ပြဇာတ်ကို ဘန်ဆင်၊ မလီဆာတို့နဲ့ ဆွေးနွေးပြီး နောက်တစ်ပတ် အားလပ်ရက်ကျ သွားကြည့်ဖို့ ပြောနေပါတယ်။

“သတင်းစာထဲမှာ ကြော်ငြာထားတာ ဖတ်ရသလောက်တော့ တော်တော်ကောင်းမဲ့ပုံပဲ... ဒီ ‘ခရိုင်မြို့စား ပြန်လာပြီ’ ဆိုတာကို သေချာပေါက် သွားကြည့်သင့်တယ်... ဘက်ကလင်မှာ ဆယ်ခါကျော် ပြပြီးပြီ... ပွဲတိုင်းမှာ ရောင်းကောင်းတာချည်းပဲ... ကျွန်တော်တို့တွေ ဒီအခွင့်အရေးကို လက်မလွှတ်သင့်ဘူး”

ဖျော်ဖြေမှုတွေ သိပ်မရှိတဲ့အတွက် ကလိုင်းဟာ ဒီအခွင့်အ‌ရေးကို လက်လွှတ်မခံချင်ပါဘူး။ ၂၁ ရာစုတုန်းက သူဟာ ဇာတ်လမ်းတွဲတွေကို လက်မလွှတ်တမ်း ကြည့်ခဲ့တာပါ။

‘အင်း... ငါ့ပုံရိပ်ကို ထိန်းသိမ်းဖို့သာ မဟုတ်ရင် ဘားသွားပြီး ဘိလိယက် ထိုးချင်တယ်... အင်း... နေရာတစ်နေရာငှားပြီး တင်းနစ်ကစားရင်လည်း မဆိုးဘူး... တင်းနစ်က လူလတ်တန်းစားတွေအတွက် အပန်းဖြေ အားကစားလို့ ပြောလို့ရတယ်... ငါ့ရဲ့လက်ရှိ ကြံ့ခိုင်မှုနဲ့ တခြားသာလွန်သူတွေနဲ့သာ မတိုးဘူးဆိုရင် ပြိုင်ဘက်ကို အသာလေး ကိုင်တွယ်နိုင်တယ်... ထားလိုက်ပါတော့... လောလောဆယ်မှာ ငါက အားတာ မဟုတ်ဘူး... မနက်ပိုင်းမှာ လာနယ်ဗို့စ်နဲ့ ဆက်စပ်နေတဲ့လူတွေကို စုံစမ်းပြီး နေ့လည်ခင်းမှာ တိုက်ခိုက်ရေး လေ့ကျင့်ရတယ်... ညနေပိုင်းကျတော့လည်း အိမ်မပြန်ခင် မီးခိုးခေါင်းတိုင်နီနဲ့အိမ်ကို ရှာရသေးတယ်’

‘ငါ တကယ်ကို အလုပ်များတဲ့လူပဲ...’ ကလိုင်းဟာ သူ့ကိုယ်သူ အကောင်းမြင်ဖို့ ကြိုးစားပါတယ်။

ဘန်ဆင်က သူ့စကားကို စိတ်ယိုင်ပြီး မလီဆာကတော့ နည်းနည်း တုံ့ဆိုင်းနေသေးတဲ့အတွက် ကလိုင်းဟာ အပြုံးနဲ့ ထပ်ဖြည့်ပြောပါတယ်။

“ကျွန်တော် ကြားတာတော့ ‘ခရိုင်မြို့စား ပြန်လာပြီ’ ရဲ့ ရေပန်းအစားဆုံး ဇာတ်ပို့က ပါရမီရှင် မက္ကန်းနစ်တဲ့”

“အင်း... ညီမတို့တွေ ဘဝမှာ တစ်ခါတော့ ပြဇာတ်ရုံကြီးမှာ ပြဇာတ်ကြည့်သင့်တယ်” မလီဆာဟာ နှုတ်ခမ်းစူပြီး ခေါင်းညိတ်ကာ ပြောပါတယ်။ ဒါပေမဲ့ သူမရဲ့ မျက်လုံးတွေဟာ တလက်လက် တောက်ပနေပါတယ်။

