ခရမ်းရောင် ကောင်းကင်အလင်းတန်း
Vol. 1 Ch. 110
ညသည် ပိန်းပေါက်အောင် မှောင်နေရာ အကြီးအကဲဟုန်၏ မျက်နှာကို သေသေချာချာ မမြင်နိုင်ပေ။ ထို့ပြင် သူသည် အနက်ရောင်ကိုသာ ဝတ်ဆင် ထားခဲ့သည်။ သူဝည် ရထားလုံးထဲတွင် ကျန်းရီရှိနေမှန်း သိဟန် တူလေသည်။ သူသည် စုလောရွှယ် ဓားကိုကိုင်၍ သူ့ကို တားဆီး လာသည်ကို တွေ့သောအခါ အော်ပြောလိုက်သည်။
"ဖယ်စမ်း .... "
စုလောရွှယ်သည် မျက်နှာ တစ်ချက်တောင် ပျက်မသွားဘဲ အကြီးအကဲဟုန်ကို တည်ငြိမ်စွာ ကြည့်ကာ ပြောလိုက်သည်။
"ကျွန်မ သေမှပဲ ရမယ် .... "
"ဒါဆိုလည်း သေလိုက် .... "
အကြီးအကဲဟုန်၏ မျက်လုံးမှာ သတ်ဖြတ်ခြင်း အရှိန်အဝါများ လျှံထွက် လာခဲ့သည်။ ကျန်းစွန်းဂိုဏ်းသည် သူ့အား မလိုအပ်ဘဲနှင့် စုလောရွှယ်ကို မသတ်ရန် အမိန့် ပေးထားခဲ့သည်။ သို့သော် သူဆက်သည်းမခံ နိုင်တော့ပေ။
"ဝှီ .... "
အကြီးအကဲဟုန်နှင့် စုလောရွှယ်သည် ဆယ်ပေခန့် အကွာတွင် ရှိနေခဲ့သည်။ စုလောရွှယ်သည် တစ်လက်မ လေးတောင် မရွေ့ပါဘဲနှင့် သူမ၏ လှပသော မျက်လုံးအစုံမှ ခရမ်းရောင် အလင်းများ တောက်ပ လာခဲ့သည်။ ခရမ်းရောင် အလင်းတန်းနှစ်ခုသည် အကြီးအကဲ ဟုန်ထံ တိုးဝင် သွားခဲ့လေသည်။
"အမ် .... "
အကြီးအကဲဟုန်သည် အံ့အားသင့် သွားသော်လည်း ခဏလေးတောင် ရပ်နားမနေခဲ့ပေ။ သူသည် ကိုယ်ကို ယိမ်းကာ စုလောရွှယ်၏ တိုက်ခိုက်မှုကို ရှောင်တိမ်း လိုက်သည်။ ခရမ်းရောင် အလင်းတန်းသည် နောက်ရှိ တောင်နံရံဆီသို့သာ ကျရောက် သွားခဲ့သည်။
"ခရမ်းရောင် ကောင်းကင် အလင်းတန်း .... .... မင်းက စုဂိုဏ်းကလား .... "
အကြီးအကဲဟုန်သည် ခေါင်းမော့၍ ကြည့်လာခဲ့သည်။ သူ့မျက်ဝန်းများထဲတွင် ဆက်တိုက်ခိုက် ရမည်လား၊ မတိုက်ခိုက် ရမည်လားကို ဝေခွဲမရ ဖြစ်နေဟန်များ ပေါ်လွင်နေခဲ့သည်။
စုလောရွှယ်သည် သူမ၏ လျှို့ဝှက်သိုင်းပညာကို ထုတ်သုံး လိုက်သည်နှင့် ပို၍ ဖြူဖျော့ သွားခဲ့သည်။ သူမ၏ ကိုယ်လေးသည် ယိုင်လဲကျမတတ် ဖြစ်နေသော်လည်း အေးစက်စွာ ရယ်မော လိုက်သည်။
"ကျွန်မနာမည်က စုလောရွှယ် .... စုဂိုဏ်းကပဲ .... ကြောက်နေပြီလား .... .... ကျောင်းအုပ်ချီ ပြန်မလာခင် ဒီနေရာက ချက်ချင်း ထွက်သွား .... .မဟုတ်ရင် ရှင့်ရဲ့သခင်လည်း ပြဿနာ တက်သွားလိမ့်မယ် .... "
"ဟာသပဲ .... .... ဒီနေရာကို မင်းရဲ့ ရှားနိုင်ငံတော်လို့ ထင်နေတာလား .... "
အကြီးအကဲဟုန်သည် နှာခေါင်း ရှုံ့လိုက်သည်။ ထို့နောက် သူ့ကိုယ်သည် သိမ်းငှက်အသွင်သို့ ပြောင်းလဲသွားကာ အလင်းအလျင်နှင့် တိုက်ခိုက် လာခဲ့လေသည်။ သူသဘ် အတွင်းအား သုံးကာ စုလောရွှယ်၏ ဘယ်ဘက် ပခုံးကို ရိုက်ချလိုက်သည်။ သူမသည် လျှို့ဝှက် ပညာရပ်ကို ထုတ်မသုံးနိုင်ခင်မှာပင် လွင့်ထွက် သွားခဲ့သည်။
ကျန်းရီတော့ သွားပြီ .... ...
