← Chapters

အစွမ်းမျိုးစုံ

Vol. 19 Ch. 190

အစွမ်းမျိုးစုံ

Vol. 19 Ch. 190

နယ်စားနီဂန် စံအိမ်၊ အကခန်းမ။

မြို့စားဂရပ်မီယာအဖြစ် ရုပ်ဖျက်ထားတဲ့ ခီးလုံဂို့စ်ဟာ အော်မီယာ စပျစ်ဝိုင်တစ်ခွက် ကိုင်ပြီး ဒုတိယထပ်က လက်ရန်းနောက်မှာ သာမန်ကာလျှံကာ ရပ်နေပါတယ်။ သူဟာ အကခန်းမကို အပေါ်စီးကနေ ကြည့်ပြီး သားသားနားနား ဝတ်စားထားတဲ့ မိန်းမလှတွေရဲ့ အလှအပကို ခံစားနေပါတယ်။

သို့ပေမဲ့ သူ့မျက်လုံးထဲမှာ ရာဂ လုံးဝ မရှိပါဘူး။ ရေခဲအိုင်လို တည်ငြိမ်နေပါတယ်။ သူဟာ မျက်လုံးထောင့်ကနေ အနီးအနားမှာရှိနေတဲ့ ဖြတ်သွားဖြတ်လာ မိန်းမလှတွေကို ကြည့်နေတဲ့ နယ်စားနီဂန်ကို ချောင်းကြည့်လိုက်ပါတယ်။

နယ်စားနီဂန်ဟာ သေချာမီးပူတိုက်ထားတဲ့ ပခုံးက ဂုဏ်ပြု တံဆိပ်တွေနဲ့ ဆက်ထားတဲ့ ဖဲကြိုးနီတွေပါတဲ့ ရေတပ်ယူနီဖောင်းကို ဝတ်ဆင်ထားပါတယ်။ သူဟာ စစ်တပ်ထဲမှာ ဆယ်စုနှစ်ကြာအောင် တာဝန်ကျေပွန်စွာ အမှုထမ်းခဲ့တာကို ဂုဏ်ယူတဲ့အနေနဲ့ ပွဲတက်အခမ်းအနားတွေမှာ စစ်ယူနီဖောင်းကို ဝတ်ဆင်လေ့ရှိပါတယ်။

သို့ပေမဲ့ အချိန်အကြာကြီး စစ်မှုထမ်းခဲ့တာက သူ့ခန္ဓာကိုယ်ကို ဒဏ်ဖြစ်စေခဲ့ပါတယ်။ တစ်ချိန်က သိမ်းငှက်မျက်လုံးတွေ စူးရှခဲ့တဲ့ သူ့ရဲ့ မီးခိုးရောင် မျက်လုံးတွေဟာ အခုအချိန်မှာတော့ လိုအင်ဆန္ဒတွေပြည့်ပြီး ဝေဝါးနောက်ကျိနေပါတယ်။ သို့ပေမဲ့ သူဟာ သူ့ကိုယ်သူ ဂရုစိုက်တဲ့အတွက် မျက်နှာပေါ်က အရေးအကြောင်းတွေဟာ သိပ်ပြီးတော့ ထင်ထင်ရှားရှား မရှိလှပါဘူး။ သူ့ရဲ့ ဆံပင်တွေကလည်း သန်ပြီး နက်မှောင်နေတုန်းပါ။

သူက လက်ရှိ နယ်စားနီဂန်ဖြစ်တဲ့ ဖဲလစ်နီဂန်ပါ။ သူက ကွန်ဆာဗေးတစ်ပါတီကို အဓိက ထောက်ခံသူ ဖြစ်သလို ဝန်ကြီးချုပ်အဂွေးဆစ်နဲ့လည်း ညီအစ်ကို တော်ပါတယ်။ လိုအင်နိုင်ငံထဲက အချမ်းသားဆုံးနဲ့ အာဏာအရှိဆုံး အမျိုးသားတွေထဲက တစ်ယောက်ဆိုရင်လည်း မမှားပါဘူး။