ကလိုင်းဟာ စကားပြန်ပြောဖို့ ပြင်လိုက်ပေမဲ့ အဲဒီအချိန်မှာပဲ သူ့နားထဲမှာ တဝီဝီ မြည်သွားပြီး လေးငါးစက္ကန့်ကြာအောင် မူးဝေသွားပါတယ်။

‘တစ်ယောက်ယောက်က ငါ့ကို ဆုတောင်းနေတယ်...’ သူဟာ နောက်ကျောကို ညာလက်နဲ့ အားပြုပြီး ရယ်လိုက်ပါတယ်။

“အဲဒါဆို ကျွန်တော် လက်မှတ် ရောင်းတာကို စိတ်ရှည်လက်ရှည်နဲ့ စောင့်နေမယ်”

“အင်း... ကျွန်တော် အခန်းထဲပြန်ပြီး အစီရင်ခံစာ ရေးတော့မယ်”

“ငါတို့လည်း အသိပညာပင်လယ်ထဲ ကူးခတ်တော့မယ်... ရေမနစ်ဖို့ မျှော်လင့်ရတာပဲ”

ဘန်ဆင်ဟာ သူ့ကိုယ်သူ လှောင်ရယ်ပြီး မလီဆာနဲ့အတူ ထမင်းစားခန်းထဲ ပြန်သွားပါတယ်။

ကလိုင်းဟာ ဒုတိယထပ် တက်ပြီး သူ့အိပ်ခန်းကို လော့ချလိုက်ပါတယ်။ အဲဒီနောက် စိတ်ဝိညာဉ်တံတိုင်းနဲ့ ချိပ်ပိတ်ပြီး နာရီလက်တံ ပြောင်းပြန်အတိုင်း ခြေလှမ်း လေးလှမ်း လှမ်းကာ မန္တန်ရွတ်ဆိုလိုက်တဲ့အခါ မီးခိုးရောင်မြူခိုးထက်က လောကကို ရောက်ရှိသွားပါတယ်။

သူ့ရုပ်သွင်ဟာ ဘီလူးတွေနဲ့ သင့်တော်တဲ့ ခမ်းနားထည်ဝါတဲ့ နန်းတော်ကြီးထဲက ခေါင်းဆောင် ထိုင်ခုံနေရာမှာ ရုတ်တရက် ပေါ်လာပါတယ်။ ခုန်နေတဲ့ ကြယ်သွေးရောင် ကြယ်တစ်စင်းကလည်း သူ့မျက်လုံးထဲမှာ ထင်ဟပ်သွားပါတယ်။

ကလိုင်းဟာ ညာလက် မြှောက်ပြီး စိတ်ဝိညာဉ်စွမ်းအား ဆန့်ထုတ်ကာ တရားမျှတမှုကို ကိုယ်စားပြုတဲ့ ကြက်သွေးရောင်ကြယ်နဲ့ ဆက်သွယ်မှု တည်ဆောက်လိုက်ပါတယ်။

ဒိုင်းခနဲဆို သူဟာ ဝိုးတိုးဝါးတား ထင်ယောင်ထင်မှား ပုံရိပ်တစ်ခုကို မြင်လိုက်ရပါတယ်။ သူဟာ တရားမျှတမှုက ပွဲတက်ဝတ်စုံနဲ့ မှောင်မိုက်တဲ့ အခန်းထောင့်တစ်နေရာမှာ ကုလားထိုင်ပေါ် ထိုင်နေတာကို တွေ့လိုက်ရပါတယ်။ သူမဟာ ဦးညွှတ်ထားပြီး လက်နှစ်ဖက်ကို ဆုပ်ကိုင်ထားပါတယ်။

တစ်ချိန်တည်းမှာပဲ သူမရဲ့ တုန်လှုပ်နေတဲ့အသံဟာ အရိပ်ပမာ ထွက်ပေါ်လာပြီး ပဲ့တင်ထပ်သွားပါတယ်။

“ဒီခေတ်က မပိုင်ဆိုင်တဲ့အရူး...”

“သင်ဟာ မီးခိုးရောင်မြူခိုးထက်က လျှို့ဝှက်ဆန်းကြယ် စိုးမိုးသူပါ...”

“သင်ဟာ ကံကောင်းမှုကို ပိုင်စိုးတဲ့ ဝါနက်ရောင်ဘုရင်ပါ...”

“အရှင် အာရုံစိုက်ပါစေ”

“အရှင် နားသောတဆင်ပါစေ”

...

“ကျွန်မ နယ်စားကြီးနီဂန် ကျင်းပတဲ့ ကပွဲကို ရောက်နေတယ်... အဲဒီမှာ ခီးလုံဂို့စ်လို့ သံသယရှိတဲ့လူနဲ့ တွေ့တယ်”

“သူက မြို့စားဂရပ်မီယာလို့ ရုပ်ဖျက်ထားတယ်... သူ ဘာလုပ်ချင်လဲ ဆိုတာတော့ ကျွန်မ မသိရသေးဘူး”

“ဒီနေ့ မြို့စားဂရပ်မီယာနဲ့ တွေ့တော့ သူ့ရဲ့ တချို့အရာတွေက အရင်ကနဲ့ မတူတာကို ကျွန်မ သတိထားမိတယ်... အဲဒီမှာ ကျွန်မ ရုပ်ပြောင်းရုပ်လွှဲ လုပ်နိုင်တဲ့ ခီးလုံဂို့စ်ရဲ့ ဆန်းကြယ်ပစ္စည်းကို သွားတွေးမိတယ်”

...

ကလိုင်းဟာ လေးလေးနက်နက် နားထောင်ရင်းနဲ့ ဘာဖြစ်တာလဲဆိုတာကို အဓိပ္ပာယ်ကောက်ပါတယ်။ နောက်ဆုံးမှာ သူဟာ တရားမျှတမှုက ဘာပြောနေတာလဲဆိုတာ နားလည်သွားပါတယ်။

‘ခီးလုံဂို့စ်က ငဆာမွတ်ရဲ့ စွမ်းအားနဲ့ ရုပ်ဖျက်ပြီး နယ်စားကြီးနီဂန်ရဲ့ ကပွဲထဲကို ဝင်သွားတယ်’

‘ဒါပေမဲ့ ခီးလုံဂို့စ်က ကပွဲတတ်တဲ့ မိန်းမပျိုတွေထဲမှာ တစ်ယောက်က ဂရပ်မီယာအကြောင်းကို အသေးစိတ် မှတ်မိနေတဲ့ ပွဲကြည့်သမား ဖြစ်နေလိမ့်မယ်လို့ ထင်ထားမှာ မဟုတ်ဘူး... အဲဒီတော့ သူ ပေါ်သွားပြီဆိုတာကို သူ သိဦးမှာ မဟုတ်ဘူး’

‘ခီးလုံဂို့စ်က ဘာလုပ်ချင်တာလဲ... ငါ ဘာလုပ်သင့်လဲ... ငါ ပြီးခဲ့တဲ့နှစ်ရက်က စိတ်ဝိညာဉ်ပစ္စည်းတွေ မပါဘဲ ယဇ်ပူဇော်တာ ဆင့်ခေါ်တံခါးလိုမျိုးအရာကို ဖန်တီးနိုင်ပေမဲ့ ဖွင့်လို့မရဘူး... စိတ်ဝိညာဉ်ပစ္စည်းတွေနဲ့ နောက်တစ်ကြိမ် စမ်းကြည့်မယ်လို့ စဉ်းစားထားပေမဲ့ အခုထိ စမ်းမကြည့်ရသေးဘူး... မစ္စတရားမျှတမှုက ကပွဲလာတက်တာဆိုတော့ စိတ်ဝိညာဉ်ပစ္စည်းတွေ သေချာပေါက် ရှိမှာ မဟုတ်ဘူး...’

ကလိုင်းဟာ ဆယ်စက္ကန့်ကျော် စဉ်းစားပြီးနောက် တရားမျှတမှုရဲ့ ဆုတောင်းကို တုံ့ပြန်လိုက်ပါတယ်။

...