စုလောရွှယ်သည် မျှော်လင့်ချက်များကို စွန့်လွှတ်လိုက်ကာ မျက်လုံးများကို မှိတ်ချ လိုက်သည်။ စိတ်ဝိညာဉ် မျောလွင့် ခရီးသည် အဆင့်သည် အားကောင်း လွန်းရာ သူမ၏ ပြိုင်ဘက် မဖြစ်နိုင်ပေ။
"ရွှစ် .... ရွှစ် .... "
ထိုအချိန်တွင် အသံတစ်ခုသည် ထွက်ပေါ်လာခဲ့သည်။ စုလောရွှယ် ဆွံ့အ သွားရသည်မှာ ကျန်းရီထံ ပြေးသွားကာ သတ်ရန် ပြင်နေသော အကြီးအကဲဟုန်သည် ထိုအသံကို ကြားသောအခါ မျက်နှာချက်ချင်း ပျက်သွားခဲ့သည်။ သူသည် အလျင်အမြန် နောက်ဆုတ်ကာ မျက်စိတစ်မှိတ် အတွင်းတွင် ညအမှောင်ထုထဲသို့ တိုးဝင် ပျောက်ကွယ် သွားခဲ့သည်။
"ဘာဖြစ်သွားတာလဲ .... "
စုလောရွှယ်သည် သူမ၏ ပခုံးထက်မှ တဆစ်ဆစ် နာကျင်မှုကို လျစ်လျူရှုကာ အားတင်း၍ မတ်တတ် ရပ်လိုက်သည်။ သူမသည် ရှုပ်ထွေးသွားရသည်။ ဘာလို့ တစ်ဖက်က စိတ်ဝိညာဉ် မျောလွင့် ခရီးသည် အဆင့်တစ်ယောက်ကို လွှတ်တဲ့အထိ ပေးဆပ်ထားတာလဲ .... .... ကျန်းရီကို သတ်ဖို့ မဟုတ်ပါလား .... .... သို့သော် သူသည် နောက်ဆုံး တစ်ချက်သာ ကျန်တော့သည်ကို အဘယ့်ကြောင့် စွန့်လွှတ် လိုက်ရပါသနည်း ....
"ကျောင်းအုပ်ချီနဲ့ ကျန်တဲ့သူတွေ ပြန်လာလို့ များလား .... "
စုလောရွှယ်သည် ဆေးတစ်လုံး ထုတ်ကာ စားလိုက်ပြီး သူမ၏ ဘယ်ဘက် ပခုံးရှိ ဒဏ်ရာကို ပတ်တီး စီးနေလိုက်သည်။ သူမသည် ကျောင်းအုပ်ချီနှင့် ဒုကျောင်းအုပ် နှစ်ယောက်၏ အရိပ်တောင် မမြင်ရသေးပေ။ ချိုင့်ဝှမ်းတွင်းမှ ဆူပူမှုများလည်း ငြိမ်သက်သွားကာ အချို့ဆရာများသည်လည်း ပြန်ရောက် လာကြပေပြီ။ သို့မှသာ စုလောရွှယ်သည် အနည်းငယ် စိတ်အေး သွားခဲ့သည်။ သူမ၏ စိတ်ထဲတွင် သံသယများနှင့် ပြည့်နေခဲ့သည်။ သူမသည် စိတ်ဝိညာဉ် မျောလွင့် ခရီးသည် အဆင့်လူသည် အဘယ့်ကြောင့် ရုတ်တရက်ကြီး ထွက်ခွာ သွားမှန်း နားမလည်ခဲ့ပေ။
***
အကြီးအကဲဟုန်သည် ရွေးစရာမရှိဘဲ နောက်ဆုတ်ခဲ့ရသည်။
ထွက်ပေါ်လာခဲ့သော အသံသည် ကျန်းစွန်းဂိုဏ်းမှ ဂိုဏ်းသား တစ်ယောက်က ပြုလုပ်လိုက်ခြင်း ဖြစ်ပြီး ကျန်းစွန်းဝူကျိ အန္တရာယ် ရှိနေပြီဟု ဆိုလိုရင်း ဖြစ်သည်။
ကျန်းစွန်းဝူကျိ၏ လျှို့ဝှက် သက်တော်စောင့် အနေနှင့် သူ၏ အရေးအကြီးဆုံး တာဝန်မှာ ကျန်းစွန်းဝူကျိ ဘေးကင်းရန်သာ ဖြစ်သည်။ ယခုမူ ကျန်းစွန်းဝူကျိသည် အန္တရာယ်တွင်းသို့ ကျရောက်နေပြီ ဖြစ်ရာ သူသည် ကျန်းရီကို ဂရုစိုက် မနေနိုင်တော့ပေ။ ကျန်းစွန်းဝူကျိသာ သေသွားခဲ့လျှင် သူသည်လည်း သေချာပေါက် သေရပေမည်။ သူ၏ တစ်မိသားစုလည်း အသတ်ခံရလိမ့်မည်။
အကြီးအကဲဟုန်သည် အလွန်လျင်မြန်စွာ ထွက်ခွာ လာခဲ့သည်။ သူ့မျက်လုံးများတွင် ဒေါသများ လွှမ်းနေခဲ့သည်။ ဘယ်အရူးက ရှန်ဝူနိုင်ငံတော် နံပါတ်တစ် ဂိုဏ်းကြီး၏ ဆက်ခံသူ လောင်းကို ထိရဲသည်လဲဟု သူမတွေးတတ်ပေ။ သူတို့ရဲ့ ဆွေစဉ်မျိုးဆက် ကိုးဆက်လောက် အသတ်ခံရမှာကို မကြောက်ဘူးလား ....
သူသည် ချိုင့်ဝှမ်းကို အလျင်အမြန် ဖြတ်လာခဲ့၍ ပတ်ဝန်းကျင်ကို ကြည့်မိသောအခါ ပို၍ ဒေါသ ထွက်သွားရသည်။ ကျန်းစွန်းဝူကျိကို ကာကွယ်ရန်ထားသော လူဆယ်ယောက်ကျော်သည် သေဆုံး နေခဲ့သည်။ ပိုဆိုးသည်ကား သူတို့၏ ခေါင်းများသည် တစ်စစီ ကွဲနေခဲ့ပြီး ဖြစ်သည်။