တစ်ချိန်တည်းမှာပဲ ခီးလုံဂို့စ် ဘက်ကလင်ထဲ ခိုးဝင်လာတာကလည်း သူ့ကြောင့်ပါ။

‘ဒီလိုမျိုး အရေးကြီးတဲ့လူကို လုပ်ကြံရမှာက ငါ့ကို အရမ်း စိတ်လှုပ်ရှားစေတယ်’ ခီးလုံဂို့စ်ဟာ သူ့အကြည့်ကို ပြန်ရုပ်ပြီး မျက်လုံး မှိတ်လိုက်ပါတယ်။

သူ ဒီတာဝန်ကို လက်ခံခဲ့တာက တစ်ဖက်လူပေးတဲ့ တန်ကြေးက တော်တော်လေး များလို့ပါ။ နောက်ပြီး သူကိုယ်တိုင်ကလည်း ဒီလိုမျိုး စွန့်စားရတာကို နှစ်သက်ပြီး ခက်ခက်ခဲခဲ စိန်ခေါ်မှုတွေကို ကျော်ဖြတ်ရတာ ကြိုက်လို့ပါ။

‘ဒီလုပ်ကြံမှုသာ အောင်မြင်ရင် ငါ့ရဲ့ ဂုဏ်သတင်းက တောင်ပိုင်းတိုက်နဲ့ မြောက်ပိုင်းတိုက် နှစ်တိုက်စလုံးမှာ ဟိုလေးတကျော်ကျော် ဖြစ်ပြီး ဘုရင်လေးပါးအထက်ကို ရောက်သွားမှာပဲ... နောက်ပြီး ဧကရာဇ်ရစ်ဆဲလ် ဖန်တီးခဲ့တဲ့ ဘုရားသခင် လျှို့ဝှက်ချက်ပါတဲ့ ကဒ်တစ်ကဒ်ကိုလည်း ရဦးမှာ...’

ခီးလုံဂို့စ်ဟာ စိတ်လှုပ်ရှားမှာကို ထိန်းချုပ်ပြီး ခေါင်းငုံ့ကာ သူ့ဘယ်လက်ကို စစ်လိုက်ပါတယ်။

ငဆာမွတ်က အကြည်သား ဖြစ်နေတဲ့အတွက် မြို့စားဂရပ်မီယာက လက်အိတ် စွပ်ထားတယ်ဆိုတာ သာမန်မျက်လုံးနဲ့ရော ထိတွေ့မှုနဲ့ရော မပြောနိုင်ပါဘူး။

‘ဒီပစ္စည်းက တော်တော်လေးကို မှော်ဆန်တယ်... ဒီပစ္စည်းကြောင့်သာ မဟုတ်ရင် ဆုံမှတ် ၆ ပဲရှိတဲ့ ငါက ပင်လယ်ဓားပြ ဗိုလ်ချုပ်ကြီး ဖြစ်လာမှာ မဟုတ်ဘူး...’

ဒီအတွေးနဲ့အတူ ခီးလုံဂို့စ်ရဲ့ ရင်ထဲမှာ နောင်တ,တရားပါ လှိမ့်တက်လာပါတယ်။

ပင်လယ်ဓားပြ လုပ်လာတဲ့ သက်တမ်းတစ်လျှောက်မှာ သူဟာ သာလွန်သူတွေ အများကြီးနဲ့ ထိတွေ့ ဆက်ဆံခဲ့ရပါတယ်။ အဲဒီ သာလွန်သူတွေထဲမှာ ဆိုနီယာပင်လယ် အဆုံးမှာ စွန့်စားခရီးထွက်ကြတဲ့ အော်ရိုရာဂိုဏ်းသားတွေလည်း ပါပါတယ်။

အဲဒါကြောင့် သူဟာ ငဆာမွတ်က တကယ့် သိုးထိန်းလိုမျိုး မစွမ်းဆောင်နိုင်ဘူးဆိုတာ ကောင်းကောင်းကြီး သိပါတယ်။

ပထမတစ်ချက်အနေနဲ့ ပြောင်းလဲတဲ့အလျင်က နှေးကွေးလွန်းပါတယ်။ အနည်းဆုံး တစ်စက္ကန့် လိုပါတယ်။ သိုးထိန်းအစစ်ဆိုရင် ရုတ်ခြည်း ပြောင်းလဲနိုင်စွမ်း ရှိပါတယ်။

ဒုတိယတစ်ချက်ကတော့ ထိန်းချုပ်ထားတဲ့ ဝိညာဉ်ကနေ သုံးလို့ရတဲ့ စွမ်းအား တစ်မျိုးကနေ သုံးမျိုးမှာ ဘယ်လိုစွမ်းအားမျိုးကို သုံးနိုင်လဲ၊ ဘယ်လောက် စွမ်းအားကြီးမလဲဆိုတာကို ကြိုမသိနိုင်တာပါ။ အကုန်လုံးက ကံတရားပေါ် မူတည်ပါတယ်။ သိုးထိန်းအစစ်ဆိုရင်တော့ ဒီစွမ်းအားသုံးမျိုးကို စိတ်ကြိုက် ဆုံးဖြတ်နိုင်ပါတယ်။ သူတို့တွေဟာ ကာစီနိုမှာလိုမျိုး လောင်းကစားလုပ်စရာ မလိုပါဘူး။

နောက်ဆုံးတစ်ချက်ကတော့ ငဆာမွတ်ဟာ တစ်ချိန်တည်းမှာ ဝိညာဉ်ငါးခုပဲ သိမ်းထားနိုင်တာပါ။ တကယ့်သိုးထိန်းအစစ်ဆိုရင် ခုနစ်ခုတောင် သိမ်းထားနိုင်ပါတယ်။

သို့ပေမဲ့ နှစ်ခုစလုံးမှာ တူညီတဲ့ ကန့်သတ်ချက်တစ်ခုတော့ ရှိပါတယ်။ အဲဒါက တစ်ကြိမ်ကို ထိန်းချုပ် ဝိညာဉ်တစ်ခုပဲ သုံးလို့ရပြီး အဲဒီဝိညာဉ်ရဲ့ သာလွန်စွမ်းအားနဲ့ သူတို့ကိုယ်ပိုင် သာလွန်စွမ်းအားကိုပဲ အသုံးပြုနိုင်တာပါ။ ရှိနေတဲ့ ဝိညာဉ်တစ်ခုကို ဝိညာဉ်အသစ်နဲ့ အစားထိုးမယ်ဆိုရင် အစားထိုးခံရတဲ့ ဝိညာဉ်က လုံးဝပျောက်ကွယ်သွားမှာပါ။ ဒီကိစ္စက ပြန်ပြင်လို့ မရပါဘူး။

ခီးလုံဂို့စ်ဟာ ခုနစ်နှစ် ရှစ်နှစ်ကျော် ချိန်ညှိပြီးမှပဲ သူ့အတွက် အဆင်ပြေတဲ့ ဝိညာဉ်ငါးခုကို ရခဲ့ပါတယ်။ ဒီဝိညာဉ်ငါးခုရဲ့ စွမ်းအားတွေက အချင်းချင်း လိုက်ဖက်တဲ့အတွက် သူတို့ပိုင်ရှင်ရဲ့ စွမ်းအားကို ကြောက်ခမန်းလိလိ ဖြစ်စေပါတယ်။

ဒီနှစ်တွေမှာ သူ့ရဲ့ ဆက်တိုက် ချိန်ညှိမှုနဲ့ စမ်းသပ်မှုတွေကြောင့် ပင်လယ်ဓားပြတွေကြားမှာ နောက်တန်း ဗိုလ်ချုပ်ကြီး ဟာရီကိန်းက အတုမဲ့တယ်လို့ ကောလဟာလတွေ ထွက်ပေါ်လာခဲ့ပါတယ်။

ကပွဲသီချင်းသံကြားထဲမှာ ခီးလုံဂို့စ်ဟာ သူလှုပ်ရှားမှာတွေကို စိတ်ထဲမှာ အစမ်းလေ့ကျင့်ပါတယ်။ သူဟာ စိတ်ထဲမှာ သက်ပြင်းတစ်ချက် ချလိုက်ပါတယ်။

‘အင်း... ကံမကောင်းချင်တော့ ငါ ဒီရက်တွေမှာ ခရီးသွားကို ရှာမတွေ့တာဘဲ... မဟုတ်ရင် ဒီညအတွက် ဘာမှစိုးရိမ်နေစရာ မလိုဘူး’

ခီးလုံဂို့စ်ဟာ ခရီးသွားဖြစ်ဖို့များတဲ့ မိန်းမကိုသာ ဖမ်းမိခဲ့ရင် အခုလိုမျိုး ငဆာမွတ်ထဲမှာ ကျောင်းထားတဲ့ ဝိညာဉ်ငါးခုထဲက တစ်ခုခုနဲ့ လဲလှယ်ဖို့ တွန့်ဆုတ်နေမှာ မဟုတ်ပါဘူး။

သူ့အတွက် ခရီးသွားတစ်ယောက်ရဲ့ အစွမ်းက တန်ဖိုးဖြတ်လို့ မရပါဘူး။

ခီးလုံဂို့စ်ဟာ မျက်နှာကျက်မှာ ချိတ်ဆွဲထားတဲ့ မီးပန်းဆိုင်းကို တစ်ချက်ကြည့်ပြီးနောက် ဆက်မစောင့်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

သူ အခုထိန်းချုပ်ထားတဲ့ ဝိညာဉ်မှာက ရုပ်ပြောင်းရုပ်လွှဲ အစွမ်းတစ်ခုပဲ ရှိပါတယ်။ တခြားသာလွန်တွေနဲ့ ယှဉ်ပြိုင်တိုက်ခိုက်နိုင်တဲ့ အစွမ်းဆိုလို့ တစ်စက်ကလေးတောင် မရှိပါဘူး။ သို့ပေမဲ့ ဒီရုပ်ပြောင်းရုပ်လွှဲက တော်တော်ကလေး အသုံးဝင်ပါတယ်။ အဲဒါကြောင့် ခီးလုံဂို့စ်ဟာ ဒီဝိညာဉ်ကို တစ်ချိန်လုံး သိမ်းထားခဲ့ပါတယ်။

ကောင်းတာတစ်ခုက သူ ဘယ်ဝိညာဉ်ကိုပဲ ထိန်းချုပ် ထိန်းချုပ် သူ့ရဲ့ လေဆုမွန် သာလွန်စွမ်းအားကို တစ်ချိန်တည်းမှာ သုံးလို့ရတာပါ။

နောက်ဆုံးမှာတော့ သူဟာ ကိုယ်လုံးကိုယ်ပေါက် အချိုးအဆစ် ပြေပြစ်တဲ့ အထက်တန်းလွှာ ကတော်တစ်ယောက်ကို စိုက်ကြည့်နေသလိုမျိုး သရုပ်ဆောင်ပြီး နယ်စားကြီးနီးဂန်နဲ့ သူ့မိတ်ဆွေတွေ စကားပြောနေရာကို လျှောက်သွားပါတယ်။

‘နယ်စားကြီးနီဂန်က မုန်တိုင်းအရှင်ရဲ့ အမာခံနောက်လိုက်ပဲ... သူက မုန်တိုင်းအရှင် ဘုရားကျောင်းရဲ့ နိုင်ငံရေးနယ်ပယ် လွှမ်းမိုးမှုမှာ အဓိကကျတဲ့လူပဲ... အဲဒီတော့ သူ့ဘေးမှာ သူ့ကို ကာကွယ်နေတဲ့ မုန်တိုင်းအရှင် ဘုရားကျောင်းက သာလွန်သူတစ်ယောက်ယောက် ရှိရမယ်... နီဂန် မိသားစုက ရှေးကျတဲ့ နှစ်ထောင်ချီ အထက်တန်းလွှာ မိသားစု မဟုတ်ဘူးဆိုပေမဲ့ သူက လိုအင်နိုင်ငံထဲမှာ အချမ်းသားဆုံးနဲ့ အာဏာရှိတဲ့လူပဲ... ဒီတော့ သူက ဆုံမှတ်ဆေးရည် ဖော်မြူလာတွေကို တိတ်တဆိတ် မရှာဖွေရင်တောင် သာလွန်သူတွေကိုတော့ ငှားထားမှာပဲ...’

ခီးလုံဂို့စ်ဟာ တွေးတောစဉ်းစားရင်းနဲ့ အထက်တန်းလွှာတွေ အရာရှိတွေကို စိတ်ထဲကနေ ဖယ်ထုတ်ကာ နယ်စားကြီးနီးဂန်ဘေးမှာ အမြဲတမ်းရှိနေတဲ့ လူတစ်ယောက်ကို ကြည့်လိုက်ပါတယ်။ ဒီလူဟာ မျက်လုံးပြာနဲ့ ဆံပင်ညိုရှိပြီး အနက်ရောင် ထက်စီဒိုကို ဝတ်ဆင်ထားပါတယ်။ သူဟာ မျက်နှာသေနဲ့ ရပ်နေပြီး တစ်ချိန်လုံး ပတ်ဝန်းကျင်ကို မျက်ခြေမပြတ် စောင့်ကြည့်နေပါတယ်။

ခီးလုံဂို့စ်ဟာ ခေါင်းတစ်ချက် ညိတ်လိုက်ပြီး ညာလက်ကို ရှေ့အသား တွန်းထုတ်လိုက်ပါတယ်။

“ဝှစ်...”

ကပွဲခန်းမအထက်မှာ လေပြင်းတစ်ခု ရုတ်တရက် တိုက်ခိုက်လာပြီး မီးဆိုင်းက ဖယောင်းတိုင်မီးတွေကို ငြှိမ်းသတ်လိုက်ပါတယ်။

အဲဒီ အလင်းရောင်နဲ့ အမှောင်ထုကြား၊ လူတွေ တခြားကို အာရုံရောက်နေချိန်မှာ လေဓားတချို့ဟာ လေအဝှေ့ကြောင့် လှုပ်ယမ်းနေတဲ့ မီးပန်းဆိုင်းကို ဆွဲထားတဲ့ သတ္တုကြိုးရဲ့ တစ်နေရာတည်းကို ထိမှန်သွားပါတယ်။

“ကျွတ်...”

သလင်းကျောက်နဲ့ ပြုလုပ်ထားတဲ့ မီးပန်းဆိုင်းဟာ ဝန်နဲ့အားမမျှတော့ဘဲ ကြမ်းပြင်ပေါ်ကို ပြုတ်ကျသွားပါတယ်။ ကျယ်လောင်တဲ့ ကွဲကြေသံနဲ့အတူ လူတွေရဲ့ အလန့်တကြား အော်ဟစ်သံပါ ထွက်ပေါ်လာပါတယ်။ ကွဲကြေသွားတဲ့ အစအနတွေဟာ ဘေးပတ်ဝန်းကျင်ကို ပျံထွက်သွားပြီး ဧည့်သည်တွေကို ထိမှန်တာကြောင့် နာကျင်စူးရှစွာ အော်ဟစ်သံတွေပါ ထပ်ပြီးတော့ ထွက်ပေါ်လာပါတယ်။

ဒီမှောင်မိုက်သွားတဲ့ ခန်းမဟာ ခီးလုံဂို့စ်အတွက်တော့ အခွင့်အရေး အပြည့်ပါပဲ။ သူ့လက်အိတ်ဟာ တွန့်လိမ်ရှုံ့တွ ပြောင်းလဲပြီး ရွှေရောင်မျက်နှာပြင်အဖြစ် ခဲသွားပါတယ်။ သူ့ရဲ့ မျက်လုံးတွေဟာ အမှောင်ထုကို ထိုးဖောက်မြင်နိုင်သွားပြီး နယ်စားကြီးနီးဂန်ဘေးမှာ ရပ်နေတဲ့ လူကို မျက်တောင်မခတ် စိုက်ကြည့်လိုက်ပါတယ်။

ရုတ်တရက်ဆိုသလို ခီးလုံဂို့စ်ရဲ့ မျက်လုံးတွေဟာ လျှပ်စီးလို တောက်ပသွားပါတယ်။

နယ်စားကြီးနီဂန်ကို စောင့်ကြပ်နေတဲ့ သာလွန်သူဟာ ရုတ်တရက်ဆိုသလို စူးစူးဝါးဝါး အော်ဟစ်ပြီး ခေါင်းကိုင်ရင်း ကြမ်းပြင်ပေါ် လဲကျသွားပါတယ်။ သူဟာ ကြမ်းပြင်ပေါ်မှာ လူးလှိမ့်ပြီး ရုန်းကန်ပါတယ်။

“ဝှစ်...”

ခီးလုံဂို့စ်ဟာ အမှောင်ထုထဲမှာ လျင်လျင်မြန်မြန် လှုပ်ရှားပြီး နယ်စားနီးဂန်ဆီ တစ်ဟုန်ထိုး ပြေးသွားပါတယ်။ သို့ပေမဲ့ သူ့မျက်လုံးထဲမှာ သူ့ပစ်မှတ်က အကြောက်အလန့်မရှိဘဲ ယုံကြည်ချက် အပြည့်ရှိနေတာကို မြင်လိုက်ရပါတယ်။

ဝဝတုတ်တုတ် နယ်စားကြီးနီဂန်ဟာ နေရာမှာ အမြစ်တွယ်နေသလိုမျိုး ရပ်ပြီး သူ့လာလုပ်ကြံသူကို ဂရုမစိုက်တဲ့ မျက်နှာနဲ့ ကြည့်နေပါတယ်။ သူဟာ ညာလက်ကို မြှောက်ပြီး ရှေ့တွန်းထုတ်ကာ ရှေးဟောင်း ဟာမီးဘာသာစကားနဲ့...။

“ချုပ်နှောင်စေ”

ရုတ်တရက်ဆိုသလို ခီးလုံဂို့စ်ဟာ ရပ်တန့်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့ကို အကြည်သား နံရံတစ်ခုက ဝိုင်းထားပြီး ချွဲပစ်ပစ်အရည်နဲ့တူတဲ့ အရာတစ်ခုက သူ့ခန္ဓာကိုယ်ပတ်လည်မှာ ရစ်ပတ်ထားကြောင့်ပါ။

သူဟာ ပယင်းကျောက်ထဲက ပိုးမွှားလိုမျိုး၊ အကျဉ်းထောင်ထဲက အချုပ်သားလိုမျိုး ဖြစ်သွားပါတယ်။

ကွန်ဆာဗေးတစ်ပါတီ‌ ခေါင်းဆောင်၊ မျိုးရိုးစဉ်ဆက် အမွေခံ နယ်စားကြီး ဖဲလစ်နီဂန်က သာလွန်သူ တစ်ယောက် ဖြစ်နေပါတယ်။ သာလွန်သူတောင် ရိုးရိုးသာလွန်သူ မဟုတ်ပါဘူး။ တော်တော် စွမ်းအားကြီးတဲ့ သာလွန်သူပါ။

နယ်စားကြီးနီဂန်ဟာ နောက်ထပ် စကားလုံးတစ်လုံးကို ခပ်တိုးတိုး ထပ်ပြောရင်း ညာလက်ကို ဝှေ့ယမ်းလိုက်ပါတယ်။

“ကြိမ်ဒဏ်”

“ရွှမ်း... ရွှမ်း...”

ခီးလုံဂို့စ်ဟာ သဏ္ဍာန်မဲ့ကြာပွတ်နဲ့ အရိုက်ခံရသလိုမျိုး အင်္ကျီတွေ စုတ်ပြဲပြီး အသားတွေ ပေါက်ပြဲကာ အရိုးပေါ်သွားပါတယ်။

အဲဒီနောက် နယ်စားကြီးနီဂန်ဟာ ရှေ့ခုန်တက်ပြီး ညာလက်ကို ဆုပ်ကာ မာန်အပြည့်နဲ့...။

“သေစမ်း”

နယ်စားကြီးနီဂန်ဟာ လက်မောင်းကို ဝှေ့ယမ်းလိုက်တဲ့အခါ သူ့ကိုယ်ရိပ် အမြောက်အမြားက ခန္ဓာကိုယ်တစ်ခုလုံးနဲ့ ခီးလုံဂို့စ်ရဲ့ခေါင်းကို ဝင်တိုက်ပါတယ်။ သူ့လက်သီးဟာ ခီးလုံဂို့စ်ရဲ့ ခေါင်းကို တန်းတန်းမတ်မတ် ထိမှန်ပါတယ်။ ခီးလုံဂို့စ် ဘယ်လိုမှ မရှောင်နိုင်ပါဘူး။ နယ်စားကြီးနီဂန်ရဲ့ လက်ချက်ကြောင့် ခီးလုံဂို့စ်ရဲ့ ခေါင်းသာမက ဘေးပတ်ဝန်းကျင်ပါ ကွဲကြေသွားပါတယ်။ နယ်စားကြီးနီဂန်ကတော့ သူ့နေရာမှာတင် ရပ်နေတုန်းပါ။ ဖြစ်ပျက်သွားသမျှက အိပ်မက်တစ်ခုလိုပါပဲ။

ခီးလုံဂို့စ်က ဘယ်အချိန်က အိပ်မက်ဆိုးထဲ ဝင်လိုက်လဲ မသိပါဘူး။ သာမန် အိပ်မက်ဆိုးနဲ့ မတူတာက လူတွေကို အိပ်မက်ဆိုးထဲ ဆွဲသွင်းပြီးတာတောင် သူ့ခန္ဓာကိုယ်ဟာ လှုပ်ရှားလို့ ရပါသေးတယ်။

ခီးလုံဂို့စ်ဟာ ကိုယ်ပျောက်ပြီး နယ်စားကြီးနီဂန်ရဲ့ နောက်မှာ ပေါ်လာကာ ရေခဲလို အေးစက်တဲ့ မျက်စက်တွေနဲ့ နယ်စားကြီးနီဂန်ကို စိုက်ကြည့်လိုက်ပါတယ်။

ခရုပတ်ပုံ အရှိန်ပြင်းပြင်း တိုက်ခိုက်နေတဲ့ လေပြင်းတွေ ရစ်ပတ်ထားတဲ့ သူ့ရဲ့ ညာလက်သီးဟာ နယ်စားကြီးနီဂန်ရဲ့ ရင်ဘက်ကို အသွားထက်တဲ့ ဓားတစ်ချောင်းလို ထိုးဝင်လာပါတယ်။

“ဝှစ်...”

လေပြင်းတိုက်ခိုက်သံကြားမှာ ခီးလုံဂို့စ်ရဲ့ ညာလက်သီးဟာ နယ်စားကြီးနီဂန်ရဲ့ ခန္ဓာကိုယ်ကို ထိုးဖောက်ပြီး နှလုံးကို ဖောက်ဝင်သွားပါတယ်။ ဒါပေမဲ့ နယ်စားကြီးနီဂန်ရဲ့ ရုပ်သွင်ဟာ ဆင့်ခေါ်ခံရတဲ့ ဝိညာဉ်လိုမျိုး လျင်လျင်မြန်မြန် အကြည်သား ဖြစ်သွားပါတယ်။

သဏ္ဍာန်မဲ့ရုပ်သွင် လွှင့်ပါး ပျောက်ကွယ်သွားတဲ့အခါ နယ်စားကြီးနီးဂန်ဟာ စင်္ကြံတခြားတစ်ဖက်က ပြတင်းပေါက်ရှေ့မှာ ပေါ်လာပါတယ်။ သူ့မျက်နှာမှာ ဘာမထီတဲ့အပြုံး ရှိနေပါတယ်။

‘နောက်ထပ် သာလွန်သူ တစ်ယောက်လား... သူတို့က ငါ့ကို ချောင်းမြောင်း တိုက်ခိုက်ဖို့ ကြိုတင် ပြင်ဆင်ထားတာလား...’

‘ဒါ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ...’

ခီးလုံဂို့စ်ဟာ ဒီအချက်ကို လက်မခံနိုင်ပေမဲ့ လက်ရှိ အခြေအနေကို တည်တည်ငြိမ်ငြိမ်ပဲ ရင်ဆိုင်ပါတယ်။

သူ့ဘယ်လက်က လက်အိတ်ဟာ တွန့်လိမ်ရှုံ့တွပြီး ရွှေနက်ရောင် ကြေးခွံတွေအဖြစ် ပြောင်းလဲသွားပါတယ်။ သူ့မျက်ဆံတွေကလည်း ဖျော့တော့ပြီး ဒေါင်လိုက် ဖြစ်သွားပါတယ်။

အဲဒီနောက် သဏ္ဍာန်မဲ့ လှိုင်းတစ်လှိုင်းဟာ အရပ်ရှစ်မျက်နှာကို ပျံ့ထွက်သွားပါတယ်။ အမျိုးကောင်းသားတွေ အမျိုးကောင်းသမီးတွေ အကုန်လုံး တစ်ချိန်တည်းမှာ ကြောက်ရွံ့ခြင်းတွေ ကြီးစိုးကုန်ပါတယ်။ သူတို့တွေဟာ ပုန်းနေတဲ့နေရာကနေ ထွက်လာကြပြီး သွေးရူးသွေးတန်း လျှောက်ပြေးကြပါတယ်။ အဲဒါကြောင့် အခြေအနေတစ်ခုလုံး ဝရုန်းသုန်းကား ဖြစ်သွားပါတယ်။

ဒီအခြေအနေကြောင့် သာလွန်သူတွေဟာ သူတို့ရဲ့ ဆွေမျိုးတွေ မိတ်ဆွေတွေ ထိခိုက်မှာကို စိုးရိမ်ပြီး စိတ်ရှိလက်ရှိ မလှုပ်ရှားရဲတော့ပါဘူး။

ခီးလုံဂို့စ်ဟာ ဒီအခွင့်အရေးကို လက်လွှတ်မခံဘဲ ခန္ဓာကိုယ်တစ်ခုလုံးကို လေပွေနဲ့ ရစ်ပတ်ပြီး အလျင်အမြန် ထွက်ပြေးပါတယ်။ သူဟာ နားနေခန်းတစ်ခန်းရဲ့ တံခါးကို တိုက်ဖွင့်ပြီး ပြတင်းပေါက်ကို အရှိန်နဲ့ ဝင်တိုက်ပါတယ်။

ကွဲကြေသွားတဲ့အသံနဲ့အတူ သူဟာ လေရဲ့ အကူအညီကို ယူပြီး နယ်စားကြီးနီဂန်ရဲ့ စံအိမ်တော်နဲ့ အကွာအဝေးတစ်ခုကို ခုန်ပျံလိုက်ပါတယ်။

ခီးလုံဂို့စ်ဟာ မြေကြီးပေါ် ခြေချမိတယ်ဆိုရင်ပဲ သူ့ရှေ့မှာရှိတဲ့ တောအုပ်ဆီ တစ်ဟုန်ထိုး ပြေးပါတယ်။ ဒီတောအုပ်က သူ ကြိုပြီးတော့ စီစဉ်ထားတဲ့ ထွက်ပြေးလမ်း မြူနီစပယ်ဥယျာဉ်ပါ။

သူဟာ နောက်က လိုက်လာတဲ့ သာလွန်သူတွေရဲ့ လက်ထဲကနေ လွတ်တာနဲ့ ရုပ်ပြောင်းပြီး လူဦးရေ ငါးသန်းကျော်ရှိတဲ့ ဘက်ကလင်မြို့ထဲမှာ အသာလေး ခြေရာဖျောက်လို့ ရပါတယ်။ ဒီအကြောင်းကြောင့်ပဲ သူဟာ ဒီလိုခက်ခဲတဲ့ တာဝန်ကို လက်ခံရဲတာပါ။

တစ်ခဏအကြာမှာတော့ နယ်စားကြီးနီဂန်စံအိမ်ဆီကို လေပြင်းတစ်ခု တိုက်ခိုက်လာပါတယ်။ မုန်တိုင်းအရှင် ဘုရားကျောင်းရဲ့ ရေဖျန်းဘုန်းတော်ကြီး၊ ဘက်ကလင်ဂေါစဂါမ်ကို အုပ်ချုပ်ရတဲ့ ဂိုဏ်းချုပ်ဘုန်းတော်ကြီး၊ ဘုရားသခင်ရဲ့ တေးသီဆိုပညာရှင်ဖြစ်တဲ့ အေ့စနိတ်ဟာ ဒဏ်ခတ်သမားတချို့နဲ့ စံအိမ်ရှိရာကို ပျံသန်းလာတာ ဖြစ်ပါတယ်။

သူဟာ တခြားသာလွန်သူတွေကို အချိန်မီ သတင်းမပေးနိုင်လိုက်ပါဘူး။

ဂိုဏ်းချုပ်ဘုန်းတော်ကြီးအေ့နဲ့ ရောက်လာတဲ့လူတွေထဲမှာ အယ်ဂျာလည်း ပါပါတယ်။ သို့ပေမဲ့ သူဟာ စိတ်မချမ်းမသာ ဖြစ်နေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပြတင်းပေါက် အကွဲစတွေနဲ့ တခြားသာလွန်သူတွေ စံအိမ်ထဲကနေ ပြေးထွက်လာတာကို တွေ့လိုက်ရတာကြောင့်ပါ။

ဒီအချက်တွေက နောက်တန်းဗိုလ်ချုပ်ကြီး ဟာရီကိန်း ခီးလုံဂို့စ် လွတ်သွားပြီဆိုတာကို ပြနေပါတယ်။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters