← Chapters

အခန်း (၅၀၅-၅၀၆)

Vol. 34 Ch. 505-506

အခန်း (၅၀၅-၅၀၆)

Vol. 34 Ch. 505-506

အခန်း (၅၀၅) အခြေစိုက်စခန်း၏ တည်နေရာ

ဂျန်နီ၏ သဘောထားသည် အလွန်တင်းမာပြီး၊ အကယ်၍ ဟန်ရှောင်းက သူမကို ဆန့်ကျင်ရန် ရွေးချယ်ပါက သူ့ကို အလွတ်ပေးမည် မဟုတ်သကဲ့သို့ ဖြစ်နေသည်။ သို့သော်၊ ကြီးမြတ်သော ယန္တရားပညာရှင်ဟန်သည် သူမကို မကြောက်ပေ၊ ပြီးတော့ သူ့အတွက် ပိုက်ဆံ ပြန်ပေးရန်မှာလည်း မဖြစ်နိုင်ပေ။

ထို့နောက် သူ၏လုပ်ရပ်များက မျောလွင့်နဂါးကျွန်းသို့ ယူဆောင်လာပေးနိုင်သည့် အကျိုးကျေးဇူးများကို သူ အတိုချုံး ရှင်းပြခဲ့ပြီး၊ ဂျန်နီက သူ၏စကားများကို လက်ခံခြင်း ရှိ၊ မရှိကို စိတ်မဝင်စားဘဲ ဖုန်းချလိုက်သည်။

သူ၏ ဤလုပ်ရပ်သည် ဂျန်နီကို အကြီးအကျယ် စိတ်ဆိုးသွားစေသည်။ သူမ၏ ထိန်းချုပ်လိုစိတ်သည် ကြီးမားပြီး၊ ဟန်ရှောင်းက သူမ၏ ခွင့်ပြုချက်မရရှိဘဲ ချေးငွေတစ်ခု ယူလိုက်ခြင်းသည် သူမ၏ အိမ်တော်ထိန်းချုပ် ရာထူးကို စိန်ခေါ်ခံလိုက်ရသကဲ့သို့ ခံစားသွားစေသည်။ သူမသည် တစ်ချိန်တည်းမှာပင် ဟန်ရှောင်း၏ 'သစ္စာစောင့်သိမှု' ကိုလည်း သံသယဝင်လာ၏။ အေးမီစ်သည် မျောလွင့်နဂါးကျွန်း၏ စီမံခန့်ခွဲမှုကို ဘယ်တုန်းကမှ စိတ်မဝင်စားခဲ့ဘဲ အရာအားလုံးကို ကိုင်တွယ်ရန် သူမထံ လွှဲအပ်ထားခဲ့သည်။ ထို့ကြောင့်၊ အေးမီစ်၏ လုပ်ရပ်များကြောင့် ဖြစ်ပေါ်လာသော အကျိုးဆက်အများစုကို များသောအားဖြင့် သူမက ဖြေရှင်းပေးခဲ့ရသည်။ သူမသည် ကြီးမားသော အခွင့်အာဏာကို ပိုင်ဆိုင်ထားပြီး၊ အေးမီစ်သည်လည်း ဂျန်နီကို အလွန် ယုံကြည်သည်။ ထို့အပြင်၊ မျောလွင့်နဂါးကျွန်းရှိ အဖွဲ့ဝင်အများစုသည်လည်း ဂျန်နီ၏ အခွင့်အာဏာကို နာခံကြလိမ့်မည်။

ဘလက်စတားသည် မျောလွင့်နဂါးကျွန်းသို့ လွန်ခဲ့သောတစ်နှစ်က ဝင်ရောက်ခဲ့ပြီး အမြဲတမ်း အလွန်ပင် သိုသိုသိပ်သိပ်နေခဲ့သည်။ သို့သော်၊ သူ၏ ဤကဲ့သို့ ရုတ်တရက် လုပ်ဆောင်မှုသည် ဂျန်နီ၏ ထိလွယ်ရှလွယ်သော အာရုံကြောကို ချက်ချင်း လှုံ့ဆော်လိုက်ပြီး သူမ၏ သတိထားမှုကို တိုးမြင့်သွားစေသည်။ အတွင်းစိတ်ထဲတွင်၊ သူမသည် အေးမီစ်၏ အခြား မည်သည့် လက်အောက်ငယ်သားကိုမျှ မယုံကြည်ခဲ့ပေ၊ သူမသည် အေးမီစ်၏ ဆွေမျိုးဖြစ်သောကြောင့်၊ သူမနှင့် အေးမီစ်သာ အတွင်းလူများဖြစ်ပြီး အခြားသူများမှာ အပြင်လူများ ဖြစ်သည်ဟု သူမ ခံစားခဲ့ရသည်။

ဟန်ရှောင်း ဖုန်းချသွားပြီးနောက်၊ ဂျန်နီသည် မဆိုင်းမတွပင် အေးမီစ်ထံသို့ တိုင်ကြားသည့် ဖုန်းတစ်ခု ခေါ်ဆိုလိုက်သည်။ သူမသည် ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို အေးမီစ်ထံ ရှင်းပြခဲ့ပြီး သူမ၏ ကိုယ်ပိုင် ထင်မြင်ချက်များကို ထည့်သွင်းခဲ့သည်။ သူမသည် ဟန်ရှောင်း၏ ကွင်းဆင်းတပ်ဖွဲ့တွင် လွတ်လပ်မှု အလွန်အကျွံ ရှိနေပြီး ထိန်းချုပ်ရန် လိုအပ်သည်ဟု ခံစားခဲ့ရသည်။ သူ့ကို မျောလွင့်နဂါးကျွန်း၏ ဌာနချုပ်သို့ ပြန်လည် ခေါ်ယူပြီး ကွင်းဆင်းတပ်ဖွဲ့ကို လုံးဝ ဖယ်ရှားလိုက်ခြင်းသည် အကောင်းဆုံး ဖြစ်လိမ့်မည်။ မျောလွင့်နဂါးကျွန်းသည် ကြားနေမှုကို ထိန်းသိမ်းလိုသောကြောင့်၊ သူတို့အတွက် နဂါးအစောင့်များအဖြစ် ရှိနေရန်မှာ လုံလောက်သည်ဟု သူမ ခံစားခဲ့ရသည်။ သူတို့အတွက် အပြင်ဘက်တွင် လုပ်ငန်းဆောင်ရွက်နေသော လက်နက်ကိုင်တပ်ဖွဲ့တစ်ခု ရှိရန် မလိုအပ်ပေ။

ပုံမှန်အခြေအနေများအောက်တွင်၊ အေးမီစ်သည် သူမ၏ အဆိုပြုချက်ကို ငြင်းပယ်မည် မဟုတ်ပေ။ သို့သော်၊ အေးမီစ်က မမျှော်လင့်ဘဲ သူမကို ငြင်းပယ်လိုက်သည်။

"မင်း အရမ်း စိတ်လှုပ်ရှားလွန်းနေပြီ။ ဒါက ပိုက်ဆံ နည်းနည်းပါးပါးပဲ၊ ပြီးတော့ ဒီကိစ္စအတွက် အကြီးအကျယ် လုပ်နေစရာ မလိုပါဘူး။ ငါ ဘလက်စတားကို ယုံတယ်၊ သူက ယုံကြည်ရတဲ့ လူတစ်ယောက်ပဲ။ ငါ သူ့ကို လွတ်လွတ်လပ်လပ် လုပ်ကိုင်ခွင့် ပေးခဲ့ပြီးသား၊ သူက ဆုကြေးထုတ်ခံရတဲ့ တရားခံတစ်ယောက် မဖြစ်လာသရွေ့၊ မင်း ငါ့ကို အကြောင်းကြားစရာ မလိုဘူး။ တခြား ဘာမှမရှိတော့ရင်၊ ငါ ဖုန်းချလိုက်တော့မယ်။"

"ဒါပေမဲ့..."

က-ချပ်။

အေးမီစ် ဖုန်းချလိုက်ပြီး၊ မှင်သက်နေသော ဂျန်နီတစ်ယောက် ကျန်ရစ်ခဲ့သည်။ သူမသည် သူမ၏ ဆက်သွယ်ရေးစက်ကို ကြောင်ငေးသော အကြည့်ဖြင့် ဆုပ်ကိုင်ထားသည်။ အေးမီစ်က သူမကို ပြတ်ပြတ်သားသား ငြင်းပယ်လိမ့်မည်ဟု သူမ ဘယ်တုန်းကမှ စိတ်မကူးခဲ့ဖူးပေ။ ဤသည်မှာ ယခင်က မဖြစ်ဖူးခဲ့သော အရာတစ်ခု ဖြစ်သည်။

ဟန်ရှောင်းက အီဆော့ကို ဖမ်းမိခဲ့သောကြောင့်၊ အေးမီစ်၏ သူ့အပေါ် ယုံကြည်မှုသည် အလွန်အမင်း တိုးလာခဲ့သည်။ ဟန်ရှောင်းအပေါ် သူမ၏ ယုံကြည်မှုသည် ဂျန်နီအပေါ် သူမထားရှိသော ယုံကြည်မှုနှင့် မနှိုင်းယှဉ်နိုင်သော်လည်း၊ ၎င်းသည် သာမန် လက်အောက်ငယ်သားတစ်ဦးအပေါ် သူမရှိသည့် ယုံကြည်မှုထက် များစွာသာလွန်သည်။