အနီးဝန်းကျင်ရှိ အစောင့်များ၊ ဆရာများနှင့် ကျောင်းသားများသည် ခပ်လှမ်းလှမ်းနေ၍ အခြေအနေကို အကဲခတ် နေခဲ့သည်။ ကျန်းရိလျှိုသည်လည်း ဘေးဘက် တစ်နေရာတွင် ရပ်နေခဲ့သည်။ သို့သော် ကျန်းစွန်းဝူကျိ၏ ရထားလုံး အနီးသို့ မည်သူမှ မသွားရဲပေ။ အဘယ့်ကြောင့် ဆိုသော် ကျန်းစွန်းဝူကျိ၏ ခေါင်းသည် ပြတင်းပေါက် အပြင်ဘက်သို့ တွန်းထုတ် ထားခံရပြီး ထက်မြနေသော တစ်ဖက်သွား ဓားရှည်တစ်ချောင်းသည် သူ့လည်တိုင်ပေါ်တွင် ရှိနေခဲ့သည်။
"အကြီးအကဲဟုန် .... "
ကျန်းစွန်းဂိုဏ်းသား တစ်ယောက်သည် ပြေးလာခဲ့သည်။ သူသည် အသံကိုနှိမ့်ကာ မျက်နှာ ပျက်ပျက်နှင့် ပြောလိုက်သည်။
"အရှင့်သား ပြောတာက ဂိုဏ်းချုပ်ငယ်ကို ကိုယ်ထိလက်ရောက် ကျူးလွန်ထားတဲ့ သူက ကျန်းရီရဲ့ အစေခံအိုကြီး ကျန်းယွင်ဟိုင်လို့ ပြောပါတယ် .... သူက စိတ်ဝိညာဉ် မျောလွင့် ခရီးသည် အဆင့်ပါ .... .ကျွန်တော်တို့ ဘာလုပ်သင့်လဲ .... .... "
"အရူး .... "
အကြီးအကဲဟုန်သည် ဒေါသ ထွက်နေခဲ့သည်။ ကျန်းရီ၏ အစေခံသည် စိတ်ဝိညာဉ် မျောလွင့် ခရီးသည် အဆင့်မှန်း သူသိခဲ့လျှင် သူ ကျန်းရီသတ်ရန် ကြိုးစားလိမ့်မည် မဟုတ်ပေ။ နောက်ဆုံးတွင် သူကျန်းရီကို မသတ်လိုက်မိ၍ တော်သေးသည်။ မဟုတ်လျှင် ကျန်းစွန်းဝူကျိ၏ ခေါင်းသည် ရထားလုံး ပြတင်းပေါက်မှ ထွက်မနေဘဲ မြေပြင်ပေါ် ကျနေလိမ့်မည် ဖြစ်သည်။
"မြေခွေးအိုကြီး .... သတ္တိရှိရင် ငါ့ကိုသတ်လိုက် .... "
ရှန်ဝူနိုင်ငံတော်၏ ဂုဏ်သရေရှိ သခင်လေး တစ်ယောက် ဖြစ်သည်နှင့် အညီ ကျန်းစွန်းဝူကျိသည် ဤသို့ တစ်ခါမှ ဆက်ဆံမရဖူးပေ။ သူငယ်ရွယ်စဉ်က ယခုတိုင်အောင် မည်သူကမှ သူ့ကို မလေးမစား မလုပ်ရဲပေ။ ယခုတွင်မူ သူသည် လူမြင်ကွင်းတွင် ဤသို့သော ပုံစံနှင့် အရှက်ခွဲ ခံနေရသည်။ အထူးသဖြင့် မင်းသမီး ယွင်ဖေးသည် ခပ်လှမ်းလှမ်းမှ စောင့်ကြည့် နေခဲ့သည်။
သူ့မျက်လုံးများသည် ဒေါသများနှင့် ပြည့်နေခဲ့ပြီး ကျန်းယွင်ဟိုင်ကို အဆ တစ်ထောင်လောက် ပြန်ခံစားရအောင် လုပ်ပစ်ချင် နေသည်။
ဆံပင်ဖြူများနှင့် ကျန်းယွင်ဟိုင်သည်မူ မည်သည့် အမူအရာမှ မပြပေ။ သူသည် ကျန်းစွန်းဝူကျိ၏ စကားကို ကြားသောအခါ မဲ့ပြုံးတစ်ချက် ပြုံးလိုက်သည်။ သူ၏ အခြား လက်တစ်ဖက်တွင် ကိုင်ထားသော တောင်ဝှေးသည် မြင့်တက် သွားခဲ့ပြီး ကျန်းစွန်းဝူကျိ၏ ခြေထောက်ထံ ကျရောက် သွားခဲ့သည်။ အရိုးကျိုးသံသည် ထွက်ပေါ်လာခဲ့ပြီး ကျန်းစွန်းဝူကျိ၏ မျက်နှာထက်တွင် နာကျင်မှုများ အတိုင်းသား ပေါ်လာခဲ့သည်။ သို့သော် သူသည် နာကျင်မှုကို သည်းခံ၍ အသံ မထွက်မိအောင် ထိန်းထားလိုက်ရသည်။
"ပါးစပ်ပိတ်နေ .... မဟုတ်ရင် မင်းရဲ့ ဥတွေကိုပါ ခွဲပစ်လိုက်မယ် .... "
ကျန်းယွင်ဟိုင်သည် တည်ငြိမ်စွာ ပြောလိုက်ပြီး ဖြည်းဖြည်းချင်း လျှောက်လာသော အကြီးအကဲ ဟုန်ကို စိုက်ကြည့် နေလိုက်သည်။ ထို့နောက် သူသည် အေးစက်စွာ ပြောလိုက်သည်။
"သခင်လေး ကျန်းစွန်း .... ငါက ငါ့ဟာငါဆိုရင် ဘာမှ မဟုတ်ဘူး .... ဒါပေမဲ့ ငါ့ရဲ့အရှင်ငယ်က ငါ့ရဲ့ အရာရာပဲ .... မင်းသူ့ကို ထိဖို့ ဆုံးဖြတ်လိုက်တုန်းက ဘာလို့ ငါ့အမြင်ကို မမေးတာလဲ .... .... မင်းတင်မဟုတ်ဘူး .... ကောင်းကင်ဘုံကပါ သူ့ကို ထိရဲမယ်ဆိုရင် ငါ့အသက်ကို ရင်းပြီး ဆန့်ကျင် ပစ်မှာပဲ .... "
"ငါ့တို့ရဲ့ ဂိုဏ်းချုပ်ငယ်လေးကို အရင်လွှတ်လိုက် .... ငါ့တို့ ဒီကိစ္စကို အေးအေးဆေးဆေး ရှင်းလို့ရပါတယ်"
အကြီးအကဲဟုန်သည် အတွင်းအားများ အားလုံးကို အသုံးမပြုပဲ လျှောက်လာခဲ့သည်။ သူ၏ ချည်းကပ်လာမှုကို ကျန်းယွင်ဟိုင် တစ်မျိုးယူဆ၍ ကျန်းစွန်းဝူကျိအား သတ်ပစ်လိုက်မည်ကို သူကြောက်နေခဲ့သည်။ ကျန်းယွင်ဟိုင်သည် မည်သို့မှ မလှုပ်ရှားသည်ကို သူမြင်လျှင် အသံကိုနှိမ့်ကာ ပြောလိုက်သည်။
"ကျောင်းအုပ်ချီနဲ့ ကျန်တဲ့သူတွေ ပြန်လာကြတော့မယ် .... မင်းအခု ထွက်မသွားရင် သွားဖို့ အခွင့်အရေး မရှိလောက်တော့ဘူး"
"ဟားဟား .... "
ကျန်းယွင်ဟိုင်သည် ရယ်ချလိုက်ကာ ပြန်ပြော လိုက်သည်။
"ငါက မသွားနိုင်ဘူးဆိုရင်ရော .... .... ကျန်းစွန်းဂိုဏ်းရဲ့ ဂိုဏ်းချုပ် လောင်းလျာလေးကို ငါနဲ့အတူ မြှုပ်နှံ ပစ်လိုက်ရမယ် ဆိုရင် နောင်တရစရာ မရှိပါဘူး"
"မင်း ...."
အကြီးအကဲဟုန်သည် အတော်လေးဒေါသ ထွက်နေခဲ့သည်။ သူသည် သူ၏ သတ်ဖြတ် ချင်စိတ် များကို ချိုးနှိမ်၍ မေးလိုက်သည်။
"ကျန်းရီက လက်ရှိမှာ ဘေးကင်းတယ် .... ငါ့လူတွေ အများကြီးကတော့ သေကုန်ကြပြီ .... မင်းက ဘာထပ်လိုချင်သေးတာလဲ .... "
"ဟမ့် .... "
ကျန်းရီ မသေသေးသည်ကို ကျန်းယွင်ဟိုင် သိပြီး ဖြစ်ဟန်တုသည်။ သူသည် ကျန်းရီအကြောင်း တစ်ခွန်းတောင် မမေးခဲ့ပေ။ သူသည် မျက်ခုံး နှစ်ဖက်ကို ပင့်ကာ မေးလိုက်သည်။
"ငါ ဘာကိုမှ မလိုချင်ဘူး .... ငါ့အရှင်ငယ်ကို ထိရဲရင်တော့ ပြန်ပေးဆပ် ရမယ်ဆိုတာ မင်းတို့ကို သိစေချင်တယ် .... ကျန်းစွန်းဝူကျိ သေမလား .... .... မင်းသေပေးမလား .... .... မင်းရွေး .... "
"မြေခွေးကြီး .... .... ခင်ဗျား လုပ်ရဲတယ် .... "
ကျန်းစွန်းဝူကျိသည် မျက်လုံးများ ကျဉ်းမြောင်း သွားကာ ဒေါသတကြီး အော်ဟစ် တော့သည်။ သို့သော် သူ၏ အော်ဟစ်သံများသည် မကြာမီတွင် တိတ်ဆိတ် သွားခဲ့သည်။ ကျန်းယွင်ဟိုင်သည် သူ၏ ခြေထောက် နှစ်ဖက်လုံးကို ရိုက်ချိုး လိုက်သောကြောင့် ဖြစ်သည်။
"ခေါင်းဆောင်ငယ် .... ကျွန်တော်ရဲ့ မိသားစုကို စောင့်ရှောက်ပေးပါ"
အကြီးအကဲဟုန်သည် ဆုံးဖြတ်ချက် ချလိုက်သည်။ သူသည် ကျန်းယွင်ဟိုင်၏ ဆိုလိုရင်းကို နားလည်ပေသည်။ သူယနေ့ မသေခဲ့လျှင် ကျန်းယွင်ဟိုင်သည် ကျန်းစွန်းဝူကျိကို အလွတ်ပေးမည် မဟုတ်ပေ။ ကျန်းယွင်ဟိုင်သည် သူ့ကို သုံး၍ ကျန်းရီ၏ အသက်ကို ရန်ရှာလိုသူများကို သတိပေးလိုခြင်း ဖြစ်သည်။ ကျန်းရီကို ထိရဲသူရှိလျှင် ကျန်းယွင်ဟိုင်၏ ရက်စက်စွာ လက်စား ချေခြင်းကို ခံရမည် ဖြစ်သည်။
"ဘန်း .... "
အကြီးအကဲဟုန်သည် သေလူဖြစ်နေခဲ့ပြီ ဖြစ်သည်။ ကျန်းစွန်းဝူကျိ ခြေထောက်များ ကျိုးသွားတည်းက သူသေချာပေါက် သေရမည်ဖြစ်သည်။ ထို့ကြောင့် သူသည် အတွင်းအားများ ထုတ်ဖော်ကာ ကိုယ့်ခေါင်းကို ရိုက်ချလိုက်သည်။ သူသည် မြေပြင်ပေါ်သို့ လဲကျကာ သေဆုံး သွားခဲ့လေပြီ ....
"အား .... .... "
ကျောင်းသူအချို့၏ အော်သံများ ထွက်ပေါ် လာခဲ့သည်။ မင်းသမီး ယွင်ဖေးသည် တည်ငြိမ်စွာပင် ကြည့်နေခဲ့သည်။ ကျန်းရိလျှို၏ မျက်နှာသည် မည်းမှောင် နေခဲ့သော်လည်း ခဏအတွင်း၌ပင် မျက်နှာထား ပြောင်းလဲသွားသည်။
ကျန်းယွင်ဟိုင်သည် ရထားလုံးအတွင်းမှ ထွက်ကာ ခပ်လှမ်းလှမ်းသို့ ပျံထွက် သွားလိုက်သည်။ သူသည် တောထဲသို့ တိုးဝင် ပျောက်ကွယ် သွားခါနီးတွင် ရုတ်တရက် ကိုယ်ကို လှည့်ကာ ကျန်းရိလျှိုကို စိတ်ချင်း ဆက်သွယ်၍ ပြောလာခဲ့သည်။
"ကျန်းရိလျှို .... နောက်နှစ် ငါးဆယ်ကြာရင် .... ငါမင်းအဖေကို လာသတ်မယ် .... .... မင်းက ငါ့အရှင်ငယ်ကို နောက်တစ်ခါ ထပ်ပြီး ပြဿနာရှာရဲရင် မင်းအဖေတောင် မင်းကို ကာကွယ် ပေးနိုင်မှာ မဟုတ်ဘူး .... "
*****