နယ်စားနီဂန် စံအိမ်ထဲက ဆုတောင်းခန်းလေးအတွင်း။

အော်ဒရီဟာ သုံးလေးခါ ထပ်ခါထပ်ခါ ဆုတောင်းပြီးမှ ဆုတောင်းတာ ရပ်လိုက်ပါတယ်။ သူမဟာ အဝတ်အစားတွေကို သပ်ရပ်အောင် ပြုပြင်ပြီး အခန်းအပြင်ကို ခပ်သွက်သွက် ထွက်ပါတယ်။

သူမဟာ အကြာကြီး ပျောက်နေလို့ မရဘူးဆိုတာ သိပါတယ်။ သူမ အကြာကြီး ပျောက်နေရင် သူ့မိဘတွေကို စိုးရိမ်ပြီး အခြေအနေကို တစ်လွဲ ကောက်ချက် ချနိုင်ပါတယ်။ အဲဒါဆို သူတို့ရဲ့ အခြေအနေပေါ် တုံ့ပြန်မှုကလည်း မှန်ကန်တော့မှာ မဟုတ်ပါဘူး။

အော်ဒရီဟာ တံခါးနောက်မှာ ရပ်ရင်း အသက်ပြင်းပြင်းရှူပြီး ညာလက်ကိုဆန့်ကာ တံခါးလော့ကို သတိရှိရှိနဲ့ ဖွင့်လိုက်ပါတယ်။

သူမဟာ ဆုတောင်းခန်းလေးထဲက ထွက်ပြီးနောက် စင်္ကြံအတိုင်း ညစာခန်းမဘက်ကို လျှောက်ပါတယ်။ ဝိုင်ခွက်နဲ့ ပန်းကန်ပြားတွေ ကိုင်ထားတဲ့ လူတွေနဲ့ တဖြည်းဖြည်း နီးလာတဲ့အခါ သူမရဲ့ မြင်ကွင်းဟာ ရုတ်တရက်ဆိုသလို ဝေဝါးပြီး မြူဆိုင်းသွားပါတယ်။

ထူထဲတဲ့ မြူခိုးတွေရဲ့ အလယ်မှာတော့ ရှေးဟောင်း ကုလားထိုင်တစ်လုံး ရှိနေပြီး ဒီကုလားထိုင်ပေါ်မှာတော့ အရာအားလုံးကို ငုံ့ကြည့်နေတယ်လို့ ထင်ရတဲ့ လျှို့ဝှက်ဆန်းကြယ် တည်ရှိမှုတစ်ခု ရှိနေပါတယ်။

‘မစ္စတာအရူး...’

အော်ဒရီဟာ ကျေနပ် အံ့အားသင့်သွားပြီး အသံထွက် ‌အော်မိတော့မလို ဖြစ်သွားပါတယ်။

အဲဒီနောက် သူမဟာ တရင်းတနှီးရှိလှတဲ့ အသံနက်ကို ကြားလိုက်ရပါတယ်။

“သိပြီ”

ဒီအသံဟာ ပဲ့တင်ထပ်သွားပြီး မြူခိုးဟာ ပျောက်ကွယ်သွားပါတယ်။ အော်ဒရီရဲ့ မြင်ကွင်းလည်း ပုံမှန်အတိုင်း ပြန်ဖြစ်သွားပါတယ်။ သူမရင်ထဲက စိုးရိမ်သောကတွေလည်း တစ်မုဟုတ်ချင်း ပျောက်ကွယ်သွားပါတယ်။ သူမဟာ ခေါင်းမော့ ရင်ကော့ပြီး ပေါ့ပေါးသွက်လက်တဲ့ ခြေလှမ်းတွေနဲ့ ညစာခန်းမထဲ ဝင်လိုက်ပါတယ်။ အဲဒီနောက် ညစာခန်းမထဲက ဖျော်ဖြေရေးခန်းဆီ လျှောက်သွားပါတယ်။

...