အေးမီစ်၏ ခွင့်ပြုချက်မရှိဘဲ၊ ဂျန်နီသည် ဟန်ရှောင်းကို ဘာတစ်ခုမှ လုပ်ဆောင်နိုင်မည် မဟုတ်ကြောင်း သဘောပေါက်လိုက်သည်။ စိတ်ပျက်လက်ပျက်ဖြင့်၊ သူမ၏ သွေးကြောများ ဖောင်းကြွလာပြီး၊ သူမ၏ ခန္ဓာကိုယ်သည် ဒေါသဖြင့် အနည်းငယ် တုန်ယင်လာသည်။ အသက်ပြင်းပြင်း ရှူလိုက်ပြီး၊ သူမ၏ မျက်မှန်ကို ချွတ်ကာ မျက်လုံးများကို မှိတ်ထားလိုက်သည်။ သူမ၏ နှာတံကို ပွတ်သပ်ပြီးနောက်၊ သူမ တဖြည်းဖြည်း တည်ငြိမ်မှု ပြန်ရလာသည်။ သူမ မျက်လုံးများကို ပြန်ဖွင့်လိုက်သောအခါ၊ သူမ၏ မျက်လုံးများသည် လေးနက်မှုတို့ဖြင့် ပြည့်နှက်နေသည်။

အေးမီစ်၏ ငြင်းပယ်မှုသည် ဂျန်နီအား သူမ၏ ရာထူးအပေါ် ကြီးမားသော ခြိမ်းခြောက်မှုတစ်ခုကို ခံစားသွားစေသည်။

…

ဟန်ရှောင်းသည် ဤကဲ့သို့ သေးငယ်သော ပဋိပက္ခက ဂျန်နီအား သူက သူမနှင့်ပြိုင်၍ မျက်နှာသာရရှိရန် ကြိုးစားနေသည်ဟု အထင်မှားသွားမည်ကို သဘာဝအတိုင်း မသိခဲ့ပေ။ သို့သော်၊ သူ သိခဲ့လျှင်ပင်၊ စိတ်ဝင်စားမည် မဟုတ်ပေ။ နောက်ဆုံးတွင်၊ သူ၏ ဗားရှင်း ၂.၀ အစီအစဉ်အတွက် လိုအပ်သောပိုက်ဆံက ပို အရေးကြီးသည်။

ဗားရှင်း အပ်ဒိတ်လုပ်သည့် အချိန်က တစ်နှစ်ပင်မလိုတော့ပေ၊ ဟန်ရှောင်းအတွက် ဤအချိန်ကို အသုံးချ၍ နေရာတစ်ခု ရှာဖွေပြီး သူ၏ အခြေစိုက်စခန်းကို တည်ဆောက်ရန် အရေးကြီးသည်။ ဟန်ရှောင်းသည် စွန့်ပစ်ထားသော ဂြိုဟ်တစ်ခုကို ရွေးချယ်မည် မဟုတ်ဘဲ၊ သူ၏ အခြေစိုက်စခန်းကို ဖွံ့ဖြိုးစည်ပင်သော ဂြိုဟ်တစ်ခုပေါ်တွင် သေချာပေါက် တည်ဆောက်လိမ့်မည်။ ထိုအခါ သူသည် ဂြိုဟ်ပေါ်ရှိ ကွန်ပျူတာဇာတ်ကောင် အရင်းအမြစ်များကို ခံစားနိုင်မည်ဖြစ်ပြီး သူ၏ အခြေစိုက်စခန်းတွင် ကွန်ပျူတာဇာတ်ကောင်များ မလုံလောက်မှုကို ဖြည့်ဆည်းရန် ပထဝီဝင် တည်နေရာကို အသုံးပြုနိုင်မည် ဖြစ်သည်။

ဂါတွန်ကြယ်စနစ် မြေပုံတွင် အချိန်အကြာကြီး ရှာဖွေပြီးနောက်၊ သူသည် နောက်ဆုံးတွင် ဂိုဒိုရာ၏ ပိုင်နက်အတွင်းရှိ “ရွှေတံခါးဂြိုလ်” ဟုခေါ်သော ဂြိုဟ်တစ်ခုကို ရွေးချယ်လိုက်သည်။ ၎င်းသည် ဂျူဘာလီ အာကာသစခန်းနှင့် အလွန်နီးကပ်ပြီး၊ သူသည် ‌ရေပင်လယ်ဂြိုလ် တည်ရှိရာ ကြယ်ဇုန်သို့ အလွယ်တကူ ရောက်ရှိနိုင်မည် ဖြစ်သည်။ ဤအရာက သယ်ယူပို့ဆောင်ရေးသည် အလွန် အဆင်ပြေလိမ့်မည်ဟု ဆိုလိုသည်။ ထို့အပြင်၊ ဂြိုဟ်သည် လုံလောက်စွာ သာယာဝပြောပြီး၊ ကစားသမားတစ်ဦး၏ ရှုထောင့်မှ ကြည့်လျှင်၊ လိုအပ်သော အင်္ဂါရပ်အားလုံး ရှိနေသည်။ ဆိုင်များ၊ ဖျော်ဖြေရေး နေရာများ၊ မစ်ရှင်များရှိနေသည်...

ဟန်ရှောင်း၏ ရွေးချယ်မှု နောက်ကွယ်တွင် အကြောင်းရင်း နှစ်ခု ရှိသည်။ ပထမဦးစွာ၊ ဂိုဒိုရာနှင့် သူ၏ အလေးပေးမှုသည် မြင့်မားသောကြောင့်၊ သူ၏ ကိစ္စများကို ပြီးမြောက်အောင် ဆောင်ရွက်ရန် ပိုမို လွယ်ကူသည်။ ထို့အပြင်၊ သူသည် လျှော့စျေးတစ်ခုလည်း ရရှိနိုင်လိမ့်မည် ဖြစ်သည်။ ဒုတိယအနေဖြင့်၊ သူသည် လက်နက်များ တပ်ဆင်ခြင်းအတွက် သူ၏ အသုံးစရိတ်များကို လျှော့ချနိုင်မည် ဖြစ်သည်။ အစွမ်းထက်သော ယာဉ်တန်းတစ်ခုသည် ဂိုဒိုရာ၏ ပိုင်နက်အတွင်း သေချာပေါက် တပ်စွဲထားမည်ဖြစ်ပြီး၊ အမှောင်ကြယ်သည် ထိုနေရာတွင် ပြဿနာရှာရဲမည် မဟုတ်ပေ။ သိပ်မကြာခင်က အန်နွာကို ရှင်းပစ်ပြီးနောက်၊ ဟန်ရှောင်းသည် လုံခြုံရေးကို ဦးစားပေးအဖြစ် ထားရှိရန် ဆုံးဖြတ်ခဲ့သည်။

ထို့အပြင်၊ သူတို့သည် ဂိုဒိုရာ၏ ပိုင်နက်ထဲတွင် ရှိနေသောကြောင့်၊ သူတို့သည် အမှောင်ကြယ်သို့ ဝင်ရောက်ခဲ့သော ကစားသမားများကို စစ်ထုတ်နိုင်မည် ဖြစ်သည်။ ဂျာမီနယ်အဖွဲ့အစည်းကို ဥပမာတစ်ခုအဖြစ် ထားရှိကာ၊ ဟန်ရှောင်းသည် သူ၏ အခြေစိုက်စခန်းတွင် သူလျှိုတစ်စု ရှိနေခြင်းကို မလိုလားပေ။

ဂြိုဟ်အားလုံးထဲတွင်၊ ရွှေတံခါးဂြိုလ်သည် ထိပ်တန်းရွေးချယ်မှု ဖြစ်သည်။

သူ၏ ပစ်မှတ်ကို ရွေးချယ်ပြီးနောက်၊ ဟန်ရှောင်းသည် နောက်ထပ် မနှောင့်နှေးတော့ဘဲ နိုရီယိုဆေးမှ ထွက်ခွာလာသည်။

ရစ်ဒါသည် သူတို့အဖွဲ့သို့ ဝင်ရောက်လာခဲ့သောကြောင့်၊ မဟူရာအလင်း လျှို့ဝှက်ယာဉ်သည် သူတို့၏ သင်္ဘောသစ် ဖြစ်လာသည်။ ၎င်း၏ အမြန်နှုန်းသည် အလွန် မြန်ဆန်ပြီး လှုပ်ရှားမှုများမှာ လျင်မြန်ဖြတ်လတ်သည်။ သူတို့သည် ရန်သူများ၏ ဝန်းရံခြင်းကို ခံရမည်ကို စိုးရိမ်စရာ မလိုတော့ပေ။

ရွှေတံခါးဂြိုလ်သည် ကြီးမားသောဂြိုဟ်တစ်ခု မဟုတ်သော်လည်း၊ ၎င်းသည် ဂျူဘာလီ အာကာသစခန်းအနီးတွင် တည်ရှိသောကြောင့်၊ ၎င်းသည် အလွန် သာယာဝပြောသည်။ ရွှေတံခါးဂြိုလ်တွင် မတူညီသော မြို့များစွာ ရှိပြီး၊ ထိုနေရာတွင် အခြေစိုက်စခန်းတစ်ခု တည်ထောင်ရန်အတွက် ခွင့်ပြုမိန့် ဝယ်ယူရန် လိုအပ်သည်။ ဂါတွန်ကြယ်စနစ်အတွင်း ဘလက်စတား ကြေးစားတပ်ဖွဲ့၏ နာမည်ကျော်ကြားမှုသည် လုံလောက်စွာ မြင့်မားနေသည်နှင့်အတူ၊ ဂိုဒိုရာနှင့် သူတို့၏ ဆက်ဆံရေးမှာ အတော်လေး ကောင်းမွန်သည်ဟူသော အချက်နှင့် ပေါင်းစပ်လိုက်သောအခါ၊ ခွင့်ပြုမိန့် လျှောက်ထားရာတွင် ပြဿနာ မရှိပေ။