မြူခိုးလောကထဲက ခမ်းနားထည်ဝါတဲ့ နန်းတော်ကြီးထဲမှာ...။

ကလိုင်းဟာ မစ္စတရားမျှတမှုကို တုံ့ပြန်ပြီးနောက် လူဇောက်ထိုးကို သတင်းစကား ဘယ်လိုပါးရမလဲဆိုတာ စဉ်းစားပါတယ်။

‘ငါ ဒီအတိုင်း သူ့ကို ပြန်ပြောရင် ငါ့ပုံရိပ်ကို ထိခိုက်စေလိမ့်မယ်... ဘယ်လျှို့ဝှက်ဆန်းကြယ် တည်ရှိမှုက သတင်းပို့သမား လုပ်မှာလဲ’

သူဟာ တစ်မိနစ်နီးပါး စဉ်းစားပြီးနောက် အကြံတစ်ခု ရသွားပါတယ်။ သူဟာ မစ္စတရားမျှတမှု ဆုတောင်းနေတဲ့ မြင်ကွင်းကို ဖန်တီးပြီး ဆင်ဆာဖြတ်ထားတဲ့ ဇာတ်လမ်းလိုမျိုး မသဲမကွဲဖြစ်အောင် ပြောင်းလိုက်ပါတယ်။

အဲဒီနောက် သူဟာ လက်ဆန့်ပြီး လူဇောက်ထိုးကို ရည်ညွှန်းတဲ့ ကြက်သွေးရောင်ကြယ်ဆီ ပို့လိုက်ပါတယ်။

...

ဘက်ကလင်၊ ချာဝတ်မြို့နယ်၊ သန့်စင်မွန်မြတ်လေ ဘုရားရှိခိုးကျောင်း။

လူဇောက်ထိုး အယ်ဂျာဝဲလ်ဆင်ဟာ အခန်းတစ်ခန်းအတွင်းမှာ စုံစမ်းထောက်လှမ်းမှု အစီရင်ခံစာတွေ ဖတ်ပြီး နောက်တန်း ဗိုလ်ချုပ်ကြီး ဟာရီကိန်း ခီးလုံဂို့စ်ရဲ့ သဲလွန်စကို ရှာဖွေနေပါတယ်။

သူ့ညာလက်နားမှာ တွန့်လိမ် ကောက်ကွေးနေတဲ့ သင်္ကေတ အများကြီးနဲ့ စာရွက်တစ်ထပ် ရှိနေပါတယ်။

အယ်ဂျာဟာ ကုလားထိုင်မှာ နောက်မှီပြီး မျက်လုံးကို ပွတ်လိုက်တယ်ဆိုရင်ပဲ သူ့မြင်ကွင်းက ဝေဝါးသွားပါတယ်။ ထူထဲတဲ့ မီးခိုးရောင် မြူခိုးတွေဟာ သူ့မြင်ကွင်းထဲမှာ ပြည့်သွားပါတယ်။

အဆုံးမဲ့တဲ့ မြူခိုးတွေရဲ့ နက်ရှိုင်းတဲ့ တစ်နေရာမှာ ထာဝရ တည်ရှိနေတယ်လို့ ထင်ရတဲ့ ရှေးကျတဲ့ ကုလားထိုင်တစ်လုံး ရှိနေပါတယ်။ ဒီကုလားထိုင်ပေါ်မှာ လူတစ်ယောက် ထိုင်နေပါတယ်။

‘မစ္စတာအရူး...’

ဒီအတွေး အယ်ဂျာရဲ့ ခေါင်းထဲကို ဝင်လာတယ်ဆိုရင်ပဲ ဖြူမှိုင်းမှိုင်း မြူခိုးထဲမှာ ပွဲတတ်ဝတ်စုံနဲ့ နောက်ထပ် လူတစ်ယောက် ဝိုးတိုးဝါးတား ပေါ်လာပါတယ်။

သူမဟာ ဆုတောင်းတဲ့ ပုံစံအနေအထားနဲ့ ထပ်ခါထပ်ခါ ပြောနေပါတယ်။

“ကျွန်မ နယ်စားကြီးနီဂန် ကျင်းပတဲ့ ကပွဲကို ရောက်နေတယ်... အဲဒီမှာ ခီးလုံဂို့စ်လို့ သံသယရှိတဲ့လူနဲ့ တွေ့တယ်”