ပိုက်ဆံ အမြောက်အများ သုံးစွဲပြီးနောက်၊ ဟန်ရှောင်းသည် မြေကွက်တစ်ကွက်ကို ဝယ်ယူနိုင်ခဲ့ပြီး၊ စာရွက်စာတမ်း ကိစ္စများသည်လည်း အလွန်မြန်ဆန်၏။ စကြဝဠာ၏ ကြီးမားလှသော အရွယ်အစားနှင့်အတူ၊ မြေနေရာများသည် ပေါများပြီး၊ သာမန် ရွှေ့ပြောင်းနေထိုင်သူတစ်ဦးအတွက် အိမ်တစ်လုံး ဝယ်ယူရန်မှာ မယုံနိုင်လောက်အောင် စျေးပေါသည်။

သူ၏လက်ထဲရှိ လက်ရှိ ချမ်းသာကြွယ်ဝမှုနှင့်အတူ၊ ဟန်ရှောင်းသည် ကြီးမားသော အဓိကမြို့တော်တစ်ခုကို တည်ဆောက်ရန် ရည်ရွယ်ချက် မရှိသေးပေ။ သူ့တွင် လူအင်အား သို့မဟုတ် ငွေကြေးလုံလောက်စွာ မရှိသေးပေ။ သူသည် သူ၏ ကြေးစားတပ်ဖွဲ့အတွက် ပုံသေ အခြေစိုက်စခန်းတစ်ခုသာ လိုအပ်သည်။

အခြေစိုက်စခန်း၏ ဒီဇိုင်းနှင့် ပတ်သက်၍၊ ၎င်းသည် လုံလောက်စွာ ကြီးမားရမည် ဖြစ်သည်။ ကစားသမား အများအပြားကို လျှောက်လည်ရန် ဒေသတစ်ခု ပံ့ပိုးပေးခြင်းအပြင်၊ သူသည် စစ်ဘက်ဆိုင်ရာ စက်ရုံများအတွက် နေရာချန်ထားရန် လိုအပ်သည်။ ထို့အပြင်၊ ကစားသမားများ အခြေစိုက်စခန်းတွင် လမ်းပျောက်မသွားစေရန် လမ်းများကို ကောင်းမွန်စွာ ဒီဇိုင်းဆွဲထားပြီး ဒေသများကို ပိုင်းခြားထားရမည်။ အရေးကြီးဆုံးမှာ၊ အခြေစိုက်စခန်းသည် အထင်ကြီးစရာ ကောင်းရမည်ဖြစ်ပြီး လုံလောက်စွာ အဆင့်အတန်းမြင့်ရမည် ဖြစ်သည်။

ကြီးမားလှသော ဆောက်လုပ်ရေး ပရောဂျက်ကြီးဖြစ်သည့်အတွက်၊ ဟန်ရှောင်းသည် သဘာဝကျစွာပင် သူကိုယ်တိုင် ဆောက်လုပ်ရန် ရည်ရွယ်မထားပေ။ သူသည် နေရာကို သူ၏ ဒီဇိုင်းများအတိုင်း တည်ဆောက်ရန် ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုကို ဆက်သွယ်လိုက်သည်။ ဆောက်လုပ်ရေးမှ ပစ္စည်းများ ဝယ်ယူခြင်းနှင့် သယ်ယူပို့ဆောင်ရေးအထိ၊ ကဏ္ဍတိုင်းသည် ကြီးမားသော ငွေကြေးပမာဏကို လိုအပ်သည်။

သူသည် သူ၏ ပထမဆုံး အခြေစိုက်စခန်းကို စတင်တည်ဆောက်နေစဉ်၊ အမ်ဘာသည် အမှောင်ကြယ်၏ ဌာနချုပ်သို့ ပြန်လည် ရောက်ရှိသွားသည်။ ထိုအချိန်တွင်၊ အမှောင်ကြယ်၏ အထက်လူကြီးများသည် နိုရီယိုဆေးရှိ ဖြစ်ရပ်ကို ဆွေးနွေးရန် အစည်းအဝေးတစ်ခု ပြုလုပ်နေကြသည်။

…

အမှောင်ကြယ်၏ လျှို့ဝှက်ဆန်းကြယ်သော ဌာနချုပ်တွင်၊ လူ ၁၀ဦးကျော် ခန်းမတစ်ခုတွင် စုရုံးနေကြသည်။ အချို့မှာ လူကိုယ်တိုင် ရှိနေကြပြီး အချို့မှာ ဟော်လိုဂရပ်ဖစ် ပုံဖော်ခြင်းမှတစ်ဆင့် အစည်းအဝေးသို့ ဝင်ရောက်ကြသည်။ သူတို့၏ မျက်နှာများအားလုံးကို ဖုံးကွယ်ထားပြီး သူတို့သည် စက်ဝိုင်းပုံ စားပွဲတစ်လုံးတွင် ထိုင်နေကြသည်။

အခန်းထဲရှိ လူတိုင်းသည် အမှောင်ကြယ် အဖွဲ့အစည်းတွင် အမြင့်ဆုံး အဆင့်တွင် ရှိနေကြသည်။ ကပ်ဘေးအဆင့် စူပါအချို့၊ ယာဉ်တန်း တပ်မှူးများ၊ ထောက်ပံ့ပို့ဆောင်ရေး ဒါရိုက်တာများ၊ ထောက်လှမ်းရေး အေးဂျင့်များ၊ သုတေသန ဝန်ထမ်းများနှင့်၊ ကိစ္စရပ်အားလုံးကို တာဝန်ယူထားသော ခေါင်းဆောင်တို့ ရှိနေကြသည်။

သူတို့ မည်သူဆိုသည်မှာ လျှို့ဝှက်ထားပြီး အပြင်လူများထံ မသိရှိစေရပေ။ ဤအချိန်တွင်၊ လေထုသည် အလွန် လေးလံနေသည်။ သစ္စာဖောက် အသက်ရှင်လျက် ရှိနေသဖြင့်၊ သူတို့၏ မည်သူမည်ဝါဖြစ်ကြောင်း အားလုံး ဖော်ထုတ်ခံရနိုင်ပြီး၊ သူတို့အားလုံး ဆိုးရွားသော စိတ်ခံစားမှုတွင် ရှိနေကြသည်။

အမ်ဘာသည်လည်း အခန်းထဲတွင် ရှိနေသည်။ ကပ်ဘေးအဆင့်သို့ ရောက်ရှိပြီးနောက်၊ သူသည် ထိုအခန်းတွင် ရှိနေပိုင်ခွင့် ရှိခဲ့သည်။ တစ်ချက်တစ်ချက်တွင် စားပွဲ၌ ထိုင်နေသော အခြားအဖွဲ့ဝင်များက သူ့ကို မရင်းနှီးသော အကြည့်ဖြင့် ကြည့်ကြလိမ့်မည်။

သူ၏ မစ်ရှင် ကျရှုံးမှုကြောင့်၊ သူတို့အားလုံးသည် ဖော်ထုတ်ခံရမည့် အန္တရာယ်ရှိနေပြီး၊ အသက်ရှင်လျက် ပြန်လာခဲ့သော တစ်ဦးတည်းသောသူ ဖြစ်သည့် အမ်ဘာကို သူတို့သည် အပြစ်တင်ချင်နေကြ၏။

အခြားသူများ၏ အကြည့်များကို သတိပြုမိသဖြင့်၊ အမ်ဘာသည် သူ မှားယွင်းနေကြောင်း သိပြီး တိတ်တိတ်ဆိတ်ဆိတ် နေရုံသာတတ်နိုင်သည်။

သူ့ဘေးတွင် လွတ်နေသော ထိုင်ခုံတစ်လုံး ရှိသည်။

ထိုထိုင်ခုံကို အန်နွာ ပိုင်ဆိုင်ခဲ့သည်။

သူ၏ လေးစားရသော ဆရာ သေဆုံးသွားသဖြင့်၊ ဤလွတ်နေသောထိုင်ခုံကို မြင်လိုက်ရတိုင်း၊ အမ်ဘာ၏စိတ်ထဲတွင် ဟန်ရှောင်း ပေါ်ပေါ်လာ၏။ ထို့နောက် ဒေါသမီးတောက်များ လောင်ကျွမ်းလာပြီး၊ ၎င်းကို ကြိုးစားပမ်းစား ဖိနှိပ်နေရသည်။

အချိန်အကြာကြီး တိတ်ဆိတ်နေပြီးနောက်၊ အမှောင်ကြယ်၏ ခေါင်းဆောင်က သူ၏ပါးစပ်ကို ဖွင့်လိုက်သည်။ "အန်နွာက တိုက်ပွဲမှာ သေဆုံးသွားခဲ့တယ်၊ ပြီးတော့ သစ္စာဖောက်ကို ဂိုဒိုရာက ကယ်တင်သွားခဲ့တယ်။ ဒီမစ်ရှင်က လုံးဝ ကျရှုံးသွားတယ်။"

"သစ္စာဖောက်က ထိပ်တန်းလျှို့ဝှက် အချက်အလက်ကို မရခင်၊ ငါ သူ့ရဲ့ လုပ်ပိုင်ခွင့်ကို ထိန်းချုပ်လိုက်တယ်၊" ထောက်လှမ်းရေးကို တာဝန်ယူထားသူက အက်ကွဲသောအသံဖြင့် ပြောလိုက်သည်။ "သူ့လက်ထဲက အချက်အလက်က အစိတ်အပိုင်း သေးသေးလေးတစ်ခုပဲ။ ဒါက တစ်ခုတည်းသော သတင်းကောင်းပဲ။"

"သစ္စာဖောက်က မျိုးဗီဇပြောင်းဗိုင်းရပ်စ်အကြောင်း သိသွားလား။"

"မသိဘူး၊ သူ ငါတို့ရဲ့ အစီအစဉ်အကြောင်း မသိဘူး။ ဒါက ပိုမြင့်တဲ့ လုပ်ပိုင်ခွင့်အဆင့် လိုအပ်တယ်။"

"ဒါ ကောင်းတယ်။ ဒါက ငါတို့ အစီအစဉ်ရဲ့ အရေးကြီးတဲ့ ခြေလှမ်းတစ်ခုပဲ၊ ပြီးတော့ ဘာမှမှားလို့ မဖြစ်ဘူး။ ဗိုင်းရပ်စ် ပျံ့နှံ့ဖို့ သိပ်မကြာတော့ဘူး၊ ပြီးတော့ ဂိုဒိုရာက ထိခိုက်ခံရတဲ့ လူမှုအဖွဲ့အစည်းတွေကို ကာကွယ်ဖို့ လူအင်အား အမြောက်အများကို စေလွှတ်ဖို့ အတင်းအကျပ် ဖိအားပေးခံရလိမ့်မယ်။ ငါတို့က ဦးဆောင်ခွင့်ကို သိမ်းပိုက်နိုင်တော့မှာ..."

ထို့နောက် အမှောင်ကြယ်၏ ခေါင်းဆောင်သည် ခေတ္တရပ်လိုက်ပြီး အကြောင်းအရာများ ပြောင်းလိုက်သည်။ "ဒီမစ်ရှင်ရဲ့ ရလဒ်အတွက် ငါအရမ်းစိတ်ပျက်မိတယ်။ ငါတို့ သစ္စာဖောက်ကို လွတ်မြောက်ခွင့် ပေးလိုက်ရုံတင် မကဘူး၊ ကပ်ဘေးအဆင့် ဝါရင့်ပုဂ္ဂိုလ်တစ်ယောက်ကိုတောင် ဆုံးရှုံးခဲ့ရတယ်။ အမ်ဘာ၊ မင်း ဒီတစ်ကြိမ် ငါ့ကို တကယ် စိတ်ပျက်စေခဲ့တယ်။"

အမ်ဘာ သူ၏လက်သီးများကို ဆုပ်လိုက်ပြီး ခက်ခဲစွာ ပြောလိုက်သည်။ "မစ်ရှင်မှာ တစ်ခုခု မှားသွားခဲ့တယ်။"

"မင်း ဆိုလိုချင်တာက တစ်ခုခု မှားသွားသရွေ့၊ မင်းက အဲဒါကို မကိုင်တွယ်နိုင်ဘူးလို့ ဆိုလိုတာလား။"

အမ်ဘာသည် ခေါင်းဆောင်၏ အသံထဲမှ အေးစက်မှုကို သတိပြုမိပြီး မဖြေဘဲ ခေါင်းငုံ့ထားလိုက်သည်။

ဤအချိန်တွင်၊ အခြားအဖွဲ့ဝင်တစ်ဦးက ပြောလာသည်။ "ဒါက မင်း အဆင့် ‌အေ စူပါ ဖြစ်လာပြီးတော့ မင်းရဲ့ ပထမဆုံး မစ်ရှင်ပဲ။ ရလဒ်က ဒီလောက် အရှက်ရစရာကောင်းလိမ့်မယ်လို့ ထင်မထားဘူး။ မင်း မရှက်ဘူးလား။ မင်း ဒီအခန်းထဲမှာ ရှိနေပိုင်ခွင့် ရှိရဲ့လားလို့တောင် ထင်မိတယ်။"

စကားပြောလိုက်သူမှာ အန်နွာထက်ပင် ဩဇာလွှမ်းမိုးမှု ပိုရှိသော အခြား လေးစားရသည့် ကပ်ဘေးအဆင့် တစ်ဦးဖြစ်သည်။ သူသည် ဒုတိယခေါင်းဆောင်ဖြစ်ပြီး ခေါင်းဆောင်၏ ညာလက်ရုံး ဖြစ်သည်။

အမ်ဘာ၏ ဆုပ်ထားသော လက်သီးများ တင်းကျပ်လာသော်လည်း၊ သူ ပြန်မပြောခဲ့ပေ။ ကပ်ဘေးအဆင့် စူပါ ဖြစ်လာပြီးနောက်၊ သူသည် ရည်မှန်းချက်နှင့် မာနတို့ဖြင့် ပြည့်နှက်နေခဲ့သည်။ သို့သော်၊ ဤမစ်ရှင်သည် လုံးဝ ကျရှုံးမှုဖြင့် အဆုံးသတ်ခဲ့သောကြောင့်၊ သူသည် သူကိုယ်တိုင် သံသယဝင်လာသည်။

"ငါ မစ်ရှင် အစီရင်ခံစာကို ဖတ်ပြီးပြီ။ ဂိုဒိုရာရဲ့ နာဂါကင်က ကြေးစားစစ်သားတစ်ယောက်နဲ့ ပူးပေါင်းပြီး အန်နွာကို သတ်ခဲ့တယ်။ အဲ့ဒီ ကြေးစားစစ်သားကို ဘလက်စတားလို့ ခေါ်တယ်။" အမှောင်ကြယ် ခေါင်းဆောင်က အကြောင်းအရာကို ပြောင်းလိုက်ပြီး အခြားသူများကို အမ်ဘာအား ဆက်လက် အပြစ်တင်ခွင့် မပြုတော့ပေ။ သူ့ကို သတိပေးရန်အတွက် လုံလောက်ပြီး၊ အရှက်ခွဲရန် မလိုအပ်ပေ။

"သူ့ကို သတ်ပစ်။" အမ်ဘာက မဆိုင်းမတွ ပြောလိုက်သည်။

"သူက အေးမီစ်ရဲ့ လက်အောက်ငယ်သား၊ ပြီးတော့ ငါတို့ရဲ့ မျိုးဗီဇပြောင်းဗိုင်းရပ်စ် အစီအစဉ် မစတင်ခင် နဂါးဧကရီလို လူတစ်ယောက်နဲ့ ပဋိပက္ခ မဖြစ်ချင်ဘူး၊" အမှောင်ကြယ်၏ ခေါင်းဆောင်က ပြောလိုက်သည်။ "ငါ အဲ့ဒီ ကြေးစားစစ်သားကို တန်ရာတန်ကြေး ပေးဆပ်စေရမယ်၊ ဒါပေမဲ့ အခု မဟုတ်ဘူး။"

"သူက ငါတို့ကို အကြိမ်ကြိမ် ဆုံးရှုံးမှုတွေ ဖြစ်စေခဲ့တယ်၊ ပြီးတော့ သူက ငါတို့ သုတ်သင်ရမယ့် ရန်သူပဲ။ ငါတို့ ဒီထက်ပိုပြီး မစောင့်နိုင်တော့ဘူး။" အမ်ဘာက ပြန်မပြောဘဲ မနေနိုင်ခဲ့ပေ။ သူသည် ဟန်ရှောင်းကို သူ့ရှေ့တွင် ပြာကျသွားအောင် လုပ်ပစ်လိုက်ချင်သည်။

ထောက်လှမ်းရေးကို တာဝန်ယူထားသူက တည်ငြိမ်စွာ ပြောလိုက်သည်။ "ငါ့ရဲ့ အချက်အလက်အရ၊ ဘလက်စတားက ရွှေတံခါးဂြိုလ်မှာ အခြေစိုက်စခန်းတစ်ခု တည်ဆောက်နေတယ်။ အဲ့ဒီဂြိုဟ်က ဂိုဒိုရာရဲ့ ပိုင်နက်ထဲမှာ ရှိတယ်။ ငါတို့ သူ့ကို ရှင်းပစ်ချင်ရင်၊ ယာဉ်တန်းကြီးတစ်စင်း လွှတ်ရလိမ့်မယ်။ ဒီလောက်အရေးကြီးတဲ့ အခြေအနေမှာ ဂိုဒိုရာနဲ့ ဒီလောက်ကြီးမားတဲ့ တိုက်ပွဲတစ်ခုတိုက်ဖို့ကို လှုံ့ဆော်နေတာက၊ မင်းက အဖွဲ့အစည်းရဲ့ အစီအစဉ်ကို ဖျက်ဆီးချင်နေတာလား။"

"ဒါက တန်ပါတယ်။" အမ်ဘာ အံကြိတ်လိုက်ပြီး သူ၏ အမြင်ကို အခိုင်အမာ ပြောကြားသည်။

"တော်တော့။" အမှောင်ကြယ်၏ ခေါင်းဆောင်က အမ်ဘာကို ကြားဖြတ်လိုက်သည်။ "အခုကစပြီး၊ မျိုးဗီဇပြောင်းဗိုင်းရပ်စ် မပြန့်ပွားခင်အထိ အပြင်ဘက်က တခြားလှုပ်ရှားမှုအားလုံးကို ရပ်ထားလိုက်။ ငါ ထပ်ပြီး မပြောချင်တော့ဘူး။ အစည်းအဝေး ဒီမှာပဲ ပြီးပြီ။"

အထက်လူကြီးများအားလုံး နောက်ထပ် စကားတစ်ခွန်းမှ မပြောဘဲ ထွက်သွားကြသည်။ ကိုယ်တိုင် ရှိနေသူများသည် အစည်းအဝေးခန်းမှ ထွက်ခွာသွားကြသည်။ အမ်ဘာတစ်ယောက်သာ သူ၏ထိုင်ခုံတွင် မကျေမနပ်ဖြစ်သော အကြည့်ဖြင့် ကျန်ရစ်ခဲ့သည်။ လွတ်နေသော အခန်းကိုကြည့်ရင်း၊ ဒေါသ၏ အရိပ်အယောင်တစ်ခု သူ၏မျက်လုံးထဲတွင် ဖြတ်ပြေးသွားသည်။

စာစဉ် (၃၄)၊ အခန်း (၅၀၅) ပြီး၏။

လင်းဆက်

+++++

အခန်း (၅၀၆) အများအပြားထုတ်လုပ်ရေး ဒီဇိုင်း၊ ကပ်ဘေး၏ အစ

ဂါတွန်နဂါးငွေ့တန်း ကြယ်စနစ်ရှိ ရွှေတံခါးဂြိုဟ်ပေါ်တွင်၊ ဟန်ရှောင်းက ပရော်ဖက်ရှင်နယ် ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုကို ကန်ထရိုက်ပေးထားသည့်အတွက် ဘလက်စတား အခြေစိုက်စခန်းကို လျင်မြန်စွာ တည်ဆောက်နေသည်။ ဂလက်ဆီခေတ်တွင် အဆောက်အအုံများ တည်ဆောက်ခြင်း၏ စွမ်းဆောင်ရည်သည် အလွန်မြင့်မားပြီး အရာအားလုံးနီးပါးကို အလိုအလျောက် လုပ်ဆောင်ကြသည်။ အုတ်မြစ်ချခြင်း၊ ဘိလပ်မြေဖျော်ခြင်း၊ နံရံကပ်ခြင်း၊ လိုင်းများ သွယ်တန်းခြင်း စသည်တို့အားလုံးသည် လျင်မြန်စွာ ပြီးစီးနိုင်သော အလုပ်များဖြစ်သည်။ ကုန်ကြမ်းများ ရှိနေသရွေ့ ဆောက်လုပ်ရေးအဖွဲ့သည် အချိန်တိုအတွင်း အသေးစိတ်ပုံစံများနှင့် တစ်ပုံစံတည်းတူညီသော အဆောက်အအုံကို တည်ဆောက်နိုင်မည်ဖြစ်သည်။

မျက်စိတစ်မှိတ်အတွင်း ဆယ်ရက်ခန့် ကုန်ဆုံးသွားပြီး သတ္တုအခြေစိုက်စခန်းတစ်ခု မြေပြင်မှ ထွက်ပေါ်လာသည်။ ဤအခြေစိုက်စခန်းသည် လူခုနစ်သောင်းမှ ရှစ်သောင်းအထိ နေထိုင်ရန် လုံလောက်သည်။ ၎င်း၏ အရွယ်အစားသည် လုံလောက်စွာ ကြီးမားပြီး ၎င်း၏ ပထဝီဝင်အနေအထားမှာ ရိုးရှင်းသည်။ အသေးစိတ်ပုံစံများအရ အခြေစိုက်စခန်းကို မတူညီသော ကဏ္ဍအနည်းငယ်အဖြစ် ပိုင်းခြားထားသည်။ သို့သော်လည်း အဆောက်အအုံများမှာ မပြီးသေးဘဲ အခြေစိုက်စခန်းသည် အခွံသက်သက်သာ ရှိသေးသည်။

ဟန်ရှောင်းလက်ရှိ လက်ထဲတွင်ရှိသော ရန်ပုံငွေများမှာ အတော်လေး ပေါများနေပြီး အလွန်အမင်း ကန့်သတ်ထားရန် မလိုပေ။ သူသည် စက်ရုံထုတ်လုပ်ရေးလိုင်းတစ်ခု တည်ဆောက်ရန်၊ သူ၏ အခြေစိုက်စခန်းကို လက်နက်များ တပ်ဆင်ရန်နှင့် အခြေစိုက်စခန်းတစ်ခုလုံးကို ထိန်းချုပ်ရန်အတွက် ပင်မစနစ်တစ်ခု တည်ဆောက်ရန် လိုအပ်သည်။ ထိုအဆောက်အအုံများအားလုံးကို သူကိုယ်တိုင် တည်ဆောက်ရမည်ဖြစ်ပြီး အဓိကအသုံးစရိတ်မှာ အရင်းအမြစ်များမှ လာမည်ဖြစ်သည်။

ဆက်လက်ပြီး၊ သူသည် သယ်ယူပို့ဆောင်ရေးပြဿနာကို ဖြေရှင်းရမည်ဖြစ်သည်။ အာကာသယာဉ်တစ်စင်း ဝယ်ယူခြင်းသည် ကုန်ကျစရိတ် အလွန်များပြားပြီး၊ သူသည် ဂလက်ဆီ ခရီးသွားအေဂျင်စီအချို့နှင့် သဘောတူညီမှုတစ်ခု ပြုလုပ်ရန် ပြင်ဆင်ထားသည်။ သူသည် ၎င်းတို့၏ အာကာသယာဉ်များကို ရေရှည်ငှားရမ်းလိုသည်။ ထိုအသုံးစရိတ်များကို နုတ်လိုက်ပြီးနောက်၊ သူ့တွင် အီနက်စ် နှစ်သန်းမှ သုံးသန်းခန့် ကျန်ရှိနေဦးမည်ဖြစ်သည်။

သယ်ယူပို့ဆောင်ရေးပြဿနာသည် အရေးမကြီးသေးဘဲ၊ ကစားသမားများ ပြန်လာမှသာ လိုအပ်မည်ဖြစ်သည်။ ဟန်ရှောင်းသည် ဦးစွာ ထုတ်လုပ်ရေးလိုင်းတစ်ခုကို တည်ဆောက်ရမည်ဖြစ်သည်။ ထုတ်လုပ်ရေးလိုင်းသည် သူ စစ်တပ်တစ်ခု တည်ဆောက်ရန်အတွက် လိုအပ်ချက်တစ်ခုဖြစ်ပြီး၊ သူသည် သက်ဆိုင်ရာ အဆင့်မြင့်အသိပညာနှင့် ထိပ်တန်းအဆင့် အသိပညာများ လိုအပ်သည်။ ဟန်ရှောင်းသည် အဆင့်မြင့်အသိပညာ အများစုကို သင်ယူပြီးဖြစ်ကာ သူ၏ ကြီးမားသောအရင်းအနှီးက သူ့ကို ထိပ်တန်းအဆင့် အသိပညာအသစ်များ ဝယ်ယူနိုင်စေခဲ့သည်။

သူသည် လက်နက်ကိုင်းခွဲ၏ ထိပ်တန်းအသိပညာဖြစ်သော [ကြီးမားသော ၂ခုတွဲ စက်ယန္တရား နည်းပညာ] ကို ဝယ်ယူရန် အီနက်စ် သိန်းပေါင်းများစွာကို ချက်ချင်း အသုံးပြုလိုက်သည်။ ဤအသိပညာသည် စစ်သင်္ဘောများနှင့် အခြား အလွန်ကြီးမားသော စက်ယန္တရားများ တည်ဆောက်ရန်အတွက် လိုအပ်ချက်များထဲမှ တစ်ခုဖြစ်သည်။ ထို့နောက် သူသည် သူ၏မှတ်ဉာဏ်ထဲရှိ အသိပညာအုပ်စုများအတိုင်း သက်ဆိုင်သည့် အဓိက ဒီဇိုင်းပုံစံဖြစ်သည့် [အလိုအလျောက် အစုလိုက်ထုတ်လုပ်ရေး အစီအစဉ်] ကို ပေါင်းစပ်လိုက်သည်။ ၎င်းသည် ထုတ်လုပ်ရေးလိုင်းအတွက် ဒီဇိုင်းပုံစံသက်သက်သာမကဘဲ၊ စစ်တပ်တစ်ခု၏ အချက်အချာလည်း ဖြစ်သည်။ ရရှိနိုင်သော ကုန်ကြမ်းများ လုံလောက်နေသရွေ့ ထုတ်လုပ်ရေးလိုင်းသည် လက်နက်များကို အလိုအလျောက် ထုတ်လုပ်နိုင်မည်ဖြစ်ပြီး၊ ၎င်းသည် ဟန်ရှောင်း၏ အချိန်နှင့် ကြိုးစားအားထုတ်မှု နှစ်ခုလုံးကို သက်သာစေမည် ဖြစ်သည်။ မသက်သာသည့် တစ်ခုတည်းသော အရာမှာ ငွေပင်ဖြစ်သည်။

ထုတ်လုပ်ရေးလိုင်းသည် သူ့ဘာသာသူ တည်ဆောက်၍မရသော အထူး ဒီဇိုင်းပုံစံတစ်မျိုးဖြစ်သည်။ အကယ်၍ ၎င်းကို ကြိုးစားတည်ဆောက်သူသည် ကစားသမားတစ်ဦးဖြစ်ပါက၊ ကစားသမားသည် အခြားစက်ယန္တရားတစ်ခု၏ ဒီဇိုင်းပုံစံကို အသုံးမပြုမီ ထုတ်လုပ်ရေးလိုင်း ဒီဇိုင်းပုံစံကို ဦးစွာ အသက်သွင်းပြီး ၎င်းကို အသက်ဝင်နေသော အခြေအနေတွင် ထားခဲ့ရန် လိုအပ်သည်။ ဤသည်မှာ စက်ယန္တရား ထုတ်လုပ်ရေးလိုင်းတစ်ခု ဖန်တီးခြင်း၏ လုပ်ငန်းစဉ်ဖြစ်ပြီး၊ ၎င်းသည် ပေါင်းစပ်စွမ်းရည်ပုံစံတစ်ခုနှင့် တူသည်။

ထုတ်လုပ်ရေးလိုင်းတိုင်း၏ တည်ဆောက်ပုံလုပ်ငန်းစဉ်တွင် ကွဲပြားမှုအချို့ရှိသည်။ ဥပမာအားဖြင့်၊ မြင်းစီးစက်ရုပ်များနှင့် ဘလက်ပန်သာများ တည်ဆောက်မှုသည် မတူညီသော ထုတ်လုပ်မှုလုပ်ငန်းစဉ်တစ်ခု လိုအပ်သည်။ ထို့ကြောင့်၊ မတူညီသော စက်ယန္တရားတိုင်း၏ ထုတ်လုပ်ရေးလိုင်းကို တစ်ခုချင်းစီ တည်ဆောက်ရမည်ဖြစ်သည်။ စက်ယန္တရားတိုင်းအတွက် လိုအပ်သော ကုန်ကြမ်းများမှာ မတူညီကြဘဲ၊ ထုတ်လုပ်ရေးလိုင်းမှ ကုန်ကြမ်းများ၏ ကုန်ကျစရိတ်သက်သက်သည် ကစားသမားတစ်ဦး၏ ပိုက်ဆံအိတ်ကို ပြားချပ်သွားစေရန် လုံလောက်သည်။ ထိုသို့မဟုတ်ပါက၊ 'တပ်မတော်စတိုင်' သည် ဂိမ်းတွင် ငွေအဖြုန်းဆုံး နည်းဗျူဟာဖြစ်သည်ဟု ဆိုစမှတ်ပြုကြမည် မဟုတ်ပေ။

ဟန်ရှောင်း၏ လက်ရှိ 'တပ်မတော်စတိုင်' မှာ ကုန်ကျစရိတ်နည်းရန် အဓိကအာရုံစိုက်ထားသဖြင့် ဒုတိယတန်းစားမျှသာ ဖြစ်သည်။ သူသည် စစ်မှန်သော 'တပ်မတော်စတိုင်' နှင့် အတော်အတန် ကွာဝေးနေသေးသည်။ အဓိကအကြောင်းရင်းမှာ ယခင်က သူသည် မီးရှို့ပစ်ရန် ငွေများများစားစား မရှိခဲ့ခြင်းကြောင့် ဖြစ်သည်။ ယခုတော့ လက်ထဲတွင် လုံလောက်သော ရန်ပုံငွေများ ရှိနေသဖြင့်၊ သူသည် စစ်တပ်တစ်ခု ဖန်တီးရန် သူ၏အစီအစဉ်ကို နောက်ဆုံးတွင် စတင်နိုင်ပြီဖြစ်သည်။

မည်သို့ပင်ဖြစ်စေ၊ ယန္တရားပညာရှင်တစ်ဦး၏ အစွမ်းသတ္တိသည် ၎င်းတို့၏ ကြွယ်ဝမှုနှင့် တိုက်ရိုက်သက်ဆိုင်နေသည်။

ဟန်ရှောင်း၏ [အမြောက်တပ်ဖွဲ့အင်ဂျင်နီယာ] အတန်းအစားခွဲ၏ အထူးပြုချက်မှာ [စစ်ဘက်ဆိုင်ရာ စက်ယန္တရားများ ဉာဏ်အလင်းပွင့်ခြင်း] ဖြစ်ပြီး၊ ၎င်းသည် ထုတ်လုပ်ရေးလိုင်း တည်ဆောက်ခြင်း ကုန်ကျစရိတ်ကို လျှော့ချပေးပြီး ဖန်တီးလိုက်သော ထုတ်ကုန်၏ အရည်အသွေးကို မြှင့်တင်ပေးသည်။

ကြီးမားသော ယန္တရားစစ်တပ်ကို ဖန်တီးခြင်းမှလွဲ၍ ထုတ်လုပ်ရေးလိုင်း၏ အခြားရည်ရွယ်ချက်မှာ ကစားသမားများ အစုလိုက်အပြုံလိုက် ဝယ်ယူလိုသည့် စက်ပစ္စည်းများကို တည်ဆောက်ရန် ဖြစ်သည်။ ထိုအချိန်တွင်၊ သူသည် ထိုစက်ပစ္စည်းများကို အစုလိုက်အပြုံလိုက် ရောင်းချနိုင်ပြီး ရရှိလာသောငွေကို အသုံးပြု၍ နောက်ထပ် စက်ပစ္စည်းများ ပိုမိုဖန်တီးနိုင်မည်။

ထို့နောက် သူသည် ဆိုင်ခွဲအနည်းငယ် ဖွင့်နိုင်ပြီး တစ်ဆိုင်မှ နှစ်ဆိုင်၊ နှစ်ဆိုင်မှ လေးဆိုင်၊ လေးဆိုင်မှ ရှစ်ဆိုင်၊ ရှစ်ဆိုင်မှ စာရင်းဝင်ကုမ္ပဏီတစ်ခု ဖြစ်လာနိုင်သည်၊ စာရင်းဝင်ကုမ္ပဏီဖြစ်ခြင်းမှ ရန်ပုံငွေများ စုဆောင်း၊ ထို့နောက် သူ၏ ရှယ်ယာများကို ရောင်းချ၊ ထို့နောက် သူ၏ လက်အောက်ခံကုမ္ပဏီကို စာရင်းဝင်စေပြီး၊ ထို့နောက် အတိုးများ စုဆောင်းရုံဖြင့် သူ... အဟမ်း အဟမ်း၊ ဒါက သူဆိုလိုရင်း အကြမ်းဖျင်း ဖြစ်သည်။ တွေးကြည့်ရုံမျှဖြင့် ကြီးမြတ်သော ယန္တရားပညာရှင်ဟန်သည် သူ့စိတ်အခြေအနေ တောက်ပလာသည်ကို ခံစားလိုက်ရသည်။

စက်ယန္တရားတစ်ခု၏ အဆင့်အတန်း မြင့်မားလေ၊ ၎င်း၏ ထုတ်လုပ်ရေးလိုင်းက ပိုမိုရှုပ်ထွေးလေ ဖြစ်သည်။ ဟန်ရှောင်း၏ လက်ရှိ တပ်ဆင်မှုအမြန်နှုန်းနှင့်ပင်၊ သူသည် ထုတ်လုပ်ရေးလိုင်းတစ်ခုတည်းကို ပြီးမြောက်ရန် ရက်အနည်းငယ် လိုအပ်သည်။ ထို့ကြောင့်၊ သူ မည်သည့် ထုတ်လုပ်ရေးလိုင်းများကို တည်ဆောက်သင့်သည်ကို ဂရုတစိုက် စဉ်းစားရန် အရေးကြီးသည်။ အချိန်အတော်ကြာ စဉ်းစားပြီးနောက်၊ ဟန်ရှောင်းသည် သူ၏အာရုံစိုက်မှုကို အဆင့်နိမ့် စက်ယန္တရားများပေါ်တွင် ထားရန် ဆုံးဖြတ်လိုက်သည်။ သူ၏အဆင့်သည် ကစားသမားများထက် အမှန်တကယ်ပင် အလွန်ရှေ့ရောက်နေပြီး၊ သူ၏ အဆင့်နိမ့်စက်ယန္တရားများသည် အဆင့် ၆၀ ဝန်းကျင်ရှိ ကစားသမားများအတွက် အနေတော် ဖြစ်နေသည်။

အဆင့်မြင့်စက်ယန္တရားများအတွက်မူ၊ လောလောဆယ်တွင် ထုတ်လုပ်ရေးလိုင်းတစ်ခု ဖန်တီးရန် မလိုအပ်သေးပေ။ ဟန်ရှောင်းသည် လက်ရှိတွင် အဆင့် ၁၁၆ ရှိနေပြီး၊ နိုရီယိုဆေး ဖြစ်ရပ်ကြောင့်၊ ဟန်ရှောင်းသည် သူ၏ အဓိကစက်ယန္တရားများကို ကျယ်ကျယ်ပြန့်ပြန့် အဆင့်မြှင့်တင်ရန် အခွင့်အရေး မရခဲ့ပေ။ အခြေစိုက်စခန်းတစ်ခု တည်ဆောက်ခြင်းသည် ရေရှည်ပရောဂျက်တစ်ခုဖြစ်ပြီး၊ ဟန်ရှောင်းသည် နောက်ဆုံးတွင် သူ၏စက်ပစ္စည်းများကို အဆင့်မြှင့်တင်ရန် အချိန်ရလာလေသည်။

အန်နွာကို သတ်ဖြတ်ခဲ့ခြင်းမှ ရရှိသော ဆုလာဘ်ကြောင့်၊ သူ၏ အင်တာဖေ့စ်တွင် ရှိသော အတွေ့အကြုံအမှတ် ပမာဏသည် ၃၀၀,၀၀၀,၀၀၀ အထိ တိုးလာခဲ့သည်။ သူသည် ပထမဦးစွာ သူ၏ [အလိုအလျောက် အစုလိုက်ထုတ်လုပ်ရေး အစီအစဉ်] ကို ကုန်ကျစရိတ်အား အနိမ့်ဆုံးသို့ လျှော့ချရန် အမြင့်ဆုံးအဆင့်သို့ အဆင့်မြှင့်တင်ခဲ့သည်။ သူသည် ထို့နောက် လောင်းကစားလုပ်ပြီး အဆင့်နိမ့် စက်ယန္တရားမျိုးစုံကို ရယူကာ ထုတ်လုပ်ရေးလိုင်းတစ်ခု ဖွဲ့စည်းရန် သင့်လျော်သော ဒီဇိုင်းပုံစံအနည်းငယ်ကို ရွေးချယ်လိုက်သည်။ ယန္တရားပညာရှင် အတန်းအစားနှင့် ကစားသမားများကို သူ၏ နားလည်မှုဖြင့်၊ ထုတ်လုပ်လိုက်သော စက်ယန္တရားများသည် သေချာပေါက် အသုံးဝင်မည်ဖြစ်ကြောင်း သေချာနေသည်။

ထုတ်လုပ်ရေးလိုင်းတစ်ခု တည်ဆောက်ခြင်းသည် ကြီးမားသော ပရောဂျက်တစ်ခုဖြစ်သောကြောင့်၊ ထိုမတိုင်မီ၊ သူသည် အခြေစိုက်စခန်းအတွက် ပင်မစနစ်တစ်ခုကို တည်ဆောက်ခဲ့ပြီး ဖီးလစ်ကို အခြေစိုက်စခန်းအား စီမံခန့်ခွဲစေသည်။ သူ ပထမဆုံး တည်ဆောက်လိုသည့် ထုတ်လုပ်ရေးလိုင်းမှာ အကူအမျိုးအစား စက်ယန္တရားဖြစ်သည်။ ဖီးလစ်ကဲ့သို့ AI တစ်ခုအား ထိုအကူအမျိုးအစား စက်ယန္တရားများကို လည်ပတ်စေခြင်းသည် သေချာပေါက် အလွန်ထိရောက်မည်ဖြစ်သည်။

သူထားခဲ့သော ဒီဇိုင်းပုံစံအတိုင်း ဖီးလစ်သည် ပရိဘောဂအသစ်များ၊ လုံခြုံရေးတံခါးများ၊ စက်ပစ္စည်းများနှင့် ကိရိယာတန်ဆာပလာများကဲ့သို့သော အခြေစိုက်စခန်း၏ မတူညီသော ခရိုင်များကို ပြီးမြောက်စေရန် ပိုမိုများပြားလာသော အကူအမျိုးအစား စက်ယန္တရားများကို စတင်အမိန့်ပေးတော့သည်။ ဟန်ရှောင်းသည် ထိုတာဝန်များကို ကိုယ်တိုင်ကိုယ်ကျ ကြီးကြပ်ရန် မလိုအပ်တော့ပေ။

ဗားရှင်း ၂.၀ အတွက် ပြင်ဆင်မှုသည် လူတိုင်းကို အခြေစိုက်စခန်းတွင် အချိန်အတော်ကြာ နေထိုင်ရန် လိုအပ်သည်။ ဟားလပ်စ်က ဂရုမစိုက်ဘဲ ဟန်ရှောင်းတွင် သူ့အစီအစဉ်နှင့် သူရှိသည်ဟု ယုံကြည်သည်။ အခြားသူများအတွက်မူ၊ ၎င်းတို့သည် ပို၍ပင် ဂရုမစိုက်ကြပေ။ ဗော်ဂါ ညီအစ်ကိုများနှင့် ဆေးလ်ဗီးယားတို့သည် ဘယ်လိုပဲဖြစ်ဖြစ် ဟန်ရှောင်းနောက်သို့ လိုက်ရန် အဆင်ပြေကြသည်။ ဖေဒင်သည် ချန်ရှင်းကို လုံးဝ မဖိနှိပ်နိုင်မီ ထွက်သွားမည်မဟုတ်ပေ။ ရစ်ဒါသည် အလွန်စိတ်ရှည်သည်။ အချိန်အတော်ကြာ စောင့်ဆိုင်းခဲ့ပြီးနောက်၊ သူသည် ဤသေးငယ်သော နှောင့်နှေးမှုအတွက် စိတ်အနှောင့်အယှက် မဖြစ်ပေ။ သူသည် ဟန်ရှောင်းအား သူ၏ခန္ဓာကိုယ်ကို အသုံးပြုခွင့်ပေးရန်လည်း စိတ်မရှိခဲ့ပေ။

ဝီလ်ဆန်ဒါသည် မျောလွင့်နဂါးသို့ ပြန်သွားခဲ့ပြီး၊ မျောလွင့်နဂါး၏ အပြင်ဘက်တွင် လည်ပတ်နေသူများမှာ ဟန်ရှောင်းနှင့် သူ၏အဖွဲ့သားများသာ ကျန်တော့သည်။

မျောလွင့်နဂါးကျွန်းသည် သူအပြင်ဘက်တွင် အခြေစိုက်စခန်းတစ်ခု တည်ဆောက်နေသည်ကို သေချာပေါက် သိရှိကြောင်း ဟန်ရှောင်းက ရှင်းရှင်းလင်းလင်း သိသည်။ အေးမီစ်က သူ့ကို ဘာမှမပြောသေးသဖြင့်၊ ဟန်ရှောင်းသည် အေးမီစ်က သူ့အား လက်နက်ကိုင်တပ်ဖွဲ့များ တိုးချဲ့ခွင့်ပြုနေသည်ကို တိတ်တဆိတ် နားလည်လိုက်သည်။ အေးမီစ် သူ့အပေါ် ထားရှိသော ဤယုံကြည်မှုက သူ့ကို အမှန်တကယ် ကျေးဇူးတင်မိစေသည်။

အခြေစိုက်စခန်းကြောင့် ဟန်ရှောင်း၏ ပင်မအဖွဲ့ဝင်များသည် မစ်ရှင်အသစ်များ လက်ခံခြင်းကို ယာယီရပ်တန့်ထားပြီး ဆူနီ ဌာနခွဲကသာ ဆက်လက်လှုပ်ရှားနေသည်။ ဤသတင်းသည် ဂလက်ဆီတစ်ခွင် လျင်မြန်စွာ ပျံ့နှံ့သွားပြီး၊ ဟန်ရှောင်း အခြေစိုက်စခန်း တည်ဆောက်နေသည့် သတင်းသည် အဖွဲ့အစည်းများစွာကို တစ်စုံတစ်ခုအား နားလည်မှုလွဲစေခဲ့သည်။ သူတို့အားလုံးက ဤသည်မှာ အချက်ပြမှုတစ်ခုဟု ခံစားလိုက်ရသည်။

နောက်ဆုံးတော့ နဂါးဧကရီက အခြား အဆင့် အေ အထက်ဆင့် စူပါသုံးဦးကို အတုယူပြီး သူမရဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေကို အားကောင်းအောင် လုပ်ချင်နေပြီလော။

အစကတည်းက ဟန်ရှောင်း၏ 'မျောလွင့်နဂါး ကွင်းဆင်းအဖွဲ့' သည် အမည်ခံမျှသာ တည်ရှိခဲ့ပြီး၊ အဖွဲ့အစည်းအနည်းငယ်ကသာ ၎င်းတို့အား အာရုံစိုက်ခဲ့ကြသည်။ သို့သော်၊ သူ၏ ဤလုပ်ရပ်သည် အဖွဲ့အစည်းများနှင့် အင်အားကြီးသူများစွာကို ကြောက်ရွံ့စေပြီး သူတို့က ဟန်ရှောင်းကို အနီးကပ် အာရုံစိုက်လာကြသည်။

အခြေစိုက်စခန်း တည်ဆောက်မှုသည် နှေးကွေးသော်လည်း တည်ငြိမ်စွာ ရှေ့ဆက်သွား‌နေသည်။

အချိန်ကြာလာသည်နှင့်အမျှ၊ အမှောင်ကြယ်က ဂြိုဟ်များတွင် လျှို့ဝှက်စွာ ထားရှိခဲ့သော မျိုးဗီဇပြောင်းလဲမှု ရင်းမြစ်များ အားလုံး နိုးထလာတော့သည်။

…

"... ဒီလိုပါ။ နှစ်ရက်အတွင်း ကမ္ဘာတစ်ဝှမ်းမှာ အကြမ်းဖက်မှုပေါင်း ၂,၇၀၀ ကျော် ဖြစ်ပွားခဲ့ပြီး လူပေါင်း ၁၀၀,၀၀၀ ကျော် ထိခိုက်ခဲ့ပါတယ်။ ဒါက ကျွန်တော်တို့ ရှာဖွေနိုင်ခဲ့တဲ့ သတင်းအချက်အလက်တွေပဲ ရှိပါသေးတယ်။ ထောက်လှမ်းရေးဌာနက အကြမ်းဖက်မှု ကျူးလွန်ခဲ့သူအားလုံးရဲ့ ကိုယ်ရေးအချက်အလက်တွေကို စုံစမ်းစစ်ဆေးခဲ့ပြီးပါပြီ။ သူတို့က မတူညီတဲ့ အလုပ်အကိုင်အမျိုးမျိုးက လာကြပြီး မတူညီတဲ့မြို့တွေမှာ ပျံ့နှံ့နေပါတယ်။ ဖြစ်ရပ်မတိုင်ခင် အကြမ်းဖက်မှု လက္ခဏာ တစ်ခုတောင် မရှိခဲ့ဘဲ အကြမ်းဖက်မှုပုံစံလည်း မရှိပါဘူး။ လက်ရှိမှာတော့ အကြမ်းဖက်မှု ကျူးလွန်သူအများစုကို နိုင်ငံ၆နိုင်ငံရဲ့ အာဏာတည်မြဲရေး အေဂျင်စီတွေက ထိန်းသိမ်းထားပြီး စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။"

ထောက်လှမ်းရေးဌာနမှ အဖွဲ့ဝင်တစ်ဦးက အစီရင်ခံစာကို ဖတ်ပြခဲ့သည်။ ဘန်းနက်သည် သူ့မျက်ခုံးများကို တွန့်ချိုးရင်း ထိုင်ခုံပေါ်တွင် ထိုင်နေသည်။ သူသည် လွန်ခဲ့သော နှစ်နှစ်ကထက် အနည်းငယ် ပို၍ အိုမင်းလာပုံရသည်။

ဟန်ရှောင်း ထွက်ခွာသွားပြီးနောက်၊ ‌ရေပင်လယ်ဂြိုလ်သည် လူမှုရေးအရ တည်ငြိမ်လာသည်။ နိုင်ငံ၆နိုင်ငံသည် အချင်းချင်း စစ်တိုက်ခြင်းကို ရပ်တန့်ခဲ့ကြသည်။ ဒုက္ခသည်များလည်း နေစရာနေရာ ရရှိခဲ့ကြသည်။

သို့သော် လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း ဒေသများစွာတွင် အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့ပြီး၊ ဤဖြစ်ရပ်များ၏ များပြားလှသည့် အရေအတွက်ကြောင့် နိုင်ငံ၆နိုင်ငံနှင့် ဘန်းနက်၏ အာရုံစိုက်မှုကို ချက်ချင်း ဆွဲဆောင်နိုင်ခဲ့သည်။

"ဆရာ၊ ကျွန်တော်တို့ အချက်အလက်အားလုံးကို စုစည်းပြီး အားလုံးတူညီတဲ့ အရာတစ်ခုကို သတိပြုမိပါတယ်..." ထောက်လှမ်းရေးအရာရှိက သူ့အသံထဲတွင် သိသာထင်ရှားသော ကြောက်ရွံ့မှုဖြင့် ပြောလိုက်သည်။

"ပြော" ဘန်းနက်က လေးနက်သော အသံဖြင့် ပြောလိုက်သည်။

"ဖြစ်ပွားမှုအားလုံးကို အုပ်စုသုံးစု ခွဲနိုင်ပါတယ်၊ အုပ်စုတစ်ခုစီမှာ အကြမ်းဖက်မှုဖြစ်ပွားတဲ့ အချိန်က ကမ္ဘာတစ်ဝှမ်းက မတူညီတဲ့ နေရာ ရာပေါင်းများစွာမှာ ဆယ်စက္ကန့်အတွင်း ဖြစ်ပွားခဲ့တာပါ၊ ဒါက သူတို့အားလုံး ကြိုတင် သဘောတူညီထားသလိုပါပဲ။ ဒါပေမယ့် မှတ်တမ်းတွေကို စစ်ဆေးပြီးတဲ့အခါ ဒီလူတွေက အချင်းချင်း သီးသန့်ဆက်သွယ်ခဲ့တာ မရှိပါဘူး..."

ဘန်းနက်၏ မျက်လုံးများတွင် လေးနက်သော အမူအရာကို တွေ့မြင်နိုင်သည်။ ဤအခြေအနေသည် အလွန် ပုံမှန်မဟုတ်ပေ။

ထောက်လှမ်းရေးအရာရှိမှာ ချွေးများ အလွန်အကျွံ ထွက်နေသည်။ "ဒါ့အပြင်၊ ဖြစ်ပွားတဲ့နေရာတွေမှာ ကျွန်တော်တို့ရဲ့ ခိုလှုံရေးစခန်းအချို့လည်း ပါဝင်ပါတယ်။ ကျွန်တော်တို့ လက်ခံထားတဲ့ ဒုက္ခသည်တော်တော်များများလည်း အကြမ်းဖက်မှု ကျူးလွန်ခဲ့ကြပါတယ်။"

"ဒီဒုက္ခသည်တွေရဲ့ ခန္ဓာကိုယ်အခြေအနေ ဘယ်လိုရှိလဲ"

"ကျွန်တော်တို့ ထိန်းသိမ်းလိုက်တဲ့အခါ သူတို့ရဲ့ ခန္ဓာကိုယ်တွေ ပူလာပြီး သတိလစ်သွားပါတယ်။ ဆရာဝန်ရဲ့ စစ်ဆေးချက်အရ သူတို့ရဲ့ ဦးနှောက်လှုပ်ရှားမှုက ပုံမှန်ထက် အများကြီး ပိုများနေပြီး၊ ဒါက သူတို့ရဲ့ ကိုယ်တွင်းအင်္ဂါတွေကို အလွန်အကျွံ စိတ်လှုပ်ရှားစေခဲ့ပါတယ်။ ကျွန်တော်တို့ သတင်းပေးသူတွေဆီက ရတဲ့ အချက်အလက်တွေအရ၊ နိုင်ငံ၆နိုင်ငံက ထိန်းသိမ်းထားသူတွေနဲ့ အတူတူပါပဲ။"

"သူတို့အားလုံး သတိလစ်သွားတာလား" ဘန်းနက်က အံ့ဩခြင်းနှင့် ကြောက်ရွံ့ခြင်း အနည်းငယ်ဖြင့် ပြောလိုက်သည်။ "ဒါက ကူးစက်နိုင်တဲ့ ဗိုင်းရပ်စ်တစ်မျိုးလား။"

"လူတိုင်းကို မပြန့်နှံ့ပါဘူး။ ဒုက္ခသည်တွေ အနည်းစုကတော့ ထိန်းသိမ်းခံရချိန်မှာ သတိရှိနေခဲ့ပါတယ်။ သူတို့က အခြေအနေတစ်ခုလုံးကို ရှင်းရှင်းလင်းလင်း ဖော်ပြနိုင်ခဲ့ပြီး သူတို့ရဲ့ ထွက်ဆိုချက်တွေက ထိတ်လန့်စရာကောင်းလောက်အောင် တစ်ထပ်တည်းကျနေပါတယ်။ သူတို့အားလုံးက ရုတ်တရက် ဒေါသပေါက်ကွဲမှုတစ်ခုနဲ့ သူတို့ရဲ့ဒေါသကို ဖြေဖျောက်ဖို့ ပစ္စည်းတချို့ကို ဖျက်ဆီးလိုစိတ် ခံစားခဲ့ရတယ်လို့ ပြောကြပါတယ်။ ကျွန်တော်တို့ ဆရာဝန်တွေက ဒီသတိရှိနေတဲ့ လူတွေရဲ့ ခန္ဓာကိုယ်တွေကို စစ်ဆေးခဲ့ပေမယ့် ထူးဆန်းတာ ဘာမှ မတွေ့ခဲ့ရပါဘူး။ သူတို့ရဲ့ ခန္ဓာကိုယ်အပူချိန်ကလည်း ပုံမှန်ပြန်ဖြစ်သွားပြီး၊ အရာအားလုံးက ပုံမှန်ဖြစ်နေသလိုပါပဲ။ ဒါကြောင့် ကျွန်တော်တို့ ဒီလူတွေကို သီးသန့်ခွဲထားပြီးပါပြီ၊ သူတို့က လွန်ခဲ့တဲ့ ၁၈နာရီအတွင်း အကြမ်းဖက်မှု လက္ခဏာ မပြသသေးပါဘူး။"

"သူတို့ကို သီးသန့်ခွဲထားတာက တကယ် အသုံးဝင်ရဲ့လား။ အကြမ်းဖက်မှု သုံးကြိမ်စလုံးက လူအုပ်စုတွေ လုံးဝကွဲပြားနေပြီး၊ အကြမ်းဖက်မှုက ဘာလက္ခဏာမှ မရှိဘဲ ဖြစ်ပွားခဲ့တယ်။ အကယ်၍ ဒါက တကယ်ကို ရှာဖွေတွေ့ရှိလို့မရတဲ့ ဗိုင်းရပ်စ်တစ်ခုဆိုရင်၊ ကူးစက်ခံရသူ အရေအတွက်က..."

ထိုသို့တွေးမိသဖြင့် ဘန်းနက်သည် သူ့အမူအရာ ဆိုးဝါးသွားကာ အေးစက်သော လေကို ရှူသွင်းလိုက်မိသည်။ ဤကိစ္စသည် ထိုမျှ မရိုးရှင်းကြောင်း သူခံစားမိသည်။

"စစ်ပွဲပြီးသွားပြီ၊ ငြိမ်းချမ်းရေးကလည်း အခက်အခဲတွေအများကြီးကြားက ကမ္ဘာကြီးဆီ နောက်ဆုံးတော့ ပြန်လည်ရောက်ရှိလာပြီ။ ဘာလို့ ဒီလိုအရာမျိုးက..."

ရုတ်တရက်၊ သူက ဟန်ရှောင်းနှင့် သူ မယုံကြည်ခဲ့သော ကပ်ဘေးတစ်ခု၏ ဟောကိန်းစကားကို သတိရသွားသည်။ သို့သော်၊ သူ့ရှေ့မှ မြင်ကွင်းသည် ဟန်ရှောင်း၏ စကားများနှင့် အမှန်တကယ်ပင် အလွန်ဆင်တူနေသည်။

အနက်ရောင်တစ္ဆေ၏ စကားများက အမှန်များ ဖြစ်နေခဲ့သလား။

ကလန်

ဘန်းနက် ရုတ်တရက် မတ်တပ်ထရပ်လိုက်ပြီး သူ့ထိုင်ခုံကို တွန်းလှဲလိုက်သည်။ သူ အလျင်အမြန် ကုတ်အင်္ကျီကို ဝတ်ဆင်ရင်း အခန်းထဲမှ ထွက်သွားသည်။

"လေယာဉ်ပြင်ထား၊ ငါ အနက်ရောင်တစ္ဆေရဲ့ ခိုလှုံရေးစခန်း ၃ ကို သွားမယ်။"

TL Note: Black Phantom ကို “အနက်ရောင်တစ္ဆေ” လို့ ပြောင်းလဲပြန်ဆိုသွားပါမယ်။

စာစဉ် (၃၄)၊ အခန်း (၅၀၆) ပြီး၏။

လင်းဆက်

+++++

All Chapters