“သူက မြို့စားဂရပ်မီယာလို့ ရုပ်ဖျက်ထားတယ်... သူ ဘာလုပ်ချင်လဲ ဆိုတာတော့ ကျွန်မ မသိရသေးဘူး”

“ဒီနေ့ မြို့စားဂရပ်မီယာနဲ့ တွေ့တော့ သူ့ရဲ့ တချို့အရာတွေက အရင်ကနဲ့ မတူတာကို ကျွန်မ သတိထားမိတယ်... အဲဒီမှာ ကျွန်မ ရုပ်ပြောင်းရုပ်လွှဲ လုပ်နိုင်တဲ့ ခီးလုံဂို့စ်ရဲ့ ဆန်းကြယ်ပစ္စည်းကို သွားတွေးမိတယ်”

...

အယ်ဂျာဟာ ပထမတော့ လန့်သွားပြီး အဲဒီနောက် ကျေနပ် အံ့အားသင့်သွားပါတယ်။ သူဟာ ရင်ဘက်ကို လက်ဖဝါးနဲ့ ဖိလိုက်ပြီး ခေါင်းငုံ့ကာ...။

“မစ္စတာအရူကို ချီးကျူးကြလော့”

သူ့စကား မဆုံးခင်မှာဘဲ သူ မြင်သမျှ ကြားသမျှဟာ ဘာမှ မဖြစ်သလိုမျိုး တစ်မုဟုတ်ချင်း ပျောက်ကွယ်သွားပါတယ်။

ဧကရာဇ်ရစ်ဆဲလ်ရဲ့ ဒိုင်ယာရီ စာရွက်တွေနဲ့ စုံစမ်းထောက်လှမ်းမှု အစီရင်ခံစာတွေ ပြန်ကျဲနေတဲ့ စားပွဲကို စိုက်ကြည့်ရင်း အယ်ဂျာဟာ အရူးက ဘယ်လောက် စွမ်းအားကြီးတယ်ဆိုတာ ထပ်ပြီးတော့ သဘောပေါက်သွားတာကြောင့် မျက်ဆံတွေ ကျုံ့သွားပါတယ်။

ဒီနေရာက သန့်စင်မွန်မြတ်လေ ဘုရားရှိခိုးကျောင်းပါ။ တစ်ခါတုန်းက မုန်တိုင်းအရှင် ဘုရားကျောင်းတွေရဲ့ ဌာနချုပ် ဖြစ်ခဲ့ဖူးပါတယ်။ အဲဒါက လွန်ခဲ့တဲ့ နှစ်တစ်ထောင်ကမလို့ တော်တော် ကြာသွားပြီဆိုပေမဲ့ ကိုးကွယ်ယုံကြည်သူ တော်တော်များများဟာ ဒီနေရာကို သန့်စင်မွန်မြတ်တဲ့ နေရာအဖြစ် ရှုမြင်တုန်းပါပဲ။ ဒါပေမဲ့ မစ္စတာအရူးက ဒီလိုနေရာမျိုးကို အသိပေးချက်မရှိ ရောက်လာပြီး တုံ့ပြန်မှု ပေးသွားပါတယ်။

စက္ကန့်နှစ်ဆယ်လောက် တိတ်ဆိတ်နေပြီးနောက် အယ်ဂျာဟာ သူ့ပစ္စည်းတွေကို စုစည်းကာ အခန်းထဲကနေ ထွက်လိုက်ပါတယ်။

သူဟာ မုန်တိုင်းအရှင် ဘုရားကျောင်းရဲ့ ရေဖျန်းဘုန်းတော်ကြီးတွေထဲက တစ်ဦး၊ ဘက်ကလင်ဂေါစဂါမ်ကို အုပ်ချုပ်ရတဲ့ ဂိုဏ်းချုပ်ဘုန်းတော်ကြီး၊ ဘုရားသခင်ရဲ့ တေးသီဆိုပညာရှင်ဖြစ်တဲ့ အေ့စနိတ်ကို သွားရှာပါတယ်။

အယ်ဂျာဝဲလ်ဆင်အတွက် နောက်တန်း ဗိုလ်ချုပ်ကြီး ဟာရီကိန်း ခီးလုံဂို့စ်ကို ကိုယ်တိုင် သတ်နိုင်ရင် အကောင်းဆုံးပါ။ ဒါပေမဲ့ သူ မသတ်နိုင်လို့ တခြားသူလက်ချက်နဲ့ ခီးလုံဂို့စ် သေသွားရင်လည်း လက်ခံလို့ရပါတယ်။

...

မစ္စတရားမျှတမှုရဲ့ သတင်းစကားကို လူဇောက်ထိုးဆီ ပါးပြီးနောက် ကလိုင်းဟာ မီးခိုးရောင် မြူခိုးထက်က ဆန်းကြယ်လောက,ကနေ ထွက်ကာ သူ့အိပ်ခန်းထဲ ပြန်ရောက်သွားပါတယ်။

သူဟာ စိတ်ဝိညာဉ်တံတိုင်းကို အလျင်စလို မပယ်ဖျက်ဘဲ စားပွဲရှေ့မှာထိုင်ပြီး စာရွက်တစ်ရွက်ကို ထုတ်ယူလိုက်ပါတယ်။ အဲဒီနောက် ဖော့ပင် ကောက်ကိုင်ပြီး စာတစ်စောင် ချရေးပါတယ်။

“ရင်းမြစ်တစ်ခုကနေ ရထားတဲ့ အရေးကြီးသတင်းအရဆိုရင် ခီးလုံဂို့စ်က သိုးထိန်းအစွမ်းကို သုံးပြီး မြို့စားဂရပ်မီယာ အသွင်နဲ့ နယ်စားနီဂန်ရဲ့ ကပွဲကို တက်တယ်လို့ သိရတယ်... သူ့ရည်ရွယ်ချက်က ဘာလဲဆိုတာ လောလောဆယ်တော့ မသိရသေးဘူး”

ကလိုင်းဟာ မစ္စတာအက်ဇစ်က သူ့ကို သံသယဝင်မှာ ကြေးနန်းတောင် မရှိသေးတဲ့ ဒီလောကမှာ ဘက်ကလင်မှာ ဖြစ်တာကို ထင်းဂန်မှာနေတဲ့ လူတစ်ယောက်က ဘယ်လိုလုပ်ပြီး ချက်ချင်းသိလဲဆိုတာကို သံသယဝင်မှာ မစိုးရိမ်ပါဘူး။

“မစ္စတာအက်ဇစ်က ဒါကို စိတ်ဝင်စားမစားတော့ ကျွန်တော် မသိဘူး... ဒါပေမဲ့ ကျွန်တော် မစ္စတာအက်ဇစ်ကို အသိပေးသင့်တယ်ထင်လို့ အကြောင်းကြားတာပါ”

ကလိုင်းဟာ စာကို ခပ်မြန်မြန် အဆုံးသတ်ပြီး စာရွက်ကို ခေါက်လိုက်ပါတယ်။ အဲဒီနောက် ရှေးဟောင်း ကြေးခရာကို ပါးစပ်နားတေ့ပြီး အားကုန် မှုတ်လိုက်ပါတယ်။

ကြီးမားပြီး ကြောက်စရာကောင်းလှတဲ့ အရိုးခြောက် တမန်တော်ဟာ အရင်တစ်ခေါက်နေရာမှာ တစ်ခါထပ်ပေါ်လာပြီး သူ့ခေါင်းက မျက်နှာကြက် ဖောက်ထွက်နေတာကို ဂရုမစိုက်ပါဘူး။

ကလိုင်းဟာ လူရွှင်အစွမ်းနဲ့ စာအိတ်ကို ဓားပျံလို ပစ်ပေါက်ချင်စိတ်ကို မနည်းမျိုချပြီး အသာပစ်ပေးလိုက်ပါတယ်။ အဲဒီနောက် သူဟာ ကြေးခရာကို ထပ်မှုတ်ပြီး ဆင့်ခေါ်တာကို အဆုံးသတ်လိုက်ပါတယ်။ ပြီးတဲ့အခါမှာတော့ သူဟာ စိတ်ငြိမ်အောင်ထိန်းပြီး အဖြစ်အပျက်တွေကို နောက်တစ်ခေါက် စဉ်းစားပါတယ်။

လောလောဆယ်မှာ သူ လုပ်နိုင်တာ ဒါအကုန်ပါပဲ။

သူ ဆင့်ခေါ်အစီအရင်ကို သုံးပြီး နေမီးတောက်အဆောင်ကို ဘက်ကလင်ဆီ ယူသွားလို့ရပေမဲ့ အဲဒါက သူ့အတွက် အန္တရာယ်များလွန်းပါတယ်။

ပထမဆုံး ခီးလုံဂို့စ်က ဆုံမှတ် ၆ လေဆုမွန်ပါ။ နောက်ပြီးတော့ သူ့ဆီမှာ ငဆာမွတ်လည်း ရှိပါတယ်။ ဒုတိယက ဒီလုပ်လုပ်ဖို့က ကရိကထ များလွန်းပါတယ်။ ဒီလိုလုပ်ဖို့ သူ အရင်ဆုံး နေမီးတောက်အဆောင်ကို မီးခိုးရောင်မြူခိုးထက်ဆီ ယူသွားဖို့ လိုပါတယ်။ တတိယက သူ့ပုံရိပ်ကို ထိခိုက်စေနိုင်ပါတယ်။ အဲဒါကြောင့် သူဟာ ဒီအကြံကို အမြော်အမြင် ရှိရှိနဲ့ပဲ လက်လျှော့လိုက်ပါတယ်။

‘ရိုးရိုးသားသား ပြောရရင် ဒီကိစ္စက ဒီလောက်ကြီး မကြီးကျယ်ပါဘူး... နယ်စားနီဂန်က တော်ဝင်မိသားစုပြီးရင် ဩဇာအရှိဆုံး အထက်တန်းလွှာပဲ... ကွန်ဆာဗေးတစ်ပါတီနောက်က အဓိကပါတီဝင်လည်း ဟုတ်တယ်... ဒီနေ့ကပွဲကို ဩဇာအာဏာရှိတဲ့ အထက်တန်းလွှာတွေ အများကြီး လာမှာဆိုတော့ သာလွန်သူတွေ သေချာပေါက် စောင့်ကြပ်နေမှာပဲ... ဒီလိုမဟုတ်ဘူးဆိုရင် ခီးလုံဂို့စ်က ကပွဲထဲကို ရုပ်ဖျက်ပြီး ဝင်မှာ မဟုတ်ဘူး... မစ္စတရားမျှတမှုက သူ့ကို စောစောစီးစီး သတိထားမိသွားပြီဆိုတော့ အထက်တန်းလွှာတွေ ကြိုတင်ပြင်ဆင်နိုင်လိမ့်မယ်... ဒီတော့ ဒီကိစ္စက ကြီးကြီးမားမား မဖြစ်လောက်ဘူး...’

‘မစ္စတာအက်ဇစ်ရဲ့ တမန်တော်က ဘယ်လောက်မြန်လဲ မသိဘူး... သူက စိတ်ဝိညာဉ်လောက,ကနေ ခရီးနှင်တာဆိုရင် မစ္စတာအက်ဇစ်ဆီကို အချိန်မီ ရောက်လောက်တယ်... မဒမ်ဒေလီရဲ့ တမန်တော်မျိုးဆိုရင်တော့ မနက်ဖြန် သတင်းစာကျမှပဲ ဖတ်ရလိမ့်မယ်...’

ကလိုင်းဟာ ခေါင်းညိတ်လိုက်ပြီး ဒီကိစ္စကို ခေါင်းထဲကနေ ရှင်းထုတ်လိုက်ပါတယ်။ သူ ဒီထက်ပိုပြီးတော့ ဘာမှမလုပ်နိုင်တော့ဘူး မဟုတ်ပါလား။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters